အခန်း ၁၆၇
Vol. 17 Ch. 167
Ch-167
ကနဦးက တင်းမာကြောက်ရွံ့နေမှုများမှာ တဖြည်းဖြည်းပျောက်ကွယ်သွားပြီး အပြုံးတစ်ပွင့်အဖြစ်သို့ ကူးပြောင်းသွားသည်ကို တွေ့လိုက်ရလေသည်။
ကျောင်းဇီဇယ်သည် ရှဲ့လီအနီးသို့တိုးလာကာ ရှဲ့လီလက်မောင်းကို ဆွဲကိုင်လိုက်၏။
“မှန်တာပေါ့၊ အဲဒီတုန်းက ရှန်ဟွိုင်နျန် ရေးခဲ့တဲ့အချစ်စာတွေကများလွန်းလို့ သိမ်းစရာနေရာတောင်မရှိတော့ဘဲ အကုန်လုံးကို လွှင့်ပစ်ခဲ့ရတာလေ၊ အိုး ရှန်ဟွိုင်နျန်က မကောင်းလို့တော့ မဟုတ်ပါဘူး၊ ကျွန်မနောက်ကိုလိုက်နေတဲ့လူတွေက အရမ်းများလွန်းနေတော့ သူက တန်းစီလို့တောင်နေရာမရခဲ့တာပါ”
မရီးများအားလုံးမှာ ပါးစပ်အဟောင်းသားဖြစ်သွားကြပြီး ရှဲ့လီနှင့် ကျောင်းဇီဇယ်တို့ကို အံ့သြတကြီးငေးကြည့်နေကြလေသည်။ ဤသည်မှာ တကယ်ပဲ ဖြစ်ရပ်မှန်ဇာတ်လမ်းပင်လား။
‘ဘယ်လိုထောင့်ကနေပဲ ကြည့်ကြည့် တပ်မှူးရှန်က အချစ်စာလွှာတွေရေးမယ့်လူစားမျိုးနဲ့ လုံးဝမတူဘူးလေ'
ဤကျောင်းဇီဇယ်တက်ခဲ့သောကျောင်းက မည်သို့သောကျောင်းမျိုးဖြစ်နေသနည်း။ တပ်မှူးရှန်ကဲ့သို့ အရည်အချင်းပြည့်ဝသော အမျိုးသားတစ်ဦးပင် တန်းစီ၍မရနိုင်ဘူးဟုဆို၏။
မရီးများ နှာခေါင်းရှုံ့လိုက်မိကြသည်။ သူတို့လည်း ထိုကျောင်းမျိုးသို့ သွားတက်ချင်စိတ်များပင်ပေါက်လာကြလေ၏။
‘ဟိ ဟိ ဟိ ဟိ'
ထိုအချိန်တွင် မလှမ်းမကမ်း၌ရပ်နေသော ရှန်ဟွိုင်နျန်၏အသံထွက်ပေါ်လာ၏။
“ရှောင်....ရှောင်လီ”
သူ့ဘယ်ဘက်လက်တွင် ကြက်မကြီးတစ်ကောင်ကို ဆွဲကိုင်ထားပြီး ညာဘက်လက်တွင် သရေစာမုန့်များ ထည့်ထားသော မြွေအရေခွံအိတ်ကိုကိုင်ဆောင်ထားလေသည်။
သူသည် ရှဲ့လီက သူ့အား အားရပါးရ အသရေဖျက်ကာ လေလုံးထွားနေသည်ကို တွေဝေငေးကြည့်နေခဲ့ခြင်းဖြစ်သည်။
သူ့အနောက်တွင်ရပ်နေသော ရှောင်ချီမှာ သူတို့တပ်မှူးကြီး အစိတ်စိတ်အမွှာမွှာ ကွဲအက်သွားတော့မည်ဟုပင် ခံစားလိုက်ရလေ၏။
ရှဲ့လီ ဆွံ့အသွားရလေသည်။
“…..”
