အခန်း ၁၇၉
Vol. 18 Ch. 179
Ch-179
ရှန်ဟွိုင်နျန်မှာ အနည်းငယ်ဂဏာမငြိမ်ဖြစ်နေပြီး ဟိုဟိုဒီဒီလိုက်ကြည့်နေလေသည်။ အကြီးအကဲက ဆက်ပြော၏။
“ရန်သူ့နိုင်ငံက ဒီလမ်းကြောင်းကို မင်းကိုလုပ်ကြံဖို့ သီးသန့်ချထားတာပဲ၊ ဒီတာဝန်ပြီးဆုံးသွားရင် မင်းအချိန်အကြာကြီး အနားယူလို့ရပါပြီ၊ ပြီးတော့...”
အကြီးအကဲက အဓိပ္ပါယ်ပါပါဖြင့် ထပ်လောင်းပြောဆိုလိုက်သည်။
“ဒီတာဝန်က ထိပ်တန်းလျှို့ဝှက်ချက်ပဲ၊ မင်းရဲ့ဇနီးကို ပြောပြလို့မရဘူး၊ အတိအကျပြောရရင် မင်းရဲ့လက်အောက်ခံ တလီခွေ့ကိုပေါ့”
ရှန်ဟွိုင်နျန်မှာ လန့်ဖြပ်သွားပြီး အကြီးအကဲဘက်သို့ လှည့်ကြည့်လိုက်လေသည်။ အကြီးအကဲ၏မျက်နှာမှာ တည်ငြိမ်နေသော်လည်း စူးရှသော သူ့လင်းယုန်မျက်လုံးများက ရှန်ဟွိုင်နျန်ကို စူးစိုက်ကြည့်နေလေ၏။
“ဟွိုင်နျန် တလီခွေ့ရဲ့သရုပ်မှန်ကို မင်း သိနေခဲ့တာပဲ၊ ဘာလို့ သတင်းမပို့ခဲ့တာလဲ၊ အဖွဲ့အစည်းကတော့ ဒီကိစ္စကို အရေးယူဖို့ အစီအစဉ်မရှိပါဘူး၊ ဒါပေမယ့် ဒီတာဝန်က ထိပ်တန်းလျှို့ဝှက်ချက်ဖြစ်လို့ ရှဲ့လီကိုတစ်ခွန်းမှမပြောဖို့ တားမြစ်ထားတယ်၊ အဖွဲ့အစည်းရဲ့ အစီအစဉ်အတိုင်း မင်းလိုက်နာရမယ်”
ရှဲ့လီသည် တလီခွေ့ဖြစ်ကြောင်းကို အကြီးအကဲသိရှိနေပြီဖြစ်ကြောင်း ရှန်ဟွိုင်နျန် သဘောပေါက်သွားလေသည်။
နိုင်ငံတော်လုံခြုံရေးဝန်ကြီးဌာနသည် ရန်သူကို ရန်သူ့နည်းဖြင့် ပြန်လည်နှိမ်နင်းရန် ဆုံးဖြတ်ခဲ့ပြီး ဤတာဝန်ကို စီစဉ်ခဲ့ခြင်းဖြစ်သည်။ လုံခြုံရေးဝန်ကြီးဌာနမှ ရဲဘော်များသည် အမြစ်ကြီးနှင့် အထုပ်ကြီးဟူသော ရန်သူ့သူလျှိုနှစ်ဦးပုန်းအောင်းနေသည့် ယေဘုယျနေရာကို ရှာဖွေတွေ့ရှိခဲ့ပြီးနောက် သူတို့ကိုမြှူဆွယ်ထုတ်ရန် ဤအစီအစဉ်ကို ရေးဆွဲခဲ့ကြခြင်းဖြစ်၏။
ထိုအစီအစဥ်က ရှန်ဟွိုင်နျန်ကို ငါးစာအဖြစ် အသုံးပြုခြင်းပင်။ ရှန်ဟွိုင်နျန် ပျောက်ဆုံးသွားသည်ဟူသော သတင်းကို ဖန်တီးခြင်းဖြစ်သည်။
နိုင်ငံများစွာက ရှန်ဟွိုင်နျန်ကို စောင့်ကြည့်နေကြရာ အမြစ်ကြီးနှင့် အထုပ်ကြီးတို့သည် ရှန်ဟွိုင်နျန်သေဆုံးသွားခြင်းရှိမရှိကို သေချာပေါက် စစ်ဆေးအတည်ပြုရန် ကြိုးစားကြမည်ပင်။
ထိုနည်းအားဖြင့် သူတို့သည် သေချာပေါက် ထွက်ပေါ်လာကြပေမည်။ ရှန်ဟွိုင်နျန်၏ မျက်ခုံးများ ပိုမိုတွန့်ချိုးသွားလေသည်။ အချိန်အတန်ကြာပြီးနောက် သူက အေးစက်စက် နှာခေါင်းရှုံ့လိုက်၏။
