← Chapters

အခန်း ၁၈၁

Vol. 18 Ch. 181 - final

အခန်း ၁၈၁

Vol. 18 Ch. 181 - final

Ch-181

ဤရက်အနည်းငယ်အတွင်း ရှဲ့လီသည် တစ်စုံတစ်ရာမှားယွင်းနေကြောင်း တစ်စထက်တစ်စခံစားလာရသည်။ သူမ တစ်စုံတစ်ရာကို ရှာတွေ့လုနီးပါးဖြစ်တိုင်း သူမအထက်လူကြီး ဝံပုလွေအိုကြီးက သူမကိုတားဆီးထားတတ်လေ၏။

ဝံပုလွေအိုကြီးမှာ အကြားအာရုံချို့တဲ့သူဖြစ်ရာ စည်းမျဉ်းအရ မျက်နှာဖုံးနှင့် နေကာမျက်မှန်ကို နေ့စဉ်တပ်ဆင်ထားပြီး သူမနှင့် လက်ဟန်ခြေဟန်ဖြင့်သာ ဆက်သွယ်လေသည်။

ရှဲ့လီ စတင်သံသယဝင်လာသည်။ သူမသည် ပုံဖော်ကာပြန်လည်အမှတ်ရရန် ကြိုးပမ်းသော်လည်း အရာရာတိုင်းကို ‌မှတ်မိခါနီးတွင် ဝံပုလွေအိုကြီးက တမင်သက်သက် ဟန်ဆောင်နေပြန်၏။

သူက လက်ဟန်ပြလာသည်။

‘ငါ ဝမ်းသွားချင်လို့၊ ဗိုက်နာတယ်’

ရှဲ့လီက မျက်လုံးလှန်လိုက်မိသည်။

“သွားလေ၊ ကျွန်မ မတားပါဘူး”

ရှဲ့လီသည် ဝံပုလွေအိုကြီး၏နောက်ကျောကို စိုက်ကြည့်နေမိသည်။ သူက ဝဝကစ်ကစ်ဖြစ်နေ၏။

အသွင်စံပြောင်းထားခြင်းဖြစ်နိုင်ပေသည်။ ရှဲ့လီသည် သူမအကဲဖြတ်မှုများကို ပြန်လည်သုံးသပ်လိုက်၏။

သူမ၌ ရဲရင့်သောအကြံအစည်တစ်ခုရှိလာလေပြီ။ ရှန်ဟွိုင်နျန် အဖမ်းခံလိုက်ရခြင်း မဟုတ်ပေ။ ရှန်ဟွိုင်နျန်သည် ဝံပုလွေအိုကြီးဖြစ်နေသည်မှာ သေချာလှသည်။

သူမသည် စောစောက အလွန်တရာ စိုးရိမ်ပူပန်နေသဖြင့် အသေးစိတ် အချက်အလက်များစွာကို လျစ်လျူရှုထားမိခဲ့သည်။ ယခု သေချာစွာ ပြန်လည်ဆန်းစစ်ကြည့်သောအခါအရာရာတိုင်းမှာ ကိုက်ညီမှုမရှိသည်ကို တွေ့ရှိလိုက်ရလေ၏။

သူမ တပ်မတော်ဆေးဘက်ဆိုင်ရာ တာဝန်ဖြင့် ကျွန်းတစ်ကျွန်းကိုဝိုင်းရံစဉ်က ဝံပုလွေအိုကြီး ထိုနေရာတွင်ရှိနေပြီး ရှန်ဟွိုင်နျန်လည်း ထိုနေရာတွင်ရှိနေသည်။ ချန်ဇယ်ကို စုံစမ်းထောက်လှမ်းရန် တာဝန်တွင်လည်း ရှန်ဟွိုင်နျန်ရှိနေပြီး သူ သူမကိုကာကွယ်ပေးခဲ့၏။ ရှန်ဟွိုင်နျန် သူမကိုဖမ်းမိချိန်တွင်လည်း ထူးဆန်းသောအကြောင်းပြချက်များပေးခဲ့သည်။

အားလုံးတွက်ချက်ပြီးနောက် ရှဲ့လီသည် ရှန်ဟွိုင်နျန်က ဝံပုလွေအိုကြီးဖြစ်ကြောင်း ယုံကြည်သွားလေပြီ။

