← Chapters

အခန်း ၁၇၃

Vol. 18 Ch. 173

အခန်း ၁၇၃

Vol. 18 Ch. 173

Ch-173

ရထားခန်းတစ်ခုလုံး ရယ်မောသံများနှင့် ပျော်ရွှင်သံများပြည့်နှက်သွားလေတော့သည်။ နောက်ထပ်ရိုက်နှက်ခံလိုက်ရပြီးနောက် ဖေ့ရှုချန်တစ်ယောက် လိမ္မာသွားလေတော့၏။

သူသည် အပေါ်ထပ်အိပ်စင်သို့ တိတ်တဆိတ် တွားသွားတက်သွားပြီး စကားတစ်ခွန်းမျှမဟတော့ဘဲ စောင်ထဲသို့တိုးဝင်ကာ ပုန်းအောင်းနေလေတော့သည်။

ဆူညံပွက်လောရိုက်မှုများ ပြီးဆုံးသွားပြီးနောက် ရှဲ့လီမှာ အနည်းငယ်ပင်ပန်းလာသဖြင့် စောင်ကိုခြုံကာအိပ်သွားလေသည်။ ရှန်ဟွိုင်နျန်နှင့် ချန်ကျွေ့တို့လည်း တစ်ယောက်ကိုတစ်ယောက် ပြောစရာစကားမရှိတော့သဖြင့် မျက်လုံးများကို မှိတ်ကာ အနားယူကြလေ၏။

ရှဲ့လီ နှစ်နှစ်ခြိုက်ခြိုက်အိပ်မောကျနေစဉ် သူမအနီးတွင် ပူနွေးသော အသက်ရှူငွေ့များကို ခံစားလိုက်ရပြီးနောက် ဖေ့ရှုချန်အသံထွက်ပေါ်လာသည်။

“ရှဲ့လီ နင်က မိန်းမယုတ်၊ နင်က ဖာသည်မ၊ နင်က တစ်ပတ်ရစ်ကောင်မ၊ ရှဲ့လီ နင်က မိန်းမယုတ်၊ နင်က ဖာသည်မ၊ နင်က တစ်ပတ်ရစ်ကောင်မ”

သူ့အသံမှာ မကျယ်လောင်ပေ။ သူက တမင်သက်သက် တီးတိုးရွတ်ဆိုနေခြင်းဖြစ်သည်။

ရှဲ့လီမှာ ထိုဆူညံသံကြောင့် အနှောင့်အယှက်ဖြစ်ကာ အေးအေးချမ်းချမ်း မအိပ်နိုင်တော့ပေ။ နောက်ဆုံး သူမသည် မျက်လုံးများကို အားယူ၍ဖွင့်လိုက်လေသည်။

သူမ ခေါင်းလှည့်လိုက်သောအခါ သူတို့အကြည့်များ ဆုံတွေ့သွားကြသည်။ ဖေ့ရှုချန်သည် အပေါ်ထပ်အိပ်စင်မှနေ၍ ဇောက်ထိုးတွဲကျနေပြီး သူ့ခန္ဓာကိုယ်ကြီး လွှဲယမ်းနေစဉ် သူမနား,နားရပ်ရာ အဓိပ္ပာယ်မရှိသောစကားများ ဆက်တိုက်ရွတ်ဆိုနေသည်ကို တွေ့လိုက်ရလေ၏။

ရှဲ့လီ မျက်လုံးများ ခဏမှိတ်ထားလိုက်သည်။

ထို့နောက် သူမရှေ့တိုးသွားကာ တီးတိုးပြန်ပြောလိုက်သည်။

“ဖေ့ရှုချန် နင်က သောက်သုံးမကျတဲ့ကောင်၊ နင့်ဆီမှာက စာကလေးငှက်ပေါက်စလောက်ပဲရှိတာ၊ မျိုးဆက်ပွားဖို့တောင် အသုံးမဝင်တဲ့ကောင်၊ ဖေ့ရှုချန် နင်က သောက်သုံးမကျတဲ့ကောင်၊ နင့်ဆီမှာက စာကလေးငှက်ပေါက်စလောက်ပဲ ရှိတာ၊ မျိုးဆက်ပွားဖို့တောင် အသုံးမဝင်တဲ့ကောင်”

ဖေ့ရှုချန် ဆွံ့အသွားရလေသည်။

“….”

