← Chapters

အခန်း ၁၅၄

Vol. 16 Ch. 154

အခန်း ၁၅၄

Vol. 16 Ch. 154

Ch-154

ရှန်ဟွိုင်နျန်က နှုတ်ခမ်းကို တင်းတင်းစေ့လိုက်၏။ သူသည် ကုတင်ပေါ်တွင် လှဲလျောင်းနေစဉ် ရှက်သွေးဖြာကာ နီရဲနေသော ရှဲ့လီ၏ မျက်နှာလေးကို အပေါ်စီးမှ ငုံ့ကြည့်နေလေသည်။

သူ့လက်တစ်ဖက်က ခန္ဓာကိုယ်ကို ထောက်ထားလေ၏။

ဤအချိန်တွင် ရှဲ့လီ၏ ရှက်ရွံ့နေမှုမှာ ဟန်ဆောင်နေခြင်း မဟုတ်ပေ။

သူမ၏ လက်သေးသေးလေးများက ဆံပင်လေးများကို လိမ်ကျစ်ကစားနေရင်း ခပ်တိုးတိုး ညည်းညူလိုက်သည်။

“အားနျန်၊ ဒီလိုအချိန်မျိုးမှာ ကျွန်မတို့ အနမ်းလေးတစ်ခုလောက်တော့ ဖလှယ်သင့်တယ်မဟုတ်ဘူးလား”

ရှန်ဟွိုင်နျန်၏ မြေခွေးမျက်ဝန်းများထဲတွင် ရွှင်မြူးရိပ်တို့ ပြည့်နှက်သွားလေသည်။

ရှဲ့လီသည် သူမထံသို့ တဖြည်းဖြည်း နီးကပ်လာသော ရှန်ဟွိုင်နျန်ကို ကြည့်ရင်း စိတ်လှုပ်ရှားကာ သူမနှုတ်ခမ်းကို လျှာဖြင့် သပ်လိုက်လေ၏။

*ကျွိ ကျွိ ကျွိ*

အမှောင်ထုထဲတွင် တောက်ပနေသော အစိမ်းရောင်မျက်လုံးတစ်စုံက သူတို့ခေါင်းရင်းပိုင်းသို့ ချဉ်းကပ်လာလေသည်။

ရှဲ့လီမှာ ကြောင်တောင်တောင်ဖြစ်သွားရသည်။

“ဘာ”

ရှန်ဟွိုင်နျန် သူမကိုနမ်းရှိုက်တော့မည့် တစ်စက္ကန့်အလိုတွင် သူမက အသံလာရာဘက်သို့ ခေါင်းလှည့်ကြည့်လိုက်လေ၏။

ခေါင်းအုံးဘေးတွင် ကြွက်ကြီးတစ်ကောင်ရပ်နေပြီး ၎င်းက လက်သည်းလေးများကို ကားထားကာ သူမနှင့် ရှန်ဟွိုင်နျန်တို့ကို လက်သည်းကြားမှ စိုက်ကြည့်နေလေသည်။

သူတို့အကြည့်များဆုံတွေ့သွားပြီး တစ်ယောက်ကိုတစ်ယောက် အပြန်အလှန် စိုက်ကြည့်နေမိကြ၏။

“အား”

ရှဲ့လီသည် အလန့်တကြား အော်ဟစ်လိုက်ပြီး ရုတ်တရက် မတ်တတ်ထထိုင်လိုက်ရာ သူမနဖူးက ရှန်ဟွိုင်နျန်၏နှာခေါင်းကို ပြင်းထန်စွာဆောင့်မိသွားလေသည်။

ထိုအော်သံကြောင့် ကြွက်ကြီးလည်း လန့်ဖြတ်သွားကာ ကမန်းကတန်း ထွက်ပြေးသွားတော့သည်။

ရှဲ့လီသည် ကြွက်ပြေးသွားသော လမ်းကြောင်းကို မျက်ခြည်မပြတ် စောင့်ကြည့်နေရင်း တစ်ဖက်ကလည်း ရှန်ဟွိုင်နျန်နှာခေါင်းကို အုပ်ကိုင်ပေးထားလေ၏။

“အဆင်ပြေရဲ့လား၊ အဆင်ပြေရဲ့လား”

