အခန်း (၆၁၉-၆၂၀)
Vol. 57 Ch. 619-620
အပိုင်း (၆၁၉)
တစ်နာရီခန့် ကြာပြီးနောက်... မိုယုယန် ရောက်ရှိလာချိန်မှာပဲ မယ်ဒူဆာက ပြန်ရန် ထွက်လာခဲ့သည်။
ညဉ့်နက်သန်းခေါင်ယံ အချိန်တွင် ယောက်ျားတစ်ယောက်နှင့် မိန်းမတစ်ယောက် အခန်းထဲ၌ နှစ်ယောက်တည်း တစ်နာရီနီးပါး ရှိနေခဲ့ကြသည်...။
ထို့ပြင် အပြင်သို့ ထွက်လာသော မိန်းကလေး၏ မျက်နှာပေါ်တွင်လည်း ရှက်သွေးဖြာကာ နီမြန်းနေသေးသည်...။
မိုယုယန်၏ စိတ်ကူးထဲတွင် အတွေးပေါင်းစုံ ပြေးလွှားသွားပြီး မှင်တက်သွားကာ - “အစ်မ မယ်ဒူဆာ... ကြည့်ရတာ... အစ်မနဲ့ အရှင်မင်းမြတ်တို့က...” ဟု မေးလိုက်သည်။
ဘုရင်မ မယ်ဒူဆာ၏ မျက်နှာတစ်ခုလုံး ရဲတက်သွားပြီး - “မင်းထင်သလို မဟုတ်ပါဘူး...။ ငါက အရှင်မင်းမြတ်နဲ့ ဆွေးနွေးစရာ အရေးကြီးကိစ္စ ရှိလို့ လာခဲ့တာပါ...။ အထင်မလွဲပါနဲ့...” ဟု ကမန်းကတန်း ရှင်းပြလိုက်သည်။
မိုယုယန်က ခေါင်းကို တဆက်ဆက်ညိတ်ရင်း ပြုံးကာ - “စိတ်ချပါ... ညီမလေး လုံးဝ အထင်မလွဲပါဘူး...။ အရှင်မင်းမြတ်က နေ့ဘက်ဆို နိုင်ငံတော်ကိစ္စတွေနဲ့ အလုပ်ရှုပ်နေတာ၊ အစ်မကလည်း အားတဲ့အချိန်မရှိတော့... ညဉ့်နက်သန်းခေါင်ကျမှပဲ နှစ်ယောက်တည်း တိတ်တိတ်ဆိတ်ဆိတ် တွေ့ကြရတာပေါ့...။ နားလည်ပါတယ်... ညီမလေး အကုန်လုံးကို အထူးတလည် နားလည်ပါတယ်...” ဟု နောက်ပြောင်လိုက်သည်။
“မင်း လုံးဝ နားမလည်တာ ငါသိတယ်...”
ဘုရင်မ မယ်ဒူဆာက ရှက်စိတ်တို့ဖြင့် - “ငါ အရှင်မင်းမြတ်နဲ့ စကားပြောတာ အရေးကြီးတဲ့ ကိစ္စအကြောင်းပါ... တကယ့်ကို အရေးကြီးတဲ့ ကိစ္စပါ...” ဟု ဆိုလိုက်သည်။
မိုယုယန်က ခေါင်းကို ထပ်မံညိတ်ပြလိုက်ပြီး - “နားလည်ပါတယ်ဆိုမှပဲ...။ အရေးကြီးကိစ္စတွေ ဆွေးနွေးနေကြတာပေါ့...၊ ဒါပေမဲ့ ဆွေးနွေးတာက နည်းနည်းလေး ကြာသွားပြီး တစ်နာရီနီးပါး ဖြစ်သွားတယ်...၊ သတိမထားမိခင်မှာပဲ ညဉ့်တောင် နက်သွားပြီပေါ့ ဟုတ်လား...”
မိုယုယန်က တခိခိ ရယ်မောလိုက်ပြီး - “အစ်မ မယ်ဒူဆာ... ရှင်းပြမနေပါနဲ့တော့...။ ရှင်းပြလေ ပိုပေါ်လေပဲဥစ္စာ...။ အခုအချိန်မှာ အစ်မနဲ့ အရှင်မင်းမြတ်ရဲ့ ဆက်ဆံရေးကို ဘယ်သူက မသိဘဲ နေမှာလဲ...”
“ငါ...” ဘုရင်မ မယ်ဒူဆာက ပါးစပ်အဟောင်းသား ဖြစ်သွားပြီး ဘာမှ ပြန်မပြောနိုင်တော့ပေ။
ယခုအခါတွင်မူ သူမ တကယ်ပင် ဆွံ့အသွားခဲ့ရပြီ ဖြစ်သည်။
“အစ်မ မယ်ဒူဆာ... အစ်မက အရှင်မင်းမြတ်ရဲ့ ဘယ်အချက်ကို သဘောကျတာလဲဟင်...။ သူရဲ့ ချောမောတဲ့ ရုပ်ရည်ကိုလား၊ ပါးနပ်တဲ့ စစ်ဗျူဟာတွေကိုလား၊ ခန့်ညားတဲ့ ဧကရာဇ်အရှိန်အဝါကိုလား... ဒါမှမဟုတ် သူ့ရဲ့ အရှက်မရှိတတ်တဲ့ ဗီဇကိုလား...”
မိုယုယန်၏ မျက်ဝန်းများထဲတွင် စပ်စုလိုစိတ်များ အပြည့် ရှိနေသည်။
မယ်ဒူဆာတစ်ယောက် ခေတ္တမျှ ငေးမှိုင်သွားပြီး တွေးတောမိလိုက်သည်...၊ ကြည့်ရတာ ထိုအချက်အားလုံးကို နည်းနည်းစီ သဘောကျမိနေခြင်း ဖြစ်နိုင်သည်။
သူမက ရုတ်တရက် အသိပြန်ဝင်လာပြီး ရှက်ကိုးရှက်ကန်းနှင့် ဒေါသထွက်ဟန်ဖြင့် - “မင်း…. နှုတ်သီးကောင်းလျှာပါး မိန်းကလေး...။ ငါက အရှင်မင်းမြတ်ကို သဘောကျတယ်ပဲ ထားဦး... ဘာဖြစ်လဲ...။ မင်းမှာကော သဘောကျရတဲ့သူ မရှိလို့လား...” ဟု ပြန်လည် တိုက်ခိုက်လိုက်သည်။
“ညီမလေးမှာက... သေချာပေါက် ရှိတာပေါ့...” မိုယုယန်လည်း ရုတ်တရက် စကားထစ်သွားခဲ့သည်။
“တကယ်ကြီးလား... မင်းမှာ တကယ် ရှိတာပေါ့...”
