← Chapters

အခန်း (၅၈၅-၅၈၆)

Vol. 50 Ch. 585-586

အခန်း (၅၈၅-၅၈၆)

Vol. 50 Ch. 585-586

အပိုင်း (၅၈၅)

ယွင်ကျုံးဟဲ့က ပြောလိုက်သည်။ “ကျုပ်ကို အပ်တစ်ချောင်း ပေးပါ။”

ခဏအကြာတွင် ယွင်ကျုံးဟဲ့၏ လက်ထဲသို့ အပ်တစ်ချောင်း ရောက်ရှိလာပြီး အမှတ်(၉) ကွမ်တန်၏ စွမ်းရည်များကို အသုံးပြုလိုက်၏။

ယွင်ကျုံးဟဲ့သည် ပင်လယ်ပြင် မြေပုံပေါ်ရှိ အမှတ် တစ်ခုကို ချိန်ရွယ်လိုက်ပြီးနောက် အပ်ကို တိုက်ရိုက် ထိုးစိုက်လိုက်ကာ ပြောလိုက်သည်။ “နုဧကရာဇ်ရဲ့ နစ်မြုပ်နေတဲ့ သင်္ဘောက ဒီနေရာမှာ ရှိတယ်။”

ယခုအချိန်တွင် လီဟွာမေ၏ မျက်လုံးများတွင် သံသယများ ပြည့်နှက်နေရုံသာမက ထိုနေရာတွင် ရှိနေသော အမျိုးသမီး စစ်သည်များ အားလုံးလည်း သံသယများ ပြည့်နှက်နေကြ၏။

‘ရှင်က ရမ်းသမ်းပြီး ထိုးလိုက်တာ မဟုတ်လား။ ဗေဒင်ဟောတာထက်တောင် ပိုပြီး လိမ်ညာနေသလိုပဲ။’

ယွင်ကျုံးဟဲ့၏ ဤလုပ်ရပ်မှာ နတ်ဆရာတစ်ဦးက ရမ်းသမ်း၍ ညွှန်ပြနေသကဲ့သို့ပင် ဖြစ်နေပြီး၊ နှောင်းခေတ် ဗီဒီယိုများထဲမှ မြေပုံကို မြားဖြင့်ပစ်၍ မှန်ရာအရပ်သို့ သွားမည်ဆိုသည့် ပုံစံမျိုးနှင့် တစ်ထေရာတည်း တူညီနေသည်ကိုမူ ဝန်ခံရပေလိမ့်မည်။ ဤအရာမှာ အနည်းငယ်မျှပင် ယုံကြည် စိတ်ချချင်စရာ မကောင်းလှချေ။

ယွင်ကျုံးဟဲ့က ပြောလိုက်၏။ “ဒီနေရာက ကျုပ်တို့ အခု ရောက်နေတဲ့ နေရာနဲ့ သိပ်မဝေးဘူး ထင်တယ်။ ကျုပ် ရမ်းသမ်း ညွှန်ပြထားတာ ဟုတ်မဟုတ် ဆိုတာကို တစ်ခေါက်လောက် သွားကြည့်လိုက်ရင် သိရမှာပဲ မဟုတ်လား။”

လီဟွာမေက တစ်ချက် ကြည့်လိုက်ရာ ယွင်ကျုံးဟဲ့ ညွှန်ပြလိုက်သော နေရာသည် သူတို့ ယခု ရောက်ရှိနေသော နေရာနှင့် မိုင်ခြောက်ထောင်ကျော်ခန့်သာ ကွာဝေးပြီး အမှန်တကယ်ပင် သိပ်မဝေးလှချေ။ လေးရက်လောက် ဆိုလျှင် ထိုနေရာသို့ ရောက်နိုင်သည်။

လီဟွာမေက ပြောလိုက်၏။ “ငါ့ရဲ့ သင်္ဘောက ရှင်ပြောတဲ့ နေရာကို ရောက်သွားပြီး အကယ်၍ နုဧကရာဇ်ရဲ့ နစ်မြုပ်နေတဲ့ သင်္ဘောက အဲဒီမှာ မရှိဘူးဆိုရင် ဘာအကျိုးဆက် ဖြစ်လာမလဲ ဆိုတာကို ရှင် သိလား။”

ယွင်ကျုံးဟဲ့က ပြန်ဖြေလိုက်သည်။ “ခေါင်းဖြတ် သတ်ခံရမှာပေါ့။”

စစ်သေနာပတိချုပ် လီဟွာမေက ပြန်ပြောလိုက်၏။ “ခေါင်းဖြတ် သတ်ရုံတင် မကဘူး။ အရှင်လတ်လတ် အရေခွံခွာပြီး အရွတ်တွေ ဆွဲထုတ်ပစ်မှာ။”

ယွင်ကျုံးဟဲ့က ပြောလိုက်သည်။ “ကောင်းပြီ။ အကယ်၍ အဲဒီနေရာကို ရောက်သွားပြီး နုဧကရာဇ်ရဲ့ နစ်မြုပ်နေတဲ့ သင်္ဘောက မရှိဘူးဆိုရင် ကျုပ်ကို အရှင်လတ်လတ် အရေခွံခွာပြီး အရွတ်တွေ ဆွဲထုတ်ပစ်လိုက်ပါ။”

လီဟွာမေသည် ယွင်ကျုံးဟဲ့ကို အချိန်အတော်ကြာ စိုက်ကြည့်နေပြီးနောက် ပြောလိုက်၏။ “သွားမယ်... အခုချက်ချင်း သွားမယ်။”

‘ချီးတဲ့မှ... ဒီလောက်တောင် မြန်မြန်ဆန်ဆန် ဆုံးဖြတ်လိုက်တာလား။ တာ့ရစ်ကျွန်း ကိုတောင် ပြန်စရာ မလိုတော့ဘူးလား။ ဒီလိုပဲ ထွက်သွားကြတော့မှာလား။ ဒါက အရမ်း မြန်လွန်းမနေဘူးလား။ ခင်ဗျားက ကျုပ်ကို ဒီလောက်တောင် ယုံကြည်တာလား။’

နောက်ဆက်တွဲ အနေဖြင့် လီဟွာမေ၏ စစ်သင်္ဘော နှစ်စင်းသည် ရွက်များကို ဖြန့်ကာ လမ်းကြောင်း ပြောင်းပြီး ယွင်ကျုံးဟဲ့က ပင်လယ်ပြင် မြေပုံပေါ်တွင် ညွှန်ပြခဲ့သော ပစ်မှတ်နေရာဆီသို့ ဦးတည်၍ ရွက်လွှင့်သွားကြတော့၏။

ပင်လယ်ပြင်တွင် ရွက်လွှင့်နေစဉ် ယွင်ကျုံးဟဲ့သည် သင်္ဘောပေါ်တွင် သီးသန့် အခန်းငယ် တစ်ခန်း ရရှိခဲ့ပြီး နောက်ဆုံးတွင် အဝတ်အစား တစ်ထည်ကိုလည်း ဝတ်ဆင်ခွင့် ရရှိခဲ့သည်။

