အခန်း ၁၆၉
Vol. 17 Ch. 169
Ch-169
ဖေ့ရှုချန်သည် အောင်နိုင်သူကဲ့သို့ခံစားလိုက်ရလေသည်။ ရှဲ့လီ၏ အကျင့်စရိုက်များပြောင်းလဲသွားပြီးကတည်းက ဤမိန်းမ၏အကွက်ဆင်မှုများနှင့် အပြစ်ပေးမှုများကို ဆက်တိုက်ဆိုသလို ခံစားခဲ့ရ၏။
လပေါင်းများစွာကြာပြီးနောက်တွင်တော့ သူ့ဒေါသများကို ဖွင့်ထုတ်နိုင်ခဲ့လေပြီ။
သို့သော် သူ့အောင်ပွဲခံမှုမှာ သုံးမိနစ်ပင် မပြည့်လိုက်ပေ။
ရှဲ့လီ ပြန်လည်ရောက်ရှိလာလေပြီ။
သူမလက်ထဲတွင် ကြမ်းတိုက်ဝတ်ကြီးတစ်ခုကို ကိုင်ဆောင်ထားလေသည်။
သူမသည် ထိုကြမ်းတိုက်ဝတ်ကြီးဖြင့် ဖေ့ရှုချန်ကို မြေပြင်ပေါ်သို့ တွန်းချလိုက်လေသည်။
အလွန်တရာဆိုးရွားလှသော အနံ့ဆိုးကြီးတစ်ခုက လေထုထဲသို့ ပျံ့နှံ့လာရာ မရီးများအားလုံး အဝေးသို့ နောက်ဆုတ်သွားကြလေတော့၏။
သူမသည် ကြမ်းတိုက်ဝတ်ကြီးကိုကိုင်ကာ ဖေ့ရှုချန်ပါးစပ်ထဲသို့ ထိုးသွင်းလိုက်ပြီး မိစ္ဆာတစ်ကောင်ကဲ့သို့ ရယ်မောနေလေသည်။
“အား ဟား ဟား ဟား”
ဤကြမ်းတိုက်ဝတ်ကြီးမှာ ယခုလေးတင် အိမ်သာကျင်းထဲနှစ်လာခဲ့ခြင်းဖြစ်ရာ အနံ့မှာ အလွန်တရာ ပြင်းထန်လှပေသည်။
ဖေ့ရှုချန်မှာ သူ့လက်များကို ယက်ကန်ယက်ကန် ဝှေ့ယမ်းနေလေတော့၏။
“ဝေါ့ ဝေါ့”
သူ မှားသွားခဲ့လေပြီ။
ရှဲ့လီသည် ကြမ်းတိုက်ဝတ်ကို ပါးစပ်ထဲသို့ ထိုးသွင်းရသည်ကို အလွန်အမင်း ပျော်ရွှင်နေလေသည်။
“နင်လမ်းမတွေပေါ် လှည့်အရှက်ခွဲခံရတုန်းကတည်းက နင့်မျက်နှာကို ငါချေးနဲ့သုတ်ချင်နေခဲ့တာ၊ ဒီနေ့တော့ အခွင့်အရေးရောက်လာပြီပဲ”
ရှန်ဟွိုင်နျန်အသံက အနောက်ဘက်မှ ထွက်ပေါ်လာလေ၏။
“ရှောင်လီ”
ရှဲ့လီ၏လှုပ်ရှားမှုများ ရပ်တန့်သွားလေသည်။ ထို့နောက် သူမသည်ကြမ်းတိုက်ဝတ်ကိုလွှင့်ပစ်လိုက်ပြီး ရှန်ဟွိုင်နျန်ဘေးသို့ ချစ်စရာကောင်းသော ဟန်ပန်လေးဖြင့် ပြေးသွားလိုက်သည်။
“အားနျန် ဒီလူက ကျွန်မကိုအနိုင်ကျင့်တယ် အဟင့်”
လူတိုင်းမှာဆွံ့အသွားကြလေသည်။
“….”
ရှန်ဟွိုင်နျန်က မျက်မှောင်ကြုတ်လိုက်ပြီး မြေပြင်ပေါ်ရှိ အမျိုးသားကို စူးစူးရဲရဲ စိုက်ကြည့်လိုက်၏။
“သူ ဘယ်သူလဲ”
ချန်ကျွေ့က လက်မြှောက်ကာကြင်နာစွာဖြင့် အလျင်အမြန်ဝင်ဖြေပေးလိုက်သည်။
“ဒါက ရှောင်လီရဲ့ခင်ပွန်းဟောင်းလေ”
ရှဲ့လီက သူ့ကိုစူးစူးရဲရဲ စိုက်ကြည့်လိုက်သည်။ ဤလူက မီးလောင်ရာ လေပင့်ရသည်ကို အလွန်နှစ်သက်လှပေ၏။
ရှန်ဟွိုင်နျန်သည် ရှဲ့လီကိုရင်ခွင်ထဲသို့ ဆွဲသွင်းကာ တယုတယနှစ်သိမ့်ပေးလေသည်။
“ရှောင်လီ မကြောက်နဲ့နော်၊ အဲဒီ လူယုတ်မာက မင်းကိုထပ်ပြီးအနိုင်ကျင့်ပြန်ပြီလား စိတ်မပူနဲ့၊ မင်းအတွက် သူ့ကိုကိုယ်ရှင်းပေးမယ် လိမ္မာတယ်နော်”
လူတိုင်း အံ့အားသင့်သွားကြသည်။
“…..”
