← Chapters

အခန်း (၆၁၅-၆၁၆)

Vol. 57 Ch. 615-616

အခန်း (၆၁၅-၆၁၆)

Vol. 57 Ch. 615-616

အပိုင်း (၆၁၅)

ဘုရင်မ မယ်ဒူဆာသည် နန်းတော်ထဲသို့ ညင်သာစွာ ဆင်းသက်လိုက်ပြီးနောက် ရှေ့မှောက်ရှိ မြင်ကွင်းကို ကြည့်ကာ လုံးဝ ဆွံ့အမှင်တက်သွားခဲ့ရသည်။

မဟာကောင်းကင်အဆင့် တစ်ယောက်၊ ကောင်းကင်အဆင့် ကိုးယောက်၊ ထို့အပြင် ချီဖွဲ့တည်ခြင်းအဆင့် ရာချီနှင့် ခန္ဓာကိုယ်လေ့ကျင့်ခြင်းအဆင့် သောင်းချီ...

ထို့အပြင် ဧကရာဇ်မင်းမြတ်သည်လည်း ထိုနေရာတွင် ထိုင်လျက် သူမကို အကြည့်မလွှဲတမ်း စိုက်ကြည့်နေသည်။

ဒီကြိုဆိုပွဲက နည်းနည်းတော့ ကြီးကျယ်လွန်းမနေဘူးလား...။

ဘုရင်မ မယ်ဒူဆာမှာ အနည်းငယ် မြှောက်ပင့်ခံလိုက်ရသလို ခံစားလိုက်ရသည်။ သို့သော်လည်း လေထုထဲရှိ အခြေအနေက တစ်မျိုးကြီး ဖြစ်နေသဖြင့် သူမအနေဖြင့် ဘာပြောရမှန်းမသိဘဲ ခဏတာ ကြောင်အသွားခဲ့သည်။

ထိုအချိန်တွင် ယောင်ယောင်နှင့် ကျန်တဲ့သူများက ဘုရင်မ မယ်ဒူဆာကို စူးစိုက်ကြည့်နေကြသည်။

အမျိုးသားအတော်များများ၏ မျက်ဝန်းထဲတွင် စွဲလမ်းရူးမူးသည့် အရိပ်အယောင်များ ပေါ်လွင်နေခဲ့သည်၊ အဘယ်ကြောင့်ဆိုသော် သူမသည် ကောလာဟလများအတိုင်းပင် ရင်သပ်ရှုမောဖွယ်ရာ လှပလွန်းနေသောကြောင့် ဖြစ်သည်။

ထို့အပြင် သူမသည် လူအများအပြား၏ ဝိုင်းရံခြင်းကို ခံထားရသော်လည်း ကြောက်ရွံ့သည့် အရိပ်အယောင် စိုးစဉ်းမျှ မရှိပေ။ သူမ၏ ခွန်အားသည် ဧကန်မုချ ထူးခြားပြောင်မြောက်လှပြီး မဟာကောင်းကင်အဆင့်တစ်ယောက် ဖြစ်သည်ဆိုသော စကားမှာလည်း မှန်ကန်ပုံရသည်။

ပန်းချီဆရာကြီးက အသံတိုးတိုးဖြင့် - “သူမရဲ့ အရှိန်အဝါက တကယ့်ကို ထက်မြက်လွန်းတယ်၊ ငါ့ကိုတောင် ဖိအားပေးနိုင်တယ်...။ သူမက အသေအချာကို မဟာကောင်းကင်အဆင့်ပဲ” ဟု ကပ်ပြောလိုက်သည်။

ယောင်ယောင်၏ ရင်ထဲတွင် တုန်လှုပ်သွားပြီး - “ကောလာဟလတွေအတိုင်း တကယ်ပဲ ထိတ်လန့်စရာကောင်းတာပဲ၊ မဟာ‌ကောင်းကင်အဆင့်အထိ ကျင့်ကြံထားတာကိုး...။ ဒါပေမဲ့ သူမ ဘာရည်ရွယ်ချက်နဲ့ လာလဲဆိုတာတော့ မသိသေးဘူး၊ မိတ်ဆွေလား ရန်သူလား ဆိုတာ မသေချာဘူး...။ ပန်းချီဆရာကြီး... အကယ်၍ သူမဘက်က ရန်လိုတဲ့ အရိပ်အယောင်ပြတာနဲ့ အရင်ဆုံး လက်ဦးမှုယူပြီး တိုက်ခိုက်လိုက်ပါ”

စုန့်ယွီဖေးကလည်း - “သူမကို နတ်ဓားနဲ့ တိုက်ရိုက်တိုက်ခိုက်လိုက်ပါ၊ အသက်ရှူခွင့်တောင် မပေးပါနဲ့” ဟု ထပ်လောင်းပြောလိုက်သည်။

ပန်းချီဆရာကြီးက ခေါင်းညိတ်ပြကာ - “ကျုပ် နားလည်ပါပြီ”

ထိုအချိန်တွင် ဘုရင်မ မယ်ဒူဆာသည် လင်းပိုင်ဖန်ရှိရာဆီသို့ ကျော့ရှင်းလှတဲ့ ခြေလှမ်းများဖြင့် ညင်သာစွာ လျှောက်လှမ်းလာခဲ့သည်။

ယောင်ယောင်မှာ ပျာပျာသလဲ ဖြစ်သွားပြီး - “သူမ လာနေပြီ...၊ ဘာလုပ်မလို့လဲ မသိဘူး”

စုန့်ယွီဖေးကလည်း အလွန်အမင်း ထိတ်လန့်နေပြီး - “ငါလည်း ဘယ်သိမလဲ...၊ ဒီမိန်းမရဲ့ နောက်ခံက အရမ်း လျှို့ဝှက်လွန်းတယ်၊ နဂါးတစ်ကောင်လိုပဲ ခြေရာလက်ရာမပြဘဲ လှုပ်ရှားနေတာ...၊ ငါတို့ တာအိုဂိုဏ်းက အင်အားအားလုံး သုံးပြီး စုံစမ်းတာတောင် သူမရဲ့ ဇာစ်မြစ်ကို ရှာမတွေ့ဘူး၊ နာမည်ကိုတောင် မသိရဘူး”

“ငါ သူမ နာမည်ကို သိတယ်...” လင်းပိုင်ဖန်က ဝင်ပြောလိုက်သည်။

“အရှင်မင်းမြတ်... အခုက နောက်ရမယ့် အချိန်မဟုတ်ဘူးနော်”

“အရှင် ငြိမ်ငြိမ်လေး နေပေးရင်ပဲ ကျွန်မတို့ ကျေးဇူးတင်လှပါပြီ”

လင်းပိုင်ဖန် - “...”

