အခန်း ၁၄၉
Vol. 15 Ch. 149
Ch-149
ရွာထဲတွင် စားနပ်ရိက္ခာရှားပါးလှသဖြင့် ပစ်ပေါက်ရန် ကြက်ဥပုပ်များပင်မရှိပေ။ ထို့ကြောင့် ရွာသူရွာသားများက ထိုသူသုံးဦးကို တံတွေးဖြင့်သာဝိုင်းထွေးကြလေတော့သည်။
ရွာသားတစ်ဦးက ဒေါသတကြီးလှမ်းအော်လိုက်၏။
“အရှက်မရှိတဲ့လူတွေ၊ ရိုးသားတဲ့ ဖန်လင်းကို အနိုင်ကျင့်နေတာမဟုတ်လား”
အခြားတစ်ဦးကလည်း ထောက်ခံလိုက်သည်။
“မှန်တာပေါ့၊ ဖန်မိသားစုကလူတွေအကုန်လုံးက ရိုးသားကြတာ၊ ငါတို့ တစ်ရွာလုံးကသာ ဒီကိစ္စကိုမျက်မြင်ကိုယ်တွေ့မသိခဲ့ကြရင် ဝမ်မိသားစုက သူတို့ကို သေတဲ့အထိအနိုင်ကျင့်ကြမှာ သေချာတယ်”
ရွာထဲမှ အမျိုးသမီးတစ်ဦးကလည်း ဝင်ရောက်ပြောဆိုလိုက်သည်။
“ဒါပေါ့၊ သူတို့က ရှဲ့လီပြန်ရောက်ရောက်ချင်း အနိုင်ကျင့်ရုံတင်မကဘူး၊ သူမဆီက ပိုက်ဆံတွေကိုပါလိမ်ယူဖို့ ကြံစည်နေကြသေးတာ၊ ဒီကောင်မလေးက စိတ်ထားနူးညံ့ပြီး လှည့်စားရလွယ်တယ်လို့ သူတို့ထင်နေကြတာကိုး”
ဝမ်ရှို့မေက စိတ်မရှည်စွာဖြင့်ပြန်လည်အော်ဟစ်လိုက်၏။
“လှည့်စားရလွယ်တယ်ဆိုတာ ဘာစကားလဲ၊ ဒါဆို နင်တို့ကိုယ်တိုင်သွားပြီး လှည့်စားကြည့်ကြပါလား”
ယခုတော့ သူမသဘောပေါက်သွားလေပြီ။ ထို ရှဲ့လီဆိုသော မိန်းကလေးသည် တကယ့်ကို ကိုယ်ကျင့်တရားကင်းမဲ့လွန်းသူဖြစ်သည်။
မည်မျှအထိ ကင်းမဲ့သနည်းဆိုလျှင် သူမကိုယ်တွင်းမှ မကောင်းဆိုးဝါး အငွေ့အသက်များပင် ထွက်ပေါ်နေသယောင်ထင်ရလေ၏။
သင်္ချိုင်းကုန်းပေါက်ကွဲသွားလျှင်ပင် ဤမျှလောက် ယုတ်မာကောက်ကျစ်သောသူမျိုး ထွက်ပေါ်လာမည်မဟုတ်ပေ။
ဝမ်မိသားစု၏ဂုဏ်သိက္ခာမှာ ရွာထဲတွင် လုံးဝပျက်စီးသွားလေတော့သည်။
ရွာထိပ်ရှိ သတင်းဖြန့်ချိရေးအဖွဲ့မှာလည်း နေ့စဉ်ရက်ဆက် ဤကိစ္စကိုသာ ပါးစပ်အရသာခံပြောဆိုနေကြလေသည်။
ဖန်လင်းမှာမူ ကံဆိုးသူကြီးအဖြစ် သတ်မှတ်ခံရကာ လူတိုင်းက သူ့ကို သနားကြင်နာသော မျက်လုံးများဖြင့် စောင့်ကြည့်နေကြလေ၏။
လွန်ခဲ့သော ရက်အနည်းငယ်အတွင်းက ရှဲ့လီသည် ဖန်တာဖူနှင့် လျူကျောက်တိတို့ကို ခရိုင်မြို့တော်သို့ခေါ်ဆောင်သွားကာ သူတို့အတွက် ငွေစုစာရင်းတစ်ခုဖွင့်ပေးပြီး ငွေများအပ်နှံပေးခဲ့လေသည်။
ရှဲ့လီအသာပြောလိုက်သည်။
“အဖေနဲ့ အမေ၊ ဒီပိုက်ဆံတွေက အဖေတို့အတွက်ပါ၊ သမီးဆီမှာ ပိုက်ဆံတွေ အများကြီးရှိသေးတာမလို့ စိတ်ကြိုက်သာ းသုံးကြနော်”
ဖန်တာဖူနှင့် လျူကျောက်တိတို့မျက်ဝန်းများမှာ မျက်ရည်များဖြင့် နီရဲလာလေသည်။