‘နင်တို့နှစ်ယောက် တော်လောက်ပြီနော်၊ ရပ်ကြတော့'
ရှန်ဟွိုင်နျန် ရှဲ့လီကိုလွှတ်ပေးလိုက်ပြီး နောက်သို့ အနည်းငယ်ဆုတ်ခိုင်းလိုက်၏။
ထို့နောက် သူသည် အရှိန်ယူကာပြေးလာပြီး လေထဲမှနေ၍ ပြင်းထန်သော ကန်ချက်တစ်ခုကို မိတ်ဆက်ပေးလိုက်လေသည်။
သူသည် မြေပြင်ပေါ်တွင် လဲကျနေသော ဖေ့ရှုချန်ကို ဂိုးသွင်းသကဲ့သို့လေထဲလွင့်စင်သွားအောင် ကန်ထုတ်ပစ်လိုက်လေတော့သည်။
ဖေ့ရှုချန်သည် လေထဲလွင့်စင်နေစဉ် အော်ဟစ်ရင်း အန်နေလေတော့သည်။
“အား အား ဝေါ့ ဝေါ့ ငါ သေချာပေါက် ပြန်လာခဲ့မယ်ကွ ဝေါ့”
ကျောင်းဇီဇယ်မှာ အံ့သြလွန်းသဖြင့် ပါးစပ်ကိုလက်ဖြင့် အုပ်ထားလိုက်လေ၏။
သူမက ရှဲ့လီကို ကြည့်လိုက်ပြီးနောက် ရှန်ဟွိုင်နျန်ကို လက်ညှိုးထိုးပြလိုက်သည်။
“ဒါက လက်ရှိခင်ပွန်းသည်ပေါ့”
ထို့နောက် လေထဲတွင်လွင့်စင်နေသော ဖေ့ရှုချန်ကို လက်ညှိုးထိုးလိုက်သည်။
“ဟိုဟာက ခင်ပွန်းဟောင်းပေါ့”
ပြီးနောက် ချန်ကျွေ့ကို လက်ညှိုးထိုးလိုက်သော်လည်း သူ့အား မည်သို့ခေါ်ရမည်ကို တစ်ခဏမျှမသိဖြစ်သွားလေ၏။
ချန်ကျွေ့ လက်မြှောက်ကာဖြေကြားပေးလေသည်။
“ကျွန်တော်က တိတ်တိတ်ပုန်းရည်းစားပါ”
ရှန်ဟွိုင်နျန် လေထဲခုန်ကန်လိုက်သော်လည်း ချန်ကျွေ့ရှောင်တိမ်းလိုက်လေသည်။
ရှဲ့လီခုန်တက်ကာ လက်သီးဖြင့်ထိုးချလိုက်ရာ ချန်ကျွေ့သည် မျက်နှာကို လက်ဖြင့်အုပ်လျက် ငိုယိုနေရလေတော့၏။
လူအုပ်ကြီး လုံးဝဆွံ့အသွားကြလေသည်။
“….”
