← Chapters

အခန်း (၅၈၇-၅၈၈)

Vol. 50 Ch. 587-588

အခန်း (၅၈၇-၅၈၈)

Vol. 50 Ch. 587-588

အပိုင်း (၅၈၇)

ထိုမြင်ကွင်းကို မြင်လိုက်ရချိန်မှာတော့ ယွင်ကျုံးဟဲ့ လုံးဝ အံ့ဩမှင်သက်သွားတော့၏။ ဤသေတ္တာများသည် နှစ်ပေါင်း မည်မျှ ကြာမြင့်နေပြီမှန်း မသိသော်လည်း ပျက်စီးယိုယွင်းနေခြင်း လုံးဝ မရှိချေ။

ဤသည်မှာ မည်သည့်ပစ္စည်းဖြင့် ပြုလုပ်ထားသနည်း။

ယွင်ကျုံးဟဲ့သည် ရှေ့သို့တိုး၍ စမ်းသပ်ကြည့်လိုက်ရာ ကျောက်တုံးနှင့်လည်း ဆင်တူသလို ကြွေထည် နှင့်လည်း အလားသဏ္ဍာန်တူနေကာ အလွန်ပင် ခိုင်မာသည့်ပုံစံ ရှိနေသည်။

စိတ်ဝင်တစားဖြင့် အားစိုက် မကြည့်လိုက်ချိန်မှာတော့ မိမိထင်မှတ်ထားသည်ထက် ပိုမိုပေါ့ပါးနေသည်ကို တွေ့လိုက်ရ၏။

အကယ်၍ ထိုအရာသည် ကျောက်တုံးဖြစ်ပါက အလေးချိန်မှာ များပြားနေရမှာဖြစ်ပြီး၊ ကြွေထည် ဖြစ်ပါကလည်း အလွန်အမင်း ကျွတ်ဆတ်နေပေလိမ့်မည်။

ဤနေရာတွင် သေတ္တာများ စုစုပေါင်းမည်မျှ ရှိသနည်း။ ရာနှင့်ချီသော သေတ္တာတို့သည် တောင်ကြီးပမာ ပုံလျက်ရှိနေရာ၊ ထိုအတွင်း၌ မည်မျှများပြားလှသော ရတနာများ ပုန်းကွယ်နေမည်နည်း။

သို့သော်လည်း သေတ္တာတိုင်းမှာ တင်းကျပ်စွာ ပိတ်လှောင်ထားပြီး သော့ခတ်ထားသည်။ အရေးအကြီးဆုံး အချက်မှာ အပြင်ဘက်မှ ခတ်ထားခြင်းမဟုတ်ဘဲ အတွင်းဘက်မှ သော့ခတ်ထားခြင်းဖြစ်၏။

ထိုအရာမှာ စက်ယန္တရားဆိုင်ရာ သော့တစ်မျိုးဖြစ်ပြီး လက်ရှိတွင် ထိုသော့၏ အလုပ် လုပ်ပုံ သဘောတရားကို မည်သို့မှ နားလည်နိုင်စွမ်း မရှိသေးပေ။

စစ်သေနာပတိချုပ် လီဟွာမေသည် သေတ္တာများကို အရင်ဆုံး ဂရုမစိုက်ဘဲ နေရာတစ်ခုကိုသာ စိုက်ကြည့်နေတော့၏။

“ဘာကြည့်နေတာလဲ။” ယွင်ကျုံးဟဲ့က မေးလိုက်ပြီးနောက် ရှေ့သို့တက်ကာ ကြည့်ရှုလိုက်သည်။

လိုဏ်ဂူ၏ အလယ်ဗဟိုတွင် ဧရာမ ရေကန်နက်ကြီး တစ်ခု ရှိနေပြီး ရေများမှာ အစိမ်းရောင် သန်းနေကာ ကျောက်စိမ်း တစ်ခုကဲ့သို့ အောက်ခြေကိုပင် မမြင်ရလောက်အောင် နက်ရှိုင်းလှကြောင်း တွေ့လိုက်ရ၏။

‘ဒါက ရေချိုများ ဖြစ်နေမလား။ ဒီလို ဖြစ်နိုင်ခြေတော့ မရှိဘူး။’

ထို့နောက် ယွင်ကျုံးဟဲ့သည် လက်ဆန့်ထုတ်ကာ ရေချို ဟုတ်၊ မဟုတ် မြည်းစမ်းကြည့်ရန် ပြင်လိုက်သည်။