ယခုတစ်ကြိမ်တွင်မူ မယ်ဒူဆာက ပြန်လည် စပ်စုရမည့်အလှည့် ရောက်လာခဲ့ပြီ ဖြစ်ရာ၊ သူမက လျှာကိုသပ်လျက် - “မင်းလို လှပပြီး သိုင်းပညာကျွမ်းကျင်တဲ့ မိန်းကလေးရဲ့ နှလုံးသားကို ဖမ်းစားနိုင်တဲ့သူက ဘယ်သူများလဲ...။ ငါ့ကို ပြောပြပါဦး... ငါ မင်းကို အကြံဉာဏ်အချို့ ပေးလို့ ရတာပေါ့...” ဟု ဆိုလိုက်သည်။
မိန်းကလေးများတွင် ရင်ဖွင့်တိုင်ပင်လိုစိတ် ရှိတတ်ကြရာ မိုယုယန်သည်လည်း ထိုနည်းလည်းကောင်းပင်။
သူမသည် ဤလျှို့ဝှက်ချက်ကို ရင်ထဲတွင် အောင်းထားရသည်မှာ ကြာလှပြီ ဖြစ်သဖြင့် ယခုအခါ တစ်စုံတစ်ယောက်ကို ရင်ဖွင့်ချင်နေမိသည်။
“ညီမလေး သူ့နာမည်ကိုတော့ မသိဘူး...။ သူ့ကို ‘စီနီယာ’ လို့ပဲ ခေါ်တယ်...” မိုယုယန်က ရှက်ကိုးရှက်ကန်းဖြင့် ပြောလိုက်သည်။
မယ်ဒူဆာက သဘောပေါက်သွားပြီး - “စီနီယာ ဟုတ်လား...။ ဒီခေါ်ဝေါ်ပုံအရဆိုရင် သူက မင်းထက် အသက်ကြီးပြီး ခွန်အားကလည်း မသေးလောက်ဘူး...၊ အနည်းဆုံးတော့ ကောင်းကင်အဆင့်တော့ ရှိမှာပေါ့ ဟုတ်လား...”
“သူက မဟာကောင်းကင်အဆင့်ပါ...၊ အရမ်း... အရမ်းကို သန်မာတဲ့ မဟာကောင်းကင်အဆင့်တစ်ယောက်ပေါ့...” မိုယုယန်က ဂုဏ်ယူဝင့်ကြွားစွာ ပြောလိုက်သည်။
“မဟာကောင်းကင်အဆင့် ဟုတ်လား...။ မင်းက တကယ်ကို မြင်တတ်တာပဲ...။ ဒါပေမဲ့ ဘယ်မဟာကောင်းကင်အဆင့်လဲ...၊ လက်ရှိခေတ်မှာ ရှိတဲ့ မဟာကောင်းကင်အဆင့်တွေအကုန်လုံးနီးပါးကို ငါ တွေ့ဖူးပါတယ်...”
“သူတို့ထဲက တစ်ယောက်မှ မဟုတ်ဘူး...။ သူက တခြားတစ်ယောက်...”
“တခြားတစ်ယောက်က ဘယ်သူရှိသေးလို့လဲ...” မယ်ဒူဆာ ဇဝေဇဝါ ဖြစ်သွားသည်။
မိုယုယန်က အနားသို့ တိုးကပ်ကာ တိုးတိုးလေး ပြောလိုက်သည် - “အစ်မ မယ်ဒူဆာ... ဒါက သာမန်အားဖြင့်ဆိုရင် ဘယ်သူ့ကိုမှ အသိပေးလို့မဖြစ်တဲ့ လျှို့ဝှက်ချက်နော်...။ ဒါပေမဲ့ အခုတော့ အစ်မက မဟာရှနိုင်ငံတော်ရဲ့ ထိပ်တန်းအင်အားကြီး ပုဂ္ဂိုလ်ဖြစ်နေပြီ၊ ပြီးတော့ အရှင်မင်းမြတ်နဲ့လည်း ဒီလိုပတ်သက်မှု ရှိနေပြီဆိုတော့ သိပိုင်ခွင့်ရှိပါတယ်...။ အမှန်တော့ အဲဒီစီနီယာက တို့ မဟာရှနိုင်ငံတော်က လူပဲ...၊ သူက အရိပ်ထဲမှာပဲ အမြဲပုန်းအောင်းနေပြီး အပြင်လူတွေ လုံးဝ မသိကြဘူး...”
မယ်ဒူဆာ၏ မျက်နှာထားမှာ ထူးဆန်းသွားလေသည်။
မဟာရှနိုင်ငံတော်က မဟာကောင်းကင်အဆင့် ဟုတ်လား...။
ပန်းချီဆရာကြီးကလွဲရင် သူမပဲ ရှိတာလေ...၊ တခြား ဘယ်သူ ရှိနိုင်ဦးမှာလဲ...။
ထိုအခိုက်တွင် လင်းပိုင်ဖန်၏ မျက်နှာက သူမ၏ စိတ်ထဲသို့ ရုတ်တရက် ဝင်ရောက်လာခဲ့သည်။
“မင်း အဲဒီ ‘စီနီယာ’ ကို တွေ့ဖူးလား...။ သူက ဘယ်လို ပုံစံလဲ...”