ဤအထူး စစ်သင်္ဘောကြီးကတော့ ပိုပြီး သက်သောင့်သက်သာ ရှိပြီး အရင် ပင်လယ်ကူး သင်္ဘောများထက် အများကြီး ပိုပြီး လှုပ်ရှားမှု နည်း၏။

ယွင်ကျုံးဟဲ့က မေးလိုက်သည်။ “ခင်ဗျားတို့က နုဧကရာဇ်ရဲ့ နစ်မြုပ်နေတဲ့ သင်္ဘောကို ရှာနေတာ ဆယ်စုနှစ်ချီ ရှိပြီလား။”

လီဟွာမေက ပြန်ဖြေလိုက်၏။ “မကပါဘူး... ရာစုနှစ်ချီ ရှိပါပြီ။”

‘ပင်လယ်ထဲမှာ အပ်ရှာတယ်လို့ ပြောကြပေမယ့် တကယ်တမ်းကျတော့ နစ်မြုပ်နေတဲ့ သင်္ဘော တစ်စင်းကို ရှာတာကလည်း ပင်လယ်ထဲမှာ အပ်ရှာတာနဲ့ ဘာမှ မကွာခြားပါဘူး။’

ထို့နောက် စစ်သေနာပတိချုပ် လီဟွာမေက မေးလိုက်သည်။ “ရှင် အရင်က ပြောခဲ့တဲ့ ကျွန်မရဲ့ ကံကြမ္မာကို ကယ်တင်မယ် ဆိုတာက ဘာအဓိပ္ပာယ်လဲ။”

ယွင်ကျုံးဟဲ့က ပြန်ဖြေလိုက်၏။ “စစ်သေနာပတိချုပ် လီဟွာမေ... ခင်ဗျားတို့ နုဧကရာဇ်ရဲ့ တိုက်ရိုက် မျိုးဆက်တွေဟာ ဆေးတစ်မျိုးကို သောက်သုံးရလေ့ ရှိပါတယ်။ အဲဒီဆေးက လူတွေကို အစွမ်းထက် လာစေပါတယ်။ ဒါပေမဲ့ ဒီဆေးက အဆက်မပြတ် သောက်သုံးဖို့ လိုအပ်ပြီး ပိုင်ယွင်မြို့ တစ်ခုတည်းကပဲ ဒီဆေးကို ထုတ်လုပ်နိုင်တာပါ။

ခင်ဗျားက ပိုင်ယွင်မြို့နဲ့ လမ်းခွဲပြီးတဲ့နောက် သူတို့က သေချာပေါက် ခင်ဗျားကို ဆေး ပေးတော့မှာ မဟုတ်ပါဘူး။ အကယ်၍ ဆေးကို ဆက်မသောက်ရဘူး ဆိုရင် ခင်ဗျား သေသွားနိုင်ပါတယ်။ ဒါက ခင်ဗျား နုဧကရာဇ်ရဲ့ နစ်မြုပ်နေတဲ့ သင်္ဘောကို အသည်းအသန် ရှာဖွေချင်နေတဲ့ အကြောင်းရင်းပါပဲ။ ဘာလို့လဲဆိုတော့ နုဧကရာဇ်ရဲ့ နစ်မြုပ်နေတဲ့ သင်္ဘောရဲ့ ရတနာသိုက်ထဲမှာ ဒီလို ဆေးမျိုး ရှိနေလိမ့်မယ်လို့ ခင်ဗျား ထင်နေလို့ပါ။”

လီဟွာမေသည် ယွင်ကျုံးဟဲ့ကို အချိန်အတော်ကြာ စိုက်ကြည့်နေပြီးနောက် ခေါင်းညိတ်ကာ ပြောလိုက်သည်။ “ဟုတ်ပါတယ်။ အကယ်၍ ဆေးထပ်မရဘူးဆိုရင် ကျွန်မ သေရပါလိမ့်မယ်။ ပြီးတော့ အရမ်းကို သနားဖွယ်ကောင်းအောင် သေဆုံးရမှာပါ။”

ယွင်ကျုံးဟဲ့က မေးလိုက်၏။ “ခင်ဗျားမှာ အချိန် ဘယ်လောက် ကျန်သေးလဲ။”

“ကိုးရက်...” စစ်သေနာပတိချုပ် လီဟွာမေက ပြန်ဖြေလိုက်သည်။

ယွင်ကျုံးဟဲ့ အံ့ဩသွားတော့၏။

‘အချိန်က ဒီလောက်တောင် ကျပ်တည်းနေတာလား။ ဒါကြောင့်လည်း ယွင်ကျုံးဟဲ့က မြေပုံပေါ်မှာ နေရာတစ်ခု ညွှန်ပြလိုက်တာနဲ့ လီဟွာမေက တစ်နာရီတောင် အချိန်မဆွဲဘဲ အလောတကြီး ထွက်လာခဲ့တာကိုး။’

အကြောင်းမူ ဤကဲ့သို့သော အခြေအနေမျိုးတွင် တစ်သောင်းပုံတစ်ပုံမျှသာ ရှိသော မျှော်လင့်ချက်ကလေး တစ်ခုအတွက် ဖြစ်စေဦးတော့ စစ်သေနာပတိချုပ် လီဟွာမေအနေဖြင့် အသက်နှင့်လဲ၍ အစွမ်းကုန် ကြိုးစားအားထုတ်မည် ဖြစ်သောကြောင့်ပင်။

ဆက်လက်၍ ယွင်ကျုံးဟဲ့က နောက်ထပ် မေးခွန်းတစ်ခု မေးလိုက်၏။ “စစ်သေနာပတိချုပ် လီဟွာမေ... တာယင်အင်ပါယာနဲ့ တာ့ကျိုးအင်ပါယာတို့က တော်ဝင်မိသားစုဝင်တွေထဲမှာ ပိုင်ယွင်မြို့ကို သွားပြီး ပညာသင်တဲ့သူ ရှိလား။”

လီဟွာမေက ဖြည်းညင်းစွာ ပြန်ဖြေလိုက်သည်။ “ရှင် ခန့်မှန်းကြည့်လေ။”

‘သောက်ကျိုးနည်း... ဒါက ဘာအဓိပ္ပာယ်လဲ။’

စစ်သေနာပတိချုပ် လီဟွာမေက ဆက်ပြောလိုက်၏။ “အောက်ယွီ... ရှင် ညွှန်ပြလိုက်တဲ့ နေရာကို ကျွန်မ တကယ်တော့ သိပ်မျှော်လင့်ချက် မထားပါဘူး။ ကျွန်မက အသက်ရှင်ဖို့ နောက်ပြန် ရေတွက်နေရတဲ့ အချိန်ကို ရောက်နေပါပြီ။ ဒါပေမဲ့ သေမယ်ဆိုရင်တောင် ကျွန်မရဲ့ တာ့ရစ်ကျွန်းပေါ်မှာတော့ မသေချင်ပါဘူး။ အကယ်၍ ကျွန်မ သေသွားရင် ကျွန်မရဲ့ ရေတပ်ကို ဘယ်သူ့ဆီ အပ်ခဲ့မလဲ ဆိုတာ ရှင် သိလား။”

ယွင်ကျုံးဟဲ့က ပြန်ဖြေလိုက်သည်။ “မသိပါဘူး။”

