← Chapters

အခန်း ၁၅၈

Vol. 16 Ch. 158

အခန်း ၁၅၈

Vol. 16 Ch. 158

Ch-158

ဝူချန်ကျွင်းမှာ စိုးရိမ်ပူပန်လွန်းသဖြင့် ပြောင်နေသော ဦးခေါင်းထက်မှ ဆံပင်များပင် ပြန်ပေါက်လာတော့မတတ် ခံစားနေရလေသည်။ သူ့ဇနီးဖြစ်သူ ပျောက်ဆုံးသွားခဲ့လေပြီ။

ယနေ့တွင် သူ့ဇနီးသည် စစ်တပ်ဝင်းအတွင်းရှိ စစ်သားဇနီးများကို ဦးဆောင်ကာ စိတ်ကျန်းမာရေးဆေးရုံသို့ စေတနာ့ဝန်ထမ်းအဖြစ် သွားရောက်ခဲ့သည်။

အခြားသူများအားလုံး ပြန်ရောက်လာခဲ့ကြသော်လည်း သူ့ဇနီးတစ်ယောက်တည်းသာ ပျောက်ဆုံးနေခြင်းဖြစ်သည်။ ယနေ့ စိတ်ကျန်းမာရေးဆေးရုံသို့ သွားရောက်ခဲ့ကြသော စစ်သားဇနီးများအားလုံးကို အမည်စာရင်းနှင့်တကွ ခေါ်ယူစစ်ဆေးမေးမြန်းနေလေ၏။

မေးမြန်းစုံစမ်းကြည့်ပြီးနောက် ကျန်းကျင်းလင်သည် ရှဲ့လီနှင့်တစ်တွဲတည်းဖြစ်ကြောင်းနှင့်ပြန်လာချိန်တွင် ရှဲ့လီတစ်ယောက်တည်းသာ ပြန်လည်ရောက်ရှိလာကြောင်း သူ သိရှိသွားလေသည်။

ဝူချန်ကျွင်းက မျက်မှောင်ကြုတ်လိုက်သည်။ ဤရှဲ့လီသည် လုံးဝကို ကိုင်တွယ်ဖြေရှင်းရန် လွယ်ကူသော အမျိုးသမီးတစ်ဦးမဟုတ်ပေ။

ဝူချန်ကျွင်းက ဒေါသတကြီးအော်ဟစ်လိုက်သည်။

“ရှဲ့လီ ဘယ်မှာလဲ၊ သူမ ဘာလို့ ဒီမှာမရှိရတာလဲ”

အကူတပ်သားလေးက ခေါင်းကုတ်ရင်း ရှေ့သို့တိုးလာကာ တိုးတိုးလေး ဖြေကြားလေ၏။

“သူမက အိပ်ချင်နေပြီမလို့ ဘယ်သူမှ လာမနှောင့်ယှက်နဲ့လို့ အမိန့်ပေးထားပါတယ်”

ဝူချန်ကျွင်းမှာ အမျက်ဒေါသ ချောင်းချောင်းထွက်သွားလေတော့သည်။

“အဓိပ္ပါယ်မရှိတာ”

ယန်ဝမ်ယန်က ရှေ့သို့တစ်လှမ်းတိုးကာ ဝင်ရောက်ဖြေရှင်းပေးလေသည်။

“တပ်မှူးဝူ ရှဲ့လီက တစ်နေ့လုံးပင်ပန်းလာတာဆိုတော့ အိပ်ချင်နေတာက ပုံမှန်ပါပဲ၊ ပြီးတော့ အစ်မကျင်းလင်ကလည်း လူကြီးလူကောင်းတစ်ယောက်ပါ၊ ဒီလိုကြီး ရုတ်တရက်ပျောက်သွားဖို့ဆိုတာ မဖြစ်နိုင်ပါဘူး ဟုတ်တယ်မလား”

အခြားသောစစ်သားဇနီးများကလည်း တိတ်တဆိတ်ပင် ခေါင်းညိတ်ထောက်ခံကြလေ၏။ ဝူချန်ကျွင်းသည် စားပွဲကို ပြင်းပြင်းထုချလိုက်သည်။

“ရှဲ့လီကို အခုချက်ချင်း သွားခေါ်စမ်း၊ ဒါ အမိန့်ပဲ၊ သူမ မလာလို့မရဘူး”

ယန်ဝမ်ယန်က ဝမ်ရှို့လီကို မျက်ရိပ်ပြလိုက်ပြီး အနီးသို့တိုးကပ်ကာ လေသံနှိမ့်၍ ပြောလိုက်သည်။

“ရှို့လီ၊ စစ်တပ်စခန်းကိုအမြန်သွားပြီး တပ်မှူးရှန်ကို သွားရှာချေ၊ တပ်စုမှူးဝူက ရှဲ့လီကို သေအောင်ရိုက်တော့မယ်လို့ သွားပြောလိုက်”

ဝမ်ရှို့လီက ခေါင်းညိတ်ပြလိုက်ပြီးနောက် အနောက်ဘက်သို့ တိတ်တဆိတ်လှည့်ကာ လစ်ထွက်သွားလေတော့၏။

