← Chapters

အခန်း ၁၆၆

Vol. 17 Ch. 166

အခန်း ၁၆၆

Vol. 17 Ch. 166

Ch-166

နောက်တစ်နေ့ နံနက်စောစောတွင် ရှန်ဟွိုင်နျန်သည် လန်းဆန်းတက်ကြွစွာ နိုးထလာပြီး နံနက်စာချက်ပြုတ်ပြင်ဆင်နေလေသည်။

ရှဲ့လီမှာမူ နေထွက်လာသည်အထိ အိပ်မောကျနေခဲ့ပြီး ယန်ဝမ်ယန်၏တံခါးခေါက်သံကြောင့်သာ နိုးလာခဲ့ရလေသည်။ ပုံမှန်အားဖြင့် ဤအချိန်ဆိုလျှင် ရှဲ့လီနိုးနေတတ်ပြီဖြစ်ရာ ယန်ဝမ်ယန်ကလည်း သူမနိုးလောက်မည့်အချိန်ကို တွက်ချက်ကာ အချိန်ကိုက် လာရောက်ခဲ့ခြင်းဖြစ်၏။

ယန်ဝမ်ယန်မျက်နှာပေါ်တွင် အားနာနေသည့်အရိပ်အယောင်များ ပေါ်လွင်နေသည်။

“ယောင်းမ ကျွန်မအစ်မရဲ့အိပ်ချိန်ကို အနှောင့်အယှက်ပေးမိသလို ဖြစ်သွားပြီလား”

ရှဲ့လီက အိပ်မှုန်စုံမွှားဖြင့် သူမမျက်လုံးလေးများကို ပွတ်သပ်လိုက်သည်။

“မဟုတ်ပါဘူး၊ ကျွန်မလည်း အခုပဲထတော့မလို့ပါ”

သူမသည် ယနေ့နံနက်အတွက် ရှန်ဟွိုင်နျန် ပြင်ဆင်ချက်ပြုတ်ပြီး ချန်ထားခဲ့သော အစားအစာများကိုဖွင့်ကြည့်လိုက်လေ၏။ စားပွဲပေါ်တွင်လည်း စာတိုလေးတစ်စောင် ရေးထားခဲ့သည်ကို တွေ့လိုက်ရသည်။

“ရှောင်လီ၊ ကိုယ် အိုးထဲမှာကြက်ပေါင်းရည်ပေါင်းထားခဲ့တယ်၊ သောက်မယ့်အချိန်ကျရင် နွှေးသောက်ဖို့မမေ့နဲ့နော်”

ရှဲ့လီသည် မီးဖိုချောင်ထဲသို့ဝင်သွားပြီး အိုးအဖုံးကို ဖွင့်ကြည့်လိုက်သည်။ မြေအိုးထဲရှိ ကြက်ပေါင်းရည်မှာ ပူနွေးနေဆဲပင်။

သူမသည် ကြက်ပေါင်းရည်နှစ်ပန်းကန် ခပ်ထည့်လိုက်ပြီး တစ်ပန်းကန်ကို သူမအတွက်ယူကာ ကျန်တစ်ပန်းကန်ကို ယန်ဝမ်ယန်အား ပေးလိုက်လေသည်။

ယန်ဝမ်ယန်သည် ပန်းကန်ထဲမှကြက်ပေါင်းရည်ကို တစ်ငုံမြည်းစမ်းကြည့်လိုက်ပြီးနောက် အားကျမနာလိုမှုအပြည့်ဖြင့် ရေရွတ်လိုက်သည်။

“ယောင်းမ ဒါ တပ်မှူးရှန်ကိုယ်တိုင် ချက်ထားတာမလား၊ တကယ့်ကို အရသာရှိလွန်းတယ်”

ရှဲ့လီပြုံး၍ ခေါင်းညိတ်ပြလိုက်၏။

“ဝမ်ယန် နင် ထမင်းစားပြီးပြီလား၊ မစားရသေးရင် ငါနဲ့အတူတူစားလှည့်လေ”