စစ်သေနာပတိချုပ် လီဟွာမေက ပြောလိုက်၏။ “ပိုင်ယွင်မြို့နဲ့ ကျွန်မ လမ်းခွဲခဲ့ပေမယ့် ကျွန်မက ပိုင်ယွင်မြို့ကိုပဲ ပြန်အပ်ခဲ့မှာပါ။”

ယွင်ကျုံးဟဲ့ နားလည်နိုင်သည်။ မည်သို့ပင်ဆိုစေ လီဟွာမေသည် ယခင် ပိုင်ယွင်မြို့၏ မင်းသမီး ဖြစ်ခဲ့ရုံသာမက နုဧကရာဇ်၏ တိုက်ရိုက်မျိုးဆက်လည်း ဖြစ်နေပြီး သူမ၏ တစ်ခုတည်းသော ရည်မှန်းချက်မှာ နိုင်ငံ ပြန်လည် ထူထောင်ရေး ဖြစ်သည်။

ထို့နောက် လူနှစ်ဦးသည် တိတ်ဆိတ်စွာ နေနေကြတော့၏။

“အကယ်၍ ရှင် ပေးတဲ့ နစ်မြုပ်နေတဲ့ သင်္ဘောရဲ့ နေရာက အတု ဆိုရင်တော့ သေချာပေါက် ကျွန်မက ရှင့်ကို အရှင်လတ်လတ် အရေခွံခွာပြီး အရွတ်တွေ ဆွဲထုတ်ပစ်မှာပါ။” လီဟွာမေက ပြောလိုက်သည်။

နောက်ပိုင်း ရက်အနည်းငယ် အတွင်းတွင် ကျယ်ပြောလှသော ပင်လယ်ပြင်ကြီးထဲတွင် အဆက်မပြတ် ရွက်လွှင့်နေခဲ့ကြ၏။

“ရောက်ပြီ... ရောက်ပြီ...”

ရုတ်တရက် အပြင်ဘက်မှ အသံကျယ်ကျယ်ဖြင့် အော်ဟစ်သံများ ထွက်ပေါ်လာတော့သည်။ “စစ်သေနာပတိချုပ်... ကျုပ်တို့ ရောက်ပါပြီ။”

ယွင်ကျုံးဟဲ့ အလျင်အမြန် ပြေးထွက်သွားတော့၏။ အမှန်တကယ်၌ သူ အလွန် အံ့ဩနေမိသည်။

‘ခင်ဗျားက ဘာကို အခြေခံပြီး ခရီးပန်းတိုင်ကို ရောက်ပြီလို့ ပြောရတာလဲ။ ဒီကမ္ဘာလောကမှာ GPSလို နေရာပြ ကိရိယာလည်း မရှိဘူးလေ။’

ထို့အပြင် အတိုင်းအဆမရှိ ကျယ်ပြောလှသော ပင်လယ်ပြင်ကြီးထဲ၌ မိမိရောက်ရှိနေသည့် တည်နေရာကို တိတိကျကျ သိရှိနိုင်ရန်မှာ မည်သို့မှ မဖြစ်နိုင်ပေ။ မိုင်ပေါင်း ဆယ်ဂဏန်းမျှ အကွာအဝေးကို တိကျစွာ ခန့်မှန်းသိရှိနိုင်လျှင်ပင် အလွန်တရာ အစွမ်းထက်လှသည်ဟု ဆိုရမှာဖြစ်၏။

သို့ပေမည့် ကုန်းပတ်ပေါ်သို့ ရောက်ရှိသွားချိန်မှာတော့ ယွင်ကျုံးဟဲ့သည် အကြောင်းရင်းကို သိရှိသွားတော့၏။

အကြောင်းမူကား မိုင်ဆယ်ချီ အကွာအဝေးတွင် ကိုးကားစရာ နေရာ တစ်ခု ရှိနေသောကြောင့် ဖြစ်သည်။

ထိုအရာမှာ မည်သည့် သက်ရှိ အရိပ်အယောင်မှ မရှိသော ကျွန်းတစ်ကျွန်းဖြစ်ကာ နေရာတိုင်းတွင် ထူးဆန်းသော ကျောက်ဆောင်များနှင့် အလွန် မတ်စောက်သော ကျောက်တောင်ကမ်းပါးများသာ ရှိနေ၏။

စစ်သေနာပတိချုပ် လီဟွာမေက မေးလိုက်သည်။ “အောက်ယွီ... ရှင် ပြောတဲ့ နုဧကရာဇ်ရဲ့ နစ်မြုပ်နေတဲ့ သင်္ဘော နေရာက ဒီမှာလား။”

ယွင်ကျုံးဟဲ့ မျက်လုံးများကို မှိတ်ကာ မေးလိုက်၏။ “ကွမ်တန်... အဲဒီ တည်နေရာ ကိုသြဒိနိတ်ရဲ့ အတိအကျ နေရာက ဘယ်မှာလဲ။”

အမှတ်(၉) ကွမ်တန်က ပြန်ဖြေလိုက်သည်။ “တောင်ဘက်ကို မီတာ နှစ်ထောင့်သုံးရာ၊ အဲဒီကနေ အရှေ့ဘက်ကို မီတာ နှစ်ထောင့်နှစ်ရာ သွားရပါမယ်။”

ယွင်ကျုံးဟဲ့က ပြန်ပြောလိုက်၏။ “တောင်ဘက်ကို လေးမိုင်ခွဲ၊ အဲဒီကနေ အရှေ့ဘက်ကို လေးမိုင်ခွဲ သွားရပါမယ်။”

လီဟွာမေသည် ယွင်ကျုံးဟဲ့ကို မျက်စောင်းထိုးကာ ပြောလိုက်သည်။ “အဲဒါ အရှေ့တောင်ဘက် ခြောက်မိုင်ခွဲ လောက်မှာ ရှိတယ်ဆိုတဲ့ အဓိပ္ပာယ်ပဲ မဟုတ်လား။”

ယွင်ကျုံးဟဲ့ အံ့ဩသွားတော့၏။ ‘ခန္ဓာကိုယ် ပေါက်ကွဲထွက်လုမတတ် လှပတဲ့ စစ်သေနာပတိချုပ် လီဟွာမေ... ခင်ဗျားက ပိုက်သာဂိုရတ် သီအိုရမ်ကိုတောင် တတ်နေတာလား။’

စစ်သေနာပတိချုပ် လီဟွာမေက အမိန့်ပေးလိုက်သည်။ “အရှေ့တောင်ဘက် ခြောက်မိုင်ခွဲကို ရှေ့ဆက်သွား။”

စစ်သင်္ဘော နှစ်စင်းသည် လမ်းကြောင်း ပြောင်းကာ အရှေ့တောင်ဘက်သို့ ရွက်လွှင့်သွားကြတော့၏။

ဆယ့်ငါးမိနစ်ခန့် မကြာမီမှာပင် စစ်သင်္ဘောများသည် ယွင်ကျုံးဟဲ့ ညွှန်ပြခဲ့သော ပစ်မှတ်နေရာသို့ အမှန်တကယ်ပင် ရောက်ရှိသွားတော့သည်။

