အခန်း ၈၁
Vol. 9 Ch. 81
အခန်း (၈၁) လူသားဆန်မှု ပျောက်ဆုံးခြင်း.. အာဏာ စိုးမိုးလာခြင်း
နယ်မြေကမ္ဘာအတွင်း၌ ၂၂ ရက်သည် မျက်စိတစ်မှိတ်အတွင်း ကုန်လွန်သွားခဲ့ပြီး ကစားသမားများသည် ဤငရဲကဲ့သို့သော စက်ရုံတွင် တစ်လနီးပါးကို ဖြတ်သန်းခဲ့ရပြီးလေပြီ။
"လုပ်နိုင်ရင် လုပ်... မလုပ်နိုင်ရင် ဒီကနေ ထွက်သွားစမ်း..."
ချန်ဟောင်သည် ပိန်ပါးပါး အမျိုးသား ကစားသမားတစ်ဦး၏နံဘေးတွင် ရပ်နေပြီး သူ၏ ဟိန်းဟောက်မှုကြောင့် လည်ပင်းမှ သွေးကြောများ ထောင်ထနေကာ သူ၏တံတွေးများသည် တစ်ဖက်လူ၏ မျက်နှာပေါ်သို့ စင်လုမတတ် ဖြစ်နေလေ၏။
သူ၏ရင်ဘတ် ပြင်းထန်စွာ နိမ့်ချည်မြင့်ချည် ဖြစ်နေသည်။ သူ၏မျက်လုံးများတွင် အစပိုင်းက ရှိခဲ့သော လေးလံမှုနှင့်တာဝန်ယူမှုများ မရှိတော့ဘဲ သည်းခံနိုင်စွမ်းမရှိမှု စိတ်တိုမှုနှင့် အာဏာက ယူဆောင်လာပေးသော ထိန်းချုပ်နိုင်စွမ်းကို သာယာယစ်မူးမှုများ အစားထိုး ဝင်ရောက်လာသည်။
အမျိုးသား ကစားသမားသည် ခေါင်းငုံ့ကာ ပခုံးများ ကျုံထားပြီး သူ၏ လက်များသည် အလုပ်ဝတ်စုံ၏ အစကို တင်းကျပ်စွာ ဆုပ်ကိုင်ထားကာ မည်သည့် ချေပမှုမျှ မလုပ်ရဲချေ။
သူ အလွန်အမင်း ပင်ပန်းနွမ်းနယ်နေပြီး လက်တုန်သွားကာ အမှားအယွင်း အနည်းငယ် ဖြစ်သွားသောကြောင့် ချန်ဟောင်က ထိုကိစ္စကို အခွင့်ကောင်းယူ၍ စက်ရုံထုတ်လုပ်မှုလိုင်း တစ်ခုလုံး၏ရှေ့တွင် သူ့ကို ဤကဲ့သို့ အရှက်ခွဲနေခြင်းပင်။
တခြားကစားသမားများသည် သူတို့၏အလုပ်များကို အတင်းအကြပ် ဆက်လုပ်နေကြရသော်လည်း တချို့က ပြောင်ပြောင်တင်းတင်းနှင့် တချို့က ခိုးကြောင်ခိုးဝှက်ဖြင့် ချန်ဟောင်ဆီသို့ အကြည့်များ ပို့လွှတ်နေကြသည်။ သူတို့၏မျက်လုံးများတွင် အစပထမက ရှိခဲ့သော သနားကြင်နာမှု သို့မဟုတ် နားလည်မှုများ မရှိတော့ဘဲ အေးစက်သော ဒေါသ၊ အထင်အမြင်သေးမှုနှင့် ရုပ်လုံးပေါ်လုမတတ် ဖြစ်နေသော သတ်ဖြတ်လိုစိတ်များသာ ရှိနေတော့သည်။
ဤသတ်ဖြတ်လိုစိတ်သည် သူတို့၏ထုံကျင်နေသော မျက်လုံးများ အနက်ရှိုင်းဆုံးနေရာတွင် ဖုံးကွယ်နေပြီး ချန်ဟောင်ကို ယခုချက်ချင်း သွားသတ်ပစ်ချင်စိတ်များ ပေါက်ဖွားနေကြ၏။
ချန်ဟောင်သည် ယနေ့အတွက် လိုင်းခေါင်းဆောင်ပင်။
မနေ့က သူ ဦးဆောင်ခဲ့သော စက်ရုံထုတ်လုပ်မှုလိုင်းသည် ရလဒ်ကောင်းများဖြင့် ထူးချွန်စွာ စွမ်းဆောင်နိုင်ခဲ့သောကြောင့် သူသည် နောက်ထပ် သက်တမ်းတစ်ခုကို တာဝန်ထမ်းဆောင်နိုင်ခဲ့ခြင်းဖြစ်သည်။
ထို့ပြင် ဤသည်မှာ ဤတစ်လအတွင်း လိုင်းခေါင်းဆောင်နေရာတွင် သူ ထိုင်ခဲ့ရသည့် ဆယ့်နှစ်ကြိမ်မြောက်ပင်။
ဆယ့်နှစ်ကြိမ်...
