အခန်း ၁၆၁
Vol. 17 Ch. 161
Ch-161
ထိုအမျိုးသမီးမှာ ရှန်ဟွိုင်နျန်နှင့်ပင် အတိတ်ဇာတ်လမ်းဟောင်းများရှိခဲ့ဖူးလေသည်။
ရှဲ့လီနှင့် ရှန်ဟွိုင်နျန်တို့ အိမ်သို့ပြန်ရောက်လာကြ၏။ လမ်းတစ်လျှောက်လုံးတွင် ရှဲ့လီသည် ရှန်ဟွိုင်နျန့် လက်မောင်းကို ဆုပ်ကိုင်ထားပြီး သူမပါးစပ်လေးက တတွတ်တွတ် ပြောဆိုနေလေသည်။
“အားနျန်၊ ရှင်က တကယ့်ကို အံ့မခန်းပဲ၊ အလှလေးကို ကယ်တင်ခဲ့တဲ့ သူရဲကောင်းကြီးပါလား”
ရှန်ဟွိုင်နျန်က အောက်သို့ငုံ့ကြည့်လိုက်ပြီး နှုတ်ခမ်းတင်းတင်းစေ့ထားလိုက်သည်။ ရှဲ့လီက ဆက်လက်မြှောက်ပင့်လေ၏။
“အားနျန်က ကျွန်မနှလုံးသားထဲက သူရဲကောင်းကြီးပါပဲ”
ရှန်ဟွိုင်နျန် မျက်နှာတစ်ပြင်လုံးနီရဲသွားလေသည်။
ရှဲ့လီက ချွဲပစ်နေသောအသံလေးဖြင့် ထပ်ပြောလိုက်သည်။
“အားနျန်၊ ရှင့်ကို ကျွန်မအချစ်ဆုံးပဲ”
ရှန်ဟွိုင်နျန်၏နှလုံးသားမှာ ရိုင်းစိုင်းစွာ ခုန်ပေါက်လာပြီး တဒိုင်းဒိုင်း မြည်ဟည်းနေလေတော့၏။
မရီးများမှာ သူတို့အနောက်မှ လိုက်ပါလာကြသည်။ ယခုတော့ သူတို့ သဘောပေါက်သွားကြလေပြီ။
ရှဲ့လီသည် ရှန်ဟွိုင်နျန်ကို သူမလက်ချောင်းလေးများဖြင့် အလွယ်တကူထိန်းချုပ်ခြယ်လှယ်နိုင်စွမ်း ရှိနေလေသည်။
ထိုညတွင် ရှဲ့လီသည် ရှန်ဟွိုင်နျန်၏ဗိုက်ကြွက်သားများကို ပွတ်သပ်ကစားရင်း အိပ်မောကျသွားလေသည်။
ရှန်ဟွိုင်နျန်ခမျာမူ ညတွင်းချင်းရေအေးဖြင့် သုံးကြိမ်တိုင်တိုင် ရေချိုးပြီးမှသာ အိပ်ရာဝင်နိုင်ခဲ့ရှာလေ၏။
မနေ့က ဝူချန်ကျွင်းကို ရှဲ့လီရိုက်နှက်ဆုံးမလိုက်သည့် ‘ရောဂါဖောက်ခြင်း’ အဖြစ်အပျက်ပြီးနောက် စစ်တပ်ဝင်းထဲရှိလူများမှာ သူမနှင့်ပတ်သက်ရန် ပို၍ပင် ကြောက်လန့်သွားကြလေတော့သည်။
သူမသည် နူးညံ့သိမ်မွေ့သောစက္ကူပန်းလေးတစ်ပွင့်ကဲ့သို့ ထင်ရသော်လည်း တကယ့်လက်တွေ့တွင်မူ တော်ပီဒိုနှင့် သံတူရွင်းကြီးတစ်ခုပေါင်းစပ်ထားသည့်အလား ဖြစ်နေလေသည်။
တစ်ခါတစ်ရံတွင် သူမသည် တော်ပီဒိုကဲ့သို့ပေါက်ကွဲတတ်ပြီး တစ်ခါတစ်ရံတွင်မူ သံတူရွင်းကြီးကဲ့သို့ ပြင်းထန်စွာ ထိုးနှက်တတ်လေ၏။
ယခုအခါ စစ်တပ်ဝင်းတစ်ခုလုံး သိရှိသွားကြလေပြီ။
တူအသေးဖြင့်ထုလျှင် အချက်နှစ်ဆယ်၊ တူအကြီးဖြင့်ထုလျှင် အချက်ရှစ်ဆယ်ဆိုသည်ကိုပင်။
ရှဲ့လီသည် သူမအထက်လူကြီးဟောင်း ဝံပုလွေအိုကြီးထံမှ မည်သည့်အမိန့်ညွှန်ကြားချက်မျှ မရရှိခဲ့သဖြင့် အတော်လေး သာယာနေလေသည်။
