အခန်း (၆၁၃-၆၁၄)
Vol. 57 Ch. 613-614
အပိုင်း (၆၁၃)
ဘုရင်မ မယ်ဒူဆာသည် သူတို့ကို တစ်ချက်ဝေ့ကြည့်လိုက်ပြီး စက်ဆုပ်ရွံရှာဖွယ် ကောင်းလှသည်ဟု ခံစားလိုက်ရသဖြင့် သူမက “နင်တို့ အခုချက်ချင်း ထွက်သွားကြတာ ပိုကောင်းမယ်၊ မဟုတ်ရင်တော့ ငါ အားနာနေမှာ မဟုတ်ဘူး” ဟု သတိပေးလိုက်သည်။
“ကြည့်ရတာ ဒီမိန်းကလေးက ခါးခါးသီးသီး ရှိလှချေလား... ဒါမျိုးမှ ငါ ပိုကြိုက်တာကွ၊ ဟားဟား...” လူစုကို ဦးဆောင်လာပုံရသည့် သခင်လေးတစ်ဦးက စိတ်လှုပ်ရှားစွာဖြင့် လက်ဝါးချင်းပွတ်ရင်း ပြောလိုက်သည်။
“မှန်လှပါ... မင်းသား၊ ဒီလို မိန်းမမျိုးကမှ တကယ် စိတ်ဝင်စားဖို့ကောင်းတာပါ”
“သူမက ရိုင်းစိုင်းတဲ့ မြင်းရိုင်းတစ်ကောင်လိုပဲ... ‘ယဉ်ပါးအောင် ဆုံးမဖို့’ ကွက်တိပဲကွ”
“မင်းသားကတော့ သေချာပေါက်ကို စွဲလမ်းသွားမှာပါ...”
ကျန်ရှိနေသော သခင်လေးများကလည်း ဘေးမှနေ၍ ဖားယားမြှောက်ပင့်ပေးနေကြသည်။
“နင်တို့အားလုံး သေသင့်တယ်...”
ဘုရင်မ မယ်ဒူဆာ၏ မျက်ဝန်းများမှာ ရက်စက်ကြမ်းကြုတ်မှုများဖြင့် ပြည့်နှက်သွားပြီး လက်ကို အနည်းငယ် ဝေ့ယမ်းလိုက်ရုံမျှဖြင့် သခင်လေးများအားလုံး အသက်ပျောက်သွားကြကာ သွေးများ ပန်းထွက်၍ လမ်းမတစ်ခုလုံး ရဲရဲနီသွားခဲ့တော့သည်။
“အား... လူသတ်သမား”
အော်ဟစ်သံများ ဆူညံသွားပြီး လူအများမှာ ထိတ်လန့်တုန်လှုပ်စွာဖြင့် အသက်လု ထွက်ပြေးကြတော့သည်။
ထိုအချိန်တွင်ပင် အစွမ်းထက်သော ကျင့်ကြံသူ အုပ်စုတစ်စု ချက်ချင်း ရောက်ရှိလာခဲ့သည်။
မြေပြင်ပေါ်ရှိ စုတ်ပြတ်သတ်နေသော အလောင်းများကို မြင်လိုက်ရသည့်အခါ ၎င်းတို့က ဒေါသတကြီးဖြင့် “သတ္တိရှိလှချေလား... မင်းက မင်းသားခုနစ်နဲ့ မူးမတ်မျိုးနွယ်စုက သခင်လေးတွေကို တကယ်ပဲ သတ်ပစ်လိုက်တာလား...” ဟု အော်ဟစ်လိုက်ကြသည်။
“ငါသတ်လိုက်တာပဲ... ဘာဖြစ်လဲ...” ဘုရင်မ မယ်ဒူဆာက နှာခေါင်းရှုံ့ကာ အေးစက်စွာ တုံ့ပြန်လိုက်သည်။
ဤကမ္ဘာတွင် သူမကို ဒူးထောက် အရှုံးပေးအောင် လုပ်နိုင်သူဟူ၍ ထို နက်နဲလှသော စီနီယာကြီး ‘လင်းပိုင်ဖန်’ တစ်ဦးတည်းသာ ရှိသည်။
“ငါတို့ နင့်ကို ဖမ်းဆီးပြီး ဧကရာဇ်မင်းမြတ်ထံမှာ ပြစ်ဒဏ်ကို ဝန်ချတောင်းပန်ခိုင်းရမယ်”
ကျင့်စဉ်အဆင့် ချီဖွဲ့တည်ခြင်းနယ်ပယ်သို့ ရောက်ရှိနေသည့် ကျင့်ကြံသူ အုပ်စုမှာ သူမထံသို့ တဟုန်ထိုး ပြေးဝင်လာကြသည်။
သို့သော်လည်း ဘုရင်မ မယ်ဒူဆာက လက်ကို ခပ်ဖွဖွလေး ဝေ့ယမ်းရုံဖြင့် ၎င်းတို့အားလုံးကို သတ်ပစ်လိုက်ပြန်သည်။
ဤအချက်က ပျားအုံကို တုတ်ဖြင့် ထိုးလိုက်သလို ဖြစ်သွားပြီး မြို့တော်အတွင်းရှိ စစ်သည်တော် အမြောက်အမြားနှင့် အစွမ်းထက် ကျင့်ကြံသူ အများအပြားမှာ တရဟော ပြေးဝင်လာကြတော့သည်။
၎င်းတို့သည် သူမကို လွတ်လမ်းမရှိအောင် ဝိုင်းရံပိတ်ဆို့ ထားလိုက်ကြပြီး -
“မင်းက မင်းသားခုနစ်ကို သတ်ရုံတင်မကဘဲ လူအမြောက်အမြားရဲ့ အသက်ကိုပါ ရန်ရှာခဲ့တယ်...”
“ဒါက ငါတို့ရဲ့ ‘မဟာလျောင်အင်ပါယာ’ ကို ရန်စစိန်ခေါ်လိုက်တာပဲ... မင်းကို လုံးဝ ခွင့်မလွှတ်နိုင်ဘူး...”