ထို့ကြောင့် သူ ရန်သူ့သူလျှိုများလက်ထဲသို့ ရောက်သွားခြင်းမှာ အစီအစဉ်၏ တစ်စိတ်တစ်ပိုင်းဖြစ်ရမည်မှာ သေချာလှသည်။

အကြီးအကဲက ရှန်ဟွိုင်နျန် အန္တရာယ်မရှိကြောင်း အဘယ်ကြောင့် ဤမျှလောက် ယုံကြည်မှုရှိနေရသနည်းဆိုသည်ကို ယခုမှပင် နားလည်သွားလေတော့သည်။

ရှဲ့လီ မော့ကြည့်လိုက်၏။ ဝံပုလွေအိုကြီး ပြန်ရောက်လာလေပြီ။ သူ့လမ်းလျှောက်ဟန်မှာ အလွန်ထူးဆန်းနေပြီး ယိမ်းထိုးနေလေသည်။

‘ရှန်ဟွိုင်နျန်က အရပ်ရှည်တော့ သူ ထိုင်ပြီးလျှောက်နေတာများလား’

ရှဲ့လီ မဲ့ပြုံးပြုံးလိုက်ပြီး မည်သည့်စကားမျှမဆိုဘဲ ရှေ့တိုးသွားကာ သူ့မျက်နှာဖုံးကို ဆွဲဖြဲလိုက်လေသည်။

မျက်နှာဖုံးအောက်တွင်….

မျက်နှာဖုံးတစ်ခု ထပ်ရှိနေသေး၏။

ရှဲ့လီ ဒေါသထွက်သွားလေသည်။

သူမသည် ဝံပုလွေအိုကြီး၏နှာခေါင်းကို လက်သီးဖြင့်ထိုးလိုက်ပြီး ဒုတိယမြောက်မျက်နှာဖုံးကို ဆွဲဖြဲလိုက်လေသည်။

မျက်နှာဖုံးအောက်တွင် ရင်းနှီးနေသော မျက်နှာတစ်ခုကို တွေ့လိုက်ရလေ၏။ ထိုမျက်နှာသည် အနည်းငယ်မှိုင်းရီနေပြီး နှာခေါင်းမှသွေးများစီးကျနေလေသည်။

“လီချယ်”

ရှဲ့လီသည် လက်ကိုပြန်ရုတ်လိုက်သည်။

“ရှင်က ဝံပုလွေအိုကြီးလား”

လီချယ်သည် သူ့နှာခေါင်းကိုဖိကိုင်ထားရင်း ငိုချင်စိတ်ပင်ပေါက်လာလေ၏။ သူသည် ဝံပုလွေအိုကြီးနှင့် တာဝန်ထမ်းဆောင်ရန် အရေးတကြီးအခေါ်ခံလိုက်ရပြီး အကြီးအကဲက ဝံပုလွေအိုကြီး၏ သရုပ်မှန်မှာ ရှန်ဟွိုင်နျန်ဖြစ်ကြောင်း ပြောပြခဲ့သည်။

သူ ယခင်ကတည်းက ရာထူးပြောင်းရွှေ့ခံခဲ့ရခြင်းမှာ မထူးဆန်းတော့ပေ။ ဤတစ်ကြိမ်တွင် သူသည် အပြစ်ခံယူရန်အတွက်သာ ပြန်လည်ခေါ်ဆောင်လာခြင်းခံခဲ့ရခြင်းဖြစ်သည်။

သူ မုန်းတီးလှပေသည်။

ဤတစ်ကြိမ်တွင် သူသည် ရှန်ဟွိုင်နျန်၏တောင်းဆိုချက်အတိုင်း ဝံပုလွေအိုကြီးအဖြစ် ဟန်ဆောင်ကာ ရှဲ့လီဘေးတွင် နေထိုင်ခဲ့ရပြီး ရှန်ဟွိုင်နျန်မှာမူ အမှောင်ရိပ်ထဲမှနေ၍ လီချယ်၏ လှုပ်ရှားမှုတိုင်းကို စောင့်ကြည့်နေခဲ့ခြင်းဖြစ်၏။

“ဘာဖြစ်လို့လဲ၊ ငါက သူဖြစ်လို့မရဘူးလား”

လီချယ် မျက်ရည်များတရစပ်စီးကျနေလေသည်။

ရှဲ့လီက မျက်တောင်လေး ပုတ်ခတ်ပုတ်ခတ် လုပ်လိုက်၏။

“အိုး”