ရှန်ဟွိုင်နျန်မှာမူ မကြာသေးမီက အလွန်အလုပ်များနေခဲ့သည်။ ရှဲ့လီထံသို့ ပေးအပ်ရမည့်အမိန့်ညွှန်ကြားချက်များအားလုံးကို သူက လွှဲပြောင်းရယူထားခဲ့ခြင်းဖြစ်၏။
စစ်တပ်ဝင်းအတွင်းသို့ အရေးပါသော ပုဂ္ဂိုလ်ကြီးတစ်ဦး ရောက်ရှိလာတော့မည်။
တပ်ချုပ်မှူး တစ်ဦးပင်
ရှဲ့လီသည် နိုင်ငံတော်လုံခြုံရေးဝန်ကြီးဌာနထံမှ အမိန့်တစ်ခုကိုလက်ခံရရှိခဲ့လေသည်။
တပ်ချုပ်မှူးအသစ်ကို စုံစမ်းထောက်လှမ်းရန်။
ရှဲ့လီမှာ နားမလည်နိုင်ဖြစ်သွားရသည်။
“..…”
‘ငြိမ်ငြိမ်လေးနေဖို့ ပြောထားတယ် မဟုတ်ဘူးလား'
‘ဥကြီးဖော်ထုတ်ခံရပြီး အချိန်ဘယ်လောက်မှ မကြာသေးဘူးလေ၊ အခုချိန်မှာလှုပ်ရှားဖို့ဆိုတာ အရမ်းအန္တရာယ်များလွန်းတယ်'
သူမသည် မကျေနပ်ချက်များကို ထုတ်ဖော်ပြောဆိုရန် နိုင်ငံတော်လုံခြုံရေးဝန်ကြီးဌာနသို့ သွားရောက်ခဲ့လေသည်။
ညွှန်ကြားရေးမှူးက သူမပခုံးကိုလေးလေးနက်နက်ပုတ်လိုက်ရင်း အားပေးစကားဆိုလေ၏။
“ရှောင်ရှဲ့ မင်းကို ငါယုံတယ်၊ သန်မာတဲ့သူတွေက ပတ်ဝန်းကျင်အခြေအနေကို ဘယ်တော့မှ အပြစ်မတင်တတ်ဘူးကွ”
ရှဲ့လီက ချက်ချင်းပြန်လည်ချေပလိုက်သည်။
“ကျွန်မက သန်မာတဲ့သူမဟုတ်ဘူး၊ အားနည်းတဲ့သူပါ၊ ပတ်ဝန်းကျင်ကို အပြစ်တင်ရုံတင်မကဘူး၊ သန်မာတဲ့သူတွေကိုပါ ကျွန်မကအပြစ်တင်တတ်သေးတယ်၊ အခုချိန်မှာ ကျွန်မက အားနည်းနေသေးတော့ သေလူတစ်ယောက်ဖြစ်သွားနိုင်တယ်လေ”
ယခုအချိန်တွင် စုံစမ်းထောက်လှမ်းခြင်းမှာ အမှန်တကယ်ပင် အန္တရာယ်များလှသည်။ လက်ရှိအခြေအနေမှာ ရန်သူကအမှောင်ထုထဲတွင်ရှိနေပြီး ရှဲ့လီက အလင်းရောင်ထဲတွင်ရှိနေခြင်းပင်။
သူမသည် မကျေမနပ်ညည်းတွားနေသော်လည်း အမိန့်ကိုမူနာခံရမည်သာဖြစ်၏။
သူမသည် စစ်တပ်ဝင်းအတွင်း၌ နေထိုင်သူဖြစ်ရာ ထိုနေရာမှ သတင်းအချက်အလက်များကို စုဆောင်းရန်မှာ သူမတာဝန်သာ ဖြစ်လေသည်။
စစ်တပ်ဝင်းအတွင်းသို့ ပြန်လည်ရောက်ရှိချိန်တွင် ဝင်ပေါက်၌ ရှန်ဟွိုင်နျန်နှင့် တိုက်တိုက်ဆိုင်ဆိုင် ဆုံတွေ့ခဲ့လေသည်။ သူတို့နှစ်ဦးသည် လက်ချင်းချိတ်ကာ အိမ်သို့ အတူတူ လမ်းလျှောက်ပြန်လာခဲ့ကြ၏။
ဂိတ်ပေါက်မှ ကင်းစောင့်ရဲဘော်လေးများက သူတို့၏တင်းကြပ်စွာ ဆုပ်ကိုင်ထားသော လက်များကို ငေးကြည့်ရင်း လေထုထဲတွင်ပင် အချစ်နံ့များ သင်းပျံ့နေသကဲ့သို့ ခံစားလိုက်ကြရလေသည်။
ရဲဘော်တစ်ဦးက မှတ်ချက်ချလိုက်သည်။