“ညီမလေး မျက်စိနဲ့တော့ မမြင်ဖူးဘူး...၊ ဒါပေမဲ့ သူ့မျက်နှာကို လက်နဲ့ စမ်းဖူးတယ်...၊ သူက တကယ်ကို ရုပ်ချောတာ...” မိုယုယန်က ရှက်သွေးဖြာလျက် ဝန်ခံလိုက်သည်။
“သူက အိမ်ထောင်ရှိလား...” မယ်ဒူဆာက ဆက်လက် စစ်ဆေးမေးမြန်းလိုက်သည်။
မိုယုယန်က ခေါင်းကို တဆက်ဆက်ညိတ်ပြလိုက်ပြီး - “သူ့မှာ အိမ်ထောင်ရှိတယ်...၊ ဒါပေမဲ့ မကြာသေးခင် နှစ်ပိုင်းကမှ ယူထားတာ၊ ပြီးတော့ ကလေးလည်း မရှိသေးဘူး...။ ဒါပေမဲ့ ညီမလေး ဂရုမစိုက်ပါဘူး...၊ ညီမလေးက သူ့ကို ချစ်တာဆိုတော့ သူ့ရဲ့ အရာရာတိုင်းကို ချစ်တယ်...။ သူ့အတွက် ကလေးတစ်ယောက်တောင် မွေးပေးဖို့ စီစဉ်ထားသေးတယ်...”
“သူက မင်းအပေါ် ဘယ်လို ဆက်ဆံလဲ...” မယ်ဒူဆာက ထပ်မံ စပ်စုလိုက်ပြန်သည်။
“သူက ညီမလေးအပေါ် အရမ်းကို ကောင်းတာ...။ သူက ညီမလေးရဲ့ အသက်ကို ကယ်ခဲ့တာလေ...။ ပြီးတော့ ညီမလေး ကလဲ့စားချေနိုင်ခဲ့တာလည်း သူ့ရဲ့ အကူအညီကြောင့်ပဲ...။ ညီမလေး အခုလို ရှိသမျှ အရာအားလုံးက သူ့ရဲ့ လမ်းညွှန်မှုကြောင့်ပဲလေ...။ ဒီဘဝမှာ ညီမလေးကတော့ သူကလွဲလို့ တခြားယောက်ျားကို ဘယ်တော့မှ မယူတော့ဘူး...”
မိန်းကလေးနှစ်ဦးမှာ တစ်ယောက်မေး တစ်ယောက်ဖြေဖြင့် စကားလက်ဆုံ ကျနေကြသည်။
ဘုရင်မ မယ်ဒူဆာအနေဖြင့် ထို ‘စီနီယာ’ အကြောင်းကို ပိုမိုသိရှိလာလေလေ၊ မိုယုယန် ချစ်မြတ်နိုးနေသူမှာ လင်းပိုင်ဖန်ဖြစ်ကြောင်း ပို၍ သေချာလာလေလေ ဖြစ်သည်။
သို့သော်လည်း မိုယုယန်ကိုယ်တိုင်ကမူ ဤအချက်ကို လုံးဝ ရိပ်မိခြင်း မရှိသေးပေ။
မိုယုယန်က အနာဂတ်အတွက် မျှော်လင့်ချက်အပြည့်ဖြင့် စိတ်ကူးယဉ်နေသည်ကို ကြည့်ရင်း၊ မယ်ဒူဆာက ခေတ္တမျှ တိတ်ဆိတ်သွားပြီးမှ - “မင်း နေ့ညမပြတ် စိတ်ကူးယဉ်နေတဲ့သူက... အရှင်မင်းမြတ် ဖြစ်မနေနိုင်ဘူးလားလို့ တွေးမိဖူးလား...” ဟု မေးလိုက်သည်။
မိုယုယန်က လက်ကို အသာယမ်းပြကာ - “တွေးတော့ တွေးဖူးတယ်...၊ ဒါပေမဲ့ သူတို့နှစ်ယောက်က တစ်ယောက်တည်း ဖြစ်ဖို့ လုံးဝ မဖြစ်နိုင်တာ...။ တစ်ယောက်က သိုင်းပညာ တတ်တယ်၊ တခြားတစ်ယောက်ကကျတော့ သိုင်းပညာ လုံးဝ မတတ်ဘူးလေ...။ ဘယ်လိုလုပ် တစ်ယောက်တည်း ဖြစ်နိုင်မှာလဲ...။ ဒါ့အပြင် ညီမလေး အရှင်မင်းမြတ်ကို မေးဖူးတယ်...၊ သူက လုံးဝ မဟုတ်ပါဘူးလို့ ပြောတယ်...”
မယ်ဒူဆာက သူမကို သနားကရုဏာ အပြည့်ရှိသော အကြည့်ဖြင့် ကြည့်လိုက်မိသည်။
သနားစရာ မိန်းကလေး အူကြောင်ကြောင်လေး...၊ မင်းကတော့ လူလိမ်လက်ထဲ ပါသွားပြီး သူတစ်ပါးအတွက် ပိုက်ဆံ ထိုင်ရေတွက်ပေးနေရတာတောင် သိရှာမှာ မဟုတ်ဘူး...။
ငါလည်း မင်းကို ဘာပြောရမှန်းတောင် မသိတော့ဘူး...။
“အစ်မ မယ်ဒူဆာ... ဒါက ညီမလေးရဲ့ လျှို့ဝှက်ချက်မို့လို့ ဘယ်သူ့ကိုမှ မပြောပါနဲ့နော်...” မိုယုယန်က ရှက်ကိုးရှက်ကန်းဖြင့် ပြောလိုက်သည်။
“စိတ်ချပါ... ငါက အတင်းအဖျင်း ပြောတတ်တဲ့သူ မဟုတ်ပါဘူး...။ ဒါပေမဲ့ ငါ သိချင်တာက... ငါ့အပြင် တခြား ဘယ်သူ့ကို ရင်ဖွင့်ဖူးသေးလဲ...” မယ်ဒူဆာက စပ်စုလိုက်သည်။
“ညီမလေး အရှင်မင်းမြတ်တစ်ယောက်တည်းကိုပဲ ပြောပြဖူးတယ်...၊ သူလည်း သိထားပြီး လျှို့ဝှက်ချက်ကို ထိန်းသိမ်းပေးမယ်လို့ ကတိပေးထားတယ်...”