“ငါတို့ အကြံပေးချင်တာကတော့ လက်နက်ချပြီး ဧကရာဇ်မင်းမြတ်ထံ ဝန်ချတောင်းပန်ဖို့ပဲ...”
ဘုရင်မ မယ်ဒူဆာလည်း အလွန်အမင်း ဒေါသထွက်သွားခဲ့လေသည်။
သူမက သာမန် အေးအေးဆေးဆေး လမ်းလျှောက်နေခြင်းသာ ဖြစ်သော်လည်း ဆိုးသွမ်းလှသော သခင်လေးတစ်စုက အကြောင်းပြချက်မရှိဘဲ လာရောက်နှောင့်ယှက်ခဲ့ပြီးနောက်၊ ယခုအခါ စစ်သည်များနှင့် အစွမ်းထက် သိုင်းပညာရှင်များကပါ ရောက်ရှိလာကာ လက်နက်ချ၍ အသက်ဖြင့် အလျော်ပေးရန် တောင်းဆိုနေကြသည်မှာ တကယ်ကို ရယ်စရာကောင်းလွန်းလှသည်။
သူမအနေဖြင့် ဆက်လက်သည်းခံရန် မရည်ရွယ်တော့ဘဲ လူသတ်ပွဲကြီးကို စတင်လိုက်တော့သည်။
ခေတ္တမျှအတွင်းမှာပင် သူမသည် သောင်းချီသော စစ်သည်များနှင့် ကျင့်ကြံသူများကို သတ်ဖြတ်လိုက်ရာ မြို့တော်အတွင်း သွေးချောင်းစီးသွားခဲ့လေသည်။
လူတိုင်းမှာ အစွမ်းကုန် ကြောက်လန့်တုန်လှုပ်ကုန်ကြသည်။
“သူမက မိစ္ဆာမပဲ... သေချာပေါက် မိစ္ဆာမ ဖြစ်ရမယ်...”
“မိန်းကလေး... တော်လောက်ပြီ...”
ခန့်ညားထည်ဝါသော အရှိန်အဝါရှိသည့် သက်ကြီးရွယ်အိုတစ်ဦးမှာ ဘုရင်မ မယ်ဒူဆာ၏ ရှေ့မှောက်သို့ ရုတ်တရက် ပေါ်ပေါက်လာခဲ့သည်။
“ရှင်က ဘယ်သူလဲ...” ဘုရင်မ မယ်ဒူဆာ၏ အကြည့်များက စူးရှသွားသည်။
“ငါက မဟာလျောင်အင်ပါယာရဲ့ အမှုထမ်းတစ်ဦးဖြစ်တဲ့ ‘ချူချင်းဟီ’ ပဲ။ မိန်းကလေးရဲ့ အမည်နာမနဲ့ နောက်ခံကို သိခွင့်ရှိမလား၊ ဘာကြောင့် ငါတို့ရဲ့ စစ်သည်တော် အမြောက်အမြားကို ဒီလို သတ်ဖြတ်ရတာလဲ...”
“ရှင်က အဲဒီလူတွေကို မေးသင့်တာ... ငါ့ကို မဟုတ်ဘူး...” ဟု ဘုရင်မ မယ်ဒူဆာက ပြန်လည်ဖြေကြားလိုက်သည်။
ထိုအချိန်တွင် လူတစ်ဦးက ပြေးဝင်လာပြီး ချူချင်းဟီအား အခြေအနေ အရပ်ရပ်ကို ရှင်းပြလိုက်သည်။
ဇာတ်ကြောင်းကို ကြားသိရပြီးနောက် ချူချင်းဟီမှာ သက်ပြင်းတစ်ချက်ချလိုက်ပြီး - “မင်းသားခုနစ်က ဒီလို ပြဿနာရှာခဲ့လိမ့်မယ်လို့ မထင်ထားမိဘူး...၊ သာမန်ပြဿနာ ရှာတာက ထားလိုက်ပါတော့၊ ဒီတစ်ကြိမ်မှာတော့ သူက အစွမ်းထက်တဲ့ ရန်သူကို သွားရောက်ရန်စမိပြီး ငယ်ငယ်ရွယ်ရွယ်နဲ့ အသက်ဆုံးရှုံးခဲ့ရတာပဲ... ဟူး...”
သူက ခေါင်းမော့ကြည့်လိုက်ပြီး - “မိန်းကလေး... မင်းသားခုနစ်က အရင် စတင်မှားယွင်းခဲ့တယ် ဆိုပေမဲ့ မင်းက မင်းသားကို သတ်ခဲ့ရုံတင်မကဘဲ မဟာလျောင်ရဲ့ စစ်သည်တွေကိုပါ သတ်ဖြတ်ခဲ့တယ်...။ ဒီအပြစ်က ငါတို့အတွက်တော့ ခွင့်လွှတ်လို့မရဘူး...၊ မင်းအနေနဲ့ လက်နက်ချပြီး ဧကရာဇ်မင်းမြတ်ထံမှာ လိုက်လံရှင်းလင်းဖို့ မျှော်လင့်ပါတယ်...”
ဘုရင်မ မယ်ဒူဆာက အေးစက်စွာ ရယ်မောလိုက်ပြီး - “အကယ်၍ ငါက ငြင်းဆန်ရင်ရော...”
