အခန်း ၁၇၄
Vol. 18 Ch. 174
Ch-174
ရထားကြီး ပြန်လည်ထွက်ခွာလာသောအခါ ဖေ့ရှုချန်တစ်ယောက် လုံးဝကို လိမ္မာရေးခြားရှိသွားလေတော့သည်။
သူသည် ရှန်ဟွိုင်နျန်နှင့် ချန်ကျွေ့တို့မတင်ပေးသဖြင့် အပေါ်ထပ်အိပ်စင်သို့ ရောက်ရှိသွားခဲ့ခြင်းဖြစ်သည်။ ထိုအချိန်အတွင်း ကျောင်းဇီဇယ်သည် ရှဲ့လီထံသို့ လာရောက်လည်ပတ်သည်ဟူသောအကြောင်းပြချက်ဖြင့် ဖေ့ရှုချန်ကို လာရောက်ကြည့်ရှုခဲ့လေ၏။
ဖေ့ရှုချန်က မျှော်လင့်ချက်မဲ့စွာဖြင့် ကျောင်းဇီဇယ်ထံသို့ လက်ဆန့်တန်းကာ အသနားခံလိုက်သည်။
“အစ်မ၊ ကျွန်တော့်ကို ကယ်ပါဦး”
ကျောင်းဇီဇယ်က သူ့ကိုစူးစူးရဲရဲစိုက်ကြည့်လိုက်သည်။
“ဒီမှာပဲ ငြိမ်ငြိမ်လေးနေစမ်းပါ”
ဖေ့ရှုချန်က တိုးလျှိုးတောင်းပန်နေဆဲပင်။
“အစ်မ၊ ကျွန်တော် အထုပ်ကြီးတွေပဲ ပြန်သယ်ချင်တယ်”
ကျောင်းဇီဇယ်က သူ့ကိုလျစ်လျူရှုကာ ထွက်သွားလေတော့သည်။ ဖေ့ရှုချန်သည် စောင်ကိုခြုံကာ တိတ်တဆိတ် ကွေးကွေးလေးနေ,နေရရှာလေသည်။ သူသည် အလုပ်ကြမ်းနှင့် ပညာပေးစခန်းတွင် အထုပ်ကြီးများ သယ်ခဲ့ရသောနေ့ရက်များကို အလွန်တရာလွမ်းဆွတ်နေမိလေ၏။
ခရီးစဉ်တစ်လျှောက်လုံးတွင် ရှဲ့လီသည် အနားယူကာ ခွန်အားများကို မွေးမြူနေခဲ့သည်။
ခန်မြို့တော်သို့ရောက်ရှိသောအခါ ရှန်ဟွိုင်နျန် မရိပ်မိစေဘဲ ချန်ကျိယွမ်၏နောက်ခံသမိုင်းကြောင်းတွင် သံသယဖြစ်ဖွယ် တစ်စုံတစ်ရာရှိမရှိ မည်သို့ စုံစမ်းထောက်လှမ်းရမည်ကို သူမ စဉ်းစားတွေးတောနေခဲ့လေသည်။
ရထားပေါ်မှ မဆင်းမီလေးတွင် ကျောင်းဇီဇယ်သည် ရှဲ့လီထံသို့ ရောက်လာခဲ့၏။
“ရှောင်လီ ခန်မြို့တော်က ငါ့အမျိုးသားရဲ့ဇာတိမြို့လေ၊ သူ့အဒေါ်တွေ၊ ဦးလေးတွေအားလုံးက ဒီမှာရှိကြတာ၊ ငါ နင့်ကို လိုက်ပို့ပေးမယ်လေ၊ ဒီအခွင့်အရေးနဲ့ ငါလည်း သူ့မိသားစုဆီကို သွားလည်လို့ ရတာပေါ့”
