← Chapters

အခန်း ၁၆၀

Vol. 16 Ch. 160

အခန်း ၁၆၀

Vol. 16 Ch. 160

Ch-160

ဝူချန်ကျွင်းမှာ စိုးရိမ်ပူပန်မှုတို့ဖြင့် ဂဏာမငြိမ်ဖြစ်လာလေသည်။

“မင်းမိန်းမက ငါ့မိန်းမကို ပျောက်သွားအောင် လုပ်ပစ်ခဲ့တာ၊ သူမမှာ တာဝန်မရှိဘူးလား”

ရှန်ဟွိုင်နျန်က အခြားစစ်သားဇနီးများကို လှည့်ပတ်ကြည့်ရှုလိုက်သည်။ ဤနေရာသို့လာရာလမ်းတစ်လျှောက်လုံးတွင် အဖြစ်အပျက်အားလုံးကို ဝမ်ရှို့လီက သူ့အားပြောပြခဲ့ပြီးဖြစ်လေ၏။

“အစ်မကျင်းလင်က စစ်တပ်ဝင်းထဲက စစ်သားဇနီးတွေကို စိတ်ကျန်းမာရေးဆေးရုံမှာ စေတနာ့ဝန်ထမ်းသွားလုပ်ဖို့ ဦးဆောင်ခေါ်သွားခဲ့တာလေ၊ ကျန်တဲ့သူတွေအားလုံး ပြန်ရောက်လာကြပြီး သူတစ်ယောက်တည်း ပြန်မလာတာကို ကျွန်တော့်ရဲ့ရှောင်လီကပဲ သူ့ကို ပျောက်သွားအောင်လုပ်တယ်လို့ ဘယ်လိုလုပ် ပြောနိုင်ရတာလဲ၊ သူမက အရူးလည်းမဟုတ်၊ သူငယ်ပြန်နေတဲ့သူလည်း မဟုတ်ဘူး၊ အရွယ်ရောက်ပြီးသား လူကြီးတစ်ယောက်ပါ၊ အိမ်ပြန်မယ့်လမ်းကိုတောင် ကိုယ့်ဘာသာကိုယ် ရှာမပြန်တတ်တော့ဘူးလား၊ ဒါ့အပြင် ဒီကိစ္စကို အစ်မကျင်းလင်ကိုယ်တိုင်က ဦးဆောင်စီစဉ်ခဲ့တာလေ၊ ကျွန်တော့်ရဲ့ ရှောင်လီနဲ့ ဘာများသက်ဆိုင်နေလို့လဲ”

ကျန်ရှိနေသော မရီးများကလည်း ခေါင်းတဆတ်ဆတ်ညိတ်ကာ ထောက်ခံကြလေသည်။

မှန်ပေသည်။ ဤကိစ္စက ရှဲ့လီနှင့် အဘယ်ကြောင့် သက်ဆိုင်နေမည်နည်း။

ဝူချန်ကျွင်းသည် သူ့ဦးခေါင်းပေါ်ရှိ ဖူးယောင်နေသော အဖုကြီးကို လက်ညှိုးထိုးပြကာ ဆက်လက်စွပ်စွဲလေသည်။

“မင်းမိန်းမက ငါ့ကိုရိုက်လိုက်လို့ ဒီလိုမျိုး အဖုကြီးထွက်လာရတာကွ”

ရှန်ဟွိုင်နျန်က လက်ဝှေ့ယမ်းကာ ပေါ့ပေါ့ပါးပါးပင် ငြင်းဆိုလိုက်သည်။

“မဖြစ်နိုင်တာ၊ ကျွန်တော့်ရဲ့ရှောင်လီလေးက အရမ်းနူးညံ့သိမ်မွေ့ပြီး အားနွဲ့တဲ့ မိန်းကလေးတစ်ယောက်ပါ၊ တပ်စုမှူးကို အခုလိုပုံစံမျိုးပေါက်အောင် သူမက ဘယ်လိုလုပ်ပြီး ရိုက်နှက်နိုင်မှာလဲ”

