← Chapters

အခန်း ၁၅၁

Vol. 16 Ch. 151

အခန်း ၁၅၁

Vol. 16 Ch. 151

Ch-151

သူတို့နှစ်ဦးသည် လုံးထွေးကာ ရန်ဖြစ်သတ်ပုတ်ကြလေတော့သည်။

ဝမ်ကျန့်ကော်ကလည်း ဇနီးဖြစ်သူကို ဂရုမစိုက်နိုင်တော့ဘဲ ရွာသူကြီးကို မြှောက်ပင့်သွေးထိုးလေ၏။

“ဟုတ်တယ်၊ အဲဒီ အရင်းရှင်သခင်မလေးကို ဖမ်းဖို့မြန်မြန်လူခေါ်လိုက်ပါ”

ရွာသူကြီး၏မျက်ခုံးများ ပိုမိုတွန့်ချိုးသွားလေသည်။ သူမကို ဖမ်းမိပြီးနောက် အရင်းရှင်သခင်မလေးမဟုတ်ပါက ပြန်လွှတ်ပေးလိုက်ရုံသာပင်။

သို့သော် သူမသည် တကယ်တမ်း အရင်းရှင်သခင်မလေးသာဖြစ်နေပါက သူမကို ဖမ်းဆီးနိုင်ခြင်းသည် ကြီးမားသော အောင်မြင်မှုကြီးတစ်ခု ဖြစ်လာပေမည်။

ရွာသူကြီးက လက်ဝှေ့ယမ်းကာ အမိန့်ပေးလိုက်သည်။

“ရှဲ့လီကို ဖမ်းကြစမ်း”

ဖန်လင်းက လက်သီးကြီးကို ဝှေ့ယမ်းကာ ပြန်လည်အော်ဟစ်လိုက်သည်။

“မင်း အမေကိုပဲသွားဖမ်း”

သူသည် ရွာသူကြီးကို ပါးစပ်မှအမြှုပ်များ ထွက်လာသည်အထိ ပြင်းပြင်းထန်ထန် ထိုးကြိတ်ပစ်လိုက်လေ၏။

သူက ဒေါသတကြီးအော်ပြောလေသည်။

“ငါ့ညီမက အိမ်မှာရှိတယ်ကွ၊ ဖမ်းမယ် ဖမ်းမယ် ဖမ်းမယ်နဲ့ မင်းတို့အဖေကို သွားဖမ်းကြမလို့လား”

‘ဒီလူတွေ ရူးနေကြတာလား'

ဖန်လင်း လူရိုက်နေသည်ကိုမြင်သောအခါ ဝမ်ကျန့်ကော်မှာ အားရပါးရ ရယ်မောလေတော့၏။

သူ့မျက်နှာပေါ်ရှိ အရေးအကြောင်းများမှာ စအိုပေါ်ရှိ အရေးအကြောင်းများထက်ပင် ပိုများနေသေးသည်။

“ကြည့်စမ်း ကြည့်စမ်း၊ သူ စိုးရိမ်သွားပြီ၊ မြန်မြန် ရှဲ့လီကို ဖမ်းကြ၊ အဲဒီ သောက်သုံးမကျတဲ့ အရင်းရှင်သခင်မလေးကို ထွက်ပြေးခွင့်ပေးလို့မဖြစ်ဘူး”

မြေပြင်ပေါ်တွင် လဲကျနေသော ရွာသူကြီးကို မည်သူကမျှဂရုမစိုက်နိုင်ကြတော့ဘဲ ရှဲ့လီကို ဖမ်းဆီးရန် ဝမ်ကျန့်ကော်နောက်သို့ အုံလိုက်ကျင်းလိုက် လိုက်ပါသွားကြလေတော့သည်။

ဝမ်ကျန့်ကော်သည် သူမကိုအရင်းရှင်သခင်မလေးအဖြစ်တိုင်တန်းရန် တပ်ခွဲရုံးသို့ သွားကြောင်း ရှဲ့လီ စောစောကပင် ကြားသိခဲ့ပြီးဖြစ်၏။

အစက သူမသည် ဖန်မိသားစုနောက်သို့ လိုက်ကာ တပ်ခွဲရုံးသို့သွားရန် ရည်ရွယ်ထားသော်လည်း ဘေးအိမ်မှ အာ့မောင်ကပြေးလာပြီး ရွာထိပ်တွင် အစိမ်းရောင်ဂျစ်ကားတစ်စီးကို တွေ့ခဲ့ရကြောင်း လာပြောပြလေသည်။

ရှဲ့လီက အချိန်ကိုတွက်ချက်ကြည့်လိုက်ရာ ရှန်ဟွိုင်နျန် သူမကိုလာခေါ်သည့်အချိန် ဖြစ်နေလေသည်။