ဤမျှလောက် ချောမောသောနှာတံကြီးသည် သူမကြောင့် ရွဲ့စောင်းသွား၍မဖြစ်နိုင်ပေ။

ရှန်ဟွိုင်နျန်က အလျင်အမြန်တုံ့ပြန်လိုက်ပြီး ရှဲ့လီကို အုတ်ကုတင်၏ အတွင်းဘက်သို့ ဆွဲသွင်းလိုက်သည်။

ထို့နောက် မတ်တတ်ထရပ်ကာ ဖိနပ်တစ်ရန်ကို ကောက်ကိုင်ပြီး ကြွက်အား လိုက်ရိုက်လေတော့သည်။

ထိုရှုပ်ထွေးမှုများကြားတွင် ရှဲ့လီ၏ခြေမသည် နံရံနှင့်သွားစောင့်မိသွားလေ၏။

“အား အရမ်းနာတာပဲ အား”

ဤဘက်အခန်းထဲတွင် အခြေအနေများမှာ လုံးဝကို ဖရိုဖရဲဖြစ်နေလေပြီ။

တစ်ဖက်အခန်းတွင်မူ ရှဲ့လီ၏အော်သံကို ကြားလိုက်ရသော ဖန်လင်းသည် တံခါးဆီသို့ တဟုန်ထိုးပြေးထွက်သွားသော်လည်း ဖန်တာဖူက သူ့ကိုတားထားလိုက်လေသည်။

ဖန်လင်းမှာ ဒေါသထွက်လွန်းသဖြင့် နွားအိုကြီးတစ်ကောင်ကဲ့သို့ နှာမှုတ်နေရင်း အော်ဟစ်လိုက်သည်။

“အဖေ သားကို ဘာလို့တားနေတာလဲ၊ ညီမလေး အကူအညီတောင်းနေတာကို အဖေ မကြားဘူးလား၊ သူမက နာတယ်လို့ ပြောနေတယ်လေ၊ အဲဒီရှန်ဟွိုင်နျန် ဆိုတဲ့ကောင် သူမကိုရိုက်နေတာ သေချာတယ်”

ဖန်တာဖူသည် အကြံအိုက်သွားကာ ခေါင်းကုတ်နေမိပြီး လျူကျောက်တိက ဖန်လင်းပါးစပ်ကို အလျင်အမြန် ပိတ်ဆို့လိုက်၏။

“တိုးတိုးနေစမ်းပါ၊ မင်းညီမလေးကို သွားပြီး အနှောင့်အယှက်မပေးနဲ့”

ဖန်လင်းက ရုန်းကန်ရင်း ပြန်လည်စောဒကတက်လေသည်။

“ဘာအနှောင့်အယှက်ပေးတာလဲ၊ ရှန်မျိုးရိုးနဲ့လူက ရာထူးကြီးတယ်ဆိုပြီး ညီမလေးကို ဒီအတိုင်းပစ်ထားလို့မရဘူးလေ၊ သား သူ့ကိုသွားချမယ်”

ဖန်တာဖူနှင့် လျူကျောက်တိတို့သည် တစ်ယောက်ကိုတစ်ယောက် အဓိပ္ပာယ်ပါပါ ကြည့်လိုက်ကြသည်။ ဤကိစ္စကို သူတို့ မည်သို့ ရှင်းပြရပါမည်နည်း။

ယနေ့ခေတ် လူငယ်များမှာ ခွန်အားကောင်းလွန်းလှသဖြင့် ညဉ့်နက်သန်းခေါင်အချိန်အထိ ဤမျှလောက် ဆူညံပွက်လောရိုက်နေကြခြင်းဖြစ်ပေမည်။

ထို့နောက် သူတို့သည် စိုးရိမ်တကြီးဖြင့် ဟိုဘက်ဒီဘက် ခေါက်တုံ့ခေါက်ပြန် လမ်းလျှောက်နေသော သူတို့သားဖြစ်သူ ဖန်လင်းကို လှမ်းကြည့်လိုက်ကြသည်။ လီကျောက်တီက ခြေဆောင့်ကာ ညည်းတွားလိုက်သည်။

“အိုး ဒီလူပျိုရည်မပျက်သေးတဲ့ ငကြောင်ကြီးနဲ့တော့”