အစပိုင်းတွင် သူသည် စက်ရုံ၏ စည်းမျဉ်းများနှင့် သူ၏အသင်းဖော်များ ရှင်သန်နိုင်ရေးကြားတွင် ပါးလွှာသော ဟန်ချက်ညီမှုတစ်ခုကို ရှာဖွေရန် ကြိုးစားရင်း ပါးလွှာသော ရေခဲပြင်ပေါ်တွင် လမ်းလျှောက်နေရသကဲ့သို့ ကြောက်ရွံ့တုန်လှုပ်နေခဲ့သည်။
နောက်ပိုင်းတွင် သူ တဖြည်းဖြည်း ကျွမ်းကျင်လာပြီး လစာ အဖြတ်မခံရစေရန်အတွက်သာ သူ့ကိုယ်သူရော အခြားသူများကိုပါ ပို၍ကြမ်းတမ်းသော နည်းလမ်းဖြင့် မောင်းနှင်လာခဲ့သည်။
ထို့ထက် နောက်ပိုင်းတွင် သူသည် နေ့စဉ် အပိုရသော နာရီဝက် အနားယူချိန် ၅၀ရာခိုင်နှုန်း ပိုများသော တစ်နာရီ လစာနှင့် စူပါမားကတ်တွင် တခြားသူများထက် ပို၍အေးဆေးစွာ ပစ္စည်းများကို ရွေးချယ်နိုင်စွမ်းတို့အား အသားကျလာပေ၏။
သက်တမ်း တစ်ခုပြီးတစ်ခု ပြန်လည် ခန့်အပ်ခံရခြင်း၊ စီမံခန့်ခွဲသူများထံမှ အကြိမ်ကြိမ် အသိအမှတ်ပြုခံရခြင်းနှင့် ထိုထိတွေ့နိုင်သော အခွင့်ထူးများက ကြက်သီးနွေးရေထဲရှိ ဖားတစ်ကောင်ကဲ့သို့ သူ၏ ကဏဦး သတိဝီရိယနှင့် အသိစိတ်ကို ဖြည်းညင်းစွာ တိုက်စားသွားခဲ့သည်။
သူ ပို၍ပို၍ မောက်မာထောင်လွှားလာခဲ့သည်။
သူ လိုင်းခေါင်းဆောင် ဖြစ်လာနိုင်ခြင်းသည် သူ၏ ထူးချွန်သော အရည်အချင်းများကြောင့်သာ ဖြစ်ပြီး သူက တခြားသူများအားလုံးထက် ပို၍ထူးချွန်ကာ ပို၍ ကြိုးစားအားထုတ်သည်ဟု သူ စတင်ခံစားမိလေ၏။
သူသည် အလုပ်ကို နောက်ဆွဲချနေသော ကစားသမားများအပေါ် သည်းခံနိုင်စွမ်း လျော့နည်းလာပြီး သူတို့သည် ထိုသို့ဖြစ်ရန် ထိုက်တန်ကာ သူတို့ဘာသာ အပါးခိုခြင်းသာ ဖြစ်သည်ဟု ယုံကြည်လာခဲ့သည်။
သူသည် အလုပ်ရုံမှူး၏ လေသံနှင့် အပြုအမူများကိုပင် စတင်၍ အတုယူလာပြီး သူ မျှော်မှန်းထားသော ထိရောက်မှုကို ထိန်းသိမ်းရန် ဆူပူကြိမ်းမောင်းမှုများနှင့် ခြိမ်းခြောက်မှုများကို အသုံးပြုလာသည်။
သူသည် ပတ်ဝန်းကျင်ရှိ လူများနှင့် အခြေခံအားဖြင့် အတူတူပင်ဖြစ်ကြောင်း သူတို့အားလုံး ဤစက်ရုံတွင် ပိတ်မိနေသော သနားစရာကောင်းသည့် လူများဖြစ်ကြောင်းကို သူ မေ့သွားခဲ့သည် သို့မဟုတ် တမင်သက်သက် လျစ်လျူရှုထားခဲ့လေ၏။
သူသည် အလုပ်ရုံမှူးက သူ၏ အသင်းဖော်များကို ရိုက်နှက်ရန် ယာယီ ရွေးချယ်လိုက်သော ကြာပွတ်တစ်ချောင်းသာ ဖြစ်ကြောင်းကို သူ မေ့လျော့သွားခဲ့သည်။
"မင်းတို့က ဘာကြည့်နေကြတာလဲ..."