ရှဲ့လီသည် ငြင်းဆန်ရန်ရည်ရွယ်ထားသော်လည်း ကျောင်းဇီဇယ်၏နောက်ဆုံးစကားကြောင့် စိတ်ဝင်စားသွားလေသည်။
သူမဘာသာ ချန်ကျိယွမ်၏မိသားစုကို စုံစမ်းထောက်လှမ်းရန် သို့မဟုတ် သူတို့နှင့် ရင်းနှီးကျွမ်းဝင်မှုရရှိရန် ကြိုးစားမည်ဆိုပါက အားထုတ်မှုများစွာ လိုအပ်မည်ဖြစ်သည်။ ယခု ကျောင်းဇီဇယ်က အခမဲ့ပေါင်းကူးတံတားတစ်ခု ဖြစ်လာပေးနေလေပြီ။
ရှဲ့လီက ရှန်ဟွိုင်နျန်ကိုမော့ကြည့်လိုက်ရာ ကျောင်းဇီဇယ်က ချက်ချင်းသဘောပေါက်သွားသည်။
“အိုး အားလုံး အတူတူသွားကြတာပေါ့၊ လာပါ လာပါ၊ အတူတူသွားကြမယ်”
ကျောင်းဇီဇယ်သည် ရှဲ့လီကိုဆွဲခေါ်လိုက်ပြီး ရှန်ဟွိုင်နျန်ကိုပါ လှမ်းဆွဲရန် ပြင်လိုက်သည်။
ရှန်ဟွိုင်နျန်က သူ့လက်ကိုရုတ်သိမ်းလိုက်ပြီး သူ့မြေခွေးမျက်ဝန်းများဖြင့် အေးစက်စိမ်းကားစွာကြည့်လိုက်လေ၏။ ကျောင်းဇီဇယ်မှာ ဒေါသထွက်သွားသည်။
‘ချီးပဲ၊ ငါကများ နင်နဲ့ အတူတူသွားချင်နေတယ်လို့ ထင်နေတာလား'
သူမသည် ဟန်ဆောင်အပြုံးတစ်ခုကို ဖန်တီးလိုက်သည်။
“ဟာ ဟား ဟား ဟွိုင်နျန်က ငယ်ငယ်တုန်းကလိုပဲ ဆိုးသွမ်းနေတုန်းပဲကိုး”
ရှန်ဟွိုင်နျန်က ရှဲ့လီကို သူ့ဘက်သို့ဆွဲယူလိုက်၏။
“မင်းရဲ့စေတနာကိုတော့ လက်မခံတော့ပါဘူး၊ ကျွန်တော်တို့ နှစ်ယောက်တည်းပဲ သွားပါ့မယ်၊ နှုတ်ဆက်ပါတယ်”
ရှဲ့လီအံကြိတ်ကာ ရှန်ဟွိုင်နျန်လက်မောင်းကို ဆွဲကိုင်လိုက်သည်။
“အား.....အားနျန် အားလုံးအတူတူသွားကြတာပေါ့ ဟဲ ဟဲ”
သူမအနေဖြင့် ကျောင်းဇီဇယ်ကို အလွန်လိုအပ်နေလေသည်။
‘သောက်သုံးမကျတဲ့ ဝံပုလွေအိုကြီး’
တစ်နေ့နေ့တွင် ဝံပုလွေအိုကြီးကို သူမ ရှာဖွေဖော်ထုတ်ပြီး သတ်ပစ်မည်ဟု စိတ်ပိုင်းဖြတ်ထားလိုက်၏။
ကျောင်းဇီဇယ်နှုတ်ခမ်းထောင့်များ တွန့်ကွေးသွားပြီး ရှန်ဟွိုင်နျန်ကို ရန်စလိုသောအကြည့်များဖြင့် ကြည့်လိုက်လေသည်။