ရှဲ့လီသည် သတင်းအချက်အလက်များရရှိရေးအတွက် စိတ်တင်းထားလိုက်ပြီး နောက်ဆုတ်မပေးရန် ဆုံးဖြတ်လိုက်လေသည်။ သူမရှေ့တစ်လှမ်းတိုးကာ ရှန်ဟွိုင်နျန်ပခုံးကို အသာပုတ်ပေးလိုက်၏။
“ရပါတယ် အားနျန်ရယ်၊ အရာအားလုံးက အတိတ်မှာကျန်ခဲ့ပြီပဲဟာ၊ အတိတ်ဆိုတာ မီးခိုးငွေ့တွေလိုပါပဲ၊ ဒီနှစ်တွေ အကုန်လုံး လွန်မြောက်သွားပြီးတဲ့နောက်မှာတော့ ရှင့်လမင်းဖြူလေးက ဘယ်သူ့ရင်ခွင်ထဲကိုရောက်နေပြီလဲဆိုတာ......”
ရှဲ့လီသည် သီချင်းတစ်ပုဒ်ကို ညည်းတွားရင်း ရှန်ဟွိုင်နျန်နှင့် ရှောင်ချီတို့ကို ထိုနေရာမှဆွဲခေါ်သွားလေတော့သည်။ ကျောင်းဇီဇယ်က သူမကို လှိုက်လှိုက်လှဲလှဲကျေးဇူးတင်သော အကြည့်ဖြင့် လှမ်းကြည့်လိုက်၏။
ရှန်ဟွိုင်နျန်ကဲ့သို့သော လူယုတ်မာတစ်ဦးသည် ဤမျှလောက်ချစ်စရာကောင်းသောဇနီးမျိုးနှင့် လက်ထပ်ရလိမ့်မည်ဟု သူမလုံးဝမျှော်လင့်မထားခဲ့ပေ။
ကျောင်းဇီဇယ်သည် ဤသူငယ်ချင်းအသစ်လေးနှင့် မဖြစ်မနေပေါင်းသင်းရန် ဆုံးဖြတ်ချက်ချလိုက်လေတော့သည်။
ရှဲ့လီသည် ရှန်ဟွိုင်နျန်ကို အိမ်သို့ဆွဲခေါ်လာခဲ့ပြီး သူ့ဘေးတွင်ထိုင်ကာ ပခုံးများကို မြှောက်ပင့်သွေးထိုးသည့်ဟန်ဖြင့် နှိပ်နယ်ပေးလေ၏။
“အားနျန် စိတ်မဆိုးပါနဲ့နော်၊ ကျွန်မ ရှင်းပြပါရစေ၊ ကျောင်းဇီဇယ်က မိန်းကလေးတစ်ယောက်လေ၊ ရှင်က ကြံ့ခိုင်သန်မာတဲ့ ယောကျ်ားကြီးတစ်ယောက်ဆိုတော့ သူမမျက်နှာကို နည်းနည်းပါးပါးတော့ ထောက်ထားပေးသင့်တာပေါ့”
ရှဲ့လီသည် အပြစ်ကင်းစင်သော ‘ကြာဖြူပွင့်’လေးတစ်ပွင့်အလား ဟန်ဆောင်နေလေသည်။ ရှောင်ချီမှာမူ သူတို့ဘေးတွင် ဧရာမမီးသီးကြီးတစ်လုံးအလား ရပ်နေရသဖြင့် အကြောင်းပြချက်တစ်ခုရှာကာ မီးဖိုချောင်ထဲသို့ အလျင်အမြန် ဝင်ပြေးသွားလေတော့၏။
အူထဲအသည်းထဲအထိ ကောက်ကျစ်ယုတ်မာတတ်သော သူ့မရီးဖြစ်သူသည် မည်သည့်အချိန်ကများ ဤမျှလောက် ကြင်နာတတ်သွားသနည်းဆိုတာကို သူ လုံးဝ နားမလည်နိုင်ပေ။
‘အဲ့တာက တကယ်ရောဖြစ်နိုင်ရဲ့လား’
ရှဲ့လီသည် သတင်းအချက်အလက်များ ရရှိရေးအတွက် ဤသို့ပြုမူနေခြင်းဖြစ်ကြောင်း ရှန်ဟွိုင်နျန် နားလည်ထားသော်လည်း သူမကို အနည်းငယ်စနောက်ချင်စိတ် ပေါ်လာလေသည်။