‘အိုး ဘုရားရေ အိုး ဘုရားရေ'
ကျောင်းဇီဇယ် မဲ့ပြုံးပြုံးလိုက်သည်။ သူမသည် ဝမ်းကွဲမောင်လေးကို လုံးဝ ဂရုမစိုက်တော့ဘဲ ရှဲ့လီအား နောက်ပြောင်လိုသောအကြည့်ဖြင့် ကြည့်လိုက်ပြီး မရီးအုပ်စုထံသို့ပြေးသွားကာ အတင်းအဖျင်းများ စတင်ပြောဆိုလေတော့၏။
“ငါတို့မျိုးဆက်တွေအတွက်တော့ တကယ့်စံပြပဲဟေ့”
“မိန်းမတစ်ယောက်တည်းက ယောက်ျားသုံးယောက်ကို ထိန်းချုပ်ထားနိုင်တာလား”
“ဒီကောင်မလေးကတော့ ဘဝကို ကောင်းကောင်းကြီးဖြတ်သန်းနေတာပဲ”
“ငါတို့တွေရော ဘယ်တော့များမှ ဒီလိုကံကောင်းမှုမျိုးရနိုင်မလဲ မသိဘူးနော်”
ရှဲ့လီသည် တံတွေးကိုဂလုခနဲမျိုချလိုက်မိသည်။
‘သူတို့က ဒါကိုတောင် သဘောတူနေကြတာလား'
ဖေ့ရှုချန် မှင်တက်သွားလေသည်။
သူ မျှော်လင့်ထားသလို ရှဲ့လီ၏ဂုဏ်သိက္ခာကို ဖျက်ဆီးပစ်နိုင်ရန် ဝေးသွားရုံသာမကဘဲ ရှဲ့လီသည် စစ်တပ်ဝင်းအတွင်းရှိ မရီးများအားအကျရဆုံးအမျိုးသမီးတစ်ဦးအဖြစ်သို့ ပြောင်းလဲသွားစေခဲ့လေပြီ။
ဤအမျိုးသမီးများသည် ရှဲ့လီအတွက် ‘လျောင်းနင်ပြည်နယ်၏ အချစ်ဇာတ်လမ်း’ အမည်ရ ဇာတ်လမ်းတိုလေးတစ်ပုဒ်ကိုပင် ရေးသားခဲ့ကြပြီး ဇာတ်ကောင်များ၏အမည်များကို x, s, c နှင့် p ဟု အစားထိုးထားကြလေသည်။
ယင်းမှာ ရှဲ့လီကို အရူးအမူးလိုက်လံပိုးပန်းနေကြသော ယောက်ျားသုံးယောက်အကြောင်း လှပသောအချစ်ဇာတ်လမ်းလေးတစ်ပုဒ်ဖြစ်ပြီး သူတို့သည် ဇာတ်ညွှန်းကိုပင် ရေးသားခဲ့ကြလေသည်။
ဖေ့ရှုချန်မှာ ပြာယာခတ်သွားလေ၏။ သူသည် ကျောင်းဇီဇယ်ကို အလျင်အမြန် လိုက်ရှာလိုက်သည်။
“အစ်မ သူမက ကျွန်တော့်မိသားစုတစ်ခုလုံးကို အလုပ်ကြမ်းနဲ့ ပညာပေးစခန်းရောက်အောင်လုပ်ခဲ့တဲ့သူပါဗျ၊ ဝမ်းကွဲအစ်မ အရင်တုန်းက အစ်မပြောခဲ့တယ်လေ၊ တကယ်လို့ ကျွန်တော်သာ ဇနီးဟောင်းနဲ့ပြန်ဆုံရင် အစ်မက ကျွန်တော့်အတွက် သေချာပေါက်လက်စားချေပေးမယ်ဆို”
ရှဲ့လီ ဖေ့မိသားစုထဲသို့ ဝင်ရောက်ခဲ့စဉ်က အောင်သွယ်ပွဲစားများ၊ တင်တောင်းသည့် လက်ဖွဲ့ပစ္စည်းများမရှိခဲ့ပေ။
ရှန်ဟိုင်းမြို့တွင် နေထိုင်ခြင်းမရှိသော ကျောင်းဇီဇယ်အနေဖြင့် ဝမ်းကွဲမောင်လေး၏ဇနီးကို မသိနိုင်ခဲ့ပေ။
ယခုအခိုက်အတန့်တွင်မူ သူမသည် မှတ်စုစာအုပ်ငယ်လေးတစ်အုပ်ကို အလွန်လေးလေးနက်နက် ဖတ်ရှုနေပြီး ထိုစာအုပ်က သူမမျက်နှာကိုဖုံးကွယ်ထားသဖြင့် သူမမျက်နှာအမူအရာကို လုံးဝမမြင်နိုင်ပေ။
ဖေ့ရှုချန်သည် ရှေ့သို့နှစ်လှမ်းတိုးသွားလိုက်သည်။
“အစ်မ၊ ကျွန်တော့်အမြင်ကိုပြောရရင်တော့ ရှဲ့လီ ဒီစစ်တပ်ဝင်းထဲမှာ ဆက်ပြီးမရပ်တည်နိုင်အောင် သူမရဲ့ ဂုဏ်သိက္ခာကို အရင်ဆုံးဖျက်ဆီးပစ်ရမယ်”
*ရွှီး*
ကျောင်းဇီဇယ် မှတ်စုစာအုပ်ကို ဘေးဖယ်လိုက်ရာ သူမမျက်နှာပေါ်တွင် မျက်ရည်များဖြင့် ပြည့်နှက်နေသည်ကို တွေ့လိုက်ရသည်။
“တကယ့်ကို ကြည်နူးစရာကောင်းလိုက်တာ”
သူမသည် မရီးများရေးသားထားသော လျောင်းနင်ပြည်နယ်၏ အချစ်ဇာတ်လမ်းကို ဖတ်နေခြင်းဖြစ်လေ၏။