ရထားပေါ်မှအဆင်းတွင် သူတို့နှစ်ဦး အပြန်အလှန် စိုက်ကြည့်နေကြသည်ကို ချန်ကျွေ့က တိုက်ဆိုင်စွာတွေ့မြင်သွားလေသည်။ သူကအပြုံးကြီးပြုံးရင်း အနီးသို့ လျှောက်လာခဲ့၏။
“ခင်ဗျားတို့တွေ ဘယ်သွားကြမလို့လဲ၊ ကျွန်တော့်ကိုပါ ခေါ်သွားပါလား”
ယခုတစ်ကြိမ် သူ့တာဝန်မှာ ရှန်ဟွိုင်နျန်ကို စုံစမ်းထောက်လှမ်းရန်ပင်။
ယခင်တစ်ခေါက် ပြန်လည်ရောက်ရှိလာကတည်းက ရှန်ဟွိုင်နျန်အပေါ်ထားရှိသော သူ့သံသယများမှာ လုံးဝ ပျောက်ကွယ်သွားခြင်းမရှိခဲ့ပေ။
ဤတစ်ကြိမ်တွင် သူသည် တပ်စုမှူးဝူထံမှ ဤလျှို့ဝှက်တာဝန်ကိုထမ်းဆောင်ခွင့် တောင်းခံခဲ့ပြီး ခွင့်ပြုချက်ရရှိခဲ့ခြင်းဖြစ်သည်။
ဥကြီးလျူရှို့အော်၏ ကိုယ်တိုင် ဖော်ထုတ်ဝန်ခံမှုမှာ အလွန်တရာ တိုက်ဆိုင်လွန်းလှပေသည်။ လျူရှို့အော်သည် ရှန်ဟွိုင်နျန်ကိုကာကွယ်ရန်အတွက်သာ ကိုယ်တိုင်ဖွင့်ဟဝန်ခံခဲ့ခြင်းဖြစ်သည်ဟု သံသယမဖြစ်ဘဲမနေနိုင်ပေ။
ရှန်ဟွိုင်နျန်အပေါ်ထားရှိသော ချန်ကျွေ့သံသယများမှာ တစ်ခါမျှ ယိမ်းယိုင်သွားခြင်းမရှိခဲ့ပေ။ သူသည် အခွင့်အရေးကို အမြဲရှာဖွေနေခဲ့ခြင်းဖြစ်သည်။
ဤတာဝန်မျိုးမှာ တပ်မှူးတစ်ဦးအနေဖြင့် ထမ်းဆောင်သင့်သော တာဝန်မဟုတ်သဖြင့် တပ်စုမှူးဝူကခွင့်ပြုမည်မဟုတ်ဟု သူထင်မှတ်ထားခဲ့သော်လည်း အံ့ဩစရာကောင်းလောက်အောင်ပင် ဝူချန်ကျွင်းက ဤကိစ္စကို ချက်ချင်းပင် ခွင့်ပြုပေးခဲ့လေသည်။
ရှန်ဟွိုင်နျန် မျက်လုံးများကိုမှိတ်ထားလိုက်မိ၏။ ယခုတစ်ကြိမ်တွင် ရှဲ့လီ၌ တာဝန်ရှိနေလေသည်။ သူတစ်ယောက်တည်းသာ သူမနောက်သို့ လိုက်ပါသွားမည်ဆိုပါက သူမ လွတ်လွတ်လပ်လပ် တာဝန်ထမ်းဆောင်နိုင်ရန်အတွက် အကြောင်းပြချက်အမျိုးမျိုးကို သူ ဖန်တီးပေးနိုင်မည်ဖြစ်သည်။
‘အခုတော့ ချန်ကျွေ့၊ ကျောင်းဇီဇယ်နဲ့ ဟိုအရူးကောင်ပါ ရုတ်တရက် ရောက်လာကြပြီ’
ပြဿနာမှာ ရှဲ့လီကိုယ်တိုင်ကလည်း ချန်ကျိယွမ်ကို စုံစမ်းထောက်လှမ်းရာတွင် ပိုမိုလွယ်ကူစေရန်အတွက် ကျောင်းဇီဇယ်နှင့် အတူသွားလိုနေခြင်းပင်။