ချန်ဟောင်သည် ထိုရန်လိုသော အကြည့်များကို ခံစားလိုက်ရပြီး ရုတ်တရက် နောက်လှည့်ကာ ခန်းမထဲသို့ ဝေ့ဝိုက်၍ကြည့်လိုက်သည်။
"သူ့လို ဖြစ်ချင်လို့လား... တာဝန်မပြီးရင် လူတိုင်း လစာ အဖြတ်ခံရမယ်... အဲ့ဒီအချိန်ကျရင် ဘယ်သူမှ ကောင်းကောင်း နေရမှာ မဟုတ်ဘူး..."
သူသည် သူ၏ ရက်စက်ကြမ်းကြုတ်မှုကို စုပေါင်း အကျိုးစီးပွားဟူသော အသွင်အပြင်ဖြင့် ဖုံးကွယ်ရန် ကြိုးစားခဲ့သော်လည်း ဤစကားလုံးများသည် ယုံကြည်လောက်စရာ မရှိတော့ချေ။
ကစားသမားများအားလုံး တိတ်ဆိတ်စွာ ခေါင်းငုံ့သွားကြသည်။ ဤသည်က သူတို့ လက်မြှောက်အရှုံးပေးသောကြောင့် မဟုတ်ဘဲ သူတို့၏ အမုန်းတရားများကို ပို၍နက်ရှိုင်းစွာ မြှုပ်နှံထားရန်အတွက်သာ ဖြစ်ပေ၏။
ကျိုးထျန်ချန်သည် အနီးအနားရှိ အလုပ်နေရာတစ်ခုတွင် ရှိနေပြီး အရည်အသွေးမီသော အစိတ်အပိုင်းတစ်ခုကို ရွေ့လျားစက်ခါးပတ်ပေါ်သို့ တိတ်ဆိတ်စွာ တင်ပေးလိုက်သည်။
သူသည် ချန်ဟောင်၏ ပျက်ယွင်းနေသော ဘေးတိုက်ပုံပန်းသွင်ပြင်ကို ကြည့်လိုက်ပြီး သူ၏စိတ်နှလုံးသား အေးခဲတောင့်တင်းသွားသည်။
ချန်ဟောင်၏ တစ်ဆင့်ပြီးတစ်ဆင့် အသွင်ပြောင်းလဲသွားမှုကို သူ မျက်မြင်တွေ့ရှိခဲ့ရလေ၏။ သတိထားရမည့် ပြိုင်ဘက်တစ်ဦးမှသည် ပူးပေါင်းဆောင်ရွက်ရမည့် သူတစ်ဦးအဖြစ်သို့ ထို့နောက် ယခုအချိန်၌ အာဏာကြောင့် ဖယ်ကြဉ်ခံရပြီး မှတ်မိစရာ မရှိတော့သည့် အလုပ်ရုံမှူး၏ လက်ပါးစေတစ်ဦးအဖြစ်သို့ ပြောင်းလဲသွားခဲ့သည်။
ချန်ဟောင်သည် အန္တရာယ်များပြီး နောက်ကြောင်းပြန်လှည့်၍ မရသော လမ်းကြောင်းတစ်ခုပေါ်သို့ ခြေချမိသွားပြီဖြစ်ကြောင်း ကျိုးထျန်ချန် သိလိုက်သည်။
စက်ရုံသည် သူတို့၏ ရုပ်ပိုင်းဆိုင်ရာ ခွန်အားများကို စုပ်ယူနေရုံသာမက သူတို့၏ လူသားဆန်မှုကိုလည်း စနစ်တကျ ဖျက်ဆီးနေခြင်း ဖြစ်ပေ၏။
ချန်ဟောင်သည် ပထမဆုံးသူ မဟုတ်သလို သေချာပေါက် နောက်ဆုံးသူလည်း ဖြစ်မည် မဟုတ်ချေ။
