← Chapters

အခန်း ၁၅၂

Vol. 16 Ch. 152

အခန်း ၁၅၂

Vol. 16 Ch. 152

Ch-152

ဝမ်ကျန့်ကော်က တံတွေးကို ဂလုခနဲမြိုချလိုက်ရင်း အခြေအမြစ်မရှိသော ဆင်ခြေများကို အတင်းအဓမ္မ ထုတ်ဖော်လိုက်သည်။

“သူ သူက အရင်းရှင်သခင်မလေးပါ”

ရှောင်ချီက လည်ပင်းကြောများထောင်ကာပြေးလာပြီး တံတွေးများစင်ထွက်မတတ် ဒေါသတကြီး အော်ဟစ်လိုက်သည်။

“ချီးပဲ ဒါတပ်မှူးရှန်ရဲ့ဇနီး ငါ့ရဲ့ မရီးကွ၊ မင်းက ဘယ်သူ့ကိုအရင်းရှင်သခင်မလေးလို့ စွပ်စွဲနေတာလဲ”

ဝမ်ကျန့်ကော် တည်ငြိမ်ဟန်ဆောင်နေသော်လည်း သူ့ခြေထောက်များမှာ ဂစ်တာကြိုးခတ်လိုက်သကဲ့သို့ တဆတ်ဆတ် တုန်ယင်နေလေပြီ။

သူက အထစ်အထစ်ဖြင့် ပြန်လည်မေးခွန်းထုတ်သည်။

“သူက သူက ခင်ဗျားရဲ့မရီးဆိုတာ ဘယ်လိုသက်သေပြမလဲ၊ ခင်ဗျားတို့ဆီမှာ လက်ထပ်စာချုပ်ရှိလို့လား”

ရှန်ဟွိုင်နျန်က မျက်မှောင်ကြုတ်လိုက်ပြီး စကားပြောရန်ပြင်လိုက်စဉ် ရှဲ့လီက လက်ထပ်စာချုပ်ကို အလွန်လျင်မြန်သွက်လက်စွာ ဆွဲထုတ်ပြလိုက်သည်

“ဟား ဟား ဟား ဟာ ရှိတာပေါ့ ရှိတာပေါ့ ရှိတာပေါ့”

လူအုပ်ကြီးမှာ ဆွံ့အသွားကြလေ၏။

“..…”

မဖြစ်နိုင်ပေ။

သူမများ ရူးနေသည်လား။ ဘယ်လိုပုံမှန်လူမျိုးကများ လက်ထပ်စာချုပ်ကြီးကို ကိုယ်နှင့်အတူ အမြဲသယ်ဆောင်သွားနေမည်နည်း။

သို့သော် ရှဲ့လီမှာမူ အမှန်တကယ်ပင် စစ်သည်ဇနီးတစ်ဦးဖြစ်နေလေပြီ။

လူတိုင်းက တစ်ယောက်ကိုတစ်ယောက် အဓိပ္ပာယ်ပါပါ အပြန်အလှန်ကြည့်လိုက်ကြပြီး ဝမ်ကျန့်ကော်ကို လက်ညိုးထိုးကာ ဝိုင်းဝန်းအပြစ်တင်ကြတော့သည်။

“အိုး ရှောင်လီက အရင်းရှင်သခင်မလေးမဟုတ်ဘူးဆိုတာ ငါ စောစောကတည်းက သိသားပဲ၊ နင်ကသာ သူမကို အတင်းအဓမ္မလိုက်ပြီး ဒုက္ခပေးနေတာ”

“ဟုတ်တယ် ဟုတ်တယ်၊ ငါက ပွဲလာကြည့်ရုံသက်သက်ပါ”

“မှန်တာပေါ့၊ ငါ ဘယ်သူ့ကိုမှမရိုက်ဘူး၊ ပွဲလာကြည့်တာပါ၊ ရှဲ့လီကို ဖမ်းရမယ်လို့ပြောတာ ဝမ်ကျန့်ကော်ပါ”