“မင်းက မပူးပေါင်းဘူးဆိုရင်တော့ ငါ့အနေနဲ့ အတင်းအကျပ် ဖမ်းဆီးရလိမ့်မယ်...” ဟု ချူချင်းဟီက ပြောလိုက်သည်။
ထို့နောက် လေခွင်းသံများနှင့်အတူ အခြား ကောင်းကင်အဆင့် ကျင့်ကြံသူ နှစ်ဦး ထပ်မံပေါ်ပေါက်လာပြီး ဘုရင်မ မယ်ဒူဆာကို ဝိုင်းရံထားလိုက်ကြသည်။
၎င်းတို့သည် ဘုရင်မ မယ်ဒူဆာအပေါ် သေချာပေါက် အောင်နိုင်တော့မည့်အလား ယုံကြည်ချက် အပြည့် ရှိနေကြပုံရသည်။
ကောင်းကင်အဆင့် သုံးဦး၏ ဝိုင်းရံခြင်းကို ခံထားရသော်လည်း ဘုရင်မ မယ်ဒူဆာက တည်ငြိမ်စွာဖြင့် - “နင်တို့အားလုံး သေဖို့ ဒီလောက်တောင် အလောတကြီး ဖြစ်နေကြမှတော့ ငါက နင်တို့ရဲ့ ဆန္ဒကို ဖြည့်ဆည်းပေးရတာပေါ့...” ဟု ပြောလိုက်သည်။
သူမသည် မိမိ၏ ခွန်အားကို ဆက်လက် ဖုံးကွယ်မထားတော့ဘဲ ‘သိုင်းဘိုးဘေး’ အဆင့်၏ ထိတ်လန့်ဖွယ် ကောင်းလှသော အရှိန်အဝါကို ထုတ်ဖော်လိုက်တော့သည်။
ဤကမ္ဘာတွင် ‘သိုင်းဘိုးဘေး’ အဆင့်ဆိုသည်မှာ မဟာကောင်းကင်အဆင့်နှင့် ညီမျှပြီး ဤလောက၏ အစွမ်းထက်ဆုံး ပုဂ္ဂိုလ်များထဲမှ တစ်ဦး ဖြစ်သည်။
တစ်မြို့တော်လုံးသည် ဘုရင်မ မယ်ဒူဆာ၏ ပြင်းထန်လှသော အရှိန်အဝါအောက်သို့ ချက်ချင်း ကျရောက်သွားခဲ့သည်။
ဤကဲ့သို့ ပြင်းထန်လှသော အရှိန်အဝါအောက်တွင် ခန္ဓာကိုယ်လေ့ကျင့်ခြင်းအဆင့် ဖြစ်စေ၊ ချီဖွဲ့တည်ခြင်းအဆင့် ဖြစ်စေ၊ ကောင်းကင်အဆင့်များပင် ဖြစ်စေ အားလုံးမှာ အသက်ရှူရန်ပင် ခက်ခဲလောက်အောင် ဖိနှိပ်ခံလိုက်ရသည်။
ကောင်းကင်အဆင့် သုံးဦး၏ မျက်နှာများမှာ ထိတ်လန့်တုန်လှုပ်မှုများဖြင့် ပြည့်နှက်သွားပြီး တစ်ကိုယ်လုံး ဖြူလျော်ကာ ချွေးစေးများပင် တရဟော ကျလာခဲ့တော့သည်။
“ဒီလောက် ငယ်ရွယ်လှပတဲ့ အမျိုးသမီးက... တကယ်တော့ မဟာကောင်းကင်အဆင့် ဖြစ်နေတာလား...”
“ငါတို့က မဟာကောင်းကင်အဆင့်တစ်ယောက်ကို သွားပြီး စော်ကားမိတာပဲ...”
ချူချင်းဟီက ပျာပျာသလဲဖြင့် - “စီနီယာကြီး... ကျွန်တော်တို့ကြားမှာ တစ်စုံတစ်ခု မှားယွင်းမှု ရှိနေပုံရပါတယ်...”
“ဘာမှားယွင်းမှုမှ မရှိဘူး”
ဘုရင်မ မယ်ဒူဆာက မိမိ၏ သိုင်းကွက်ကို ချက်ချင်း ထုတ်ဖော်လိုက်သည်။
တစ်ချက်တည်းဖြင့်ပင် ချူချင်းဟီကို ဒဏ်ရာရရှိစေခဲ့ပြီး အခြေအနေ မဟန်တော့သည်ကို မြင်လိုက်ရသည့်အခါ ကျန်ရှိသော ကောင်းကင်အဆင့် နှစ်ဦးမှာ အသက်လု၍ ထွက်ပြေးကြတော့သည်။
ဘုရင်မ မယ်ဒူဆာက ထွက်ပြေးသွားသော ကောင်းကင်အဆင့် နှစ်ဦးကို လိုက်လံတိုက်ခိုက်ခဲ့သည်။
ထို့နောက် အကွက် ၂၀၊ ၃၀လောက်ထိ တိုက်ခိုက်ပြီးနောက်တွင် ကောင်းကင်အဆင့် သုံးဦးစလုံးကို သတ်ပစ်လိုက်လေသည်။
ထိတ်လန့်တုန်လှုပ်နေသော မဟာလျောင်၏ အစွမ်းထက် ကျင့်ကြံသူများကို ကြည့်ရင်း ဘုရင်မ မယ်ဒူဆာသည် ဝေဟင်ထက်သို့ ပျံတက်လိုက်ကာ သတ်ဖြတ်လိုစိတ်များဖြင့် စီရင်ချက်ကို ချမှတ်လိုက်တော့သည်။
“နင်တို့အားလုံးကလည်း အလိုတူအလိုပါတွေပဲ၊ ဒါကြောင့် သူတို့နောက်ကို လိုက်သွားလိုက်ကြတော့”
ရေနွေးကြမ်း တစ်ခွက်စာခန့် အချိန်အတွင်းမှာပင် မဟာလျောင် မြို့တော်အတွင်းရှိ စစ်သည်များနှင့် အစွမ်းထက် သိုင်းပညာများ အားလုံး သတ်ဖြတ်ခြင်း ခံလိုက်ရသည်။
နန်းတော်ကြီးလည်း ပျက်စီးသွားခဲ့ပြီး တော်ဝင်မိသားစုဝင်များနှင့် အရပ်ဘက်၊ စစ်ဘက်ဆိုင်ရာ အရာရှိကြီးများ အားလုံး တစ်ယောက်မကျန် သေဆုံးသွားခဲ့ကြသည်။
ဤအရာအားလုံးကို လုပ်ဆောင်ပြီးနောက်တွင် ဘုရင်မ မယ်ဒူဆာသည် မိမိ၏ ဒေါသများကို အကုန်အစင် ဖြေဖျောက်နိုင်ခဲ့ပြီး ထွက်ခွာသွားခဲ့တော့သည်။
ဤသတင်းမှာ တစ်ကမ္ဘာလုံးသို့ လျင်မြန်စွာ ပျံ့နှံ့သွားခဲ့ပြီး လူတိုင်းကို ထိတ်လန့်တုန်လှုပ် သွားစေခဲ့သည်။
“မဟာလျောင်နိုင်ငံ ပျက်စီးသွားပြီ ဟုတ်လား...”