အခြားအခန်းထဲမှ ဖြန်း၊ ဖြန်း၊ ဖြန်း၊ ဆိုသောအသံများမှာ အတော်ကြာသည်အထိ ဆက်တိုက်ထွက်ပေါ်နေပြီးနောက် နောက်ဆုံးတွင် ရပ်တန့်သွားလေ၏။

ဖန်တာဖူနှင့် လျူကျောက်တိတို့သည် သက်ပြင်းတစ်ချက် ချလိုက်နိုင်လေသည်။ နောက်ဆုံးတော့လည်း ပြီးဆုံးသွားခဲ့လေပြီ။

အခြေအနေများ ဤအတိုင်းသာဆက်သွားနေပါက မြေးချီရမည့်အချိန်မှာ ဝေးတော့မည်မဟုတ်ပေ။

မိသားစု၀င် တိုးပွားလာရေးဟူသော သူတို့ရည်မှန်းချက်များ ပြည့်ဝတော့ပေမည်။ လျူကျောက်တိသည် ဖန်လင်းကို ထပ်မံအကဲခတ်ကြည့်လိုက်ပြန်သည်။

ယခင်က ဝမ်ရှို့မေသည် သူ့ကို အထိအတွေ့မခံကြောင်းနှင့် သူတို့နှစ်ဦးသည် အုတ်ကုတင်၏ခေါင်းရင်းတစ်ဖက် ခြေရင်းတစ်ဖက်တွင် အိပ်ကြကြောင်း ဤကောင်လေးပြောခဲ့ဖူးသည်။

ထိုစဉ်က သူမ မယုံကြည်ခဲ့သော်လည်း ယခုတော့ အပြည့်အဝယုံကြည်သွားလေပြီ။

နောက်တစ်နေ့ နံနက်စောစောတွင် ရှဲ့လီသည် မျက်ကွင်းညိုကြီးများဖြင့် အခန်းထဲမှ ထွက်လာလေသည်။

မနေ့ညက ကြွက်ကြီးမှာ နတ်ဝင်ပူးနေသည့်အလား လျင်မြန်သွက်လက်လွန်းလှသဖြင့် ရှန်ဟွိုင်နျန်မှာ ၎င်းကိုဖမ်းမိရန် အတော်ကြာအောင် အချိန်ယူလိုက်ရလေသည်။

သူမသည် ထိုသတ္တဝါကြီးကို အလွန်တရာကြောက်လန့်သွားခဲ့ပြီး ရှန်ဟွိုင်နျန်ရင်ခွင်ထဲတွင် တစ်ညလုံး ကွေးကွေးလေးနေခဲ့ရသဖြင့် နှစ်နှစ်ခြိုက်ခြိုက်မအိပ်စက်နိုင်ခဲ့ပေ။

ခေါင်းလှည့်လိုက်ချိန်တွင် ကြွက်ကြီး၏မျက်လုံးများနှင့် ပက်ပင်းတိုးသွားခဲ့ရသော အလန့်တကြားဖြစ်ရပ်မှာ သူမအတွက် လွန်ကဲလွန်းလှသည်။

ရှန်ဟွိုင်နျန်ကမူ နံနက်စောစောတွင် လန်းဆန်းတက်ကြွနေလေသည်။ ကြွက်ကြီးကျေးဇူးကြောင့် သူ့ဇနီးလေးသည် သူ့ရင်ခွင်ထဲတွင် တစ်ညလုံးအိပ်စက်ခဲ့သည်ပင်။

အလွန်တရာ ကျေနပ်ဖွယ်ကောင်းလှပေသည်။

ဖန်တာဖူနှင့် လျူကျောက်တိတို့က သူတို့နှစ်ဦး၏အခြေအနေကို အကဲခတ်နေကြသည်။

တစ်ယောက်မှာ ညကလှုပ်ရှားမှုများကြောင့် ပင်ပန်းနွမ်းနယ်နေပုံရပြီး အခြားတစ်ယောက်မှာမူ အပြည့်အဝ ကျေနပ်အားရနေပုံပေါ်နေလေ၏။

