အခန်း ၁၇၅
Vol. 18 Ch. 175
Ch-175
နောက်ဆုံးတွင် ကျောင်းဇီဇယ်အကူအညီဖြင့် သူသည် ဖေ့မိသားစုနှင့် အဆက်အသွယ်ဖြတ်ကာ အာမခံဖြင့် ထွက်လာနိုင်ခဲ့ခြင်းဖြစ်၏။
ချီယွဲ့ဟွာသည် ဖေ့ရှုချန်ကိုကယ်တင်ပေးရန် ကျောင်းဇီဇယ်အား တိုးလျှိုးတောင်းပန်ခဲ့သော်လည်း သူမအချစ်ဆုံးသားသည် သူတို့အပေါ် သစ္စာဖောက်သွားခဲ့ပြီဆိုသည်ကို လုံးဝမသိရှိခဲ့ပေ။
ဖေ့ရှုချန် အပြင်သို့ရောက်လာသောအခါ သူသည် ဖေ့ကျန်းမင်အတွက် အမည်မဖော်ပြထားသော သင်္ချိုင်းဂူတစ်ခုကို တိတ်တဆိတ်ပြုလုပ်ပေးခဲ့သည်။
သူသည် သင်္ချိုင်းဂူရှေ့တွင်ဒူးထောက်ကာ ရှဲ့လီကို သွေးကြွေးဆပ်မည်ဖြစ်ကြောင်း သစ္စာဆိုခဲ့လေသည်။
ထိုအချိန်က သင်္ချိုင်းဂူရှေ့တွင် သူ ကျယ်လောင်စွာ အော်ဟစ်ခဲ့သည်ကို သူ မှတ်မိနေဆဲပင်။
“ဒီကိစ္စကို ငါ လက်စားမချေနိုင်ဘူးဆိုရင် ငါ လူမဖြစ်ပါစေနဲ့လို့ သစ္စာဆိုတယ်”
ရှန်ဟွိုင်နျန်နှင့် ချန်ကျွေ့တို့ လမ်းလျှောက်နေစဉ် ခွေးဟောင်သံများကို ဆက်တိုက်ကြားလိုက်ရလေသည်။
“ဝုတ် ဝုတ် ဝုတ် ဝုတ် ဝုတ် ဝုတ်”
သူတို့နှစ်ဦးလုံး အနောက်သို့လှည့်ကြည့်လိုက်သော်လည်း ခွေးတစ်ကောင်မျှမရှိပေ။ ဟောင်သံများမှာ သူတို့နားထဲတွင် ပဲ့တင်ထပ်နေဆဲဖြစ်ရာ သူတို့နှစ်ဦးသည် ဖေ့ရှုချန်ကိုစိုက်ကြည့်လိုက်ကြလေသည်။
ထိုကောင်သည် သူ့ပါးစပ်အားပိတ်ထားပြီး ဝမ်းဗိုက်သံအသုံးပြုကာ ခွေးတစ်ကောင်ကဲ့သို့ ဟောင်နေသည်ကိုတွေ့လိုက်ရလေသည်။
“ဝုတ် ဝုတ် ဝုတ်”
‘ဟိ ဟိ ဟိ ငါက လူမဟုတ်ဘူး၊ ငါက ခွေးပဲ၊ ငါ လက်စားမချေတော့ဘူး၊ သူတို့က အရမ်းအင်အားကြီးလွန်းတယ်၊ သူတို့ကို ငါမယှဉ်ရဲပါဘူး'
ရှန်ဟွိုင်နျန်မှာ ဒေါသထွက်ရသည့်အထဲ ဖေ့ရှုချန်ကပါ ခွေးကဲ့သို့လာဟောင်နေသဖြင့် အမျိုးသားနှစ်ဦးလုံး ဒေါသပေါက်ကွဲသွားကြလေတော့၏။
ရှန်ဟွိုင်နျန်က တွေးလိုက်သည်။
‘သူက ငါ့ကိုလာရန်စနေတာပဲ’
ချန်ကျွေ့ကလည်း တွေးလိုက်သည်။
‘ငါက အချစ်ရူးကြီးမလို့ သူကလာလှောင်နေတာပဲ’
*ဒူ ချပ် ချပ်၊ ဒူ ချပ် ချပ်*
ကျောင်းဇီဇယ်အနောက်သို့ လှည့်ကြည့်လိုက်သောအခါ ထိုအမျိုးသားနှစ်ဦးသည် ဝမ်းကွဲမောင်လေးခေါင်းကို ကိုင်ကာ ဗုံတစ်လုံးကဲ့သို့ တီးခတ်နေကြသည်ကို တွေ့လိုက်ရလေ၏။
ဖေ့ရှုချန်မျက်လုံးများမှ မျက်ရည်များ ကျဆင်းလာလေပြီ။
‘နောက်ဆုံးတော့ ဝမ်းကွဲအစ်မ သတိထားမိသွားပြီ’
သူက ကျောင်းဇီဇယ်ထံသို့ အသနားခံသောအကြည့်များဖြင့် လှမ်းကြည့်လိုက်သည်။
ကျောင်းဇီဇယ်က မှတ်ချက်ချလိုက်သည်။
“ပေါက်နေတဲ့ဗုံက လူတိုင်းတီးချင်စရာဖြစ်နေတာကိုး”
ဖေ့ရှုချန်မှာ ဆွံ့အသွားရလေ၏။
“….”
