← Chapters

အခန်း (၅၈၃-၅၈၄)

Vol. 50 Ch. 583-584

အခန်း (၅၈၃-၅၈၄)

Vol. 50 Ch. 583-584

အပိုင်း (၅၈၃)

အရှေ့ဘက်သို့ အဆက်မပြတ် ဆက်သွားပြီး မိုင်ထောင်ချီ ခရီးနှင်ပြီးနောက် မရင်းနှီးသော ပင်လယ်ကမ်းခြေ တစ်ခုသို့ ရောက်ရှိသွားတော့၏။

ထိုနေရာတွင် လှေငယ် တစ်စင်းက သူ့ကို စောင့်ဆိုင်းနေပြီး လှေငယ်ပေါ်သို့ တက်ကာ ပင်လယ်ပြင်သို့ ထွက်ခွာသွားပြီးနောက် ပင်လယ်ကူး သင်္ဘောကြီး တစ်စင်းပေါ်သို့ ပြောင်းတက်လိုက်သည်။

ပင်လယ်ကူး သင်္ဘောကြီးသည် ပင်လယ်ပြင်သို့ ထွက်ခွာပြီး အရှေ့ဘက်သို့ အဆက်မပြတ် ခရီးနှင်တော့သည်။ လမ်းခရီးတွင် တာယင်အင်ပါယာ၏ ရေတပ်များနှင့် ကြုံတွေ့ရသလို၊ ကျိန့်ဟိုင်မြို့စား စီးပြန်း၏ ရေတပ်များနှင့်လည်း ကြုံတွေ့ရ၏။

သို့ပေမည့် ဤသင်္ဘောပေါ်တွင် ထူးခြားသော ရေဘဝဲ အလံတစ်ခု လွှင့်ထူထားသောကြောင့် လုံးဝ အတားအဆီး မရှိဘဲ ဖြတ်သန်းသွားနိုင်ခဲ့သည်။

ယွင်ကျုံးဟဲ့ အံ့ဩသွားပြီး အဘယ်ကြောင့် ဤသို့ ဖြစ်ရသနည်းဟု မေးမြန်းလိုက်ရာ သင်္ဘော ကပ္ပတိန်က ဤသည်မှာ တာ့ရှီးအင်ပါယာမှ သွေးစွန်းဘုရင်မ၏ ကုန်သွယ်ရေး သင်္ဘောအလံ ဖြစ်ကြောင်း ပြန်လည် ဖြေကြားခဲ့၏။

ထို့နောက် အရှေ့ဘက်သို့ အဆက်မပြတ်၊ အဆက်မပြတ်၊ အဆက်မပြတ် ခရီးနှင်တော့သည်။

ရက်အတော်ကြာ နေ့ရောညပါ ခရီးနှင်ပြီးနောက် တာ့ကျိုး၏ နယ်မြေမှနေ၍ မိုင်သောင်းချီ ကွာဝေးသော နေရာသို့ ရောက်ရှိလာခဲ့သည်။ ရုတ်တရက် ဤ ပင်လယ်ကူး သင်္ဘောသည် ရပ်တန့်သွားတော့၏။

“ရှေ့ဆက်သွားရင် မီးလျှံဘုရင်မ လီဟွာမေရဲ့ ပင်လယ်ပြင် နယ်နိမိတ်ထဲကို ရောက်သွားပါပြီ။ ကျုပ်တို့ ဆက်သွားလို့ မရတော့ဘူး။ မဟုတ်ရင် အပိုင်းပိုင်းအစစ ဖြစ်သွားပြီး အားလုံး သေကုန်လိမ့်မယ်။”

ခေါင်းဆောင်က ပြောလိုက်သည်။ “လုံးဝ မျဉ်းမကျော်ပါနဲ့။ မဟုတ်ရင် သေချာပေါက် သေရပါလိမ့်မယ်။

ယွင်ကျုံးဟဲ့က အံ့ဩစွာဖြင့် မေးလိုက်၏။ “တာ့ရှီး အင်ပါယာက သွေးစွန်းဘုရင်မရဲ့ ကုန်သွယ်ရေးအလံကို လွှင့်ထူထားတာတောင် အသုံးမဝင်ဘူးလား။”

“အသုံးမဝင်ပါဘူး။”

ခေါင်းဆောင်က ပြန်ဖြေလိုက်သည်။ “လီဟွာမေ ဆိုတဲ့ ပိုင်ယွင်မြို့က မင်းသမီးဟာ အကြမ်းတမ်းဆုံး ပင်လယ်ပြင်ရဲ့ အရှင်သခင်မပါပဲ။ ဘာရှင်းပြချက်ကိုမှ နားထောင်မှာ မဟုတ်ပါဘူး။ ဒါကြောင့် သူ့ရဲ့ ပင်လယ်ပြင်ဟာ အရှေ့တိုင်းသားတွေ အားလုံးအတွက် တားမြစ်နယ်မြေနဲ့ ငရဲပြည်ပါပဲ။”

ထို့နောက် ယွင်ကျုံးဟဲ့ကို လှေငယ် တစ်စင်းပေါ်သို့ တင်ပေးလိုက်သည်။ လှေငယ်ပေါ်တွင် သူ တစ်ယောက်တည်းသာပါပြီး လီဟွာမေ၏ ပင်လယ်ပြင် တားမြစ်နယ်မြေသို့ ဦးတည်၍ ရွက်လွှင့်သွားတော့၏။

မကြာမီ ယွင်ကျုံးဟဲ့သည် ခေါင်းပေါ်တွင် ထူးခြားသော ပင်လယ်ငှက် အချို့ ပျံဝဲနေသည်ကို တွေ့ရှိလိုက်ရပြီး ၎င်းတို့သည် ယွင်ကျုံးဟဲ့၏ ခေါင်းပေါ်တွင် အကြိမ်အနည်းငယ် ပျံဝဲပြီးနောက် အရှေ့ဘက်သို့ ချက်ချင်း ပျံသန်းသွားကြတော့သည်။

နာရီဝက်ကျော် အကြာတွင် တောင်ကြီး တစ်တောင်ကဲ့သို့ ကြီးမားသော အထူး စစ်သင်္ဘောကြီး နှစ်စင်းသည် ယွင်ကျုံးဟဲ့၏ အရှေ့တွင် ထွက်ပေါ်လာတော့၏။

အရမ်း အရမ်းကို ကြီးမားသည့် စစ်သင်္ဘောကြီးများဖြစ်ပြီး တာ့ကျိုးအင်ပါယာ၏ ပင်လယ်ပြင်တွင် ဤကဲ့သို့သော အထူး စစ်သင်္ဘောကြီးမျိုးကို တစ်ခါမှ မမြင်ဖူးခဲ့ချေ။

ဆယ့်ငါးမိနစ်ခန့် အကြာတွင် ယွင်ကျုံးဟဲ့ကို ဧရာမ စစ်သင်္ဘောကြီး၏ ကုန်းပတ်ပေါ်သို့ ဖမ်းဆီး ခေါ်ဆောင်သွားပြီး လက်နက်အပြည့် တပ်ဆင်ထားသော အမျိုးသမီး စစ်သည် ဆယ်ယောက်ကျော်ခန့်က သူ့ကို ဝိုင်းရံထားကြသည်။

