အခန်း ၁၆၈
Vol. 17 Ch. 168
Ch-168
ဝမ်ရှို့လီက ရှဲ့လီလက်မောင်းကိုအသာပုတ်လိုက်သည်
“သူ့ကို နင် သိလို့လား”
ရှဲ့လီ မဖြေရသေးမီမှာပင် ရုပ်ရည်ချောမောသောလူငယ်လေး၏မျက်နှာအမူအရာမှာ ရှုံ့မဲ့သွားပြီး ရှဲ့လီကို လက်ညှိုးထိုးကာ ရင်ကွဲပက်လက် အော်ဟစ်လိုက်လေသည်။
“အား ရှဲ့လီပါလား”
လူအုပ်ကြီး နားမလည်နိုင်ဖြစ်သွားကြ၏။
“…..”
သူက ချေးများစားထား၍လား။ အဘယ်ကြောင့် ဤမျှလောက် ဂဏာမငြိမ် ဖြစ်နေရသနည်း။
ကျောင်းဇီဇယ်မှာ မှင်တက်သွားပြီး ရှဲ့လီဘက်သို့ လှည့်ကြည့်လိုက်သည်။
“ရှောင်လီ၊ နင်က ငါ့ဝမ်းကွဲမောင်လေးကို သိနေတာလား”
ရှဲ့လီက ခေါင်းညိတ်ပြလိုက်၏။
“သိရုံတင်မကပါဘူး”
လူတိုင်းမှာ ဇဝေဇဝါဖြစ်သွားကြလေသည်။
ဖေ့ရှုချန်သည် ရှေ့သို့တစ်လှမ်းတိုးလာပြီး ရှဲ့လီကို လက်ညှိုးထိုးလိုက်၏။ သူ့လက်ချောင်းများမှာ တဆတ်ဆတ် တုန်ယင်နေလေသည်။
“ဒီမိန်းမယုတ် မိန်းမဆိုး”
သူသည် အလွန်တရာဒေါသထွက်နေသော်လည်း မရီးများ၏နားထဲတွင်မူ သူ့စကားများမှာ ချစ်သူရည်းစားများ အချင်းချင်းကလူကျီစယ်နေသည့်အသံနှင့်ပင် တူနေလေသည်။
ဝမ်ရှို့လီက လျှာသပ်ကာ သံရှည်ဆွဲ၍ ပြောလိုက်၏။
“မိန်းမယုတ်လေးတဲ့လား”
ကျောင်းဇီဇယ်က မျက်ခုံးတစ်ဖက်ပင့်လိုက်သည်။
“မိန်းမဆိုးလေးတဲ့လား”
မရီးများသည် တစ်ယောက်ကိုတစ်ယောက် အဓိပ္ပာယ်ပါပါအပြန်အလှန်ကြည့်လိုက်ကြပြီးနောက် အားရပါးရ ရယ်မောကြလေတော့သည်။
ဖေ့ရှုချန်မှာ ပြာယာခတ်သွားလေသည်။ သူက ရှဲ့လီကိုလက်ညှိုးထိုးကာ ဟိန်းဟောက်လိုက်၏။
“သူမ.....သူမက ကျွန်တော့်ရဲ့ယုတ်မာတဲ့ ဇနီးဟောင်းဗျ”
စစ်တပ်ဝင်းတစ်ခုလုံး ရုတ်တရက် တိတ်ဆိတ်သွားလေတော့သည်။
ကျောင်းဇီဇယ်သည် သုံးပေခန့်အမြင့်သို့ ခုန်တက်သွားပြီး သူမမျက်နှာပေါ်တွင် အတင်းအဖျင်းစပ်စုချင်သော အရိပ်အယောင်များ အပြည့်အဝပေါ်လွင်နေ၏။
“သူမက နင့်ဘဝကို ဖျက်ဆီးခဲ့တဲ့သူ၊ နင့်ကိုလည်း ရိုက်၊ နင့်အမေကိုလည်းရိုက်၊ နင့်အဖေကိုပါရိုက်ပြီး နောက်ဆုံး နင့်မိသားစုတစ်ခုလုံးကိုပါ အဝေးပို့ပစ်ခဲ့တဲ့ အဲဒီယုတ်မာကောက်ကျစ်တဲ့ ဇနီးဟောင်းဆိုတာလား”