ဘုရင်မ မယ်ဒူဆာ ရုတ်တရက် အော်ဟစ်ရယ်မောပစ်ချင်စိတ် ပေါက်သွားသည်။
ဒီမိန်းကလေးကတော့ အစအဆုံးကို အလိမ်ခံထားရတာပဲ...။
ပြီးတော့ သူမက စောစောကမှ ငါ့ကို နောက်ပြောင်နေခဲ့သေးတယ် ဟုတ်လား...။
ဟင်း... ဒီကိစ္စသာ လူသိရှင်ကြား ပေါ်သွားတဲ့နေ့ကျရင် ငါ မင်းကို အသေရယ်ပစ်ဦးမှာ...။
အခုတောင် ငါ တော်တော်လေး အောင့်ထားရတယ်...။
“အစ်မ မယ်ဒူဆာ... ဘာဖြစ်လို့လဲဟင်...။ အစ်မ နှုတ်ခမ်းစွန်းလေးက ဘာလို့ တွန့်တွန့်သွားတာလဲ...” မိုယုယန်က သိချင်စိတ်ဖြင့် မေးလိုက်သည်။
“ဘာမှမဖြစ်ပါဘူး...၊ ငါ ရယ်စရာတစ်ခုခုကို ရုတ်တရက် သတိရသွားလို့ မအောင့်နိုင်ဘဲ ရယ်မိတာ...၊ ငါ့ကို ဂရုမစိုက်ပါနဲ့...” မယ်ဒူဆာက ရယ်သံကို အတတ်နိုင်ဆုံး ထိန်းချုပ်ရင်း အနိုင်နိုင် ပြောလိုက်ရသည်။
“အော်... အဲလိုလား...” မိုယုယန်က တစ်ဝက်တစ်ပျက် နားလည်သလိုဖြင့် ခေါင်းညိတ်လိုက်ပြီး - “အစ်မ မယ်ဒူဆာ... အစ်မနဲ့ စကားပြောရတာ တကယ်ကို ပျော်ဖို့ကောင်းပါတယ်...။ ညလည်း တော်တော်နက်နေပြီဆိုတော့ အစ်မ နားရတာကို မနှောင့်ယှက်တော့ပါဘူး...၊ ညီမလေး ပြန်တော့မယ်နော်...”
ဘုရင်မ မယ်ဒူဆာက လက်ပြနှုတ်ဆက်လိုက်ပြီး - “ကောင်းပါပြီ... ပြန်ပါဦး...။ မင်းနဲ့ မင်းရဲ့စီနီယာတို့ ဆံပင်ဖြူ သွားကျိုးတဲ့အထိ ပေါင်းဖက်နိုင်ပါစေလို့ ဆုတောင်းပေးပါတယ်...”
“ကျေးဇူးတင်ပါတယ် အစ်မ...” မိုယုယန်က ပျော်ရွှင်တက်ကြွစွာဖြင့် ထွက်ခွာသွားတော့သည်။
အချိန်တွေဟာ ရေစီးကြောင်းလို ကုန်ဆုံးသွားခဲ့ရာ၊ မျက်စိတစ်မှိတ်အတွင်းမှာပဲ ရက်သတ္တပတ် နှစ်ပတ်မှာ ကုန်လွန်သွားခဲ့ပြီ ဖြစ်သည်။
ဒီနေ့တွင်တော့ လင်းပိုင်ဖန်က ပုံမှန်အတိုင်းပင် လောကစည်းကို ပိုင်းဖြတ်သည့် လက်ဝါး စွမ်းရည်ကို အသုံးပြုပြီး ကောင်းမွန်တဲ့ ပစ္စည်းအချို့ကို ဖမ်းယူရရှိရန် မျှော်လင့်နေမိသည်။
ပုံမှန်အားဖြင့် သူ၏ ကံဇာတာက ဆိုးရွားလှသော်လည်း၊ ဒီနေ့မှာတော့ အခြေအနေက နည်းနည်း ထူးခြားနေပုံရသည်။
မြူခိုးများ တဖြည်းဖြည်း လွင့်ပြယ်သွားသည်နှင့်အမျှ... လုံးဝ အသစ်စက်စက် ဖြစ်သော ကမ္ဘာသစ်တစ်ခုက သူ၏ ရှေ့မှောက်တွင် တဖြည်းဖြည်းချင်း လှစ်ဟပေါ်ပေါက်လာခဲ့သည်။
အပိုင်း (၆၂၀)
ထို့နောက် လင်းပိုင်ဖန်၏ မြင်ကွင်းထဲသို့ ကြီးမားလှသော ရေလှိုင်းကြီးတစ်ခု တိုးဝင်လာခဲ့သည်။
ထိုရေလှိုင်းကြီးသည် မြစ်ကမ်းပါးများကို ကျော်လွန်ကာ လမ်းမများဆီသို့ ပြင်းထန်စွာ ဒလိမ့်ခေါက်ကွေး စီးဆင်းနေပြီး၊ ကမ်းပါးပေါ်ရှိ လူအပေါင်းသည်လည်း ရေလှိုင်းဆိုးကြီးများ၏ ဝါးမြိုမည့် ဘေးမှ လွတ်မြောက်ရန် အော်ဟစ်ငိုကြွေးရင်း အသက်လုပြေးနေကြရသည်။
သို့သော်လည်း လူအများစုမှာ ရေစီးထက် မြန်အောင်မပြေးနိုင်ကြဘဲ သောင်းကျန်းခက်ထန်နေသော ရေဝဲဂယက်ကြီးများထဲသို့ ဝါးမြိုခြင်း ခံလိုက်ကြရသည်။
လင်းပိုင်ဖန်သည် ရေလွှမ်းမိုးမှုကြီးထဲ၌ အရပ်သားများကို လိုက်လံကယ်ဆယ်ရန် ကြိုးပမ်းနေကြသော အားကောင်းလှသည့် သိုင်းပညာရှင်အချို့ကိုလည်း မြင်တွေ့လိုက်ရသည်။ သို့သော် သူတို့၏ ကြိုးစားမှုများမှာ တောက်လောင်နေသော ထင်းမီးပုံကြီးကို ရေတစ်ခွက်စာဖြင့် ငြှိမ်းသတ်ရန် ကြိုးစားနေသကဲ့သို့ပင် အချည်းနှီး ဖြစ်နေရရှာသည်။