“ရပ်လိုက်။ ရှင် သေချင်နေတာလား။” လီဟွာမေက ယွင်ကျုံးဟဲ့ကို ဆွဲထားလိုက်၏။

ယွင်ကျုံးဟဲ့ သေချာ ကြည့်လိုက်ချိန်မှာတော့ ရေကန် အတွင်း၌ အရိုးစုများ အပြည့် ရှိနေပြီး ရေတွက်၍ပင် မရနိုင်လောက်အောင် များပြားနေကြောင်း တွေ့ရှိလိုက်ရသည်။

ဤလူများ အားလုံးသည် ထွက်ပြေးလွတ်မြောက်လာသော တာ့ရှန်း အင်ပါယာ၏လူများ ဖြစ်ကြပြီး သင်္ဘော နစ်မြုပ်စဉ်က မသေခဲ့သော်လည်း ယခု ဤရေကန် အတွင်း၌ သေဆုံးနေကြသည်လား။

‘ဒါ ဘယ်လို ဖြစ်ရတာလဲ။ ဒါက အစုလိုက်အပြုံလိုက် ကိုယ့်ကိုယ်ကိုယ် သတ်သေတာများလား။ ဒီအထဲမှာ အနည်းဆုံး အလောင်း ရာချီရှိပြီး အသားတွေ အားလုံးက လုံးဝ ဆွေးမြေ့သွားကာ အရိုးစုတွေပဲ ကျန်တော့တယ်။’

ဤမြင်ကွင်းသည် အမှန်တကယ်ပင် အသက်ရှူရခက်ခဲလောက်အောင် ထိတ်လန့်စရာ ကောင်းလှသည်။ ထို့အပြင် ယခင်က လှပခဲ့သော ရေကန်ကြီးမှာလည်း ယခုအခါ ကြောက်မက်ဖွယ်ကောင်းပြီး မှိုင်းညို့နေသည့် အသွင်သို့ ပြောင်းလဲသွားတော့၏။

ဤရေကန်အတွင်း၌ မည်သည့်အရာများ ပုန်းကွယ်နေသနည်း။ ယွင်ကျုံးဟဲ့မှာ စူးစမ်းလိုသည့်စိတ်ကို မထိန်းနိုင်ဘဲ အောက်ဘက်သို့ ငုံ့ကြည့်လိုက်မိသည်။

ထိုအချိန်တွင်ပင် ယွင်ကျုံးဟဲ့၏ စိတ်ထဲတွင် အလိုအလျောက် အန္တရာယ် ရှိကြောင်း သတိပေးချက် တစ်ခု ထွက်ပေါ်လာတော့၏။ ‘အခြေအနေ မကောင်းဘူး။ အန္တရာယ် ရှိတယ်။’

တစ်ချိန်တည်းမှာပဲ သူသည် ရုတ်တရက် အလွန် အိပ်ချင်လာပြီး မြေပြင်ပေါ်တွင် လဲလျောင်းကာ အိပ်ပျော်သွားတော့သည်။

‘သောက်ကျိုးနည်း... ဒါ ဘာသဘောလဲ။ ဒီလို အချိန်ကြီးမှ အိပ်ရတယ်လို့။ ဒါက ကိုးလပိုင်း ခြောက်ရက်နေ့ ရောက်လာပြီလား။’

ဟုတ်ပေသည်။ ယနေ့မှာ ကိုးလပိုင်း ခြောက်ရက်နေ့ ဖြစ်သည်။ သို့သော်ငြား ယခင်က ယွင်ကျုံးဟဲ့ကို ဤကဲ့သို့ အတင်းအကျပ် အိပ်ပျော်စေခဲ့ခြင်းမျိုး မရှိခဲ့ပေ။ ယခုပြုလုပ်နေသည်မှာ ရုတ်တရက် စိတ်ကျန်းမာရေးလူနာ တစ်ဦးကို အစားထိုးရန် ကြိုးပမ်းနေခြင်း ဖြစ်၏။

