အခန်း ၁၈၀
Vol. 18 Ch. 180
Ch-180
“မင်းရူးနေတာလား”
အကြီးအကဲသည် ရှန်ဟွိုင်နျန်လက်ကို ကားတံခါးလက်ကိုင်မှ ရိုက်ချလိုက်လေသည်။
“အခု မင်းအပြင်ထွက်သွားရင် မင်းရဲ့ ဇနီးပါ ဒီကိစ္စထဲရောက်သွားလိမ့်မယ်”
ရှန်ဟွိုင်နျန်မှာ မချိတင်ကဲသည်းခံလိုက်ရ၏။
“အိုး ဘုရားရေ”
အပ်ချုပ်သမားအဘိုးကြီးချိုင်က အော်ဟစ်လိုက်ပြီးနောက် အကြီးအကဲမှ နောက်လှည့်ကြည့်လိုက်ရာ ရှဲ့လီ၏ကျယ်လောင်သော အော်ဟစ်သံကို ကြားလိုက်ရလေသည်။
“ရှန်ဟွိုင်နျန် ရှင် မကြောက်နဲ့၊ ကျွန်မ ရှင့်ကိုကယ်ဖို့ ရောက်လာပြီ”
သူမသည် စက်ဘီးပေါ်မှမတ်တတ်ထရပ်ကာ အားကုန်နင်းလိုက်လေ၏။
*ဂျိန်း ဂျုန်း*
သူမနှင့် စက်ဘီးမှာတစ်သားတည်း ဖြစ်သွားလေပြီ။ သူမသည် ကုန်တင်ကားကို အမီလိုက်တော့မည်ဖြစ်သည်။
“အဘိုးကြီးချိုင် အရှိန်မြှင့်လိုက်စမ်း”
အကြီးအကဲ၏အမိန့်ပေးသံကြောင့် အဘိုးကြီးချိုင်သည် အသားကုန်အရှိန်တင်လိုက်လေသည်။ ကုန်တင်ကား စတင်အရှိန်မြင့်တက်လာသည်ကို မြင်သောအခါ ရှန်ဟွိုင်နျန် ထိုကားထဲတွင် ရှိနေသည်ဟု ရှဲ့လီပိုမိုသေချာသွားလေ၏။
သူမ တစ်ချက်ပြုံးလိုက်ပြီး ဘရိတ်ကို တင်းတင်းဆုပ်ကိုင်ကာ နေရာတွင်ပင် ရပ်တန့်လိုက်လေသည်။
သူမသည် မျက်လုံးမှိတ်လိုက်ပြီး သူမစိတ်အာရုံကို စုစည်းလိုက်သည်။ သူမသည် ထိုကုန်တင်ကားကို သူမနေရာလွတ်ထဲသို့ ဆွဲသွင်းရန်ကြိုးစားလိုက်လေ၏။
“ငါ့အတွက် ရပ်ပေးစမ်း”
သူမ စိတ်ဆန္ဒကိုအစွမ်းကုန်အသုံးပြုလိုက်သည်။ သူမစိတ်ထဲတွင် ရွှေရောင်စာလုံးများထွက်ပေါ်လာလေသည်။
‘ရွေ့လျားနေသော ယာဉ်များကို လျှို့ဝှက်နေရာထဲသို့ ယူဆောင်ခြင်း တားမြစ်သည်’
ရှဲ့လီသည် ခေါင်းထိုးကိုက်သွားသလို ခံစားလိုက်ရပြီး မျက်လုံးများပြူးကျယ်သွားကာ သတိလစ်မေ့မြောသွားလေတော့၏။
...…
သူမ သတိပြန်လည်လာချိန်တွင် လျောင်းနင်ပြည်နယ်သို့ ပြန်ရောက်နေခဲ့လေပြီ။ ရှဲ့လီထိုင်လိုက်သောအခါ နှာခေါင်းထဲသို့ ဆေးနံ့များဝင်ရောက်လာလေသည်။
ဤသည်မှာ ဆေးရုံပင်။
“အိုး ဘုရားရေ၊ နင် သတိရလာပြီလား၊ နင် သုံးရက်သုံးညတိုင်တိုင် သတိမေ့နေခဲ့တာ”
ရှဲ့လီ မျက်လုံးလာဖွင့်သည်ကိုမြင်သောအခါ ကျောင်းဇီဇယ်က ဝမ်းသာအားရ အော်ဟစ်လိုက်လေသည်။