သဘာဝဘေးအန္တရာယ်ကြီး၏ ရှေ့မှောက်တွင် လူသားတို့၏ ခွန်အားမှာ ကောင်းကင်ဘုံကို လွန်ဆန်ရသကဲ့သို့ အလွန်ပင် မစွမ်းသာခဲ့ပေ။
ဤအတိုင်းအဆမဲ့ ရေလှိုင်းကြီး၏ အလယ်ဗဟိုတွင်မူ... လင်းပိုင်ဖန်သည် ပြင်းထန်စွာ တိုက်ခိုက်နေကြသော အင်အားကြီးဖြစ်တည်မှု နှစ်ခုကို သတိပြုမိလိုက်သည်။
တစ်ခုမှာ မယ်ဒူဆာကဲ့သို့ပင် လူခေါင်းနှင့် မြွေကိုယ်ခန္ဓာရှိသော အမျိုးသမီး သတ္တဝါတစ်ကောင် ဖြစ်သည်။
ကွာခြားချက်မှာ မယ်ဒူဆာ၏ အလှက ညှို့ငင်ဖမ်းစားနိုင်သော အလှမျိုး ဖြစ်သော်လည်း၊ ဤသတ္တဝါကမူ အလွန်တရာ နူးညံ့သိမ်မွေ့ပြီး မိခင်တစ်ယောက်၏ မေတ္တာရောင်ခြည်များ ဖြာထွက်နေခြင်းပင်။ သူမ ပိုင်ဆိုင်သော အင်အားမှာ လောကကြီးကို ဖန်ဆင်းနိုင်စွမ်းရှိသော စွမ်းအင်မျိုးနှင့် ဆင်တူပြီး အသက်စွမ်းအားများ အပြည့် ရှိနေသည်။
အခြားအင်အားကြီး ဖြစ်တည်မှုတစ်ခုမှာမူ ထူးဆန်းဆိုးသွမ်းသော ခေါင်းရှစ်လုံးရှိသည့် သားရဲကြီးတစ်ကောင် ဖြစ်သည်။
၎င်း၏ ရုပ်အသွင်က အလွန် ကြောက်မက်ဖွယ်ကောင်းပြီး ထိန်းမနိုင်သိမ်းမရ ဟိန်းဟောက်နေသည်။ ကြည့်ရတာ ဤသဘာဝဘေးအန္တရာယ် ရေလွှမ်းမိုးမှုကြီးမှာ ထိုသားရဲကြောင့် ဖြစ်ပွားရခြင်း ဖြစ်ပုံရသည်။ ၎င်းတွင် ရေကို ထိန်းချုပ်နိုင်သော အစွမ်းရှိနေသည်။
ထိုအခိုက်တွင် လင်းပိုင်ဖန်သည် ဤကမ္ဘာကို မှတ်မိသွားခဲ့ပြီ ဖြစ်သည်။
“ဒါက... ‘နတ်ဓားနှင့် နတ်သမီး ဒဏ္ဍာရီ’ ကမ္ဘာပဲဟ...”
လူခေါင်း မြွေကိုယ်နှင့် အမျိုးသမီးမှာ ‘နွီဝါး’ နတ်ဘုရားမ၏ မျိုးဆက် ဖြစ်ပြီး၊ ရေကို ထိန်းချုပ်နိုင်စွမ်းရှိသော မိစ္ဆာကောင်ကြီးမှာမူ ရှေးဟောင်း သားရဲဆိုးကြီး ဖြစ်သည့် ‘ရေမိစ္ဆာသားရဲ’ ပင် ဖြစ်သည်။
တစ်ယောက်က ကမ္ဘာလောကကို ကာကွယ်ရန် ရုန်းကန်နေပြီး၊ အခြားတစ်ယောက်ကမူ လောကကြီးကို ဖျက်ဆီးရန် ကြံစည်နေသဖြင့် သူတို့နှစ်ဦး ရင်ဆိုင်တိုက်ခိုက်နေကြရခြင်း ဖြစ်သည်။
“မေမေ...” ဟု ကမ်းစပ်မှနေ၍ နုနယ်သော မိန်းကလေးငယ်တစ်ဦးက စိုးရိမ်တကြီး အော်ဟစ်လိုက်သည်။
“လင်းအာ... အမြန်ပြေးတော့၊ ဒီမှာ အရမ်းအန္တရာယ်များတယ်...”
နွီဝါးမျိုးဆက်သည် နောက်သို့ လှည့်မကြည့်ဘဲ အော်ပြောလိုက်ရင်း၊ သူမ၏ ရှေ့မှောက်ရှိ သောင်းကျန်းနေသော ရေမိစ္ဆာသားရဲကို တားဆီးရန် အစွမ်းကုန် ကြိုးပမ်းနေရသည်။
ထိုနေရာတွင် အခြားလူတစ်ယောက်လည်း ရှိနေသေးသည်။ လူတစ်ယောက်သည် ဝေးကွာလှသော တောင်ထိပ်ပေါ်တွင် ရပ်နေပြီး ဤကမ္ဘာပျက်ကပ် မြင်ကွင်းကို အရူးအမူးအလား ကြည့်ရှုနေသည်။
“ဒီလောကကြီးက ပျက်စီးရမယ်...။ လောကကြီးကို ဖျက်ဆီးပစ်မှပဲ မေတ္တာတရားတွေနဲ့ ပြည့်နှက်နေတဲ့ လောကသစ်တစ်ခုကို ငါတို့တွေ ဖန်တီးနိုင်မှာ...။ ရေမိစ္ဆာသားရဲ... သွားစမ်း၊ မင်းရဲ့ အစွမ်းတွေကို ထုတ်ပြီး ဒီလောကကြီးကို ဖျက်ဆီးပစ်စမ်း...၊ ဒါမှ ငါတို့တွေ ကမ္ဘာသစ်ကို ပြန်တည်ဆောက်နိုင်မှာ...”
