← Chapters

အခန်း ၁၇၇

Vol. 18 Ch. 177

အခန်း ၁၇၇

Vol. 18 Ch. 177

Ch-177

ဤနည်းအားဖြင့် ရွာထဲတွင် ချန်ချိုင်ဟွာနှင့် ဆုံတွေ့လျှင်ပင် သူမကိုမှတ်မိမည်မဟုတ်သဖြင့် စိုးရိမ်စရာမလိုတော့ပေ။

ယခင်အကြိမ်က မြည်းခွာပုံဖိနပ်တစ်ဖက်မှာ ကျိုးပဲ့သွားခဲ့သဖြင့် သူမသည် ကျန်တစ်ဖက်မှ အပိုင်းတစ်ပိုင်းကို ဖြတ်ထုတ်လိုက်လေသည်။

ယခုအခါ ဖိနပ်နှစ်ဖက်စလုံးမှာ အချိုးညီသွားလေပြီ။

အပ်ချုပ်ဆိုင်၏တည်နေရာမှာ အတော်လေး မဟာဗျူဟာကျလှသည်။ ရွာသို့ ပြန်ရန်ဖြစ်စေ မြို့ထဲသို့ ဝင်ရန်ဖြစ်စေ မဖြစ်မနေဖြတ်သန်းရမည့်လမ်းခွဲတစ်ခုတွင် တည်ရှိနေခြင်းဖြစ်သည်။

ရှဲ့လီ တစ်ခဏမျှအကဲခတ်ကြည့်လိုက်ရာ ရှန်ဟွိုင်နျန်သည် အပ်ချုပ်သမားအဘိုးကြီးနှင့် စကားပြောနေသည်ကို တွေ့လိုက်ရ၏။ ချန်ကျွေ့မှာမူ အနည်းငယ် စိတ်မရှည်ဖြစ်နေပုံရပြီး ဟိုဟိုဒီဒီ လိုက်လံကြည့်ရှုနေလေသည်။

တိုက်ဆိုင်စွာပင် နွားလှည်းတစ်စီး ဖြတ်သန်းသွားလေသည်။ ရှဲ့လီသည် ခါးကိုင်းကာ နွားလှည်းဘေးတစ်ဖက်မှ ကပ်၍ လိုက်ပါသွားရာ ထိုနွားလှည်းက ရှန်ဟွိုင်နျန်နှင့် ချန်ကျွေ့တို့အမြင်အာရုံမှ သူမကို ကွယ်ပေးထားခဲ့လေ၏။

နွားလှည်းသည် အပ်ချုပ်ဆိုင်အရှေ့တည့်တည့်တွင် ရပ်တန့်သွားသည်။ လှည်းမောင်းသူသည် လမ်းတစ်ဖက်ကူးကာ ပစ္စည်းသွားပို့သဖြင့် ရှဲ့လီလည်း မဖြစ်မနေရပ်တန့်လိုက်ရပြီး ဖိနပ်ကြိုးချည်သယောင် ဟန်ဆောင်ကာ မြေပြင်ပေါ်တွင် ဆောင့်ကြောင့်ထိုင်နေလိုက်လေ၏။

လှည်းမောင်းသူမှာ အချိန်အတော်ကြာသည်အထိ ပြန်ထွက်မလာသဖြင့် ရှဲ့လီ အစီအစဉ်များ စတင်ဆွဲနေလေပြီ။

ရွာသို့ရောက်သည်နှင့်တစ်ပြိုင်နက် ရွာထိပ်ရှိ သတင်းဖြန့်ချိရေးအဖွဲ့ထံသို့ အရင်သွားမည်။ ထို့နောက် တစ်အိမ်ဝင် တစ်အိမ်ထွက်ဖြင့် စုံစမ်းရပေမည်။

သူမ စဉ်းစားနေစဉ်မှာပင် သူမအရှေ့တွင် အလင်းရောင်များ ပိုမိုလင်းထိန်လာသည်ကို ခံစားလိုက်ရလေသည်။

‘ဟင်’

‘လှည်းမောင်းသူက ဘယ်အချိန်ကတည်းက ပြန်ရောက်လာတာလဲ’

နွားလှည်းကြီးက အဝေးကြီးရောက်သွားခဲ့ပြီဖြစ်ပြီး သူမ တစ်ယောက်တည်းသာ ထိုနေရာတွင် ဆောင့်ကြောင့်ထိုင်လျက် ကျန်ရစ်ခဲ့လေသည်။

အလွန် သံသယဖြစ်ဖွယ်ကောင်းလှပေ၏။ ရှဲ့လီသည် အလျင်အမြန် မတ်တတ်ထရပ်လိုက်ပြီး ဘာမှမဖြစ်ခဲ့သကဲ့သို့ ရှေ့ဆက်လျှောက်သွားလေသည်။

ချန်ကျွေ့သည် ရှဲ့လီကို မြင်တွေ့လိုက်ရပြီး ထိုကျောပြင်မှာ အလွန်ရင်းနှီးနေသည်ဟု ခံစားလိုက်ရလေသည်။

