← Chapters

အခန်း ၁၅၅

Vol. 16 Ch. 155

အခန်း ၁၅၅

Vol. 16 Ch. 155

Ch-155

သူတို့က အဝေးတွင် နေထိုင်ရမည်ဖြစ်ရာ ရှဲ့လီအနိုင်ကျင့်ခံရပါကလည်း သူ သိနိုင်မည်မဟုတ်ပေ။ ထို့ကြောင့် ကြိုတင်ကာကွယ်ထားခြင်းဖြစ်လေသည်။

ရှန်ဟွိုင်နျန်က ငြင်းဆန်သည့်အနေဖြင့် လက်ဝှေ့ယမ်းပြလိုက်သည်။

“အစ်ကိုရာ၊ ကျွန်တော်တို့ဖြည်းဖြည်းချင်း စကားပြောကြတာပေါ့၊ မလုပ်ပါနဲ့”

ဖန်လင်းက ဆက်စိန်ခေါ်လေ၏။

“ဘာလဲ မင်း ကြောက်နေတာလား၊ မင်းက ဒီလောက်သတ္တိကြောင်နေမှတော့ နောင်ကျရင် ငါ့ညီမလေးကို ဘယ်လိုများ ကာကွယ်ပေးနိုင်မှာလဲ”

ထိုသို့ပြောပြီးသည်နှင့် သူသည် ရှေ့သို့ ခုန်အုပ်တိုက်ခိုက်လိုက်လေသည်။

*ဖြန်း*

ရှန်ဟွိုင်နျန် ပုတ်ချလိုက်သဖြင့် သူသည် မြေပြင်ပေါ်သို့ ပြားပြားဝပ်လဲကျသွားကာ ထိုနေရာတွင်ပင် အသေရိုက်နှက်ခံထားရသကဲ့သို့ဖြစ်သွားလေတော့သည်။

‘သောက်ကျိုးနည်း၊ ငါ သူ့ကို မနိုင်ပါလား'

ဖန်လင်းသည် မြေပြင်ပေါ်တွင် မှောက်လျက်သားဖြင့် ငိုချင်စိတ်ပင်ပေါက်လာလေသည်။

“အိုး အစ်ကိုရာ၊ ကြည့်ပါဦး၊ အဲဒါ ခင်ဗျားမြင်တဲ့အတိုင်းပဲ”

ရှန်ဟွိုင်နျန်က ဖန်လင်းကိုထူပေးရန် အလျင်အမြန် ပြေးသွားလေသည်။

သို့သော် ဖန်လင်းက ကျေနပ်ခြင်းမရှိပေ။

သူက ခြေဖြင့် ကန်ကျောက်လိုက်သော်လည်း ရှန်ဟွိုင်နျန်ကခုန်ရှောင်လိုက်လေသည်။

သူက ပတ်ရမ်းကန်လိုက် ရှန်ဟွိုင်နျန်က ခုန်ရှောင်လိုက်ဖြင့် တိုက်ပွဲက နာရီဝက်ခန့်ကြာအောင် ဆက်တိုက်ဖြစ်ပွားနေလေ၏။

ထိုအချိန်တွင် ရွာသူရွာသားများမှာ လယ်ထဲသို့ အလုပ်ဆင်းရန်ထွက်လာကြလေပြီ။ စပါးနယ်တလင်းပြင်ကို ဖြတ်သန်းသွားစဉ် သူတို့နှစ်ဦးကိုမြင်တွေ့လိုက်ရသည်။

တစ်ယောက်က ခြေဖြင့်ရမ်းကန်နေပြီး အခြားတစ်ယောက်က ခုန်ရှောင်နေလေသည်။ အဒေါ်ကြီးတစ်ဦးက သူတို့ကို လက်ညိုးထိုးပြကာ မှတ်ချက်ချလေ၏။

“ဟိုမှာ ကြည့်စမ်းပါဦး၊ ရှောင်လီရဲ့ အမျိုးသားက တကယ့်ကို သဘောကောင်းတာပဲ၊ ဟိုငအ ဖန်လင်းနဲ့တောင် ကြိုးခုန်တမ်းကစားပေးနေတယ်”

ဖန်လင်းခမျာ ဆွံ့အသွားရသည်။

“…..”

