← Chapters

အခန်း ၁၇၈

Vol. 18 Ch. 178

အခန်း ၁၇၈

Vol. 18 Ch. 178

Ch-178

ထိုစကားကိုပြောပြီးသည်နှင့် ချန်ကျွေ့သည် ထပ်မံ၍ သတိလစ်မေ့မြောသွားတော့သည်။ ရှဲ့လီသည် ချန်ကျွေ့ဒဏ်ရာများကို စစ်ဆေးကြည့်လိုက်သည်။ သူသည် လည်ကုပ်ကို လက်ဝါးစောင်းဖြင့် ပြင်းထန်စွာ ရိုက်နှက်ခံထားရခြင်းပင်။

သူ သတိပြန်လည်လာပြီး ထိုစကားတစ်ခွန်းကိုပြောနိုင်ခဲ့ခြင်းကပင် အလွန်တရာ အံ့ဩဖွယ်ကောင်းသော တိုက်ဆိုင်မှုတစ်ခု ဖြစ်နေလေပြီ။

ရှဲ့လီသည် ချန်ကျွေ့ကိုကြမ်းပြင်ပေါ်သို့ ပြန်ချပေးလိုက်ပြီး ကျောင်းဇီဇယ်ဘက်သို့ လှည့်လိုက်သည်။

“ဇီဇယ်၊ ချန်ကျွေ့ကို သေချာစောင့်ကြည့်ပေးထားနော်၊ ငါ ရှန်ဟွိုင်နျန်ကို သွားရှာလိုက်ဦးမယ်”

ရှန်ဟွိုင်နျန်သည် ရန်သူ့သူလျှိုတစ်ယောက် လုံးဝမဖြစ်နိုင်ပေ။ သို့သော် သူသည် ရန်သူ့သူလျှိုများ၏ခြုံခိုတိုက်ခိုက်ခြင်းကို ခံလိုက်ရခြင်းဖြစ်နိုင်ခြေများလေသည်။

ချန်ကျွေ့က ရှန်ဟွိုင်နျန်ကို တစ်နည်းနည်းဖြင့် အထင်လွဲသွားခြင်းဖြစ်နိုင်သော်လည်း ရှန်ဟွိုင်နျန်၏လက်ရှိအခြေအနေမှာ အလွန်တရာအန္တရာယ်များနေမည်မှာ သေချာလှသည်။

ကျောင်းဇီဇယ်သည် တတ်နိုင်သမျှ တည်ငြိမ်အောင် ကြိုးစားနေလေ၏။ သူမအသံများ အနည်းငယ်တုန်ယင်နေသော်လည်း မျက်နှာပေါ်တွင်မူ ပြတ်သားသောသန္နိဋ္ဌာန်များကို တွေ့မြင်နိုင်သည်။

“ရှောင်လီ စိတ်မပူနဲ့၊ ချန်ကျွေ့ကို ငါ သေချာဂရုစိုက်ထားပါ့မယ်၊ နင် သတိထားသွားနော်”

ကျောင်းဇီဇယ်သည် သူမကိုယ်သူမ အလွန်အမင်း အပြစ်တင်နေမိလေသည်။ သူမသာ ဖေ့ရှုချန်ကို အတင်းအဓမ္မခေါ်မလာခဲ့လျှင် သူတို့ အပ်ချုပ်ဆိုင်သို့ ရောက်လာမည်မဟုတ်ပေ။

သူမသာ ဖေ့ရှုချန်နှင့် ရှဲ့လီအတွက် အခွင့်အရေးဖန်တီးပေးရန် အတင်းမကြိုးစားခဲ့လျှင် နိုင်ငံတော်ပိုင်စားသောက်ဆိုင်သို့သွားမည်မဟုတ်ဘဲ ဤကဲ့သို့သော အဖြစ်အပျက်မျိုးလည်း ဖြစ်လာမည်မဟုတ်ပေ။

သို့သော် သူမသည် မျက်ရည်ခံပြကာ အချိန်ဆွဲမနေဘဲ အံကိုကြိတ်လျက် ချန်ကျွေ့ဘေးတွင်သာ နေရစ်ခဲ့လေသည်။ သူမ ရှဲ့လီအတွက် နောက်ထပ်ပြဿနာများ ထပ်ဖန်တီး၍မဖြစ်ချေ။