သူမ မယုံကြည်ပေ။

ထိုအချိန်တွင် မလှမ်းမကမ်းရှိ လူအုပ်ကြားထဲတွင် ပုံရိပ်တစ်ခု အလျင်အမြန် ပျောက်ကွယ်သွားလေသည်။

‘ထွက်ပြေးဖို့ ကြိုးစားတာလား’

ရှဲ့လီ အနောက်မှပြေးလိုက်ဟွားလေသည်။ ရှဲ့လီ သူ့နောက် အရူးတစ်ယောက်ပမာပြေးလိုက်နေသည်ကို မြင်သောအခါ ထိုသူသည် ချက်ချင်းပင် အရှိန်မြှင့်တင်လိုက်လေသည်။

သူ ပြေးသည် သူမ လိုက်သည်။

သူ ထွက်ပြေးလွတ်မြောက်တော့မည့် ဆဲဆဲတွင်…

“အား”

ရှဲ့လီသည် အံ့ဩစရာအော်သံတစ်ခုကို ပြုလုပ်လိုက်၏။ ထို့နောက် ဒူးခေါင်းကိုဖိကာ မြေပြင်ပေါ်တွင် လဲကျသွားပြီး ငိုယိုလေတော့သည်။

“အရမ်းနာတာပဲ”

ရှေ့မှပုံရိပ်က ရပ်တန့်သွားလေသည်။ သူသည် မသိစိတ်၏စေ့ဆော်မှုဖြင့် ရှဲ့လီ၏ဒဏ်ရာကိုကြည့်ရန် အနောက်သို့ ပြန်လှည့်ပြေးလာလေသည်။

“ဟိဟိ”

ရှဲ့လီနှုတ်ခမ်းထောင့်များက တွန့်ကွေးသွားပြီး ထိုသူ့မျက်နှာဖုံးကိုဆွဲဖြဲလိုက်ရာ ချောမောသောမျက်နှာလေးကို တွေ့လိုက်ရလေသည်။

တကယ်ကြီး ရှန်ဟွိုင်နျန်ဖြစ်နေလေ၏။

…..

တစ်လခန့်ကြာပြီးနောက် အမြစ်ကြီးနှင့် အထုပ်ကြီးတို့သည် သူတို့အမြီးများကို ထုတ်ပြလာကြပြီး နိုင်ငံတော်လုံခြုံရေး ဝန်ကြီးဌာန၏ဖမ်းဆီးခြင်းကို ခံလိုက်ရလေသည်။

သူတို့မှာ ဆေးဘက်ဆိုင်ရာဌာနမှ ရဲဘော် ယန်ချန်ချန်နှင့် သူနာပြုငယ်လေးတစ်ဦးတို့ပင်ဖြစ်ကြသည်။

ဤလမ်းကြောင်းတစ်ခုလုံးကို အမြစ်ပါမကျန်နုတ်ပစ်လိုက်နိုင်ခဲ့ပြီး ရှန်ဟွိုင်နျန်၏တာဝန်မှာလည်း အောင်မြင်စွာ ပြီးဆုံးသွားလေပြီ။

လွန်ခဲ့သော တစ်လအတွင်း ရှဲ့လီသည် ရန်သူ့သူလျှိုတို့၏အကဲခတ်မှုကို ဝေဝါးသွားစေရန်အတွက် သူမခင်ပွန်းကို ကယ်တင်နေသကဲ့သို့ နေ့စဉ်နေ့တိုင်း ဟန်ဆောင်နေခဲ့ရသည်။

ယခုမူ တာဝန်ပြီးဆုံးသွားပြီဖြစ်ရာ သူမ နောက်ထပ်ဟန်ဆောင်ရန် မလိုအပ်တော့ပေ။

နိုင်ငံတော်လုံခြုံရေး ဝန်ကြီးဌာန

“ရဲဘော်ရှန်ဟွိုင်နျန်၊ ရဲဘော်ရှဲ့လီ၊ ရဲဘော်လီချယ်၊ ဒီတာဝန်ကို ထူးချွန်ပြောင်မြောက်စွာနဲ့ သေသေသပ်သပ် ဆောင်ရွက်နိုင်ခဲ့တယ်”