ဤအပြုအမူမှာ မည်သို့သော အဓိပ္ပာယ် ရှိသနည်း။ သူ့ကို သရဲမလေးနှင့် အစားထိုးရန် ရည်ရွယ် ထားခြင်းလား။ ထိုသို့မဟုတ်ပါက ရေကန်အတွင်းရှိ အရိုးစုများကို စုံစမ်းမေးမြန်းရန် ကြံစည် ထားခြင်းလား ၎င်းတို့ နောက်ဆုံးအချိန်တွင် မည်သည့်အရာများကို မြင်တွေ့ခဲ့ရသည်ကို မေးမြန်းလိုခြင်းလား။

သို့သော်လည်း အားလုံးမှာ အရိုးစုများအဖြစ်သို့ ပြောင်းလဲသွားခဲ့ပြီဖြစ်သည်။ အလောင်း မဟုတ်တော့သည့်အပြင် ဦးနှောက်နှင့် မျက်လုံးများပင် မရှိတော့သည့် အခြေအနေတွင် သရဲတစ္ဆေတို့အား မည်သို့ သွားရောက်မေးမြန်းနိုင်မည်နည်း။

မကြာမီမှာပဲ ကျပန်း မဲနှိုက်မှု စတင်တော့၏။ အလင်းတန်း တစ်ခု ကျဆင်းလာပြီး လူတိုင်း၏ မျက်နှာပေါ်သို့ ထိုးကျလာကာ လျင်မြန်စွာ ရွေ့လျားနေတော့၏။

‘ခင်ဗျားကို ကျုပ် တကယ် မယုံဘူး... ကျပန်း မဲနှိုက်တာလို့သာ ပြောနေတာ၊ ဒီကိစ္စက ထီပေါက်တာထက်တောင် ပိုပြီး နက်နဲနေသေးတယ်။’

“ဝှစ်... ဝှစ်... ဝှစ်... ဝှစ်...”

အလင်းတန်းသည် လျင်မြန်စွာ ရွေ့လျားနေပြီး နောက်ဆုံးတွင် လူတစ်ယောက်၏ မျက်နှာပေါ်၌ ရပ်တန့်သွားတော့သည်။

ယွင်ကျုံးဟဲ့ အံ့ဩသွားပြီး မေးလိုက်၏။ “အစ်ကိုကြီး... ခင်ဗျားက ဘယ်သူလဲ။”

ထိုစိတ်ကျန်းမာရေး လူနာက ပြန်ပြောလိုက်သည်။ “ဆရာဝန်ကြီး... ကျုပ်က အမှတ်(၂၅) ပါ။”

ယွင်ကျုံးဟဲ့ အံ့ဩသွားတော့၏။ အမှတ်(၂၃)၊ အမှတ်(၂၄) တို့ကို သူ အသုံးပြုဖူးပြီး အလွန်လည်း အသုံးဝင်ခဲ့သည်။ သို့ပေမည့် အမှတ်(၂၅) ဆိုသည်မှာ မည်သူနည်း။ ထိုသူ့ထံတွင် မည်ကဲ့သို့သော ထူးခြားသည့် စွမ်းရည် ရှိသနည်း။

အမှတ်(၂၅)သည် ပြုံးရုံသာ ပြုံးနေပြီး စကားမပြောချေ။

‘ချီးတဲ့မှ... ခင်ဗျားက အနေတာလား။’

သို့ပေမည့် X စိတ်ကျန်းမာရေး ဆေးရုံက ရုတ်တရက် သူ့ကို စိတ်ကျန်းမာရေး လူနာ တစ်ယောက် အစားထိုးပေးလိုက်ခြင်းမှာ ပြဿနာ တစ်ခုခု ဖြစ်ပေါ်လာပြီဆိုသည်မှာ သေချာလှသည်။ ထို့အပြင် အလွန် ကြီးမားသော ပြဿနာကြီး ဖြစ်ပေလိမ့်မည်။

ဧရာမ လိုဏ်ဂူ အတွင်း၌ စစ်သေနာပတိချုပ် လီဟွာမေသည် ယွင်ကျုံးဟဲ့ ရုတ်တရက် မြေပြင်ပေါ်တွင် လဲလျောင်းကာ ဟောက်သံပေး၍ အိပ်ပျော်သွားသည်ကို တွေ့ရှိရချိန်မှာတော့ အလွန် အံ့ဩသွားတော့၏။

သို့ပေမည့် သူမသည် နှစ်ချက်ခန့် တွန်းကြည့်လိုက်ပြီး သူ၏ လည်ပင်းမှ သွေးကြောခုန်နှုန်းကို စမ်းသပ်ကြည့်လိုက်ရာ မသေသေးကြောင်း တွေ့ရှိရသောကြောင့် ဆက်လက် ဂရုမစိုက်တော့ချေ။