ရှဲ့လီသည် မျက်လုံးမှိတ်လိုက်ပြီး ယခုလေးတင်ဖြစ်ပျက်သွားခဲ့သမျှ အရာအားလုံးကို ပြန်လည်ပုံဖော်ကြည့်လိုက်လေသည်။ သူမမှတ်ဉာဏ်မှာ သာမန်လူများထက် အဆပေါင်းများစွာ သာလွန်ကောင်းမွန်လှသည်။ သူမ တစ်ကြိမ် မြင်ဖူးသမျှ အရာဝတ္ထုများ၊ အဖြစ်အပျက်များနှင့် လူများကို သူမ ရှင်းလင်းပြတ်သားစွာမှတ်မိနိုင်စွမ်းရှိလေ၏။

သူမသည် အပ်ချုပ်ဆိုင်အတွင်းသို့ ဝင်ရောက်လာချိန်မှစ၍ ပြန်လည်ပုံဖော် ကြည့်လိုက်ရာ မြင်ကွင်းများမှာ ပုံရိပ်ပြစက်မှပြသနေသည့်အလား သူမစိတ်အာရုံထဲတွင် တစ်ကွက်ချင်းစီဖြတ်ပြေးသွားလေတော့သည်။

ရုတ်တရက် သူမမျက်လုံးဖွင့်လိုက်သည်။ ထိုအပ်ချုပ်သမားအဘိုးကြီးထံတွင် တစ်စုံတစ်ရာ မှားယွင်းနေလေ၏။

သူမ ကျောင်းဇီဇယ်နောက်မှ နိုင်ငံတော်ပိုင်စားသောက်ဆိုင်သို့ လိုက်ပါသွားချိန်တွင် ရှန်ဟွိုင်နျန်က သူမတို့နောက်သို့ လိုက်ရန်ကြိုးစားခဲ့ရာ ထိုအပ်ချုပ်သမားအဘိုးကြီးက ရှန်ဟွိုင်နျန်၏လက်ကောက်ဝတ်ကို ဆွဲကိုင်ကာ လက်ဟန်ခြေဟန်တစ်ခုပြသခဲ့သည်မဟုတ်လား။

ထိုလက်ဟန်ခြေဟန်က မည်သည့်အရာကို ကိုယ်စားပြုနေသနည်း။ ရှဲ့လီက မေးလိုက်သည်။

“ဇီဇယ် ငါ့ကိုခန်မြို့တော်ရဲ့ မြေပုံကြမ်းလေး ဆွဲပြပေးနိုင်မလား”

အခြေအနေ ပို၍အရေးကြီးလာလေလေ ရှဲ့လီ ပို၍တည်ငြိမ်လာလေလေဖြစ်သည်။

ကျောင်းဇီဇယ်သည် အပ်ချုပ်ဆိုင်အတွင်းမှ မြေဖြူခဲအချို့ကိုလှည့်ယူကာ ကြမ်းပြင်ပေါ်တွင် ရှဲ့လီအတွက် မြေပုံတစ်ခုကို စတင်ဆွဲပြလေ၏။

သူမ၏ပုံဆွဲလက်ရာမှာ သိပ်မကောင်းလှသော်လည်း သူမအသေးစိတ်ရှင်းပြပေးခဲ့သည်။ ရှဲ့လီက အလျင်အမြန် ခွဲခြမ်းစိတ်ဖြာကြည့်လိုက်သည်။ အကယ်၍ ရန်သူ့သူလျှိုများက ရှန်ဟွိုင်နျန်ကို ဖမ်းဆီးသွားခဲ့မည်ဆိုပါက သူတို့သည် တောင်အနောက်ဘက်သို့သွားသောလမ်းမှ သေချာပေါက်ထွက်ခွာသွားကြမည်သာ။

ထိုလမ်းမှာ လူသူကင်းမဲ့ပြီး ဘေးကင်းလုံခြုံပေသည်။ ရှဲ့လီသည် အပ်ချုပ်ဆိုင်၏ ကြီးမားသော ၂၈လက်မအရွယ် စက်ဘီးကြီးပေါ်သို့ ခုန်တက်ကာ ထိုလမ်းဆီသို့ တဟုန်ထိုး နင်းသွားလေတော့သည်။

‘ရှန်ဟွိုင်နျန်’

‘ကျွန်မကို စောင့်နေပါ'

‘ရှင့်ကိုကယ်ဖို့ ကျွန်မလာနေပြီ'

‘ကျေးဇူးပြုပြီး’

‘ကျေးဇူးပြုပြီး မသေပါနဲ့နော်'

သူမသည် စာအုပ်ထဲသို့ကူးပြောင်းမလာမီက သူမအချစ်ဆုံးသူငယ်ချင်း ရှောင်ချီကို သတိရသွားလေ၏။ ရှောင်ချီသည် ရန်သူ့သူလျှိုများ၏ဓားစာခံအဖြစ် ဖမ်းဆီးခြင်းကိုခံခဲ့ရပြီး နောက်ကျသွားခဲ့သဖြင့် နယ်စပ်တွင် ကြိုးဆွဲချခံရကာ သွေးထွက်လွန်ပြီး သေဆုံးသွားခဲ့ရလေသည်။

