← Chapters

အခန်း ၈၈

Vol. 9 Ch. 88

အခန်း ၈၈

Vol. 9 Ch. 88

အခန်း (၈၈) တတိယမြောက် နယ်မြေ

နယ်မြေစီမံခန့်ခွဲမှု ဟင်းလင်းပြင်၌...

အလင်းနှင့်အရိပ်များ ရွေ့လျားသွားပြီးနောက် ချန်လန်သည် တည်ငြိမ်သော ဟင်းလင်းပြင် တံခါးပေါက်မှ ထွက်ပေါ်လာလေ၏။ သူ၏မျက်နှာတွင် ပင်ပန်းနွမ်းနယ်မှု အရိပ်အယောင် အနည်းငယ် ရှိနေသော်လည်း သူ၏မျက်လုံးများတွင်မူ ပျော်ရွှင်မှုများ စိတ်ကျေနပ်မှုများဖြင့် တောက်ပနေသည်။

သူသည် ဟင်းလင်းပြင်အလွတ်ထဲတွင် အနှိပ်ကုတင် တစ်လုံးကို အလျှင်အမြန် ဖန်တီးလိုက်ပြီး ထိုအရာပေါ်တွင် လဲလျောင်းကာ အေးအေးဆေးဆေး အနားယူလိုက်သည်။

"ဒါဆို...နင့်ရဲ့ တတိယမြောက် နယ်မြေက ဘယ်လိုလဲ... ဘယ်လောက်အထိ ပြီးစီးသွားပြီလဲ..."

ဤသည်ကို မြင်သောအခါ ဆာရာက အနီးအနားသို့ အပြေးအလွှားရောက်လာကာ မေးမြန်းသည်။

လွန်ခဲ့သော သုံးလက ချန်လန်သည် တတိယမြောက် နယ်မြေကို ဖန်တီးတော့မည်ဟု ပြောဆိုခဲ့ရာ ယခုအချိန်၌ မည်မျှအဆင့်ထိ ရောက်ရှိနေသည်ကို သူမ သိလိုပေ၏။

"ပြီးတော့မယ်... ပြုပြင်မွမ်းမံဖို့ နည်းနည်းလောက်ပဲ ကျန်တော့တယ်... ပိုပြီးကြီးမားတဲ့ နယ်မြေအတွက် ခွင့်ပြုချက် လျှောက်ပေးတဲ့အတွက် မင်းကို ကျေးဇူးတင်ပါတယ်..."

ချန်လန်က အပြုံးနှင့် ပြောလိုက်သည်။

လွန်ခဲ့သော နှစ်လက ချန်လန်သည် ဤနယ်မြေအတွက် အလွန်ကြီးမားသော နေရာတစ်ခု လိုအပ်ကြောင်း တွေ့ရှိခဲ့လေ၏။ သူ၏ ခွင့်ပြုချက်များအရ ကျောင်း သို့မဟုတ် စက်ရုံအရွယ်အစားခန့်သာ ဒီဇိုင်းဆွဲနိုင်ပေ၏။

"ဟီးဟီး... အဲ့ဒါက အသေးအဖွဲ ကိစ္စပါ..."

ဆာရာက ဂုဏ်ယူဝံ့ကြွားစွာ ခေါင်းခါယမ်းလိုက်သည်။

သခင်ဟေးယွီ ရာထူးမှ ထုတ်ပယ်ခံလိုက်ရပြီးကတည်းက သူမသည် အထက်လူကြီးများထံမှ ချီးကျူးမှုကို ရရှိခဲ့ပြီး သူမ၏ ရာထူးမှာလည်း "ယာယီ အဆင့်မြင့် နယ်မြေစီမံခန့်ခွဲသူ" အဖြစ် တိုးမြှင့်ခံခဲ့ရသည်။

သူမ၏ အာဏာနှင့် အရင်းအမြစ်များမှာ ယခင်ကထက် များစွာပို၍ကြီးမားလာခဲ့ရာ ချန်လန်အတွက် အထူးခွင့်ပြုချက်များကို လျှောက်ထားပေးနိုင်ခဲ့လေ၏။ သို့သော် စည်းမျဉ်းအရ သူမသည် အဆင့်မြင့် နယ်မြေစီမံခန့်ခွဲသူအဖြစ် အတည်ပြုခံရရန် သူမ၏ နာမည်အောက်တွင် "အဆင့်မြင့် နယ်မြေဖန်တီးသူ" အဆင့်ရှိသော ပူးပေါင်းဆောင်ရွက်သူ သို့မဟုတ် လက်အောက်ငယ်သား အနည်းဆုံး တစ်ဦး ရှိရပေမည်။