ကြီးမားသော သင်္ဘောများသည် ပင်လယ်ပြင်တွင် လုံးဝ ရပ်တန့်၍ မရနိုင်သောကြောင့် ဤဧရိယာ တစ်ဝိုက်တွင်သာ လှည့်ပတ်နေရ၏။

လီဟွာမေသည် တင်းကျပ်သော ရေငုပ်ဝတ်စုံကို ဝတ်ဆင်လိုက်ရာ ပေါက်ကွဲထွက်လုမတတ် လှပသော ခန္ဓာကိုယ်သည် ယွင်ကျုံးဟဲ့၏ အရှေ့တွင် နောက်တစ်ကြိမ် ထွက်ပေါ်လာပြန်သောကြောင့် သူ၏ သွေးပေါင်ချိန် ချက်ချင်း မြင့်တက်သွားပြီး ခေါင်းမူးသွားလုမတတ် ဖြစ်သွားရသည်။

‘ဒီ ခန္ဓာကိုယ်က တကယ်ကို လွန်လွန်းနေပါပြီ။’

“ခေါင်းဖြတ်သမားတွေ ပြင်ဆင်ထား။” လီဟွာမေက ပြောလိုက်၏။

ချက်ချင်းပဲ ခေါင်းဖြတ်သမား တစ်ဦးသည် ယွင်ကျုံးဟဲ့၏ ဘေးသို့ ရောက်ရှိလာပြီး အလွန် ထက်မြက်သော ဓားကောက်ငယ် တစ်ချောင်းကို ထုတ်ယူကာ ယွင်ကျုံးဟဲ့၏ ခေါင်းပေါ်တွင် တင်ထားလိုက်သည်။

‘သောက်ကျိုးနည်း...ဒါက အရေခွံခွာတဲ့ နေရာမှာ ကျွမ်းကျင်တဲ့သူ ဆိုတာ တစ်ချက် ကြည့်လိုက်တာနဲ့ သိသာပါတယ်။ ခေါင်းပေါ်ကနေ စပြီး ခွာရမယ် ဆိုတာကို သိနေတယ်။ ဒီလို ကျွမ်းကျင်တဲ့သူမျိုးဆိုရင် အရေခွံခွာ ဖို့ ဆယ်မိနစ်တောင် ကြာမှာ မဟုတ်ပါဘူး။’

လီဟွာမေက ပြောလိုက်၏။ “အောက်ယွီ... အခု ကျွန်မ ရေအောက်ကို ဆင်းသွားမယ်။ အကယ်၍ နုဧကရာဇ်ရဲ့ နစ်မြုပ်နေတဲ့ သင်္ဘောကို မတွေ့ဘူးဆိုရင် ရှင့်ရဲ့ အရေခွံကို ခွာပစ်မယ်။”

ပြောဆိုပြီးနောက် သူမသည် ပင်လယ်ရေ အတွင်းသို့ တိုက်ရိုက် ခုန်ချသွားပြီး ရေမြွေ တစ်ကောင်ကဲ့သို့၊ ရေသူမ တစ်ကောင်ကဲ့သို့ ပင်လယ်အောက်ခြေသို့ တိုက်ရိုက် ငုပ်လျှိုးသွားတော့သည်။

ယွင်ကျုံးဟဲ့ကတော့ ကုန်းပတ်ပေါ်မှာ တစ်မိနစ်ဟာ တစ်နှစ်လို ခံစားနေရသည်။ အဘယ်ကြောင့်ဆိုသော် ခေါင်းပေါ်တွင် ဝဲနေသည့် အရေခွံခွာသောဓားက အရမ်းကို ကြောက်စရာ ကောင်းသောကြောင့်ပင်။

အကယ်၍ အောက်မှာ နစ်မြုပ်နေတဲ့ သင်္ဘော မရှိဘူးဆိုလျှင် ယွင်ကျုံးဟဲ့ သေချာပေါက် သေရမှာဖြစ်၏။

တစ်ချိန်တည်းမှာပဲ ကုန်းပတ်ပေါ်ရှိ လူတိုင်းနီးပါးသည် မြေပြင်ပေါ်တွင် ဒူးထောက်လိုက်ကြပြီး စစ်သေနာပတိချုပ် လီဟွာမေ အတွက် ဆုတောင်းပေးနေကြသည်မှာ ထင်ရှားသည်။

အကြောင်းမူကား စစ်သေနာပတိချုပ် လီဟွာမေသည် အသက်ရှင်ရန် ငါးရက်မျှသာ ကျန်ရှိတော့ကြောင်း သူတို့ သိရှိထားကြသောကြောင့် ဖြစ်၏။

အကယ်၍ နစ်မြုပ်နေသော စစ်သင်္ဘောကို ရှာဖွေမတွေ့ရှိနိုင်ပါက နုဧကရာဇ် ချန်ထားရစ်ခဲ့သည့် ဆေးဝါးကိုလည်း ရှာတွေ့နိုင်တော့မည် မဟုတ်ချေ။ ထိုသို့သာ ဖြစ်ပွားခဲ့လျှင် လီဟွာမေသည် တစ်ကိုယ်လုံး အစိတ်စိတ်အမြွှာမြွှာ ပေါက်ကွဲထွက်ကာ အသက်ပျောက်ပျက်သွားရုံသာ ရှိတော့သည်။

ငါးမိနစ် ကြာသွား၏။ ဆယ်မိနစ် ကြာသွား၏။ ဆယ့်ငါးမိနစ် ကြာသွားခဲ့ပြီ ဖြစ်၏။

ယွင်ကျုံးဟဲ့ လုံးဝ အံ့ဩမှင်သက်သွားတော့သည်။ ‘လီဟွာမေက သာမန် ကိရိယာလေးတွေလောက်ပဲ ယူပြီး ပင်လယ်အောက်ခြေကို ဆင်းသွားတာလေ။ ရေအောက်မှာ ဒီလောက် အချိန်အကြာကြီး နေနိုင်တယ် ဟုတ်လား။ အရမ်းကို အစွမ်းထက်လွန်း မနေဘူးလား။’

ထိုအချိန်တွင်ပင် ပင်လယ်ပြင်ပေါ်တွင် လှုပ်ရှားမှု တစ်ခု ရုတ်တရက် ထွက်ပေါ်လာတော့သည်။ ထို့နောက် လှပသော မိစ္ဆာမလေးတစ်ဦး ရေထဲမှ ထွက်ပေါ်လာရာ စစ်သေနာပတိချုပ် လီဟွာမေ ဖြစ်ပြီး သူမသည် ပင်လယ်ရေပြင်ထက် မီတာ အနည်းငယ်ခန့် မြင့်သော သင်္ဘောကုန်းပတ်ပေါ်သို့ အလွယ်တကူ ခုန်တက်လာတော့၏။

“စစ်သေနာပတိချုပ်... ဘယ်လိုနေလဲ။ ဘယ်လိုနေလဲ။” လူတိုင်းက အလွန် စိတ်အားထက်သန်စွာဖြင့် မေးမြန်းလိုက်ကြသည်။