ဖေ့ရှုချန်သည် ‘သေးငယ်သည်’ ဟူသော စကားလုံးကို လုံးဝသည်းမခံနိုင်ပေ။ ထိုစကားလုံးကိုကြားလိုက်ရသည်နှင့်တစ်ပြိုင်နက် သူ စိတ်လွတ်သွားလေတော့သည်။

“အား သေလိုက်စမ်း ရှဲ့လီ၊ ငါ နင့်ကို သတ်ပစ်မယ်၊ အား ရှဲ့လီ”

ဖေ့ရှုချန်၏သရဲတစ္ဆေတစ်ကောင်ကဲ့သို့ အော်ဟစ်သံများကြောင့် ရှန်ဟွိုင်နျန်နှင့် ချန်ကျွေ့တို့နှစ်ဦးလုံး လန့်နိုးသွားကြလေသည်။ သူတို့မျက်လုံးဖွင့်ကြည့်လိုက်သည်နှင့်တစ်ပြိုင်နက် ဖေ့ရှုချန်သည် အပေါ်ထပ်အိပ်စင်မှ ဇောက်ထိုးတွဲကျနေပြီး အရူးတစ်ယောက်ကဲ့သို့ ရှဲ့လီအား အော်ဟစ်ဆဲဆိုနေသည်ကို တွေ့လိုက်ရလေ၏။

ချန်ကျွေ့မတ်တတ်ထရပ်ကာ ရထားခန်းပြတင်းပေါက်ကို ဖွင့်လိုက်ပြီး ရှန်ဟွိုင်နျန်က ဖေ့ရှုချန်ကိုဆွဲကာ ပြတင်းပေါက်မှ အပြင်သို့ပစ်ချလိုက်လေတော့သည်။

ထိုသို့လုပ်ဆောင်ပြီးနောက် သူတို့နှစ်ဦးသည် အောင်ပွဲခံသည့်အနေဖြင့် လက်ဝါးချင်းရိုက်လိုက်ကြပြီး အိပ်စင်များသို့ ပြန်သွားကြလေသည်။ ဤအမျိုးသားနှစ်ဦးသည် တစ်ကြိမ်မှ ဤမျှလောက်အထိ မညီညွတ်ခဲ့ဖူးပေ။

ရထားတာဝန်ခံက ဆူညံသံများကြားသဖြင့် အပြေးအလွှားရောက်လာကာ တံခါးလာခေါက်လေသည်။

“ရဲဘော် ဘာဖြစ်လို့လဲ”

ချန်ကျွေ့ထသွားပြီး တံခါးဖွင့်ပေးလိုက်သည်။

“ကျွန်တော်တို့အခန်းထဲမှာ အရူးတစ်ယောက်ပါလာလို့လေ၊ အခုလေးတင် သူ ရထားပေါ်ကခုန်ချသွားပြီ”

ရထားတာဝန်ခံမှာ လန့်ဖြတ်သွားပြီး အထက်လူကြီးကို သတင်းပို့ရန် အလျင်အမြန် ပြေးသွားလေတော့၏။

ချန်ကျွေ့သည် ပြတင်းပေါက်ပိတ်ရန် လှည့်လိုက်စဉ် သူ့မျက်စိရှေ့တွင်မြင်တွေ့လိုက်ရသောမြင်ကွင်းကြောင့် ဆွံ့အသွားလေတော့သည်။

ဖေ့ရှုချန်သည် မျောက်ဝံတစ်ကောင်အလား ရထားနောက်သို့ တဟုန်ထိုး ပြေးလိုက်လာပြီး သူ့လည်ပင်းကို ပြတင်းပေါက်ဆီသို့ ဆန့်တန်းကာပြေးရင်း ဆဲဆိုနေလေသည်။

“ရှဲ့လီ မိန်းမယုတ်”

သူက ပျော်ရွှင်စွာဖြင့် တံတွေးများ ထွေးထုတ်လိုက်ပြီး ဆက်လက်ဆဲဆိုလေသည်။

“ရှန်ဟွိုင်နျန် မင်းက ဖောက်ပြန်ခံရတဲ့ လူအကြီး၊ ငါ့ကို မရိုက်နိုင်တော့ဘူးမဟုတ်လား အိုး ရေး”

သူသည် အရူးတစ်ယောက်ကို လေဘီးများတပ်ပေးထားသည့်အလား ပြေးလွှားနေပြီး လည်ချောင်းကွဲမတတ် ဆက်လက်အော်ဟစ်နေလေ၏။

“ချန်ကျွေ့ မင်း အမေကိုပဲ သွား** အရှက်မရှိတဲ့ အဘိုးကြီး ဟား ဟား ဟး ဟား”