ထို့အပြင် လျှို့ဝှက် လက်နက်များနှင့် အဆိပ်များ မပါရှိသည်ကို သေချာစေရန်အတွက် သူ၏ တစ်ကိုယ်လုံးရှိ အဝတ်အစားများ အားလုံးကို ချွတ်ပစ်လိုက်ကြ၏။

အရပ်ရှည်ရှည်နှင့် ဆွဲဆောင်မှုရှိသော အမျိုးသမီး စစ်သူကြီး တစ်ဦးက ယွင်ကျုံးဟဲ့ကို တစ်ချက် ကြည့်လိုက်ပြီး မေးလိုက်သည်။ “အရှေ့တိုင်းသားလား။

ယွင်ကျုံးဟဲ့က ပြန်ဖြေလိုက်၏။ “ဟုတ်ပါတယ်။ ကျုပ်က ခင်ဗျားတို့ရဲ့ မီးလျှံဘုရင်မကို တွေ့ချင်လို့ လာခဲ့တာပါ။ သူ့ရဲ့ ကံကြမ္မာကို ကယ်တင်ဖို့ လာခဲ့တာပါ။”

“ဘုရင်မက အရှေ့တိုင်းသားတွေကို တွေ့တာနဲ့ အကုန် သတ်ပစ်ဖို့ အမိန့်ပေးထားတယ်။”

ထိုအရပ်ရှည်ရှည် အမျိုးသမီး စစ်သူကြီးက ပြောလိုက်သည်။ “လာကြစမ်း... သူ့ကို ငါးမန်းစာ ကျွေးလိုက်စမ်း။”

ယွင်ကျုံးဟဲ့ အနည်းငယ် အံ့ဩသွားပြီး မေးလိုက်၏။ “ငါးမန်းက ဘယ်မှာ ရှိလို့လဲ။”

အမျိုးသမီး စစ်သည် အချို့က သူ့ကို အမြင့်သို့ မြှောက်တင်လိုက်ရာ ယွင်ကျုံးဟဲ့သည် ပင်လယ်ပြင်ပေါ်တွင် သွေးများဖြင့် ရဲရဲနီနေသည်ကို မြင်တွေ့လိုက်ရသည်။

သူ့ကို လိုက်ပို့ပေးခဲ့သော ပင်လယ်ကူး သင်္ဘောပေါ်ရှိ လူများ အားလုံး သတ်ဖြတ်ခံလိုက်ရပြီး ပင်လယ်ထဲသို့ ပစ်ချခံလိုက်ရသောကြောင့် မရေမတွက်နိုင်သော ငါးမန်းများ ရောက်ရှိလာခြင်း ဖြစ်၏။

ထို့အပြင် အားလုံးမှာ ဧရာမ ငါးမန်းဖြူကြီးများ ဖြစ်ကြပြီး အလွန် ကြီးမားကာ ဓားမြှောင်များကဲ့သို့ ချွန်ထက်သော သွားများဖြင့် ပင်လယ်ပြင်ပေါ်ရှိ အလောင်းများကို ကိုက်ဖြတ်နေကြသည်။

ယွင်ကျုံးဟဲ့က အသံကျယ်ကျယ်ဖြင့် အော်ဟစ်လိုက်၏။ “ကျုပ်က တကယ်ပဲ ဘုရင်မရဲ့ ကံကြမ္မာကို ကယ်တင်ဖို့ လာခဲ့တာပါ။ ကျုပ်ကို ဘုရင်မနဲ့ တစ်ခေါက်လောက် တွေ့ခွင့်ပေးပါ... ဘုရင်မနဲ့ တစ်ခေါက်လောက် တွေ့ခွင့်ပေးပါ။”

“အောက်ကို ပစ်ချလိုက်...” အမျိုးသမီး စစ်သူကြီးက အမိန့်ပေးလိုက်သည်။

“ဝှစ်...”

ထို့နောက် ယွင်ကျုံးဟဲ့သည် အရှင်လတ်လတ် ပစ်ချခံလိုက်ရပြီး ပင်လယ်ပြင်ပေါ်ရှိ ငါးမန်းများက သွေးစွန်းသော ပါးစပ်ကြီးများကို ဖြဲထားကြတော့၏။

ယွင်ကျုံးဟဲ့၏ ခန္ဓာကိုယ်သည် ငါးမန်းများ၏ သွေးစွန်းသော ပါးစပ်ကြီးများဆီသို့ လျင်မြန်စွာ ပြုတ်ကျနေပြီး သူက ရူးသွပ်လုမတတ် အော်ဟစ်လိုက်သည်။ “လီဟွာမေ... ခင်ဗျား မကြာခင် သေတော့မယ်။ မြန်မြန် ထွက်လာခဲ့... ကျုပ် ခင်ဗျားကို ကယ်တင်မယ်။”

သို့ပေမည့် တစ်ဖက်လူမှာမူ မည်သည့် တုံ့ပြန်မှုမှ မရှိဘဲ ယွင်ကျုံးဟဲ့ကို ပင်လယ်ပြင်ပေါ်သို့ ပြုတ်ကျသွားရန်သာ ခွင့်ပြုထား၏။

“ပိုးအိတ်... ပိုးအိတ်...”

ယွင်ကျုံးဟဲ့က အသံကျယ်ကျယ်ဖြင့် အော်ဟစ်လိုက်သည်။ “ထျန်းယန် ဧကရာဇ် ပေးလိုက်တဲ့ ပိုးအိတ်။”

သို့ပေမည့် အချိန်မမီတော့ချေ။ ယွင်ကျုံးဟဲ့သည် ဧရာမ ငါးမန်းကြီး၏ ပါးစပ်အတွင်းသို့ ပြုတ်ကျသွားပြီ ဖြစ်ပြီး အလွန် ညှီစော်နံသော အနံ့ဆိုးကြီး တစ်ခုက မျက်နှာပေါ်သို့ ရိုက်ခတ်လာကာ သူ့ကို အသက်ရှူမဝ ဖြစ်သွားစေတော့၏။

ငါးမန်းကြီးမှာ အလွန် ကြီးမားလွန်းလှပြီး လှေငယ် တစ်စင်းစာခန့်ရှိကာ ပါးစပ်ကြီးကို ဟလိုက်ပြီး ယွင်ကျုံးဟဲ့ကို လုံးဝ မျိုချတော့မှာဖြစ်သည်။

“ဝုန်း...”