ခေါင်းငုံ့ထားခဲ့သော ပိန်ပါးပါး အမျိုးသား ကစားသမားသည် ကန့်သတ်ချက်အထိ ဖိသိပ်ခံထားရသော စပရိန်တစ်ခုကဲ့သို့ သူ၏ အလုပ်နေရာမှ ရုတ်တရက် ခုန်ထွက်လာသည်။ ယခင်က ကြောက်ရွံ့တုန်လှုပ်နေခဲ့သော သူ၏ခန္ဓာကိုယ်မှ အံ့အားသင့်ဖွယ် ခွန်အားတစ်ခု ပေါက်ကွဲထွက်လာပြီး သူ၏သွေးရောင်လွှမ်းနေသော မျက်လုံးများတွင် အချိန်အတော်ကြာ စုဆောင်းထားခဲ့သော အရှက်ရမှုနှင့် ရူးသွပ်မှုတို့က တောက်လောင်နေလေ၏။ သူသည် စက်ရုံထုတ်လုပ်မှုလိုင်းမှ လေးလံသော သတ္တု အစိတ်အပိုင်းတစ်ခုကို ဖမ်းဆွဲလိုက်ပြီး ဒုတိယအကြိမ် မစဉ်းစားတော့ဘဲ သူ့ရှေ့တည့်တည့်ရှိ ချန်ဟောင်၏ခေါင်းကို ပြင်းပြင်းထန်ထန် ရိုက်ချလိုက်သည်။
ဘန်း...
ခပ်အုပ်အုပ်အသံတစ်သံသည် အရိုးနှင့်သတ္တု ထိခတ်မိသော ကျောချမ်းစရာကောင်းသည့် အသံနှင့်အတူ ထွက်ပေါ်လာသည်။
ချန်ဟောင်ထံတွင် တုံ့ပြန်ရန်အချိန် လုံးဝမရှိခဲ့ချေ။ ဆူပူကြိမ်းမောင်းသူတစ်ဦးအနေဖြင့် သူ၏သာလွန်မှု ခံစားချက်မှ သူ သတိမဝင်လာနိုင်မီမှာပင် ရုတ်တရက် တိုက်ခိုက်မှုကို သူ ခံယူလိုက်ရသည်။ ပြင်းထန်သော နာကျင်မှုသည် သူ၏ခေါင်းမှ ချက်ချင်းပွင့်အံ့ထွက်လာပြီး ပူနွေးသောသွေးများ ပန်းထွက်လာကာ သူ၏ နဖူးနှင့်ပါးပြင်များပေါ်သို့ စီးကျလာပြီး သူ၏မျက်လုံးတစ်ဖက်ကို ဝါးတားတား ဖြစ်သွားစေပေ၏။
"အား..."
ချန်ဟောင်သည် နာကျင်သည့် အော်ဟစ်သံတစ်ခုကို ထုတ်လွှင့်လိုက်ပြီး နောက်သို့ ခြေလှမ်းအနည်းငယ် ယိမ်းယိုင်သွားသည်။ သူသည် သွေးများဖြင့် ရွှဲနစ်နေသော သူ၏ ခေါင်းကို ကိုင်ကာ ရူးသွပ်နေသော အမျိုးသား ကစားသမားကို မယုံကြည်နိုင်စွာ စိုက်ကြည့်နေသည်။
ကြောက်ရွံ့မှုသည် ဒေါသနေရာတွင် ချက်ချင်း အစားထိုး ဝင်ရောက်လာပြီး သူသည် တုန်ယင်နေသော အသံဖြင့် အော်ဟစ်လိုက်၏။
"မင်း... မင်း ဘာလုပ်ချင်တာလဲ... ရန်ဖြစ်တာလား... ရန်ဖြစ်ရင် မင်း လစာ အဖြတ်ခံရမယ်နော်... ပြစ်ဒဏ်တွေလည်း ရှိဦးမှာ... မမိုက်မဲစမ်းပါနဲ့... အဲ့ဒါကို ချထားလိုက်..."