ရှန်ဟွိုင်နျန်၊ ရှဲ့လီနှင့် ချန်ကျွေ့တို့သုံးဦးလုံးသည် ပြတင်းပေါက်တွင်ပြုံတိုးကာ ထိန်းမနိုင်သိမ်းမရဖြစ်နေသော ဖေ့ရှုချန်ကို ငေးကြည့်နေကြလေသည်။

သူသည် အသက်လု၍ပြေးနေခြင်းဖြစ်သည်။ သူ့သားရေဖိနပ်ကြီးများမှာ ပြဲနေပြီး သူ့ခြေကျင်းဝတ်များတွင် တဖတ်ဖတ် ရိုက်ခတ်နေလေ၏။

ဖေ့ရှုချန်က အော်ဟစ်လှောင်ပြောင်လေသည်။

“ဟား ဟား ဟား မင်းတို့ အရူးသုံးကောင်၊ အခု ငါ့ကို မရိုက်နိုင်တော့ဘူး မဟုတ်လား ဟား ဟား”

တကယ့်ကို ကျေနပ်စရာကောင်းလိုက်လေခြင်း။

ဖေ့ရှုချန်သည် ယခင်က တစ်ခါမျှမခံစားဖူးသော လွတ်လပ်ပေါ့ပါးမှုမျိုးကို ခံစားလိုက်ရလေသည်။

*ဒိုင်း ဒိုင်း ဒိုင်း*

ရထားမှာ တဖြည်းဖြည်းအရှိန်လျော့လာပြီး ဖေ့ရှုချန်မှာ ရထားကိုပင်ကျော်တက်သွားတော့မတတ်ဖြစ်နေလေသည်။

ရထားခန်းတွင်းရှိ အသံချဲ့စက်မှနေ၍ ကြေညာချက်တစ်ခု ထွက်ပေါ်လာလေ၏။

‘ရထားစက်ချို့ယွင်းမှုဖြစ်ပေါ်သဖြင့် ယခုနေရာတွင် နာရီဝက်ခန့်ရပ်နားကာ ပြင်ဆင်ပါမည်’

ရှန်ဟွိုင်နျန်၊ ရှဲ့လီနှင့် ချန်ကျွေ့တို့သုံးဦးလုံး တစ်ယောက်ကိုတစ်ယောက် အပြန်အလှန် ကြည့်လိုက်ကြသည်။

“ဟား ဟား ဟား ဟား”

သူတို့သုံးဦးလုံးသည် ပြတင်းပေါက်မှ ခုန်ဆင်းကာ တဟုန်ထိုးပြေးလွှားနေသော ဖေ့ရှုချန်ကို အမိဖမ်းလိုက်ကြလေတော့သည်။

ရထားပေါ်ရှိခရီးသည်များမှာ ရထားနောက်ကျမှုကြောင့် စိတ်မရှည်ဖြစ်ကာ ညည်းတွားအပြစ်တင်နေကြလေ၏။ ထိုအချိန်တွင် ဗုံနှင့် မောင်းအသံများ ထွက်ပေါ်လာလေသည်။

*ဒေါင် ဒေါင် ချန်း၊ ဒေါင် ဒေါင် ချန်း၊ ဒေါင် ဒေါင် ချန်း ချိ ချန်း ချိ*

ထိုအသံများနောက်တွင် ခရုခွံခရာလေးတစ်ခု၏အသံက လိုက်ပါလာလေသည်။

အချိန်အနည်းငယ် ကြာပြီးနောက် အမျိုးသမီးတစ်ဦး၏ကြည်လင်ပြတ်သားသော သီချင်းဆိုသံထွက်ပေါ်လာလေ၏။

“ခရုခွံခရာလေးက အတူတူမှုတ်တယ်”

ဖေ့ရှုချန်မှာ မြေပြင်ပေါ်တွင်ဖိချုပ်ခံထားရပြီး ပြင်းပြင်းထန်ထန်ရိုက်နှက်ခံနေရချိန်တွင် ရှဲ့လီကဘေးမှရပ်လျက် ခရုခွံခရာသီချင်းကို သီဆိုနေလေသည်။

ဖေ့ရှုချန်မှာ ခေါင်းမူးလာပြီး အာရုံများ ထွေပြားသွားသည်အထိ ပြင်းပြင်းထန်ထန် ရိုက်နှက်ခံလိုက်ရလေသည်။

‘ငါ အလုပ်ကြမ်းနဲ့ ပညာပေးစခန်းကိုပဲ ပြန်သွားပြီး အထုပ်ကြီးတွေပဲသယ်ချင်တော့တယ်၊ ငါ အထုပ်ကြီးတွေပဲ သယ်ချင်တော့တယ်'

All Chapters