လက်ရှိ နန်းတော်ထဲတွင် တစ်ဦးတည်းသော မဟာကောင်းကင်အဆင့် ဖြစ်သည့်အတွက် ပန်းချီဆရာကြီးက စကားတစ်ခုခု ပြောသင့်သည်ဟု ခံစားလိုက်ရပြီး - “မင်း...”

သို့သော်လည်း ထိုအချိန်တွင်ပင် ဘုရင်မ မယ်ဒူဆာသည် လင်းပိုင်ဖန်နှင့် မလှမ်းမကမ်းတွင် ခြေလှမ်းများကို ရပ်တန့်လိုက်ပြီး အရိုအသေပေးကာ လေးနက်စွာဖြင့် - “မယ်ဒူဆာ... အရှင်မင်းမြတ်ကို ဂါရဝပြုပါတယ်” ဟု ဆိုလိုက်လေသည်။

လင်းပိုင်ဖန်က လက်ကို ဝေ့ယမ်းလိုက်ပြီး - “အခမ်းအနားတွေ လုပ်မနေပါနဲ့တော့...”

“ကျေးဇူးတင်ပါတယ်... အရှင်မင်းမြတ်”

ဘုရင်မ မယ်ဒူဆာက ခေါင်းကို မော့လိုက်ပြီး - “ကျွန်မရဲ့ ကိုယ်ရေးကိုယ်တာ ကိစ္စတွေကို ရှင်းလင်းပြီးပြီမလို့... အရှင်မင်းမြတ်ထံမှာ အမှုထမ်းဖို့ ပြန်လာခဲ့တာပါ” ဟု ဆက်ပြောလိုက်သည်။

လင်းပိုင်ဖန်က ခေါင်းညိတ်လိုက်ပြီး - “အင်း... ကောင်းပြီ၊ ဒါဆိုရင် ငါက မင်းကို မဟာရှနိုင်ငံရဲ့ ကာကွယ်စောင့်ရှောက်သူအဖြစ် တရားဝင် ခန့်အပ်တယ်၊ မင်းရဲ့ အဆင့်အတန်းက ပန်းချီဆရာကြီးနဲ့ တန်းတူပဲ...၊ ပြီးတော့ ငါ့ရဲ့ အမိန့်ကိုပဲ နာခံရမယ်”

ဘုရင်မ မယ်ဒူဆာသည် ဤကမ္ဘာအနှံ့ လှည့်လည်သွားလာခဲ့ပြီးနောက် တိုင်းပြည်တစ်ခု၏ ကာကွယ်စောင့်ရှောက်သူဟူသော ရာထူးမှာ မည်မျှ အဆင့်အတန်းမြင့်မားသည်ကို နားလည်ထားသည်။

ထို့ကြောင့် သူမက ဝမ်းမြောက်ဝမ်းသာဖြင့် အမိန့်တော်ကို နာခံလိုက်ပြီး - “ကျေးဇူးတင်ပါတယ်... အရှင်မင်းမြတ်”

ထိုနေရာတွင် ရှိနေကြသူအားလုံးမှာ ဆွံ့အမှင်တက်သွားကြတော့သည်။

“အမ်... အဲဒီ ထိတ်လန့်စရာကောင်းတဲ့ အမျိုးသမီးက တကယ်ပဲ အရှင်မင်းမြတ်ရဲ့ စကားကို နားထောင်နေတာလား...”

“ပြီးတော့ ငါတို့ မဟာရှနိုင်ငံရဲ့ ကာကွယ်စောင့်ရှောက်သူ ဖြစ်လာတယ် ဟုတ်လား...”

“အခုဆို ငါတို့ မဟာရှနိုင်ငံမှာ မဟာကောင်းကင်အဆင့် နှစ်ယောက် ရှိသွားပြီပေါ့...”

“ဒါ တကယ်ပဲလား... ငါ အိမ်မက်မက်နေတာများလား...”

၎င်းတို့အားလုံး အပြည့်အဝ ပြင်ဆင်ပြီး ရင်ဆိုင်ရန် စောင့်ဆိုင်းနေခဲ့သော ထိတ်လန့်စရာကောင်းသည့် အမျိုးသမီးမှာ မျက်စိတစ်မှိတ်အတွင်းမှာပင် ၎င်းတို့နိုင်ငံ၏ ကာကွယ်စောင့်ရှောက်သူ ဖြစ်လာခဲ့လေသည်။

ဒါဟာ ဒဏ္ဍာရီပုံပြင်တစ်ပုဒ်လို ဖြစ်နေပြီး လက်ခံနိုင်ဖို့ရာ အလွန် စိတ်ကူးယဉ် ဆန်လွန်းနေသည်။

၎င်းတို့သည် ဝေခွဲမရနိုင်သော မျက်နှာထားများဖြင့် လင်းပိုင်ဖန်ဘက်သို့ လှည့်ကြည့်လိုက်ပြီး ကျိုးကြောင်းဆီလျော်သော ရှင်းလင်းချက်တစ်ခုကို မျှော်လင့်နေကြသည်။

လင်းပိုင်ဖန်က ကူကယ်ရာမဲ့စွာဖြင့် - “ငါ အရှေ့မှာ ပြောခဲ့သားပဲ... သူမက ငါ့လူပါဆိုတာကို”

“ဒါပေမဲ့ သူမက ဘယ်လိုလုပ် အရှင့်လူ ဖြစ်သွားတာလဲ...၊ အရှင်က သူမကို ဘယ်လို စည်းရုံးလိုက်တာလဲ...” ယောင်ယောင်မှာ စိတ်လှုပ်ရှားစွာဖြင့် မေးလိုက်သည်။