ဤသည်မှာ တကယ့်ကိုပြောရခက်သော ဝါကျရှည်ကြီးတစ်ကြောင်းပင်။
ဖေ့ရှုချန်က အံကိုကြိတ်လျက် ခေါင်းညိတ်လိုက်သည်။
“မှန်တယ်”
ရှဲ့လီက သူမခေါင်းကိုကုတ်ရင်း ပြုံးဖြီးဖြီးဖြင့် နှုတ်ဆက်လိုက်၏။
“မတွေ့ရတာကြာပြီနော်၊ ရှင်ကတော့ အရင်လိုပဲ အရှက်ရစရာကောင်းနေတုန်းပဲကိုး”
ဖေ့ရှုချန်မှာ အတက်ရောဂါရမတတ် တုန်ယင်သွားလေသည်။
“အား”
သူ့မိသားစုတစ်ခုလုံး အလုပ်ကြမ်းနှင့်ပညာပေးစခန်းသို့ ပို့ဆောင်ခံခဲ့ရလေသည်။ ကံကောင်းထောက်မစွာဖြင့် သူ့ဝမ်းကွဲအစ်မဖြစ်သူမှာ မိသားစုကောင်းတစ်ခုနှင့် အိမ်ထောင်ကျခဲ့၏။
သူသည် မိဘများနှင့်အဆက်အသွယ်ဖြတ်ခဲ့ပြီး သူတို့ကျူးလွန်ခဲ့သော ဆိုးရွားသည့်လုပ်ရပ်အချို့ကို ကိုယ်တိုင်ကိုယ်ကျ ဖော်ထုတ်ခဲ့သဖြင့် ဝမ်းကွဲအစ်မဖြစ်သူက သူမအဆက်အသွယ်များကို အသုံးပြုကာ သူ့အားကယ်တင်ထုတ်ယူပေးနိုင်ခဲ့ခြင်းဖြစ်သည်။
အခြားသွားစရာနေရာမရှိတော့သဖြင့် သူသည် လျောင်းနင်ပြည်နယ်ရှိ ဝမ်းကွဲအစ်မဖြစ်သူထံသို့ ခိုလှုံရန်လာရောက်ခဲ့ရခြင်းဖြစ်လေသည်။
သို့သော် သူသည် စစ်တပ်ဝင်းအတွင်း၌ ရှဲ့လီနှင့် လာရောက်ဆုံတွေ့နေရမည်ဟု မထင်မှတ်ထားခဲ့ပေ။
ဤမိန်းမယုတ်ကို သူတစ်သက်လုံး မုန်းတီးနေခဲ့သည်။
ဖေ့ရှုချန်က လက်သီးများကို တင်းတင်းဆုပ်ကာ ရှဲ့လီကို စူးစူးရဲရဲစိုက်ကြည့်လိုက်သည်။
“မင်း ဘာလို့ ဒီကိုရောက်နေတာလဲ”
ရှဲ့လီက မျက်တောင်လေးပုတ်ခတ်ပုတ်ခတ် လုပ်လို၏။
“ကျွန်မက ခင်ပွန်းသည်နောက်ကိုလိုက်လာတာလေ၊ ကျွန်မရဲ့အမျိုးသားက ဒီမှာရှိတယ်”
ဖေ့ရှုချန် တစ်ကိုယ်လုံးပြင်းထန်စွာ တုန်ယင်သွားလေတော့သည်။
သူ အလွန်တရာဒေါသထွက်သွားလေပြီ။ ဤမိန်းမယုတ်သည် သူ့ကို ဖျက်ဆီးခဲ့ပြီးနောက် အခြားတစ်ယောက်နှင့် လက်ထပ်နိုင်ခဲ့သေးသည်လား။
သူမ၏ ရုတ်တရက်ပြောင်းလဲသွားသော အကျင့်စရိုက်များမှာ သူမတွင် နောက်ခံအင်အားနှင့် သူ့နေရာ အစားထိုးမည့်သူတစ်ဦးကို ရှာတွေ့သွားသောကြောင့်သာဖြစ်ရပေမည်။
အရာအားလုံးကို ခြုံငုံကြည့်လိုက်လျှင် သူက သူမအပေါ် ဖောက်ပြန်ခဲ့သလို၊သူမကလည်း သူ့အပေါ်ဖောက်ပြန်ခဲ့သည်သာ။
