အခန်း (၆၁၇-၆၁၈)
Vol. 57 Ch. 617-618
အပိုင်း (၆၁၇)
ထိုအချိန်တွင် ဗုဒ္ဓဂိုဏ်း၏ မဟာကောင်းကင်အဆင့် ဖြစ်သူ ဆရာတော် လျောင်ချန်းက လေးနက်တည်ကြည်သော မျက်နှာထားဖြင့် ထရပ်လိုက်ပြီး - “အောမီထောဖော... မဟာရှနိုင်ငံအနေနဲ့ နောက်ထပ် မဟာကောင်းကင်အဆင့်တစ်ဦးကို ထပ်မံရရှိခဲ့တဲ့အတွက် ဂုဏ်ယူပါတယ်...။ ဒီဘုန်းကြီးအိုကပဲ သေရည်အစား လက်ဖက်ရည်နဲ့ပဲ အရှင်မင်းမြတ်ကို ဂုဏ်ပြုပါရစေ...” ဟု ဆိုလိုက်သည်။
“ကျေးဇူးတင်ပါတယ်... ဆရာတော် လျောင်ချန်း...”
လင်းပိုင်ဖန်က ဂုဏ်ပြုအရက်ကို သောက်လိုက်ပြီးနောက် ပြုံးလျက် - “တကယ်တော့ ခင်ဗျားတို့ ဗုဒ္ဓဂိုဏ်းကလည်း သိပ်တော့ မခေပါဘူး...။ ဆရာတော် လျောင်ချန်းအပြင် တခြား မဟာကောင်းကင်အဆင့်တစ်ဦးလည်း ရှိနေသေးတာပဲ မဟုတ်လား...။ ခင်ဗျားတို့ဂိုဏ်းရဲ့ အခြေခံအုတ်မြစ်က တကယ့်ကို နက်ရှိုင်းလှပါတယ်...၊ ငါကိုယ်တော်လည်း တကယ်ကို လေးစားမိပါတယ်...” ဟု ပြောလိုက်သည်။
ထိုစကားကို ကြားလိုက်ရသောအခါ ဆရာတော် လျောင်ချန်းနှင့် ဆရာတော် ကျဲချန်တို့မှာ ရင်ထဲတွင် ခါးသက်သွားပြီး မတရားခံရလွန်းသဖြင့် ငိုချင်စိတ် ပေါက်သွားခဲ့ကြသည်။
အမှန်စင်စစ်... ဗုဒ္ဓဂိုဏ်းတွင် နောက်ထပ် မဟာကောင်းကင်အဆင့်တစ်ဦး ရှိနေသည်မှာ မှန်သော်လည်း ထိုလူက အမြဲတမ်း ပုန်းလျှိုးကွယ်လျှိုး လုပ်တတ်ပြီး၊ သူတို့ အမုန်းဆုံးအချိန်မှ ပေါ်လာတတ်ကာ စိတ်အလိုလိုက် လုပ်ဆောင်မှုများကြောင့် သူတို့ဂိုဏ်းမှာ တစ်ခုပြီးတစ်ခု ပြဿနာတက်ကာ အပြစ်ဖို့ခံနေရခြင်း ဖြစ်သည်။ ယခုထက်ထိလည်း ထိုအမဲစက်ကို မဆေးကြောနိုင်သေးပေ။
ထို့အပြင် သူတို့ အလိုအပ်ဆုံးအချိန်များတွင်မူ ထိုမဟာကောင်းကင်အဆင့်ကြီးက သူ၏ စွမ်းရည်များနှင့် နာမည်ကို ဝှက်ထားပြီး ဘယ်နေရာရှာရှာ ရှာမတွေ့တော့ပေ။
တောက်... ဒါက လူတစ်ယောက် လုပ်ရမယ့် လုပ်ရပ်လားကွ...။
သူတို့မှာ အမြဲတမ်း အမဲစက်အဖြစ် ဓားစာခံ အလုပ်ခံနေရခြင်း ဖြစ်သည်။
အကယ်၍ တစ်ဖက်လူ၏ အဆင့်အတန်းကို မထောက်ထားပါက ၎င်းတို့အနေဖြင့် အကျယ်ကြီး အော်ဆဲပစ်လိုက်ချင်တော့သည်။
ထို့နောက်တွင်တော့ စကားဝိုင်းက ပေါ့ပေါ့ပါးပါးပင် ဆက်လက်စီးဆင်းသွားခဲ့သည်။ အဓိကအားဖြင့် လင်းပိုင်ဖန်၊ လီထျန်းချန်းနှင့် ရွမ်ရွှီ တာအိုဆရာကြီးတို့ကသာ စကားစမြည် ပြောဆိုနေကြခြင်း ဖြစ်ပြီး ကျန်ရှိသောသူများကတော့ ဘေးမှသာ ကြည့်နေခဲ့ကြသည်။
နှစ်ပေါင်းရာစုချီ ရန်ဘက်ဖြစ်ခဲ့ကြသော အဘိုးကြီးနှစ်ဦးက ယခုအခါတွင်မူ အချင်းချင်း ခွက်ချင်းတိုက်ကာ ရင်းရင်းနှီးနှီး စကားပြောဆိုနေကြသည်ကို အခြားဧည့်သည်များက ကြည့်နေကြသည်။
ထိပ်တန်းအင်ပါယာကြီး လေးခုနှင့် ဗုဒ္ဓဂိုဏ်းမှ ကိုယ်စားလှယ်များမှာမူ ပို၍ပင် နေရခက်လာခဲ့ကြသည်။
‘သူတို့က အုပ်စုဖွဲ့ပြီး ငါတို့ကို ဖယ်ကျဉ်ထားကြတာလား...’
‘ဒီလောက်အထိတော့ ကွက်ကွက်ကွင်းကွင်းကြီး မလုပ်သင့်ဘူး မဟုတ်လား...’
‘အနည်းဆုံးတော့ ဟန်ဆောင်ပြသင့်တာပေါ့... ငါတို့လည်း ဒီမှာ ရှိနေသေးတာကို...’