ဖန်လင်းသည် ခြေထောက်တစ်ဖက်ကို ဆန့်တန်းထားလျက် လည်ပတ်နေပြီး ဆက်တိုက်လည်ပတ်နေသော ဇွန်းတစ်ချောင်းနှင့်ပင် တူနေလေ၏။

လူများ ချဉ်းကပ်လာသည်ကိုမြင်သောအခါ ရှန်ဟွိုင်နျန်က ဘေးဘက်သို့ ခုန်ရှောင်လိုက်ရာ ဖန်လင်းတစ်ယောက်တည်းသာ ခြေဆန့်လျက်သား ကျန်ရစ်ခဲ့လေသည်။

ရှဲ့လီနှင့် ရှောင်ချီတို့က သူတို့ကို လိုက်လံရှာဖွေရင်း ရောက်လာကြသည်။

“အစ်ကို ဘာတွေလုပ်နေတာလဲ”

ဖန်လင်းမှာ ချွေးများရွှဲနစ်နေပြီး ခြေတစ်ဖက်ထောက်ကာ အခြားခြေတစ်ဖက်ကို ဖြောင့်တန်းစွာဆန့်ထုတ်လျက် စက်ဝိုင်းပုံလည်ပတ်နေသည်ကို ရှဲ့လီ မြင်တွေ့လိုက်ရလေသည်။

“ဘာ ဘာမှမဟုတ်ပါဘူး ညီမလေးရာ၊ အစ်ကို ကစားနေတာပါ”

ရှဲ့လီက မျက်တောင်လေးပုတ်ခတ်ပုတ်ခတ် လုပ်လိုက်၏။ သူမက ရှေ့သို့ တိုးသွားကာ ရှန်ဟွိုင်နျန်လက်ကို ဆွဲကိုင်လိုက်သည်။

“အားနျန် ကျွန်မတို့သွားရမယ့်အချိန်ရောက်ပြီ”

ရှန်ဟွိုင်နျန်က သူမမျက်နှာလေးကို တယုတယ ပွတ်သပ်လိုက်သည်။

“ကောင်းပါပြီကွာ”

ထို့နောက် သူက ဖန်လင်းဘက်သို့လှည့်ကြည့်လိုက်၏။

“ဒါဆိုရင် အစ်ကို…”

ဖန်လင်းမျက်လုံးများမှာ နီရဲနေလေပြီ။ သူက ဆက်လှည့်နေရင်းပြောလိုက်သည်။

“ညီမလေး၊ အစ်ကို လိုက်မပို့တော့ဘူးနော်၊ အစ်ကို နည်းနည်းလောက် ထပ်ကစားလိုက်ဦးမယ်”

သူ့ခြေထောက်များ ထုံကျင်နေပြီဖြစ်ကာ မတ်တတ်ပင်မရပ်နိုင်တော့ပေ။ သို့သော် ရှန်ဟွိုင်နျန်ရှေ့တွင် သူ အရှက်ကွဲခံ၍ မဖြစ်နိုင်ပေ။

ဤသို့ကစားရသည်ကို အလွန်နှစ်သက်သကဲ့သို့ သူ ဟန်ဆောင်နေရလေသည်။

ယောကျ်ားတစ်ယောက်၏ မာနတရားကား ဆိုးရွားလှပေစွ။

ရှဲ့လီက ခေါင်းကုတ်လိုက်သည်။

“ကောင်းပါပြီ အစ်ကို”

ဤအရာက မည်သို့များ ပျော်စရာကောင်းနေသနည်း။

ရှန်ဟွိုင်နျန်၏မြေခွေးမျက်ဝန်းများ ပြုံးယောင်သန်းသွားသည်ကို ဖန်လင်းမြင်သွားလေသည်။

ဤလူယုတ်မာကား တကယ့်ကို သရုပ်ဆောင်ကောင်းလှပေသည်။

သူ့ခြေထောက်မှာ ကြွက်တက်နေပြီဖြစ်ကာ လုံးဝရပ်တန့်၍ မရနိုင်တော့ပေ။ သူ ငိုချင်စိတ်ပင်ပေါက်လာလေပြီ။

အလွန်တရာ အရှက်ရဖွယ်ကောင်းလှပေသည်။

ဖန်လင်းသည် တည်ငြိမ်ဟန်ဆောင်နေကာ ခြေဆန့်လျက် စက်ဝိုင်းပုံ လည်ပတ်နေရသည်အား အမှန်တကယ်ပင် ပျော်ရွှင်နေသကဲ့သို့ မျက်နှာထားကို ထိန်းသိမ်းထားလေသည်။

ဖန်တာဖူနှင့် လျူကျောက်တိတို့သည် ရှဲ့လီလက်ကိုဆုပ်ကိုင်ကာ အမှာစကားများမှာကြားရင်း ရွာထိပ်အထိလိုက်ပါပို့ဆောင်ပေးကာ သူမ ကားပေါ်တက်သည်အထိ ကြည့်နေကြလေ၏။

“ရှောင်လီ၊ အဖေတို့ဆီကို စာခဏခဏရေးနော်”

လျူကျောက်တိသည် ကားပြတင်းပေါက်မှတစ်ဆင့် ရှဲ့လီလက်ကို ဆုပ်ကိုင်ထားလေသည်။

မျက်ရည်ဝဲနေသော မျက်လုံးများဖြင့် ရှဲ့လီကိုကြည့်ရင်း နံနက်ကပြုတ်ထားသော ကြက်ဥများကိုထုတ်ကာ ရှဲ့လီလက်ထဲသို့ အတင်းထည့်ပေးလိုက်၏။