ထိုသို့ပြောပြီးသည်နှင့် သူ ရှဲ့လီကို လှမ်းကြည့်လိုက်၏။ သူတို့နှစ်ဦး အကြည့်များ ဆုံတွေ့သွားကြပြီး ရှဲ့လီ၏နှုတ်ခမ်းထောင့်လေးက တွန့်ကွေးသွားလေသည်။

ထို့နောက် သူတို့နှစ်ဦးစလုံးမှာ ဦးခေါင်းကိုအုပ်လျက် အားရပါးရရယ်မောကြလေတော့သည်။

“ဟား ဟား ဟား ဟား”

ဝူချန်ကျွင်းမှာ ဆွံ့အသွားရလေ၏။

“…..”

‘သောက်ကျိုးနည်း’

‘ဒီနှစ်ယောက်က တမင်သက်သက်လုပ်နေကြတာပဲ၊ သေချာပေါက် တမင်သက်သက်လုပ်နေတာ’

ဝူချန်ကျွင်း ဒေါသများပေါက်ကွဲထွက်တော့မည့်ဆဲဆဲအချိန်တွင် အပြင်ဘက်မှ အလန့်တကြားအော်ဟစ်သံတစ်ခု ထွက်ပေါ်လာလေသည်။

“အိုး ဘုရားရေ အစ်မကျင်းလင်ပြန်ရောက်လာပြီလား”

*ကျွီ*

တံခါးပွင့်သွားပြီး ကျန်းကျင်းလင် ပြန်လည်ရောက်ရှိလာလေသည်။

သူမတွင် မည်သည့်ထိခိုက်ဒဏ်ရာမျှမရှိဘဲ ပုံမှန်အတိုင်းပင်ဖြစ်သော်လည်း မျက်နှာမှာမူ အနည်းငယ်ပင်ပန်းနွမ်းနယ်နေပုံပေါ်လေ၏။

သူမက ရှဲ့လီကိုစူးစူးရဲရဲစိုက်ကြည့်လျက် အော်ဟစ်လိုက်သည်။

“နင် ငါ့ကိုသတိလစ်အောင်ရိုက်ချပြီး လူနာခန်းထဲမှာ ပစ်ထားခဲ့တယ်မဟုတ်လား၊ အဲဒီလူနာခန်းက စင်္ကြံလမ်းရဲ့ အဆုံးမှာရှိပြီး ဘယ်သူမှလည်းဖြတ်သွားဖြတ်လာမလုပ်ကြဘူး၊ ငါ့ လည်ချောင်းတွေ ကွဲမတတ်အော်ဟစ်နေခဲ့ပေမယ့် ဘယ်သူကမှဂရုမစိုက်ကြဘူး၊ သူတို့အားလုံးက ယဲ့ရှုဟွာရောဂါဖောက်ပြီး အော်နေတယ်လို့ပဲထင်နေခဲ့ကြတာ၊ သူနာပြုတစ်ယောက်က ညစာလာပို့တဲ့အချိန်ကျမှသာ ငါ့ကိုတွေ့သွားတော့တာ”

ရှဲ့လီ၏ရိုက်နှက်မှုကြောင့် သတိလစ်သွားပြီးနောက် မွန်းလွဲပိုင်းအချိန် ရောက်သည်အထိ သူမသတိပြန်မလည်လာခဲ့ပေ။ ယဲ့ရှုဟွာလူနာခန်းမှာ လူသူအရောက်အပေါက်နည်းပါးသော စင်္ကြံလမ်း၏အစွန်ဆုံးအပိုင်းတွင် တည်ရှိလေသည်။

သူမသည် အသံကုန်ဟစ်၍အချိန်အတော်ကြာ အော်ဟစ်ခဲ့သော်လည်း ကြားသူအနည်းငယ်ကမူ ယဲ့ရှုဟွာ သောင်းကျန်းနေသည်ဟုသာ ထင်မှတ်ခဲ့ကြသည်။

သူမကိုရှာတွေ့ပြီး အပြင်သို့ထုတ်ပေးချိန်တွင် အိမ်ပြန်မည့် ဘတ်စ်ကားများမှာလည်း ပြေးဆွဲမှုရပ်နားသွားခဲ့လေပြီ။

