← Chapters

အခန်း ၁၇၀

Vol. 17 Ch. 170

အခန်း ၁၇၀

Vol. 17 Ch. 170

Ch-170

ရှဲ့လီသည် စစ်တပ်ဝင်းအတွင်းရှိ မရီးများ အားကျရဆုံးသော စံပြအမျိုးသမီးတစ်ဦး ဖြစ်လာခဲ့လေသည်။

“အဲ့ဒီရှဲ့လီဆိုတဲ့ ကောင်မစုတ်လေးက သူမရဲ့ကံကောင်းမှုတွေ ငါ့ကိုတစ်ဝက်လောက် ခွဲပေးလို့မရဘူးလားဟယ်၊ တပ်မှူးရှန်ကို ဖက်ထားနိုင်ရုံတင်မကဘူး၊ တပ်မှူးချန်ကိုပါ ဆုပ်ကိုင်ထားနိုင်ပြီး ဟို ဖေ့ဆိုတဲ့ကောင်ကိုလည်း ခြေထောက်အောက်မှာ နင်းထားနိုင်သေးတယ်”

“သူတို့အားလုံးက ငါ သဘောကျတဲ့ပုံစံလေးတွေချည်းပဲ၊ ဒါပေမယ့် အဲဒီဖေ့ဆိုတဲ့လူကတော့ နည်းနည်းကောက်ကျစ်မယ့်ပုံပဲနော်၊ ဒါကြောင့်လည်း ရှဲ့လီက သူ့ကိုမလိုချင်တာနေမှာ”

“မှန်တာပေါ့၊ သူမက သူ့ကိုငြင်းလိုက်ရုံတင်မကဘူး၊ ချေးပုံကြီး စားရအောင်တောင် လုပ်လိုက်သေးတယ်မဟုတ်လား”

ချန်ကျွေ့မှာတော့ သဘောကျကျေနပ်နေလေသည်။ ဖေ့ရှုချန်သည် စစ်တပ်ဝင်းအတွင်း နေထိုင်သူမဟုတ်သဖြင့် ဤစကားများကို မကြားနိုင်ပေ။

အခက်အခဲဆုံးနှင့် အပူပန်ရဆုံးသူမှာမူ ရှန်ဟွိုင်နျန်သာ ဖြစ်လေသည်။

ရှဲ့လီသည် သူ့ဇနီးမယားပင်။

သူ့ဇနီးလေးသည် လှပထူးချွန်ကာ ကြင်နာတတ်ပြီး နူးညံ့သိမ်မွေ့သူဖြစ်ကြောင်းကို သူ အသိဆုံးပင်။

‘ဒါပေမဲ့ အဲ့လိုဆိုရင်တောင် အမျိုးသားတွေ ဒီလောက်အများကြီးက သူမကို တပ်မက်နေကြတာမျိုးတော့ မဖြစ်သင့်ဘူး မဟုတ်လား'

ရှဲ့လီကိုယ်တိုင်လည်း စိတ်ရှုပ်နေလေသည်။ ဖေ့ရှုချန်သည် သတ်၍မသေသော ပိုးဟပ်တစ်ကောင်ကဲ့သို့ ထပ်မံထွက်ပေါ်လာလိမ့်မည်ဟု သူမလုံးဝ မျှော်လင့်မထားခဲ့ပေ။

ကျောင်းဇီဇယ်က လက်ဝှေ့ယမ်းကာ ခမ်းနားကြီးကျယ်စွာ ပြောဆိုလေသည်။

“ရှောင်လီ စိတ်မပူပါနဲ့၊ ငါ ကျောင်းဇီဇယ်က အမှားအမှန်ကိုရောထွေးပြီး ဆုံးဖြတ်တတ်တဲ့သူမျိုး လုံးဝမဟုတ်ဘူး၊ ငါ့ဝမ်းကွဲမောင်လေးက ကိုယ်ကျင့်တရားမရှိတဲ့ လူယုတ်မာပဲ၊ သူ့ကို ငါပြင်းပြင်းထန်ထန် အပြစ်ပေးထားပြီးပြီ၊ သူ အဲဒီလိုခံရတာတန်ပါတယ်၊ သူ့ကြောင့် ငါတို့ဆက်ဆံရေးကိုတော့ အထိခိုက်ခံလို့မဖြစ်ဘူးနော်”

သူမသည် ဖေ့ရှုချန်ကိုအပြတ်အသတ် ဆဲဆိုရှုတ်ချလိုက်လေ၏။ သူမသည် ရှဲ့လီကို အလွန်တရာသဘောကျနေပြီး သူမကိုယ်တိုင်ပင် ရှဲ့လီနှင့်လက်ထပ်ချင်စိတ်ပေါက်နေလေသည်။