“ခင်ဗျားတို့က ကျွန်တော်နဲ့ရှောင်လီကို ရန်သူတွေလို သဘောထားပြီးကစားနေတာလား”
အကြီးအကဲ၏မျက်နှာမှာ မည်းမှောင်သွားလေသည်။
“ဟွိုင်နျန် အဖွဲ့အစည်းနဲ့ပြည်သူလူထုအတွက်လိုအပ်လာရင် ငါတို့အနစ်နာခံရမယ်လေ”
ရှန်ဟွိုင်နျန်က အကြီးအကဲကို ပြန်လည်စိုက်ကြည့်လိုက်သည်။ သူ့မျက်နှာမှာ အေးစက်နေပြီး ထိုမြေခွေးမျက်ဝန်းများမှာလည်း အလွန်တရာ အေးစက်ခက်ထန်နေလေ၏။
“ကျွန်တော့်ကိုယ်ကျွန်တော် အနစ်နာခံနိုင်ပေမယ့် ရှောင်လီကိုတော့ အနစ်နာမခံခိုင်းနိုင်ဘူး”
အရင်တုန်းက ကျန်းချင်းလျန် သူ့ကို ပြောခဲ့ဖူးသည်။
“တပ်မှူး လူတိုင်းက တစ်ချိန်ချိန်ကျရင် ကိုယ်ကာကွယ်ပေးချင်တဲ့ အရာတစ်ခု ဒါမှမဟုတ် လူတစ်ယောက်ကို ရှာတွေ့လာတတ်ကြတာပဲ”
ထိုအချိန်က ရှန်ဟွိုင်နျန်နားမလည်ခဲ့ပေ။ သို့သော် ယခုတော့ သူနားလည်သွားလေပြီ။ သူ ရှဲ့လီကို ကာကွယ်ပေးချင်သည်။
သူမကို စောင့်ရှောက်နိုင်ရန်အတွက် ရှဲ့လီသည် တလီခွေ့ဖြစ်ကြောင်းကို အဖွဲ့အစည်းထံမှ တမင်သက်သက်ဖုံးကွယ်ထားခဲ့ခြင်းဖြစ်သည်။ အနည်းဆုံးတော့ သူတို့ အတူတကွတာဝန်ထမ်းဆောင်နိုင်ပြီး ခွဲခွာရမည်မဟုတ်ပေ။
အကြီးအကဲက သက်ပြင်းတစ်ချက်ချလိုက်သည်။
“ဒါကြောင့်မလို့ ဒီစစ်ဆင်ရေးမှာ ငါတို့ ရှဲ့လီကို ဖယ်ထုတ်ထားခဲ့တာပေါ့”
သူ့လက်အောက်ငယ်သားကို သူ ကောင်းကောင်းကြီးသိလေသည်။
နှစ်ထောင်ချီသံသစ်ပင်ကြီး ရှန်ဟွိုင်နျန်သည် လုံးဝပွင့်မည်မဟုတ်သလို ပွင့်လာခဲ့ပါကလည်း မည်သည့်အရာကိုမျှ ခြွင်းချက်မထားဘဲ အပြည့်အဝ ပွင့်လန်းလာမည့်သူမျိုးဖြစ်လေ၏။
ဤတာဝန်ပြီးဆုံးသွားပြီးနောက်တွင် သူသည် နိုင်ငံတော်လုံခြုံရေး၏ ရှေ့တန်းစစ်မျက်နှာပြင်အတွက် သင့်လျော်တော့မည်မဟုတ်ပေ။ ယခုအခါ သူ စိုးရိမ်ပူပန်ရမည့်အရာတစ်ခုရှိလာခဲ့လေပြီ။
အကြီးအကဲက ရှန်ဟွိုင်နျန်ကိုကြည့်လိုက်သည်။
“ဟွိုင်နျန် အမြစ်ကြီးနဲ့ အထုပ်ကြီးက ထိပ်တန်းအဆင့် ရန်သူ့သူလျှိုတွေပဲ၊ ရှဲ့လီကိုဖုံးကွယ်ထားမှသာ သူတို့ကို လှည့်စားနိုင်လိမ့်မယ်၊ ရှဲ့လီကိုပြောပြပြီး မင်းတို့နှစ်ယောက်လုံးဟန်ဆောင်ရင် သူတို့ကို လှည့်စားနိုင်လိမ့်မယ်လို့မထင်နဲ့၊ ဒီတာဝန်သာ ကျရှုံးသွားရင် မင်းနဲ့ ရှဲ့လီရဲ့အခြေအနေက ပိုပြီးအန္တရာယ်များသွားလိမ့်မယ်၊ ဒီတစ်ခါ အောင်မြင်မှုက အရာအားလုံးကို အပြီးတိုင်ဖြေရှင်းပေးနိုင်လိမ့်မယ်”