ဖန်လင်နှင့် ဝမ်ရှို့မေတို့ လက်ထပ်ပြီးကတည်းက သူတို့မိသားစုဘဝလေးမှာ တစ်နေ့မျှ ငြိမ်းချမ်းခြင်းမရှိခဲ့ပေ။ လျူကျောက်တိသည် ကြောက်တတ်သူတစ်ဦးမဟုတ်သော်လည်း သူမသားဖြစ်သူအတွက် စိုးရိမ်ပူပန်နေရသဖြင့် ဒေါသများကို မျိုသိပ်ထားခဲ့ရလေသည်။
ဝမ်ရှို့မေသည် သူမသားအပေါ်နှစ်ပေါင်းများစွာ ဖောက်ပြန်လှည့်စားခဲ့သည်ကိုတွေးမိတိုင်း လျူကျောက်တိမှာ လုံးဝသည်းမခံနိုင်တော့ပေ။
ထိုညက သူမသည် ညသုံးသေးအိုးတစ်လုံးကို ဆွဲယူကာ ဝမ်မိသားစုအိမ်သို့ ထွက်လာခဲ့လေသည်။
တံခါးခေါက်သံကြောင့် ဝမ်ကျန့်ကော် ထွက်လာသောအခါ လျူကျောက်တိသည် သူမလက်ထဲရှိသေးအိုးဖြင့် သူ့ခေါင်းပေါ်သို့ လောင်းချလိုက်လေတော့သည်။
ဝမ်မိသားစုတစ်စုလုံး ဒေါသတကြီး ပေါက်ကွဲသွားကြလေ၏။
ဤသည်မှ လွန်လွန်ကျူးကျူး အနိုင်ကျင့်မှုပင်။ သူတို့သမီးဖြစ်သူမှာ တော်လှန်ရေးကော်မတီသို့ အပို့ခံရကာ လူသိရှင်ကြား ရှုတ်ချခံရသည့်အပြင် သူတို့သားဖြစ်သူအိမ်ထောင်ရေးမှာလည်း လုံးဝပျက်စီးသွားခဲ့ရလေသည်။
ဤပြဿနာက အလွန်ကြီးမားသော ဂယက်ရိုက်ခတ်မှုဖြစ်စေခဲ့ရာ မည်သည့်မိန်းကလေးက ဝမ်မိသားစုထဲသို့ ချွေးမအဖြစ်မ၀င်ရောက်ရဲတော့ချေ။
ဝမ်ကျန့်ကော်နှင့် ယွီတာဖုန်းတို့မှာ ဒေါသထွက်လွန်းသဖြင့် အိပ်မပျော်နိုင်ကြပေ။ သန်းခေါင်ယံအချိန်တွင် သူတို့နှစ်ဦးသည် အိမ်ရှေ့ရှိအိမ်သာထဲတွင် ဆောင့်ကြောင့်ထိုင်လျက် ကိစ္စရှင်းရင်း ငြီးတွားအပြစ်တင်နေကြလေသည်။
“အရာအားလုံးက အဲဒီရှဲ့လီဆိုတဲ့ ကောင်မစုတ်လေးကြောင့်ဖြစ်ရတာ၊ ဒီကောင်မလေးက မြို့ကြီးပြကြီးမှာနှစ်တချို့သွားနေလိုက်ရလို့ အတောင်ပံတွေပေါက်လာပြီး အခုတော့ ယုတ်မာတဲ့ အကြံအစည်တွေပါထုတ်သုံးတတ်နေပြီ”
ယွီတာဖုန်း ကြိမ်းဝါးလိုက်သည်။
“အခု နိုင်ငံရေးလှုပ်ရှားမှုတွေက တအားပြင်းထန်နေတာ၊ သူမအိမ်ကို ဝင်စီးခံရလို့ ဒီတောရွာလေးကို ခိုလှုံဖို့ ထွက်ပြေးလာတာဖြစ်ရမယ်၊ အရင်းရှင်မိသားစုက ဆင်းသက်လာတဲ့ သောက်သုံးမကျတဲ့ မိန်းမပျက်လေးကများ ငါတို့ကို ဒုက္ခပေးရဲသေးတယ်၊ သူမကို သေတဲ့အထိ ရိုက်နှက်ပစ်မယ်”
ဝမ်ကျန့်ကော်ကလည်း အံကြိတ်ကာ ထောက်ခံလိုက်၏။
“မှန်တာပေါ့၊ သူမကို ငါတို့နဲ့အတူတူ ဆွဲချရမယ်၊ သူမ အေးဆေးမနေရစေဘူး၊ အဲဒီအခါကျရင် ဖန်မိသားစုတစ်စုလုံးလည်း ဒုက္ခရောက်ကြလိမ့်မယ်၊ သူတို့ ဘယ်လောက်ကြာကြာ ဝင့်ကြွားနိုင်မလဲဆိုတာ စောင့်ကြည့်ကြသေးတာပေါ့”