စားပွဲပေါ်တွင် သခွားသီးသုပ်တစ်ပန်းကန်၊ ကြက်ဥကြော် တစ်ပန်းကန်နှင့် ပေါက်စီနှစ်လုံးတို့ကိုပြင်ဆင်ထားလေသည်။ ယန်ဝမ်ယန်က ခေါင်းခါပြလိုက်၏။

“ဒီဟင်းရည်တစ်ပန်းကန်နဲ့တင် လုံလောက်နေပါပြီ ယောင်းမရဲ့၊ ကျွန်မ ဒီကိုမလာခင်ကတည်းက ဗိုက်အပြည့် စားလာခဲ့တာပါ”

သူတို့နှစ်ဦးသည် ကြက်ပေါင်းရည်ကို အတူတကွ သောက်သုံးနေကြလေသည်။

ယန်ဝမ်ယန်က သူမ၏အတင်းအဖျင်း သတင်းအိတ်လေးကို စတင်ဖွင့်လှစ်လိုက်ရာ ရှဲ့လီလည်း စိတ်ဝင်တစားဖြင့် နားစွင့်လိုက်သည်။

“ယောင်းမ ကျွန်မတို့စစ်တပ်ဝင်းထဲကို အသစ်ပြောင်းလာတဲ့ ကျောင်းဇီဇယ်ဆိုတဲ့အမျိုးသမီးအကြောင်း ကြားပြီးပြီလား”

ယနေ့ နံနက်ခင်းတစ်ခုလုံး မရီးများအားလုံးသည် ထင်းရှူးပင်ကြီးအောက်တွင်ထိုင်ကာ အတင်းအဖျင်းများ ပြောဆိုနေခဲ့ကြခြင်းဖြစ်၏။

ကျောင်းဇီဇယ်နှင့် ချန်ကျိယွမ်တို့သည် ဒုတိယအိမ်ထောင်များဖြစ်ကြသည်။

ချန်ကျိယွမ်သည် လွန်ခဲ့သောနှစ်များစွာကတည်းက ဇနီးသည်ကွယ်လွန်သွားခဲ့သဖြင့် မုဆိုးဖိုကြီးအဖြစ်နေထိုင်လာခဲ့ရာမှ နောင်တွင် သူ့ထက်အသက် ၂၇ နှစ်ခန့်ငယ်ရွယ်သော ကျောင်းဇီဇယ်နှင့် တွေ့ဆုံခဲ့ခြင်းဖြစ်သည်။

သူတို့နှစ်ဦးသည် ချစ်ကြိုက်သွားကြပြီး လက်ထပ်ခဲ့ကြသော်လည်း ချန်ကျိယွမ်၏သားဖြစ်သူ ချန်ရှန်းရွှယ်က ဤမိထွေးကို လုံးဝသဘောမကျဘဲ နေ့စဉ်ရက်ဆက် ဆန့်ကျင်တိုက်ခိုက်နေကြောင်း သတင်းထွက်နေလေ၏။

သူတို့လက်ထပ်ခဲ့သည့်နေ့မှစ၍ ဤပြဿနာများမှာ တစ်ရက်မျှရပ်တန့်သွားခြင်းမရှိသေးပေ။

ရှဲ့လီအနေဖြင့် ချန်ကျိယွမ်ကို စုံစမ်းထောက်လှမ်းရန် တာဝန်ရှိနေပြီး ကျောင်းဇီဇယ်မှာ အကောင်းဆုံးသော အစပြုရာလမ်းကြောင်းပင်ဖြစ်လေသည်။

သူမသာ ကျောင်းဇီဇယ်နှင့် ဆက်ဆံရေးကောင်းမွန်အောင် တည်ဆောက်နိုင်ပါက ချန်ကျိယွမ်အကြောင်း စုံစမ်းရန်မှာ အလွန်လွယ်ကူသွားပေလိမ့်မည်။ သို့သော်လည်း ကျောင်းဇီဇယ်နှင့် ရှန်ဟွိုင်နျန်တို့ကြားတွင် အတိတ်က ပြဿနာအဟောင်းများ ရှိနေခဲ့သည်ပင်။