ဗုဒ္ဓဂိုဏ်းမှ လူများမှာ အထူးသဖြင့် ပို၍ နေရခက်နေပြီး ရွမ်ရွှီ တာအိုဆရာကြီးထံသို့ ရံဖန်ရံခါ အကြည့်ချင်းဆုံကာ မျက်စိမှိတ်ပြနေကြသည်။ ၎င်းက “ငါတို့က တစ်ဖက်တည်းသားတွေ မဟုတ်ဘူးလား...၊ ခင်ဗျားက ဘာလို့ ရန်သူ့စခန်းဘက်ကို ကူးသွားရတာလဲ...” ဟု မေးနေသည့်အလားပင်။
သို့သော်လည်း ရွမ်ရွှီ တာအိုဆရာကြီးက မမြင်ချင်ယောင်ဆောင်ကာ လီထျန်းချန်းနှင့်သာ ပျော်ရွှင်စွာ စကားလက်ဆုံကျနေပြီး အတိတ်က ရန်ငြိုးများအားလုံးက တိမ်တိုက်များကဲ့သို့ လွင့်ပြယ်သွားခဲ့ပြီ ဖြစ်သည်။
“လူတိုင်းက ကိုယ့်အတ္တနဲ့ကိုယ်ပဲကိုး...” အခြားသူများက သက်ပြင်းချလိုက်ကြသည်။
မနိုင်ရင် အရှုံးပေးပြီး ပူးပေါင်းလိုက်တာက ပိုကောင်းတာပေါ့...။
မဟာဝူနိုင်ငံ၏ မဟာကောင်းကင်အဆင့်ကြီးက စပါးအုံမြွေဝတ်ရုံ ဝတ်ဆင်ထားသည့် မင်းသားတစ်ပါးဘက်သို့ လှည့်ကာ - “ငါတို့ တော်ဝင်မိသားစုထဲမှာ လက်ထပ်လို့ရမယ့် မင်းသမီးတွေ ကျန်သေးလား...” ဟု မေးလိုက်သည်။
မင်းသားက ကြောင်အသွားပြီး - “ဘိုးဘေး... ဘာလို့ ရုတ်တရက်ကြီး ဒါမျိုးကို မေးရတာလဲ...” ဟု ပြန်မေးလိုက်သည်။
မဟာဝူနိုင်ငံ၏ မဟာကောင်းကင်အဆင့်ကြီးက သက်ပြင်းချလျက် - “ဒါတွေအကုန်လုံးက ဟို မြေခွေးအိုကြီး ရွမ်ရွှီကြောင့်ပေါ့...။ ငါ မသိဘူးလို့ မထင်နဲ့... မဟာရှနိုင်ငံနဲ့ ဆက်ဆံရေးကောင်းမွန်ဖို့အတွက် သူတို့က တာအိုသမီးတော်ကို မဟာရှနိုင်ငံရဲ့ နန်းတော်ထဲအထိ ပို့ထားပြီးပြီ...။ အင်း... သူတို့ရဲ့ အစီအစဉ်က တကယ့်ကို အောင်မြင်သွားတာပဲ၊ အခုဆို တာအိုဂိုဏ်းနဲ့ မဟာရှနိုင်ငံရဲ့ ဆက်ဆံရေးက အများကြီး တိုးတက်သွားပြီ...။ တာအိုဂိုဏ်းက မဟာရှနိုင်ငံဘက်ကို ယိမ်းသွားပြီး ငါတို့ကို ကန်ထုတ်လိုက်ပြီလေ...၊ သူတို့က အခွင့်အရေးသမားတွေပဲဥစ္စာ...”
“ငါတို့လည်း နောက်ကျကျန်ခဲ့လို့ မဖြစ်ဘူး...၊ ဒါကြောင့် မဟာရှနိုင်ငံရဲ့ ဧကရာဇ်နဲ့ လက်ထပ်ဖို့ ငါတို့ တော်ဝင်မိသားစုထဲက သင့်တော်တဲ့ မိန်းကလေးတစ်ယောက်ကို ရွေးချယ်စေချင်တယ်...။ ဒီလိုနည်းနဲ့ ငါတို့လည်း သူတို့နန်းတွင်းနဲ့ အဆက်အသွယ် ရသွားလိမ့်မယ်...၊ နောက်ဆို ကိစ္စတော်တော်များများက ကိုင်တွယ်ရ ပိုလွယ်ကူသွားလိမ့်မယ်...”
“ဘိုးဘေး... ဒါမျိုးလုပ်တာက ကျွန်တော်တို့ရဲ့ သိက္ခာကို နည်းနည်း ထိခိုက်စေတာ မဟုတ်ဘူးလား...။ ကျွန်တော်တို့ကလည်း ထိပ်တန်းအင်ပါယာကြီး လေးခုထဲက တစ်ခုဖြစ်တဲ့ မဟာဝူအင်ပါယာကြီးလေ...၊ ဒါက ကိုယ့်ကိုယ်ကိုယ် ဂုဏ်သိက္ခာချလိုက်တာနဲ့ မတူဘူးလား...” မင်းသား၏ မာနမှာ ထိခိုက်သွားပြီး လက်ထပ်မဟာမိတ်ပြုလုပ်ရန် ကမ်းလှမ်းခြင်းကို လက်မခံနိုင်ဖြစ်နေသည်။
မဟာဝူနိုင်ငံ၏ မဟာကောင်းကင်အဆင့်က ခါးသက်စွာ ပြုံးလိုက်ပြီး - “ငါတို့မှာ တခြား ရွေးချယ်စရာ ရှိလို့လား...။ ခေတ်တွေ ပြောင်းသွားပြီ...၊ ငါတို့ အရင်လို ကမ္ဘာကြီးကို စိုးမိုးနိုင်တဲ့ ခေတ်မဟုတ်တော့ဘူး...။ အခြေအနေနဲ့အညီ လိုက်လျောညီထွေ နေတတ်ဖို့ သင်ယူရမယ်...။ အကယ်၍ ငါတို့ အလိုက်အထိုက် မနေရင် အနှိမ်ခံရလိမ့်မယ်...။ မင်းက ငါတို့ရဲ့ မဟာဝူအင်ပါယာကြီးကို ငါတို့လက်ထက်မှာ ပျက်စီးသွားစေချင်လို့လား...”