ထိုလူ၏ ညွှန်ကြားချက်ကို တုံ့ပြန်သည့်အလား ရေမိစ္ဆာသားရဲကြီးသည် ပိုမို ကြောက်မက်ဖွယ်ကောင်းလာလေသည်။
၎င်း၏ ဧရာမခေါင်းကြီး သုံးလုံးက ရုတ်တရက် ပါးစပ်များကို ဟလိုက်ပြီး ရေငွေ့လှိုင်းလုံးကြီးများကို မှုတ်ထုတ်လိုက်သည်။
နွီဝါးမျိုးဆက်သည် ထိုရေငွေ့လှိုင်းဒဏ်ကို ခံလိုက်ရသဖြင့် သွေးများအန်ကာ ရေလှိုင်းကြီးထဲသို့ လွင့်စင်ကျသွားတော့သည်။
“မေမေ...” မိန်းကလေးငယ်က ကျယ်လောင်စွာ အော်ဟစ်လိုက်ပြီး အရှေ့သို့ အစွမ်းကုန် ပြေးထွက်ရန် ကြိုးစားလိုက်သည်။
သို့သော် သူမကို ဆန်းကြယ်သော ဝတ်စုံ ဝတ်ဆင်ထားသည့် အသက်လတ်ပိုင်း အမျိုးသမီးတစ်ဦးက တားဆီးလိုက်ပြီး - “လင်းအာ... အဲဒီကိုမသွားနဲ့...။ သမီးသွားရင် မေမေ့ကို စိတ်အနှောင့်အယှက်ဖြစ်စေပြီး ပိုပြီး အန္တရာယ်များသွားလိမ့်မယ်...”
“ဒါပေမဲ့ ဘွားဘွား... သမီး ဘာလုပ်ရမလဲဟင်...။ သမီး မေမေ့ကို ကယ်ချင်တယ်၊ ဘာလုပ်ရမလဲ ပြောပြပါဦး...” မိန်းကလေးငယ်က ငိုယိုကာ ပြောလိုက်လေသည်။
အသက်လတ်ပိုင်း အမျိုးသမီးကြီးက သက်ပြင်းချလိုက်ပြီး - “ဟူး... ဘွားဘွားလည်း ဘာလုပ်ရမှန်း မသိတော့ပါဘူး...”
မိန်းကလေးငယ်သည် ဝေးကွာလှသော နေရာတွင် အသက်ဘေးနှင့် ရင်ဆိုင်နေရသည့် မိခင်ဖြစ်သူကို ကြည့်လိုက်၊ အားကိုးရာမဲ့နေသော ဘွားဘွားဖြစ်သူကို ကြည့်လိုက်နှင့် ရုတ်တရက် ဒူးထောက်ချလိုက်ကာ ကောင်းကင်ဘုံသို့ စိတ်ရင်းမှန်ဖြင့် ဆုတောင်းလေတော့သည်။
“အထက်က နတ်မြတ်နတ်ကောင်းတို့ ... သမီးရဲ့ မေမေကို ကယ်တင်ပေးတော်မူပါ...။ မေမေကိုသာ ကယ်ပေးမယ်ဆိုရင် သမီး ဘာပဲဖြစ်ဖြစ် လုပ်ပါ့မယ်၊ တစ်သက်လုံး ကျွန်အဖြစ် ခစားပါ့မယ်...။ မေမေကို ကယ်ပေးကြပါ...”
ဤအချိန်တွင် လင်းပိုင်ဖန်မှာ ဆုံးဖြတ်ချက် ချပြီးသွားခဲ့ပြီ ဖြစ်သည်။ ဤနေရာတွင် တန်ဖိုးအရှိဆုံးအရာမှာ ထိုရေမိစ္ဆာသားရဲပင် ဖြစ်သည်။
ဤသားရဲသည် အစွမ်းထက်သည့်အပြင် ရေနှင့် ထိတွေ့ရုံဖြင့် ပြန်လည်ရှင်သန်နိုင်စွမ်း ရှိသောကြောင့် အသုံးဝင်မည့်အချက်များစွာ ရှိနေသည်။
ပို၍ အရေးကြီးသည်မှာ... သူသည် မြေကမ္ဘာအင်မော်တယ် အဆင့်သို့ တက်လှမ်းရန် ပြင်ဆင်နေပြီး၊ မြင့်မြတ် သားရဲကြီး လေးကောင်နှင့် ကြီးကျယ်သော တိုက်ပွဲ ဆင်နွှဲရတော့မည် ဖြစ်သည်။ ထို့ကြောင့် ဤရေမိစ္ဆာသားရဲကို အသုံးချပြီး သူတို့၏ စွမ်းအားအစစ်အမှန်ကို စမ်းသပ်ကာ အင်အားချည့်နဲ့အောင် လုပ်ဆောင်နိုင်သည်။
ထိုသို့ တွေးတောပြီးနောက် လင်းပိုင်ဖန်သည် ‘လောကစည်းကို ပိုင်းဖြတ်သည့် လက်ဝါး’ ကို ချက်ချင်း ထုတ်ဖော်လိုက်သည်။
အတိုင်းအဆမရှိ ကြီးမားလှသော ဖန်သားပြင်ကဲ့သို့ လက်ဝါးကြီးတစ်ခုက ဟင်းလင်းပြင် အတားအဆီးကို ရိုက်ခွဲကာ ‘နတ်ဓားနှင့် နတ်သမီး ဒဏ္ဍာရီ’ ကမ္ဘာသို့ ဆင်းသက်လာခဲ့သည်။ ထို့နောက် လျှပ်တပြက်အတွင်းမှာပင် ရေလွှမ်းမိုးမှုထဲရှိ ရေမိစ္ဆာသားရဲဆီသို့ ဦးတည်ရွေ့လျားသွားတော့သည်။
“အားလုံးပဲ ကြည့်ကြဦး... အဲဒါ ဘာကြီးလဲ...”