“လမ်းမှာ စားသွားနော်”

ဖန်တာဖူက ဘေးတွင်ရပ်လျက် ဆေးတံကိုသာ တဖွာဖွာရှိုက်နေလေသည်။

ကားစတင်ထွက်ခွာချိန်တွင် ဖန်တာဖူက လှမ်းပြောလိုက်သည်။

“ရှောင်လီ၊ နောင်ကျအချိန်ရရင် အဖေနဲ့ အမေ့ဆီကို အလည်လာဦးနော်”

ရှဲ့လီ ရုတ်တရက်ဆို့နင့်သွားလေသည်။ သူမက ခေါင်းတဆတ်ဆတ်ညိတ်ပြလိုက်၏။

“အဖေ၊ အမေ၊ သမီး ခဏခဏလာခဲ့ပါ့မယ်၊ ကျန်းမာရေးကို ဂရုစိုက်ကြနော်၊ အခက်အခဲတစ်ခုခုရှိရင် သမီးဆီကိုဖုန်းဆက်၊ ဒါမှမဟုတ်လည်း စာရေးလိုက်ပါနော်”

ဖန်တာဖူသည် ရှဲ့လီကိုအချိန်အတော်ကြာအောင် စိုက်ကြည့်နေပြီးနောက် နောက်ဆုံးတွင် လျူကျောက်တိလက်ကို ရှဲ့လီလက်ထဲမှ အသာဆွဲဖယ်လိုက်သည်။

“သွားတော့ သွားတော့လေ”

ကားလေး တဖြည်းဖြည်းဝေးကွာသွားချိန်တွင် ရှဲ့လီကအနောက်လှည့်ကြည့်လိုက်သည်။

လျုကျောက်တိနှင့် ဖန်တာ့ဖူတို့မှာ ထိုနေရာတွင်ပင် မတ်တတ်ရပ်လျက် သူတို့ထွက်ခွာသွားသည်ကို ငေးကြည့်နေကြဆဲပင်။

ရှဲ့လီ ငိုချလိုက်မိသည်။ သူမသည် ခွဲခွာရခြင်းကို လုံးဝမနှစ်သက်ပေ။ ရှန်ဟွိုင်နျန်က သူမကို သူ့ရင်ခွင်ထဲသို့ဆွဲသွင်းကာ နှစ်သိမ့်လိုက်သည်။

“မငိုပါနဲ့တော့၊ ကိုယ်တို့အချိန်ရတဲ့အခါတိုင်း ပြန်လာခဲ့ကြမယ်လေ”

ရှဲ့လီမှာ အတားအဆီးမဲ့စွာဖြင့် ရှိုက်ကြီးတငင် ငိုကြွေးနေလေသည်။ သူမ ဗိုက်ဆာလာသည်အထိ ငိုကြွေးနေခဲ့၏။

ထို့နောက် သူမသည် လျူကျောက်တိ ထည့်ပေးလိုက်သော ကြက်ဥပြုတ်များကို ထုတ်ယူကာ ပါးစပ်ထဲသို့ သွတ်သွင်းလိုက်လေသည်။

ဝါးစားလိုက်သော အသံလေးများထွက်ပေါ်လာသည်။ တကယ့်ကို အရသာရှိလှပေ၏။

တစ်စက္ကန့်အလိုက ရှိုက်ကြီးတငင် ငိုကြွေးနေပြီး နောက်တစ်စက္ကန့်တွင် ကြက်ဥပြုတ်များကို အငမ်းမရစားသောက်နေသော ရှဲ့လီကို ရှောင်ချီက အံ့အားသင့်စွာ စောင့်ကြည့်နေမိသည်။

သူ့မရီးဖြစ်သူ၏ စိတ်ခံစားချက် အတက်အကျ လျင်မြန်မှုမှာ တကယ့်ကို အံ့မခန်းပင်။

စားသောက်ရသည်ကို အပြည့်အဝ ကျေနပ်သွားပြီးနောက် သူမသည် ရှန်ဟွိုင်နျန်၏ဝတ်စုံအတွင်းသို့ လက်နှိုက်ကာ ဗိုက်ကြွက်သားများကို စမ်းသပ်ရင်း အိပ်ပျော်သွားလေတော့သည်။

ဘဝကြီးကား တကယ့်ကိုသာယာလှပလွန်းလှပေသည်။

သူမက နှစ်နှစ်ခြိုက်ခြိုက်အိပ်ပျော်နေသော်လည်း သနားစရာကောင်းသော ရှန်ဟွိုင်နျန်ခမျာ ဘာဆက်လုပ်ရမှန်းမသိ ဖြစ်နေရှာလေ၏။

All Chapters