စစ်သေနာပတိချုပ် လီဟွာမေ၏ အကြည့်များမှာ ယွင်ကျုံးဟဲ့၏ မျက်နှာပေါ်သို့ ရောက်ရှိသွားပြီး လုံးဝ မယုံကြည်နိုင်သော အကြည့်များဖြင့် ကြည့်လိုက်၏။

အချိန်အတော်ကြာပြီးမှသာ သူမက ပြောလိုက်သည်။ “မှန်ပါတယ်။ ဒါက နုဧကရာဇ်ရဲ့ နစ်မြုပ်နေတဲ့ သင်္ဘော ရှိတဲ့ နေရာပါပဲ။ အဲဒီ နစ်မြုပ်နေတဲ့ သင်္ဘောကြီးကို ကျွန်မ တွေ့ခဲ့တယ်။ အရမ်းကို ကြီးမားတယ်။”

အပိုင်း (၅၈၆)

ဤစကား ထွက်ပေါ်လာချိန်မှာတော့ သင်္ဘောပေါ်ရှိ လူတိုင်း ဝမ်းသာအားရ အော်ဟစ်လိုက်ကြတော့၏။

“သက်တော်ရာကျော် ရှည်ပါစေ... သက်တော်ရာကျော် ရှည်ပါစေ။”

“တာ့ရှန်း အင်ပါယာ သက်တော်ရာကျော် ရှည်ပါစေ... နုဧကရာဇ် သက်တော်ရာကျော် ရှည်ပါစေ... စစ်သေနာပတိချုပ် သက်တော်ရာကျော် ရှည်ပါစေ။”

စစ်သေနာပတိချုပ် လီဟွာမေ အသက်ရှင်နိုင်တော့မည်ဖြစ်ပြီး သူတို့၏ အားထားရာ၊ သူတို့၏ စစ်သေနာပတိချုပ် အသက်ရှင်နိုင်တော့မည်ဟု လူတိုင်းက ထင်မှတ်နေကြသည်။

လီဟွာမေက ပြောလိုက်၏။ “ဒါပေမဲ့... နစ်မြုပ်နေတဲ့ သင်္ဘောထဲမှာ ဘာမှ မရှိဘူး။ အကုန်လုံး အလွတ်ကြီး ပါပဲ။”

ဤစကား ထွက်ပေါ်လာချိန်မှာတော့ လူတိုင်း၏ မျက်နှာ လုံးဝ ပျက်ယွင်းသွားတော့သည်။ “ဘယ်လိုလုပ် ဒီလို ဖြစ်ရတာလဲ။”

ယွင်ကျုံးဟဲ့က မေးလိုက်၏။ “ပင်လယ်ရေတွေ မျောပါသွားတာများလား။”

လီဟွာမေက ခေါင်းခါကာ ပြန်ဖြေလိုက်သည်။ “မဖြစ်နိုင်ဘူး။ ဘာလို့လဲဆိုတော့ နစ်မြုပ်နေတဲ့ သင်္ဘောကြီးက အတော်လေး အကောင်းပကတိ ရှိနေသေးပြီး အတွင်းက လုံခြုံတဲ့ အခန်းတံခါးတွေတောင် ပွင့်နေလို့ပါ။ ဒါကြောင့် အထဲက ပစ္စည်းတွေကို တစ်ယောက်ယောက်က သယ်သွားတာပါ။”

ယွင်ကျုံးဟဲ့က အလန့်တကြားဖြင့် မေးလိုက်၏။ “တစ်ယောက်ယောက်က ကျုပ်တို့ထက် အရင် ဒီနေရာကို ရှာတွေ့သွားပြီး ပစ္စည်းတွေ အားလုံးကို အရင် သယ်သွားတာများလား။ ဒါက လုံးဝ မဖြစ်နိုင်ဘူး။”

လီဟွာမေက ပြောလိုက်သည်။ “ဒါပေမဲ့ အမှန်တရားက အဲဒီလို ဖြစ်နေတယ်။ နုဧကရာဇ်ရဲ့ နစ်မြုပ်နေတဲ့ သင်္ဘောထဲက ပစ္စည်းတွေ အားလုံး အသယ်ခံလိုက်ရပါပြီ။”

နစ်မြုပ်နေသော သင်္ဘောမှ ရတနာသိုက်ကြီးမှာလည်း ခိုးယူခံလိုက်ရပြီဖြစ်သည်။ ထိုအဖြစ်အပျက်သည် နုဧကရာဇ်အတွက် နောက်ဆုံးမျှော်လင့်ချက်ဖြစ်သော ဆေးဝါးများ ဆုံးရှုံးသွားပြီဖြစ်ကြောင်း သက်သေပြနေ သကဲ့သို့၊ လီဟွာမေအတွက်လည်း သေဆုံးခြင်းနှင့် ရင်ဆိုင်ရတော့မည့် နိမိတ်ဆိုးပင် ဖြစ်၏။

“အသက်ရှင်ရတာက ဘာများ ပျော်စရာ ရှိလို့လဲ။ သေရတာကော ဘာများ ကြောက်စရာ ရှိလို့လဲ။”

လီဟွာမေက ပြောလိုက်သည်။ “ဒါတွေ အားလုံးက ကောင်းကင်ဘုံရဲ့ အစီအစဉ်တွေပါပဲ။ ကောင်းကင်ဘုံက ကျွန်မကို နစ်မြုပ်နေတဲ့ သင်္ဘောကို ရှာတွေ့ခွင့် ပေးခဲ့ပေမယ့် အထဲမှာတော့ ဘာမှ မရှိဘူး။ ဒါက ကျွန်မ ရွေးချယ်ခဲ့တဲ့ လမ်းဟာ မှားယွင်းနေတယ် ဆိုတာကို ပြသနေတာ ဖြစ်နိုင်တယ်။”

ထို့နောက် လီဟွာမေသည် ယွင်ကျုံးဟဲ့ကို ကြည့်ကာ ပြောလိုက်၏။ “အောက်ယွီ... ကျွန်မ ရှင့်ကို ကတိပေးထားခဲ့တယ်။ ရှင်က နုဧကရာဇ်ရဲ့ နစ်မြုပ်နေတဲ့ သင်္ဘောကို ရှာတွေ့အောင် ကူညီပေးနိုင်ရင် ကျွန်မရဲ့ ရေတပ်ကို ငှားပေးမယ်လို့လေ။

ကျွန်မက ကတိတည်တယ်။ နစ်မြုပ်နေတဲ့ သင်္ဘောထဲမှာ ဘာမှ မရှိရင်တောင်မှ ရှင်က ရှင့်ရဲ့ တာဝန်ကို ပြီးဆုံးအောင် လုပ်နိုင်ခဲ့တယ်။ ကျွန်မရဲ့ ရေတပ်ကို ငှားပေးဖို့ သဘောတူတယ်။ ကျွန်မတို့ အခု တာ့ရစ်ကျွန်းကို ပြန်ကြမယ်။ အခု အမြန်ဆုံး အရှိန်နဲ့ ပြန်မယ်ဆိုရင် အချိန်မီနိုင်ပါသေးတယ်။ ကျွန်မ မသေခင်လေးမှာ လူငါးသောင်းပါတဲ့ ရေတပ်ကို ရှင့်ဆီ ငှားပေးနိုင်မှာပါ။”