“ဒီလောက်ကြီးတဲ့ လက်ဝါးကြီး...။ ကြည့်ရတာ တောင်တန်းတွေကိုတောင် အလွယ်တကူ ရိုက်ခွဲပစ်နိုင်မယ့်ပုံပဲ...”
“ဒါ ဘယ်သူ့ရဲ့ လက်ဝါးကြီးလဲ...”
“မိစ္ဆာကောင်ကို နှိမ်နင်းဖို့ ကောင်းကင်ဘုံက နတ်မင်း သက်ဆင်းလာတာ နေမှာ...”
မိုင်ပေါင်း ထောင်ချီဝေးကွာသော ရှူတောင်ပေါ်တွင်...
ရှူတောင်ဂိုဏ်းချုပ်သည် ရုတ်တရက် မျက်လုံးများကို ပြူးကျယ်စွာ ဖွင့်လိုက်ပြီး မြောင်နယ်မြေဘက်သို့ လှမ်းကြည့်ကာ - “အပြောင်းအလဲ တစ်ခုခုတော့ ရှိနေပြီ...” ဟု ဆိုလိုက်သည်။
သူ၏ ခြေဖဝါးအောက်တွင် ဓားအလင်းတန်းတစ်ခု ပေါ်ထွက်လာပြီး မျက်စိတစ်မှိတ်အတွင်းမှာပင် ပျံသန်းထွက်ခွာသွားတော့သည်။
တောင်ထိပ်ပေါ်တွင် ရပ်နေသော လဝတ်ပြုဂိုဏ်း၏ ဂိုဏ်းချုပ်သည် ရုတ်တရက် ပေါ်လာသော ဧရာမလက်ဝါးကြီးကို ကြည့်ကာ မျက်လုံးများ ကျဉ်းမြောင်းသွားပြီး - “ဒါ ဘယ်က ရောက်လာတဲ့ တန်ခိုးရှင်လဲ...။ ဘယ်သူပဲဖြစ်ဖြစ် ငါ့ရဲ့ အစီအစဉ်ကိုတော့ လာဖျက်လို့ မရစေရဘူး...”
“ဒါ ကောင်းကင်ဘုံက နတ်မင်းပဲ...။ သမီးရဲ့ ဆုတောင်းသံကို ကြားလို့ တို့ကို ကယ်တင်ဖို့ ကြွလာတာ သေချာတယ်...”
မိန်းကလေးငယ်သည် မြေပြင်ပေါ်တွင် ဒူးထောက်လျက်၊ ကြည်ညိုခြင်း၊ ဝမ်းမြောက်ခြင်းတို့ဖြင့် အော်ဟစ်လိုက်သည် - “အို... အရှင်နတ်မင်း... ရေမိစ္ဆာသားရဲကို နှိမ်နင်းပြီး သမီးရဲ့ မေမေကို ကယ်တင်ပေးတော်မူပါ...”
ဤအချိန်တွင် လက်ဝါးကြီးသည် ရေမိစ္ဆာသားရဲနှင့် အကွာအဝေး အလွန် နီးကပ်နေပြီ ဖြစ်သည်။
ရှေးဟောင်း သားရဲဆိုးကြီး ဖြစ်သည့်အတိုင်း ရေမိစ္ဆာသားရဲသည် အာရုံခံစားမှု အလွန် ထက်မြက်လှသည်။ ၎င်းသည် ဤဧရာမလက်ဝါးကြီးက အမျိုးသမီးထက် မိမိကို ပိုမို ခြိမ်းခြောက်နိုင်ကြောင်း ကောင်းကောင်း သိရှိလိုက်သည်။
အကယ်၍ ဤလက်ဝါးကြီး၏ ဖမ်းဆီးခြင်းကို ခံရပါက အခြေအနေ မဟန်တော့ပေ။
ထို့ကြောင့် ၎င်းက ကျယ်လောင်စွာ ဟိန်းဟောက်ပြီး ရေကို ထိန်းချုပ်သည့် အစွမ်းဖြင့် ကောင်းကင်သို့ ဦးတည်သော ရေဆင်နှာမောင်းကြီးတစ်ခုကို ဖန်တီးကာ ခုခံလိုက်သည်။
“ကလေးကလား ကစားနည်းတွေပါလား...။ ငါ့ရှေ့မှာ လာပြီး အစွမ်းပြနေတယ်...၊ သတ္ထဂါတလက်ဝါးသိုင်း...။”
ဧရာမလက်ဝါးကြီးသည် ဗုဒ္ဓအလင်းရောင်ခြည်များ ဖြာထွက်နေသော လက်ဝါးကြီးအဖြစ်သို့ ပြောင်းလဲသွားပြီး ပြင်းထန်စွာ ရိုက်ချလိုက်တော့သည်။
“ဘုန်း...”