သူမသည် လိုဏ်ဂူ အတွင်း၌ ဆက်လက် လမ်းလျှောက်နေပြီး ရတနာများကို ရှာဖွေရန် အလျင်မလိုသေးဘဲ ဘိုးဘေးများ ထားရစ်ခဲ့သော စာလုံးများကိုသာ လိုက်လံ ကြည့်ရှုနေတော့၏။

ထို့နောက် သူမသည် ထူးဆန်းသော နေရာတစ်ခုကို တွေ့ရှိလိုက်သည်။ နံရံတစ်ခုပေါ်တွင် စာလုံးများ အပြည့် ရေးသားထားသော်လည်း ပြန်လည် ခြစ်ထုတ်ခံထားရသောကြောင့် မည်သည့်အရာများ ရေးသားထား သည်ကို လုံးဝ မသိနိုင်တော့ချေ။

‘ဘာလို့ ခြစ်ထုတ်ပစ်ရတာလဲ။ ဒီကျွန်းလေးပေါ်မှာ ပိတ်မိနေတယ်ဆိုတာ အခြေခံအားဖြင့် သေရတော့မှာပဲလေ။ ဘယ်သူမှ မြင်တွေ့ရမှာ မဟုတ်ဘူးလေ။ဒီခြစ်ထုတ်ပစ်လိုက်တဲ့ စာလုံးတွေထဲမှာ ဘာလျှို့ဝှက်ချက်တွေ ရှိနေလို့လဲ။’

နောက်ဆက်တွဲ အနေဖြင့် စစ်သေနာပတိချုပ် လီဟွာမေသည် ရတနာများကို တရားဝင် စတင် ရှာဖွေတော့သည်။ ထို့အပြင် မြေပြင်ပေါ်တွင် ဟောက်သံပေး၍ အိပ်ပျော်နေသော ယွင်ကျုံးဟဲ့ ကိုလည်း တစ်ချက် ကြည့်လိုက်သေး၏။

သေတ္တာ ရာချီခန့်ကို စစ်ဆေးကြည့်ရှုပြီးနောက် လီဟွာမေသည် သေတ္တာများ အားလုံး ပိတ်ထားပြီး လုံးဝ ဖွင့်၍ မရနိုင်ကြောင်း တွေ့ရှိလိုက်ရသည်။

သို့ပေမည့် ကျောက်စားပွဲပေါ်ရှိ သေတ္တာ တစ်လုံးတည်းသာလျှင် စက်ယန္တရားသော့ ပွင့်နေသည်။ ဖွင့်ကြည့်လိုက်ချိန်မှာတော့ အတွင်း၌ ကြွေပုလင်းများ သပ်သပ်ရပ်ရပ် စီထားပြီး အလွန် ရင်းနှီး ကျွမ်းဝင်နေသော ကြွေပုလင်းများ ဖြစ်ကြောင်း တွေ့ရှိလိုက်ရ၏။

ဤသည်မှာ ပိုင်ယွင်မြို့၏ အသက်သွေးကြောဖြစ်သော နုဧကရာဇ်၏ဆေး ဖြစ်သည်။ နုဧကရာဇ်၏ မျိုးဆက်များသာ ဤဆေးကို သောက်သုံးပြီးပါက အလွန် အစွမ်းထက်လာမည်ဖြစ်ပြီး သိုင်းပညာ လေ့ကျင့်ရာတွင်လည်း အလွန် လွယ်ကူသွားမှာဖြစ်သည်။

သေချာပေါက် နုဧကရာဇ်၏ မျိုးဆက်များအတွက်သာ အကျိုးသက်ရောက်မှုရှိပြီး သာမန်လူများ သောက်သုံးမိပါက သေချာပေါက် သေဆုံးသွားပေလိမ့်မည်။

ထို့အပြင် နုဧကရာဇ်၏ မျိုးဆက်များပင်လျှင် ဤဆေးကို တစ်ကြိမ် သောက်သုံးပြီးပါက တစ်သက်လုံး မှီခိုသွားရမှာ ဖြစ်သည်။ ဆယ်နှစ်လျှင် တစ်ကြိမ် သောက်သုံးရမည်ဖြစ်ပြီး ထိုသို့မဟုတ်ပါက တစ်ကိုယ်လုံး ပေါက်ကွဲထွက်ပြီး သေဆုံးသွားရမှာဖြစ်သည်။

