အခန်း ၁၇၆
Vol. 18 Ch. 176
Ch-176
သူတို့နှစ်ဦး အခန်းအတွင်းသို့ ရုတ်တရက်ဝင်ရောက်လာချိန်တွင် ရှန်ဟွိုင်နျန်သည် ရှဲ့လီအပေါ်မှ ဖိထားပြီး သူမခါးမှနေရာလေးများကို လိုက်ကလိနေလေသည်။
ရှဲ့လီမှာ ရယ်လွန်းသဖြင့် အသက်ရှူပင် မဝတော့ဘဲ မျက်ဖြူလန်လုမတတ်ဖြစ်နေလေသည်။
သို့သော် ချန်ကျွေ့နှင့် ဖေ့ရှုချန်တို့၏ မျက်လုံးထဲတွင်မူ….
‘ရှဲ့လီ မျက်ဖြူလန်နေတယ်လား’
“အား”
ထိုအမျိုးသားနှစ်ဦးသည် တောကြွက်များကဲ့သို့ စူးစူးဝါးဝါးအော်ဟစ်လိုက်ကြလေ၏။
ရှန်ဟွိုင်နျန်၏ မြေခွေးမျက်ဝန်းများ ကျဉ်းမြောင်းသွားပြီး ရှဲ့လီကိုစောင်ဖြင့် အမြန်ရစ်ပတ်လိုက်လေသည်။
တကယ်တမ်းတွင် ရှဲ့လီသည် အဝတ်အစား တစ်လွှာမျှပင်ချွတ်ထားခြင်းမရှိပေ။
“အိုး တပ်မှူးချန်မှာ ဒီလိုဝါသနာမျိုးရှိနေတယ်ဆိုတာ ကျွန်တော်မသိခဲ့ပါလား၊ လင်မယားနှစ်ယောက်ရဲ့ အိပ်ခန်းတွင်းကိစ္စတွေကို ချောင်းကြည့်ရတဲ့ ဝါသနာလေ”
ရှန်ဟွိုင်နျန်က မဲ့ပြုံးစစဖြင့် လှောင်ပြောင်လိုက်သည်။ ချန်ကျွေ့အမြင်တွင်မူ သူသည် တကယ့်ကို ကောက်ကျစ်စဉ်းလဲသော လူယုတ်မာကြီးတစ်ဦး ဖြစ်နေလေ၏။
ရှဲ့လီသည် စောင်ကိုဘေးဖယ်လိုက်ပြီး ခေါင်းလေး ပြူထွက်လာလေသည်။
“နင်တို့နှစ်ယောက် ဘာလုပ်နေကြတာလဲ၊ အခန်းထဲမဝင်ခင် တံခါးခေါက်ရမယ်ဆိုတာ မသိဘူးလား၊ တကယ့်ကို ရိုင်းစိုင်းလွန်းတယ်”
ချန်ကျွေ့သည် သူမှားယွင်းသွားကြောင်းသိသဖြင့် အံတင်းတင်းကြိတ်ထားလိုက်သည်။
သူသည် ရှဲ့လီကို အဓိပ္ပါယ်ပါပါတစ်ချက်စိုက်ကြည့်လိုက်ပြီးနောက် လှည့်ထွက်သွားလေ၏။ ချန်ကျွေ့ထွက်သွားသည်ကို မြင်သောအခါ ဖေ့ရှုချန်၏သတ္တိများလည်း ချက်ချင်းပင် ပျောက်ကွယ်သွားပြီး ခြေဖော့ကာ တိတ်တဆိတ်ထွက်ပြေးသွားလေတော့သည်။
သူသည် ရှန်ဟွိုင်နျန်တို့အတွက် တံခါးကိုပင် ညင်သာစွာပြန်ပိတ်ပေးခဲ့သေးသည်။ ရှဲ့လီနှင့် ရှန်ဟွိုင်နျန်တို့သည် တစ်ယောက်ကိုတစ်ယောက်ကြည့်ကာ ရယ်မောလိုက်ကြတော့၏။
ထိုညတွင် ရှဲ့လီတစ်ယောက် ဒယ်ပြားပေါ်တွင်လှော်ခံနေရသော မုန့်ချပ်လေးတစ်ခုအလား ဟိုဘက်ဒီဘက်လူးလှိမ့်နေလေသည်။
ချန်ကျိယွမ်၏နောက်ခံသမိုင်းကြောင်း မှန်ကန်မှု ရှိမရှိ စုံစမ်းထောက်လှမ်းရန် မနက်ဖြန်တွင် ဤလူများကို မည်သို့ ဖြတ်ချခဲ့ရမည်နည်းဆိုသော အတွေးများ စိတ်ထဲတွင်ပြည့်နှက်နေလေသည်။