ရေဆင်နှာမောင်းကြီးမှာ ရိုက်ခွဲခြင်း ခံလိုက်ရပြီး ရေစက်ရေပေါက်များ အရပ်ရပ်သို့ လွင့်စင်သွားသည်။
ရေမိစ္ဆာသားရဲကြီးသည် မရှောင်တိမ်းနိုင်ဘဲ ရေမြောင်းထဲသို့ ပြင်းထန်စွာ ဆောင့်ကျသွားပြီး၊ ၎င်း၏ ခေါင်းရှစ်လုံးထဲမှ တစ်လုံးမှာ လုံးဝ ပျက်စီးသွားခဲ့သည်။
ဒဏ်ရာရသွားသော ရေမိစ္ဆာသားရဲသည် ပိုမို သောင်းကျန်းလာပြီး ကြောက်မက်ဖွယ်ကောင်းသော ရေလှိုင်းကြီးများကို လှုပ်ခတ်စေလိုက်သည်။
ထိုအခါ ဧရာမလက်ဝါးကြီးပေါ်တွင် ပြင်းထန်သော မီးတောက်များ တောက်လောင်လာခဲ့သည်
ပုံမှန်အားဖြင့် ရေသည် မီးကို နိုင်သဖြင့် ဤမီးတောက်များသည် ရေမိစ္ဆာသားရဲကို မထိခိုက်နိုင်သင့်ပေ။ သို့သော်လည်း တောက်လောင်နေသော လက်ဝါးကြီးမှာ ကောင်းကင်တွင် ချိတ်ဆွဲထားသည့် ပူပြင်းလှသော နေမင်းကြီးကဲ့သို့ ဖြစ်နေပြီး မြေကမ္ဘာကို လောင်မြိုက်စေကာ ပင်လယ်ရေများကို ဆူပွက်စေသည်။
သောင်းကျန်းနေသော ရေလှိုင်းကြီးများမှာ ရေငွေ့အဖြစ်သို့ ပြောင်းလဲကာ ပျောက်ကွယ်သွားတော့သည်။
ထို့နောက် လက်ဝါးကြီးက ထပ်မံ ရိုက်ချလိုက်ရာ ရေမိစ္ဆာသားရဲ၏ အခြားခေါင်းတစ်လုံး ထပ်မံ ပေါက်ကွဲသွားပြန်သည်။
တိုက်ပွဲက ဆက်လက် ဖြစ်ပွားနေပြီး၊ ရေမိစ္ဆာသားရဲသည် မည်သည့် တန်ခိုးအစွမ်း သို့မဟုတ် သိုင်းကွက်များကိုပင် သုံးပါစေ၊ လက်ဝါးကြီးကို မယှဉ်နိုင်ခဲ့ပေ။ ၎င်း၏ ခေါင်းများမှာလည်း တစ်လုံးပြီးတစ်လုံး ပေါက်ကွဲပျက်စီးနေရသည်။
ဤရက်စက်လှသော မြင်ကွင်းက လူတိုင်းကို မှင်တက်သွားစေခဲ့သည်။
လောကကြီးကို ဖျက်ဆီးမည့် ရေမိစ္ဆာသားရဲကြီးမှာ လက်ဝါးကြီး၏ ကစားစရာတစ်ခုလို ဖြစ်နေရသည် မဟုတ်လား...။
ဤနတ်မင်းက ဘယ်သူမို့လို့ ဒီလောက်တောင် အစွမ်းထက်နေရတာပါလိမ့်...။
ထိုသို့ဖြင့် လူတိုင်းသည် မျှော်လင့်ချက် အလင်းရောင်ကို မြင်တွေ့လိုက်ကြရသည်။
“ဒါ တို့ကို ကယ်တင်ဖို့ ကောင်းကင်က စေလွှတ်လိုက်တဲ့ နတ်မင်းပဲ...”
“အရှင်နတ်မင်း... ဒီမိစ္ဆာဆိုးကြီးကို အမြန် ဖမ်းခေါ်သွားပေးပါ...၊ သူက ကျွန်တော်တို့တတွေကို ဒုက္ခအများကြီး ပေးနေတာပါ...”
“အရှင်နတ်မင်းကို ရှိခိုးကန်တော့ပါတယ်...။ အမွှေးတိုင်တွေလည်း ထွန်းညှိ ပူဇော်ပေးပါမယ်...”
လူအများမှာ တစ်ယောက်ပြီးတစ်ယောက် ဒူးထောက်ချလိုက်ကြပြီး အလွန်အမင်း ရိုသေကိုးကွယ်ကြလေတော့သည်။
ဤအချိန်တွင် ခေါင်းတစ်လုံးသာ ကျန်တော့သည့် ရေမိစ္ဆာသားရဲကြီးသည် နောက်ဆုံးတွင်တော့ ကြောက်ရွံ့သွားခဲ့လေပြီ ဖြစ်သည်။
၎င်းသည် ရေနှင့်ထိလျှင် ပြန်လည်ရှင်သန်နိုင်ပြီး သေမျိုးမဟုတ်သော်လည်း၊ ခေါင်းများ အပိုင်းပိုင်း ပေါက်ကွဲရသည့် ဝေဒနာကမူ အလွန် နာကျင်လှသည်။ ၎င်းသည် ထပ်မံ၍ နာကျင်မှုကို မခံစားနိုင်တော့သဖြင့် ထပ်ပြီး အရိုက်မခံချင်တော့ပေ။
ထို့ကြောင့် ၎င်းက ထွက်ပြေးရန် ကြံစည်လိုက်သည်။
လင်းပိုင်ဖန်က ၎င်း၏ ရည်ရွယ်ချက်ကို ရိပ်မိလိုက်သည်။ သူ၏ လက်ဝါးကြီးက ဟင်းလင်းပြင် အတားအဆီးကို ဖြတ်ကျော်ကာ ထွက်ပြေးရန် ကြိုးစားနေသော ရေမိစ္ဆာသားရဲကို လျှပ်တပြက်အတွင်း ဖမ်းဆုပ်လိုက်ပြီး၊ ကောင်းကင်ယံသို့ ဖြည်းညင်းစွာ မြှောက်တင်လိုက်တော့သည်။
ရေမိစ္ဆာသားရဲသည် လွတ်မြောက်ရန် အသက်လု ရုန်းကန်သော်လည်း လင်းပိုင်ဖန်၏ လက်ဝါးပေါ်တွင် ကြောက်မက်ဖွယ်ကောင်းသော ‘ဆန်းကြယ်မီးတောက်’ များ တောက်လောင်လာခဲ့သည်။
၎င်းတို့မှာ သာမန်မီးတောက်များ မဟုတ်ပေ။
ရေမိစ္ဆာသားရဲကြီးသည် ဆန်းကြယ်မီးတောက်များ၏ လောင်မြိုက်မှုကို ခံရသဖြင့် စူးရှစွာ အော်ဟစ်လိုက်ရပြီးနောက်တွင်မူ ပြန်လည်ခုခံခြင်း မပြုနိုင်တော့ပေ။
သို့သော်လည်း... အောင်မြင်မှု လက်တစ်ကမ်းအလို ရောက်ရှိချိန်မှာပဲ စိုးရိမ်တကြီး တားမြစ်လိုက်သော အသံတစ်သံ ထွက်ပေါ်လာခဲ့သည်။
“ရပ်လိုက်စမ်း...”