“ငါ ကြားတာတော့ မဟာလျောင် နန်းတော်တစ်ခုလုံး မြေလှန်ခံလိုက်ရပြီး အရာရှိတွေနဲ့ တော်ဝင်မိသားစုဝင်တွေ အကုန် မျိုးပြုတ်သွားတယ်တဲ့...”
“ဒါက ဘယ်လိုလုပ် ဖြစ်နိုင်မှာလဲ... မဟာလျောင်နိုင်ငံက စစ်အင်အား ကြီးမားရုံတင်မကဘဲ ကောင်းကင်အဆင့် သုံးယောက်တောင် ရှိနေတာလေ... ဘယ်လိုလုပ် အလွယ်တကူ ပျက်စီးသွားရတာလဲ...”
“မဟာကောင်းကင်အဆင့် တစ်ယောက်ယောက်က လှုပ်ရှားလိုက်တာ မဟုတ်ရင် မဟာလျောင် ဒီလို ပျက်စီးသွားစရာ အကြောင်းမရှိဘူး...”
“သူတို့ ပြောတာတော့ အင်မတန် လှပပြီး ထိတ်လန့်စရာကောင်းတဲ့ အမျိုးသမီးတစ်ယောက်က လုပ်သွားတာတဲ့... သူမမှာ မဟာကောင်းကင်အဆင့် တစ်ယောက်ရဲ့ ခွန်အားရှိတယ်လို့ ပြောကြတယ်...”
“ဒီလောက် ထိတ်လန့်စရာကောင်းတဲ့ အမျိုးသမီးက ဘယ်သူလဲ... ပြီးတော့ ဘာကြောင့် ဒီလို လုပ်ခဲ့ရတာလဲ...”
သတင်းများက တောမီးပမာ ပျံ့နှံ့သွားခဲ့သည်။
အင်ပါယာတစ်ခု ရုတ်တရက် ပျက်စီးသွားခြင်းမှာ သေးငယ်သော ကိစ္စမဟုတ်ပေ။ ထို့ပြင် မဟာကောင်းကင်အဆင့် တစ်ဦး၏ ပါဝင်ပတ်သက်မှုကြောင့် ယင်းက ပို၍ပင် ကြီးကျယ်သွားခဲ့သည်။
လင်းပိုင်ဖန်လည်း ဤသတင်းကို ပုံမှန်အတိုင်း ကြားသိခဲ့ရပြီး ယင်းမှာ ဘုရင်မ မယ်ဒူဆာ၏ လက်ချက်ဖြစ်ကြောင်း ချက်ချင်း သိရှိလိုက်သည်၊ အဘယ်ကြောင့်ဆိုသော် သူမ တစ်ဦးတည်းတွင်သာ ထိုမျှလောက်သော စွမ်းအား ရှိသောကြောင့် ဖြစ်သည်။
သူမ ဘာကြောင့် လုပ်ခဲ့သည် ဆိုသည့်အချက်ကိုမူ လင်းပိုင်ဖန် အထူးတလည် စိတ်မဝင်စားချေ။ အင်ပါယာတစ်ခု ပျက်စီးသွားရခြင်းမှာ ပျက်စီးသွားခြင်းသာ ဖြစ်ပြီး သူ၏ အကျိုးစီးပွားကိုလည်း မထိခိုက်စေပေ။
“သူမကို ဘုရင်မ မယ်ဒူဆာလို့ ခေါ်တာ မဆန်းတော့ဘူးပဲ...၊ တခြားကမ္ဘာတစ်ခုကို ရောက်နေရင်တောင် အရင်အတိုင်း ရက်ရက်စက်စက် သတ်ဖြတ်နိုင်တုန်းပဲ...” လင်းပိုင်ဖန်က ပြုံးလျက် ရေရွတ်လိုက်သည်။
ထိုအချိန်တွင် ယောင်ယောင်က စိတ်လှုပ်ရှားစွာဖြင့် ပြေးဝင်လာပြီး - “အရှင်မင်းမြတ်... အရှင် သတင်းရပြီးပြီလား... ထိတ်လန့်စရာကောင်းတဲ့ မိစ္ဆာမတစ်ယောက်က မဟာလျောင်အင်ပါယာကို ဖျက်ဆီးပစ်လိုက်ပြီတဲ့...၊ တကယ်ကို ရက်စက်လွန်းတာပဲ...” ဟု ဆိုလိုက်သည်။
လင်းပိုင်ဖန်က ခေါင်းညိတ်ကာ ပြုံးပြလိုက်ပြီး - “ငါ သိပြီးသားပါ... ဒါနဲ့ ဘာဖြစ်လို့လဲ...”