သူ့ခန္ဓာကိုယ်တစ်ခုလုံးမှာ တဆတ်ဆတ် တုန်ယင်နေလေသည်။
ဤသည်မှာ ရှဲ့လီကြောင့် ဒေါသထွက်လွန်းသဖြင့်ရရှိလာသော နာတာရှည်ဘေးထွက်ဆိုးကျိုးတစ်ခုဟု သူက မှတ်ယူထားလေသည်။
ဝမ်တာ့အာ၏ဝမ်းကွဲညီမလေးမှာ ဆက်တွေ့ရန် ငြင်းဆန်လိုက်၏။
“အိုး ဘုရားရေ၊ အစ်မက ကျွန်မကိုလူတစ်ယောက်နဲ့ မိတ်ဆက်ပေးမယ်ဆိုပြီး ဘာလို့ရောဂါသည်တစ်ယောက်နဲ့ လာမိတ်ဆက်ပေးရတာလဲ၊ သူ့ကိုကြည့်ပါဦး၊ သေတော့မယ့်လူလို တဆတ်ဆတ်တုန်နေတာပဲ”
မည်သို့ပင်ဆိုစေ သူမသည် အသိုင်းအဝိုင်းကောင်းမှ အပျိုစင်မိန်းကလေးတစ်ဦးဖြစ်ပေသည်။ ဤသည်မှာ မည်သို့သောစေ့စပ်ပေးမှုမျိုးနည်း။
ဖေ့ရှုချန်မှာ ပို၍ပင်ဒေါသထွက်လာပြီး ခြေထောက်များပါ တုန်ယင်လာလေသည်။ သူက တုန်တုန်ရီရီဖြင့် ပြန်ခံပက်လိုက်သည်။
“ငါကလည်း နင့်ကိုသဘောမကျပါဘူး တောသူမ”
သူကဲ့သို့သော ဖေ့မိသားစု၏ဂုဏ်သရေရှိသခင်လေးတစ်ဦးက တောသူမတစ်ဦးနှင့် ဘလိုင်းဒိတ်တွေ့ဆုံရသည်ကိုအထိ အောက်ကျခံထားရပါလျက်နှင့် သူမကသူ့ကို ရွံရှာနေသေးသည်လော။
ထိုမိန်းကလေးမှာလည်း အလွယ်တကူ အလျော့ပေးမည့်သူမျိုးမဟုတ်ပေ။
သူမက မဲ့ပြုံးပြုံးရင်း တုံ့ပြန်လိုက်သည်။
“ဟမ့် ဒါဆို နင်ကဘယ်သူ့ကို သဘောကျတာလဲ၊ သူမကို သဘောကျတာလား”
သူမက ရှဲ့လီကိုလက်ညှိုးထိုးပြလိုက်ရာ ရှဲ့လီက နှိမ့်ချသောဟန်ဖြင့် အလျင်အမြန် ငြင်းဆိုလိုက်၏။
“ကျွန်မ မဝံ့ရဲပါဘူး မဝံ့ရဲပါဘူး”
ထိုမိန်းကလေးက ဖေ့ရှုချန်ကိုစိုက်ကြည့်လိုက်ပြန်သည်။
“နင့်ရဲ့ဖြစ်နိုင်ခြေမရှိတဲ့ အိပ်မက်တွေကို ဆက်မက်နေလိုက်ဦး၊ နင့်အပြုအမူတွေကိုလည်း ပြန်ကြည့်ဦး၊ ဆာနေတဲ့တောခွေးအိုကြီး တစ်ကောင်နဲ့တောင် တူနေသေးတယ်”
ထိုမိန်းကလေးသည် ချက်ချင်းပင် လှည့်ထွက်သွားလေတော့သည်။ ဝမ်တာ့အာက သူမကိုရှင်းပြရန် အနောက်မှ အပြေးအလွှား လိုက်ပါသွားလေ၏။
ဖေ့ရှုချန်သည် သူ့နဖူးသူ လက်ဖြင့်အုပ်ကိုင်လိုက်ရင်း သူ့သွားများမှာလည်း အံကြိတ်ထားရလွန်းသဖြင့် အမှုန့် ဖြစ်သွားတော့မတတ်ပင်။
“တကယ့်ကို ‘နေရောင်လင်းနေတဲ့ လွင်ပြင်ထဲ ကျရောက်သွားတဲ့ ကျားတစ်ကောင်က ခွေးတွေရဲ့အနိုင်ကျင့်တာခံရတယ်' ဆိုတဲ့အတိုင်းပါလား”