သူသည် တစ်ဖက်လူကို ခြိမ်းခြောက်ရန်နှင့် ပြိုလဲလုနီးပါး ဖြစ်နေသော သူ၏ အာဏာကို ထိန်းသိမ်းရန်အတွက် စည်းမျဉ်းများကို အသုံးပြုရန် ကြိုးစားခဲ့သည်။
သို့သော် အဆုံးစွန်အထိ ဖိနှိပ်ထားသော စိတ်ခံစားမှု ရေကာတာတံခါးများ ပွင့်သွားသည်နှင့် တပြိုင်နက် ခြိမ်းခြောက်မှု အနည်းငယ်ဖြင့် ပြန်ပိတ်၍ မရနိုင်တော့ချေ။
ပိန်ပါးပါးကစားသမားသည် အမောတကော အသက်ရှူနေပြီး သူ၏လက်သည် သွေးစွန်းနေသော စက်အစိတ်အပိုင်းကို တင်းကျပ်စွာ ဆုပ်ကိုင်ထားသည်။ သူသည် ခြေတစ်လှမ်းချင်း ရှေ့သို့ချဥ်းကပ်သွားကာ အက်ရှရှ အသံဖြင့် ဟိန်းဟောက်လိုက်သည်။
"လစာ ဖြတ်မယ်လား... ပြစ်ဒဏ်တွေလား... ငါ ဂရုမစိုက်တော့ဘူး... မင်းတို့လူတွေရဲ့ ခွေးတစ်ကောင်လို နေ့တိုင်း ခိုင်းစေခံနေရတာ...တာဝန်မပြီးရင် လစာ ဖြတ်ခံရတာ နည်းနည်းလေး နှေးသွားတာနဲ့ မင်းတို့ ဆူတာကို ခံရတာ... ဒီဘဝကို ငါ ငြီးငွေ့နေပြီ... အဆိုးဆုံးကတော့ ငါတို့အားလုံး အတူတူ သေကြတာပေါ့..."
"ဘာဖြစ်လဲ... ငါလည်း မင်းကို ကြည့်မရတော့ဘူး..."
"သောက်ကျိုးနည်း... လိုင်းခေါင်းဆောင် ဖြစ်ရုံနဲ့ မင်းကိုယ်မင်း သောက်ရမ်းမိုက်တယ်လို့ ထင်နေတာလား... ညီအစ်ကိုတို့... သူ့ကို သွားချကြရအောင်..."
"ငါလည်း အတူတူပဲ... ငါ့လို မိန်းကလေးတစ်ယောက်ကို အနိုင်ကျင့်ရအောင် နင်က ဘယ်လို ယောကျာ်းမျိုးလဲ..."
"သူလား... သူက နှာဘူးပဲ... အရင်က သူက ငါ့ကို နမ်းခိုင်းသေးတယ်... ပြီးရင် ပိုကောင်းတဲ့ နေရာ ပေးမယ်ဆိုပြီးတော့လေ... အရူးကောင်..."