ကျန်တဲ့သူများက နှုတ်ဆိတ်နေကြသော်လည်း ၎င်းတို့၏ စိတ်လှုပ်ရှားမှုမှာ ယောင်ယောင်ထက် မလျော့ပေ။

“ငါ့ရဲ့ ယောကျာ်းပီသတဲ့ ဆွဲဆောင်မှုကြောင့်ပေါ့... ဒါကလွဲရင် ဘာရှိဦးမှာလဲ...” လင်းပိုင်ဖန်က မာနတဖွဲသားဖြင့် ပြောလိုက်သည်။

“ဆွဲဆောင်မှု ဟုတ်လား... မဖြစ်နိုင်တာ...” ယောင်ယောင်က စိတ်ထဲမှ တိုးတိုးလေး ကန့်ကွက်လိုက်ပြီး မိမိ၏ အမျိုးသားက ထိုအမျိုးသမီးကို ဆွဲဆောင်မှုတစ်ခုတည်းဖြင့် သိမ်းသွင်းနိုင်ခဲ့သည်ဆိုသည်ကို လုံးဝ မယုံကြည်ပေ။

သေချာပေါက် ပြောမပြနိုင်တဲ့ လျှို့ဝှက်ချက်တစ်ခုခု ရှိနေရမည်။

“ကဲ... တခြား ကိစ္စမရှိရင် အားလုံးပဲ ပြန်နိုင်ကြပြီ...” လင်းပိုင်ဖန်က လက်ကို ဝေ့ယမ်းလိုက်သည်။

“အမိန့်အတိုင်းပါ... အရှင်မင်းမြတ်” ဟု အားလုံးက ပြိုင်တူ ဖြေကြားလိုက်ကြသည်။

အရှင်မင်းမြတ်က ထိုထိတ်လန့်စရာကောင်းသော အမျိုးသမီးကို မည်သို့ သိမ်းသွင်းခဲ့သည်ကို အလွန် သိချင်နေကြသော်လည်း ဧကရာဇ်က လူစုခွဲရန် အမိန့်ပေးလိုက်ပြီ ဖြစ်ခြင်းကြောင့် လောလောဆယ် ပြန်သွားကြပြီးမှ နောက်မှသာ စုံစမ်းရန် ဆုံးဖြတ်လိုက်ကြသည်။

ဘုရင်မ မယ်ဒူဆာသည် လင်းပိုင်ဖန်နှင့်အတူ နန်းတော်ထဲသို့ လိုက်ပါလာခဲ့သည်။

လင်းပိုင်ဖန်က ပြုံးလိုက်ပြီး ရှိနေသော အမျိုးသမီးအနည်းငယ်ကို မိတ်ဆက်ပေးလိုက်သည် - “မင်းတို့ကို မိတ်ဆက်ပေးရဦးမယ်... ဒါက မယ်ဒူဆာ၊ သူမက အစွမ်းထက်တဲ့ မဟာကောင်းကင်အဆင့် သိုင်းပညာရှင် ဖြစ်ရုံတင်မကဘဲ ဘုရင်မတစ်ပါးလည်း ဖြစ်တယ်...၊ မင်းတို့ သူမကို ဘုရင်မ မယ်ဒူဆာလို့ ခေါ်နိုင်တယ်”

“ဘုရင်မ မယ်ဒူဆာ ဟုတ်လား... အစ်မက ဘယ်နိုင်ငံရဲ့ ဘုရင်မလဲဟင်၊ ဒါပေမဲ့ ကျွန်မ ဘာလို့ တစ်ခါမှ မကြားဖူးရတာလဲ...” ယောင်ယောင်က သူမ၏ ဝိုင်းစက်နက်မှောင်သော မျက်လုံးများကို ပုတ်ခတ်လျက် ချိုသာသော လေသံဖြင့် စူးစမ်းလိုက်သည်။

“အရှင်မင်းမြတ်... သူမက...” ဘုရင်မ မယ်ဒူဆာက လင်းပိုင်ဖန်ဘက်သို့ လှည့်ကြည့်လိုက်သည်။

လင်းပိုင်ဖန်က ပြုံးလျက် - “ဒါက ငါ့ရဲ့ အချစ်တော် မိဖုရား ယောင်ယောင်လေ...၊ သူမက မိစ္ဆာဂိုဏ်းရဲ့ မြင့်မြတ်သမီးတော်လည်း ဟုတ်တယ်...”

ဘုရင်မ မယ်ဒူဆာ၏ အကြည့်များက ချက်ချင်း ပြောင်းလဲသွားပြီး ရိုသေစွာဖြင့် အရိုအသေပေးကာ - “မိဖုရားယောင်ယောင် ဖြစ်နေတာကိုး...၊ ဂါရဝပြုပါတယ်၊ ကျက်သရေ မင်္ဂလာအပေါင်းနဲ့ ပြည့်စုံပြီး ကံကောင်းပါစေ...”

ယောင်ယောင်မှာ မြှောက်ပင့်ခံလိုက်ရသလို ဖြစ်သွားပြီး - “အစ်မ... ဒီလောက်အထိ ရိုသေဖို့ မလိုပါဘူး...၊ ကျွန်မက သာမန် အမျိုးသမီးတစ်ယောက်ပါပဲ၊ ဒီလောက် ကြီးကျယ်တဲ့ ဂါရဝပြုမှုကို မခံယူဝံ့ပါဘူး...”