ရှဲ့လီသည် မျက်လုံးပြန်မှိတ်ကာဖြစ်ပျက်ခဲ့သမျှကို ပြန်လည်အမှတ်ရရန် ကြိုးစားလိုက်၏။
သူမ ရှန်ဟွိုင်နျန်ကိုကယ်တင်ရန် ကြိုးစားရင်း လျှို့ဝှက်နေရာကို အသုံးပြုဖို့ရာ ကြိုးပမ်းခဲ့ရာမှ အခြေအနေဆိုးဝါးသွားပြီး သတိလစ်သွားခဲ့ခြင်းဖြစ်သည်။
“ရှန်ဟွိုင်နျန်ဘယ်မှာလဲ”
ရှဲ့လီ ကျောင်းဇီဇယ်ကို မေးမြန်းလိုက်ရာ ကျောင်းဇီဇယ်က တံတွေးကိုဂလုခနဲ မြိုချလိုက်ပြီး တိုးတိုးလေး ဖြေကြားလေ၏။
“ရှောင်လီ စိတ်မပူပါနဲ့၊ စစ်တပ်က ရှန်ဟွိုင်နျန်ကိုကယ်ဆယ်ဖို့ စတင်လုပ်ဆောင်နေပြီ”
‘ရှန်ဟွိုင်နျန် တကယ်ပဲ ရန်သူ့သူလျှိုတွေလက်ထဲရောက်သွားတာလား'
ရှဲ့လီသည် ကုတင်ပေါ်မှဆင်းကာ ခြေလှမ်းတစ်လှမ်းချင်းဖြင့် အပြင်သို့ ပြေးထွက်သွားလေသည်။
သူမသာ ချန်ကျိယွမ်ကိုစုံစမ်းရန်မသွားခဲ့လျှင် ရှန်ဟွိုင်နျန်မှာ ဤကဲ့သို့အန္တရာယ်မျိုး ကြုံတွေ့ရမည်မဟုတ်ပေ။ သူမ သူ့ကိုမဖြစ်မနေကယ်တင်ရမည်။
ရှဲ့လီသည် ဖုန်းတစ်လုံးကိုရှာဖွေပြီး အဖေရှန်နှင့် အမေရှန်တို့ထံသို့ ဖုန်းခေါ်လိုက်သည်။
“အဖေတို့ အမြန်လာခဲ့ကြတော့၊ အဖေတို့သားကို ရန်သူ့သူလျှိုတွေဖမ်းသွားပြီး သူ သေတော့မယ့်အခြေအနေရောက်နေပြီ”
သူမသည် နိုင်ငံတော်လုံခြုံရေးဝန်ကြီးဌာနသို့ တည့်တည့်သွားလိုက်လေသည်။
“ကျွန်မ ရှန်ဟွိုင်နျန်ကိုသွားကယ်ချင်တယ်”
သူမလေသံမှာ ပြတ်သားလွန်းလှသည်။ အကြီးအကဲက လက်ကိုဝှေ့ယမ်းလိုက်၏။
“ဒီကိစ္စကို စိတ်မပူပါနဲ့၊ စစ်တပ်က လူလွှတ်ပြီးကယ်ခိုင်းနေပြီ”
ထိုအချိန်တွင် ရှန်ဟွိုင်နျန်မှာ နံရံကပ်လျက်အခန်းထဲတွင် ရှိနေလေသည်။ သူသည် နားစွင့်ကာအခြေအနေကို နားထောင်နေ၏။
“ကောင်းပြီ”
ရှဲ့လီ လှည့်ထွက်သွားလေသည်။ ရှန်ဟွိုင်နျန် စိတ်ပျက်သွားမိသည်။
သူ့ဇနီးလေးက ဤမျှလောက် လွယ်လွယ်ကူကူနဲ့ မလျှော့ပေးလိုက်လိမ့်မည်ဟု သူမထင်ထားခဲ့ပေ။ ဝမ်းနည်းလွန်းသဖြင့် ငိုချင်စိတ်ပင်ပေါက်လာလေသည်။
အကြီးအကဲကိုယ်တိုင်လည်း ရှဲ့လီမတားဆီးတော့သည်ကိုအံ့ဩသွားပြီး ရှန်ဟွိုင်နျန်အား သနားစရာကောင်းသော အကြည့်ဖြင့် ငေးကြည့်လိုက်လေသည်။
နှစ်ရက်ကြာပြီးနောက် အဖေရှန်၊ အမေရှန်နှင့် ရှန်ဟွိုင်ချွမ်တို့ရောက်ရှိလာကြ၏။ ရှဲ့လီသည် အခြေအနေကိုအမြန်ဆုံး ရှင်းပြလိုက်ပြီးနောက် နိုင်ငံတော်လုံခြုံရေးဝန်ကြီးဌာန အကြီးအကဲကို အပြင်သို့ခေါ်ထုတ်လိုက်လေသည်။