ဝမ်ကျန့်ကော်မှာ ဒေါသထွက်လွန်းသဖြင့် ပါးစပ်မှအမြှုပ်များပင် ထွက်မတတ် ဖြစ်နေလေပြီ။

ရှန်ဟွိုင်နျန်က ရှဲ့လီကိုပွေ့ချီလိုက်ပြီး ဆန်ခါတစ်ခုလို တဆတ်ဆတ်တုန်ယင်နေသော ဝမ်ကျန့်ကော်ကို စူးရဲရဲစိုက်ကြည့်လိုက်သည်။

“မင်းတို့ရွာက တာဝန်ရှိသူတွေကို ငါ သွားတွေ့မယ်”

ဖန်တာဖူ၊ လျူကျောက်တိနှင့် ဖန်လင်းတို့ အမောတကော ပြေးလာသောအခါ ရှန်ဟွိုင်နျန်က ရှဲ့လီအား ပွေ့ချီထားသည်ကို တွေ့လိုက်ရလေသည်။

ဖန်လင်းက နဖူးမှချွေးများကိုသုတ်ရင်း အံ့အားသင့်စွာ မေးလိုက်၏။

“အဖေနဲ့ အမေ အဲဒီလူက သားယောက်ဖလား”

ဖန်တာဖူနှင့် လျူကျောက်တိတို့က သူ့ခေါင်းကို ဖြတ်ခနဲရိုက်ချလိုက်သည်။

“အဲဒါ တပ်မှူးရှန်ကွ၊ ဘာ ယောက်ဖလဲ၊ ယောက်ဖ မနေနဲ့၊ သူ့ကို တပ်မှူးရှန်လို့ ခေါ်ရမယ်”

ဖန်တာဖူသည် အလျင်အမြန်ရှေ့တိုးသွားကာ ရှန်ဟွိုင်နျန်ကို အိမ်သို့ ဦးဆောင်ခေါ်သွားလေသည်။

တစ်နာရီခန့် ကြာပြီးနောက်မှ ကျေးရွာပါတီအတွင်းရေးမှူးသည် သတင်းကြားပြီး ဖန်မိသားစုအိမ်သို့ အပြေးအလွှား ရောက်ရှိလာလေ၏။

သူ ရွာထဲမှထွက်သွားသည်မှာ နှစ်ရက်သာရှိသေးသော်လည်း ဤရွာသားများသည် ဤမျှကြီးမားလှသော ပြဿနာကြီးကို ဖန်တီးထားကြလေပြီ။

စစ်သည်ဇနီးတစ်ဦးကို ကိုယ်ထိလက်ရောက်ကျူးလွန်ပြီး အသရေဖျက်ရဲသည်အထိ သူတို့ရူးသွပ်နေကြသည်ပင်။ သူ ထိုသူများကို သေသည်အထိ ရိုက်နှက်ပစ်ချင်စိတ်များပင် ပေါက်လာလေသည်။

ကျေးရွာပါတီအတွင်းရေးမှူးသည် ဖန်မိသားစု၏တံခါးဝသို့ ဝင်ရောက်သွားလေသည်။ ရွာသူရွာသားများအားလုံးမှာ ဖန်မိသားစုအိမ်ရှေ့တွင် စုရုံးနေကြပြီး တံခါးပေါက်အက်ကွဲကြောင်းများမှတစ်ဆင့် ချောင်းကြည့်နေကြလေ၏။

သူတို့သည် ပါတီအတွင်းရေးမှူး၏ ကျောပြင် ဤမျှလောက် ကုန်းညွတ်နေသည်ကို တစ်ခါမျှမမြင်ဖူးခဲ့ကြပေ။

‘စိတ်ဝင်စားစရာပဲ’

ပါတီအတွင်းရေးမှူးက အသံတုန်တုန်ရီရီဖြင့် တောင်းပန်လေသည်။

“အိုး ခေါင်းဆောင်၊ ဒီကိစ္စက ကျွန်တော်တို့ရွာသားတွေရဲ့ မိုက်မဲမှုကြောင့် ဖြစ်ရတာပါ၊ ဒါက ကျွန်တော်တို့ရဲ့အမှားပါပဲ၊ ပထမအနေနဲ့ ခေါင်းဆောင်နဲ့ ရဲဘော်ရှဲ့လီကို တောင်းပန်စကားဆိုပါရစေ၊ ဒုတိယအနေနဲ့ လူထုကို သွေးထိုးလှုံ့ဆော်ပြီး စစ်မိသားစုဝင်တစ်ဦးကို စော်ကားခဲ့တဲ့ ဝမ်ကျန့်ကော်ကို လုံးဝ ခွင့်လွှတ်မှာ မဟုတ်ပါဘူး”