“တပ်မှူးရှန်မှာ ဒီလောက်တောင် နူးညံ့တဲ့ အသွင်အပြင်မျိုးရှိနေတာပဲနော်”
အခြားရဲဘော်တစ်ဦးကလည်း ရယ်မောရင်း ထောက်ခံလေ၏။
“ဟုတ်ပါ့ကွာ၊ အရင်တုန်းကဆို ငါက တပ်မှူးရှန်ကို လူယုတ်မာကြီးလို့တောင် ထင်ထားခဲ့တာ ဟား ဟား ဟား”
ရှန်ဟွိုင်နျန်၏ခန္ဓာကိုယ်ကြီး ရုတ်တရက် တောင့်တင်းသွားလေသည်။
သူသည် အလွန်တရာကောင်းမွန်သော အကြားအာရုံကို ပိုင်ဆိုင်ထားသဖြင့် ထိုစကားများကို ရှင်းရှင်းလင်းလင်း ကြားလိုက်ရလေ၏။
အမျိုးသမီးတစ်ဦးက စူးရှရှလေသံဖြင့် အော်ခေါ်လိုက်သည်။
“ဟယ် ရှန်ဟွိုင်နျန်ပါလား”
ရှန်ဟွိုင်နျန်နှင့် ရှဲ့လီတို့နှစ်ဦးလုံးလှည့်ကြည့်လိုက်သောအခါ အသက်နှစ်ဆယ်ဝန်းကျင်အရွယ်ရှိ အမျိုးသမီးတစ်ဦးကို တွေ့လိုက်ရလေသည်။
သူမသည် အဖြူရောင်ဒေခရွန်ရှပ်အင်္ကျီကို ဘောင်းဘီအတွင်းသို့ သပ်သပ်ရပ်ရပ် ထည့်ဝတ်ထားပြီး အနက်ရောင် သားရေဖိနပ်ပါးကိုစီးထားကာ ဆံပင်ကိုလည်း ဂုတ်ဝဲပုံစံမျိုး သေသေသပ်သပ် ညှပ်ထားလေ၏။
ရှဲ့လီက ရှန်ဟွိုင်နျန်ကိုမော့ကြည့်လိုက်ပြီး တီးတိုးမေးမြန်းလိုက်သည်။
“ဒါ ဘယ်သူလဲ၊ သူမရဲ့လေသံက ရန်လိုနေတဲ့ပုံပဲ၊ ရှင့်ရဲ့ရည်းစားဟောင်းတော့ မဟုတ်ပါဘူးနော်”
ရှန်ဟွိုင်နျန်က သူမလက်ကို ညင်သာစွာ ဆုပ်ကိုင်လိုက်ရင်း ပြန်လည်ဖြေရှင်းလေသည်။
“လျှောက်မပြောပါနဲ့၊ ကိုယ့်နှလုံးသားထဲမှာ မင်းတစ်ယောက်တည်းရှိတာပါ၊ မင်းက ကိုယ်ပထမဆုံးချစ်ရတဲ့သူဖြစ်သလို တစ်ဦးတည်းသောသူပါပဲ”
ထိုသို့ပြောပြီးသည်နှင့် ခေါင်းကို တစ်ဖက်သို့ လွှဲဖယ်လိုက်ပြီး ရှန်ဟွိုင်နျန်၏နားရွက်လေးများပင် နီရဲလာလေ၏။
ရှဲ့လီကလည်း ရှက်သွေးဖြာသွားပြီး နေရာတွင်ပင် ကိုယ်လေးကို လိမ်ကောက်နေမိလေတော့သည်။
ထိုအမျိုးသမီးသည် ရင်ဘတ်တွင် လက်ပိုက်ထားလျက် မောက်မာသော အကြည့်များဖြင့် ရှန်ဟွိုင်နျန်ကိုစိုက်ကြည့်နေခဲ့ခြင်းဖြစ်သည်။
သို့သော် သူတို့နှစ်ဦးရှက်သွေးဖြာကာ ချိုမြိန်သောစကားများ ဖလှယ်နေကြသည်ကို မြင်သောအခါ သူမဒေါသများ ပေါက်ကွဲထွက်သွားလေတော့၏။
‘နင်တို့က ငါ့ကိုလာနောက်နေကြတာလား'
‘နင်တို့ အရူးနှစ်ကောင်'
ထိုအမျိုးသမီးက အေးစက်စက် နှာခေါင်းရှုံ့လိုက်ရင်း မေးခွန်းထုတ်လိုက်၏။
“ရှန်ဟွိုင်နျန်၊ ငါ ဘယ်သူလဲဆိုတာ နင် မှတ်မိသေးရဲ့လား”
သူမက ဆက်ပြီးမောက်မောက်မာမာ ပြောဆိုလိုက်သည်။
“အလယ်တန်းသုံးနှစ်တုန်းက ငါနင့်ဆီကို အချစ်စာလွှာ အစောင်ရေ ၉၉၉ စောင်ရေးခဲ့ဖူးတယ်လေ”