မင်းသား၏ ရင်ထဲတွင် အေးစက်သွားခဲ့သည်။
“စကားပုံ ရှိတယ်မဟုတ်လား... ပညာရှိက အခြေအနေကို ကြည့်တတ်တယ် တဲ့...။ ကွေးသင့်ရင် ကွေးပြီး ဆန့်သင့်ရင် ဆန့်နိုင်တာကမှ တကယ့် ယောကျာ်းကောင်းတို့ရဲ့ သဘာဝပဲ...။ ဟိုအဘိုးကြီး ရွမ်ရွှီကို ကြည့်လိုက်စမ်း...၊ တာအိုဂိုဏ်းအတွက်ဆိုရင် သူက ရန်သူဟောင်း ဖြစ်တဲ့ မိစ္ဆာဂိုဏ်းကိုတောင် မိတ်ဆွေအဖြစ် ပြောင်းလဲနိုင်သေးတာပဲ...။ ငါတို့ကကော ဘာလို့ မလုပ်နိုင်ရမှာလဲ...”
“ဘိုးဘေးတို့ရဲ့ ဆုံးမစကားတွေက ရှင်းလင်းလှပါတယ်...၊ ကျွန်တော် အခုပဲ နားလည်သွားပါပြီ...” မင်းသားက သင်ခန်းစာကို နှိမ့်ချစွာ လက်ခံလိုက်သည်။
“ဒါတင်မကသေးဘူး... တော်ဝင်မျိုးနွယ်တွေ သူတို့နန်းတွင်းထဲကို လက်ထပ်ဝင်ရောက်တာက ငါတို့ရဲ့ သိက္ခာကို ချရာမရောက်ဘူး...။ ဘာပဲဖြစ်ဖြစ် အဲဒီဧကရာဇ်က ငယ်ငယ်ရွယ်ရွယ်နဲ့ သမိုင်းတစ်လျှောက်ရဲ့ အကြီးကျယ်ဆုံး ဧကရာဇ်အဖြစ် သတ်မှတ်ခံထားရတာပဲ... ဘယ်သူကကော သူ့ကို မပတ်သက်ချင်ဘဲ ရှိပါ့မလဲ...”
မဟာဝူနိုင်ငံ၏ မဟာကောင်းကင်အဆင့်က သူ၏ မုတ်ဆိတ်မွေးကို သပ်ရင်း ရယ်မောလိုက်ကာ - “ဒီလို မြေးသမက်မျိုး ရတာက ငါ့အတွက်လည်း ဂုဏ်ယူစရာပဲ မဟုတ်လား...”
“ကျွန်တော် ပြန်ရောက်တာနဲ့ မဟာရှနိုင်ငံကို စေလွှတ်ဖို့ သင့်တော်တဲ့သူကို အသေအချာ ရှာဖွေလိုက်ပါ့မယ်...” မင်းသားက ကတိပေးလိုက်သည်။
မဟာကောင်းကင်အဆင့်က ခဏမျှ စဉ်းစားပြီးနောက် ထပ်လောင်းပြောဆိုလိုက်သည် - “သူရဲကောင်းတွေတောင် အလှအပတံတိုင်းကို ကျော်ဖြတ်ဖို့ ခဲယဉ်းတတ်တာပဲ...၊ ဒါကြောင့် ကိုယ်စားလှယ်လောင်း အနည်းငယ်ကို ရွေးချယ်လိုက်ပါ...၊ ငါတို့ မအောင်မြင်ဘူးဆိုတာကို မယုံနိုင်ဘူး...”
“စိတ်ချပါ ဘိုးဘေး... ကျွန်တော် ဘာလုပ်ရမလဲဆိုတာ သိပါတယ်...”
အခြားအင်ပါယာများကလည်း ထိုနည်းတူပင် စဉ်းစားနေကြပြီး လက်ထပ်မဟာမိတ်များမှတစ်ဆင့် ၎င်းတို့အကြားရှိ ကွာဟချက်ကို ပေါင်းကူးရန် ကြိုးစားနေကြသည်။
ဗုဒ္ဓဂိုဏ်းတစ်ခုတည်းသာ သင့်တော်သော ကိုယ်စားလှယ်လောင်းကို ရှာမတွေ့သဖြင့် မျက်ရည်ကျနေခဲ့ကြသည်။
“ဆရာတော် ကျဲချန်... ကျွန်တော်တို့ တကယ်ပဲ လက်ထပ်မဟာမိတ်ဖွဲ့ဖို့ နည်းလမ်းမရှိဘူး...။ ကျွန်တော်တို့ ဗုဒ္ဓဂိုဏ်းက ဘုန်းကြီးတွေနဲ့ပဲ ပြည့်နေတာလေ...။ အမျိုးသမီးတစ်ယောက် ရှာဖို့တောင် ခက်ခဲလှပါတယ်... သင့်တော်တဲ့သူဆိုရင်တော့ ဝေးလာဝေးပေါ့...” ဘုန်းကြီးအိုတစ်ပါးက ညည်းတွားလိုက်သည်။
“ဟူး... အဲဒါလည်း ဟုတ်တာပဲ...” ဆရာတော် ကျဲချန်က အလွန် စိတ်အနှောင့်အယှက်ဖြစ်စွာဖြင့် သူ၏ ကတုံးပြောင်ကြီးကို ပွတ်လိုက်သည်။
ထိုအချိန်တွင် ဘုန်းကြီးအိုက ရုတ်တရက် စိတ်ကူးရသွားပြီး - “ဆရာတော် ကျဲချန်... သီလရှင်တစ်ပါးကို ရွေးချယ်ရင်ကော ဘယ်လိုလဲ ဘုရား...။ အများကြီး မရှိပေမဲ့ သေသေချာချာ ရှာရင်တော့ သင့်တော်တဲ့သူကို တွေ့နိုင်လောက်ပါတယ်...”