ယန်ဝမ်ယန်ကိုယ်တိုင်လည်း ဤကိစ္စသည် ရှဲ့လီနှင့်ပတ်သက်နေနိုင်ကြောင်း အာရုံခံမိနေလေသည်။ ယနေ့ ရှန်ဟွိုင်နျန်တွင် စစ်ဆင်ရေးတာဝန်ရှိသဖြင့် နောက်ကျမှသာ ပြန်ရောက်လာပေမည်။

ထို့ကြောင့် ရှဲ့လီကို ကာကွယ်ပေးနိုင်ရန် သူ့ကို အမြန်ဆုံး ခေါ်ဆောင်လာရမည်သာ။

ဆယ်မိနစ်ခန့် ကြာပြီးနောက် ရှဲ့လီ ရောက်ရှိလာလေသည်။

ဝူချန်ကျွင်းမျက်နှာထားမှာ တင်းမာခက်ထန်နေပြီး ရှဲ့လီကို အေးစက်စက် အကြည့်များဖြင့် စူးစူးရဲရဲ စိုက်ကြည့်နေသည်။

“ရှဲ့လီ၊ မင်း ဒီနေ့ ကျင်းလင်နဲ့ အတူတူ ရှိနေခဲ့တာ မဟုတ်လား၊ ဘာလို့ မင်းတစ်ယောက်တည်း ပြန်လာရတာလဲ၊ သူမ ဘယ်မှာလဲ”

သူသည် ရှဲ့လီကို လုံးဝမနှစ်မြို့ပေ။ သူမ၏ယခင်လုပ်ရပ်များကို လျစ်လျူရှုပေးထားနိုင်သော်လည်း ယခုမူ ဤရှဲ့လီသည် သူ့ဇနီးဖြစ်သူကိုပါ ရန်စပစ်မှတ်ထားလာလေပြီ။

ရှဲ့လီက ပခုံးတွန့်ကာ ပေါ့ပေါ့ပါးပါးပြန်ဖြေလိုက်သည်။

“တပ်စုမှူးဝူ၊ အစ်မကျင်းလင် ဘယ်သွားတယ်ဆိုတာ ကျွန်မက ဘယ်လိုလုပ်သိနိုင်မှာလဲ၊ ကျွန်မတို့နှစ်ယောက် လမ်းကွဲသွားတာပါ”

ဝူချန်ကျွင်းဒေါသများ ပိုမိုပေါက်ကွဲလာကာ ရှဲ့လီကို လက်ညိုးထိုးလျက် ပြင်းပြင်းထန်ထန် ဆူပူကြိမ်းမောင်းတော့သည်။

“ဟွိုင်နျန်က မင်းကိုအလိုလိုက်ပြီး ဖူးဖူးမှုတ်ထားရုံနဲ့ ငါကမင်းကို ဘာမှလုပ်လို့မရဘူး ထင်နေတာလား၊ စစ်သားတစ်ယောက်ရဲ့မိသားစုကို ဒုက္ခပေးတာက ရာဇဝတ်မှုမြောက်တယ်ဆိုတာ မင်း သိလား၊ ရှန်ဟွိုင်နျန် ကိုယ်တိုင်တောင် မင်းကိုကာကွယ်ပေးနိုင်မှာ မဟုတ်ဘူး၊ မင်းကို ငါပြောမယ် ရှဲ့လီ၊ အရင်တုန်းက မင်းရဲ့လုပ်ရပ်တွေကို ငါအရေးမယူဘဲ ခွင့်လွှတ်ပေးခဲ့ပေမယ့် ငါက မင်းကို တကယ်ပဲ ဘာမှလုပ်လို့မရဘူးလို့ ထင်နေတာလား”

ဝူချန်ကျွင်းမှာ တကယ့်ကိုဒေါသအထွတ်အထိပ်သို့ ရောက်ရှိနေလေပြီ။ သူ့သည်းခံနိုင်စွမ်း အကန့်အသတ်မှာ သူ့ဇနီးနှင့် သားသမီးများသာ ဖြစ်သည်။

မည်သူမဆို ထိုစည်းကိုကျော်လွန်လာပါက ကောင်းကင်ဘုံက သိကြားမင်းကိုယ်တိုင်ဆင်းလာလျှင်ပင် သူ့ကို တားဆီးနိုင်မည်မဟုတ်ပေ။

တခြားမရီးများမှာ ခေါင်းငုံ့ထားကြပြီး ကြောက်လန့်လွန်းသဖြင့် စကားတစ်ခွန်းမျှပင် မဟရဲကြတော့ပေ။ တပ်စုမှူးဝူသည် တကယ့်ကိုဒေါသပေါက်ကွဲနေခြင်းဖြစ်သည်။

သူတို့က ရှဲ့လီကို ခိုးကြည့်လိုက်ကြသည်။

ထိုအချိန်တွင် ရှဲ့လီလည်ပင်းမှာ ရုတ်တရက် တောင့်တင်းသွားပြီး ခြေလက်များ ကစဉ့်ကလျားလှုပ်ရမ်းကာ မြေပြင်ပေါ်သို့ ဖုန်းခနဲလဲကျသွားသည်ကို သူတို့မြင်တွေ့လိုက်ရလေ၏။

လူအုပ်ကြီးမှာ ဆွံ့အသွားကြလေသည်။

“…..”

