အခန်း ၁၅၃
Vol. 16 Ch. 153
Ch-153
ထို့အပြင် ဝမ်မိသားစု၏ပြဿနာများအပြီးတွင် ဖန်မိသားစု၌ ငွေကြေးအမြောက်အများရှိနေကြောင်း လူတိုင်း သိသွားကြလေပြီ။
အကယ်၍ သူတို့ကိုအကာအကွယ်ပေးမည့်သူသာမရှိပါက တစ်စုံတစ်ယောက်က ထိုငွေများကို သေချာပေါက် တပ်မက်လာပေလိမ့်မည်။
ယခုမူ ကြောက်ရွံ့စရာအကြောင်းမရှိတော့ပေ။ သူတို့သားမက်မှာ စစ်အရာရှိတစ်ဦးဖြစ်နေလေပြီ။
ဖန်မိသားစုကို မကောင်းကြံဖို့တွေးရဲသူများမှာ အသက်ရှင်ရသည်ကိုငြီးငွေ့နေကြသူများသာ ဖြစ်ပေလိမ့်မည်။
ရှန်ဟွိုင်နျန်က ရှဲ့လီဆံနွယ်များကို ညင်သာစွာ သပ်တင်ပေးရင်းမေးလိုက်သည်။
“ရှောင်လီ၊ ဒီနေ့ အရမ်းလန့်သွားလား”
သူ သူမကိုမတွေ့ရသည်မှာ လဝက်ခန့် ရှိနေပြီဖြစ်ကာ အလွန်တရာလွမ်းဆွတ်နေသဖြင့် ရထားလက်မှတ်ကိုပင်မစောင့်နိုင်တော့ဘဲ ကားဖြင့် တိုက်ရိုက်မောင်းလာခဲ့ခြင်းဖြစ်သည်။
ရှဲ့လီ တစ်ခဏမျှတိတ်ဆိတ်သွားပြီးနောက် အားနည်းဟန်ဆောင်ကာ ဝတ်ကျေတမ်းကျေညည်းညူလိုက်၏။
“ဟုတ်တယ် အားနျန်၊ ကျွန်မ အရမ်းလန့်သွားတာပဲ”
တံခါးဝတွင်ရပ်နေသော ရှောင်ချီသည် ကောင်းကင်ကြီးကိုသာ မော့ကြည့်လိုက်လေတော့သည်။
သူ့တပ်မှူးနှင့် မရီးဖြစ်သူတို့မှာ တကယ့်ကို ကမ်းကုန်နေကြပြီဖြစ်သည်။
နေဝင်ဆည်းဆာအချိန်ရောက်ရှိလာသဖြင့် ယနေ့ ပြန်ထွက်ရန်မဖြစ်နိုင်တော့ပေ။ ထို့ကြောင့် ရှန်ဟွိုင်နျန်သည် ရှဲ့လီနှင့်အတူ ညအိပ်ရန်ဆုံးဖြတ်လိုက်လေ၏။
ဖန်တာဖူနှင့် လျူကျောက်တိတို့သည် ဧည့်ခန်းကို အလျင်အမြန် ရှင်းလင်းကာ သန့်ရှင်းသော အိပ်ရာခင်းများကို ခင်းကျင်းပေးလေသည်။
ဖန်မိသားစုတွင် အိပ်ခန်းနှစ်ခန်းသာရှိလေသည်။ ရှန်ဟွိုင်နျန်နှင့် ရှဲ့လီတို့က အခန်းတစ်ခန်းတွင် အိပ်ရမည်ဖြစ်ပြီး ဖန်တာဖူ၊ လျူကျောက်တိနှင့် ဖန်လင်းတို့က အခြားအခန်းတစ်ခန်းတွင်အိပ်ကြမည်ဖြစ်၏။
ရှောင်ချီမှာမူ ဆွံ့အသွားလေတော့သည်။
“….”