ဆရာတော် ကျဲချန်၏ မျက်နှာက မည်းမှောင်သွားပြီး ကြိမ်းမောင်းလိုက်တော့သည် - “တောက်... မင်း ပြောနေတာက လူစကားလားကွ...။ မင်းက သီလရှင်တစ်ပါးကို ဧကရာဇ်နဲ့ ပေးစားချင်တာလား...။ လောကကြီးက ငါတို့ကို ဘယ်လို မြင်သွားမလဲ...။ သူတို့က ငါတို့ကို ညစ်ညမ်းမှုတွေ ခိုအောင်းရာနေရာလို့ ပြောကြမှာ သေချာတယ်...၊ ငါတို့ရဲ့ နာမည်ဂုဏ်သတင်းတွေ အကုန် ပျက်စီးသွားလိမ့်မယ်...။ ဒါတင်မကသေးဘူး... သီလရှင်တစ်ပါးက လက်ထပ်နိုင်တယ်ဆိုရင် သူက သီလရှင်မှ မဟုတ်တော့တာ...”
“ဒါပေမဲ့ ကျွန်တော်တို့မှာ တခြား ရွေးချယ်စရာ မရှိတော့ဘူးလေ...”
“သာမန်လူတွေထဲမှာ သွားရှာစမ်း...။ ငါတို့ ဗုဒ္ဓဂိုဏ်းမှာ ဘုန်းကြီးမဝတ်ခင်က အိမ်ထောင်ပြုခဲ့ဖူးတဲ့ ဘုန်းကြီးအိုအချို့ အမြဲတမ်း ရှိတတ်တာပဲ...။ ဖြစ်နိုင်တာက သူတို့ လောကကြီးထဲမှာ သားသမီးတွေ ချန်ထားခဲ့တာမျိုး ရှိနိုင်တယ်...၊ အဲဒီထဲမှာ သင့်တော်တဲ့သူ ရှိကောင်းရှိနိုင်လိမ့်မယ်...”
“ဆရာတော် ကျဲချန်... ကျွန်တော် အခု ဘာလုပ်ရမလဲဆိုတာ သိပါပြီ...”
ပွဲတော်က မြန်မြန်ဆန်ဆန်ပင် ပြီးဆုံးသွားခဲ့သည်။
လူတိုင်းက ပြန်ရောက်သည်နှင့် ချက်ချင်းပင် လုပ်ငန်းစကြတော့သည်။
၎င်းတို့က လက်ထပ်မဟာမိတ်ပြုလုပ်ရန် ၎င်းတို့၏ မျိုးနွယ်စုများထဲမှ လှပပြီး အရည်အချင်းရှိသော အမျိုးသမီးများကို ရွေးချယ်စေလွှတ်ခဲ့ကြသည်။
လင်းပိုင်ဖန်ကလည်း ငြင်းပယ်ကြောင်း ပြောဆိုခဲ့သည်။ သူဟာ မိန်းမလိုက်စားသူ ဖြစ်သော်လည်း ထိုသို့ စည်းမဲ့ကမ်းမဲ့တော့ မဟုတ်ပေ။
သို့သော်လည်း ၎င်းတို့က နားမထောင်ကြဘဲ ထိုအမျိုးသမီးများကို ပို့ပြီးသားဖြစ်၍ ပြန်မခေါ်တော့ကြောင်း၊ လင်းပိုင်ဖန် အဆင်ပြေသလိုသာ စီမံခန့်ခွဲရန် ပြောဆိုခဲ့ကြသည်။
ထို့ကြောင့် ကမ္ဘာကြီး ငြိမ်းချမ်းစေရန်၊ ကမ္ဘာ့စည်းစနစ်ကို ထိန်းသိမ်းရန်နှင့် ထိုအမျိုးသမီးများ၏ ဆန္ဒကို မဆန့်ကျင်ရန်အတွက် လင်းပိုင်ဖန်က မျက်ရည်စက်လက်ဖြင့် မတတ်သာဘဲ ၎င်းတို့ကို နန်းတော်ထဲသို့ ခေါ်ယူကာ နန်းတွင်းအစေခံများအဖြစ် ယာယီ တာဝန်ပေးလိုက်ရလေသည်။
ထိုအစေခံမိန်းကလေးများမှာ အားလုံးက လှပကျော့ရှင်းပြီး၊ အလိုက်သိကာ အကဲခတ်တတ်ကြသူများ ဖြစ်ကြသည်။
နေ့တိုင်းပင် ၎င်းတို့က လင်းပိုင်ဖန်ထံသို့ ခိုးပြုံးပြုံးကာ မျက်စိမှိတ်ပြတတ်ကြပြီး၊ ဆုံတွေ့နိုင်မည့် အခွင့်အရေးများကို ဖန်တီးတတ်ကြသဖြင့် သူက အတော်လေး စိတ်အနှောင့်အယှက် ဖြစ်ရသည်။
“ဟူး... ငါက ငါ့ရဲ့ သားသမီးတွေလိုမျိုး ပြည်သူတွေကို ချစ်ခင်တဲ့ ဧကရာဇ်ကောင်းတစ်ပါးပဲ ဖြစ်ချင်တာပါ...။ ဘာလို့ အဲဒါက ဒီလောက်အထိ ခက်ခဲနေရတာလဲ...”
ယောင်ယောင်က ရွဲ့ပြုံးပြုံးလျက် - “အရှင်မင်းမြတ်... ဆင်ခြေတွေ ပေးမနေပါနဲ့တော့...၊ အရှင်ကိုယ်တိုင်လည်း တကယ်ပဲ သဘောကျနေတာ မဟုတ်လား...”
လင်းပိုင်ဖန် - “...”