အကြီးအကဲမှာ ကြောင်တောင်တောင်ဖြစ်သွားရသည်။
‘ဘာကိစ္စများ ရှိနေလို့လဲ’
ထို့နောက် သူက ရှဲ့လီအသံကို ကြားလိုက်ရ၏။
“ကျွန်မ ရှန်ဟွိုင်နျန်ကိုကိုယ်တိုင်သွားကယ်ချင်တယ်၊ အဖွဲ့အစည်းက ခွင့်ပြုပေးဖို့ မျှော်လင့်ပါတယ်”
အကြီးအကဲက ခေါင်းခါလိုက်သည်။
“မဖြစ်နိုင်ဘူး၊ ပြဿနာမရှာပါနဲ့တော့၊ စစ်တပ်က လူလွှတ်ထားပြီးသားပါ”
ရှဲ့လီ မဲ့ပြုံးပြုံးလိုက်သည်။ ထို့နောက်တွင်တော့ ထူးဆန်းကျယ်လောင်သော အော်ဟစ်သံတစ်ခု ထွက်ပေါ်လာလေ၏။
ရှန်ဟွိုင်ချွမ်သည် ဖားတစ်ကောင် ပင်လယ်ထဲခုန်ချသကဲ့သို့ အကြီးအကဲ၏ရင်ခွင်ထဲသို့ တဟုန်ထိုး ခုန်ဝင်သွားလေသည်။
အဖေရှန်နှင့် အမေရှန်တို့က အနောက်မှနေ၍ သူ့ကိုတွန်းပို့ပေးလိုက်ခြင်းပင်။
ရှဲ့လီက လက်ဆန့်ထုတ်ကာ အင်္ကျီကို ဆွဲယူလိုက်သည်။ ရှန်ဟွိုင်ချွမ်၏ဂျာကင်အင်္ကျီမှာ ကျွတ်ထွက်သွားလေသည်။
သူ့ကိုယ်ခန္ဓာတစ်ခုလုံးတွင် ယမ်းဗုံးများပတ်ထားလေသည်။ သူသည် လူသားဗုံးတစ်လုံး ဖြစ်နေလေပြီ။
အကြီးအကဲမှာ ခြေလက်များ အားလျော့သွားပြီး ကြောက်လန့်လွန်းသဖြင့် အရှုံးပေးလုနီးပါးဖြစ်သွားရသည်။ ရှန်ဟွိုင်ချွမ်မှာ ပို၍ပင် ကြောက်လန့်နေရှာ၏။
အစ်ကိုဖြစ်သူအတွက် သူ့မိဘများက သူ့ကိုရောင်းစားလိုက်ခြင်းပင်။ သူ ရှဲ့လီကို အရင်ကမစော်ကားမိသင့်ခဲ့ပေ။
သူ့ကိုယ်ပေါ်ရှိ ယမ်းဗုံးအားလုံးကို ရှဲ့လီကိုယ်တိုင်စီစဉ်တပ်ဆင်ပေးထားခြင်းဖြစ်သည်။ ထိုအချိန်က အလွန်တရာ နာကျင်ရသဖြင့် သူသုံးကြိမ်တိုင်တိုင်ငိုကြွေးခဲ့ရ၏။
“သားရေ၊ မင်းအစ်ကိုက မင်းအတွက် အနစ်နာခံဖူးတယ်၊ ဒီတစ်ခါတော့ မင်းအစ်ကိုအတွက် မင်းအနစ်နာခံပေးလိုက်ပါ”
အဖေရှန်နှင့် အမေရှန်တို့က အနောက်မှနေ၍အားပေးနေကြသည်။ ရှန်ဟွိုင်ချွမ်မှာ ပို၍ပင်ကျယ်လောင်စွာငိုကြွေးလိုက်၏။
သူ့အစ်ကိုက အနည်းငယ်အနစ်နာခံခဲ့သော်လည်း အသက်သေဆုံးသည်အထိတော့ မဟုတ်ခဲ့ပေ။ ရှဲ့လီက ရှေ့တိုးလာကာ အေးစက်စက်ပြောလိုက်သည်။
“ကျွန်မ ရှန်ဟွိုင်နျန်ကို သွားကယ်မယ်၊ ကျွန်မကို သတင်းအချက်အလက်နှစ်ခု ပေးပါ”
အကြီးအကဲက အလျင်အမြန် ခေါင်းညိတ်လိုက်သည်။