“သွားကြစို့။”

လီဟွာမေက အသံကျယ်ကျယ်ဖြင့် အော်ဟစ်လိုက်သည်။ “ပြန်လှည့်... စခန်းကို ပြန်မယ်။”

သင်္ဘောပေါ်ရှိ လူတိုင်း၏ မျက်လုံးများမှ မျက်ရည်များ ကျဆင်းလာကြပြီး သူတို့သည် ဤသတင်းဆိုးကြီးကို လုံးဝ လက်မခံချင်ကြချေ။

လီဟွာမေက ပြောလိုက်၏။ “ဘာတွေ ရပ်နေကြတာလဲ။ ချက်ချင်း ပြန်လှည့်... အမြန်ဆုံး အရှိန်နဲ့ ပြန်လှည့်။”

ယွင်ကျုံးဟဲ့၏ ဦးခေါင်းတစ်ခုလုံး ထုံကျင်သွားတော့၏။ တကယ်တော့ သူ၏ တာဝန်သည် အောင်မြင်သွားပြီ ဖြစ်ပြီး လီဟွာမေ၏ ရေတပ်ကို ငှားရမ်းနိုင်ခဲ့ပြီ ဖြစ်သည်။ သို့ပေမည့် လီဟွာမေကို ဤအတိုင်း သေခွင့် ပြုလိုက်ရတော့မည်လား။

‘မဟုတ်ဘူး။ ဒီလိုလုပ်လို့ မဖြစ်ဘူး။ အလွတ်ကြီး ဖြစ်နေတဲ့ နုဧကရာဇ်ရဲ့ နစ်မြုပ်နေတဲ့ သင်္ဘော တစ်စင်းတည်းနဲ့တော့ လူငါးသောင်းပါတဲ့ အထူး ရေတပ်ကြီးကို ငှားရမ်းဖို့ မထိုက်တန်ဘူး။ လီဟွာမေရဲ့ အသက်ကို ကယ်တင်နိုင်မှသာ လူငါးသောင်းပါတဲ့ ရေတပ်ကို ငှားရမ်းဖို့ အရည်အချင်း ရှိလာမှာ။ ဒါဆို လီဟွာမေရဲ့ အသက်ကို ဘယ်လို ကယ်တင်ရမလဲ။’

ယွင်ကျုံးဟဲ့သည် ဦးနှောက်ကို အစွမ်းကုန် အလုပ်ပေးပြီး စဉ်းစားခန်း ဝင်နေတော့၏။

‘ပင်လယ်အောက်ခြေမှာရှိတဲ့ နုဧကရာဇ်ရဲ့ နစ်မြုပ်နေတဲ့ သင်္ဘောထဲမှာ ဘာမှ မရှိတော့ဘူးဆိုတော့ လူတွေ သယ်သွားတာပဲ ဖြစ်ရမယ်။ ဒါက ဖြစ်နိုင်ခြေနှစ်ခု ရှိတယ်။ ပထမ ဖြစ်နိုင်ခြေကတော့ တစ်ယောက်ယောက်က ကျုပ်တို့ထက် အရင် နုဧကရာဇ်ရဲ့ နစ်မြုပ်နေတဲ့ သင်္ဘောကို ရှာတွေ့သွားပြီး ပစ္စည်းတွေ အားလုံးကို ကြိုတင် ယူသွားတာ။

ဒုတိယ ဖြစ်နိုင်ခြေကတော့ အဲဒီတုန်းက သင်္ဘော နစ်မြုပ်သွားတဲ့ အချိန်မှာ သင်္ဘောပေါ်က လူတွေ အားလုံး မသေဘဲ ကျန်ရစ်နေတဲ့ သူတွေက သင်္ဘောပေါ်က ပစ္စည်းတွေကို ပြောင်းရွှေ့သွားတာ။ အကယ်၍ ဒုတိယ ဖြစ်နိုင်ခြေသာ ဆိုရင်တော့ ဒါက လွန်ခဲ့တဲ့ နှစ်ပေါင်း မရေမတွက်နိုင်အောင် ကြာခဲ့တဲ့ အချိန်က ဖြစ်ခဲ့တဲ့ ကိစ္စပဲ။ ဒါဆို သူတို့က သင်္ဘောပေါ်က ပစ္စည်းတွေကို ဘယ်ကို ပြောင်းရွှေ့သွားကြမလဲ။’

ယွင်ကျုံးဟဲ့၏ အကြည့်များမှာ အဝေးရှိ ထူးဆန်းသော ကျောက်ဆောင်များနှင့် မတ်စောက်သော ကျောက်တောင်ကမ်းပါးများ ပြည့်နှက်နေသည့် အမည်းရောင် ကျောက်ဆောင်ကျွန်းဆီသို့ ရောက်ရှိသွားသည်။

ယွင်ကျုံးဟဲ့က အသံကျယ်ကျယ်ဖြင့် ပြောလိုက်၏။ “နေအုံး။ စစ်သေနာပတိချုပ် လီဟွာမေ... နုဧကရာဇ်ရဲ့ နစ်မြုပ်နေတဲ့ သင်္ဘောရဲ့ ရတနာသိုက်ကြီးကို တခြားလူတွေ သယ်သွားတာ မဟုတ်လောက်ဘူး။ သင်္ဘော နစ်မြုပ်တဲ့ အချိန်မှာပဲ ပြောင်းရွှေ့သွားတာ ဖြစ်နိုင်တယ်။ အကယ်၍ အဲဒီလိုသာဆိုရင် နုဧကရာဇ်ရဲ့ ရတနာသိုက်ကြီးဟာ အရှေ့မှာရှိတဲ့ အဲဒီကျွန်းပေါ်မှာ ရှိနေနိုင်တယ်။”

စစ်သေနာပတိချုပ် လီဟွာမေ၏ လှပသော မျက်လုံးများ ချက်ချင်း လင်းလက်သွားပြီးနောက် အသံကျယ်ကျယ်ဖြင့် အမိန့်ပေးလိုက်သည်။ “စစ်သင်္ဘော... အရှေ့က ထူးဆန်းတဲ့ ကျောက်ဆောင် ကျွန်း ဆီကို ရွက်လွှင့်။”

တစ်နာရီ အကြာတွင် စစ်သင်္ဘော နှစ်စင်းသည် ထူးဆန်းသော ကျောက်ဆောင်ကျွန်း အနီးသို့ ရောက်ရှိသွားတော့၏။

ဤကျွန်းသည် မကြီးသလို မသေးဘဲ အရှည် ဆယ်မိုင်ကျော်ခန့်ရှိပြီး နေရာတိုင်းတွင် မီတာ ရာချီ မြင့်သော မတ်စောက်သည့် ကျောက်တောင် ကမ်းပါးများ ရှိနေသည်။

စစ်သေနာပတိချုပ် လီဟွာမေသည် စကားနှစ်ခွန်း မပြောဘဲ ယွင်ကျုံးဟဲ့ကို ကျောပိုးကာ သင်္ဘောပေါ်မှ ခုန်ချပြီး ထူးဆန်းသော ကျောက်ဆောင်ကျွန်း၏ ကျောက်တောင်ကမ်းပါးများပေါ်သို့ တွယ်တက် သွားတော့၏။