သူ့ပေါင်သူ ပြင်းပြင်းထန်ထန်ရိုက်ချလိုက်မိ၏။

‘မှတ်မိပြီ’

‘ဒီလူက အရင်တစ်ခေါက် တာဝန်ထမ်းဆောင်တုန်းက တည်းခိုခန်းမှာ ငါ့အခန်းဘေးက အခန်းမှာတည်းခဲ့တဲ့ အရပ်ရှည်ရှည်၊ ပိန်ပိန်ပါးပါး လူတစ်ယောက် မဟုတ်ဘူးလား၊ အဲဒီတုန်းက ငါဖမ်းဖို့ ကြိုးစားခဲ့ပေမယ့် ရှန်ဟွိုင်နျန်က တားဆီးခဲ့လို့ အရပ် ၁.၆၊ ၁.၇ မီတာလောက်ရှိတဲ့ အဲဒီလူ ထွက်ပြေးလွတ်မြောက်သွားခဲ့တာလေ'

‘ဒါပေမယ့် ဒီလူက အရင်တစ်ခေါက်ကထက် နည်းနည်းပုနေသလိုပဲ'

ချန်ကျွေ့ ချက်ချင်းသဘောပေါက်သွားလေသည်။

‘ဒီလူက ရုပ်ဖျက်ထားတာပဲ၊ အရင်တုန်းက ဒေါက်မြင့်ဖိနပ် ဒါမှမဟုတ် အဲဒီလိုမျိုးတစ်ခုခုကို စီးထားခဲ့တာဖြစ်ရမယ်'

ထို့နောက် ရထားပေါ်တွင် ရှန်ဟွိုင်နျန်က ထိုလူအားလွှတ်ပေးခဲ့သည်ကို သူ ပြန်လည်သတိရသွားလေသည်။

‘ဒီလူနဲ့ ရထားပေါ်ကလူက တစ်ယောက်တည်းဖြစ်ဖို့ သေချာသလောက်ရှိနေပြီ’

ချန်ကျွေ့ အနောက်မှလိုက်ရန် ပြင်လိုက်စဉ် ရှန်ဟွိုင်နျန်က သူ့ကိုလှမ်းဆွဲလိုက်လေ၏။

ရှန်ဟွိုင်နျန်လည်း ရှဲ့လီကိုမြင်လိုက်ရသည်။ သူမ ဖော်ထုတ်မခံရအောင် သူ အပြည့်အ၀ ကာကွယ်ပေးရပေမည်။

ချန်ကျွေ့က ဒေါသတကြီးစွပ်စွဲလိုက်သည်။

“ရှန်ဟွိုင်နျန် အဲဒီလူက မင်းနဲ့ ကြံရာပါတွေမဟုတ်လား”

ရှန်ဟွိုင်နျန်အကြည့်များ အေးစက်သွားလေ၏။

“ဟုတ်တယ်”

နောက်တစ်စက္ကန့်တွင် ချန်ကျွေ့က လက်သီးဖြင့် ထိုးချလိုက်ပြီး အမျိုးသားနှစ်ဦးစတင်တိုက်ခိုက်ကြလေတော့သည်။

ထိုအချိန်တွင် ရှဲ့လီသည် တဟုန်ထိုး ပြေးလွှားကာ ရွာထဲသို့အလျင်အမြန် ပြန်သွားလေသည်။

ပထမဦးစွာ သူမသည် ရွာထိပ်ရှိ သတင်းဖြန့်ချိရေးအဖွဲ့အဒေါ်ကြီးများထံမှ သတင်းအချက်အလက်များကို ဆွဲထုတ်ခဲ့၏။ ထို့နောက် ဆွေမျိုးများကို လိုက်ရှာနေသယောင် ဟန်ဆောင်ကာ ချန်ကျိယွမ်၏ဆွေမျိုးများအိမ် အားလုံးသို့ တစ်အိမ်တက်ဆင်း လိုက်လံစုံစမ်းခဲ့လေသည်။

ယခုအချိန်အထိ သူမတွေ့ရှိရသလောက်တော့ ချန်ကျိယွမ်တွင် မည်သည့်ပြဿနာမျှ ရှိနေပုံမပေါ်ပေ။

ရှဲ့လီသည် သူမ၏ရုပ်ဖျက်ပစ္စည်းများကို ဖယ်ရှားရန်အတွက် လူသူကင်းမဲ့သောနေရာတစ်ခုကို ရှာဖွေလိုက်သည်။

ထို့နောက် သူမသည် နောက်လှည့်ကာ မြိုထဲသို့ ပြန်လည်ထွက်ခွာလာခဲ့လေသည်။ သူမ အပ်ချုပ်ဆိုင်သို့ ရောက်ရှိသောအခါ ကျောင်းဇီဇယ်သည် တံခါးဝတွင်ရပ်လျက် စိုးရိမ်တကြီး ဟိုဟိုဒီဒီ ကြည့်ရှုနေသည်ကို တွေ့လိုက်ရလေ၏။