သူနှုတ်ခမ်းစေ့ထားလိုက်ပြီး ရှဲ့လီနား,နားသို့ ကပ်ကာ တိုးတိုးလေး တောင်းဆိုလိုက်၏။
“ကိုယ့်ကို တစ်ချက်နမ်းလိုက်လေ၊ ဒါဆို ကိုယ် စိတ်မဆိုးတော့ဘူး”
ရှဲ့လီက မျက်ခုံးတစ်ဖက်ကိုပင့်လိုက်သည်။
‘ယောကျ်ားတွေအားလုံးက ဒီလိုချည်းပဲလား’
သူမသည် ရှန်ဟွိုင်နျန်၏ပါးပြင်ကို အလျင်အမြန် နမ်းရှိုက်လိုက်ပြီး ချွဲနွဲ့ကာ အဓိပ္ပာယ်ပါပါပြန်လည်တုံ့ပြန်လိုက်သည်။
“ရှင်က အရမ်းအနှောင့်အယှက်ပေးတာပဲ”
သူမသည် မျက်နှာကိုလက်ဖြင့်အုပ်ကာ အိပ်ခန်းထဲသို့ပြေးဝင်သွားပြီး စောင်ထဲသို့ ခေါင်းတိုးဝင်သွားလေတော့၏။
ရှန်ဟွိုင်နျန်သည် ရှဲ့လီနမ်းရှိုက်သွားသောနေရာလေးကို လက်ဖြင့်စမ်းသပ်လိုက်ရင်း သူ့နှုတ်ခမ်းထောင့်ကလည်း အနည်းငယ် တွန့်ကွေးသွားလေသည်။
ရှောင်ချီ မီးဖိုချောင်ထဲမှပြန်အထွက်တွင် အချစ်ရူးရူးနေသည့် အပြုံးကြီးဖြင့်ရပ်နေသည့် သူ့တပ်မှူးကိုတွေ့လိုက်ရလေသည်။
‘ကယ်မရတော့ဘူး၊ တကယ့်ကို လုံးဝ ကယ်တင်လို့ မရနိုင်တော့ဘူး'
…..
ရှဲ့လီ၏ မဆုတ်မနစ်ကြိုးပမ်းအားထုတ်မှုများကြောင့် ရက်အနည်းငယ်အတွင်းမှာပင် သူမနှင့် ကျောင်းဇီဇယ်တို့သည် အလွန်ရင်းနှီးသောသူငယ်ချင်းများ ဖြစ်လာခဲ့ကြသည်။
ကျောင်းဇီဇယ်သည် အပေါ်ယံတွင် စကားကြမ်းတမ်းသော်လည်း အတွင်းစိတ်မှာမူ အတော်လေးနူးညံ့သူ ဖြစ်သည်။ သူမသည် ပေါင်းသင်းရန်ခက်ခဲပုံရသော်လည်း လက်တွေ့တွင်မူ အလွန်အမင်း အလိုလိုက်ခံချင်သူတစ်ဦးသာပင်။
သို့သော် သူမ၏တစ်ခုတည်းသော အားသာချက်မှာ မလှည့်စားတတ်ခြင်းပင်။
ရှဲ့လီကို သူမမိတ်ဆွေအရင်းအဖြစ် သတ်မှတ်လိုက်သည်နှင့်တစ်ပြိုင်နက် သူမသည် အရာအားလုံးကို ပွင့်ပွင့်လင်းလင်း ပြောဆိုတတ်လာသည်။
ရှဲ့လီ၏စစ်ဆေးမေးမြန်းမှုများအောက်တွင် ချန်ကျိယွမ်၏အတွင်းခံအရောင် မည်သည့်အရောင်ဖြစ်သည်ကိုပင် သူမက ထုတ်ဖော်ပြောဆိုပြခဲ့လေ၏။