မဟာကောင်းကင်အဆင့်ဆိုသည်မှာ သူမ၏ ဆရာဘိုးဘိုး နှင့် အဆင့်တူညီသော ထိပ်တန်း ကျွမ်းကျင်သူတစ်ဦး ဖြစ်သည်။

ထိုကဲ့သို့ ဝါကြီး ပုဂ္ဂိုလ်တစ်ဦးထံမှ ဂါရဝပြုမှုကို သူမ မခံယူဝံ့ပေ။ အကယ်၍ သူမ၏ ဆရာဘိုးဘိုးနှင့် ဆရာတို့ သိသွားပါက သေချာပေါက် အဆူခံရပေလိမ့်မည်။

ဘုရင်မ မယ်ဒူဆာက လေးနက်စွာဖြင့် - “မိဖုရားယောင်ယောင်... ကိုယ့်ကိုယ်ကိုယ် သိမ်ငယ်အောင် မတွေးပါနဲ့၊ မင်းက ဧကရာဇ်မင်းမြတ်ရဲ့ အချစ်တော် မိဖုရားဖြစ်လို့ မင်းရဲ့ အဆင့်အတန်းက အလွန် မြင့်မြတ်လှပါတယ်...၊ ဒီကမ္ဘာပေါ်မှာ မင်းရဲ့ အဆင့်အတန်းကို ယှဉ်နိုင်သူ အနည်းငယ်ပဲ ရှိတာပါ၊ ဒီလို ဂါရဝပြုမှုကို ခံယူဖို့ လုံးဝ ထိုက်တန်ပါတယ်...”

“ကျေးဇူးပြုပြီး... အစ်မ မယ်ဒူဆာ၊ ဒီလိုမျိုး မလုပ်ပါနဲ့...” ယောင်ယောင်မှာ အလွန် နေရခက်နေရှာသည်။

လင်းပိုင်ဖန်က လက်ကို ဝေ့ယမ်းလိုက်ပြီး - “ကဲပါ... အခမ်းအနားတွေ လုပ်မနေကြနဲ့တော့၊ အချင်းချင်းပဲ ညီအစ်မလိုပဲ ခေါ်ကြပါ...”

ထိုအခါမှသာ အမျိုးသမီးနှစ်ဦးလုံး စည်းကမ်းချက်များကို ဖယ်ရှားလိုက်ကြသည်။

“အစ်မ မယ်ဒူဆာ... ကျွန်မ စောစောက မေးတဲ့ မေးခွန်းကို ဖြေပေးလို့ရမလားဟင်...” ယောင်ယောင်က ထပ်မံ မေးမြန်းလိုက်သည်။

ဘုရင်မ မယ်ဒူဆာက လင်းပိုင်ဖန်ကို တစ်ချက် ကြည့်လိုက်ပြီး - “ငါက မျိုးနွယ်စုတစ်ခုရဲ့ ဘုရင်မတစ်ယောက်ပါပဲ...၊ ပြီးတော့ လူသူအရောက်အပေါက်နည်းတဲ့ တောနက်ထဲမှာပဲ အမြဲ နေထိုင်ခဲ့တာမလို့ ပြင်ပကမ္ဘာက ငါ့အကြောင်းကို မသိကြတာပါ...”

“ဪ... ဒါကြောင့်ကိုး...” ယောင်ယောင်က နားလည်သွားသလိုမျိုး ရေရွတ်လိုက်သော်လည်း သူမ တကယ် ယုံကြည်ခြင်း ရှိ၊ မရှိကိုမူ မည်သူမျှ မသိနိုင်ပေ။

“ဒါဆို... အစ်မနဲ့ အရှင်မင်းမြတ်နဲ့က ဘယ်လိုမျိုး ဆုံခဲ့ကြတာလဲဟင်...”

ဤမေးခွန်းက အလွန် အရေးကြီးသဖြင့် အနီးနားတွင် ရှိနေကြသူအားလုံးက စူးစိုက်နားထောင်ရန် နားကို စွင့်လိုက်ကြသည်။

ဘုရင်မ မယ်ဒူဆာက လင်းပိုင်ဖန်ကို နောက်တစ်ကြိမ် ကြည့်လိုက်ပြီး - “ငါ အရှင်မင်းမြတ်နဲ့ ဆုံခဲ့တာ ကြာခဲ့ပြီ...၊ အဲဒီတုန်းက အရှင်မင်းမြတ်က ငါ့ရဲ့ အသက်ကို ကယ်တင်ပေးခဲ့ပြီး ငါ့ရဲ့ မိသားစု၊ မျိုးနွယ်စုတွေကို ကာကွယ်ပေးဖို့ ကတိပေးခဲ့တယ်...၊ ဒါကြောင့် ငါက အရှင်မင်းမြတ်အပေါ် သစ္စာစောင့်သိဖို့ ဆုံးဖြတ်ခဲ့တာပါ...”

“ဪ... အဲဒီလိုကိုး...” ယောင်ယောင်က နောက်တစ်ကြိမ် နားလည်သွားပြန်သည်။

သို့သော်လည်း သူမက လင်းပိုင်ဖန်၏ နားနားသို့ ကပ်ကာ တိုးတိုးလေး ကပ်မေးလိုက်သည် - “တကယ်ပဲ အဲဒီလိုပဲလား...”

လင်းပိုင်ဖန်က ယောင်ယောင်ကို တစ်ချက် ကြည့်လိုက်ပြီး - “ဒါကလွဲရင် မင်းက ဘာဖြစ်နိုင်သေးတယ်လို့ ထင်လို့လဲ...”

ယောင်ယောင်က လေသံတိုးတိုးဖြင့် - “ကျွန်မ ထင်တာတော့ ရှင်တို့နှစ်ယောက်ကြားမှာ သာမန် သံယောဇဉ်ထက် ပိုနေသလိုပဲ...၊ မဟုတ်ရင် ဒီလောက် လှပပြီး အစွမ်းထက်တဲ့ အမျိုးသမီးက ရှင့်ဆီမှာ ဘာလို့ အောက်ကျခံပြီး အမှုထမ်းမလဲ...”