‘ငါ အထုပ်ကြီးတွေပဲပြန်သယ်ချင်တော့တယ်'
ချန်ကျိယွမ်၏အဒေါ်အရင်းဖြစ်သူ ချန်ချိုင်ဟွာသည်လည်း ခန်မြို့တော်တွင် နေထိုင်လေသည်။ ကျောင်းဇီဇယ်သည် လူအုပ်ကြီးကို ချန်ချိုင်ဟွာအိမ်သို့ခေါ်ဆောင်သွားခဲ့သည်။
“ရှောင်လီ၊ ငါတို့ ဒီမှာပဲတည်းကြရအောင်၊ အဒေါ်ရဲ့ အိမ်က အရမ်းကျယ်ပြီး သူကလည်း ဧည့်ဝတ်ကျေတယ်၊ နေ့ဘက်ဆို ငါတို့အပြင်ထွက်လည်လို့ရပြီး ညဘက်ဆို ဒီမှာပြန်အိပ်လို့ရတာပေါ့”
ကျောင်းဇီဇယ်တွင် ကိုယ်ပိုင်အစီအစဉ်များရှိလေ၏။ ဤနည်းအားဖြင့် ရှဲ့လီနှင့် ဖေ့ရှုချန်တို့အတွက် အခွင့်အရေးများ ဖန်တီးပေးနိုင်မည်ပင်။
ရှဲ့လီသည် ထိုအကြံအစည်ကိုရိပ်မိသော်လည်း ဘာမျှမပြောပေ။
ချန်ကျိယွမ်အဒေါ်နှင့် ချက်ချင်း အဆက်အသွယ်ရရှိခြင်းက သူမတာဝန်အတွက် အလွန်တရာအထောက်အကူဖြစ်စေလိမ့်မည်။
ချန်ချိုင်ဟွာသည် အသက်ခုနစ်ဆယ်ကျော်အရွယ်ရှိပြီး အလွန်တက်ကြွဖျတ်လတ်သော အဘွားအိုတစ်ဦးဖြစ်လေသည်။ သူမခင်ပွန်းသည် လွန်ခဲ့သောနှစ်များစွာကတည်းက ကွယ်လွန်သွားခဲ့ပြီး သားသမီးများမှာလည်း အနီးအနားတွင်မရှိကြသဖြင့် သူမသည် ခြံဝင်းကျယ်ကြီးထဲတွင် တစ်ယောက်တည်း နေထိုင်နေခြင်းပင်။
ထိုညနေခင်းတွင် သူမသည် ဧည့်သည်များကို ဧည့်ခံရန်အတွက် ဟင်းလျာများစွာကို ပြင်ဆင်ချက်ပြုတ်နေခဲ့လေသည်။
ရှဲ့လီသည် စားသောက်နေစဉ်အတွင်း သတင်းအချက်အလက်များကိုပါ စုဆောင်းနေခဲ့သည်။ သူမသည် ချန်ချိုင်ဟွာနှင့် အကြောင်းအရာပေါင်းစုံကို ပြောဆိုခဲ့ရာ ချန်ချိုင်ဟွာမှာ အလွန်စကားများသူဖြစ်သဖြင့် ချန်ကျိယွမ်၏နောက်ခံသမိုင်းကြောင်းအတော်များများထုတ်ဖော်ပြောဆိုခဲ့လေ၏။
ထိုညတွင် ရှန်ဟွိုင်နျန်၏ ပြင်းပြင်းထန်ထန် တောင်းဆိုမှုကြောင့် သူနှင့် ရှဲ့လီတို့သည် သီးသန့်အခန်းတစ်ခန်းရရှိခဲ့ကြသည်။
၎င်းမှာ အိမ်၏ဘေးဘက်အခန်းတစ်ခန်း ဖြစ်လေသည်။ ချန်ချိုင်ဟွာ၏ အိမ်မှာ အလွန်ကြီးမားပြီး အခန်းများစွာ ရှိလေ၏။
ကျောင်းဇီဇယ်သည် ချန်ချိုင်ဟွာနှင့် တစ်ခန်းတည်းအတူအိပ်ပြီး ချန်ကျွေ့နှင့် ဖေ့ရှုချန်တို့က အခြားအခန်းတစ်ခန်းတွင် အတူအိပ်ကြလေသည်။