ဖန်တာ့ဖူသည် အိမ်နီးချင်းများထံသို့ သွားရောက်ကာ နေရာတစ်နေရာ ငှားရမ်းပေးခဲ့သဖြင့် ရှောင်ချီမှာ ထိုအိမ်နီးချင်းအိမ်တွင် ညအိပ်ခဲ့ရလေသည်။
ထိုညနေခင်းတွင် ပါတီအတွင်းရေးမှူးက သူ့ဇနီးကိုစေလွှတ်ကာ ဝက်သားအတုံးကြီးတစ်တုံးနှင့် ကြက်မကြီးတစ်ကောင်ကို ဖန်မိသားစုထံသို့ပေးပို့စေခဲ့၏။
ဖန်တာ့ဖူက လက်ခံရန်ငြင်းဆန်သော်လည်း ပါတီအတွင်းရေးမှူး၏ဇနီးက အတင်းအကျပ်ထိုးပေးလေသည်။
“ဒါက သမီးနဲ့ သားမက်အတွက် အပိုဟင်းလျာတွေပါ၊ အဘိုးကြီးဖန် မငြင်းပါနဲ့”
ထိုညတွင် မိသားစုတစ်စုလုံး ကြက်သားပေါင်းနှင့် ဝက်သားနှပ်တို့ကို အရသာရှိရှိ စားသောက်ခဲ့ကြလေသည်။
တောရွာများမှ ဒေသထွက် ဝက်သားနှင့် ယကြက်သားတို့မှာ အလွန်တရာ အရသာရှိလှပေ၏။ ဆား၊ ပဲငံပြာရည်တို့ဖြင့် ရိုးရှင်းစွာ ပေါင်းနှပ်ထားရုံဖြင့် အိမ်တစ်အိမ်လုံး မွှေးပျံ့နေလေတော့သည်။
ဖန်လင်းသည် ထမင်းစားနေစဉ် ရှန်ဟွိုင်နျန်ကို အကဲခတ်နေလေသည်။ ဤအမျိုးသားသည် တကယ်စစ်အရာရှိတစ်ဦးပေလော။
အဘယ်ကြောင့်များ ရုပ်ချောသော လူငယ်လေးတစ်ဦးနှင့် ပိုတူနေရသနည်း။
သူက ကြက်ပေါင်တစ်ချောင်းကိုယူကာ ရှဲ့လီပန်းကန်ထဲသို့ ထည့်ပေးလိုက်သည်။
“ညီမလေး ကြက်ပေါင်စားနော်”
မည်သို့ပင်ဆိုစေကာမူ ယနေ့ ဤအမျိုးသားက သူ့ညီမလေးအားကာကွယ်ပေးခဲ့ပုံမှာ အလွန်တရာကြည့်ကောင်းပေသည်။
‘ငါ့ညီမလေးကို အနိုင်မကျင့်သ၍ အဆင်ပြေပါတယ်လေ’
သူ့ညီမလေး ဘဝကိုကောင်းကောင်းမွန်မွန် ဖြတ်သန်းနိုင်ရန်ကသာ အရေးအကြီးဆုံးဖြစ်လေ၏။
ညစာစားပြီး ကိုယ်လက်သန့်စင်ပြီးနောက် လူတိုင်း မိမိတို့အခန်းအသီးသီးသို့ ပြန်သွားကြလေသည်။
ရှဲ့လီက ကုတင်ပေါ်သို့ တွားသွားတက်လိုက်သည်။
‘အယ် ဟင် ဘာဖြစ်လို့လဲ'
‘ဘာလို့ စောင်တစ်ထည်တည်းရှိနေရတာလဲ’
ဤအိပ်ရာခင်းများကို လျူကျောက်တိက ပြင်ဆင်ပေးခဲ့ခြင်းဖြစ်၏။
ရှဲ့လီက ချက်ချင်းပင် အကြံရသွားသည်။
“ကျွန်မ နောက်စောင်တစ်ထည် သွားယူလိုက်ဦးမယ်”
သူမ ကုတင်ပေါ်မှဆင်းရန်ပြင်လိုက်စဉ် ရှန်ဟွိုင်နျန်က သူမကိုတားထားလိုက်လေသည်။
“ကိုယ် စောင်မခြုံတော့ပါဘူး၊ ရာသီဥတုက သိပ်မအေးဘူးလေ၊ ပြီးတော့ ဟိုဘက်အခန်းက မီးတွေလည်းပိတ်သွားပြီ၊ သူတို့အကုန်လုံး အိပ်ပျော်သွားလောက်ပြီ”
ရှဲ့လီက မျက်တောင်လေးပုတ်ခတ်ပုတ်ခတ်လုပ်လိုက်ပြီးနောက် သဘောတူလိုက်လေ၏။
သူတို့နှစ်ဦးသည် အလယ်တွင် ရှောင်ချီ နောက်တစ်ယောက် ဝင်အိပ်၍ရနိုင်လောက်အောင် ကြီးမားသောနေရာလပ်ကြီးချန်ထားလျက် အိပ်ရာဝင်ခဲ့ကြလေသည်။
ရှောင်ချီမှာမူ ‘အိပ်မောကျနေပြီဖြစ်၍ အနှောင့်အယှက် မပေးပါနှင့်’ ဆိုသည့် စာသားလေး တံခါး၀တွင်ကပ်ထားလေ၏။