ပါတီအတွင်းရေးမှူး၏ရင်အစုံမှာ ရှန်ဟွိုင်နျန်၏စစ်ဝတ်စုံပေါ်ရှိ ကြယ်လေးပွင့်ကို မြင်လိုက်ရချိန်တွင် အပြင်းအထန် ခုန်ပေါက်သွားလေသည်။

ဤသူသည် အဆင့်မြင့်စစ်အရာရှိတစ်ဦးပင်။

ရှန်ဟွိုင်နျန်သည် သူ့ရင်ခွင်ထဲတွင် အားနည်းဟန်ဆောင်ကာ မှီတွယ်နေသော ရှဲ့လီကိုငုံ့ကြည့်လိုက်သည်။ ရှဲ့လီက နှုတ်ခမ်းကို အနည်းငယ်စူကာ ချွဲနွဲ့စွာ ပြောလိုက်၏။

“အားနျန် ဝမ်မိသားစုက ကျွန်မရဲ့မိဘတွေနဲ့ အစ်ကို့ကို တောင်းပန်ရမယ်လို့ ကျွန်မ အတင်းအကျပ်မတောင်းဆိုပါဘူး၊ ဒီလိုကိစ္စမျိုးတွေက အတင်းအကျပ် လုပ်ခိုင်းလို့မှမရတာ”

ရှန်ဟွိုင်နျန်က ပါတီအတွင်းရေးမှူးကို ပြန်ကြည့်လိုက်သည်။

“ဝမ်မိသားစုက ဖန်မိသားစုကိုမဖြစ်မနေတောင်းပန်ရမယ်”

ပါတီအတွင်းရေးမှူးက ခေါင်းကိုတဆတ်ဆတ်ညိတ်ကာ အလျင်အမြန် ထောက်ခံလိုက်၏။

“သေချာပေါက်ပဲ၊ ဒါ မဖြစ်မနေလုပ်ရမယ့်ကိစ္စပဲ”

ရှဲ့လီက ဆက်ဖြည့်ပြောလိုက်သည်။

“ဒါပေါ့လေ၊ ဒီတောင်းပန်စာကို ရွာလူထုအားလုံးရှေ့မှာ ရွာတပ်ခွဲရုံးက အသံချဲ့စက်နဲ့ ဖတ်ပြရမယ်လို့လည်း ကျွန်မ အတင်းအကျပ်မတောင်းဆိုပါဘူး”

ရှန်ဟွိုင်နျန်က ပါတီအတွင်းရေးမှူးကို ထပ်မံကြည့်ရှုလိုက်ပြန်သည်။ သူ စကားမပြောရသေးမီမှာပင် ပါတီအတွင်းရေးမှူးက အလျင်အမြန် ခေါင်းညိတ်ပြလိုက်၏။

“ဝမ်မိသားစုကို ရွာတပ်ခွဲရုံးက အသံချဲ့စက်နဲ့ တောင်းပန်စာကို မဖြစ်မနေ ဖတ်ခိုင်းရမယ်၊ ရွာထဲက ခွေးတွေတောင်မကျန် အားလုံးလာနားထောင်စေရမယ်”

ရှဲ့လီက ကျေနပ်စွာဖြင့် ခေါင်းညိတ်လိုက်လေသည်။

ထိုအခါမှသာ ရှန်ဟွိုင်နျန်၏ မျက်နှာထား အနည်းငယ်လျော့ကျသွားလေသည်။

ပါတီအတွင်းရေးမှူးသည် သက်ပြင်းကြီးတစ်ချက်ကိုချလိုက်နိုင်ပြီးနောက် ရှဲ့လီ ကျန်းမာရေးပြန်လည်ကောင်းမွန်စေရန်အတွက် ဂရုတစိုက်ရှိကြောင်း ပြသသည့်အနေဖြင့် ကြက်ဥတစ်ခြင်းကို လူကြုံဖြင့်ပေးပို့လိုက်လေ၏။