လူတိုင်း ကိုယ်လက်သန့်စင်ပြီးနောက် အိပ်ရာဝင်ကြသည်။
ရှန်ဟွိုင်နျန် ဤမျှလောက်အရှက်မဲ့လိမ့်မည်ဟု ကျောင်းဇီဇယ်မမျှော်လင့်ထားခဲ့ပေ။ အခန်းမပေးဘဲနေပါလျက်နှင့်ပင် သီးသန့်အခန်းတစ်ခန်းကို အတင်းအဓမ္မတောင်းဆိုခဲ့သည်ပင်။
မူလက သူမသည် ရှဲ့လီနှင့်အခန်းတစ်ခန်းတည်း အတူအိပ်ကာ ရှန်ဟွိုင်နျန်၏ဆိုးရွားသောလုပ်ရပ်များကို ပြောပြပြီး ရှဲ့လီကို ဦးနှောက်ဆေးရန် ရည်ရွယ်ထားခဲ့ခြင်းဖြစ်သည်။ နောက်ဆုံးတွင် ထိုလူယုတ်မာသည် သူမကို အခွင့်အရေးလုံးဝမပေးခဲ့ပေ။
တစ်နေ့လုံး ပင်ပန်းလာခဲ့ပြီးနောက် ရှဲ့လီသည် ကုတင်ပေါ်တွင် လှဲလျောင်းရင်း ခန္ဓာကိုယ်နှင့် စိတ်ပိုင်းဆိုင်ရာပါ အပြည့်အဝအနားရသွားသကဲ့သို့ ခံစားလိုက်ရလေသည်။
သူမ မျက်လုံးမှိတ်ကာ တွက်ချက်ကြည့်လိုက်သည်။ ယနေ့ သူမ သတင်းအချက်အလက် အတော်များများကို စုဆောင်းနိုင်ခဲ့လေပြီ။
ကျောင်းဇီဇယ်၏ပြောကြားချက်အရ ချန်ကျိယွမ်၏အဒေါ်၊ ဦးလေးနှင့် ဝမ်းကွဲမောင်နှမများအားလုံး ခန်မြို့တော်တွင် ရှိနေကြသည်။
မနက်ဖြန်တွင် သူမသည် အကြောင်းပြချက်တစ်ခုရှာကာ ထိုအိမ်များအားလုံးသို့ သွားရောက်လည်ပတ်ပေမည်။
သန်မာသောလက်တစ်စုံက သူမခါးကို ရစ်ပတ်ဖက်တွယ်လာပြီး ဒေါသထွက်နေသည့်အလား ခပ်တင်းတင်းညှစ်လိုက်လေသည်။
“အား”
ရှဲ့လီ ခါးတွင် ယားကျိကျိဖြစ်သွားသဖြင့် မမျှော်လင့်ဘဲ အော်ဟစ်လိုက်မိလေသည်။
ထိုစူးစူးဝါးဝါးအော်သံကြောင့် ဖေ့ရှုချန်နှင့် ချန်ကျွေ့တို့မျက်လုံးများ ဖန်ဂေါ်လီလုံးများကဲ့သို့ ပြူးကျယ်သွားကြပြီး အိပ်မပျော်နိုင်အောင် ဖြစ်သွားကြလေတော့၏။ ဖေ့ရှုချန်က တွေးလိုက်သည်။
‘ကောင်မစုတ် သူမကဇနီးဟောင်းဆိုပေမယ့် ငါ ဒီမှာရှိနေတုန်းပဲလေ ကောင်မစုတ်’
ချန်ကျွေ့ကလည်း တွေးလိုက်သည်။
‘တကယ်လို့ ရှန်ဟွိုင်နျန်သာ ရန်သူ့သူလျှိုဖြစ်နေခဲ့ရင် ရှောင်လီလေးရဲ့ အနာဂတ်က ဘယ်လိုဖြစ်သွားမလဲ’
အမျိုးသားနှစ်ဦးလုံး တစ်ပြိုင်နက်တည်း ထထိုင်လိုက်ကြပြီး ရှန်ဟွိုင်နျန်နှင့် ရှဲ့လီတို့အခန်းဆီသို့ ခြေဖော့ကာ ထွက်လာခဲ့ကြလေတော့သည်။