သူတို့နှစ်ဦးသည် ကိုယ်လက်သန့်စင်နေရင်း တစ်ယောက်တစ်ပေါက်ပြောဆိုနေကြလေသည်။
ထိုခေတ်အခါက တောရွာများရှိ အိမ်သာအများစုမှာ အိမ်ရှေ့တွင် ဆောက်လုပ်ထားသော အမိုးအကာမရှိသည့် မြေကျင်းအိမ်သာများဖြစ်ပြီး ဝမ်မိသားစုအိမ်သာမှာလည်း ချွင်းချက်မဟုတ်ပေ။
သူတို့ မတ်တတ်ရပ်ကာ သန့်ရှင်းရေးလုပ်ရန်ပြင်လိုက်ချိန်တွင် အိမ်သာကျင်းထဲသို့ အပေါ်မှ တစ်စုံတစ်ရာပစ်ချလိုက်သည်ဟု ရုတ်တရက် ခံစားလိုက်ရလေသည်။
*ဒိုင်း ဒိုင်း ဘုန်း*
မည်သူက ဗျောက်အိုးများပစ်ထည့်လိုက်သည်မသိ ဝမ်မိသားစု၏မြေကျင်းအိမ်သာလေးမှာ ပေါက်ကွဲသွားလေတော့သည်။
အခြားတစ်ဖက်တွင်
ရိုးသားလှပါသည်ဆိုသော ဖန်လင်းသည် သူ့လက်ကို ခါထုတ်လိုက်ကာ ကျေနပ်စွာဖြင့် အိမ်သို့ပြန်သွားလေ၏။
နောက်တစ်နေ့တွင် ဝမ်ဇနီးမောင်နှံ သန်းခေါင်ယံအချိန် အိမ်သာတက်နေစဉ် သူတို့အိမ်သာထဲသို့ ဗျောက်အိုးများ ပစ်ထည့်ခံရကာ ပေါက်ကွဲသွားခဲ့သည်ဆိုသော သတင်းက ရွာတစ်ရွာလုံးသို့ ပျံ့နှံ့သွားလေတော့သည်။
ရွာသားတစ်ဦးက ရယ်မောရင်းပြောလိုက်သည်။
“အိုး ဝမ်ကျန့်ကော်ရဲ့တင်ပါးကတော့ ဗျောက်အိုးမှန်ပြီး ကွဲအက်သွားပြီလို့ ငါကြားတယ်၊ အဲဒီညကတည်းက ရွာတောင်ဘက်က ပေါက်စီဆိုင်မှာ အလုပ်သင်လုပ်ဖူးတဲ့ အဘိုးကြီးလီကို သွားရှာပြီး သူ့တင်ပါးကို ဆယ့်ရှစ်ချက်လောက် ပြန်ချုပ်လိုက်ရတယ်တဲ့”
အခြားတစ်ဦးကလည်း ခေါင်းညိတ်ကာ ထောက်ခံလေ၏။
“သူတို့တွေက မကောင်းမှုတွေ အများကြီးလုပ်ခဲ့ကြတာကိုး၊ ကောင်းကင်ဘုံကတောင် သူတို့ကိုဒဏ်ခတ်ချင်နေတာ နေမှာပေါ့၊ ဝမ်မိသားစုလုပ်ရပ်တွေက လူမဆန်လွန်းဘူး၊ သူတို့ရဲ့ဘိုးဘွားပိုင်သင်္ချိုင်းဂူက မြေကျင်းအိမ်သာများ ဖြစ်သွားပြီလား မသိပါဘူး၊ တကယ့်ကို ယုတ်မာလွန်းကြတယ်”
သတင်းဖြန့်ချိရေးအဖွဲ့သည် ဝမ်ကျန့်ကော်၏တင်ပါးအကြောင်းကို ထပ်မံ၍ အတင်းအဖျင်းပြောဆိုလာကြပြန်လေသည်။
ဝမ်ကျန့်ကော်မှာ ရူးသွပ်မတတ်ဒေါသထွက်နေလေသည်။
သူအံကိုကြိတ်လျက် ကျယ်လောင်စွာ အော်ဟစ်လိုက်၏။
“ရှဲ့လီ၊ ဒါ ရှဲ့လီလက်ချက်ပဲဖြစ်ရမယ်”
သူသည် ဒဏ်ရာရထားသောတင်ပါးကို ဖုံးအုပ်ကာ ကျေးရွာတပ်ခွဲရုံးသို့ထွက်လာခဲ့လေသည်။ တပ်ခွဲရုံးပေါက်ဝသို့ ရောက်သည်နှင့် သူသည် ဒူးထောက်ချလိုက်ပြီး ကျယ်လောင်စွာအော်ဟစ်တိုင်တန်းလေတော့သည်။
“တပ်ခွဲမှူးကြီး၊ ကျုပ် တိုင်တန်းချင်ပါတယ်၊ အရင်းရှင်မိသားစုက ဆင်းသက်လာတဲ့ သောက်သုံးမကျတဲ့ မိန်းမပျက် ရှဲ့လီကို တိုင်ချင်ပါတယ်”