စိတ်ကျန်းမာရေးဆေးရုံသည် စစ်တပ်ဝင်းနှင့် အနည်းဆုံးဆယ်ကီလိုမီတာ ဝေးလှသည်။ သူမသည် အမှောင်ထုထဲတွင် ခြေလျင်လျှောက်ကာ အိမ်ပြန်လာခဲ့ရခြင်းဖြစ်လေ၏။

ရှဲ့လီနှုတ်ခမ်းများ တွန့်ကွေးသွားပြီး နာကျင်ခံစားရကာ မတရားအစွပ်စွဲခံရသည့် မျက်နှာထားမျိုးကို ချက်ချင်းဖန်တီးလိုက်သည်။

“အစ်မကျင်းလင်၊ အစ်မ ဘာတွေပြောနေတာလဲ၊ အစ်မက အပျင်းထူပြီး အိပ်ရာထနောက်ကျတာကိုများ အခု ကျွန်မအပေါ် အပြစ်လာပုံချနေတာလား၊ ကျွန်မက အစ်မကို သတိလစ်အောင်ရိုက်ချခဲ့တယ်လို့ ပြောရအောင် ဘယ်သူက သက်သေပြနိုင်လို့လဲ၊ ဘယ်သူက မြင်လိုက်လို့လဲ၊ ခိုင်လုံတဲ့ သက်သေအထောက်အထား ရှိလို့လား”

ကျန်းကျင်းလင်မှာ ဒေါသထွက်လွန်းသဖြင့် လည်ချောင်းထဲတွင် တစ်စုံတစ်ရာဆို့နင့်နေသကဲ့သို့ ခံစားလိုက်ရလေသည်။

ရှဲ့လီသည် တမင်သက်သက် လုပ်ဆောင်ခဲ့ခြင်းဖြစ်၏။ သူမသည် လိမ္မာရေးခြားရှိသယောင် ဟန်ဆောင်ကာ ယဲ့ရှုဟွာကိုသွားရောက်ကြည့်ရှုရန် စိတ်ကျန်းမာရေးဆေးရုံသို့ လိုက်ပါလာခဲ့ပြီး ဤအခိုက်အတန့်ကို စောင့်ဆိုင်းနေခဲ့ခြင်းပင်။

ရှဲ့လီ ရှန်ဟွိုင်နျန်ကိုမော့ကြည့်လိုက်ရာ သူ့နှုတ်ခမ်းထောင့်ကလည်း တွန့်ကွေးနေသည်ကို တွေ့လိုက်ရသည်။

ထို့နောက် သူတို့နှစ်ဦးလုံးမှာ ဦးခေါင်းကိုအုပ်လျက် အားရပါးရထပ်မံရယ်မောကြပြန်လေသည်။

“ဖူး ဟား ဟား ဟား ဟား”

ဝူချန်ကျွင်းနှင့် ကျန်းကျင်းလင်တို့မှာ ဒေါသထွက်လွန်းသဖြင့် မျက်ဖြူများပင် လန်မတတ်ဖြစ်နေကြလေပြီ။

ယခု ကျန်းကျင်းလင်ပြန်လည်ရောက်ရှိလာပြီဖြစ်ကာ ရှဲ့လီက သူမကိုတမင်သက်သက်ဒုက္ခပေးခဲ့ကြောင်း သူမ သိရှိနေသော်လည်း မည်သည့် သက်သေအထောက်အထားမျှမရှိပေ။

ဤကိစ္စကို ဤနေရာတွင်ပင်ရပ်တန့်လိုက်ရုံမှတစ်ပါး အခြားရွေးချယ်စရာမရှိတော့ချေ။

သူမသည် ရှဲ့လီကိုပညာပေးရန် ရည်ရွယ်ခဲ့သော်လည်း နောက်ဆုံးတွင် သူမကိုယ်တိုင်သာအကွက်ဆင်ခံလိုက်ရလေသည်။

ရှဲ့လီနှင့် ရှန်ဟွိုင်နျန်တို့မှာ ဗိုက်များနာလာသည်အထိ အားရပါးရရယ်မောခဲ့ကြလေသည်။ သူတို့နှစ်ဦးသည် တစ်ယောက်ကိုတစ်ယောက် ဖက်ထားရင်း အပြင်သို့ ထွက်ခွာသွားကြလေတော့၏။