သစ်ပင်ပေါ်တွင် စုတ်ပြတ်နေသော အရုပ်မလေးတစ်ရုပ်အလား တွဲလောင်းကျနေသည့် ရှောင်ချီ့ပုံရိပ်ကို သူမ ရှင်းလင်းပြတ်သားစွာမှတ်မိနေဆဲပင်။

ရှဲ့လီအကြည့်များမှာ ပြတ်သားနေပြီး သူမစိတ်အာရုံမှာလည်း အလွန်တရာ ရှင်းလင်းနေလေသည်။ သူမသွေးကြောများအတွင်း၌ ဟော်မုန်းများပေါက်ကွဲထွက်လာပြီး သူမခြေထောက်များမှာ စက်ဘီးကို ပိုမိုမြန်ဆန်စွာနင်းလာလေရာ စက်ဘီးမှာ လေဘီးများတပ်ထားသည့်အလား မြန်ဆန်လွန်းသဖြင့် ဝေဝါးသွားလေတော့သည်။

ထိုကဲ့သို့သော အဖြစ်အပျက်မျိုးကို သူမ လုံးဝခွင့်ပြုမည်မဟုတ်ပေ။

လုံးဝကို ခွင့်ပြုမည်မဟုတ်ပေ။

လမ်းမပေါ်ရှိလူများမှာ တစ်စုံတစ်ရာ ဖြတ်ပြေးသွားသကဲ့သို့ လေပြင်းတစ်ချက်ကိုသာ ခံစားလိုက်ကြရလေသည်။

ကောင်လေးတစ်ယောက်က ဝေးကွာသွားသော ရှဲ့လီကျောပြင်ကို လက်ညှိုးထိုးပြကာ အော်ဟစ်လိုက်၏။

“အမေ ဟိုမှာကြည့် လေဘီးကြီး”

ခန်မြို့တော် တောင်နောက်ဘက်လမ်း

ကျဲဖန် C30ကုန်တင်ကားတစ်စီးသည် လမ်းပေါ်တွင် အရှိန်အဟုန်ဖြင့်မောင်းနှင်နေလေသည်။

ကားခေါင်းခန်းအတွင်း၌ ရှန်ဟွိုင်နျန်၊ အပ်ချုပ်သမားအဘိုးကြီးနှင့် နိုင်ငံတော်လုံခြုံရေးဝန်ကြီးဌာန၏ အကြီးအကဲတို့ ထိုင်နေကြလေသည်။

အပ်ချုပ်သမားအဘိုးကြီးက ကားကို မောင်းနှင်နေပြီး အကြီးအကဲ၏မျက်နှာထားမှာ အလွန်တည်ကြည်လေးနက်နေလေ၏။

အကြီးအကဲက စကားစလိုက်သည်။

“ဟွိုင်နျန် ဒီတစ်ကြိမ်မှာ အဘိုးကြီးချိုင်ကို မင်းရဲ့ကိုယ်ပိုင်အမှတ်အသား ထုတ်ပြရတာကလွဲပြီး တခြားရွေးချယ်စရာမရှိခဲ့ဘူးကွ”

အပ်ချုပ်သမားအဘိုးကြီးက ရှန်ဟွိုင်နျန်ကို သွားများပေါ်အောင်ရယ်ပြကာ ပြုံးပြလိုက်သည်။ သို့သော် ရှန်ဟွိုင်နျန်ကမူ မည်သည့်မျက်နှာအမူအရာမျှမပြဘဲ ခေါင်းကို တစ်ဖက်သို့လွှဲဖယ်လိုက်လေ၏။ အကြီးအကဲက ဆက်လက်ရှင်းပြလေသည်။

“ငါတို့ရဲ့ရဲဘော်တွေက အမြစ်ကြီးနဲ့ အထုပ်ကြီးတို့ရဲ့ လှုပ်ရှားမှုတွေကို တိတ်တဆိတ် စုံစမ်းထောက်လှမ်းနေခဲ့တာ၊ ဒီလမ်းကြောင်းပေါ်မှာ ရန်သူ့သူလျှိုနှစ်ယောက်ပဲ ကျန်တော့တယ်ဆိုတာကို ငါတို့အတည်ပြုပြီးပြီ၊ သူတို့ကို ဖမ်းမိတာနဲ့ ဒီစစ်ဆင်ရေးကပြီးဆုံးသွားပြီပဲ”

All Chapters