တစ်ရွာလုံး ဆူညံပွက်လောရိုက်သွားလေတော့သည်။

ဖန်မိသားစုမှ ရှောင်လီလေးသည် အရာရှိတစ်ဦးနှင့် တကယ်လက်ထပ်လိုက်လေပြီ။

ရွာထိပ်ရှိ သတင်းဖြန့်ချိရေးအဖွဲ့သည် သတင်းစုဆောင်းခြင်းကို ရပ်တန့်လိုက်ကြပြီး စစ်သုံးဂျစ်ကားကြီးကို သွားရောက်ကြည့်ရှုရန် ရွာထိပ်သို့ပြေးသွားကြလေသည်။

“အိုး ဒီကားကြီးက ဘယ်လောက်တောင် ခံ့ညားလိုက်သလဲ”

“ဒီနေ့ကစပြီး ဖန်မိသားစုနဲ့ သွားမပတ်သက်မိစေနဲ့၊ သူတို့ကိုတွေ့ရင် ရိုးရိုးကုပ်ကုပ်ပဲနေကြ”

“ဟုတ်တယ် ဟုတ်တယ်၊ အဲဒီအရာရှိက ရှဲ့လီကို ဘယ်လောက်တောင်ကာကွယ်ပေးသလဲဆိုတာ နင်တို့မမြင်လိုက်လို့ပါ၊ အိုး ဘုရားရေ”

“ငါတို့ မြင်လိုက်ပါတယ်၊ မြင်လိုက်ပါတယ်”

ဝမ်ကျန့်ကော်၊ ယွီတာဖုန်းနှင့် ဝမ်ဇီချန်တို့ကိုပင် ပါတီအတွင်းရေးမှူးက ရွာတပ်ခွဲရုံးသို့ခေါ်ယူခဲ့ပြီး တော်လှန်ရေးကော်မတီတွင် စိတ်ဓာတ်ရေးရာ ပညာပေးခံနေရဆဲဖြစ်သော ဝမ်ရှို့မေကိုပင် အပြင်သို့ ထုတ်ယူလာခဲ့လေသည်။

ပါတီအတွင်းရေးမှူးသည် သူတို့အား တောင်းပန်စာရေးသားခြင်းကို ကိုယ်တိုင်ကိုယ်ကျကြီးကြပ်ခဲ့ပြီးနောက် ရွာသားအားလုံးကို ခေါ်ယူကာ အသံချဲ့စက်မှတစ်ဆင့် ဖတ်ပြစေခဲ့လေ၏။ ပါတီအတွင်းရေးမှူး၏ လုပ်ဆောင်ချက်မှာ အလွန်တရာမြန်ဆန်ပြီး ထိရောက်လှပေသည်။

ယခုအခါ ဖန်မိသားစု၏သမီးသည် စစ်အရာရှိတစ်ဦးနှင့် လက်ထပ်ထားကြောင်းနှင့် ထိုအရာရှိက သူမကို အလွန်အမင်းအလိုလိုက်ကာ ဖန်မိသားစုကို အပြည့်အဝထောက်ခံအားပေးကြောင်း တစ်ရွာလုံးသိရှိသွားကြလေပြီ။

ယခု ဖန်မိသားစုကို မည်သူမျှမနှောင့်ယှက်ရဲကြတော့ပေ။

ဤသည်မှာ ရှဲ့လီ၏ရည်ရွယ်ချက်ပင်။

သူမသည် အုတ်ကုတင်ပေါ်တွင် လှဲလျောင်းနေပြီး ရှန်ဟွိုင်နျန်ပေါင်ပေါ်သို့ ခေါင်းအုံးထားလေသည်။

သူမသည် ရှန်ဟွိုင်နျန်ကို တမင်သက်သက် ထောက်ခံပေးစေချင်ခဲ့ခြင်းဖြစ်သည်။ တောရွာဓလေ့စရိုက်အရ ဖန်မိသားစုသာ ရိုးသားနေမည်ဆိုပါက အနိုင်ကျင့်ခံရမည်မှာ အသေအချာပင်။

All Chapters