သို့ပေမည့် ထိုအချိန်တွင် ကျယ်လောင်သော အသံကြီး တစ်ခု ရုတ်တရက် ထွက်ပေါ်လာတော့၏။

တစ်ခဏအတွင်းမှာပဲ ဧရာမ ငါးမန်းကြီးသည် အလယ်မှနေ၍ အရှင်လတ်လတ် ဆုတ်ဖြဲခံလိုက်ရတော့သည်။

ကျန်းမာကြံ့ခိုင်ပြီး မိစ္ဆာမ တစ်ဦးကဲ့သို့ လှပသော လူရိပ်တစ်ခု ရေထဲမှ ရုတ်တရက် ထွက်ပေါ်လာပြီး ယွင်ကျုံးဟဲ့ကို လေထဲတွင် ဖမ်းဆွဲလိုက်ကာ သူ၏ တစ်နေရာကို တစ်ချက် ကြည့်၍ ကျွတ်... ကျွတ် ဟု အသံပြုလိုက်၏။

‘ဒီအမျိုးသမီးက လီဟွာမေ လား။ ပိုင်ယွင်မြိုရဲ့ ရေတပ် စစ်သေနာပတိချုပ်ဟောင်းလား။’

သူမသည် ငါးမန်းရေဖြင့် ပြုလုပ်ထားသော ရေငုပ်ဝတ်စုံကို ဝတ်ဆင်ထားပြီး အလွန် တင်းကျပ်နေကာ သူမ၏ ပေါက်ကွဲထွက်လုမတတ် လှပသော ခန္ဓာကိုယ်ကို ဖုံးအုပ်ထားသောကြောင့် အမှန်တကယ်ပင် ဆွဲဆောင်မှု အပြည့် ရှိနေသည်။

ယွင်ကျုံးဟဲ့သည် ဤမျှလောက် ပေါက်ကွဲထွက်လုမတတ် လှပသော ခန္ဓာကိုယ်မျိုးကို တစ်ခါမှ မမြင်ဖူးခဲ့ချေ။ အမှန်တကယ်ပင် မိစ္ဆာမ တစ်ဦးကဲ့သို့ပင် ဖြစ်၏။

သူမ၏ ဆံပင်များမှာ အနက်ရောင် ဖြစ်ပြီး အသားအရေမှာ ကျန်းမာသော ဂျုံရောင် ရှိ၏။ သူမသည် အလွန် လှပသော်လည်း ခန္ဓာကိုယ်မှာ အရမ်းကို ပေါက်ကွဲထွက်လုမတတ် လှပလွန်းသောကြောင့် လူများကို သူမ၏ မျက်နှာကိုပင် မေ့လျော့သွားစေနိုင်သည်။

ဤကဲ့သို့သော ခန္ဓာကိုယ်မျိုး မည်သို့ ကြီးထွားလာသနည်း ဟုပင် စိတ်ကူး၍ မရနိုင်ချေ။

သူမသည် ယွင်ကျုံးဟဲ့ကို နောက်တစ်ချက် ကြည့်လိုက်ပြီး ကျွတ်... ကျွတ် ဟု နောက်တစ်ကြိမ် အသံပြုလိုက်ရာ ယွင်ကျုံးဟဲ့သည် အလွန် ရှက်ရွံ့စွာဖြင့် ခြေထောက်များကို ကွေးထားလိုက်တော့၏။

လီဟွာမေသည် ပြင်းထန်စွာ ပစ်ပေါက်လိုက်ရာ ယွင်ကျုံးဟဲ့သည် မီတာ အနည်းငယ်ခန့် မြင့်သော ကုန်းပတ်ပေါ်သို့ ရောက်ရှိသွားတော့၏။

ထို့နောက် သူမသည် သင်္ဘောကို လက်တစ်ဖက်ဖြင့် ကိုင်တွယ်ကာ တစ်ကိုယ်လုံး စပရိန် တစ်ခုကဲ့သို့ အားအင်များ ပြည့်နှက်စွာဖြင့် ကုန်းပတ်ပေါ်သို့ ပြင်းထန်စွာ ခုန်တက်လိုက်သည်။

“ကျုပ်ကို အဝတ်အစားလေးတော့ ဝတ်ခွင့်ပေးလို့ မရဘူးလား။” ယွင်ကျုံးဟဲ့က မေးလိုက်၏။

“မလိုပါဘူး။”

လီဟွာမေက ပြန်ဖြေလိုက်သည်။ “ဒီလို ဖြူဖြူဖွေးဖွေး ဝဝကစ်ကစ် ပုံစံလေးက ကျွန်မကို ဝက်တစ်ကောင်ကို သတိရစေလို့ တော်တော်လေး ကောင်းပါတယ်။”

‘ချီးတဲ့မှ... ခင်ဗျားရဲ့ ဒီစကားက အရမ်း နာကျင်စေတာပဲ။’

ထို့နောက် လီဟွာမေသည် ထိုင်ချလိုက်ပြီး ပြောလိုက်၏။ “ရှင့်မှာ ထျန်းယန် ဧကရာဇ်ရဲ့ ပိုးအိတ် ပါလာတယ် ဆိုတာ ဘယ်မှာလဲ။ ကျွန်မကို ပေးစမ်းပါ။”

ယွင်ကျုံးဟဲ့က ပြန်ပြောလိုက်သည်။ “အဝတ်အစားထဲမှာ ချုပ်ထားပါတယ်။”

လီဟွာမေသည် ယွင်ကျုံးဟဲ့၏ အဝတ်အစားကို ယူ၍ ပြင်းထန်စွာ ဆုတ်ဖြဲလိုက်ရာ အတွင်းမှ ပိုးအိတ်ကို တွေ့ရှိလိုက်ရသည်။ အတွင်း၌ စာရွက် တစ်ရွက်သာ ပါဝင်ပြီး စာလုံး အနည်းငယ် ရေးသားထားသည်။ သူမသည် ထုတ်ယူကြည့်ရှုလိုက်ပြီးနောက် မျက်နှာ အနည်းငယ် ပြောင်းလဲသွားတော့၏။

ဤ စာရွက်ပေါ်တွင် မည်ကဲ့သို့သော အကြောင်းအရာများ ရေးသားထားသနည်း။ လီဟွာမေသည် နောက်တစ်ကြိမ် ဖတ်ရှုပြီးနောက် လက်ချောင်းဖြင့် ညင်သာစွာ ပွတ်ခြေလိုက်ရာ ပိုးအိတ် အတွင်းရှိ စာရွက်ဖြူလေးမှာ အမှုန့် အဖြစ်သို့ ပြောင်းလဲသွားတော့သည်။

“ရေတပ် ငှားချင်တာ မဟုတ်လား။” လီဟွာမေက မေးလိုက်၏။

ယွင်ကျုံးဟဲ့က ပြန်ဖြေလိုက်သည်။ “ဟုတ်ပါတယ်။”

လီဟွာမေက မေးလိုက်၏။ “ကျွန်မရဲ့ ရေတပ်က ဘယ်လိုနေလဲ။”

ယွင်ကျုံးဟဲ့က ပြန်ဖြေလိုက်သည်။ “အကောင်းဆုံး ပါပဲ။”

လီဟွာမေ၏ ဤအထူး စစ်သင်္ဘောကြီးမှာ အမှန်တကယ်ပင် အစွမ်းထက်လှသည်။ ရေထုထည် တန်ချိန် နှစ်ထောင်၊ သုံးထောင်ခန့် ရှိမည်ဟု ခန့်မှန်းရပြီး ဤကမ္ဘာလောကအတွက်တော့ ဤသည်မှာ အထူး စစ်သင်္ဘောကြီးပင် ဖြစ်၏။