မှန်ပေသည်။ သူမသည် ယွင်ကျုံးဟဲ့ကို ကျောပိုးထားခြင်း ဖြစ်သည်။

အလွန်အမင်း ဆွဲဆောင်မှုရှိကာ ပေါက်ကွဲထွက်လုမတတ် တောက်ပနေသည့် သူမ၏ ခန္ဓာကိုယ်ကို မည်သူမျှ မည်သူမှ သည်းခံနိုင်စွမ်း ရှိမည်မဟုတ်ပေ။ ထိုအခြေအနေကြောင့် ယွင်ကျုံးဟဲ့မှာ အလွန်အမင်း ရှက်ရွံ့နေမိ၏။

လီဟွာမေ၏ သိုင်းပညာသည် အမှန်တကယ် အစွမ်းထက်လှပြီး မီတာ ရာချီ မြင့်သော ကျောက်တောင် ကမ်းပါး၏ ထိပ်သို့ အလွယ်တကူ တက်ရောက်သွားနိုင်၏။ ကျွန်းတစ်ခုလုံးကို အပေါ်စီးမှ ကြည့်ရှုလိုက်ရာ ထူးဆန်းသော ကျောက်ဆောင်များသာ ရှိနေကြောင်း တွေ့ရှိလိုက်ရသည်။

ဤကျောက်ဆောင်ကျွန်းပေါ်တွင် သူမသည် ယွင်ကျုံးဟဲ့ကို ကျောပိုးထားသော်လည်း ညီညာသော မြေပြင်ပေါ်တွင် လမ်းလျှောက်နေသကဲ့သို့ ဧရာမ ကျောက်တုံးကြီးတစ်ခုမှ အခြား ဧရာမ ကျောက်တုံးကြီးတစ်ခုသို့ အလွယ်တကူ ခုန်ကူးသွားနိုင်၏။

သူမသည် ကျောက်ဆောင်ကျွန်းပေါ်တွင် ရှိနေနိုင်သော လိုဏ်ဂူ သို့မဟုတ် မြေအောက် ဝင်ပေါက် ကဲ့သို့သောအရာများကို လိုက်လံ ရှာဖွေနေခြင်း ဖြစ်သည်။

ရုတ်တရက် ယွင်ကျုံးဟဲ့က ပြောလိုက်၏။ “အဲဒီမှာ... အဲဒီမှာ...”

စစ်သေနာပတိချုပ် လီဟွာမေသည် ယွင်ကျုံးဟဲ့ကို ကျောပိုး၍ အရှိန်ဖြင့် ခုန်ကူးသွားရာ ဧရာမ ကျောက်တုံးကြီးတစ်ခုပေါ်တွင် စာလုံး တစ်လုံးကို မြင်တွေ့လိုက်ရသည်။

ဤသည်မှာ ထွင်းထွင်းထားသော စာလုံး တစ်လုံး ဖြစ်ပြီး နှစ်ပေါင်း မရေမတွက်နိုင်အောင် ကြာမြင့်နေပြီ ဖြစ်ကာ အပေါ်တွင် နု ဟု ရေးသားထား၏။

လီဟွာမေက စိတ်လှုပ်ရှားစွာဖြင့် ပြောလိုက်သည်။ “အောက်ယွီ... ရှင့်ရဲ့ ခန့်မှန်းချက်က မှန်တယ်။ သင်္ဘော နစ်မြုပ်တဲ့ အချိန်တုန်းက အသက်ရှင် ကျန်ရစ်သူတွေ ရှိခဲ့လို့ ပစ္စည်းတွေ အားလုံးကို ဒီကျွန်းပေါ် ပြောင်းရွှေ့ခဲ့တာပဲ။”

ဧရာမ ကျောက်တုံးကြီး၏ အောက်ခြေသို့ ရောက်ရှိသွားချိန်မှာတော့ ကြီးမားသော အပေါက်ကြီး တစ်ခုကို ကျောက်တုံး တစ်တုံး ဖြင့် ပိတ်ဆို့ထားသည်ကို တွေ့လိုက်ရ၏။

လီဟွာမေ ရှေ့သို့တက်ကာ ထိုဧရာမ ကျောက်တုံးကြီးကို ဖယ်ရှားလိုက်ရာ လိုဏ်ဂူ တစ်ခု ထွက်ပေါ်လာ တော့သည်။

ယွင်ကျုံးဟဲ့ လည်း အလွန်အမင်း ဝမ်းသာသွားတော့သည်။ နုဧကရာဇ်၏ ရတနာသိုက်သည် ဤလိုဏ်ဂူ အတွင်း၌ သေချာပေါက် ရှိနေပေလိမ့်မည်။

ထိုသို့ဆိုလျှင် လီဟွာမေ၏ အသက်ကိုလည်း ကယ်တင်နိုင်မည်ဖြစ်ကာ အတွင်း၌ ထူးဆန်းပြီး အဖိုးတန်သော ရတနာများ အများအပြားလည်း ရှိနေနိုင်သည်။

ဤကမ္ဘာလောက၏ အဆုံးစွန်သော လျှို့ဝှက်ချက်ကိုပင် ဖော်ထုတ်နိုင်ရန် ကူညီပေးနိုင်ပေလိမ့်မည်။

စစ်သေနာပတိချုပ် လီဟွာမေသည် ယွင်ကျုံးဟဲ့ကို ကျောပိုးကာ လိုဏ်ဂူအတွင်းသို့ ချက်ချင်း ပြေးဝင် သွားတော့၏။

‘နုဧကရာဇ်ရဲ့ ရတနာသိုက်... ကျုပ် လာပြီ။ မီးလျှံဘုရင်မကို သိမ်းပိုက်ရတာ ဒီလောက်တောင် လွယ်ကူနေတာပါလား။ ကျုပ်တော့ ချမ်းသာတော့မှာပဲ... ဟား.... ဟား... ဟား... ဟား...’

စစ်သေနာပတိချုပ် လီဟွာမေသည် မီးတုတ်ကို ထွန်းညှိလိုက်ပြီး ယွင်ကျုံးဟဲ့နှင့်အတူ လိုဏ်ဂူအတွင်းသို့ ဝင်ရောက်သွားတော့သည်။

ဤသည်မှာ သဘာဝအတိုင်း ဖြစ်ပေါ်နေသော လိုဏ်ဂူတစ်ခု ဖြစ်ပြီး လူ ဖန်တီးထားခြင်း မဟုတ်ချေ။

ယွင်ကျုံးဟဲ့သည် လိုဏ်ဂူ၏ နံရံ နှစ်ဖက်စလုံးတွင် စာလုံးများ အပြည့် ရေးသားထားသည်ကို တွေ့ရှိ လိုက်ရပြီး အများစုမှာ ကျမ်းစာများ ဖြစ်ကြသည်။

ထို့အပြင် ယွင်ကျုံးဟဲ့ တစ်ခါမှ မဖတ်ဖူးခဲ့သော ကျမ်းစာများ ဖြစ်ပြီး အလွန် ထူးဆန်းသော ကျမ်းစာများ ဖြစ်၏။