ဆိုလိုသည်မှာ သူမနှင့် ချန်လန်သည် ယခုအချိန်၌ ကံကြမ္မာတူသူများ ဖြစ်သွားကြလေပြီ။ ချန်လန် တိုးတက်လေလေ သူမ အမြဲတစေ မြင့်မားသောအဆင့်အတန်းသို့ ရောက်ရှိနိုင်လေလေပင်။

ထို့ကြောင့် ချန်လန်အတွက် အရင်းအမြစ်များကို အစွမ်းကုန် ရှာဖွေပေးခြင်းမှာ သူမအတွက် မဖြစ်မနေ လုပ်ဆောင်ရမည့် ကိစ္စတစ်ခု ဖြစ်လာသည်။

ဆာရာက ချန်လန်၏နံဘေးပတ်လည်တွင် စိတ်လှုပ်ရှားစွာ ပျံဝဲနေလေ၏။

"အဲ့ဒါက တကယ်ကို ကောင်းတာပဲ...ဒီလောက် ကြီးမားတဲ့ နေရာတစ်ခုကို တောင်းဆိုထားတာဆိုတော့ ဒီနယ်မြေက သေချာပေါက် ထူးခြားနေမှာပေါ့... ဟုတ်တယ်မလား...အထက်တန်းနောက်ဆုံးနှစ် နဲ့စက်ရုံထုတ်လုပ်မှုလိုင်းထက်တောင် ပိုပြီးအံ့သြဖို့ကောင်းမှာလား..."

သူမ၏အသံတွင် မျှော်လင့်ချက်များ ပြည့်နှက်နေသည်။

ချန်လန် လျှောက်ထားခဲ့သော နေရာပမာဏမှာ အပြာရောင်ကြယ်၏ အကျယ်အဝန်းနှင့် နှိုင်းယှဉ်ပါက မြို့ငယ်လေးတစ်မြို့နှင့် ညီမျှသည်။

ဤသည်မှာ အထက်တန်းနောက်ဆုံးနှစ်၏ ကျောင်းဝင်း သို့မဟုတ် စက်ရုံထုတ်လုပ်မှုလိုင်း၏ တစ်ခုတည်းသော စက်ရုံထက် များစွာပို၍ ကြီးမားလေ၏။

တုန်လှုပ်ချောက်ချားဖွယ်ကမ္ဘာတွင် နယ်မြေနေရာများအတွက် ခွင့်ပြုချက်ရရှိရန်မှာ အလွန်တင်းကြပ်သည်။ အထူးသဖြင့် ဤမျှ ကြီးမားသော ဧရိယာအတွက်ဆိုလျှင် အရင်းအမြစ်များ အလေအလွင့် မရှိစေရန် အကြိမ်ကြိမ် စစ်ဆေးခြင်းနှင့် အကဲဖြတ်ခြင်းများ လိုအပ်သည်။

"ဒါပေမဲ့..."

ဆာရာ၏ လေသံတွင် စိတ်လှုပ်ရှားမှုနှင့် ဂုဏ်ယူမှုများ ရောယှက်နေ၏။

"တုန်လှုပ်ချောက်ချားဖွယ်ကမ္ဘာက အရှင်သခင်တွေက နင့်ကို တကယ်ကြီး တန်ဖိုးထားနေပုံပဲ... ငါ လျှောက်ထားပြီး နာရီဝက်အတွင်းမှာတင် အတည်ပြုချက် ရခဲ့တယ်..မေးခွန်း တစ်ခုတောင် မမေးဘူး"