စစ်သင်္ဘော တစ်ခုလုံးတွင် ကုန်းပတ် သုံးထပ် ပါဝင်ပြီး ဧရာမ မြို့သိမ်းဒူးလေးကြီး အလက် သုံးဆယ်တိတိ ရှိကာ အပေါ်ဆုံး ကုန်းပတ်ပေါ်တွင် ဧရာမ ကျောက်ခဲပစ်စက် ငါးခု ပင် ရှိနေသေး၏။ ဤကမ္ဘာလောကတွင် အမှန်တကယ် အကောင်းဆုံး စစ်သင်္ဘောကြီး ဖြစ်ပြီး ပြိုင်ဘက်ကင်း ဖြစ်သည်။

လီဟွာမေက ပြောလိုက်၏။ “ဒီလို အထူး စစ်သင်္ဘောကြီးမျိုး ကျွန်မဆီမှာ ဆယ်စင်းကျော် ရှိတယ်။ ဒုတိယ အဆင့်ရှိတဲ့ စစ်သင်္ဘောမျိုးဆိုရင် ရာချီ ရှိတယ်။”

‘ကောင်းကင်ဘုံ... ဒါဆိုရင်တော့ ဒီရေတပ်အင်အားက တကယ်ကို ကောင်းကင်နဲ့ မြေကြီး တုန်လှုပ်လောက်အောင် အစွမ်းထက်တာပဲ။ ဒါပေမဲ့ လီဟွာမေရဲ့ ရေတပ်က အရှေ့တိုင်း လောကမှာ တစ်ခါမှ မပေါ်လာဖူးပါလား။’

လီဟွာမေသည် ကုန်းပတ်ပေါ်ရှိ မြေပုံကို လက်ညှိုးထိုးကာ ပြောလိုက်သည်။ “ဒီမျဉ်းရဲ့ အနောက်ဘက်တွေ အားလုံးက ပိုင်ယွင်မြို့ရဲ့ ရေပိုင်နက် နယ်မြေတွေပဲ။ ဒီမျဉ်းရဲ့ အရှေ့ဘက်တွေ အားလုံးက ကျွန်မ လီဟွာမေရဲ့ နယ်မြေတွေပဲ။ ကမ္ဘာကြီး တစ်ခုလုံးမှာ ရှင်တို့ အင်ပါယာ လေးခုတည်း ရှိတာ မဟုတ်ဘူး။ အပြင်ဘက် ကမ္ဘာကြီးက အများကြီး ကျယ်ဝန်းပါသေးတယ်။”

ယွင်ကျုံးဟဲ့က ပြန်ပြောလိုက်၏။ “ကောင်း... ကောင်းပါပြီ။”

လီဟွာမေက ပြောလိုက်သည်။ “ဒီ ပိုးအိတ် ရှိနေလို့ ငါ ခင်ဗျားကို မသတ်ပါဘူး။ ဒါပေမဲ့ သင်္ဘော ငှားဖို့ ကတော့ မဖြစ်နိုင်ဘူး။ ကျွန်မ မျဉ်းကျော်မှာ မဟုတ်ဘူး။ အရှေ့တိုင်း လောကကို လုံးဝ မပြန်ဘူး၊ ပြီးတော့ ပိုင်ယွင်မြို့ရဲ့ ရေပိုင်နက်ကိုလည်း လုံးဝ မကျူးကျော်ဘူးလို့ အဲဒီတုန်းက ကျွန်မ ကျိန်ဆိုထားခဲ့တယ်။”

ယွင်ကျုံးဟဲ့သည် ဧရာမ မြေပုံကြီးကို နောက်တစ်ကြိမ် ကြည့်လိုက်၏။

လီဟွာမေ ပြောသော မျဉ်းသည် တာ့ကျိုးအင်ပါယာနှင့် အနည်းဆုံး မိုင်တစ်သောင်းခန့် ကွာဝေးသည်။ ဆိုလိုသည်မှာ အရှေ့တိုင်း လောကတိုက်ကြီး၏ ကုန်းတွင်းပိုင်း ရေတိမ်ပိုင်း မိုင်တစ်သောင်း အတွင်းရှိ ရေပိုင်နက် အားလုံးကို ပိုင်ယွင်မြို့၏ ဩဇာခံ နယ်မြေ အဖြစ် သတ်မှတ်ထားခြင်း ဖြစ်သည်။

ထိုမိုင်တစ်သောင်း၏ အပြင်ဘက်ကတော့ လီဟွာမေ၏ နယ်မြေတွေချည်းသာ ဖြစ်သည်။ သူမက တာ့ရှန်း အင်ပါယာ အနေဖြင့် အရှေ့တိုင်းကို ပြန်လည် သိမ်းပိုက်ရန် လုံးဝ မလိုအပ်ဘဲ ကုန်းမြေသစ်များကို သွားရောက် သိမ်းပိုက်ကာ တာ့ရှန်း အင်ပါယာ အသစ်ကို တည်ထောင်နိုင်သည်ဟု ဆိုလိုခြင်းပင်။

ထို့ကြောင့် ဤမမြင်ရသော အလယ်မျဉ်းသည် လီဟွာမေနှင့် ပိုင်ယွင်မြို့ တို့၏ နယ်နိမိတ်မျဉ်း ဖြစ်ပြီး နှစ်ဖက်စလုံး ကျူးကျော်ခွင့် မရှိချေ။

“ကျွန်မ ရှင့်ကို မသတ်ဘူး၊ သင်္ဘောလည်း မငှားဘူး။ ရှင်လည်း ပြန်လို့ မရတော့ဘူး။ ကျွန်မရဲ့ တာ့ရစ်ကျွန်း မှာပဲ နေတော့။”

လီဟွာမေက အသံကျယ်ကျယ်ဖြင့် အမိန့်ပေးလိုက်၏။ “ပြန်လှည့်... တာ့ရစ်ကျွန်းကို ပြန်မယ်။”

ယွင်ကျုံးဟဲ့က ခေါ်လိုက်သည်။ “မီးလျှံဘုရင်မ...”

“ကျွန်မကို အဲဒီလို မခေါ်နဲ့။”

လီဟွာမေက ပြောလိုက်၏။ “ကျွန်မက တာ့ရှန်း အင်ပါယာရဲ့ ရေတပ် စစ်သေနာပတိချုပ်ပါ။ ဘာ ဘုရင်မမှ မဟုတ်ဘူး။”

ယွင်ကျုံးဟဲ့ အံ့ဩသွားပြီး မေးလိုက်သည်။ “ဒါဆို တခြားလူတွေက ဘာလို့ ခင်ဗျားကို မီးလျှံဘုရင်မလို့ ခေါ်ကြတာလဲ။”

ယွင်ကျုံးဟဲ့၏ အမြင်တွင် ဤကမ္ဘာလောက၌ မှားယွင်းသော အမည်ပေးမှုမျိုးသာ ရှိပြီး မှားယွင်းသော ဂုဏ်ပုဒ်မျိုး မရှိချေ။

လီဟွာမေက အမိန့်ပေးလိုက်၏။ “ရှင် ကျွန်မရဲ့ ခန္ဓာကိုယ်ကို ခဏလောက် စိုက်ကြည့်နေကြည့်စမ်း။”

ယွင်ကျုံးဟဲ့ ခဏလောက် ကြည့်လိုက်ပြီးနောက် ချက်ချင်း ထိုင်ချလိုက်ရတော့သည်။

လီဟွာမေက ပြောလိုက်၏။ “ကျွန်မကို ဘာလို့ မီးလျှံဘုရင်မ လို့ ခေါ်လဲ ဆိုတာ အခု သိပြီလား။”