အပိုင်း (၆၁၈)
ယောင်ယောင်၏ စနောက်လိုသော မျက်နှာထားကို မြင်လိုက်ရသောအခါ လင်းပိုင်ဖန်က စိတ်ဆိုးဟန်ဖြင့် - “ယောင်ယောင်... မင်း နောက်ပိုင်း တော်တော်လေး လက်ရဲဇတ်ရဲ ဖြစ်လာတာပဲ...။ ကိုယ် မင်းကို ဒီည အိပ်ရာထဲကနေ မထနိုင်အောင် လုပ်ပစ်မယ်ဆိုရင် ယုံမလား...” ဟု ဆိုလိုက်သည်။
ယောင်ယောင်မှာ အနည်းငယ် လန့်သွားသော်လည်း မလျှော့သောမာနဖြင့်ပင် - “လာလေ... ဘယ်သူက ဘယ်သူ့ကို ကြောက်ရမှာလဲ...” ဟု ပြန်လည် စိန်ခေါ်လိုက်သည်။
“စိန်ရဲတယ်ပေါ့...” လင်းပိုင်ဖန်က ယောင်ယောင်ကို ပွေ့ချီကာ အိပ်ရာဆီသို့ ပြေးရန် ပြင်လိုက်စဉ်မှာပင်... ရဲရဲတောက် ဝတ်စုံဝတ်ဆင်ထားသည့် ပုံရိပ်တစ်ခုက ပျာပျာသလဲနှင့် ရှက်ကိုးရှက်ကန်းဖြင့် ပျံဝဲဝင်ရောက်လာခဲ့ပြီး - “ကြည့်ရတာ... လာတာ အချိန်မတော် ဖြစ်သွားပြီ ထင်တယ်...” ဟု ဆိုလိုက်သည်။
“မဟုတ်ဘူး... လာတာ ကွက်တိပဲ...”
ယောင်ယောင်က လင်းပိုင်ဖန်၏ ရင်ခွင်ထဲမှ ချက်ချင်း ရုန်းထွက်လိုက်ပြီး၊ ထွက်ပြေးရန် ပြင်နေသော ဘုရင်မ မယ်ဒူဆာကို လှမ်းဆွဲကာ - “အစ်မ... အခုလို ညဉ့်နက်သန်းခေါင်မှ လာတယ်ဆိုတော့ ဆွေးနွေးစရာ အရေးကြီးကိစ္စ ရှိလို့နေမှာပေါ့...။ အစ်မနဲ့ အရှင်မင်းမြတ်တို့ပဲ အေးအေးဆေးဆေး စကားပြောကြပါ...။ ညီမလေးကတော့ သွားနားတော့မယ်၊ နှောင့်ယှက်မနေတော့ပါဘူး...” ဟု ပြောလိုက်သည်။
ထို့နောက်တွင်တော့ သူမက ကမန်းကတန်း ထွက်ပြေးသွားခဲ့ရာ၊ လင်းပိုင်ဖန်နှင့် မယ်ဒူဆာတို့နှစ်ဦးသာ အိုးတိုးအမ်းတမ်းဖြင့် အချင်းချင်း ကြည့်ကျန်ရစ်ခဲ့ကြတော့သည်။
လေထုက အနည်းငယ် နေရခက်စရာ ဖြစ်သွားသဖြင့် လင်းပိုင်ဖန်က ချောင်းတစ်ချက်ဟန့်လိုက်ပြီး - “ယောင်ယောင်က နည်းနည်း ဆိုးတတ်လို့ပါ...၊ ကျေးဇူးပြုပြီး ခွင့်လွှတ်ပေးပါ...” ဟု ဆိုလိုက်သည်။
“ဘာမှမဖြစ်ပါဘူး...။ အမှန်တော့ အရှင်မင်းမြတ်ကိုယ်တိုင်လည်း တကယ့်ကို နောက်ပြောင်တတ်တာပဲ မဟုတ်လား...၊ ကိုယ့်ရဲ့ အစွမ်းတွေကို အကုန်ဖုံးကွယ်ထားပြီး ကမ္ဘာကြီးတစ်ခုလုံးကို လက်ဝါးပေါ်တင် ကစားနေတာပဲလေ...” ဘုရင်မ မယ်ဒူဆာက နှုတ်ခမ်းစွန်းလေး ကွေးရုံမျှ ပြုံးရင်း ရဲ့ရွဲ့လေး ပြောလိုက်သည်။
ပြီးခဲ့သည့် ရက်အနည်းငယ်အတွင်း ရင်းနှီးမှုများအရ... လင်းပိုင်ဖန်သည် ကမ္ဘာပေါ်တွင် အင်အားအကြီးဆုံး ပုဂ္ဂိုလ်နှင့် နံပါတ်တစ် ဧကရာဇ်ဖြစ်သော်လည်း၊ သီးသန့်အချိန်များတွင်မူ အလွန် ချဉ်းကပ်ရလွယ်ကူသူတစ်ဦးဖြစ်ကြောင်း သူမ သိရှိခဲ့ရသည်။ ထို့ကြောင့် သူတို့အကြား ဆက်ဆံရေးက ပို၍ ပေါ့ပေါ့ပါးပါး ရှိလာခဲ့သည်။
သူမအနေဖြင့်လည်း သူတို့နှစ်ဦးကြားတွင် အကွာအဝေးတစ်ခု ရှိမနေသည့် ယခုကဲ့သို့ ဆက်ဆံရေးမျိုးကို ပို၍ သဘောကျမိသည်။
“ငါ့မှာလည်း ရွေးချယ်စရာ မရှိလို့ပါ...”
လင်းပိုင်ဖန်က ခါးသက်စွာ ပြုံးလျက် - “ကြောက်မက်ဖွယ်ကောင်းတဲ့ ရန်သူကြီး လေးယောက်က စောင့်ကြည့်နေကြတာလေ...။ ငါ ကိုယ့်ကိုယ်ကိုယ် ထုတ်ဖော်ပြလိုက်တာနဲ့ မတွေးရဲစရာ အကျိုးဆက်တွေ ဖြစ်လာလိမ့်မယ်...။ အခုထိတော့ အဆင်သင့် မဖြစ်သေးဘူး...” ဟု ပြောလိုက်သည်။
ဘုရင်မ မယ်ဒူဆာက ခေါင်းညိတ်လိုက်ပြီး၊ သူမ၏ သံသယများက အမှန်ဖြစ်ကြောင်း အတည်ပြုနိုင်ခဲ့သည်။
အစပိုင်းကတည်းက ဧကရာဇ်သည် သူ၏ အစွမ်းကို ဝှက်ထားသည်ဟု သိကတည်းက သူမ ဤသို့ပင် ခန့်မှန်းခဲ့မိပြီး၊ ယခုအခါတွင်မူ သေချာသွားခဲ့ပြီ ဖြစ်သည်။
“သူတို့က ဘယ်လောက်တောင် သန်မာကြလို့လဲ...” မယ်ဒူဆာက မျက်မှောင်ကုတ်ကာ မေးလိုက်သည်။
“အရမ်း... အရမ်းကို သန်မာတာ...”