အကြီးအကဲက သူတို့သုံးဦးကိုကြည့်လိုက်သည်။

“ရှောင်ရှဲ့၊ ဟွိုင်နျန်က မင်းကိုတမင်သက်သက် ဖုံးကွယ်ထားတာမဟုတ်ဘူး၊ ဒီတာဝန်က အရေးကြီးလွန်းလို့ လျှို့ဝှက်ထိန်းသိမ်းမှုတွေကို အကောင်းဆုံး လုပ်ဆောင်ခဲ့ရတာပါ”

ရှဲ့လီက အလေးပြုလိုက်သည်။

“နားလည်ပါပြီ”

သူမသည် ရှန်ဟွိုင်နျန်ကိုကြည့်လိုက်ပြီး သပ်ရပ်ဖြူစင်သော သွားလေးများ ပေါ်လာသည်အထိပြုံးပြလိုက်၏။

သူမ ဒေါသထွက်နေသည်လား။ အနည်းငယ်တော့ ဒေါသထွက်လေ၏။

သူမ သူ့ကိုအပြစ်တင်မိလား။ အပြစ်မတင်ချေ။

နိုင်ငံတော်လုံခြုံရေးဝန်ကြီးဌာန၏ ရဲဘော်တစ်ဦးအနေဖြင့် သူမတွင်လည်း စိတ်အတွင်း၌ ဂုဏ်သိက္ခာနှင့် သစ္စာရှိမှုတို့ရှိသည်။

စာအုပ်ထဲသို့ မကူးပြောင်းလာမီ သူမအတွေ့အကြုံများအရ ရှန်ဟွိုင်နျန်ကို အလျင်အမြန် နားလည်သွားစေနိုင်ခဲ့ခြင်းဖြစ်သည်။

သူတို့နှစ်ဦးသည် လျောင်းနင်ပြည်နယ်၏လမ်းမများပေါ်တွင် လက်ချင်းချိတ်ကာ လမ်းလျှောက်နေကြ၏။

ကလေးငယ်များ ရယ်မောဆော့ကစားနေကြသည်။ ဈေးဝယ်ပြန်လာသော အမျိုးသမီးများက ခပ်သုတ်သုတ် လမ်းလျှောက်နေကြသည်။ ဆံပင်ဖြူများပေါက်နေသော သက်ကြီးရွယ်အိုများက လမ်းဘေးတွင်စကားစမြည် ပြောဆိုနေကြ၏။

တောင်တန်းများနှင့် မြစ်ချောင်းများမှာ ဘေးကင်းလုံခြုံပြီး ပြည်သူလူထုမှာလည်း ငြိမ်းချမ်းနေလေသည်။

တကယ့်ကို လှပသောမြင်ကွင်းပင်တည်း။

“ရှောင်လီ ကိုယ် မင်းကိုချစ်တယ်”

ရှန်ဟွိုင်နျန်၏မြေခွေးမျက်ဝန်းထဲတွင် သူမအပေါ်ထားရှိသော ကြင်နာမှုများနှင့် ရိုသေလေးစားမှုများဖြင့်ပြည့်နှက်နေလေသည်။

ရှဲ့လီသည် ရှန်ဟွိုင်နျန်လက်ကို ဆုပ်ကိုင်လိုက်ပြီး နူးညံ့စွာပြုံးလိုက်၏။

ခင်ပွန်းဖြစ်သူနှင့်အတူ တူညီသော ရည်မှန်းချက်ကို ဝေမျှခံစားနေရသဖြင့် သူမ အလွန်တရာပျော်ရွှင်နေမိသည်။

ပြည်သူလူထုအတွက်

ပါတီအတွက်

သူတို့သည် သက်ဆုံးတိုင်အမြဲတမ်း အတူတကွ ရှေ့သို့ဆက်လက်လျှောက်လှမ်းသွားကြမည်သာပင်။

(T/N…. ပြီးပါပြီ၊ စာဖတ်ပုရိတ်သတ်များ အတော်လေး စိတ်ရွှင်လန်း ပျော်ရွှင်ခဲ့ကြမယ်လို့ မျှော်လင့်ပါတယ်၊ အတော်လေးလည်း ခွေးစာစားခဲ့ရလောက်ရောပေါ့၊ ဒီစာစဉ်လေးကတော့ ဒီမှာပဲ Happy Ending လေးနဲ့ အဆုံးသတ်သွားပါပြီ၊ အဆုံးထိ ဖတ်ရှူသူ အားလုံးကို ကျေးဇူးအထူးတင်ရှိပါတယ်)

All Chapters