သူမဝမ်းကွဲမောင်လေးသည် ဤမျှလောက် ပြည့်စုံကောင်းမွန်သော အမျိုးသမီးကိုပင် မထိန်းသိမ်းနိုင်လောက်အောင် အသုံးမကျသူဖြစ်နေလေသည်။ သူမသည် ဖေ့ရှုချန်ခေါင်းကို ထိုးဖောက်ချင်မတတ်ပင်ဒေါသထွက်နေခဲ့၏။

ရှဲ့လီစိတ်ထဲတွင်တော့ ဖေ့ရှုချန်ကို မည်သို့ထောင်ပြန်ချရမည်ဆိုသည့် အတွေးများဖြင့်သာ ပြည့်နှက်နေလေသည်။

ကျောင်းဇီဇယ်စိတ်ထဲတွင်မူ ဝမ်းကွဲမောင်လေးနှင့် ရှဲ့လီတို့ပြန်လည်သင့်မြတ်သွားစေရန် မည်သို့ပြုလုပ်ရမည်ဆိုသည့် အတွေးများဖြင့်သာပြည့်နှက်နေလေသည်။

လွန်ခဲ့သော ရက်အနည်းငယ်အတွင်း ကျောင်းဇီဇယ်နှင့် ရင်းနှီးကျွမ်းဝင်ခဲ့ပြီးနောက် သူမထံမှ ချန်ကျိယွမ်နှင့် ပတ်သက်သော အချက်အလက်များကို များစွာ ရှဲ့လီရရှိခဲ့လေ၏။

ဥပမာ သူ့မိသားစုတွင် လူဘယ်နှယောက်ရှိကြောင်း၊ သူ့ဇာတိရွာ ဘယ်မှာရှိကြောင်းစသည့် သတင်းအချက်အလက်များကို သူမအထက်လူကြီး ဝံပုလွေအိုကြီးထံသို့လည်း ပေးပို့ခဲ့လေသည်။

နောက်တစ်နေ့တွင် သူမသည် ဝံပုလွေအိုကြီးထံမှ ညွှန်ကြားချက်တစ်ခုကို လက်ခံရရှိခဲ့သည်။

ခန်မြို့တော်သို့ သွားရောက်ပြီး ချန်ကျိယွမ်မိသားစုကို စုံစမ်းထောက်လှမ်းရန်

ခန်မြို့တော်သည် လျောင်းနင်ပြည်နယ်မှ အလွန်ဝေးကွာပြီး ရထားဖြင့်သုံးရက်နှင့် နှစ်ညတိုင်တိုင် သွားရောက်ရပေမည်။

ရှဲ့လီ အံကြိတ်လိုက်မိသည်။

သူမ၏အထက်လူကြီးကို အလွန်အမင်း မုန်းတီးသွားလေသည်။

‘အိမ်ထောင်သည် အမျိုးသမီးတစ်ယောက်ရဲ့အခြေအနေကို နည်းနည်းပါးပါးလောက်တော့ ထောက်ထားပေးလို့မရဘူးလား၊ ဒီလောက် ရက်အတော်ကြာအောင် အပြင်ထွက်ဖို့ အကြောင်းပြချက်ရှာရတာ ဘယ်လောက်ခက်ခဲလဲဆိုတာ သူသိရဲ့လား'

ရှဲ့လီသည် ရင်ကွဲပက်လက်ဖြင့် ကောင်းကင်ကြီးကို မော့ကြည့်ကာ ကျယ်လောင်စွာ အော်ဟစ်လိုက်လေ၏။

“အား”

‘ဝံပုလွေအိုကြီး၊ ရှင်နဲ့ကျွန်မ တွေ့မယ်'

ရှန်ဟွိုင်နျန်သည် ဆက်တိုက်နှာချေလိုက်မိသည်။

ရှောင်ချီက ဘေးမှနေ၍နောက်ပြောင်လိုက်သည်။

“တပ်မှူး မရီးက အိမ်မှာ တပ်မှူးကိုဆဲနေပြီထင်တယ်”

ရှန်ဟွိုင်နျန်က နှုတ်ခမ်းစေ့ထားလိုက်သည်။ ချန်ကျိယွမ်ကို စုံစမ်းထောက်လှမ်းမည့် ဤတာဝန်အတွက် မူလက သူသည်အခြားသူတစ်ဦးကို တာဝန်ပေးရန် သို့မဟုတ် သူကိုယ်တိုင်သွားရောက်ရန် ရည်ရွယ်ထားခဲ့ခြင်းဖြစ်သည်။ သို့မှသာ ရှဲ့လီ အနည်းငယ် အနားရမည်မဟုတ်လော။

သို့သော် မကြာသေးမီက ကျောင်းဇီဇယ်သည် ရူးသွပ်နေသည့်အလား အကြောင်းပြချက်အမျိုးမျိုးပြကာ ရှဲ့လီကို အပြင်သို့ဆက်တိုက်ခေါ်ထုတ်နေပြီး ရှဲ့လီနှင့် ဖေ့ရှုချန်တွေ့ဆုံစေရန် အလွန်ရိုးရှင်းသောအကွက်များဖြင့် ကြိုးပမ်းနေခဲ့သည်။