သူမသည် ရှဲ့လီကို သူမအိမ်အတွင်းအပြင်သို့ အကြိမ်ပေါင်းများစွာ ခေါ်ဆောင်သွားခဲ့သည်။ ယခုအချိန်တွင် သူမ အလွန်တရာစိုးရိမ်ပူပန်နေသောကိစ္စတစ်ခုမှာ သူမဝမ်းကွဲမောင်လေးအတွက် အိမ်ထောင်ဖက်ရှာဖွေပေးရန်ဖြစ်ကြောင်း ရှဲ့လီသိသွားလေသည်။
တိုက်ဆိုင်စွာပင် ဝမ်တာ့အာတွင် အသက် ၂၁နှစ်အရွယ်ရှိ ဝမ်းကွဲညီမလေးတစ်ဦးရှိနေပြီး သူမမိသားစုကလည်း ဘလိုင်းဒိတ်များစီစဉ်ပေးနေချိန် ဖြစ်၏။
သူမက ဝမ်းကွဲညီမလေးကို ကျောင်းဇီဇယ်၏ဝမ်းကွဲမောင်လေးနှင့် တွေ့ဆုံစေချင်ခဲ့သည်။ သူသည် ရုပ်ရည်ချောမောသည့်အပြင် လျောင်းနင်ပြည်နယ်သို့ ရောက်လာ,လာခြင်း ခိုင်မာသော အလုပ်အကိုင်တစ်ခုကို ရရှိထားလေသည်။
အခြေအနေများက အင်မတန် ကောင်းမွန်နေပေ၏။ သို့သော် သူမသည် ကျောင်းဇီဇယ်နှင့် ရင်းနှီးကျွမ်းဝင်မှုမရှိသဖြင့် ရှဲ့လီကိုလာရောက်ရှာဖွေကာ ကူညီစကားပြောပေးရန် တောင်းဆိုခဲ့လေသည်။
ရှဲ့လီသည် နှစ်ခါတွေးမနေတော့ဘဲ ကျောင်းဇီဇယ်ထံသို့ တိုက်ရိုက် သွားရောက်ခဲ့သည်။ ကျောင်းဇီဇယ်မှာလည်း စိတ်အားထက်သန်နေသူဖြစ်ရာ ထိုနေရာတွင်ပင် အချိန်ကိုချက်ချင်း သတ်မှတ်လိုက်လေတော့၏။
မနက်ဖြန် မွန်းတည့်အချိန်တွင် သူမက ဝမ်းကွဲမောင်လေးကိုခေါ်လာမည်ဖြစ်ပြီး ဝမ်တာ့အာကလည်း သူမဝမ်းကွဲညီမလေးကို ခေါ်ဆောင်လာကာ စစ်တပ်ဝင်းအတွင်း၌ သူတို့နှစ်ဦးကို တွေ့ဆုံစေမည်ဖြစ်သည်။
နောက်တစ်နေ့ မွန်းတည့်ချိန်သို့ရောက်သောအခါ ကြားခံအကျိုးဆောင်တစ်ဦးအဖြစ် ရှဲ့လီသည် ကျောင်းဇီဇယ်၏ဆွဲထားခြင်းကို ခံလိုက်ရလေသည်။
ထင်းရှူးပင်ကြီးအောက်တွင် လူအတော်များများ စောင့်ဆိုင်းနေကြစဉ် စစ်တပ်ဝင်းဝင်ပေါက်ဘက်မှ ကျောင်းဇီဇယ်နောက်တွင် လိုက်ပါလာသော အမျိုးသားတစ်ဦးကို သူတို့လှမ်းမြင်လိုက်ရ၏။
ထိုအမျိုးသားသည် အရပ်မြင့်မြင့်နှင့် သွယ်လျသောခန္ဓာကိုယ်အချိုးအစားရှိပြီး ချောမောသောမျက်နှာသွင်ပြင်ကို ပိုင်ဆိုင်ထားလေသည်။
ပယင်းရောင် သူ့မျက်ဝန်းများမှာလည်း အလွန်တရာ ဆွဲဆောင်မှုရှိလှပေသည်။ မရီးများမှာ မှင်တက်သွားကြလေ၏။
“အိုး ဘုရားရေ အရမ်းချောတာပဲ”
ရှဲ့လီလည်း မှင်တက်သွားရလေသည်။
“အိုး ဘုရားရေ ဖေ့ရှုချန်ပါလား”