‘သောက်ကျိုးနည်း.. ဒီလို အကြောင်းပြချက်ကြောင့်ကိုး။ ဒီလို မိစ္ဆာမလို ပေါက်ကွဲထွက်လုမတတ် ခန္ဓာကိုယ်မျိုးက တစ်ချက် ကြည့်လိုက်တာနဲ့တင် တစ်ကိုယ်လုံး တဏှာမီးတောက်တွေ ထွက်လာ စေနိုင်တာကိုး။ ဒါကြောင့် မီးလျှံဘုရင်မလို့ ခေါ်တာ သေချာပေါက် မှားယွင်းတဲ့ ဂုဏ်ပုဒ် မဟုတ်ပါဘူး။’

အပိုင်း (၅၈၄)

“စစ်သေနာပတိချုပ် လီဟွာမေ... ခင်ဗျားက လောက တစ်ခုလုံးကို ဆုကြေး ထုတ်ထားတယ်လို့ ကြားတယ်နော်။”

ယွင်ကျုံးဟဲ့က ပြောလိုက်သည်။ “နုဧကရာဇ်ရဲ့ နစ်မြုပ်နေတဲ့ သင်္ဘောရဲ့ အတိအကျ နေရာကို ရှာဖွေဖို့ ဆုကြေး ထုတ်ထားတယ် မဟုတ်လား။”

လီဟွာမေက ပြန်ပြောလိုက်၏။ “ဟုတ်တယ်။”

ယွင်ကျုံးဟဲ့က မေးလိုက်သည်။ “အကယ်၍ ကျုပ်က ပဟေဠိကို ဖြေရှင်းပေးနိုင်ရင် ခင်ဗျားရဲ့ ရေတပ်ကို ငှားလို့ ရမလား။”

လီဟွာမေက ပြန်ဖြေလိုက်၏။ “ရတယ်။”

ယွင်ကျုံးဟဲ့က ပြောလိုက်သည်။ “မျဉ်းကျော်လို့ မရဘူးလို့ ပြောထားတာ မဟုတ်ဘူးလား။”

လီဟွာမေက မြေပုံကို လက်ညှိုးထိုးကာ ပြောလိုက်၏။ “ဟုတ်တယ်။ မျဉ်းကို ကျော်လို့ မရဘူး။ ဒါပေမဲ့ ဒီကမ္ဘာကြီးက အလုံးကြီးလေ။ ကျွန်မတို့ တောင်ဘက်ကနေ ပတ်သွားကြတာပေါ့။”

“ချီးတဲ့မှ... စစ်သေနာပတိချုပ် လီဟွာမေ... ခင်ဗျားက တကယ်ကို မူဝါဒတွေကို တိတိကျကျ လိုက်နာတာပဲ။

ယွင်ကျုံးဟဲ့က မေးလိုက်သည်။ “စစ်သေနာပတိချုပ် လီဟွာမေ... နုဧကရာဇ်ရဲ့ နစ်မြုပ်နေတဲ့ သင်္ဘောက ခင်ဗျားအတွက် အရမ်း အရေးကြီးလို့လား။”

လီဟွာမေက ပြန်ဖြေလိုက်၏။ “သေချာပေါက် အရေးကြီးတာပေါ့။ ဒါက တာ့ရှန်းအင်ပါယာ ပြန်လည် ထူထောင်ရေးအတွက် အဓိက သော့ချက်ပဲ။”

ယွင်ကျုံးဟဲ့က ပြောလိုက်သည်။ “ကျုပ်လည်း နုဧကရာဇ်ရဲ့ ဂူသင်္ချိုင်းထဲကို ဝင်ရောက်ခဲ့ဖူးပါတယ်။ အံ့ဩ တုန်လှုပ်စရာ ကောင်းပေမယ့် နိုင်ငံ ပြန်လည်ထူထောင်ဖို့ အဓိကသော့ချက်လို့တော့ မဆိုနိုင်ပါဘူး။ သံချပ်ကာ တချို့၊ လက်နက် တချို့နဲ့ ရွှံ့စစ်သည် ရုပ်တုတစ်သိန်းလောက်ပဲ ရှိတာပါ။”

လီဟွာမေက အေးစက်စက်ဖြင့် ပြောလိုက်၏။ “ဒါဆို ရှင် ဝင်ရောက်ခဲ့တဲ့ အဲဒီ နုဧကရာဇ်ရဲ့ ဂူသင်္ချိုင်းက နုဧကရာဇ်ရဲ့ တကယ့် ဂူသင်္ချိုင်းအစစ် ဆိုတာကို ရှင် ဘယ်လို သိနိုင်မှာလဲ။”

ဤစကား ထွက်ပေါ်လာချိန်မှာတော့ ယွင်ကျုံးဟဲ့ အမှန်တကယ်ပင် လန့်ဖြန့်သွားတော့သည်။

‘ဒါ...ဒါက အတုလည်း ရှိသေးတယ် ဟုတ်လား။ မဖြစ်နိုင်ပါဘူး။ အဲဒီ နုဧကရာဇ်ရဲ့ ဂူသင်္ချိုင်းကြီးက အရမ်းကို အံ့ဩတုန်လှုပ်စရာ ကောင်းပြီး အရမ်းကို ကြီးကျယ်ခမ်းနားနေပြီလေ။’

လီဟွာမေက မေးလိုက်၏။ “ပိုင်ယွင်မြို့က အစွမ်းထက်လား။”

ယွင်ကျုံးဟဲ့ အနည်းငယ် တွေဝေသွားပြီးနောက် ခေါင်းညိတ်ပြလိုက်သည်။

ပိုင်ယွင်မြို့၏ အင်အားကြီးမားပုံနှင့် ပတ်သက်၍ ယွင်ကျုံးဟဲ့အနေဖြင့် အသေအချာ အတိအကျ မသိရှိပေ။ ကျင်းကျုံးယွဲ့နှင့် မင်းသမီးဝူရွှမ်းကဲ့သို့သော ထူးချွန်ထက်မြက်သည့် ထိပ်တန်းသိုင်းပညာရှင်များကို မွေးထုတ် ပေးနိုင်ခဲ့သည့် နေရာတစ်ခု ဖြစ်ကြောင်းသာ သူ သိရှိထားခြင်း ဖြစ်၏။

လီဟွာမေက ရှင်းပြလိုက်၏။ “အရှေ့တိုင်းလောက တစ်ခုလုံးက တာ့ရှန်းအင်ပါယာ အပေါ်မှာ မကောင်းဆိုးဝါးလို သတ်မှတ်ထားကြတယ်။ ကျွန်မကို လူရိုင်းတွေ၊ ယဉ်ကျေးမှုကို ဖျက်ဆီးသူတွေလို့ သတ်မှတ်ထားကြတယ်။

အထူးသဖြင့် တာ့ရှအင်ပါယာက သူ့ကိုယ်သူ လောကရဲ့ တရားဝင်အင်ပါယာလို့ အမြဲတမ်း သတ်မှတ်ထားတယ်။ အကယ်၍ လောက တစ်ခုလုံးကို ပေါင်းစည်းနိုင်ရင် ချက်ချင်းပဲ တာ့ယန် တော်ဝင်မိသားစုလို့ နာမည် ပြောင်းမှာပဲ။