ဘုရင်မ မယ်ဒူဆာမှာမူ စကားဝိုင်းကြောင့် နေရခက်သွားကာ သူမ၏ နားရွက်နားရှိ ဆံပင်များကို အိုးတိုးအမ်းတမ်းဖြင့် သပ်တင်လိုက်မိသည်။

သူမ၏ နားရွက်ဖျားလေးများမှာ ရဲရဲနီလို့ နေခဲ့လေပြီ။

အပိုင်း (၆၁၆)

လင်းပိုင်ဖန်အနေဖြင့် အခြေအနေကို ရှင်းလင်းမှဖြစ်တော့မည်ဟု ခံစားလိုက်ရသည်။

သူသည် အမျိုးသမီးအတော်များများနှင့် သာမန်ထက်ပိုသော ပတ်သက်မှု ရှိခဲ့သည်မှာ မှန်သော်လည်း အမျိုးသမီးတိုင်းနှင့်တော့ ထိုသို့မဟုတ်ပေ။

သူမက ဘာအထောက်အထားမျှမရှိဘဲ လူတစ်ယောက်၏ ဂုဏ်သိက္ခာကို ဤမျှအထိ ဘယ်လိုလုပ် စော်ကားနိုင်ရတာလဲ...။

“ယောင်ယောင်... ငါ ရှင်းရှင်းလင်းလင်း ပြောမယ်၊ ငါက ပွေရှုပ်တဲ့ ယောကျာ်းတစ်ယောက် ဖြစ်ရင်ဖြစ်မယ်... ဒါပေမဲ့ ငါနဲ့ မယ်ဒူဆာကြားက ဆက်ဆံရေးက တကယ့်ကို ဖြူစင်တယ်”

“အခုမဟုတ်သေးရင်တောင် နောက်ကျရင် ဖြစ်လာမှာပဲဥစ္စာ...”

ယောင်ယောင်က နှာခေါင်းရှုံ့လျက် - “ကျွန်မ မယုံပါဘူး... ရှင်က ဒီလောက် အစွမ်းထက်ပြီး လှပတဲ့ မိန်းမလှလေးကို ဘယ်လိုလုပ် လက်လွှတ်ခံပါ့မလဲ”

လင်းပိုင်ဖန်မှာ မတတ်သာတော့ဘဲ ရုန်းကန်ပြောဆိုလိုက်ရသည် - “ယောင်ယောင်... အဲဒီလို မဟုတ်ပါဘူးဆို...”

“အရှင်မင်းမြတ်... ဆင်ခြေတွေ ပေးမနေပါနဲ့တော့၊ အရှင်က ဘယ်လိုလူစားလဲဆိုတာ ကျွန်မတို့ အသိဆုံးပါ...။ ဟိုတုန်းကတောင် အမျိုးသမီးတစ်ယောက်အတွက်နဲ့ တိုင်းပြည်ရဲ့ နယ်မြေကိုတောင် ပေးခဲ့သေးတာပဲ မဟုတ်လား...။ အရှင့်ရဲ့ ရာဇဝင်တွေကတော့ ကျော်ကြားလှပါတယ်” စုန့်ယွီဖေးက မီးလောင်ရာလေပင့် ထပ်လောင်းပြောဆိုလိုက်သည်။

လင်းပိုင်ဖန် - “...”

အခြားတစ်ဖက်တွင်မူ ဘုရင်မ မယ်ဒူဆာ၏ ပါးပြင်လေးနှစ်ဖက်မှာ ရဲခနဲ ဖြစ်သွားခဲ့သည်။

၎င်းတို့က အသံတိုးတိုးဖြင့် ပြောနေကြခြင်း ဖြစ်သော်လည်း သူမက မဟာကောင်းကင်အဆင့် ကျွမ်းကျင်သူတစ်ဦး ဖြစ်ရာ မည်သို့လျှင် မကြားဘဲ ရှိပါအံ့နည်း။

လူတိုင်းက သူမကို အဘယ်ကြောင့် ဧကရာဇ်မင်းမြတ်၏ အမျိုးသမီးဟု ထင်နေကြရသနည်း...။

သို့သော်လည်း သူမအနေဖြင့် ထိုသို့ထင်မြင်ခြင်းကို စိတ်မဆိုးမိသည်မှာ အမှန်ပင်။

ဒါပေမဲ့ သူမက မိန်းကလေးတစ်ယောက် ဖြစ်သည့်အတွက် ဤကဲ့သို့သော အကြောင်းအရာများက သူမကို သဘာဝအတိုင်း ရှက်သွေးဖြာစေခဲ့သည်။

“အရှင်မင်းမြတ်... တခြား ကိစ္စမရှိရင် ကျွန်မကို ခွင့်ပြုပါဦး...” ဘုရင်မ မယ်ဒူဆာက ဤအခြေအနေမှ ရုန်းထွက်ချင်သဖြင့် နှုတ်ဆက်လိုက်သည်။

“အစ်မ မယ်ဒူဆာ... အခု အစ်မမှာ တည်းခိုစရာ နေရာ ရှိပြီလားဟင်...” ယောင်ယောင်က တက်ကြွသော အပြုံးဖြင့် မေးလိုက်သည်။

ဘုရင်မ မယ်ဒူဆာမှာ ကြောင်အသွားပြီး - “ငါ... လောလောဆယ်တော့ မရှိသေးဘူး...”

ယောင်ယောင်၏ အပြုံးက ပိုမိုနက်ရှိုင်းသွားကာ - “မရှိသေးရင်... ကျွန်မပဲ အစီအစဉ်ဆွဲပေးပါရစေ၊ နန်းတော်ထဲက ‘လရောင်ဆောင်’ မှာ နေတာ ဘယ်လိုလဲဟင်...။ အဲဒီနေရာက ကျယ်ဝန်းပြီး လင်းလင်းချင်းချင်း ရှိတယ်၊ မိဖုရားဆောင်တွေရဲ့ စံနှုန်းအတိုင်း ဆောက်ထားတာမလို့ အစ်မနဲ့ ကွက်တိပဲ...”

ဘုရင်မ မယ်ဒူဆာမှာ နောက်တစ်ကြိမ် ဆွံ့အသွားရပြန်သည်။

မိဖုရားဆောင်တွေရဲ့ စံနှုန်းအတိုင်း ဆောက်ထားတဲ့ လရောင်ဆောင် ဟုတ်လား...။

အကယ်၍ သူမ ထိုနေရာသို့ ပြောင်းရွှေ့နေထိုင်ပါက မိဖုရားတစ်ပါးအဖြစ် သတ်မှတ်ခံရခြင်း မဟုတ်ပါလား...။

ဘုရင်မ မယ်ဒူဆာမှာ အလွန် နေရခက်သွားပြီး - “ဒါက ဘယ်လိုလုပ် သင့်တော်ပါ့မလဲ...၊ ငါ အပြင်မှာပဲ နေလိုက်ပါ့မယ်...”