ယခုအခါ လီဟွာမေ အတွက် ကျန်ရှိနေသော အချိန်မှာ လေးရက်မျှသာ ရှိတော့သည်။ ထို့ကြောင့် အခြား မည်သည့် ရတနာများကိုမဆို ဂရုမစိုက်နိုင်တော့ပေ။ သူမအတွက် နုဧကရာဇ်၏ ဆေးမှာ အရေးအကြီးဆုံး ဖြစ်ပြီး ပိုင်ယွင်မြို့၏ အဖိုးတန်ဆုံး မဟာဗျူဟာမြောက် ပစ္စည်းလည်း ဖြစ်၏။

မျက်စိရှေ့ရှိ သေတ္တာအတွင်း၌ နုဧကရာဇ်၏ဆေး ကြွေပုလင်းများ အပြည့်အနှက် ရှိနေ၏။ ပုလင်း တစ်လုံးစီတိုင်းတွင် ဆေးတစ်လုံးစီ ပါဝင်ပြီး ဤသေတ္တာ တစ်လုံးတည်းတွင်ပင် ပုလင်း တစ်ရာတိတိ ရှိနေသည်။

လီဟွာမေသည် ကြွေပုလင်း တစ်လုံးကို ကျပန်း ယူလိုက်ရာ အတွင်း၌ ဘာမှ မရှိဘဲ စားသုံးပြီးသား ဖြစ်နေကြောင်း တွေ့ရှိလိုက်ရ၏။

အကြောင်းမူ ဤကြွေပုလင်းများသည် လုံးဝ လေလုံအောင် ပိတ်ထားပြီး တစ်ကြိမ် ဖွင့်လိုက်သည်နှင့် နာရီအနည်းငယ် အတွင်း ဆေးအာနိသင်များ ပျောက်ကွယ်သွားမည် ဖြစ်သောကြောင့်ပင်။

ဒုတိယမြောက် ပုလင်းကို ယူလိုက်ရာတွင်လည်း အတွင်း၌ ဘာမှ မရှိချေ။ တတိယမြောက်၊ စတုတ္ထမြောက်၊ ပဉ္စမမြောက်... အားလုံးက ဘာမှ မရှိချေ။

ဤအချက်သည် မည်သည့်အရာကို သက်သေပြနေသနည်း။ ထိုအချိန်က သင်္ဘောနစ်မြုပ်မှုမှ အသက်ရှင် ကျန်ရစ်သူများသည် ဤကျွန်းပေါ်တွင် ဆယ်နှစ်ကျော်ကြာ နေထိုင်ခဲ့ကြရသောကြောင့် နုဧကရာဇ်၏ ဆေးဝါးကို မဖြစ်မနေ သောက်သုံးခဲ့ရကြောင်းကို သက်သေပြနေခြင်းဖြစ်သည်။

သို့သော်လည်း ကျွန်းပေါ်တွင် ရေချိုရှားပါးလှသည်မဟုတ်ပါလား။ ၎င်းတို့ မည်သို့သောနည်းလမ်းဖြင့် အသက်ဆက်လက် ရှင်သန်နေထိုင်ခဲ့ကြသနည်း။ မိုးရေများကိုသာ စုဆောင်း၍ သောက်သုံးခဲ့ကြခြင်းလား။

လီဟွာမေသည် အဆက်မပြတ် ဆက်ရှာနေခဲ့၏။ နောက်ဆုံးတွင် အတွင်း၌ ဘာမှ မရှိသည့် ပုလင်း မဟုတ်သော ပုလင်း တစ်လုံးကို ရှာတွေ့သွားတော့သည်။

သူမ အနည်းငယ် စိတ်သက်သာရာ ရသွားပြီး ပုလင်းကို အားစိုက်၍ ဖွင့်လိုက်ရာ ထူးခြားသော အနံ့ တစ်ခု နှာခေါင်းထဲသို့ ပြင်းထန်စွာ ဝင်ရောက်လာတော့၏။

‘မှန်တယ်။ ဒီအနံ့ပဲ။ အရမ်းကို ပြင်းထန်ပြီး မွှေးတယ်လို့လည်း မဆိုနိုင်သလို၊ နံတယ်လို့လည်း မဆိုနိုင်ဘူး။’