လင်းပိုင်ဖန်က တည်ကြည်စွာဖြင့် - “သူတို့ရဲ့ စွမ်းအားတွေကို မင်တို့ ကမ္ဘာရဲ့ စံနှုန်းနဲ့ တိုင်းတာမယ်ဆိုရင် ‘သိုင်းသူတော်စင်’ အဆင့်တွေပဲ...။ ဒါပေမဲ့ သာမန် သိုင်းသူတော်စင်တွေဆိုရင်တော့ သူတို့ကို ယှဉ်နိုင်မှာ မဟုတ်ဘူး...” ဟု ဆိုလိုက်သည်။
ဘုရင်မ မယ်ဒူဆာက အသက်ရှူမှားသွားပြီး - “ဒါက တကယ်ကို သန်မာလွန်းတာပဲ...”
သိုင်းသူတော်စင် ဆိုသည်မှာ သူမ၏ ကမ္ဘာတွင် ထိပ်တန်းအဆင့် အင်အားကြီး ပုဂ္ဂိုလ်များ ဖြစ်ကြသည်။ ၎င်းတို့အထက်တွင် ‘သိုင်းနတ်ဘုရား’အဆင့် ရှိသော်လည်း ထိုအဆင့်ကို မမြင်တွေ့ရသည်မှာ နှစ်ပေါင်းသောင်းချီ ကြာမြင့်နေပြီ ဖြစ်သည်။ ထို့ကြောင့် လက်ရှိ သိထားသမျှတွင် အင်အားအကြီးဆုံးမှာ သိုင်းသူတော်စင်များသာ ဖြစ်သည်။
သို့သော်လည်း အရှင်မင်းမြတ်၏ ရန်သူများက သိုင်းသူတော်စင်အဆင့် လေးယောက်တောင် ဖြစ်နေသည် တဲ့လား...။
သူ့အနေဖြင့် အစွမ်းများကို ဝှက်ထားရခြင်းမှာ မဆန်းတော့ပေ။
“အရှင်မင်းမြတ်... ကျွန်မ ကူညီပေးနိုင်မယ့်အရာ ရှိမလား...” ဘုရင်မ မယ်ဒူဆာက မေးလိုက်သည်။
သူမအနေဖြင့် သိပ်ပြီး အသုံးဝင်မည်မဟုတ်ဟု ခံစားရသော်လည်း၊ သူမ၏ အင်အားကို တတ်နိုင်သမျှ ဖြည့်ဆည်းပေးချင်မိသည်။
“ငါ့မှာ မင်းရဲ့ အကူအညီ လိုအပ်နေတဲ့ ကိစ္စတစ်ခုတော့ ရှိတယ်...” လင်းပိုင်ဖန်က ပြောလိုက်သည်။
“ဘာကိစ္စလဲ အရှင်မင်းမြတ်... ကျွန်မကို အမိန့်ပေးပါ...” မယ်ဒူဆာ၏ မျက်နှာထားက တည်တံ့သွားသည်။
“အခု နည်းနည်း ခေါင်းကိုက်နေပြီး စိတ်အပန်းဖြေချင်နေလို့ပါ...။ အပန်းပြေသွားအောင် ခေါင်းကို နည်းနည်းလောက် နှိပ်ပေးလို့ ရမလား...” လင်းပိုင်ဖန်က မျှော်လင့်ချက်အပြည့်ရှိသော မျက်ဝန်းများဖြင့် သူမကို ကြည့်လိုက်သည်။
ဘုရင်မ မယ်ဒူဆာ၏ နှုတ်ခမ်းများ တွန့်သွားပြီး - “အရှင်မင်းမြတ်... ဒီလို ကိစ္စအသေးအမွှားလေးကို နန်းတွင်းအစေခံတစ်ယောက်ကိုပဲ ခိုင်းစေလို့ ရတာပဲ မဟုတ်လား...”
လင်းပိုင်ဖန်က သက်ပြင်းချလျက် - “သူတို့ကိုတော့ မပြောပါနဲ့တော့...။ ငါ သူတို့နဲ့ ရှိနေရင် အဲဒီမိန်းကလေးတွေ အကုန်လုံးက ကိုယ်တော့်ရဲ့ ရုပ်ရည်ကို မက်မောပြီး ဟိုနားကိုင်၊ ဒီနားကိုင်နဲ့...။ သူတို့က ငါနဲ့ အတူအိပ်ဖို့ပဲ ကြံစည်နေကြတာ...”
မယ်ဒူဆာ - “...”
“ဒါဆိုရင်လည်း အရှင်မင်းမြတ်ရဲ့ မိဖုရားတွေကို ခိုင်းရမှာပေါ့...”
လင်းပိုင်ဖန်က ထပ်မံ သက်ပြင်းချပြန်သည် - “သူတို့ကိုလည်း မပြောပါနဲ့တော့...။ သူတို့နဲ့ ရှိနေပြန်ရင်လည်း ငါကိုယ်တိုင်က သူတို့နဲ့ အတူအိပ်ချင်စိတ် ပေါက်သွားပြီး ခေါင်းနှိပ်ခံဖို့ကို စိတ်ကူးထဲ ထည့်နိုင်မှာ မဟုတ်တော့ဘူး...”
မယ်ဒူဆာ - “...”
ဝန်ခံရလျှင် စိတ်အနှောင့်အယှက် ဖြစ်စရာ ကောင်းသော်လည်း၊ သူပြောသည်က တကယ့်ကို အဓိပ္ပာယ်ရှိလှပေသည်။
“ဒါကြောင့် မင်း ကိုပဲ အကူအညီတောင်းဖို့ တခြား ရွေးချယ်စရာ မရှိတော့တာပေါ့...”