ရှဲ့လီသည် သူမစိတ်ကူးထဲတွင် ရှန်ဟွိုင်နျန်ကို ကြိမ်လုံးဖြင့် အချက်ပေါင်းများစွာ ရိုက်နှက်နေမိလေတော့သည်။

ရှဲ့လီသည် ပန်းကန်ထဲမှ ကြက်ပေါင်းရည်ကို အကုန်သောက်လိုက်ပြီးနောက် မေးလိုက်၏။

“ကျောင်းဇီဇယ်က အောက်မှာရှိနေတုန်းပဲလား”

ယန်ဝမ်ယန်က ခေါင်းညိတ်ပြလိုက်သည်။

“ရှိနေတုန်းပဲ”

သူတို့နှစ်ဦးစားသောက်ပြီးစီးသွားသောအခါ အောက်ထပ်သို့ဆင်းလာခဲ့ကြလေသည်။ ထင်းရှူးပင်ကြီးအောက်တွင် ကျောင်းဇီဇယ်သည် အလယ်ဗဟို၌ထိုင်ကာ မရီးများနှင့် စကားစမြည် ပြောဆိုနေလေသည်။

ကျောင်းဇီဇယ်သည် သူမဝမ်းကွဲမောင်လေးအတွက် ဂုဏ်ယူဝင့်ကြွားစွာဖြင့် သတို့သမီးရှာဖွေပေးနေလေ၏။

“တကယ်ပြောတာ၊ ရှန်ဟိုင်းမြို့မှာနေတဲ့ ကျွန်မရဲ့ဝမ်းကွဲမောင်လေးတစ်ယောက်ရှိတယ်၊ ရုပ်ကလည်း တော်တော်လေးချောတယ်၊ လျောင်းနင်ပြည်နယ် ဓာတ်မြေဩဇာစက်ရုံမှာ သူ့အတွက် အလုပ်တစ်ခုတောင် ရှာထားပေးပြီးပြီ၊ သူ ဒီရောက်တာနဲ့ ချက်ချင်း အလုပ်ဆင်းလို့ရပြီလေ၊ ဒီနားဝန်းကျင်မှာ အသက်အရွယ်တူ မိန်းကလေးတွေရှိရင် ဖွက်မထားကြနဲ့နော်၊ ကျွန်မနဲ့လည်း ပေးတွေ့ကြပါဦး”

သူမ အောက်သို့ဆင်းလာသော ရှဲ့လီကို မြင်လိုက်သောအခါ တစ်ချက်စိုက်ကြည့်လိုက်ပြီး အေးစက်စက် နှာခေါင်းရှုံ့လိုက်လေသည်။

အခြေအနေ မှားယွင်းနေကြောင်းကို ရိပ်မိသွားကြသော မရီးများသည် ရှဲ့လီကို ဘေးသို့ဆွဲခေါ်သွားကာ ဘာတွေဖြစ်ခဲ့သနည်းဟု လေသံတိုးတိုးဖြင့်မေးမြန်းကြလေသည်။

ကျောင်းဇီဇယ် စစ်တပ်ဝင်းထဲသို့ ရောက်ရှိလာသည်မှာ မကြာသေးပေ။

ယုတ္တိတန်တန် တွေးကြည့်မည်ဆိုလျှင် သူမသည် မည်သူတစ်ဦးတစ်ယောက်နှင့်မျှ ပဋိပက္ခမရှိသင့်သေးပေ။ ရှဲ့လီသည် မျက်တောင်လေးများကို ပုတ်ခတ်ပုတ်ခတ် လုပ်လိုက်မိသည်။

သူမသည် ကျောင်းဇီဇယ်နှင့် မဖြစ်မနေ ဆက်ဆံရေးကောင်းမွန်အောင် တည်ဆောက်ရပေမည်။ ရှဲ့လီက သူမစိတ်ထဲတွင် တိတ်တဆိတ် တောင်းပန်လိုက်လေသည်။

‘ဟွိုင်နျန် တောင်းပန်ပါတယ်နော်၊ အဖွဲ့အစည်းရဲ့ အကျိုးအတွက် ရှင်နည်းနည်းလောက်တော့ အနစ်နာခံပေးလိုက်ပါတော့’