ကြွေပုလင်း အတွင်း၌ အနီရဲရဲ ဆေးလုံးလေး တစ်လုံး ရှိနေပြီး ဖွင့်လိုက်သည်နှင့် တပြိုင်နက် ချက်ချင်း သောက်သုံးရမည် ဖြစ်ကာ ထိုသို့မဟုတ်ပါက မကြာမီ အာနိသင် ပျက်ပြယ်သွားမှာဖြစ်သည်။

လီဟွာမေသည် စကားနှစ်ခွန်း မပြောဘဲ တိုက်ရိုက် မျိုချလိုက်တော့သည်။ ထို့နောက် ခန္ဓာကိုယ် ပေါက်ကွဲထွက်မည့် အချိန်ကို စောင့်မျှော်နေတော့၏။

ဤဆေးအာနိသင်မှာ အလွန် ပြင်းထန်လွန်းလှပြီး သေလုမတတ် နာကျင်မှုကို ခံစားရကာ ဆေးသောက်တိုင်း ဘေးဒုက္ခ တစ်ခုနှင့် ရင်ဆိုင်ရသကဲ့သို့ပင် ဖြစ်သည်။

လီဟွာမေသည် တင်ပျဉ်ခွေ ထိုင်လိုက်ပြီး ဆေးအာနိသင် ပြသလာမည့် အချိန်ကို စောင့်မျှော်နေတော့သည်။ ရုတ်တရက် သူမ အနည်းငယ် မသင်္ကာ ဖြစ်လာသည်။ အကြောင်းမူ ထိုနာကျင်သော ပေါက်ကွဲထွက်မည့် ခံစားချက်မျိုး မပေါ်လာဘဲ ဟာတာတာ ဖြစ်မှု၊ အားနည်းမှုနှင့် ခြေလက်များ ထုံကျင်မှုများသာ ဖြစ်ပေါ်လာသောကြောင့်ပင်။

‘မဟုတ်ဘူး... မဟုတ်ဘူး... မဟုတ်ဘူး... ဒါက မမှန်ဘူး။ ဒါက နုဧကရာဇ်ရဲ့ ဆေး မဟုတ်ဘူး။ ဒါက အဆိပ် တစ်မျိုးပဲ။ ဒီအထဲက ဆေးတွေကို တစ်ယောက်ယောက်က အစားထိုးထားတာပဲ။’

လီဟွာမေ ရုတ်တရက် လန့်ဖြန့်သွားတော့၏။ သူမ၏ ခွန်အားများ လျင်မြန်စွာ ဆုတ်ယုတ်သွားပြီး ရွှံ့နွံထဲ နစ်မြုပ်သွားသကဲ့သို့ လုံးဝ ပျောက်ကွယ်သွားသည်ကို ခံစားလိုက်ရသည်။

ထိုအစား အိပ်ချင်စိတ်များ၊ အားနည်းမှုများ ဝင်ရောက်လာပြီး ခြေလက်များ ပြုတ်ထွက်တော့မယ့် အတိုင်း နာကျင် ကိုက်ခဲလာ၏။

“ဟား... ဟား... ဟား...ဟား...” ရုတ်တရက် အပြင်ဘက်မှ အသံကျယ်ကျယ်ဖြင့် ရယ်မောသံများ ထွက်ပေါ်လာတော့၏။ ဤသည်မှာ အမျိုးသမီး တစ်ဦး၏ ရယ်မောသံ ဖြစ်ပြီး အလွန် နားထောင် ကောင်းသော်လည်း ချွဲနွဲ့သော အသံဖြင့် ရဲရင့်သော ဟန်ပန်မျိုး ရယ်မောနေသောကြောင့် အလွန် ထူးဆန်းသော ခံစားချက်မျိုး ဖြစ်ပေါ်စေသည်။

လီဟွာမေသည် ဓားကို ကိုင်ကာ ရုတ်တရက် ခုန်ထလိုက်တော့၏။

တစ်ချိန်တည်းမှာပင် ယွင်ကျုံးဟဲ့သည်လည်း အိပ်ရာမှ နိုးလာသကဲ့သို့ ရုတ်တရက် လူးလှိမ့် ထထိုင်လိုက်ပြီး မေးလိုက်သည်။ “ဘာဖြစ်လို့လဲ။ ဘာတွေ ဖြစ်ကုန်တာလဲ။”

“ဝှစ်... ဝှစ်... ဝှစ်... ဝှစ်...”