လီဟွာမေသည် လိုဏ်ဂူ အတွင်းပိုင်းသို့ ချက်ချင်း မဝင်ရောက်သေးဘဲ နံရံပေါ်ရှိ ကျမ်းစာ စာလုံးများကို အရင်ဆုံး လေ့လာနေသည်။

ဤစာလုံး အများစုမှာ အလွန် ရှေးကျနေပြီဖြစ်ရာ ယွင်ကျုံးဟဲ့ ခန့်မှန်းခဲ့သကဲ့သို့ပင် သင်္ဘော နစ်မြုပ် ပြီးနောက် တာ့ရှန်း အင်ပါယာမှ ထွက်ပြေးလွတ်မြောက်လာသူများသည် ချက်ချင်း သေဆုံးမသွားဘဲ ဤကျွန်းပေါ်သို့ အများအပြား ပြောင်းရွှေ့လာခဲ့ကြခြင်းပင် ဖြစ်သည်။ ထို့ကြောင့် ပစ္စည်း အများအပြားကို ဤ လိုဏ်ဂူ အတွင်းသို့ ပြောင်းရွှေ့လာခဲ့ကြခြင်း ဖြစ်၏။

လီဟွာမေ၏ လက်ချောင်းများသည် နံရံပေါ်ရှိ စာလုံးများကို ပွတ်သပ်သွားပြီး မျက်နှာ အနည်းငယ် တုန်ယင် သွားတော့သည်။

ဤလူများ အားလုံးမှာ သူမ၏ ဘိုးဘေးများ ဖြစ်ကြပြီး ကံမကောင်းစွာဖြင့် ပင်လယ်ရေကြောင်း ဘေးအန္တရာယ်နှင့် ကြုံတွေ့ခဲ့ရခြင်း ဖြစ်၏။

ယွင်ကျုံးဟဲ့က ရုတ်တရက် မေးလိုက်သည်။ “အဲဒီတုန်းက နုဧကရာဇ်က ဘာလို့ ရုတ်တရက် သေဆုံးသွားရတာလဲ။ တာ့ရှန်း အင်ပါယာရဲ့ တိုးတက်လာမှုနဲ့ ကျဆင်းမှုက ဘာလို့ ဒီလောက်တောင် မြန်ဆန်ရတာလဲ။”

လီဟွာမေက ပြန်ဖြေလိုက်၏။ “ကျွန်မလည်း အများကြီး မသိဘူး။ ပြီးတော့ ရှင့်ကို ပြောပြခွင့်လည်း မရှိဘူး။”

ထို့နောက် လီဟွာမေက မေးလိုက်သည်။ “အောက်ယွီ... ရှင့်ကိုယ်ရှင် တာ့ယန် တော်ဝင်မိသားစုက လူတစ်ယောက်လို့ သတ်မှတ်ထားတာလား၊ ဒါမှမဟုတ် တာ့ရှန်း အင်ပါယာက လူတစ်ယောက်လို့ သတ်မှတ်ထားတာလား။”

ဤမေးခွန်းမှာ အလွန် ထူးဆန်းလှသည်။ တာ့ရှန်း အင်ပါယာသည် ဤကမ္ဘာလောက၏ သမိုင်းကြောင်းတွင် မျက်စိတစ်မှိတ် အတွင်းမှာပင် ဖြစ်ပေါ်ခဲ့ပြီး ပျောက်ကွယ်သွားခဲ့သော အရာတစ်ခုသာ ဖြစ်၏။

သို့ပေမည့် တာ့ယန် အင်ပါယာမှာမူ ဤကမ္ဘာလောက၏ ယဉ်ကျေးမှု သယ်ဆောင်သူဖြစ်ပြီး နှစ်ထောင်ချီတည်းက အမြဲတမ်း တာ့ယန် အင်ပါယာအဖြစ် တည်ရှိခဲ့ကာ ယခုအခါ လေးပိုင်း ကွဲသွားပြီး အင်ပါယာကြီး လေးခု ဖြစ်သွားသော်လည်း အားလုံးက ကိုယ့်ကိုယ်ကိုယ် တာ့ယန် အင်ပါယာ၏ အဆက်အနွယ်များ အဖြစ် သတ်မှတ်ထားကြဆဲ ဖြစ်သည်။

သို့ပေမည့် ယွင်ကျုံးဟဲ့ ကိုယ်တိုင်ကမူ အချိန်ခရီးသွားသူတစ်ဦး ဖြစ်သောကြောင့် ရပ်တည်ချက် သိပ်မခိုင်မာလှချေ။

သေချာပေါက် အခြေခံအားဖြင့်တော့ သူသည် ကိုယ့်ကိုယ်ကိုယ် တာ့ယန် အင်ပါယာ ယဉ်ကျေးမှု၏ အဖွဲ့ဝင် တစ်ဦး အဖြစ် သတ်မှတ်ထားသည်။

လီဟွာမေက ပြောလိုက်၏။ “ရှင် မပြောလည်း ကျွန်မ သိတယ်။”

ထို့နောက် လူနှစ်ဦးသည် ဆက်လက် လေ့လာကြရာ လိုဏ်ဂူ နံရံ နှစ်ဖက်စလုံးရှိ စာလုံးများသည် ပို၍ပို၍ မျှော်လင့်ချက် မဲ့လာပြီး ပို၍ပို၍ မှောင်မိုက်လာကြောင်း တွေ့ရှိလိုက်ရသည်။

ဤနေရာသည် မည်သည့် သက်ရှိ အရိပ်အယောင်မှ မရှိသော လူသူကင်းမဲ့သည့် ကျွန်းတစ်ကျွန်းဖြစ်ပြီး ကုန်းမြေနှင့် မိုင်သောင်းချီ ကွာဝေးကာ ရေချို မရှိသလို မီးမွှေးရန် သစ်သားပင် မရှိချေ။

ထို့ကြောင့် ဤနေရာတွင် လုံးဝ အသက်ရှင်သန်နိုင်မည် မဟုတ်သောကြောင့် နံရံပေါ်ရှိ စာလုံးများသည်လည်း သေချာပေါက် ပို၍ပို၍ မျှော်လင့်ချက် မဲ့လာမည်သာ ဖြစ်သည်။

စစ်သေနာပတိချုပ် လီဟွာမေနှင့် ယွင်ကျုံးဟဲ့ တို့သည် လိုဏ်ဂူ၏ အတွင်းပိုင်းသို့ ပို၍ပို၍ ဝင်ရောက်လာခဲ့ကြ၏။

ဤလိုဏ်ဂူသည် အလွန် နက်ရှိုင်းပြီး ဝင်္ကပါ တစ်ခုကဲ့သို့ အရပ်မျက်နှာ အားလုံးသို့ ဆက်သွယ်ထား၏။ အဆုံးသို့ ရောက်ရှိသွားချိန်မှာတော့ ထိုနေရာတွင် ဧရာမ လိုဏ်ဂူကြီးတစ်ခု ရှိနေပြီး အရွယ်အစား အမျိုးမျိုးရှိသော သေတ္တာများစွာကို သပ်သပ်ရပ်ရပ် စီထားသည်ကို တွေ့ရှိလိုက်ရသည်။

All Chapters