သူမ မျက်လုံးများကလယ်ကလယ်ဖြစ်သွားကာ ဖန်မိသားစုကို ရှေ့မှသွားခိုင်းလိုက်ပြီး သူမကိုယ်တိုင်ကမူ ရှန်ဟွိုင်နျန်ကိုရှာဖွေရန် ရွာထိပ်သို့ထွက်လာခဲ့လေ၏။

ရွာထိပ်သို့ သူမပြေးသွားနေစဉ် ဝမ်ကျန့်ကော်ဦးဆောင်သော လူအုပ်ကြီးက သူမထံသို့ပြေးလာနေသည်ကို တွေ့လိုက်ရလေသည်။

သူက ရှေ့ဆုံးမှနေ၍ လက်ကိုမြှောက်ကာ အော်ဟစ်လာသည်။

“ရှဲ့လီကို ဖမ်းကြ၊ အရင်းရှင်နယ်ချဲ့စနစ် ကျဆုံးပါစေ၊ ရှဲ့လီကို ဖမ်းကြ၊ အကျင့်ပျက်ခြစားနေတဲ့ ခွေးမ၊ အရင်းရှင်သခင်မလေး ကျဆုံးပါစေ”

လူအုပ်ကြီးသည် ဦးနှောက်ဆေးခံထားရသည့်အလား ရှေ့သို့ တဟုန်ထိုးပြေးဝင်လာကြလေ၏။

ရှဲ့လီက နှုတ်ခမ်းတွန့်လိုက်ကာ သူမခြေလှမ်းများကို အရှိန်တင်လိုက်လေတော့သည်။

သူမသည် အနောက်မှလိုက်လာသူများထက် နှစ်မီတာခန့် ကြိုပြေးနေနိုင်ခဲ့သည်။ သူတို့သည် သူမကိုမြင်တွေ့နေရသော်လည်း မမီကြပေ။

ဝမ်ကျန့်ကော်သည် အမောတကောဖြင့် အော်ဟစ်လိုက်သည်။

“ရှဲ့လီ အမြန်ရပ်စမ်း”

ရှဲ့လီက နောက်လှည့်ကြည့်ကာပြုံးရွှင်စွာဖြင့် စနောက်လိုက်သည်။

“ရှင် ကျွန်မကို အဖေကြီးလို့ခေါ်ရင် ကျွန်မ ပြေးတာရပ်ပေးမယ်”

ဝမ်ကျန့်ကော်မှာ ဒေါသတကြီးဖြင့် အော်လေ၏။

“မင်း မင်း အဲဒီမှာ ရပ်လိုက်စမ်း”

ပြေးရလွန်းသဖြင့် ဝမ်ကျန့်ကော်၏အဆုတ်များမှာ နာကျင်နေပြီး ဒေါသထွက်လွန်းသဖြင့် သူ့အောက်ပိုင်းတစ်ခုလုံးလည်း နာကျင်ကိုက်ခဲနေလေပြီ။

ရှဲ့လီသည် ရွာထိပ်သို့ပြေးလာရာ အဝေးမှနေ၍ အစိမ်းရောင်ဂျစ်ကားတစ်စီးဘေးတွင် ရပ်နေသော ရှန်ဟွိုင်နျန်နှင့် ရှောင်ချီတို့ကို လှမ်းမြင်လိုက်ရလေသည်။

ရွာလမ်းမှာ အလွန်ကျဉ်းမြောင်းလွန်းသဖြင့် ကားမောင်းဝင်၍မရနိုင်ပေ။

ရှဲ့လီသည် လက်မြှောက်ကာ သူမအင်္ကျီလက်စကို ဆွဲဖြဲလိုက်ပြီး ဆံပင်များကို အလျင်အမြန် ဖွလိုက်လေသည်။

နောက်ဆုံးတွင် သူမမျက်လုံးများကို ပြင်းပြင်းထန်ထန် ပွတ်သပ်လိုက်လေသည်။ လူအုပ်ကြီးမှာ နားမလည်နိုင်ဖြစ်သွားကြ၏။

“ဘာတွေလဲ”

‘သူမ ဘာတွေလုပ်နေတာလဲ'

ထို့နောက် ပုံမှန်အားဖြင့် တက်ကြွဖျတ်လတ်နေတတ်သော သူမသည် ရုတ်တရက် ငိုယိုတော့မည့်ဟန်အမူအရာဖြင့် အော်ဟစ်လိုက်သည်ကို သူတို့မြင်တွေ့လိုက်ရသည်။

“အားနျန် ကယ်ပါ၊ ကျွန်မကို ကယ်ပါဦး”

လူအုပ်ကြီးမှာ မှင်တက်သွားကြလေသည်။

“ဘာ”

‘ဘုရားရေ၊ ဒါ ရှဲ့လီ ဟုတ်ရဲ့လား၊ သူမကို တောကြောင်ဝင်ပူးသွားတာများလား'

‘စောစောကတင် သူမက အမြင့်ကြီးခုန်ပေါက်ပြီး ယွီတာဖုန်းကိုဆဲဆိုနေခဲ့သေးတယ်မလား'