လူရိပ် အချို့ ဝင်ရောက်လာပြီး စုစုပေါင်း လူဆယ်ယောက်ကျော်ခန့် ရှိသည်။ အများစုကို ယွင်ကျုံးဟဲ့ မသိရှိသော်လည်း လူတစ်ယောက်ကိုတော့ ပြာဖြစ်သွားရင်တောင် ယွင်ကျုံးဟဲ့ သိရှိနေဆဲ ဖြစ်၏။

‘ကျင်းဝူရွှမ်း... သူမက အခုချိန်မှာ ရိုလန် နိုင်ငံမှာ မရှိဘဲ ဘာလို့ ဒီနေရာကို ရောက်နေရတာလဲ။’

နောက်ထပ် ယွင်ကျုံးဟဲ့ သိရှိသော လူတစ်ယောက်လည်း ရှိသေး၏။ တာ့ကျိုးအင်ပါယာ၏ ဒုတိယမင်းသား ကျိုးကျီ ဖြစ်သည်။

သို့ပေမည့် ယခုအချိန်တွင် ဤလူနှစ်ဦးစလုံးမှာ ဇာတ်ပို့များသာ ဖြစ်ပြီး တစ်ဦးတည်းသော ဇာတ်ဆောင် မှာမူ ယောက်ျားလေး အဝတ်အစားကို ဝတ်ဆင်ထားသော အမျိုးသမီး တစ်ဦး ဖြစ်ကာ ရွှေရောင် မျက်နှာဖုံး တစ်ခုကိုလည်း တပ်ဆင်ထား၏။

“အဒေါ်... နေကောင်းလား။” ယောက်ျားလေး အဝတ်အစား ဝတ်ထားသော အမျိုးသမီးက မေးလိုက်သည်။

ဤအခေါ်အဝေါ်ကို ကြားလိုက်ရချိန်မှာတော့ ယွင်ကျုံးဟဲ့ ချက်ချင်း သိရှိသွားတော့သည်။ သူမသည်မှသာ တကယ့် ပိုင်ယွင်မြို့ မင်းသမီး အစစ် ဖြစ်သလို တာ့ရှန်း အင်ပါယာ၏ မင်းသမီးလည်း ဖြစ်၏။

အပိုင်း (၅၈၈)

လီဟွာမေက အေးစက်စက်ဖြင့် မေးလိုက်သည်။ “ပိုင်ဖေးဖေး... နင် ဘယ်လိုလုပ်ပြီး ဒီနေရာကို ရောက်လာတာလဲ။”

‘ပိုင်ယွင်မြို့ မင်းသမီးရဲ့ နာမည်က ပိုင်ဖေးဖေး လား။’

ပိုင်ဖေးဖေးက ပြန်ပြောလိုက်၏။ “ဒါက ပြောရရင်တော့ ရှည်တယ်။ ဒါပေမဲ့ အဒေါ်က အခုမှ ဒီနေရာကို ရောက်လာတာ ဆိုတော့ ကျွန်မ တကယ်ပဲ စိတ်ပျက်မိတယ်။ ရှင့်ရဲ့ သိုင်းပညာက အရမ်း မြင့်မားပေမယ့် ဦးနှောက်ကတော့ သိပ်မကောင်းတော့ဘူး။ ကျွန်မလိုမျိုး အလှတရားရော သိုင်းပညာပါ ပြိုင်ဘက်ကင်းပြီး ဦးနှောက်လည်း အရမ်း ကောင်းတဲ့ သူနဲ့တော့ မတူဘူး။”

မင်းသမီး ပိုင်ဖေးဖေးသည် ယွင်ကျုံးဟဲ့ကို တစ်ချက် ကြည့်လိုက်ပြီးနောက် ချက်ချင်း မျက်လုံးများကို လွှဲဖယ်ကာ မှိတ်ထားလိုက်ပြီး သူ၏ အရုပ်ဆိုးသော မျက်နှာကို ချက်ချင်း မေ့ပစ်ချင်နေသည့် ပုံစံမျိုး ပြသလိုက်သည်။