ရှန်ဟွိုင်နျန် အလျော့ပေးလိုက်လေသည်။ ရှဲ့လီကို နောင်အနာဂတ်တွင် အန္တရာယ်များကြားထဲ၌ အမြဲမပြတ် နေထိုင်ရသည်ကို သူမမြင်လိုပေ။
ဤတာဝန်ပြီးဆုံးသွားပါက လျောင်းနင်ပြည်နယ်မှ မြို့တော်သို့ပြန်လည်ပြောင်းရွှေ့ရန် သူလျှောက်ထားမည်ဖြစ်သည်။
ကားမောင်းနေသော အပ်ချုပ်သမားအဘိုးကြီး၏အမည်မှာ ချိုင်ဖြစ်ပြီး သူသည် ခန်မြို့တော်တွင် နိုင်ငံတော်လုံခြုံရေးဝန်ကြီးဌာနက ထည့်သွင်းထားသော ရဲဘော်တစ်ဦးဖြစ်လေ၏။
အဘိုးကြီးချိုင်သည် နောက်ကြည့်မှန်ကို တစ်ချက်ကြည့်လိုက်ရာ သူ့လက်များမှာ ရုတ်တရက်တုန်ယင်သွားလေသည်။
“အိုး ဘုရားရေ အဲဒါကြီးက ဘာကြီးလဲ”
ရှန်ဟွိုင်နျန်နှင့် အကြီးအကဲတို့သည် ကားခေါင်းခန်း၏နောက်ဘက်ပြတင်းပေါက်မှတစ်ဆင့် လှည့်ကြည့်လိုက်ကြသည်။
အရူးတစ်ယောက်ကဲ့သို့ စက်ဘီးကိုတဟုန်ထိုးနင်းလာနေသော တက်ကြွသည့်ပုံရိပ်တစ်ခုကို သူတို့မြင်တွေ့လိုက်ရလေ၏။
‘ရှဲ့လီပါလား'
ရှန်ဟွိုင်နျန်မျက်လုံးများမှာ အလိုအလျောက်နူးညံ့သွားပြီး နောက်လှည့်ကာ သူမကို လေးလေးနက်နက် စိုက်ကြည့်နေမိလေသည်။
ကားပြတင်းပေါက်များမှာ မှန်အမည်းများတပ်ဆင်ထားသဖြင့် သူမသည် အပြင်မှနေ၍ အတွင်းသို့မမြင်နိုင်ပေ။
ရှဲ့လီသည် စက်ဘီးကို အသေအလဲနင်းနေပြီး သူမခြေထောက်များမှာ လျင်မြန်လွန်းသဖြင့် ဝေဝါးနေသည်ကို သူတို့ တွေ့လိုက်ရလေသည်။
သူမဆံပင်များမှာ လေထဲတွင်လွင့်ပျံနေပြီး ခြေသလုံးလောက်ရှိသော သူမအင်္ကျီရှည်မှာလည်း တစ်စိတ်တစ်ပိုင်း စုတ်ပြဲနေလေပြီ။
သူမသားရေဖိနပ်တစ်ဖက်မှာ ကျွတ်ထွက်သွားပြီး ကျန်တစ်ဖက်မှာလည်း ခြေကျင်းဝတ်တွင် သိုင်းကြိုးလေးဖြင့်သာ တွဲလောင်းကျနေလေသည်။
သူမသည်တော့ ထိုအရာများကိုလုံးဝ သတိမထားမိပေ။ စက်ဘီး၏ ခြေနင်းတုံးအစွပ်များပင် ပြုတ်ထွက်နေလေပြီ။
သူမသည် ရှေ့မှကျဲဖန် C30ကုန်တင်ကားကိုသာ စူးစိုက်ကြည့်နေပြီး ရုတ်တရက် အရှိန်မြှင့်တင်လိုက်လေတော့သည်။
သူမသည် ထိုကုန်တင်ကားကို စက်ဘီးဖြင့် အသက်လုကာလိုက်လံဖမ်းဆီးနေလေသည်။ စက်ဘီးခြေနင်းပေါ်တွင် မတ်တတ်ရပ်လျက် သူမကကုန်တင်ကားဆီသို့ အော်ဟစ်လိုက်၏။
“ရှန်ဟွိုင်နျန် မကြောက်နဲ့နော်၊ ရှင့်ကို ကယ်ဖို့ ကျွန်မရောက်လာပြီ”
ရှန်ဟွိုင်နျန်မျက်လုံးများမှာ ပူနွေးလာပြီး ကားတံခါးလက်ကိုင်ကို ဖွင့်ရန် လက်လှမ်းလိုက်လေတော့သည်။