လင်းပိုင်ဖန်က မျှော်လင့်ချက်အပြည့်ဖြင့် သူမကို ထပ်မံကြည့်လိုက်ပြီး၊ မယ်ဒူဆာ၏ ခံစားချက်ကင်းမဲ့နေသော မျက်နှာကို မြင်သောအခါ - “အကယ်၍ မင်း မလုပ်ချင်ဘူးဆိုရင်လည်း ထားလိုက်ပါတော့...” ဟု ဖြည့်စွက်ပြောလိုက်သည်။
ဘုရင်မ မယ်ဒူဆာက ရာဇပလ္လင်ဘေးသို့ ကျော့ရှင်းစွာ လျှောက်လှမ်းလာပြီး - “အရှင်မင်းမြတ်... ဒီဘက်ကို လာခဲ့ပါ...” ဟု ဆိုလိုက်သည်။
“ဘာလုပ်ဖို့လဲ...” လင်းပိုင်ဖန်က မျက်တောင်တဖြတ်ဖြတ် ခတ်လိုက်သည်။
“အရှင်မင်းမြတ်က ခေါင်းကိုက်လို့ နှိပ်ပေးစေချင်တာ မဟုတ်ဘူးလား...။ အရှင်မင်းမြတ် မထိုင်ရင် ကျွန်မက ဘယ်လိုလုပ် နှိပ်ပေးရမှာလဲ...” မယ်ဒူဆာက တည်ငြိမ်စွာပင် ပြောလိုက်သည်။
“ဒါလည်း ဟုတ်တာပဲ...” လင်းပိုင်ဖန်က ခေါင်းညိတ်ပြီး၊ ရာဇပလ္လင်ဆီသို့ လျှောက်သွားကာ လိမ္မာယဉ်ကျေးစွာ ထိုင်လိုက်သည်။
ဘုရင်မ မယ်ဒူဆာ၏ နုဖတ်သော လက်ချောင်းလေးများက လင်းပိုင်ဖန်၏ နားထင်ကို ညင်သာစွာ ဖိနှိပ်ပေးလိုက်ရာ၊ သူကလည်း မျက်လုံးများကို မှိတ်လျက် ခေါင်းနှိပ်ခံခြင်း အရသာကို ခံစားနေတော့သည်။
ပြောရလျှင် မယ်ဒူဆာ၏ အနှိပ်ပညာက အနည်းငယ် စိမ်းနေသေးသည်။
သို့သော် သူမ အသုံးပြုလိုက်သော အားပမာဏက ကွက်တိပင် ဖြစ်သည်။
ဘာပဲဖြစ်ဖြစ် လင်းပိုင်ဖန်ဟာ မြင့်မြတ်ကောင်းကင်အဆင့် တစ်ဦးပင် မဟုတ်ပါလား...။
သူ၏ ခန္ဓာကိုယ်က နတ်လက်နက်များထက်ပင် ပိုမိုမာကျောပြီး၊ သာမန် မဟာကောင်းကင်အဆင့်တစ်ဦးက အားကုန်သုံး၍ တိုက်ခိုက်လျှင်တောင် သူ၏ အကာအကွယ်ကို ဖျက်ဆီးနိုင်မည် မဟုတ်ပေ။
ထို့ကြောင့် သာမန်အစေခံမိန်းကလေးများ နှိပ်ပေးခြင်းက သူ့အတွက် ဘာမှ ခံစားရမည် မဟုတ်ပေ။
ကံကောင်းထောက်မစွာဖြင့် ယခုအခါတွင်မူ မယ်ဒူဆာ ရှိနေခဲ့ပြီ ဖြစ်သည်။
“ဒီအတိုင်းပဲ ဖိအားကို ဆက်ထားပေး... အဲဒီအတိုင်းပဲ...”
“အင်း...”
ဘုရင်မ မယ်ဒူဆာက ခေါင်းကို အသာအယာ ညိတ်လိုက်ပြီး၊ တစ်တောင်စာမျှသာ ကွာဝေးသော အကွာအဝေးမှ လင်းပိုင်ဖန်ကို ကြည့်ရင်း သူမ၏ ပါးပြင်လေးများ ရဲတက်လာခဲ့သည်။ သူမ၏ မျက်နှာပေါ်မှ တင်းမာမှုများကလည်း တဖြည်းဖြည်းချင်း အရည်ပျော်သွားခဲ့တော့သည်။
လက်ဖက်ရည်တစ်ခွက်၏ တစ်ဝက်ခန့် သောက်ရမည့် အချိန်ခန့် ကြာပြီးနောက်...
လင်းပိုင်ဖန်က - “အော်... ဒါနဲ့ စောစောက မေးဖို့ မေ့သွားတယ်...၊ မင်း ဘာကိစ္စရှိလို့ လာတာလဲ...” ဟု မေးလိုက်သည်။
“ကျွန်မက အရှင်မင်းမြတ်ကို ဟိုဘက်ကမ္ဘာကို ဘယ်တော့ ပြန်လို့ရမလဲဆိုတာ လာမေးတာပါ...။ ဘာပဲဖြစ်ဖြစ် ကျွန်မက မြွေလူသားမျိုးနွယ်ရဲ့ ဘုရင်မလေ...၊ အကြာကြီး ခွဲခွာနေလို့ မဖြစ်ဘူး...” ဘုရင်မ မယ်ဒူဆာက စိုးရိမ်စိတ်အချို့ဖြင့် ပြောလိုက်သည်။
သူမ ထွက်ခွာလာခဲ့ရသည်မှာ ရုတ်တရက်ဆန်လွန်းသဖြင့် မစိုးရိမ်ဘဲ မနေနိုင်ဖြစ်နေရသည်။
“အကြာကြီး မလိုပါဘူး...၊ အလွန်ဆုံး ရေတွက်ရရင် ခြောက်လ... ဒါမှမဟုတ် သုံးလဆိုရင် လုံလောက်ပါပြီ...”