တခြားကစားသမားများလည်း မတ်တပ်ရပ်လိုက်ကြသည်။ ပိန်ပါးပါးကစားသမားသည် စနက်တံတစ်ခုပင်။ မီးကူးသွားသည်နှင့် တပြိုင်နက် လူတိုင်း ပေါက်ကွဲသွားကြ၏။
အော်ဟစ်သံများနှင့် ကျိန်ဆဲသံများသည် အချိန်အတော်ကြာ စုဆောင်းထားခဲ့သော မီးတောင်ချော်ရည်များအလား အလုပ်ရုံအတွင်းရှိ စက်များ၏ တုန်ခါသံများကို ချက်ချင်းထိုးဖောက်သွားသည်။
တစ်ယောက်၊ နှစ်ယောက်၊ ဆယ်ယောက်... စက်ရုံထုတ်လုပ်မှုလိုင်းတစ်ခုလုံးရှိ ကစားသမားများအားလုံးနီးပါး မတ်တပ်ရပ်လိုက်ကြသည်။ သူတို့သည် သူတို့လက်ထဲရှိ စက်အစိတ်အပိုင်းများကို ပစ်ချလိုက်ကြပြီး တူညီသော ဒေါသနှင့် ဂရုမစိုက်တော့သော စိတ်ပိုင်းဖြတ်မှုတို့က သူတို့၏မျက်လုံးများတွင် တောက်လောင်နေလေ၏။
သူတို့သည် တစ်ယောက်ပြီးတစ်ယောက် ရှေ့သို့ တိုးလာကြပြီး ချန်ဟောင်ကို လွှမ်းမိုးချုပ်ကိုင်သော အနေအထားဖြင့် ဝန်းရံလိုက်ကြသည်။
လွန်ခဲ့သော အချိန်အခိုက်အတန့်လေးကမှ အလွန်မောက်မာနေခဲ့သော ချန်ဟောင်၏မျက်နှာအမူအရာ နောက်ဆုံးတွင် ပြောင်းလဲသွားတော့သည်။
သူသည် နာခံမှုရှိပြီး ထုံကျဉ်နေသော ကစားသမားများကို စီမံခန့်ခွဲရန် အသားကျနေခဲ့သော်လည်း ဤကဲ့သို့ လှိုင်းတံပိုးအလား ကြီးမားပြီး စည်းလုံးညီညွတ်သော ဒေါသမျိုးကို တစ်ကြိမ်တစ်ခါမျှ ရင်မဆိုင်ခဲ့ဖူးချေ။
သူ ထိတ်လန့်တကြား နောက်ဆုတ်သွားပြီး နောက်ဆုံးတွင် ခလုတ်တိုက်ကာ ကြမ်းပြင်ပေါ်သို့ လဲကျသွားပြီး သူတို့ကို ကြောက်ရွံ့စွာ စိုက်ကြည့်နေလေ၏။
"မင်းတို့... မင်းတို့က ပုန်ကန်ချင်နေတာလား..."
လိုင်းခေါင်းဆောင်က ဟိန်းဟောက်လိုက်ရာ သူ၏ အသံမှာ ကြမ်းတမ်းသော်လည်း သူ၏စိတ်နှလုံးသားမှာ အားနည်းနေပြီး ဒီရေလှိုင်းကို ကျော်လွှားရန် သူ၏ အသံကျယ်လောင်မှုကို အသုံးပြုရန် ကြိုးစားနေသည်။
"မင်းတို့အားလုံး ဒဏ်ငွေ အတပ်ခံချင်နေတာလား..."
ဤလူများ ခုခံလိမ့်မည်ဟု သူ လုံးဝ တွေးထင်မထားခဲ့ချေ။ သူတို့သည် သူ၏အနိုင်ကျင့်မှုကို အချိန်ကြာမြင့်စွာ ခံခဲ့ရကာ တစ်လလုံးလုံး ထုံကျဉ်နေခဲ့ပြီး ယဉ်ပါးသွားသည့်တိုင် မည်သည်ကြောင့် ယခုမှ ပုန်ကန်ထကြွရသနည်းဟု သူ တွေးလိုက်မိသည်။
သူ ကြောက်ရွံသည်က ဒဏ်ရာရမှာကို မဟုတ်ဘဲ ဒဏ်ရာရပြီးလျှင် အလုပ်မလုပ်နိုင်တော့မည်ကိုပင်။ အကယ်၍ သူ ပုံမှန်အလုပ်မလုပ်နိုင်တော့လျှင် သူ ဒဏ်ငွေများဖြင့် ရင်ဆိုင်ရမည်ဖြစ်ပြီး လိုင်းခေါင်းဆောင် ဆက်လုပ်နိုင်တော့မည် မဟုတ်ချေ။
လိုင်းခေါင်းဆောင် နေရာမရှိလျှင် သူ ခွေးတစ်ကောင်ကဲ့သို့ နေရပေလိမ့်မည်။