လှဲလျောင်းပြီး ငါးမိနစ်မျှပင်မကြာသေးမီ ရှန်ဟွိုင်နျန်က နှာရှုံ့သံများ ပြုလုပ်လာလေသည်။
*ရှု ရှူး ရှု ရှူး*
ရှဲ့လီက စိုးရိမ်တကြီးမေးလိုက်သည်။
“အားနျန် ရှင်ချမ်းနေလို့လား”
ရှန်ဟွိုင်နျန်က နှာသံလေးဖြင့်ပြန်ဖြေ၏။
“ရပါတယ် ကိုယ်မချမ်းပါဘူး ရှု ရှူး”
ရှဲ့လီသည် ထထိုင်ပြီးကြည့်လိုက်ရာ ရှန်ဟွိုင်နျန် သူမအားကျောခိုင်းလျက် ရင်ဘတ်ပေါ်တွင် လက်ပိုက်ကာ ဘေးစောင်းလှဲလျောင်းနေသည်ကို တွေ့လိုက်ရလေသည်။
ယခုအချိန်တွင် ညလေမှာ အနည်းငယ် အေးစိမ့်စိမ့်ဖြစ်နေပြီး စောင်မခြုံဘဲ အိပ်ပါက အမှန်တကယ်ပင် အအေးပတ်နိုင်ပေသည်။
ရှဲ့လီက တစ်ခဏမျှစဉ်းစားလိုက်ပြီးနောက် ဘေးတိုးသွားကာ သူမစောင်တစ်ဝက်ကို ရှန်ဟွိုင်နျန်အပေါ်သို့ လွှမ်းခြုံပေးလိုက်လေ၏။
ညဉ့်နက်ယံအချိန်တွင် ရှန်ဟွိုင်နျန်၏နှုတ်ခမ်းထောင့်များက အနည်းငယ် ကွေးတက်သွားလေသည်။
စစ်ဆင်ရေးတာဝန်များ ထမ်းဆောင်ရချိန်တွင် သူသည် ရွှံ့ဗွက်အိုင်ထဲ၌ နှစ်ရက်တိုင်တိုင် ဆက်တိုက်လှဲလျောင်းနေခဲ့ဖူးသည်။ ဤအအေးဒဏ်မှာ သူ့အတွက် ဘာမျှမဟုတ်ပေ။ သူသည် တမင်သက်သက် ဟန်ဆောင်နေခြင်းသာပင်။
ရှဲ့လီသည် သူ့ထံသို့ ပိုမိုနီးကပ်စွာ တိုးဝင်သွားပြီး စောင်ခြုံပေးရင်း ခပ်တိုးတိုးရေရွတ်လိုက်သည်။
“အိုး ကျွန်မရဲ့အပြစ်ကင်းစင်တဲ့ အားနျန်လေး”
ရှဲ့လီ လှဲချလိုက်သည်နှင့်တစ်ပြိုင်နက် သူမဘေးရှိ အမျိုးသားက သူမကိုသူ့ရင်ခွင်ထဲသို့ ဆွဲသွင်းလိုက်လေတော့သည်။
ထိုအမျိုးသား၏ကြီးမားသော လက်ဝါးကြီးက သူမလက်ကောက်ဝတ်ကို ညင်သာစွာ ဆုပ်ကိုင်လိုက်ပြီး သူ့ဝမ်းဗိုက်ပေါ်သို့ တင်ထားလိုက်လေ၏။
ထို့နောက် လက်ကအောက်သို့လျှောဆင်းသွားသည်။ ရှဲ့လီစိတ်ကူးထဲတွင် လူကြီးကြိုက်ဇာတ်လမ်းတိုလေးတစ်ခု စတင်ကပြနေလေပြီ။
သို့သော်လည်း ရှန်ဟွိုင်နျန်သည် သူမလက်ကောက်ဝတ်ကို ဆုပ်ကိုင်ရုံသာ ဆုပ်ကိုင်ထားပြီး သူ့အင်္ကျီအောက်ခြေစွန်းမှတစ်ဆင့် သူမလက်ကို သူ့ဗိုက်ကြွက်သားများပေါ်သို့ တင်ပေးလိုက်လေသည်။ သူက အသံဩဩဖြင့် တိုးတိုးလေး ပြောလိုက်သည်။
“မင်းက ကိုင်ရတာကြိုက်တယ်ဆိုတော့ ကိုင်ထားလို့ရတယ်”
အနည်းငယ် နှာသံလေးစွက်နေပြီး နူးညံ့ညင်သာလွန်းလှသည်။ အရှက်သည်းနေသယောင်ယောင် ချွဲနွဲ့နေသယောင်ယောင်ပင်။
‘အိုး ဘုရားသခင် ကယ်တော်မူပါ'
ရှဲ့လီ မျက်နှာတစ်ပြင်လုံးနီရဲသွားကာ သူမနားရွက်များမှာလည်း ဆူပွက်နေသော ရေနွေးအိုးတစ်လုံးကဲ့သို့ အခိုးအငွေ့များပင် ထွက်လာမတတ်ပူထူသွားလေတော့သည်။
‘ငါတော့ ဆက်ပြီးသည်းမခံနိုင်တော့ဘူး'