နောက်ဆုံးတွင် ရှန်ဟွိုင်နျန်က သူမကို သူ့ရင်ခွင်ထဲသို့ ဆွဲသွင်းကာ ကျောလေးကို ညင်ညင်သာသာ ပွတ်သပ်ချော့သိပ်ပေးမှသာ အိပ်ပျော်သွားလေတော့၏။
နောက်တစ်နေ့တွင် သူတို့အုပ်စု အစားအသောက်များ စားသောက်ပြီးနောက် သွားရောက်လည်ပတ်ရန် ပြင်ဆင်ကြလေသည်။
ကျောင်းဇီဇယ်သည် တက်ကြွလန်းဆန်းနေပုံရပြီး လူတိုင်းကို လမ်းတစ်လျှောက်လုံး ဦးဆောင်ခေါ်သွားလေသည်။
ချန်ကျွေ့ကမူ ရှန်ဟွိုင်နျန်၏လှုပ်ရှားမှုတိုင်းကို တိတ်တဆိတ် စောင့်ကြည့်နေပြီး ဖေ့ရှုချန်မှာမူ သူ့တည်ရှိမှုကို လူမသိစေရန် အစွမ်းကုန်ကြိုးစားနေလေ၏။
မနေ့ညက အခန်းထဲသို့အရင်ဆုံးဝင်ရောက်သွားသူမှာ ချန်ကျွေ့ဖြစ်သော်လည်း အခန်းသို့ပြန်ရောက်သောအခါ ထိုချန်ကျွေ့က သူ့ကိုရိုက်နှက်ခဲ့သေးသည်ပင်။
အကြောင်းပြချက်မှာ သူ့အသက်ရှူသံက အရမ်းကျယ်လွန်းပြီး ချန်ကျွေ့ကို စိတ်အနှောင့်အယှက်ဖြစ်စေသည်ဟူ၍ပင်။
ရှဲ့လီသည် ရှန်ဟွိုင်နျန်ဘေးတွင် ကပ်လျက်လိုက်ပါလာပြီး နည်းလမ်းတစ်ခုခုရရန် ဦးနှောက်ကို အကြီးအကျယ် အလုပ်ပေးနေလေသည်။
ကျောင်းဇီဇယ်သည် သူမဝမ်းကွဲမောင်လေးမှာ ရှဲ့လီနှင့် မိုင်ပေါင်းများစွာ ကွာဝေးသောနေရာတွင် ရပ်နေပြီး စကားတစ်ခွန်းမျှ မဟရဲသည်ကိုမြင်တွေ့လိုက်ရလေသည်။
ဤပုံစံအတိုင်းဆိုလျှင်တော့ သူတို့အတွက် မျှော်လင့်ချက်မရှိတော့ပေ။
သူတို့အုပ်စုသည် မြို့ပေါ်ရှိ အပ်ချုပ်ဆိုင်တစ်ဆိုင်သို့ ရောက်ရှိသွားကြသည်။ ကျောင်းဇီဇယ်က ဤဆိုင်သည် ခန်မြို့တော်တွင် အကောင်းဆုံးဖြစ်ကြောင်းပြောဆိုကာ ရှဲ့လီကို အဝတ်အစားသစ်ချုပ်ရန် ကိုယ်တိုင်းယူခိုင်းလေသည်။
ရုတ်တရက် ကျောင်းဇီဇယ်အကြံတစ်ခုရသွားပြီး ရှဲ့လီကိုဆွဲခေါ်ရန် ရှေ့တိုးလာလေသည်။
“ရှောင်လီ၊ ဒီက နိုင်ငံတော်ပိုင်စားသောက်ဆိုင်မှာ တစ်ခါတလေ ရှန်ကျားသီးဖျော်ရည် ရောင်းတတ်တယ်၊ အရမ်းကို အရသာရှိတာ၊ အခုများ ရှိမလားမသိဘူး၊ ငါနဲ့အတူတူ သွားကြည့်ရအောင်လေ”
သူမသည် စကားပြောနေရင်းမှ ဖေ့ရှုချန်ကို မျက်စိမှိတ်ပြလိုက်လေ၏။
ဖေ့ရှုချန်သည် ကျောင်းဇီဇယ်အနောက်မှ အလျင်အမြန် လိုက်ပါသွားလေသည်။ ရှန်ဟွိုင်နျန်၊ ချန်ကျွေ့တို့နှင့် သူ တစ်ယောက်တည်း ကျန်ရစ်မနေခဲ့ချင်ပေ။
ရှဲ့လီတွင်လည်း ကိုယ်ပိုင်အစီအစဉ်များ ရှိလေသည်။ ရှန်ဟွိုင်နျန်နှင့် ချန်ကျွေ့တို့ကိုဖြတ်ချရန် ခက်ခဲသော်လည်း ကျောင်းဇီဇယ်နှင့် ဖေ့ရှုချန်တို့ကိုဖြတ်ချရန်မှာ အလွန်လွယ်ကူလှပေသည်။