သူသည် ရှဲ့လီကို စူးစူးရဲရဲ စိုက်ကြည့်လိုက်သည်။
အရာအားလုံးက သူမအမှားများသာ။ အကုန်လုံး သူမအမှားများပင်။
သူ့ဘဝတစ်ခုလုံးသည် ဤမိန်းမကြောင့် လုံးဝပျက်စီးသွားခဲ့ရလေပြီ။
သူသည် စူးစူးဝါးဝါးအော်ဟစ်ကာ ရှဲ့လီထံသို့ တဟုန်ထိုးပြေးဝင်သွားလေသည်။
“သေလိုက်စမ်း”
သူမကို သူလည်ပင်းညှစ်သတ်ချင်နေခဲ့သည်မှာ ကြာလှပေပြီ။
ခြေထောက်တစ်ဖက်က ထွက်ပေါ်လာပြီး ဖေ့ရှုချန်ကို ခြေထိုးလိုက်လေ၏။
“ဂတ်ဂတ်”
သူသည် မှောက်လျက်သားလဲကျသွားပြီး ဘဲတစ်ကောင်ကဲ့သို့ အော်သံကြီး ထွက်ပေါ်လာလေတော့၏။
ချန်ကျွေ့သည် ပြုံးရွှင်စွာဖြင့်လျှောက်လာပြီး ရှဲ့လီကို စိုက်ကြည့်လျက် နှုတ်ဆက်လိုက်သည်။
“ရှောင်လီ ကိုယ်ပြန်ရောက်ပြီ”
ဖေ့ရှုချန်သည် မြေပြင်ပေါ်တွင် လဲလျောင်းနေရင်း စစ်ဝတ်စုံနှင့်အရပ်မြင့်မြင့် အမျိုးသားကိုမော့ကြည့်လိုက်လေသည်။
သူ သဝန်တိုမိကြောင်းကိုတော့ ဝန်ခံရမည်သာ။ ရှဲ့လီကဲ့သို့သော မိန်းမက ဤမျှလောက် အရည်အချင်းပြည့်ဝသော အမျိုးသားတစ်ဦးကို ထပ်မံရှာဖွေတွေ့ရှိရန် ထိုက်တန်သည်လော။
ဖေ့ရှုချန်မှာ အရူးတစ်ယောက်ပမာ ရယ်မောလိုက်လေသည်
“ဟား ဟား ဟား ဟား”
သူက လက်ဝှေ့ယမ်းကာဟိန်းဟောက်လိုက်သည်။
“သေချာ နားထောင်စမ်း ဟေ့လူ၊ ရှဲ့လီက ငါ့ရဲ့ဇနီးဟောင်းကွ၊ သူမ ငါ့အိမ်မှာ သုံးနှစ်လုံးလုံး နေသွားခဲ့တာ ဟား ဟား ဟား၊ မင်း မသိဘူး မဟုတ်လား၊ မင်းက တစ်ပတ်ရစ်ပစ္စည်းကိုလက်ထပ်ထားတာကွ”
မှန်ပေသည်။ သူ သူမကိုဖျက်ဆီးပစ်ရမည်။
ယခုအခါ သူမသည် စစ်သားဇနီးတစ်ဦးဖြစ်နေလေပြီ။ အိမ်ထောင်သည် အမျိုးသမီးတစ်ဦးဖြစ်နေပြီမဟုတ်လော။
ဂုဏ်သိက္ခာကျဆင်းသွားမည်ကို သူမ အကြောက်ဆုံးဖြစ်ရမည်မှာ သေချာလှသည်။
ဖေ့ရှုချန်က ရှေ့တိုးသွားကာ လေသံကို နှိမ့်၍ခြိမ်းခြောက်လိုက်သည်။
“မိန်းမယုတ် အခုချက်ချင်း ဒူးထောက်ပြီး ငါ့ကိုတောင်းပန်စမ်း၊ ဒါဆိုရင် မင်းကို အရှက်မခွဲတော့ဘူး၊ မင်းကို အလွတ်ပေးမယ်”
ရှဲ့လီသည် မတ်တတ်ရပ်လိုက်ပြီး ဖွဖွပြုံးပြကာ ထိုနေရာမှလှည့်ထွက်သွားလေတော့၏။