ဤသည်မှာ "လူကြိုက်များခြင်း"၏ ဆွဲဆောင်နိုင်မှုပင်။

【အထက်တန်းနောက်ဆုံးနှစ်】 ကို SSS-အဆင့် အဖြစ် ဖန်တီးနိုင်ပြီး စွမ်းဆောင်ရည် အလွန်မြင့်မားသော 【စက်ရုံထုတ်လုပ်မှုလိုင်း】ကို ဖန်တီးနိုင်သည့် ဖန်တီးသူတစ်ဦး၏ တန်ဖိုးမှာ သံသယဖြစ်စရာ မရှိတော့ချေ။

အရှင်သခင်များသည် ရင်းနှီးမြှုပ်နှံမှုများ ပို၍ပြုလုပ်ရန် ဆန္ဒရှိနေကြပြီး ဤသည်က ပို၍ကြီးမားသော အကျိုးကျေးဇူး ပြန်လည်ရရှိမှုကို ယူဆောင်လာပေးမည်ဟု လောင်းကြေးထပ်နေကြည်။

ဤကဲ့သို့သော အလေးပေး၍ဆက်ဆံမှုမျိုးမှာ တင်းကြပ်သော အဆင့်အတန်းခွဲခြားမှုရှိသည့် တုန်လှုပ်ချောက်ချားဖွယ်ကမ္ဘာတွင် အလွန်ရှားပါးလှ၏။

ချန်လန်က ခေါင်းညိတ်လိုက်သည်။

"ဖြစ်သင့်ပါတယ်... ဒီနယ်မြေက ကစားသမားတွေကို ပိုပြီးမျှော်လင့်ချက်မဲ့စေပြီးတော့ လွတ်မြောက်လို့မရတဲ့ စိတ်ပျက်အားငယ်မှုမျိုးကို ပေးစွမ်းမှာပါ"

ထိုစကားကိုပြောဆိုပြီးနောက် သူသည် လေဟာနယ်ထဲတွင် လက်ဝှေ့ယမ်းလိုက်ရာ ပုံရိပ်ယောင် မျက်နှာပြင်တစ်ခု ထွက်ပေါ်လာပြီး စာလုံးနှစ်လုံးကိုသာ ပြသထားသည်။

အပြာရောင်ကြယ်မှ လူများအတွက် ဤစကားလုံး နှစ်လုံးတွင် မည်သည့်အဓိပ္ပာယ်မှ မရှိနိုင်သော်လည်း ကမ္ဘာမြေမှ လူတစ်ယောက်သာ တွေ့မြင်သွားပါက ထိတ်လန့်သွားမည်မှာ သေချာပေါက်ပင်။ ထိုအရာကို တွေးကြည့်ရုံဖြင့်ပင် အလွန်ကြီးမားသောဖိအားနှင့် အဆုံးစွန်သော မျှော်လင့်ချက်မဲ့မှုကို ခံစားရပေမည်။

【ချေးငွေ】

ဤစာလုံးနှစ်လုံး ထွက်ပေါ်လာသည်နှင့် တပြိုင်နက် ဆာရာသည် သူမခေါင်းကို စောင်းလိုက်ပြီး သူ၏ နီရဲသော မျက်လုံးများတွင် နားမလည်နိုင်မှုများ ပြည့်နှက်သွားလေ၏။

"ချေးငွေ ဟုတ်လား... ဒါက ဘယ်လို နယ်မြေမျိုးလဲ..."

သူမ ထိုစကားလုံးကို နားမလည်နိုင်ဘဲ ရိုးရှင်းသော စကားလုံးနှစ်ခု ပေါင်းစပ်ထားရုံဖြင့် ချန်လန်က မည်သည်ကြောင့် ဤမျှထိ ချီးကျူးပြီး "လွတ်မြောက်လို့မရတဲ့ စိတ်ပျက်အားငယ်မှု" ဟု ခေါ်ဆိုသည်အား နားမလည်နိုင်ချေ။

တုန်လှုပ်ချောက်ချားဖွယ်ကမ္ဘာ၏ အမြင်အရ ဤစကားလုံးသည် တိုက်ရိုက်ရုပ်ပိုင်းဆိုင်ရာ ပင်ပန်းနွမ်းနယ်မှု သို့မဟုတ် ကြောက်ရွံ့မှုများနှင့် သက်ဆိုင်နေပုံ မရပေ။

ဆာရာ၏ အူကြောင်ကြောင် ဖြစ်နေသောအမူအရာကို ကြည့်ရင်း ချန်လန်က ပြုံးလိုက်သည်။

ယဉ်ကျေးမှုကွာခြားမှုကြောင့် ဖြစ်ပေါ်လာသော ဤနားလည်မှုလွဲခြင်းသည် ဤနယ်မြေ၏ပုံစံတွင် အဓိကကျသောအပိုင်းပင်။

"ဆာရာ... မင်း နားမလည်ပါဘူး..."