သူမ ခေါင်းညိတ်ပြလိုက်ပြီး ကျောင်းဇီဇယ်နောက်သို့လိုက်ကာ အပြင်ထွက်လာခဲ့လေ၏။ ရှန်ဟွိုင်နျန်သည် ဖေ့ရှုချန်ပါ ပြေးထွက်သွားသည်ကိုမြင်သောအခါ သူတို့နောက်သို့လိုက်ရန် မတ်တတ်ထရပ်လိုက်သည်။
ရုတ်တရက် သူ့လက်ကောက်ဝတ်ကို တစ်စုံတစ်ယောက်က လှမ်းဆွဲလိုက်လေသည်။ အပ်ချုပ်သမား အဘိုးကြီးက ရယ်မောကာ သူ့ကို လက်ဟန်ခြေဟန်ဖြင့် ပြသရင်း မေးမြန်းလိုက်၏။
“ခုနက အမျိုးသမီးရဲဘော်လေးအတွက် အဝတ်အစားတစ်စုံလောက် ချုပ်ပေးမလို့လား”
ရှန်ဟွိုင်နျန်ခြေလှမ်းများ ရပ်တန့်သွားပြီး အပ်ချုပ်သမားအဘိုးကြီးကို မော့ကြည့်လိုက်လေသည်။
ထိုအချိန်တွင် ရှဲ့လီသည် ကျောင်းဇီဇယ်နောက်မှ နိုင်ငံတော်ပိုင်စားသောက်ဆိုင်သို့ လိုက်ပါသွားလေသည်။ လမ်းတစ်လျှောက်တွင် ကျောင်းဇီဇယ်သည် ရှန်ဟွိုင်နျန်၏အတင်းအဖျင်းများကို တရစပ်ပြောဆိုနေပြီး ဖေ့ရှုချန်ကိုမူ မိုးမွှန်အောင် ချီးကျူးနေလေ၏။
ရှဲ့လီအတွက်မူ ထိုစကားများသည် ဘယ်ဘက်နားကဝင်၍ ညာဘက်နားကထွက်သွားခြင်းသာ။ ရှန်ကျားသီးဖျော်ရည်စောင့်နေစဉ်အတွင်း သူမသည် ဝမ်းဗိုက်ကို ရုတ်တရက်ဖိကိုင်လိုက်သည်။
“ဒုက္ခပါပဲ”
ကျောင်းဇီဇယ်က စိုးရိမ်တကြီးဖြင့် ရှေ့တိုးလာသည်။
“ဘာဖြစ်လို့လဲ”
ဖေ့ရှုချန်ကလည်း ရှဲ့လီကိုလှမ်းကြည့်လိုက်၏။ ရှဲ့လီက သူမပါးစပ်ဖြင့် လေလည်သံနှစ်ချက်ကို ဖန်တီးပြီး ပြောလိုက်သည်။
“ဝမ်းသွားချင်နေလို့”
ဖေ့ရှုချန်သည် ချက်ချင်းပင်ခေါင်းကို တစ်ဖက်သို့ လွှဲဖယ်လိုက်လေတော့သည်။
‘အတော် ယဉ်ကျေးမှုမရှိတဲ့မိန်းမ'
ကျောင်းဇီဇယ်မှာ ဆွံ့အသွားရလေသည်။
“….”
“နင်တို့နှစ်ယောက် ဒီမှာပဲစောင့်နေကြနော်၊ ငါ ဝမ်းသွားမှာဆိုတော့ အချိန်နည်းနည်းကြာလိမ့်မယ်၊ တကယ်လို့ မစောင့်နိုင်ရင်လည်း တခြားလူတွေဆီ အရင်ပြန်သွားနှင့်ကြ”
ထိုသို့ပြောပြီးသည်နှင့် ရှဲ့လီသည် ဝမ်းဗိုက်ကို ဖိကိုင်ကာပြေးထွက်သွားလေတော့သည်။ သူမ ထွက်လာပြီးသည်နှင့် အရာအားလုံးက လွယ်ကူသွားလေပြီ။ အိမ်သာရှာရင်း လမ်းပျောက်သွားသည်ဟု အကြောင်းပြလိုက်ရုံသာပင်။
စုံစမ်းထောက်လှမ်းရန်အတွက် သူမ အချိန် တစ်နာရီ၊ နှစ်နာရီခန့်သာ လိုအပ်လေသည်။ အခြားသူများ မမှတ်မိစေရန်အတွက် ရှဲ့လီသည် ယခင်တာဝန်ထမ်းဆောင်စဉ်က အသုံးပြုခဲ့သော ရုပ်ဖျက်ပစ္စည်းများကို သူမလျှို့ဝှက်နေရာလွတ်ထဲမှ ထုတ်ယူလိုက်၏။
ကြီးမားသော မြည်းခွာပုံဖိနပ်များနှင့် အမျိုးသားဝတ် အဝတ်အစားများပင်။