သူ ဒေါသထွက်လွန်းသဖြင့်ရူးတော့မည်။

ဤကျောင်းဇီဇယ်သည် ရူးနေခြင်းဖြစ်နိုင်သည်။ မဖြစ်နိုင်သော ဖူးစာကို အတင်းအဓမ္မ ဖန်တီးချင်နေ၏။

သို့သော် သူ့ရှောင်လီလေးသည် တာဝန်ထမ်းဆောင်နေသူဖြစ်ရာ ကျောင်းဇီဇယ်၏ဖိတ်ခေါ်မှုများကို ငြင်းဆန်၍မရနိုင်ပေ။ ထို့ကြောင့် သူမကို ဤနေရာမှ ယာယီထွက်ခွာသွားစေရန် တိုက်ရိုက်တာဝန်ပေးလိုက်ခြင်းက ပိုကောင်းပေလိမ့်မည်။

ဖေ့ရှုချန်ဆိုသောအကောင်ကို ဖယ်ရှားရန် နည်းလမ်းရှာရပေမည်။ ဤကောင်သည် ချန်ကျွေ့ထက်ပင် စိတ်အနှောင့်အယှက်ပိုဖြစ်စရာကောင်းကြောင်း ရှန်ဟွိုင်နျန်ခံစားလိုက်ရသည်။

သူ့ကိုမြင်တိုင်း အကြောင်းပြချက်မရှိ ဒေါသထွက်လာရလေသည်။

ထိုညတွင် ရှဲ့လီ ဦးနှောက်ခဲမတတ် စဉ်းစားနေသော်လည်း သင့်လျော်သော အကြောင်းပြချက်ကို ရှာမတွေ့နိုင်ခဲ့ပေ။

မနက်ဖြန်နံနက်စောစော ထွက်ခွာရမည်ဖြစ်ရာ ဤညတွင် အကြောင်းပြချက်တစ်ခုကို မဖြစ်မနေရှာဖွေရမည်သာ။

ရှန်ဟွိုင်နျန် ပြန်ရောက်လာပြီး သူမ နှစ်သက်သော သရေစာမုန့်များကို အများအပြား ဝယ်လာခဲ့လေသည်။

သူသည် ဆိုဖာပေါ်တွင် မှောက်လျက်သားဖြစ်နေသော ရှဲ့လီကိုပွေ့ချီလိုက်သည်။

“ရှောင်လီ၊ မင်းအတွက် သတင်းကောင်းတစ်ခုရှိတယ်”

ရှဲ့လီ နားမလည်နိုင်ဖြစ်သွား၏။

“…..”

“ကိုယ် ဒီရက်ပိုင်းအားနေတယ်၊ အထက်ကလည်း ကိုယ့်ကိုခွင့်ဆယ်ရက် ချပေးလိုက်တယ်လေ၊ ဒီဆယ်ရက်အတွင်း ကိုယ်တို့ခရီးသွားကြမလား၊ ပြောပါဦး၊ မင်း ဘယ်သွားချင်လဲ၊ ကိုယ်လိုက်ပို့ပေးမယ်”

သူလက်မြှောက်ကာ ရှဲ့လီ၏ဆံပင်များကို ဖွလိုက်လေသည်။ ရှဲ့လီလန့်ဖြပ်သွားလေ၏။

“….”

‘တကယ်ကြီးလား’

သူမသည် သေချာတွေးတောစဉ်းစားပြီးနောက် စွန့်စားရန် ဆုံးဖြတ်လိုက်သည်။

“ကျွန်မ ခန်မြို့တော်ကို သွားလည်ချင်တယ်၊ အဲဒီမှာ စားစရာတွေ အများကြီးရှိတယ်လို့ လူတွေပြောကြတယ်လေ”

ရှန်ဟွိုင်နျန်ကို အတူခေါ်သွားပါက နောက်ပိုင်းတွင် စုံစမ်းထောက်လှမ်းရန်အတွက် အကြောင်းပြချက်ရှာ၍ အပြင်ထွက်နိုင်ပြီး ကျန်ရှိနေသောအချိန်များကို သူတို့နှစ်ဦး၏ဟန်းနီးမွန်းခရီးစဉ်အဖြစ် အသုံးပြုနိုင်မည်ပင်။

ရှန်ဟွိုင်နျန် နှုတ်ခမ်းစေ့လိုက်ပြီး မြေခွေးမျက်ဝန်းများအတွင်း၌ အပြုံးရိပ်များ တောက်ပသွားလေသည်။

“ကောင်းပြီလေ၊ မနက်ဖြန် ကိုယ်တို့ ခန်မြို့တော်ကို သွားကြမယ်”

ရှဲ့လီသည် ရှန်ဟွိုင်နျန်ကို အားနာသော အကြည့်များဖြင့် ကြည့်လိုက်လေသည်။ သူမ စိတ်ထဲတွင် အနည်းငယ် အပြစ်ရှိသလို ခံစားနေရ၏။

All Chapters