ချန်လန်က အပြုံးနှင့် ရှင်းပြသည်။

"ဒီကမ္ဘာက ကစားသမားများအတွက် ဒီစာလုံးနှစ်လုံးမှာ ပါဝင်တဲ့ ထိတ်လန့်မှုက ဘယ်ရုပ်ပိုင်းဆိုင်ရာ အန္တရာယ် ဒါမှမဟုတ် စိတ်ပိုင်းဆိုင်ရာ ညှဉ်းပန်းနှိပ်စက်မှုထက်မဆို ပိုပြီးကြီးမားနိုင်တယ်..."

အပြာရောင်ကြယ်မှလူများနှင့် တုန်လှုပ်ချောက်ချားဖွယ်ကမ္ဘာမှ သက်ရှိများသည် ဤစိတ်ပျက်အားငယ်မှုမျိုးကို အမှန်တကယ် မခံစားနိုင်ကြချေ။

အကြောင်းအရင်းမှာ ဤသည်က အကောင်အထည်ရှိသည့်အရာကို ရင်ဆိုင်ရသည့် ကြောက်ရွံ့မှုမျိုး မဟုတ်သောကြောင့်ပင်။ ဤသည်မှာ လူ့အဖွဲ့အစည်း၏ စည်းကမ်းချက်များ၊ စိတ်ခံစားမှုဆိုင်ရာ ပြန်ပေးဆွဲမှုများနှင့် အနာဂတ်၏ ကတိကဝတ်များဖြင့် အတင်းအကျပ် ခိုင်းစေခံရပြီးနောက် မမြင်ရသော လှောင်ချိုင့်ထဲတွင် ပိတ်မိနေသော အသက်ရှူကျပ်မှု ဖြစ်သောကြောင့်ပင်။

တစ်စုံတစ်ယောက်သည် အသက်နှစ်ဆယ်ကျော်အရွယ်တွင် မျှော်လင့်ချက်အပြည့်ဖြင့် လူ့အဖွဲ့အစည်းထဲသို့ ခြေချကာ ချစ်မြတ်နိုးရသူနှင့် လက်ထပ်ပြီး ဘဝတစ်ခုကို စတင်လိုက်သည်ဟု စိတ်ကူးကြည့်ကြပါစို့...

ထိုအချိန်တွင် အရာအားလုံး တောက်ပနေကာ တစ်နေ့တွင် ထိုလူ၏ချစ်ရသူက နူးညံ့စွာ ပြောလာပေလိမ့်မည်။

'အချစ်ရေ... ငါတို့နှစ်ယောက်စလုံးရဲ့ ပိုင်ဆိုင်မှုဖြစ်တဲ့ နွေးထွေးပြီး လုံခြုံတဲ့ အိမ်လေးတစ်လုံး ရှိရင် ကောင်းမှာပဲ'

ထိုအချိန်တွင် သူ ငြင်းဆန်၍မရနိုင်ပေ။

အကြောင်းအရင်းမှာ 'အိမ်'ဟူသော စကားလုံးသည် ချစ်ခြင်းမေတ္တာ၏ဆိုက်ရောက်ရာ၊ တာဝန်ယူမှု၏သင်္ကေတနှင့် တည်ငြိမ်သော အနာဂတ်၏အုတ်မြစ်အဖြစ် သတ်မှတ်ခြင်း ခံထားရသောကြောင့်ပင်။

ထိုလူသည် အနာဂတ်ကို စတင်၍ မြင်ယောင်လာပေမည်။ ဝရန်တာပေါ်မှ ပန်းများ၊ ဧည့်ခန်းထဲမှ မီးရောင်များ၊ ကလေးများ၏ ရယ်မောသံများ... ဤလှပသော ရုပ်ပုံများအားလုံးသည် နောက်ဆုံးတွင် အချက်တစ်ခုပေါ်တွင် ဆိုင်းငံ့သွားပေလိမ့်မည်။ ဤသည်က သူ့ထံတွင် သူ၏နာမည်နှင့် ပိုင်ဆိုင်ကြောင်း အထောက်အထား ရှိနေရပေမည်။

"ငါတို့ တသက်လုံး အငှားမနေနိုင်ဘူးလေ..."