“ရပါတယ်... အဆင်ပြေပါတယ်...”

ယောင်ယောင်က အလွန် စိတ်အားထက်သန်စွာဖြင့် - “စောတာနဲ့ နောက်ကျတာပဲ ကွာသွားမှာပဲဥစ္စာ...၊ အစောကြီးကတည်းက ကျင့်သားရအောင် နေလိုက်တာ ပိုကောင်းပါတယ်...”

“ဒါက...”

ဘုရင်မ မယ်ဒူဆာက လင်းပိုင်ဖန်ဘက်သို့ လှည့်ကြည့်လိုက်ရာ သူက ဘာကန့်ကွက်မှုမျှ မရှိသည်ကို တွေ့လိုက်ရသဖြင့် ရှက်ကိုးရှက်ကန်းဖြင့် - “ဒါဆိုလည်း... ညီမလေးရဲ့ အစီအစဉ်အတိုင်းပဲ လုပ်ပါ...” ဟု ဆိုလိုက်သည်။

“ဒါပေါ့... ဒါပေါ့၊ ဘာပဲဖြစ်ဖြစ် ငါတို့အချင်းချင်းက ပိုပြီး ရင်းနှီးအောင် လုပ်ထားရမယ်... တစ်သက်လုံး လက်တွဲသွားမယ့် ညီအစ်မတွေပဲဟာကို...”

ဘုရင်မ မယ်ဒူဆာ၏ မျက်နှာလေးမှာ ပန်းသီးနီနီလေးတစ်လုံးကဲ့သို့ နီမြန်းသွားတော့သည်။

လင်းပိုင်ဖန်အနေဖြင့် ဆက်၍ ကြည့်မနေနိုင်တော့ပေ။

ဤယောင်ယောင်မှာ လူကို စနောက်ရသည်ကို တကယ့်ကို ကျွမ်းကျင်လွန်းလှသည်။ စကားတစ်ခွန်းချင်းစီတိုင်းက ရိုးရိုးလေးဟု ထင်ရသော်လည်း အမှန်စင်စစ်တွင်မူ အဓိပ္ပာယ်အနက်ရှိုင်းကြီး ပါဝင်နေပြီး သူတို့နှစ်ဦးလုံးကို စနောက်နေခြင်း ဖြစ်သည်။

‘ဒီ မာယာများတဲ့ မြေခွေးမလေး... ဒီညတော့ မင်းကို အိပ်ရာထဲက မထနိုင်အောင် လုပ်ပစ်ရမယ်...’

“ယောင်ယောင်... ဒီကိစ္စကို မင်းပဲ တာဝန်ယူလိုက်တော့၊ ငါ တိုင်းရေးပြည်ရေး ကိစ္စတွေ ရှင်းစရာ ရှိသေးတယ်...” လင်းပိုင်ဖန်က သူတို့ကို လူစုခွဲလိုက်သည်။

“အရှင်မင်းမြတ်... ကျွန်မလည်း လိုက်သွားပြီး ကြည့်ပေးပါဦးမယ်၊ ဘုရင်မ မယ်ဒူဆာအတွက် တခြား လိုအပ်တာတွေ ရှိဦးမလားလို့ပါ...” စုန့်ယွီဖေးက နွေးထွေးသော အပြုံးဖြင့် အနားသို့ တိုးလာခဲ့သော်လည်း သူမ၏ မျက်ဝန်းများက ယောင်ယောင်နှင့် ဆုံလိုက်ချိန်တွင်တော့ ပြိုင်ဘက်အသစ်အဖြစ် အပြိုင်အဆိုင် အကြည့်များ ဖြစ်သွားခဲ့ကြသည်။

ထိုအတောအတွင်း ဘုရင်မ မယ်ဒူဆာ မဟာရှနိုင်ငံသို့ ဝင်ရောက်အမှုထမ်းသည့် သတင်းမှာ တစ်ကမ္ဘာလုံးအနှံ့သို့ လျင်မြန်စွာ ပျံ့နှံ့သွားခဲ့လေသည်။

“ဒါဆို... ဟိုတုန်းက မဟာလျောင်နိုင်ငံကြီးကို တစ်ချက်တည်းနဲ့ ဖျက်ဆီးပစ်ခဲ့တဲ့ ထိတ်လန့်စရာကောင်းတဲ့ အမျိုးသမီးက မယ်ဒူဆာ ဆိုတာကိုး...။ သူမက အရင်က ကမ္ဘာအနှံ့ လှည့်လည်သွားလာနေခဲ့တာပဲ၊ မဟာလျောင်နိုင်ငံက သူမကို သွားစော်ကားမိလို့ လက်တစ်ဖျစ်စာအတွင်းမှာတင် မျိုးတုံးအောင် လုပ်ပစ်လိုက်တာတဲ့...။ ပန်းချီဆရာကြီး ပြောပြချက်အရဆိုရင် သူမက တကယ့်ကို မဟာကောင်းကင်အဆင့်ရဲ့ ခွန်အားကို ပိုင်ဆိုင်ထားတာတဲ့ကွ...”

“ဒါပေမဲ့ အဲဒါက အကြောက်ရွံ့ဆုံးအချက် မဟုတ်သေးဘူး...။ ပိုပြီး ထိတ်လန့်စရာကောင်းတာက သူမက မဟာရှနိုင်ငံထဲကို ဝင်သွားတာပဲ...”

“အခုဆို သူမက မဟာရှနိုင်ငံရဲ့ အဓိက ထောက်တိုင်ကြီး ဖြစ်လာပြီပေါ့...၊ နတ်ဘုရားနိုင်ငံတော်ကြီးရဲ့ အခြေခံ အုတ်မြစ်တွေထဲက တစ်ခုပေါ့...”

“မဟာရှနိုင်ငံရဲ့ ဧကရာဇ်က အရင်ဘဝက ဘယ်လို ကုသိုလ်ကံတွေ ထူးခဲ့လို့ အခုလို မဟာကောင်းကင်အဆင့်ရဲ့ အားကိုးမှုကို ရခဲ့တာလဲ မသိဘူး...”