လင်းပိုင်ဖန်က မျက်လုံးမှိတ်ထားလျက်ပင် - “ငါ့မှာ အဲဒီကမ္ဘာရဲ့ တည်နေရာကို မှတ်သားထားပြီးသားပါ...။ နောက်ထပ် တစ်လှမ်း တက်လှမ်းပြီး မြေကမ္ဘာအင်မော်တယ်အဆင့်ကို ရောက်တာနဲ့ ဒီကမ္ဘာရဲ့ စွမ်းအားတွေကို စေခိုင်းပြီး မင်းတို့ ကမ္ဘာဆီကို သွားနိုင်မယ့် အာကာသဝင်ပေါက်ကို ဖွင့်လှစ်နိုင်လိမ့်မယ်...” ဟု ပြောလိုက်သည်။
“အာကာသဝင်ပေါက်ကို ဖွင့်လိုက်ရင် အဲဒီ အင်အားကြီး ပုဂ္ဂိုလ်လေးယောက်ရဲ့ သတိထားမိတာကို ခံရမလား...” မယ်ဒူဆာက အနည်းငယ် စိုးရိမ်စွာ မေးလိုက်သည်။
“သေချာပေါက် ခံရမှာပေါ့...။ အဲဒီအချိန်ကျရင် ငါက ကောင်းကင်တာအိုရဲ့ စွမ်းအားကို သုံးပြီး တခြားကမ္ဘာကို သွားမယ့် လမ်းကြောင်းကို ဖွင့်မှာလေ...။ သူတို့ရဲ့ အာရုံခံနိုင်စွမ်းက အရမ်း ထက်မြက်လွန်းတော့ သေချာပေါက် သတိထားမိကြလိမ့်မယ်...။ ဒါပေမဲ့ ကိစ္စမရှိပါဘူး...၊ အဲဒီအချိန်ကျရင် သူတို့ကို သတ်ပစ်လိုက်ရင် ပြီးတာပဲဥစ္စာ...”
ဘုရင်မ မယ်ဒူဆာက ရုတ်တရက် ကြောင်အသွားပြီး - “အရှင်မင်းမြတ်... အရှင်ပဲ သူတို့က အရမ်းသန်မာတယ်လို့ ပြောခဲ့တာမဟုတ်လား...။ ဘယ်လိုလုပ် သူတို့ကို အလွယ်တကူ သတ်ပစ်နိုင်မှာလဲ...”
လင်းပိုင်ဖန်က ခေါင်းညိတ်ပြသည် - “မှန်တယ်... သူတို့က သန်မာတယ်...၊ ဒါကြောင့်လည်း ငါက မြေကမ္ဘာအင်မော်တယ်အဆင့်ကို ရောက်မှပဲ သူတို့ကို ရင်ဆိုင်ဖို့ ရည်ရွယ်ထားတာပေါ့...”
“ဒါပေမဲ့ အရှင်ပဲ သူတို့က သိုင်းသူတော်စင် အဆင့်တွေ ရှိနေပြီလို့ ပြောခဲ့တာလေ...။ သိုင်းသူတော်စင် အဆင့်ဆိုတာ ဒီကမ္ဘာရဲ့ မြေကမ္ဘာအင်မော်တယ်အဆင့်နဲ့ မတူဘူးလား...။ အရှင်ကလည်း မြေကမ္ဘာအင်မော်တယ်အဆင့်ပဲဆိုရင် သူတို့ကို ဘယ်လိုလုပ် တိုက်နိုင်မှာလဲ...”
“ဘာလို့ မတိုက်နိုင်ရမှာလဲ...”
လင်းပိုင်ဖန်က ပြန်လည် ချေပလိုက်သည် - “အခုအချိန်မှာတောင် ငါက သူတို့လေးယောက်လုံးကို တစ်ပြိုင်နက်တည်း ရင်ဆိုင်ရင် ရှုံးမှာ မဟုတ်ဘူး...။ ဒါပေမဲ့ ပေးဆပ်ရမယ့် တန်ဖိုးက အရမ်းများလွန်းပြီး မတန်သေးလို့သာ ငါက ကိုယ့်အစွမ်းကို ဆက်ပြီး ဖုံးကွယ်ထားတာ...”
ဘုရင်မ မယ်ဒူဆာမှာ ဆွံ့အသွားခဲ့ရသည်။
သူမကိုယ်သူမ အလွန် အူကြောင်ကြောင်နိုင်ပြီး ရိုးအလွန်းသည်ဟု ရုတ်တရက် ခံစားလိုက်ရသည်။
တကယ်ပါပဲ...။
သူမက ထိုအင်အားကြီး ပုဂ္ဂိုလ်လေးဦးမှာ အလွန်သန်မာလွန်းသဖြင့် အရှင်မင်းမြတ်မှာ မတတ်သာဘဲ လူတွေမသိအောင် လျှို့ဝှက်စွာ အင်အားစုဆောင်းနေရသည်ဟု ထင်မှတ်ခဲ့ခြင်း ဖြစ်သည်။
အမှန်စင်စစ်တွင်မူ အရှင်မင်းမြတ်က သူတို့ထက်ပင် ပို၍ သန်မာနေပြီးသား ဖြစ်နေသည် တဲ့လား...။
သူက တစ်ယောက်တည်းနှင့် လေးယောက်ကို တိုက်နိုင်သော်လည်း၊ အထိအခိုက်များမည် စိုးသောကြောင့်သာ ကိုယ့်ကိုယ်ကိုယ် ထုတ်မပြခြင်း ဖြစ်သည်။
သူမမှာ အလကားသက်သက် စိုးရိမ်နေခဲ့ရခြင်းပင်။
သူမကိုယ်သူမ အရူးလုပ်ခံလိုက်ရသလို ခံစားရသော်လည်း၊ သက်သေပြစရာ အထောက်အထား မရှိပေ။
သူမရှေ့ရှိ လင်းပိုင်ဖန်ကို ကြည့်ရင်း၊ တွေးမိလေလေ ပို၍ ဒေါသထွက်လာလေလေ ဖြစ်သဖြင့် သူမ၏ လက်ချောင်းများထဲမှ အားကို မသိလိုက်ဘဲ ပို၍ စိုက်ထုတ်မိသွားတော့သည်။
လင်းပိုင်ဖန်က မျက်မှောင်ကြုတ်လိုက်ပြီး - “မယ်ဒူဆာ... နည်းနည်း နာတယ်... အား သိပ်မစိုက်နဲ့ဦး...”
မယ်ဒူဆာ၏ မျက်နှာထားက ဒေါသတကြီး ဖြစ်သွားပြီး - “အရှင်မင်းမြတ်... နည်းနည်းလောက် အောင့်ခံလိုက်ပါဦး...၊ ခဏနေရင် ပြီးသွားမှာပါ...”
လင်းပိုင်ဖန် - “အား......”