‘ဒီနေ့ ဘာတွေဖြစ်နေတာလဲ၊ တစ်ယောက်ယောက်က သူမကို ရူးအောင်လုပ်လိုက်လို့လား’

ရှန်ဟွိုင်နျန်သည် ကားကိုဘေးချရပ်ကာ ရွာထဲသို့ လမ်းလျှောက်ဝင်ရန်ပြင်လိုက်စဉ် ရှဲ့လီအသံကို သဲ့သဲ့လေး ကြားလိုက်ရလေ၏။

သူ လှည့်ကြည့်လိုက်သောအခါ အဝတ်အစားများ ဖရိုဖရဲဖြစ်ကာ အလွန်တရာ သနားစရာကောင်းနေသော ရှဲ့လီကိုတွေ့လိုက်ရသည်။

သူမသည် ရမ်းကားနေသောလူအုပ်ကြီး၏လိုက်လံဖမ်းဆီးခြင်းကိုခံနေရပြီး အမောတကော ငိုယိုနေလေသည်။

ရှောင်ချီမှာမူ အကွာအဝေးကို တိုင်းတာရန် အောက်သို့ ငုံ့ကြည့်နေဆဲဖြစ်၏။

“တပ်မှူး ကျွန်တော်တို့”

*ဝှီး*

ရုတ်တရက် လေပြင်းတစ်ချက်ဖြတ်တိုက်သွားသည်ကို သူခံစားလိုက်ရပြီး သူ့ဘေးတွင်ရှိနေသော တပ်မှူးမှာ ပျောက်ကွယ်သွားလေပြီ။

ရှန်ဟွိုင်နျန် ပြေးလာနေသည်ကိုမြင်လိုက်သောအခါ ရှဲ့လီသည် သူမဘယ်ဘက်ခြေထောက်ကို ညာဘက်ခြေထောက်ဖြင့် တိုက်မိဟန်ဆောင်လိုက်ပြီး လူတိုင်း၏မယုံကြည်နိုင်သော အကြည့်များအောက်တွင် ရှန်ဟွိုင်နျန်၏ရင်ခွင်ထဲသို့ အားပျော့စွာဖြင့် လဲကျသွားလေတော့သည်။

ရှန်ဟွိုင်နျန်က ရှဲ့လီကို ဖမ်းထိန်းလိုက်ရင်း အော်ခေါ်လိုက်သည်။

“ရှောင်လီ”

ရှဲ့လီက တိုးလျသောအသံလေးဖြင့် ညည်းညူလို၏။

“အားနျန် သူတို့က ကျွန်မကို လိုက်ဖမ်းနေကြတယ်၊ ကျွန်မကို ရိုက်ကြတယ်၊ ကျွန်မ ကြောက်တယ်”

ရှန်ဟွိုင်နျန်က ရှဲ့လီကျောပြင်ကို ညင်သာစွာပွတ်သပ်ပေးရင်း နှစ်သိမ့်လိုက်သည်။

“မကြောက်နဲ့တော့နော်၊ ကိုယ် ဒီမှာရှိတယ်”

ထို့နောက် သူ ခေါင်းမော့လိုက်သည်။

အေးစက်စက် မြေခွေးမျက်ဝန်းများဖြင့် သူမနောက်သို့ လိုက်လံဖမ်းဆီးနေသူများကို စူးစူးရဲရဲ စိုက်ကြည့်လိုက်လေ၏။

*ကျွီ*

လူအုပ်ကြီးမှာ တညီတညွတ်တည်း ဘရိတ်အုပ်လိုက်သကဲ့သို့ ရုတ်တရက် ရပ်တန့်သွားကြလေသည်။

သူ့အသံမှာ ဓားတစ်ချောင်းကဲ့သို့ အေးစက်ထက်မြက်နေပြီး စကားလုံးတစ်လုံးချင်းစီက လူအများ၏ အသက်ရှူလမ်းကြောင်းကို ဖြတ်တောက်လိုက်သကဲ့သို့ ခံစားရစေသည်

“စစ်သားဇနီးတစ်ယောက်ကို စော်ကားတိုက်ခိုက်တာက ပြစ်မှုမြောက်တယ်၊ ဒီကိစ္စကို ဘယ်သူဦးဆောင်တာလဲ၊ ရှေ့ထွက်ခဲ့စမ်း”

လူအားလုံးမှာ နောက်သို့တစ်လှမ်းပြိုင်တူ ဆုတ်လိုက်ကြရာ ဝမ်ကျန့်ကော် တစ်ယောက်တည်းသာ ကျန်ရစ်ခဲ့လေတော့သည်။

ဝမ်ကျန့်ကော်မှာ မှင်တက်သွားလေ၏။

“ဘာ”

သူက တစ်ခဏတွင်းချင်း ရောင်းစားခံလိုက်ရသည်ပင်။

‘တကယ့် တိရစ္ဆာန်အုပ်ကြီးပါလား’

All Chapters