ဒါပေမဲ့ ကျန်တဲ့ အင်ပါယာ သုံးခုကတော့ လွန်ခဲ့တဲ့ နှစ်ရာချီတည်းက တာ့ရှန်း အင်ပါယာကို မကောင်းဆိုးဝါးလို့ မသတ်မှတ်တော့ဘဲ တဖြည်းဖြည်း မေ့လျော့သွားအောင် လုပ်ပြီး သမိုင်းကနေ ဖျောက်ဖျက်ပစ်ဖို့ ကြိုးစားနေကြတာပါ။”

ဤအချက်ကို ယွင်ကျုံးဟဲ့လည်း အစောကြီးတည်းက သတိထားမိခဲ့ပြီး ဖြစ်သည်။

လီဟွာမေက ဆက်ပြောလိုက်၏။ “ဒါက ပိုင်ယွင်မြို့ရဲ့ မူဝါဒတွေ ပြောင်းလဲသွားလို့ပဲ။ သူက လောက တစ်ခုလုံးကနေ ကျောင်းသားတွေကို စတင် လက်ခံခဲ့တယ်။ အရည်အချင်း ရှိသရွေ့ ပိုင်ယွင်မြို့ကို လာပြီး သိုင်းပညာ သင်ကြားခွင့် ရှိတယ်။ ပြီးတော့ ပိုင်ယွင်မြို့ရဲ့ သိုင်းပညာ အဆင့်အတန်းကလည်း ဘယ်လောက် မြင့်မားလဲ ဆိုတာ ရှင် တွေ့ခဲ့ပြီးပြီ မဟုတ်လား။”

ယွင်ကျုံးဟဲ့ ခေါင်းညိတ်ကာ ပြန်ပြောလိုက်သည်။ “ဟုတ်ပါတယ်။ အရမ်းကို အစွမ်းထက်ပါတယ်။”

လီဟွာမေက ပြောလိုက်၏။ “ဒါပေမဲ့ လူတိုင်း မြင်တွေ့ရတဲ့ ပိုင်ယွင်မြို့ဟာ အပြင်ဘက် ပိုင်ယွင်မြို့ သက်သက်ပါပဲ။ တကယ့် ပိုင်ယွင်မြို့ အစစ် မဟုတ်ပါဘူး။ တာ့ရှန်း အင်ပါယာရဲ့မျိုးဆက်တွေမှသာ တကယ့် ပိုင်ယွင်မြို့ရဲ့ အတွင်းပိုင်းကို ဝင်ရောက်ပြီး သိုင်းပညာ သင်ကြားခွင့် ရှိပြီး တကယ့်ကို အစွမ်းထက်တဲ့ သိုင်းပညာတွေကို သင်ယူနိုင်မှာပါ။”

‘ဒီလိုကိုး’

ယွင်ကျုံးဟဲ့က မေးလိုက်သည်။ “ဒါဆို အင်ပါယာ သုံးခုက တော်ဝင်မိသားစုဝင်တွေထဲက ပိုင်ယွင်မြို့မှာ သိုင်းပညာ လာသင်တဲ့သူ ရှိလား။”

လီဟွာမေက ပြုံးလျက် ပြန်ဖြေလိုက်၏။ “မူဝါဒ အရဆိုရင်တော့ ခွင့်မပြုပါဘူး။ ဘာလို့လဲဆိုတော့ အင်ပါယာ သုံးခုလုံးဟာ တာ့ယန် တော်ဝင်မိသားစုနဲ့ နယ်စားတွေရဲ့မျိုးဆက်တွေ ဖြစ်ပြီး တာ့ရှန်း အင်ပါယာနဲ့ လုံးဝ ဆန့်ကျင်ဘက် ဖြစ်နေလို့ပါ။ ဒါပေမဲ့... ရှိပါတယ်။”

“ဘယ်သူလဲ။ ယွင်ကျုံးဟဲ့က မေးလိုက်သည်။

လီဟွာမေက ပြန်ဖြေလိုက်၏။ “ဒါက ပိုင်ယွင်မြို့ရဲ့ အမြင့်ဆုံး လျှို့ဝှက်ချက်ပါ။ ကျွန်မလည်း မသိပါဘူး။ သိရင်တောင် ရှင့်ကို ပြောပြမှာ မဟုတ်ပါဘူး။ ဒါပေမဲ့ သာမန်အားဖြင့် ပိုင်ယွင်မြို့ကို လာချင်တဲ့ တော်ဝင်မိသားစုဝင်တွေဟာ ကိုယ့်ရဲ့ တော်ဝင်မိသားစု အဆင့်အတန်းကို အရင်ဆုံး စွန့်လွှတ်ရပါတယ်။ ပိုင်ယွင်မြို့ကို ဝင်ရောက်လာတဲ့ နေ့ကစပြီး တစ်သက်လုံး တာ့ရှန်း လူမျိုး ဖြစ်သွားတာပါပဲ။”

‘ကာရန်တောင် ကိုက်နေသေးတယ်။’

လီဟွာမေက ပြောလိုက်၏။ “ပိုင်ယွင်မြို့က တပည့်တွေ အားလုံးမှာ ရည်မှန်းချက် တစ်ခုတည်း ရှိတယ်။ အဲဒါကတော့ နိုင်ငံ ပြန်လည်ထူထောင်ရေးပါပဲ။”

ယွင်ကျုံးဟဲ့ အနည်းငယ်တွေဝေသွားပြီးနောက် မေးလိုက်သည်။ “ကျုပ်က အထင်သေးတဲ့ သဘောနဲ့ ပြောတာ လုံးဝ မဟုတ်ဘူးနော်။ တာ့ယန် တော်ဝင်မိသားစုဟာ နှစ်ထောင်ချီ တည်ရှိခဲ့ပြီး အရှေ့တိုင်း လောက တစ်ခုလုံးရဲ့ ယဉ်ကျေးမှုကို လုံးဝ ချုပ်ကိုင်ထားနိုင်ခဲ့တယ်။ ဒါကြောင့် သူတို့က နိုင်ငံ ပြန်လည် ထူထောင်ချင်တာက နားလည်ပေးလို့ ရပါတယ်။

ဒါပေမဲ့ တာ့ရှန်း အင်ပါယာ ကတော့ ဆယ်စုနှစ် အနည်းငယ်လောက်ပဲ အင်အား ကြီးမားခဲ့တာလေ။ ဘာလို့ နိုင်ငံ ပြန်လည် ထူထောင်ရေးကို ဒီလောက်တောင် စွဲလမ်းနေကြရတာလဲ။”

လီဟွာမေသည် အချိန်အတော်ကြာ စဉ်းစားပြီးနောက် ပြောလိုက်၏။ “ကျွန်မ ရှင့်ကို ပြောပြခွင့် မရှိပါဘူး။ ဒါပေမဲ့ ကျွန်မ ရှင့်ကို ပြောပြနိုင်တဲ့ အကြောင်းပြချက် တစ်ခုတည်း ရှိပါတယ်။ အဲဒါကတော့ အစွမ်းထက်လို့ ပါပဲ။ ဒီ အကြောင်းပြချက်က လုံလောက်ပြီလား။”