“အခုဆို... မဟာကောင်းကင်အဆင့် နှစ်ဦးအပြင်၊ မဟာကောင်းကင်အဆင့်ကိုတောင် သတ်နိုင်တဲ့ နတ်ဓားတစ်စင်း ရှိနေပြီဆိုတော့... ဒီလောကကြီးထဲမှာ မဟာရှနိုင်ငံကို ဘယ်သူက ယှဉ်နိုင်တော့မှာလဲ...”

“ရူးလောက်စရာပဲ... မဟာရှနိုင်ငံကတော့ ကံထူးသွားပြီ၊ အဲဒီ ဧကရာဇ်ကတော့ ထီပေါက်သွားတာပဲ...”

ဒါက သေးငယ်တဲ့ ကိစ္စမဟုတ်ချေ။

ထို့ကြောင့် အင်အားစုအသီးသီးက အခြေအနေမှန်ကို စုံစမ်းရန် ကိုယ်စားလှယ်များကို စေလွှတ်ခဲ့ကြသည်။

မဟာရှနိုင်ငံဘက်သို့ စူးစိုက်ကြည့်နေကြသည့် မျက်လုံးပေါင်းများစွာကို မြင်သောအခါ လင်းပိုင်ဖန်က ရိုးရိုးရှင်းရှင်းပင် ကြီးကျယ်ခမ်းနားသော တော်ဝင်ပွဲတော်တစ်ခုကို ကျင်းပလိုက်ပြီး ဘက်ပေါင်းစုံမှ ကိုယ်စားလှယ်များကို ဖိတ်ကြားလိုက်လေသည်။

ရောက်ရှိလာကြသူ အများစုမှာ ဩဇာအာဏာရှိသူများ ဖြစ်ကြပြီး လက်ရှိခေတ်၏ မဟာကောင်းကင်အဆင့် သိုင်းပညာရှင် အားလုံးနီးပါး တက်ရောက်ခဲ့ကြသည်။

ကျန်ရှိသော အင်အားစုများကလည်း တတ်နိုင်လျှင် ကောင်းကင်အဆင့်များကို စေလွှတ်ကြပြီး၊ မတတ်နိုင်ပါက ချီဖွဲ့တည်ခြင်းအဆင့်များကို စေလွှတ်ခဲ့ကြသည်။

ဘာပဲဖြစ်ဖြစ်... ဒါက လက်ရှိခေတ်ရဲ့ တစ်ဦးတည်းသော အမျိုးသမီး မဟာကောင်းကင်အဆင့် ဖြစ်သည့်အတွက် အားလုံးက သူမ၏ ကျော့ရှင်းတင့်တယ်မှုကို တစ်ချက်မျှ ဖြစ်စေ မြင်တွေ့ချင်ကြခြင်း ဖြစ်သည်။

ထိုပွဲတော်တွင်... လက်ရှိခေတ်၏ တစ်ဦးတည်းသော အမျိုးသမီး မဟာကောင်းကင်အဆင့် ဖြစ်သည့်အပြင် ထူးခြားပြောင်မြောက်သော အလှအပကို ပိုင်ဆိုင်ထားသည့် ဘုရင်မ မယ်ဒူဆာမှာ သဘာဝအတိုင်းပင် ပွဲ၏ ဗဟိုချက်မ ဖြစ်လာခဲ့သည်။

သို့သော်လည်း သူမက အနည်းငယ် အေးစက်စက် နိုင်လှပြီး ပွဲလမ်းသဘင် တစ်ခုလုံးတွင် မည်သည့် ခံစားချက်မျက်နှာထားမျှ မပြသခဲ့ပေ။

သူမက ချီးမွမ်းစကားအားလုံးကို လျစ်လျူရှုထားပြီး လင်းပိုင်ဖန်၏ ဘေးနားတွင်သာ ကပ်လျက် ရှိနေခဲ့ကာ၊ သူ၏ အရှိန်အဝါကို မဖုံးလွှမ်းမိစေရန် သတိထားရင်း ကိုယ်ရံတော်တစ်ဦးကဲ့သို့ ပြုမူနေခဲ့သည်။

သူမ၏ လှပသော မျက်ဝန်းအစုံက ရံဖန်ရံခါတွင် လင်းပိုင်ဖန်ထံသို့ ကျရောက်သွားတတ်ပြီး ထိုမျက်ဝန်းများထဲတွင် လေးစားမှု၊ ရိုသေမှုနှင့် သံယောဇဉ် အရိပ်အယောင်အချို့ ပြည့်နှက်နေခဲ့သည်။

ထို့ကြောင့်ပင်... လင်းပိုင်ဖန်အပေါ်သို့ မနာလို ဝန်တိုမှု အကြည့်များစွာက ကျရောက်လာခဲ့တော့သည်။

ဘာလို့ သူပဲ ဖြစ်နေရတာလဲ...။

သူက ဘာဖြစ်လို့ ဘုရင်မ မယ်ဒူဆာရဲ့ မျက်နှာသာပေးမှုကို ရနေရတာလဲ...။

သူက ရုပ်ချောရုံသက်သက်ကြောင့်လား...။

ဒါမှမဟုတ် သူက ကမ္ဘာပေါ်မှာ တစ်ခါမှမရှိဖူးတဲ့ ဧကရာဇ်မင်းမြတ် ဖြစ်နေလို့များလား...။

အကယ်၍ အကြည့်တွေနဲ့ လူသတ်လို့ရမယ်ဆိုရင် လင်းပိုင်ဖန်မှာ အကြိမ်ပေါင်း ထောင်ချီပြီး အသတ်ခံရပြီးလောက်ပြီ ဖြစ်သည်။

ထိုအချိန်တွင် မိစ္ဆာဂိုဏ်း၏ မဟာကောင်းကင်အဆင့် ဖြစ်သူ လီထျန်းချန်းက သူ၏ အရက်ခွက်ကို မြှောက်ကာ ပြုံးလျက် - “အရှင်မင်းမြတ်... နောက်ထပ် မဟာကောင်းကင်အဆင့် တစ်ဦးကို ထပ်မံရရှိခဲ့တဲ့အတွက် ဂုဏ်ယူပါတယ်...။ မဟာရှနိုင်ငံရဲ့ အခြေခံအုတ်မြစ်က အခုဆို ပိုပြီးတော့ ခိုင်မာသွားပြီပေါ့...။ ‘နတ်ဘုရားနိုင်ငံတော်’ ဆိုတဲ့ နာမည်နဲ့ တကယ့်ကို ထိုက်တန်လှပါတယ်...”