“ပေးမယ် ပေးမယ်၊ အကုန်ပေးမယ်”
ရှဲ့လီသည် လူသားဗုံးကြီးကို သယ်ဆောင်ကာ ခင်ပွန်းဖြစ်သူကိုသွားကယ်သည့်ဇာတ်လမ်းမှာ နိုင်ငံတော်လုံခြုံရေးဝန်ကြီးဌာနတစ်ခုလုံးတွင် ပျံ့နှံ့သွားလေတော့သည်။ အဘိုးကြီးချိုင်က ရှန်ဟွိုင်နျန်ကို မျက်စိမှိတ်ပြကာ လှောင်ပြောင်လိုက်၏။
“အိုး မင်းရဲ့ဇနီးလေးက တကယ့်ကို ထူးချွန်တာပဲ၊ မင်းအတွက် ဒီလောက်အထိ လုပ်ပေးနေတာ”
ရှန်ဟွိုင်နျန်၏မြေခွေးမျက်ဝန်းများ ကျဉ်းမြောင်းသွားသည်။
“ဒါပေါ့ အဲ့ဒါကျွန်တော့်မိန်းမလေ”
အဘိုးကြီးချိုင်က နောက်ပြောင်လိုက်သည်။
“မင်း လိမ်ထားတာကို မင်းမိန်းမသိသွားရင်တော့ မင်း သေပြီသာမှတ် ဟား ဟား ဟား”
ရှန်ဟွိုင်နျန်မှာ ဆွံ့အသွားရ၏။
“….”
သူသည် တစ်ခါမျှမခံစားဖူးသော ဝမ်းနည်းမှုမျိုးကို ခံစားလိုက်ရသည်။
ရှဲ့လီသည် နိုင်ငံတော်လုံခြုံရေးဝန်ကြီးဌာနထံမှ သတင်းအချက်အလက်နှစ်ခုရရှိပြီးနောက် ရှန်ဟွိုင်နျန်ပို့ဆောင်ခံရနိုင်သည့် လမ်းကြောင်းကို ခွဲခြမ်းစိတ်ဖြာလိုက်သည်။
သူမ အဆင်သင့်ပြင်ဆင်ပြီးသည်နှင့် ထွက်ခွာရန် ပြင်လိုက်၏။ ထိုအချိန်တွင် နိုင်ငံတော်လုံခြုံရေးဝန်ကြီးဌာနမှ သတင်းတစ်ခု ရောက်ရှိလာသည်။
ဝံပုလွေအိုကြီးသည် ဤကယ်ဆယ်ရေးတာဝန်တွင် သူမနှင့်အတူလိုက်ပါသွားမည်ဖြစ်ကြောင်းပင်။
အဖွဲ့အစည်းသည် ရန်သူကို ရန်သူ့နည်းဖြင့် ပြန်လည်နှိမ်နင်းရန် စီစဉ်ထားခြင်းဖြစ်သည်။
ရှဲ့လီက ဤမျှလောက်ဆူညံပွက်လောရိုက်နေသဖြင့် အမြစ်ကြီးနှင့် အထုပ်ကြီးတို့ သူမကိုယုံကြည်သွားမည်မှာ သေချာလှသည်။ ထို့ကြောင့် သူမကို ဆက်လက်လုပ်ဆောင်ခွင့်ပေးလိုက်ခြင်းပင်။
သူမ အမှားမလုပ်မိစေရန်နှင့် သတင်းအချက်အလက်များ လွန်လွန်ကဲကဲမသိရှိစေရန်အတွက် ရှန်ဟွိုင်နျန်ကိုပါ သူမနှင့်အတူ စေလွှတ်လိုက်ခြင်းဖြစ်သည်။
ရှန်ဟွိုင်နျန်အား သူနှင့်အတူ အရန်အဖြစ်ပါဝင်မည့် ရဲဘော်တစ်ဦးကို ရွေးချယ်နိုင်သည်ဟု အမိန့်ပေးထားလေ၏။
ရှဲ့လီ ငြင်းဆန်ခြင်းမပြုခဲ့ပေ။ လူပိုလျှင် အင်အားပိုသည်မဟုတ်ပါလော။
ရှဲ့လီသည် အလေးအနက်စုံစမ်းထောက်လှမ်းခဲ့ရာ အမြစ်ကြီးနှင့် အထုပ်ကြီးတို့သည် အမှန်တကယ်ပင် သူတို့အမြီးများကို ထုတ်ပြလာကြလေသည်။