လျူကျောက်တိသည် နံနက်စောစောကတည်းက ကြက်ဥဆယ်လုံးကိုပြုတ်ထားခဲ့သည်။ ယနေ့တွင် ရှဲ့လီ လျောင်းနင်ပြည်နယ်သို့ ပြန်ရမည်ဖြစ်ရာ လမ်းခရီးတွင် စားသောက်ပြီး ခွန်အားပြည့်ဝစေရန် ဤကြက်ဥများကို ထည့်ပေးလိုက်ချင်ခြင်းဖြစ်သည်။

မိသားစုတစ်စုလုံး နံနက်စာစားသောက်ကြလေသည်။ ဖန်လင်းသည် ရှန်ဟွိုင်နျန်ကို မှုန်ကုပ်ကုပ်မျက်နှာထားဖြင့် စူးရဲရဲစိုက်ကြည့်နေပြီးနောက် နောက်ဆုံးတွင် စကားစလိုက်သည်

“မင်း ငါနဲ့ ခဏလောက်လိုက်ခဲ့”

ရှဲ့လီက မျက်တောင်လေးပုတ်ခတ်ပုတ်ခတ် လုပ်လိုက်သည်။ သူမအစ်ကိုဖြစ်သူက မည်သည့်အရာများ ကြံစည်နေသနည်း။

ဖန်တာဖူနှင့် လျူကျောက်တိတို့က သူ့ကို အလျင်အမြန် တားဆီးလိုက်ကြသည်။

“နင် ဘာလုပ်မလို့လဲ၊ ရှောင်ရှန် ထမင်းတောင် စားလို့မပြီးသေးဘူးလေ”

ရှန်ဟွိုင်နျန်က မတ်တတ်ထရပ်လိုက်သည်။

“အဖေနဲ့ အမေ၊ ကျွန်တော် စားလို့ဝပါပြီ”

သူသည် ဖန်လင်းနောက်သို့လိုက်ကာ အပြင်သို့ ထွက်သွားလေ၏။

သူတို့နှစ်ဦးသည် ကျေးရွာ၏စပါးနယ်တလင်းပြင်သို့ ရောက်ရှိသွားကြသည်။

နံနက်ခင်း စောစောစီးစီးအချိန်ဖြစ်သဖြင့် တလင်းပြင်တစ်ခုလုံး လူသူကင်းမဲ့လျက် ဟာလာဟင်းလင်းဖြစ်နေလေသည်။

ဖန်လင်းက ရှန်ဟွိုင်နျန်ကိုစိုက်ကြည့်ရင်း အေးစက်စက်လေသံဖြင့် သတိပေးလိုက်သည်

“မင်းရဲ့ရာထူးဂုဏ်သိမ်တွေ ဘာတွေ ငါ ဂရုမစိုက်ဘူး၊ မင်း ငါ့ညီမလေးကို အနိုင်ကျင့်ခွင့်မရှိဘူး၊ ငါက ဘာမှ မဟုတ်ပေမယ့် ခွန်အားအနည်းငယ်ရှိပြီး သိုင်းပညာလည်း တတ်တယ်၊ မင်း သူမကို နောက်တစ်ခါအနိုင်ကျင့်ရင် ငါ မင်းကို လုံးဝအလွတ်ပေးမှာမဟုတ်ဘူး”

ရှန်ဟွိုင်နျန်မှာ နားမလည်နိုင်ဖြစ်သွားရသည်။

‘ရှဲ့လီကို ငါက အနိုင်ကျင့်တယ် ဟုတ်လား’

သူမအပေါ် သူ မည်သို့များရက်စက်နိုင်ပါမည်နည်း။ သူ ပြန်မဖြေရသေးမီမှာပင် ဖန်လင်းက လက်ကိုဆန့်ထုတ်လိုက်သည်

“မင်း ယောကျ်ားစစ်ရင် ငါနဲ့ယှဉ်ချကြည့်စမ်း”

ဖန်လင်းသည် ငယ်စဉ်ကတည်းက သိုင်းပညာကို လေ့ကျင့်ခဲ့သူဖြစ်သည်။ အနည်းဆုံးတော့ ဤရွာကလေးထဲတွင် သူ့ကို အနိုင်ယူနိုင်သူတစ်ဦးတစ်ယောက်မျှ မရှိပေ။

သူသည် ရှန်ဟွိုင်နျန်ကို ခြိမ်းခြောက်ချင်နေခြင်းသာ။

All Chapters