“ကျွန်မတို့ ‘မိစ္ဆာဂိုဏ်း’ က သူမနဲ့ ပတ်သက်ပြီး စိတ်ဝင်စားဖို့ကောင်းတဲ့ သတင်းအချို့ စုံစမ်းရထားတယ်... အရှင် သိချင်လား...” ယောင်ယောင်က ချီးကျူးခံချင်သည့်အလား သူမ၏ ခေါင်းလေးကို ဂုဏ်ယူစွာ မော့လျက် မေးလိုက်သည်။
လင်းပိုင်ဖန်က မရယ်ဘဲ မနေနိုင်တော့ဘဲ - “ကဲ... ဒါဆိုလည်း ငါ့ကို ပြောပြပါဦး...” ဟု ဆိုလိုက်လေသည်။
အပိုင်း (၆၁၄)
ဖျတ်ခနဲ အသံနှင့်အတူ ယောင်ယောင်က ကြွားဝါချင်သည့်အလား ပုံတူပန်းချီကားတစ်ချပ်ကို ဖြန့်ပြလိုက်ပြီး - “အရှင်မင်းမြတ်... ဒါကို ကြည့်လိုက်ပါဦး၊ ဒါက ကျွန်မတို့ မိစ္ဆာဂိုဏ်းက စုံစမ်းရရှိထားတဲ့ သူမရဲ့ ရုပ်ပုံလွှာပဲ။ သူမက အနီရောင်ဝတ်စုံကို ဆင်မြန်းထားပြီး ရင်သပ်ရှုမောဖွယ်ရာ လှပရုံတင်မကဘဲ ညို့ငင်ဖမ်းစားနိုင်တဲ့ အလှတရားမျိုးကို ပိုင်ဆိုင်ထားတယ်၊ သူမရဲ့ တကယ့်မျက်နှာကို မြင်ဖူးသူမှန်သမျှ ရူးမူးစွဲလမ်းသွားကြပြီး ရုန်းမထွက်နိုင်တော့ဘူးလို့ ပြောကြတယ်”
လင်းပိုင်ဖန်က ငုံ့ကြည့်လိုက်သည့်အခါ ပန်းချီကားထဲတွင် ဘုရင်မ မယ်ဒူဆာ၏ ဆွဲဆောင်မှုရှိသော အရှိန်အဝါ ငါးပုံ၊ ခြောက်ပုံခန့်ကို ဖော်ပြနိုင်သည်ကို တွေ့လိုက်ရသည်။
ငါးပုံ၊ ခြောက်ပုံခန့်သာ ရှိသေးသော်လည်း သူမသည် ပြိုင်ဘက်ကင်း အလှနတ်ဘုရားမတစ်ပါးအဖြစ် သတ်မှတ်ရန် လုံလောက်နေပြီ ဖြစ်သည်။
“သူမအကြောင်း တခြား ဘာတွေ သိထားသေးလဲ...” လင်းပိုင်ဖန်က မေးလိုက်သည်။
ယောင်ယောင်က ခေါင်းခါပြကာ - “အများကြီးတော့ မသိရသေးဘူး... ဒီမိန်းမက အရမ်း လျှို့ဝှက်လွန်းတယ်၊ ပြီးခဲ့တဲ့ ရက်ပိုင်းအတွင်းမှာ သူမက ကမ္ဘာအနှံ့က နေရာအသီးသီးမှာ ခဏတဖြုတ် ပေါ်လာတတ်ပြီး ခြေရာလက်ရာမချန်ဘဲ ပြန်ပျောက်ကွယ်သွားတတ်တယ်။ ကျွန်မတို့ မိစ္ဆာဂိုဏ်းရဲ့ အင်အားအားလုံးကို အသုံးချပြီး ရှာဖွေခဲ့ပေမဲ့ သူမရဲ့ နောက်ခံဇာစ်မြစ်ကို စုံစမ်းလို့မရခဲ့ဘူး၊ ဒီကမ္ဘာပေါ်ကို ရုတ်တရက်ကြီး ရောက်လာသလိုမျိုးပဲ...”
လင်းပိုင်ဖန်က စိတ်ထဲတွင် ကျေနပ်စွာ ခေါင်းညိတ်လိုက်သည်။
ဘုရင်မ မယ်ဒူဆာသည် တကယ်ပင် ဤကမ္ဘာသို့ ရုတ်တရက် ရောက်ရှိလာခြင်း ဖြစ်သည်။ အကယ်၍ ၎င်းတို့က သူမ၏အကြောင်းကို ပိုမိုစုံစမ်းသိရှိနိုင်ပါမှ သူက အံ့ဩရမည်ဖြစ်သည်။
“ဒါပေမဲ့... သူမ ဘာကြောင့် မဟာလျောင်အင်ပါယာကို ဖျက်ဆီးပစ်ခဲ့လဲဆိုတဲ့ အကြောင်းရင်းကိုတော့ ကျွန်မတို့ စုံစမ်းသိရှိထားပါတယ်...”
“ဘာအကြောင်းရင်းမလို့လဲ...” လင်းပိုင်ဖန်က သိချင်စိတ်ဖြင့် ခေါင်းကို အနီးသို့ တိုးလိုက်သည်။
“တကယ်တော့ ဒီကိစ္စက အင်မတန်ကိုမှ ရိုးရှင်းတယ်၊ အဲဒီ ထိတ်လန့်စရာကောင်းတဲ့ အမျိုးသမီးက မဟာလျောင် မြို့တော်ထဲမှာ ပေါ်လာတဲ့အခါ မဟာလျောင်ရဲ့ မင်းသားခုနစ်က မြင်သွားခဲ့တယ်၊ အဲဒီ မင်းသားခုနစ်ကလည်း အလိုလိုကတည်းက နှာဘူး ဖြစ်နေတာလေ...၊ ချောမောလှပတဲ့ အမျိုးသမီးကို မြင်လိုက်ရတော့ သူက အိမ်ကို အဓမ္မ ခေါ်သွားချင်တာပေါ့၊ ကံဆိုးချင်တော့ ဒီတစ်ကြိမ်မှာ သူက မကစားသင့်တဲ့သူကို သွားကစားမိတာပဲ...”
ယောင်ယောင်က သူတစ်ပါး ဒုက္ခရောက်သည်ကို ဝမ်းသာအားရဖြစ်သည့် လေသံဖြင့် ဆက်ပြောလိုက်သည် - “အဲဒီအမျိုးသမီးက ရုပ်ရည်ကော၊ သိုင်းပညာပါ ထူးချွန်လွန်းတာကြောင့် လက်ကို အနည်းငယ် ဝေ့ယမ်းလိုက်ရုံနဲ့တင် အဲဒီနှာဘူးကို သတ်ပစ်လိုက်တယ်လေ၊ ဒါကို မဟာလျောင်ဘက်က လက်မခံနိုင်ဘဲ တရားမျှတမှု ရှာဖို့ လုပ်ရင်းကနေ... သူမရဲ့ လက်ချက်နဲ့ပဲ အလွယ်တကူ မျိုးပြုတ်သွားရတာပေါ့၊ တကယ်ကို သနားစရာကောင်းပြီး၊ ရယ်စရာလည်း ကောင်းလွန်းတယ်...”