ထို့နောက် ရှဲ့လီသည် ပြုံးရွှင်သော မျက်နှာထားဖြင့် ရှေ့တက်သွားကာ သူမပေါင်ကို ရိုက်လျက်ပြောလိုက်သည်။

“အစ်မတို့အားလုံး မသိကြသေးဘူးမဟုတ်လား၊ ကျွန်မရဲ့ဟွိုင်နျန်နဲ့ ဇီဇယ်တို့က အရင်တုန်းကအတန်းဖော်တွေလေ”

ကျောင်းဇီဇယ်၏မျက်နှာအမူအရာမှာ ချက်ချင်းပြောင်းလဲသွားလေသည်။ သူမသည် အင်္ကျီစွန်းများကို တင်းကျပ်စွာ ဆုပ်ကိုင်ထားရင်း ရှဲ့လီကို ဒေါသတကြီးဖြင့် စိုက်ကြည့်နေလေတော့၏။

သူမသည် ရှန်ဟွိုင်နျန်ထံသို့ အချစ်စာလွှာ ၉၉၉ စောင် ရေးသားခဲ့သည့်ကိစ္စနှင့် ပတ်သက်၍ အလွန်တရာထိရှလွယ်သူဖြစ်သည်။ ဤကိစ္စကို အခြားသူများ သိသွားမည်ကို သူမ လုံးဝမလိုလားပေ။

အလွန်တရာ အရှက်ရဖွယ်ကောင်းသောကိစ္စဟု မှတ်ယူထားလေသည်။ ထိုအချိန်က သူမမျက်နှာပျက်ရမည်ကိုကြောက်ရွံ့သဖြင့် ရှန်ဟွိုင်နျန်ပို့ခဲ့သော ငြင်းပယ်စာကိုပင် ရည်းစားစာအဖြစ်လိမ်လည်ပြောဆိုခဲ့ရသည်ပင်။

ရှဲ့လီသည် ကျောင်းဇီဇယ်ထံအကဲခတ်ကြည့်လိုက်ရာ သူမခန္ဓာကိုယ်တစ်ခုလုံး တောင့်တင်းနေပြီး လက်များကလည်း အင်္ကျီစများကို တင်းကျပ်စွာဆုပ်ကိုင်ထားသည်ကို သတိထားမိလိုက်သည်။

ထင်သည့်အတိုင်းပင် သူမသည် ထိုအချစ်စာလွှာ ၉၉၉ စောင်ကိစ္စကို အလွန်တရာဂရုစိုက်ပြီး အခြားသူများ သိသွားမည်ကို စိုးရိမ်နေခြင်းဖြစ်လေသည်။

ရှဲ့လီက ပြုံးဖြီးဖြီးလုပ်လိုက်ပြီးနောက် အဓိပ္ပါယ်မရှိသော စကားများကို လေလုံးထွားကာ စတင်ပြောဆိုလေတော့၏။

“ဇီဇယ်က အဲဒီတုန်းကကျောင်းရဲ့ အလှဘုရင်မလေးလေ၊ သူမနောက်ကိုတကောက်ကောက်လိုက်နေတဲ့ ကောင်လေးတွေမှ အများကြီးပဲ၊ ရှန်ဟွိုင်နျန်လည်း အဲဒီအထဲကတစ်ယောက်အပါအဝင်ပေါ့၊ ဇီဇယ်ကို ရည်းစားစားဖို့အတွက် သူက အလယ်တန်းသုံးနှစ်လုံးလုံး အချစ်စာလွှာပေါင်း ၉၉၉ စောင်တောင် ရေးခဲ့တာလေ၊ ဒါပေမယ့် ကံမကောင်းချင်တော့ ဇီဇယ်က သူ့ကို မျက်လုံးထဲတောင် ထည့်မကြည့်ခဲ့ဘူး ဟူး”

ရှဲ့လီသည်စကားပြောနေရင်း ကျောင်းဇီဇယ်၏မျက်နှာအမူအရာကို မျက်ခြည်မပြတ် စောင့်ကြည့်နေခဲ့သည်။

All Chapters