ယွင်ကျုံးဟဲ့ ခေါင်းညိတ်ပြလိုက်သည်။ “အဲဒါဆိုရင်တော့ လုံလောက်ပါပြီ။”

လီဟွာမေက ပြောလိုက်၏။ “နုဧကရာဇ်ဟာ အသက်ရှင်ဖို့ အချိန် သိပ်မကျန်တော့ဘူး ဆိုတာကို သိတဲ့အခါ အစွမ်းထက်တဲ့ ရေတပ်ကြီးကို စေလွှတ်ပြီး ပင်လယ်ရပ်ခြားကို သွားခိုင်းခဲ့တယ်။ ဒါပေမဲ့ ရာစုနှစ် တစ်ခုမှာ တစ်ခါမှ မကြုံဖူးတဲ့ ဧရာမ မုန်တိုင်းကြီးနဲ့ ကြုံတွေ့ခဲ့ရတယ်။ ရေတပ်ရဲ့ တစ်ဝက်လောက်က နစ်မြုပ်သွားခဲ့ပြီး ကျန်ရစ်တဲ့ ရေတပ် တစ်ဝက် ကတော့ အခု ပိုင်ယွင်မြို့ရဲ့ အောင်မြင်မှုတွေကို ဖန်တီးပေးနိုင်ခဲ့တယ်။ အဲဒါကလည်း ကျန်ရစ်တဲ့ သင်္ဘောတွေပေါ်က ပစ္စည်းတွေ၊ လျှို့ဝှက်ချက်တွေ၊ လက်နက်တွေ အားလုံးကို အားကိုးပြီး လုပ်ခဲ့တာပါ။ ဒီ နုဧကရာဇ်ရဲ့ နစ်မြုပ်နေတဲ့ သင်္ဘောက အရေးကြီးတယ်လို့ ခင်ဗျား ထင်လား။”

ပိုင်ယွင်မြို့၏ အောင်မြင်မှု - ဤစကားလုံးက ယွင်ကျုံးဟဲ့ကို အရမ်း နားလည်ရခက်စေသည်။

ပိုင်ယွင်မြို့ငယ်လေးတစ်ခုတည်းကိုသာ ကြည့်၍ အောင်မြင်မှုဟု သတ်မှတ်ရန် ဖြစ်နိုင်ပါမည်လား။ အနည်းဆုံး တာ့ကျိုးအင်ပါယာ သို့မဟုတ် တာ့ရှီးအင်ပါယာကဲ့သို့သော အဆင့်အတန်းမျိုးသို့ ရောက်ရှိမှသာလျှင် အောင်မြင်မှုဟူ၍ ပြောဆိုထိုက်ပေလိမ့်မည်။

ယွင်ကျုံးဟဲ့၏ အမြင်တွင်မူ ပိုင်ယွင်မြို့ဆိုသည်မှာ သိုင်းလောကရှိ ဂိုဏ်းတစ်ခုမျှသာ ဖြစ်သည်ဟု ခံစားရမိသည်။ သို့ဖြစ်ရာ ၎င်းတို့အနေဖြင့် မိမိတို့နိုင်ငံတော်ကို ပြန်လည်ထူထောင်ပြီးစီးသည့် အချိန်ကျမှသာ အောင်မြင်မှုအကြောင်းကို ဆက်လက်ဆွေးနွေးသင့်သည်။

လီဟွာမေက အေးစက်စက် ပြုံးကာ ပြောလိုက်၏။ “ပိုင်ယွင်မြို့ရဲ့ အစွမ်းထက်မှုကို ရှင် လုံးဝ မသိပါဘူး။ ကျွန်မ နုဧကရာဇ်ရဲ့ နစ်မြုပ်နေတဲ့ သင်္ဘောကို ရချင်တာက ပိုင်ယွင်မြို့နဲ့ ရင်ပေါင်တန်း ယှဉ်ပြိုင်ချင်လို့ပါ။”

ယွင်ကျုံးဟဲ့က မေးလိုက်သည်။ “ဒါဆို ပိုင်ယွင်မြို့ကလည်း နုဧကရာဇ်ရဲ့ နစ်မြုပ်နေတဲ့ သင်္ဘောကို ရှာဖွေနေတာလား။”

လီဟွာမေက ပြန်ဖြေလိုက်၏။ “ဟုတ်တယ်။ ဒါပေမဲ့ သူတို့က ကိုယ့်ကိုယ်ကိုယ် အရမ်း ယုံကြည်လွန်းလို့ လောက တစ်ခုလုံးကို ဆုကြေး မထုတ်ချင်ကြဘူး။ သေချာပေါက် ကျွန်မ ဆုကြေး ထုတ်ထားတာ ဆယ်နှစ်ကျော် ရှိနေပေမယ့် အခုချိန်ထိ ဘာမှ မရသေးပါဘူး။”

ယွင်ကျုံးဟဲ့က ပြောလိုက်သည်။ “ကျုပ် စမ်းကြည့်ချင်ပါတယ်။ ဒါပေမဲ့ အချက်တစ်ချက်ကို သေချာချင်တယ်။ အကယ်၍ ကျုပ်က ပဟေဠိကို ဖြေရှင်းပေးနိုင်ပြီး နစ်မြုပ်နေတဲ့ သင်္ဘောရဲ့ တည်နေရာကို ရှာဖွေတွေ့ရှိရင် ခင်ဗျားက ရေတပ်ကို ငှားပေးမှာလား။”

လီဟွာမေက ပြန်ဖြေလိုက်၏။ “ဟုတ်တယ်။ ကျွန်မ ရှင့်ကို လူငါးသောင်းပါတဲ့ ရေတပ် တစ်ဖွဲ့ ငှားပေးမယ်။”

စစ်သည်အင်အား ငါးသောင်း - ဤအရေအတွက်မှာ ကျိန့်ဟိုင်မြို့စား စီးပြန်း၏ ပူးပေါင်းရေတပ်မတော်နှင့် ယှဉ်လိုက်ပါက အလွန်တရာ နည်းပါးလွန်းလှသည်။

သို့သော်လည်း လီဟွာမေ၏ စစ်သင်္ဘောများမှာ အလွန်အမင်း အစွမ်းထက်လှသည့်အပြင် အမှတ် (၉) ကွမ်တန်၏ ထက်မြက်လှသော တွက်ချက်မှုစွမ်းရည်များနှင့်သာ ပေါင်းစပ်လိုက်မည်ဆိုပါက ဤတိုက်ပွဲတွင် အနိုင်ရရှိရန် အခွင့်အလမ်းမှာ အနည်းငယ်မျှ နည်းပါးလိမ့်မည် မဟုတ်ပေ။

ယွင်ကျုံးဟဲ့က ပြောလိုက်၏။ “အခု ကျုပ်ကို ပဟေဠိ ပေးပါ။”

လီဟွာမေသည် စာရွက် တစ်ရွက်ကို ကမ်းပေးလိုက်ရာ ယွင်ကျုံးဟဲ့သည် တစ်ချက် ကြည့်လိုက်ပြီးနောက် လုံးဝ အံ့ဩမှင်သက်သွားတော့သည်။