ရှဲ့လီသည် အနည်းငယ်အပြစ်ရှိသလို ခံစားရကာ အပြေးအလွှားသွားလိုက်သည်။

“ဇီဇယ် နင် ငါ့ကို စိတ်ပူနေတာလား၊ ငါ ပြန်ရောက်လာပြီလေ၊ ငါက လမ်းနည်းနည်းမှားတတ်လို့ပါ၊ ကိစ္စပြီးသွားတော့ အပြန်လမ်းကို ရှာမတွေ့ဘဲ ဘယ်လိုဖြစ်ပြီး ရွာထဲရောက်သွားမှန်းကိုမသိဘူး၊ အခုမှ ဒီကိုပြန်ရောက်လာတာ”

ရှဲ့လီကိုမြင်သောအခါ ကျောင်းဇီဇယ်သည် သူမကိုဆွဲကာ အပ်ချုပ်ဆိုင်အတွင်းသို့ ဝင်သွားလေသည်။

“ရှဲ့လီ ပြဿနာတော့ တက်ပြီဟေ့၊ ရှန်ဟွိုင်နျန် ပျောက်သွားပြီ”

ရှဲ့လီမှာ မှင်တက်သွားလေ၏။

“သူက လူကြီးတစ်ယောက်လေ၊ လေထဲကို ရုတ်တရက် ပျောက်ကွယ်သွားနိုင်တာမှ မဟုတ်တာ၊ အရမ်းကြီးမစိုးရိမ်ပါနဲ့”

ကျောင်းဇီဇယ်က စိုးရိမ်တကြီးဖြင့် ခြေဆောင့်ကာ ရှဲ့လီကိုအပ်ချုပ်ဆိုင်အတွင်းသို့ ဆွဲခေါ်သွားလေသည်။

ဆိုင်အတွင်းပိုင်းမှာ လုံးဝကိုဖရိုဖရဲဖြစ်နေလေပြီ။ စားပွဲများ မှောက်ခုံဖြစ်နေပြီ၊ ခုံတန်းများလည်းလဲကျနေကာ ချန်ကျွေ့သည် ထောင့်တစ်နေရာတွင် သတိလစ်မေ့မြောနေလေသည်။ ကြမ်းပြင်ပေါ်တွင်လည်း သွေးအိုင်ကြီးတစ်ခု ရှိနေသေး၏။

ကျောင်းဇီဇယ်အသံမှာ အနည်းငယ် တုန်ယင်နေလေသည်

“ရှောင်လီ၊ ချန်ကျွေ့က သတိလစ်နေတယ်၊ အပ်ချုပ်ဆိုင်ပိုင်ရှင်လည်း မရှိတော့ဘူး၊ စိတ်မပူပါနဲ့ ငါဖေ့ရှုချန်ကို ရဲစခန်းမှာ တိုင်ချက်ဖွင့်ဖို့လွှတ်လိုက်ပြီ”

ရှဲ့လီသည် ကြမ်းပြင်ပေါ်ရှိသွေးများကို ကြည့်လိုက်သည်။ ချန်ကျွေ့နဖူးတွင် ဒဏ်ရာအနည်းငယ်ရထားသော်လည်း အခြားမည်သည့်နေရာမှ သွေးထွက်နေခြင်းမရှိပေ။

ဒါဆို ဒီသွေးတွေက အပ်ချုပ်သမားအဘိုးကြီးရဲ့သွေးတွေလား ဒါမှမဟုတ် ရှန်ဟွိုင်နျန်ရဲ့သွေးတွေလား’

‘အပ်ချုပ်သမားအဘိုးကြီးက ဘယ်သူလဲ၊ ပြီးတော့ ရှန်ဟွိုင်နျန်က ဘယ်ကို ရောက်သွားတာလဲ'

‘ရှန်ဟွိုင်နျန်ကို ရန်သူ့သူလျှိုကများ တိုက်ခိုက်လိုက်တာလား၊ ဒီစစ်ဆင်ရေးကို ရန်သူ့သူလျှိုတွေက စောင့်ကြည့်နေခဲ့တာလား'

“ရှောင်....ရှောင်လီ”

ချန်ကျွေ့ သတိရလာလေပြီ။

ရှဲ့လီသည် သူ့ကိုထူပေးရန် အလျင်အမြန် ရှေ့တိုးသွားလိုက်သည်။ ချန်ကျွေ့သည် ဒယီးဒယိုင်ဖြင့် မတ်တတ်ထရပ်လိုက်ပြီး သူ့လည်ချောင်းထဲမှ စကားတစ်ခွန်းကို အားယူကာညှစ်ထုတ်လိုက်လေ၏။

“ရှန်ဟွိုင်နျန်က ရန်သူ့သူလျှိုပဲ”

All Chapters