ယခု သူသိထားသလောက်ဆိုလျှင် မဟာရှနိုင်ငံတွင် မဟာကောင်းကင်အဆင့် သုံးဦးအထိ ရှိနေပြီ ဖြစ်သည်။

လူသိရှင်ကြား ဖြစ်နေသော ပန်းချီဆရာကြီး၊ ဘုရင်မ မယ်ဒူဆာနှင့် အမြဲတမ်း ပုန်းကွယ်နေတတ်သော ထိတ်လန့်စရာကောင်းသည့် စီနီယာကြီး တို့ ဖြစ်သည်။

မဟာကောင်းကင်အဆင့် သုံးဦးရှိသော တိုင်းပြည်ဟူသည် သမိုင်းတွင် တစ်ခါမှ မရှိဖူးသေးပေ။

ဒါကမှ နတ်ဘုရားနိုင်ငံတော် အဆင့်မမီရင် ဘယ်အရာက မီဦးမှာလဲ...။

လင်းပိုင်ဖန်က အလွန် ဝမ်းမြောက်သွားပြီး အရက်ခွက်ကို ပြန်လည်မြှောက်လျက် - “ကျေးဇူးတင်ပါတယ်...” ဟု ဆိုလိုက်သည်။

“ကျွန်ုပ်လည်း အရှင်မင်းမြတ်နဲ့ မိတ်ဆွေ မယ်ဒူဆာတို့အတွက် ဂုဏ်ပြုပါတယ်...” ရွမ်ရွှီ တာအိုဆရာကြီးက ရယ်မောရင်း ဆိုလိုက်သည်။

အတိတ်တုန်းကဆိုလျှင် မဟာရှနိုင်ငံထဲသို့ မဟာကောင်းကင်အဆင့်တစ်ဦး ထပ်မံတိုးပွားလာခြင်းက သူ့ကို စိုးရိမ်ထိတ်လန့်စေခဲ့မည် ဖြစ်သည်။

သို့သော်လည်း ယခုအချိန်တွင်မူ ထိုသို့ သတိကြီးကြီးထားနေစရာ မလိုတော့ပေ။ အဘယ်ကြောင့်ဆိုသော် တာအိုဂိုဏ်း၏ တာအိုသမီးတော် ဖြစ်သူ စုန့်ယွီဖေးမှာ လင်းပိုင်ဖန်၏ မိဖုရား ဖြစ်နေခဲ့ပြီဖြစ်ရာ အတိတ်က ပဋိပက္ခများကို ပြေလည်စေခဲ့ပြီ ဖြစ်သည်။

ထို့အပြင် စုန့်ယွီဖေးနှင့် ဘုရင်မ မယ်ဒူဆာတို့မှာလည်း အဆင်ပြေပြေ ရှိကြသည်ဟု ကြားသိရသည်။

ထို့ကြောင့် ဘုရင်မ မယ်ဒူဆာမှာ ခြိမ်းခြောက်မှုတစ်ခု မဟုတ်တော့ဘဲ မိတ်ဆွေတစ်ဦး ဖြစ်လာနိုင်ချေ ရှိနေသည်။

အရေးကြီးသော အချိန်များတွင် အခြားသူများထံမှ အကူအညီ တောင်းခံနိုင်ခြင်းမှာ အလွန် ကောင်းမွန်သောအရာပင် မဟုတ်ပါလား...။

တာအိုဂိုဏ်းကလည်း ယင်းအတွက်ကြောင့် အကျိုးကျေးဇူးများ ရရှိနေခဲ့သည်။

“ကောင်းပါပြီ...” လင်းပိုင်ဖန်က ဂုဏ်ပြုမှုကို ဝမ်းမြောက်ဝမ်းသာ လက်ခံလိုက်သည်။

ထိုပွဲတွင် စိတ်အပျက်ဆုံးလူများမှာ ဗုဒ္ဓဂိုဏ်းနှင့် ထိပ်တန်းအင်ပါယာကြီး လေးခုမှ လူများ ဖြစ်ကြသည်။

၎င်းတို့အားလုံးက မဟာရှနိုင်ငံအပေါ် ရန်ငြိုးများ ရှိနေကြဆဲ ဖြစ်ပြီး ထိုရန်ငြိုးများက လုံးဝ ပြေလည်မသွားသေးပေ။

ယခု မဟာရှနိုင်ငံက နောက်ထပ် မဟာကောင်းကင်အဆင့်တစ်ဦးကို ထပ်မံရရှိသွားပြီဖြစ်ရာ ၎င်းတို့အတွက် ခြိမ်းခြောက်မှုက ပိုမိုကြီးမားလာခဲ့ပြီ ဖြစ်သည်။

သို့သော်လည်း ၎င်းတို့အနေဖြင့် ခုခံရန် အင်အားမရှိပေ။ တာအိုဂိုဏ်းနှင့် မိစ္ဆာဂိုဏ်းတို့မှာ မဟာရှနိုင်ငံဘက်သို့ ယိမ်းနေပြီဖြစ်ကြောင်း ရှင်းလင်းနေခဲ့ပြီ ဖြစ်သည်။

၎င်းတို့ဘက်တွင် မဟာကောင်းကင်အဆင့် လေးဦးနှင့် မဟာကောင်းကင်အဆင့်ကို ခြိမ်းခြောက်နိုင်သည့် နတ်ဓားတစ်စင်း ရှိနေသဖြင့် အခြားတစ်ဖက်မှ မဟာကောင်းကင်အဆင့် ငါးဦးနှင့် အင်အားချင်း တန်းတူညီမျှနေခဲ့ပြီ ဖြစ်သည်။

အကယ်၍ တကယ်သာ တိုက်ပွဲဖြစ်ပွားခဲ့ပါက ၎င်းတို့ဘက်ကသာ နစ်နာဆုံးရှုံးရပေလိမ့်မည်။

All Chapters