“မင်းပြောတာ မှန်တယ်... ရာဂစိတ်က ဒုက္ခဆီကိုပဲ ဦးတည်တာပဲ၊ မိမိကိုယ်ကိုယ်တင်မကဘဲ တိုင်းပြည်တစ်ခုလုံးကိုပါ ပျက်စီးစေနိုင်တာပဲ...” လင်းပိုင်ဖန်က သက်ပြင်းချလိုက်သည်။
“ဒါကို သိရင် ပြီးတာပါပဲ...”
ယောင်ယောင်က လေးနက်စွာဖြင့် သတိပေးလိုက်သည် - “ဒါကြောင့် အရှင်မင်းမြတ်အနေနဲ့လည်း ကိုယ့်ရဲ့ အောက်ပိုင်းကို ထိန်းချုပ်ထားရမယ်၊ လှပတဲ့ အမျိုးသမီးတွေကို မြင်တိုင်း စိတ်လွတ်ကိုယ်လွတ် မဖြစ်စေနဲ့ဦး...၊ မဟုတ်ရင် အဲဒီလို အမျိုးသမီးမျိုးကို မတော်တဆ သွားရောက်စော်ကားမိမှ နောင်တရရင် အချိန်နှောင်းသွားလိမ့်မယ်၊ နားလည်လား...”
“ယောင်ယောင်... မင်းပြောတာက မှန်ပါတယ်၊ ဒါပေမဲ့...”
လင်းပိုင်ဖန်က အနည်းငယ် စိတ်ရှုပ်ထွေးဟန်ဖြင့် - “အကယ်၍ သူမက ငါ့ဆီကို အလိုအလျောက် ရောက်လာခဲ့ရင်ရော... ငါက သူမကို ငြင်းပယ်လိုက်ရမှာလား...”
ယောင်ယောင်၏ မျက်လုံးများ ပြူးကျယ်သွားပြီး လင်းပိုင်ဖန်၏ နဖူးကို စမ်းကြည့်ကာ - “အရှင်မင်းကြီး စိတ်ရူးပေါက်နေတာလား... ဘယ်လိုတောင် အဓိပ္ပာယ်မရှိတာတွေ လျှောက်ပြောနေရတာလဲ၊ ဒီလောက် ပြိုင်ဘက်ကင်းပြီး အစွမ်းထက်တဲ့ အမျိုးသမီးက အရှင်မင်းမြတ်ကို ဘာလို့ သဘောကျရမှာလဲ...”
“ဘာလို့ မရရမှာလဲ... ငါက ပြိုင်ဘက်ကင်းတဲ့ ဧကရာဇ်တစ်ပါးပဲဟာ၊ ဘယ်အမျိုးသမီးကများ ငါ့ကို ငြင်းဆန်နိုင်မှာလဲ...” လင်းပိုင်ဖန်က ဂုဏ်ယူဝင့်ကြွားစွာ ပြောလိုက်သည်။
“ဟားဟား... အရှင်က တကယ် ရယ်ရတာပဲ...”
ယောင်ယောင်က ဗိုက်ကိုနှိပ်၍ ရယ်မောလိုက်ပြီး - “ကျွန်မဖြင့် အရှင်မင်းမြတ်လိုမျိုး မျက်နှာအရေထူတဲ့သူ တစ်ယောက်ကို တစ်ခါမှ မမြင်ဖူးသေးဘူး၊ ကဲ... ဒါဆိုရင် လောင်းကြေးထပ်ကြမလား၊ အကယ်၍ သူမက အရှင့်ဆီကို တကယ်ပဲ ရောက်လာခဲ့ရင် အရှင့်ရဲ့ တောင်းဆိုချက်တစ်ခုကို ကျွန်မ လိုက်လျောမယ်၊ မဟုတ်ရင်တော့ အရှင်က ကျွန်မရဲ့ တောင်းဆိုချက်တစ်ခုကို လိုက်လျောရမယ်... ဘယ်လိုလဲ...”
“ ကောင်းပြီ...”
လင်းပိုင်ဖန်က ချက်ချင်း သဘောတူလိုက်ပြီး ယောင်ယောင်၏ နားနားသို့ ကပ်ကာ တိုးတိုးလေး ပြောလိုက်သည် - “ငါ့ရဲ့ တောင်းဆိုချက်ကတော့...”
စကားကို ကြားပြီးနောက်တွင် ယောင်ယောင်၏ မျက်နှာတစ်ခုလုံး ခရမ်းချဉ်သီးကဲ့သို့ ရဲရဲနီသွားခဲ့တော့သည်။
ဤငတုံး ဧကရာဇ်သည်... မည်ကဲ့သို့ ဤမျှ ရှက်စရာကောင်းသော တောင်းဆိုချက်မျိုးကို အကြံပြုနိုင်ရသနည်း... တကယ်ကို အရှက်မရှိလွန်းလှပေသည်။
သူမက လင်းပိုင်ဖန်၏ လူလည်ကျနေသော မျက်နှာကို ကြည့်ရင်း အံကိုကြိတ်ကာ - “ကောင်းပြီ... သဘောတူတယ်၊ ဒါပေမဲ့ အရှင် ရှုံးသွားရင်တော့ ကျွန်မရဲ့ ပြင်းထန်ပြီး ရက်စက်တဲ့ လက်စားချေမှုကို ခံယူဖို့ အဆင်သင့်ပြင်ထားလိုက်...” ဟု ပြောလိုက်လေသည်။
“ငါကတော့ လုံးဝ မရှုံးစေရဘူး...” လင်းပိုင်ဖန်က ယုံကြည်မှုအပြည့်ဖြင့် ကြေညာလိုက်သည်။
ထိုအချိန်တွင်ပင် စုန့်ယွီဖေးက အခန်းထဲသို့ အလျင်အမြန် ပြေးဝင်လာပြီး ပျာပျာသလဲဖြင့် - “အရှင်မင်းမြတ်... ကျွန်မ အခုလေးတင် တာအိုဂိုဏ်းဆီကနေ သတင်းရရှိခဲ့ပါတယ်၊ မဟာလျောင်အင်ပါယာကို ဖျက်ဆီးပစ်ခဲ့တဲ့ အဲဒီ ထိတ်လန့်စရာကောင်းတဲ့ အမျိုးသမီးက ကျွန်မတို့ မဟာရှနိုင်ငံရဲ့ မြို့တော်ဆီကို ချဉ်းကပ်လာနေပြီတဲ့...”