ဤစကားစုသည် ကျိန်စာတစ်ခုကဲ့သို့ ဖြစ်ပြီး ထွက်ပေါက်အားလုံးကို ပိတ်ဆို့လိုက်၏။

ထိုအရာ၏နောက်ကွယ်တွင် လူမှုအသိုင်းအဝိုင်း၏စည်းချက်သံ၊ တခြားသူများ၏ အကြည့်များမှ လေးလံမှုနှင့် "အခြေအနေမဲ့သူ"ကဲ့သို့ မလုံခြုံမှုများ ရှိနေသည်။

သေချာသည်မှာ အိမ်ငှားနေခြင်းက ပို၍လိုက်လျောညီထွေဖြစ်ပြီး ချွေတာနိုင်ကာ အိမ်ဝယ်ရန် နှစ်သုံးဆယ်စာ ချေးငွေယူခြင်းက ကိုယ့်ကိုယ်ကိုယ် သံကြိုးခတ်ထားခြင်းဟု အော်ဟစ်နေသော "ဉာဏ်ကောင်းသူ" များလည်း ရှိနေခြင်းပင်။

သို့ရာတွင် ကြောက်မက်ဖွယ်ကောင်းသည်မှာ လူတိုင်း ထိုကဲ့သို့ မတွေးနိုင်ကြခြင်း သို့မဟုတ် ထိုကဲ့သို့ "တွေး" နိုင်စွမ်း မရှိကြခြင်းပင်။

အစွမ်းထက်ပြီး မသိစိတ်ဆန်သော အစွဲအလမ်းတစ်ခုသည် သူတို့၏နှလုံးသားထဲတွင် နက်ရှိုင်းစွာ အမြစ်တွယ်နေခဲ့ပြီးလေပြီ။ ကိုယ်ပိုင်အိမ်မရှိပါက မိသားစု မျိုးဆက်မပြန့်ပွားနိုင်ကာ လက်ထပ်ခြင်း မပြည့်စုံသည့်အပြင် ဘဝဆိုသည်မှာလည်း စတင်ခဲ့ခြင်း မရှိသေးသကဲ့သို့ ခံစားရစေသ​ည်။

ဤသည်မှာ နေထိုင်ရာတစ်ခု မဟုတ်ဘဲ ဂုဏ်သိက္ခာ ဖြစ်ပြီး ကတိကဝတ်တစ်ခုပင်။ လူမှုရေးအရ အသိအမှတ်ပြုခြင်း၏ ရုပ်ပိုင်းဆိုင်ရာ ထင်ရှားခြင်း ဖြစ်ပြီး ချစ်ခြင်းမေတ္တာအတွက် လူအများ ပေးကမ်းနိုင်သည့် အကြီးမားဆုံးအရာပင်။

ထို့ကြောင့် တစ်စုံတစ်ယောက်သည် "ချေးငွေ" ဟု အမည်ရသော ဤကြီးကျယ်ခမ်းနားသည့် ထောင်ချောက်ထဲသို့ သဘောဆန္ဒအလျောက် ခုန်ဆင်းသွားခြင်း ဖြစ်ပေ၏။

တစ်စုံတစ်ယောက်သည် သူနှင့် သူ့ဇနီး၏ လစာဖြင့် လစဉ်ချေးငွေကို ဆပ်နိုင်ပြီး ပိုလျှံသော ငွေများဖြင့် သာယာသောဘဝကို ဖြတ်သန်းနိုင်မည်ဟု ထင်မှတ်ထားပေမည်။

သို့ရာတွင် ကလေးများ၊ ကျန်းမာရေး၊ မတော်တဆမှုများ၊ အလုပ်ပြုတ်ခြင်း၊ မိဘများ အစရှိသည့် အခြားသော အချက်များကိုမူ လူအများက ထည့်သွင်းစဉ်းစားရန် မေ့လျော့နေခဲ့ပုံရသည်။

All Chapters