ရှန်ဟွိုင်နျန် သည်းခံလိုက်လေသည်။ ဤနည်းလမ်းသည် အမြန်ဆန်ဆုံးဖြစ်ပြီး ရှဲ့လီအတွက် အချိန်များစွာ သက်သာစေနိုင်မည်ဖြစ်ကြောင်း သူ ဝန်ခံရမည်သာ။
နောက်ဆုံးတွင် နှစ်ယောက်တည်း ဟန်းနီးမွန်းခရီးစဉ်မှသည် လူငါးယောက်ပါဝင်သော ခရီးစဉ်အဖြစ်သို့ ပြောင်းလဲသွားလေတော့သည်။
ရှဲ့လီနှင့် ကျောင်းဇီဇယ်တို့သည် လက်ချင်းချိတ်ကာ ရှေ့မှလမ်းလျှောက်သွားကြပြီး အမျိုးသားသုံးဦးမှာ ခရီးဆောင်အိတ်များကို သယ်ဆောင်လျက် အနောက်မှ လိုက်ပါလာကြလေသည်။
ရှန်ဟွိုင်နျန်က ချန်ကျွေ့ကိုအကဲခတ်ကြည့်လိုက်၏။ သူသာမမှားဘူးဆိုပါက ဤကောင်က သူ့ကို သံသယရှိနေပုံရသည်။
သူ့သတိထားမှုမှာ မြင့်မားသော်လည်း ဉာဏ်ရည်မှာမူ သိပ်မကောင်းလှပေ။
ဖေ့ရှုချန်မှာမူ သူ့တည်ရှိမှုကို လူမသိစေရန်အတွက် အသက်ရှူသံကို တတ်နိုင်သမျှ တိုးတိုးလေးရှူနေလေသည်။
သူသည် ရှဲ့လီကျောပြင်ကို ငေးကြည့်နေမိသည်။ သူ့မိသားစုတစ်ခုလုံး အလုပ်ကြမ်းနှင့် ပညာပေးစခန်းသို့ ပို့ဆောင်ခံခဲ့ရပြီးကတည်းက သူ့ဖခင် ဖေ့ကျန်းမင်မှာ အိပ်ရာထဲလဲနေခဲ့ရ၏။
သူ့မိခင်ချီယွဲ့ဟွာသည် သူပါဒုက္ခမရောက်စေရန်အတွက် ဖေ့ကျန်းမင်ကို ကူညီရန်ငြင်းဆန်ခဲ့ရုံသာမက မိမိကိုယ်တိုင်အပြစ်ကင်းစင်ကြောင်း သက်သေပြနိုင်ရန် ဖေ့ကျန်းမင်ကို အကြိမ်ကြိမ် နှိပ်စက်ကန်ကျောက်ခဲ့သေးသည်။
ရုပ်ပိုင်းဆိုင်ရာနှိပ်စက်ညှဉ်းပန်းမှုများနှင့် စိတ်ပိုင်းဆိုင်ရာထိုးနှက်ချက်များကြားတွင် ဖေ့ကျန်းမင်ကွယ်လွန်သွားခဲ့လေသည်။
သူ သေဆုံးသွားခဲ့လေပြီ။
ဖေ့ရှုချန်ကလည်း ထိုနည်းလမ်းကိုပင် လိုက်နာကျင့်သုံးခဲ့လေသည်။
နေ့စဉ်နေ့တိုင်း သူနိုးလာသည်နှင့် ဖေ့ကျန်းမင်နှင့် ချီယွဲ့ဟွာတို့ကို အပြစ်တင်ဝေဖန်ကာ သူ့အပြစ်ကင်းစင်မှုကို သက်သေပြရန် ကြိုးပမ်းခဲ့လေသည်။