“ဘာ... အဲဒီအမျိုးသမီးက ဒီကို လာနေတာဟုတ်လား...” ယောင်ယောင်မှာလည်း ထိတ်လန့်သွားခဲ့သည်။
“ဟုတ်တယ်...” စုန့်ယွီဖေးက ခေါင်းကို ပြင်းပြင်းထန်ထန် ညိတ်ပြလိုက်သည်။
“နင် နောက်နေတာ မဟုတ်ပါဘူးနော်... သူမက တကယ်ပဲ ဒီဘက်ကို လာနေတာလား...” ယောင်ယောင်က ထပ်မံမေးမြန်းလိုက်ပြန်သည်။
“ငါက ဘာဖြစ်လို့ ဒီလိုကိစ္စမျိုးကို နောက်ပြောင်ရမှာလဲ...”
ထိုအချိန်တွင်ပင် ယောင်ယောင်ထံသို့ စာပို့ငှက်တစ်ကောင် ရောက်ရှိလာခဲ့သည်။
သူမက စာကို ဖြန့်ဖတ်လိုက်ပြီးနောက် - “အဲဒီအမျိုးသမီးက တကယ်ပဲ ဒီဘက်ကို လာနေတာပဲ...။ အရှင်မင်းမြတ်... ကျွန်မတို့ အခု ဘာလုပ်ကြမလဲ...” ဟု အလန့်တကြား အော်ဟစ်လိုက်မိသည်။
“ဘာတွေ စိုးရိမ်နေတာလဲ... သူမ လာချင်ရင်လည်း လာပိုင်ခွင့်ရှိတာပဲလေ...” လင်းပိုင်ဖန်က ဂရုမစိုက်ဟန်ဖြင့် အေးအေးလူလူ ပြောလိုက်သည်။
“အရှင်မင်းကြီး... အခု အခြေအနေက အရေးကြီးနေပြီလေ၊ ဘယ်လိုလုပ် ဒီလောက်တောင် အေးဆေးနေနိုင်ရတာလဲ...။ အကယ်၍ သူမကသာ နန်းတော်ကြီးကို ဝင်စီးလိုက်ရင် ဘယ်လိုလုပ်မလဲ...။ ကျွန်မတို့ မဟာရှနိုင်ငံက အင်အားတောင့်တင်းတယ် ဆိုပေမဲ့ သူမနဲ့ ထိပ်တိုက်တွေ့ရင်တော့ အထိနာမှာကို ရှောင်လွှဲနိုင်မှာ မဟုတ်ဘူး...” ယောင်ယောင်မှာ အလွန်အမင်း ပူပန်သောက ရောက်နေရှာသည်။
“ယောင်ယောင်ပြောတာ မှန်ပါတယ်... အရှင်မင်းမြတ်...” စုန့်ယွီဖေးကလည်း ခေါင်းကို ပြတ်ပြတ်သားသား ညိတ်ပြလိုက်သည်။
လင်းပိုင်ဖန်ကမူ ခပ်ဖွဖွလေး ပြုံးလိုက်ပြီး - “စိတ်မပူပါနဲ့... သူမက ငါ့ကို အန္တရာယ်ပြုမှာ မဟုတ်ပါဘူး...”
အမျိုးသမီးနှစ်ဦးစလုံးက နားမလည်နိုင်စွာဖြင့် - “အရှင်မင်းမြတ်... ဘာဖြစ်လို့ အဲဒီလို ပြောနိုင်ရတာလဲ...” ဟု ပြိုင်တူ မေးလိုက်ကြသည်။
လင်းပိုင်ဖန်က ထပ်မံပြုံးပြလိုက်ရင်း - “အာရုံခံစားမှုအရပေါ့...”
ယောင်ယောင်နှင့် စုန့်ယွီဖေး - “...”
“ကဲပါ... မနောက်တော့ဘူး၊ တကယ့် အကြောင်းရင်းကတော့ သူမက ငါ့ရဲ့ လက်အောက်ငယ်သား ဖြစ်နေလို့ပဲ...။ သူမက ငါ့ထံမှာ အမှုထမ်းဖို့ မဟာရှကို လာနေတာမလို့... ငါ့ရဲ့ အချစ်တော် မိဖုရားလေးတွေရေ သွေးပျက်မနေကြနဲ့တော့...” လင်းပိုင်ဖန်က တည်ကြည်သော လေသံဖြင့် ပြောလိုက်သည်။
ကံဆိုးချင်တော့ ထိုတည်ကြည်လှသည်ဆိုသော မျက်နှာပေးမှာ အမျိုးသမီးနှစ်ဦးအတွက်မူ လုံးဝ အတည်ပေါက် ဖြစ်မနေခဲ့ပေ။
ယောင်ယောင်က ဒေါသတကြီးဖြင့် - “အရှင်မင်းမြတ်... ဒီလိုအချိန်မျိုးမှာတောင် လျှောက်နောက်နေသေးတယ်၊ အရှင့်က တကယ် စိတ်တိုဖို့ကောင်းတယ်...”