ဝူချန်ကျွင်းသည် သူ့ဦးခေါင်းအထက်ရှိ လေထုကိုလက်ဖြင့် ပွတ်သပ်လိုက်ရင်း ကျန်းကျင်းလင်ကို ဒေါသတကြီးစိုက်ကြည့်လိုက်သည်။

“မင်း ရူးနေလား၊ ရှဲ့လီကို တမင်သက်သက်အာဏာပြဖို့ ကြိုးစားခဲ့တာမဟုတ်လား”

ကျန်းကျင်းလင်က အေးစက်စက် နှာခေါင်းရှုံ့လိုက်သည်။

“ဟုတ်တယ်၊ ကျွန်မ သူမကို မျက်မုန်းကျိုးနေတာ အတော်ကြာပြီ၊ ဟွာဟွာရူးသွားရတာ သူမကြောင့်မဟုတ်ဘူးလား”

ဝူချန်ကျွင်းမှာ စိတ်ပျက်လက်ပျက်ဖြစ်ကာ ဒေါသတကြီးအော်ဟစ်လိုက်၏။

“ယဲ့ရှုဟွာ ရူးသွားတာက လျူရှို့အော် သူမကို ဆေးတိုက်ခဲ့လို့ကွ၊ အဲဒါက ရှဲ့လီနဲ့ ဘာဆိုင်လို့လဲ၊ ငါ မင်းကို သတိပေးလိုက်မယ်၊ သူမကို သွားမရန်စနဲ့တော့၊ အဲဒီလင်မယားက ရူးသွပ်နေတဲ့ လူရိုင်းနှစ်ကောင်ပဲ၊ သူတို့ကို မင်းက သွားပြီးပတ်သက်ရဲသေးတယ်လား”

ဤသောက်သုံးမကျသောမိန်းမသည် ဆံပင်သာရှည်ပြီး အမျှော်အမြင်ကျဥ်းလွန်းလှပေသည်။

ရှန်ဟွိုင်နျန်သည် ယခုအချိန်တွင် တပ်မှူးအဆင့်သာရှိသေးသော်လည်း သူ့အနာဂတ်မှာ အကန့်အသတ်မဲ့ တောက်ပနေသူဖြစ်သည်။

ယခုအချိန်တွင် သူ့ကိုသွားရောက်စော်ကားပါက မည်သည့် အကျိုးအမြတ်များ ရရှိလာမည်နည်း။

ထို့အပြင် ရှဲ့လီမည်သို့ပင် နေထိုင်ပါစေ သူတို့ကိုယ်ပိုင်ကိစ္စသာဖြစ်သည်။ သူမကို အလိုမကျဖြစ်နေပါကလည်း မျက်ကွယ်ပြုထားလိုက်ရုံသာရှိပေသည်။

သူသည် ဦးခေါင်းပေါ်ရှိအဖုကြီးကို အသာပွတ်သပ်လိုက်လေသည်။

အရမ်းကို နာကျင်လွန်းလှပေသည်။

ကျန်းကျင်းလင်က ဝူချန်ကျွင်းကိုစူးစူးရဲရဲစိုက်ကြည့်လိုက်၏။

“သတ္တိကြောင်တဲ့လူ”

ထိုသို့ပြောပြီးသည်နှင့် သူမ လှည့်ထွက်ကာ အိမ်ထဲသို့ဝင်သွားလေတော့သည်။

ရှဲ့လီနှင့် သူမပြဿနာမှာ ပြီးဆုံးသွားသေးသည်မဟုတ်ပေ။

အချိန်အများကြီးကျန်နေသေးပြီး ရှဲ့လီကို ဒုက္ခပေးရန် အခွင့်အရေးများစွာရရှိလာဦးပေမည်။

ထို့နောက် သူမသည် ပြောင်းရွှေ့လာမည့်တပ်ချုပ်မှူးအသစ်၏ ဇနီးအကြောင်းကို တွေးတောလိုက်မိသည်။

All Chapters