အကြောင်းမူ ဤသည်မှာ ဂဏန်း တစ်ဆက်တည်း ဖြစ်နေသောကြောင့်ပင်။ “125.597409, 33.241336”

ယွင်ကျုံးဟဲ့သည် ထိုစာသားကို အထပ်ထပ်အခါခါ ဖတ်ရှုပြီးနောက် အလွန်တရာ ထူးဆန်းလှသည်ဟု စိတ်တွင်းမှ ရေရွတ်မိတော့သည်။

ဤကမ္ဘာလောကရှိ လူသားများအနေဖြင့် မည်သို့မျှ ဖြေရှင်းနိုင်စွမ်း မရှိကြသည်မှာလည်း အံ့ဩစရာ မဟုတ်တော့ပေ။ ၎င်းတို့သည် ဤအရာ၏ ဆိုလိုရင်းအဓိပ္ပာယ်ကိုပင် လုံးဝ နားလည်နိုင်ကြမည် မဟုတ်ချေ။

အကြောင်းမူ ဤအရာများမှာ အလွန်တရာ တိကျသေချာလှသည့် တည်နေရာ ကိုသြဒိနိတ်များ ဖြစ်နေသောကြောင့်ပင်။

ယွင်ကျုံးဟဲ့က မေးလိုက်၏။ “ဒီပဟေဠိကို ခင်ဗျား ဘယ်ကနေ ရလာတာလဲ။”

လီဟွာမေက ပြန်ဖြေလိုက်သည်။ “ဒါက ပိုင်ယွင်မြို့မှာ မျိုးဆက် တစ်ဆက်ပြီး တစ်ဆက် လက်ဆင့်ကမ်း လာခဲ့တာပါ။ ပဟေဠိကို ဘယ်သူ ထုတ်ခဲ့လဲ ဆိုတာတော့ မသိပါဘူး။”

ယွင်ကျုံးဟဲ့၏ ဦးခေါင်း အနည်းငယ် ထုံကျင်သွားပြီး ဤကမ္ဘာလောက၏ အဆုံးစွန်သော လျှို့ဝှက်ချက် အမှန်တရားနှင့် အနည်းငယ် ပိုမို နီးကပ်လာသကဲ့သို့ ခံစားလိုက်ရ၏။

လီဟွာမေက ပြောလိုက်သည်။ “နှစ်ရာချီ ကြာတဲ့အထိ ပဟေဠိကို ဘယ်သူမှ မဖြေရှင်းနိုင်ခဲ့ဘူး။ ဒါကြောင့် နုဧကရာဇ်ရဲ့ နစ်မြုပ်နေတဲ့ သင်္ဘောကိုလည်း ရှာမတွေ့နိုင်ခဲ့ဘူး။”

ယွင်ကျုံးဟဲ့က အက်ကွဲနေသည့် အသံဖြင့် ပြောလိုက်၏။ “ကျုပ်... ဖြေရှင်းနိုင်ပါတယ်။”

လီဟွာမေက အံ့ဩတုန်လှုပ်စွာဖြင့် ပြောလိုက်သည်။ “မဖြစ်နိုင်ဘူး။”

ယွင်ကျုံးဟဲ့က မေးလိုက်၏။ “ကွမ်တန်... ဒါက တည်နေရာ သြဒိနိတ်လား။”

အမှတ်(၉) ကွမ်တန်က ပြန်ဖြေလိုက်သည်။ “ဟုတ်ပါတယ်။ ဒါက တည်နေရာ ကိုသြဒိနိတ်ပါ။ ပြီးတော့ အရမ်းကို တိကျတဲ့ တည်နေရာ ကိုသြဒိနိတ်ပါ။”

ယွင်ကျုံးဟဲ့က ထပ်မေးလိုက်၏။ “ခင်ဗျားမှာ ကမ္ဘာ့မြေပုံ ရှိလား။

အမှတ်(၉) ကွမ်တန် ခေတ္တမျှ တိတ်ဆိတ်သွားပြီးနောက် ပြန်ဖြေလိုက်သည်။ “ရှိပါတယ်။ ဒါပေမဲ့ ပြသခွင့် မရှိပါဘူး။”

ယွင်ကျုံးဟဲ့က ပြောလိုက်၏။ “ဒါ တကယ် ရယ်စရာ ကောင်းတာပဲ။ ကျုပ်က ဆရာဝန်ကြီးလေ။ X စိတ်ကျန်းမာရေး ဆေးရုံမှာ ကျုပ်ရဲ့ အာဏာက အကြီးဆုံးပဲ။”

အမှတ်(၉) ကွမ်တန်က ပြန်ဖြေလိုက်သည်။ “တောင်းပန်ပါတယ် ဆရာဝန်ကြီး။”

ယွင်ကျုံးဟဲ့က ပြောလိုက်၏။ “ကောင်းပြီ... ကောင်းပြီ... ကောင်းပြီ။ နောက်မှ ခင်ဗျားနဲ့ စာရင်း ရှင်းမယ်။ အခု ခင်ဗျား ကျုပ်ကို ပြောစမ်း။ ဒီ တည်နေရာ ကိုသြဒိနိတ်က ဘယ်နေရာမှာ ရှိတယ် ဆိုတာကို ခင်ဗျား တွက်ချက်နိုင်မလား။ ပြီးတော့ မြေပုံပေါ်မှာ ပြပေးနိုင်မလား။”

အမှတ်(၉) ကွမ်တန်က ပြန်ဖြေလိုက်သည်။ “အရမ်း လွယ်ကူပါတယ်။ စက္ကန့်ဝက်တောင် မလိုပါဘူး။”

ယွင်ကျုံးဟဲ့က ပြောလိုက်၏။ “အဲတာဆို ပြပေးတော့။”

အမှတ်(၉) ကွမ်တန်က ပြောလိုက်သည်။ “ပင်လယ်ပြင် မြေပုံ တစ်ခု ယူလာခဲ့ပါ။ ပြီးတော့ အတိကျဆုံး ဖြစ်ရမယ်။”

ယွင်ကျုံးဟဲ့က ပြောလိုက်၏။ “စစ်သေနာပတိချုပ် လီဟွာမေ... ကျေးဇူးပြုပြီး ကျုပ်ကို ပင်လယ်ပြင် မြေပုံ တစ်ခု ပေးပါ။ အတိကျဆုံး အမျိုးအစား ဖြစ်ရပါမယ်။”

စက္ကန့်သုံးဆယ် အကြာတွင် ဧရာမ ပင်လယ်ပြင် မြေပုံကြီးတစ်ခုသည် ယွင်ကျုံးဟဲ့၏ အရှေ့တွင် ထွက်ပေါ်လာတော့သည်။

‘ကောင်းကင်ဘုံ… ဒါ... ဒါက အရမ်းကို တိကျလွန်းနေပါလား။ ဒီကမ္ဘာလောကရဲ့ မြေပုံတွေနဲ့ လုံးဝကို အဆင့် မတူဘူး။’

လီဟွာမေက ပြောလိုက်၏။ “ဒီပင်လယ်ပြင် မြေပုံကလည်း ပိုင်ယွင်မြို့ ကပါ။ တိတိကျကျ ပြောရရင် တာ့ရှန်း အင်ပါယာကနေ လက်ဆင့်ကမ်း လာခဲ့တာပါ။”

All Chapters