“မှန်ပါတယ်... အရှင်မင်းမြတ်၊ အခုအချိန်မှာတော့ နည်းနည်းလောက် တည်တည်တံ့တံ့ ရှိသင့်ပါတယ်...” စုန့်ယွီဖေးကလည်း စိတ်ပျက်ဟန်ဖြင့် ဆိုလိုက်သည်။
လင်းပိုင်ဖန်မှာ မတရားသဖြင့် စွပ်စွဲခံလိုက်ရသလို ခံစားလိုက်ရပြီး - “ဒါပေမဲ့ ငါ တကယ်အမှန်အတိုင်း ပြောနေတာလေ...”
“ဟူး... အရှင့်စကားကို ဆက်နားမထောင်တော့ဘူး၊ ကျွန်မဘာသာပဲ လူ သွားရှာတော့မယ်...” ဝှစ်ခနဲ လေခွင်းသံနှင့်အတူ ယောင်ယောင်သည် နန်းတော်အတွင်းမှ ပြေးထွက်သွားတော့သည်။
မျက်စိတစ်မှိတ်အတွင်းမှာပင် သူမသည် ပန်းချီအဆောင်သို့ ရောက်ရှိသွားခဲ့သည်။
“ပန်းချီဆရာကြီး... အရှင်မင်းမြတ် အန္တရာယ်ကြုံတွေ့နေရပြီ၊ အမြန်ဆုံး လှုပ်ရှားပေးပါဦး...”
ပန်းချီဆွဲနေသည့် ပန်းချီဆရာကြီးမှာ အလွန်အမင်း အံ့ဩသွားပြီး - “ဘာဖြစ်လို့လဲ... အရှင်မင်းမြတ်က ဘာလို့ အန္တရာယ်ရှိနေရတာလဲ...”
“ကိစ္စက ဒီလိုပါ...”
အခြေအနေ အရပ်ရပ်ကို နားလည်သွားပြီးနောက် ပန်းချီဆရာကြီးသည် ကူညီရန်အတွက် ချက်ချင်းပင် အပြေးအလွှား ထွက်ခွာလာခဲ့တော့သည်။
ထို့နောက် ယောင်ယောင်သည် မြို့တော်တစ်ခုလုံးကို ပတ်ပြေးကာ သူမ ရှာတွေ့သမျှ ကောင်းကင်အဆင့် အားလုံးကို လာရောက်ကူညီရန် လိုက်လံခေါ်ယူခဲ့သည်။
စုန့်ယွီဖေးသည်လည်း ထို့အတူပင် မြို့တော်အတွင်းရှိ ချီဖွဲ့တည်ခြင်းအဆင့် ကျင့်ကြံသူ အားလုံးကို ဆင့်ခေါ်ခဲ့သည့်အပြင် နန်းတော်အစောင့် တပ်ဖွဲ့အားလုံးကိုပါ စုစည်းစေပြီး... ထိုထိတ်လန့်စရာကောင်းသော အမျိုးသမီး၏ အန္တရာယ်ကို ရင်ဆိုင်ရန် အဆင်သင့် ပြင်ဆင်ထားလိုက်ကြသည်။
မိမိ၏ ဘယ်ဘက်တွင် ရပ်နေသော ပန်းချီဆရာကြီးနှင့် ညာဘက်တွင် ဝဲပျံနေသော ‘ရွှမ်ရှောင်’ နတ်ဓားအပြင်... မိမိကို ဝိုင်းရံထားကြသည့် ကောင်းကင်အဆင့် သိုင်းပညာရှင်များနှင့် နန်းတော်တစ်ခုလုံး ပြည့်နှက်နေသော ချီဖွဲ့တည်ခြင်းအဆင့် သိုင်းပညာရှင်များ၊ နန်းတွင်းအစောင့်တပ်ဖွဲ့များကို ကြည့်ရင်း လင်းပိုင်ဖန်တစ်ယောက် အလွန်အမင်း ကူကယ်ရာမဲ့သလို ခံစားလိုက်ရသည်။
“တကယ်ပါဆို... ဒီလောက်အထိ လုပ်ဖို့ မလိုပါဘူး၊ အဲဒီအမျိုးသမီးက ငါ့လူပါဆိုနေ... သူမက ငါ့ကို ဒုက္ခပေးမှာ မဟုတ်ဘူး...”
စုန့်ယွီဖေးက လေးနက်သော မျက်နှာထားဖြင့် - “အရှင်မင်းမြတ်... ဘေးအန္တရာယ်က ရှေ့မှောက်ကို ရောက်နေပါပြီ၊ ကျေးဇူးပြုပြီး အဓိပ္ပာယ်မရှိတာတွေ ပြောပြီး စစ်သည်တွေရဲ့ စိတ်ဓာတ်ကို မဖျက်ဆီးပါနဲ့တော့...” ဟု ဆိုလိုက်သည်။
လင်းပိုင်ဖန် - “...”
ယောင်ယောင်၏ မျက်နှာလေးမှာလည်း အလွန်ပင် တည်တံ့နေပြီး - “အရှင်မင်းမြတ်... အခုက အရှင့်ရဲ့ စိတ်ကူးယဉ်မှုတွေကို ထုတ်ပြရမယ့် အချိန်မဟုတ်ပါဘူး...။ ကျေးဇူးပြုပြီး ငြိမ်ငြိမ်လေး နေပေးပါ၊ ဒီအခက်အခဲကို ကျော်ဖြတ်ပြီးမှ ကြိုက်တာပြော၊ ဟုတ်ပြီလား...”
လင်းပိုင်ဖန် - “...”
အတန်ကြာတွင် ဝေးလံသော ကောင်းကင်ယံ၌ အနီရောင်ဝတ်စုံနှင့် လူရိပ်တစ်ခု ပေါ်လာပြီး... နဂါးတစ်ကောင်ကဲ့သို့ လျင်မြန်စွာ ချဉ်းကပ်လာနေခဲ့သည်။
လူတိုင်း၏ အကြည့်များက စူးရှသွားကြပြီး - “အဲဒီအမျိုးသမီး... သူမ ရောက်လာပြီ...”