ဝူချန်ကျွင်းကိုယ်တိုင်လည်း မှင်တက်သွားသည်။

“..…”

ဝူချန်ကျွင်း လန့်ဖျပ်သွားကာ အော်ဟစ်လိုက်၏။

“ငါ မင်းကို လက်ဖျားနဲ့တောင်မထိရသေးဘူးနော်၊ အားလုံးအမြင်ပဲ”

မြေပြင်ပေါ်တွင် တဆတ်ဆတ်တုန်ယင်နေရင်းမှ ရှဲ့လီက အားယူကာရှင်းပြလေသည်။

“ရပါတယ် တပ်စုမှူးဝူ၊ ဒါ ရှင့်အမှား မဟုတ်ပါဘူး၊ ဒါ ငယ်ငယ်တုန်းက အဖျားကြီးပြီး ကျန်ရစ်ခဲ့တဲ့ ဝက်ရူးပြန်ရောဂါရဲ့ အကျိုးဆက်ပါ၊ ရောဂါထလာပြီဆိုရင် ကျွန်မကိုယ်ကျွန်မ လုံးဝ ထိန်းချုပ်လို့မရတော့ဘူး”

ထိုအခြေအနေကိုမြင်သောအခါ မရီးများသည် ရှဲ့လီကိုထူမပေးရန် အပြေးအလွှား ရောက်လာကြပြီး အချို့က ရှဲ့လီအတွက် ဝင်ရောက်တောင်းပန်ပေးကြလေသည်။

“တပ်စုမှူးဝူ၊ တပ်မှူးရှန်ပြန်လာတဲ့အထိစောင့်ပြီးမှ သူ့ကိုပြောပါလားရှင်၊ ရှောင်ရှဲ့က မိန်းမသားတစ်ယောက်ဆိုတော့ လန့်လွယ်တယ်လေ၊ အခုလို တပ်စုမှူးက ကြိမ်းမောင်းလိုက်လို့ သူမရောဂါ ပိုဆိုးသွားရင် ဘယ်လိုလုပ်မလဲ”

ဝူချန်ကျွင်းသည် စားပွဲကိုလက်ဝါးဖြင့် အားပြင်းပြင်းဖြင့် ထပ်ရိုက်ချလိုက်ပြန်၏။

ရှန်ဟွိုင်နျန် ရှန်ဟွိုင်နျန်

သူမသည် ရှန်ဟွိုင်နျန်၏အကာအကွယ်ကို အားကိုးပြီး ဤမျှလောက် ဥပဒေမဲ့ရမ်းကားနေခြင်း ဖြစ်သည်။ ယနေ့တော့ သူမနှင့် အပြတ်ရှင်းရတော့ပေမည်။

ဝူချန်ကျွင်းက ဒေါသတကြီး အော်ဟစ်လိုက်သည်။

“ရှဲ့လီ၊ ငါ့ရှေ့မှာ လာပြီးဟန်ဆောင်မနေနဲ့၊ မင်း တကယ်သာ တစ်ခုခုကျူးလွန်ထားရင် ဟွိုင်နျန်ပါ မင်းကြောင့် ပြဿနာတက်သွားလိမ့်မယ်၊ မင်းကိုယ်မင်း ပြန်ကြည့်စမ်း၊ နေ့တိုင်း ဘယ်လိုအခြေအနေမျိုးနဲ့ နေ,နေလဲဆိုတာ၊ ဟွိုင်နျန်ကို မင်း ဘယ်နှကြိမ်တောင် ဖောက်ပြန်ထားလဲဆိုတာ ငါပြောရတာတောင်မောလာပြီ၊ ပြီးတော့ ဟိုချန်ကျွေ့နဲ့ ကိစ္စဆိုတာကလည်းဘာလဲ၊ ယောက်ျားတစ်ယောက်နဲ့ တီတီတာတာ တွတ်ထိုးနေရအောင် အဲဒါဘယ်လိုအပြုအမူမျိုးလဲ”

ဝူချန်ကျွင်းမှာ ဒေါသထွက်လွန်းသဖြင့် ပြောသင့်သည် မပြောသင့်သည်ကိုပင် မခွဲခြားနိုင်တော့ဘဲ ပါးစပ်ထဲရှိသမျှ အကုန်လုံးကို ပေါက်ကွဲထုတ်ပစ်လိုက်လေတော့သည်။

မရီးများက နှုတ်ခမ်းကိုတွန့်လိုက်ကြသည်။ ဤတပ်စုမှူးဝူ၏ လုပ်ရပ်မှာ အနည်းငယ် လွန်ကဲနေလေပြီ။

All Chapters