‘တခြားလူတွေက သန့်ရှင်းမှုကို အရမ်း ကြိုက်ကြပေမယ့် မင်းကတော့ အလှအပကို အရမ်း ကြိုက်တာကိုး။ ချောမောတဲ့ မျက်နှာတွေကိုပဲ ကြည့်ချင်ပြီး အရုပ်ဆိုးတဲ့ သူတွေကို ကြည့်လိုက်တာနဲ့ အန်ချင်စိတ် ပေါက်သွားတာပဲ။’

ပိုင်ဖေးဖေးက ပြောလိုက်၏။ “ကျိုးကျီ... ကျွန်မ အရုပ်ဆိုးတဲ့သူတွေနဲ့ စကားမပြောနိုင်ဘူး။ ရှင်ပဲ ပြောလိုက်တော့။”

ဒုတိယမင်းသား ကျိုးကျီက အရိုအသေပေးလျက် ပြန်ပြောလိုက်သည်။ “ကောင်းပါပြီ။”

ထို့နောက် ကျိုးကျီသည် ယွင်ကျုံးဟဲ့၏ အရှေ့တွင် ရပ်ကာ မေးလိုက်၏။ “အမတ်မင်း အောက်ယွီ... ဒီနေရာမှာ ကျုပ်နဲ့ တွေ့ရလိမ့်မယ်လို့ မထင်ထားဘူး မဟုတ်လား။”

ယွင်ကျုံးဟဲ့က အက်ကွဲနေသည့် အသံဖြင့် ပြန်ပြောလိုက်သည်။ “တကယ် မထင်ထားခဲ့ဘူး။ အရမ်းကို ထူးဆန်းလွန်းတယ်။”

ကျိုးကျီက ပြောလိုက်၏။ “ဧကရာဇ်ဟောင်းနဲ့ ခင်ဗျားက အရမ်းကို မာနကြီးတာပဲ။ တာ့ကျိုး ရေတပ် အင်အား တစ်သောင်းကျော်လေးနဲ့တင် ကျိန့်ဟိုင်မြို့စား စီးပြန်းရဲ့ ပင်လယ်ဓားပြ ပူးပေါင်းရေတပ် တစ်သိန်းကျော်ကို အနိုင်ယူချင်နေကြတယ်။

ရလဒ်အနေနဲ့ စစ်ပွဲ စတင်ပြီးတာနဲ့ ကျိုးလီရဲ့ ရေတပ်တွေ ချက်ချင်း ထွက်ပြေးကုန်ကြတယ်။ ဘယ်ချောင် ထဲကို ရောက်သွားမှန်းတောင် မသိဘူး။ ဒါပေမဲ့ စိတ်ချပါ။ ကျုပ်တို့ သေချာပေါက် သူ့ကို ရှာတွေ့ပြီး အားလုံးကို အကုန်အစင် သတ်ပစ်မှာပါ။ ဒါနဲ့ စကားမစပ်...”

ဒုတိယမင်းသား ကျိုးကျီက ပြောလိုက်သည်။ “ဒီလောက်တောင် ကွာဟနေတဲ့ စစ်တပ် အင်အားတွေနဲ့တောင် ခင်ဗျားနဲ့ ဧကရာဇ်ဟောင်းတို့က ကျိန့်ဟိုင်မြို့စားကို နှိမ်နင်းဖို့ ဆက်ပြီး ခေါင်းမာနေကြတယ်။ ဒါကြောင့် ခင်ဗျားတို့ သေချာပေါက် စစ်သေနာပတိချုပ် လီဟွာမေ ဆီကနေ အကူအညီ တောင်းလိမ့်မယ်လို့ တစ်ယောက်ယောက်က ကျုပ်တို့ကို ပြောခဲ့တယ်။ ဘာလို့လဲဆိုတော့ ဧကရာဇ်ဟောင်းနဲ့ စစ်သေနာပတိချုပ် လီဟွာမေတို့ ကြားမှာ အရင်က ရေစက် တချို့ ရှိခဲ့ဖူးလို့ပဲ။

အမတ်မင်း အောက်ယွီ... ခင်ဗျားက တကယ် ဉာဏ်ကောင်းတာပဲ။ နုဧကရာဇ်ရဲ့ နစ်မြုပ်နေတဲ့ သင်္ဘော ဆိုတဲ့ ဒီပဟေဠိကြီးကို ဘယ်သူမှ မဖြေရှင်းနိုင်ခဲ့ပေမယ့် ခင်ဗျားကတော့ ဖြေရှင်းနိုင်ခဲ့ရုံသာမက လီဟွာမေ ကိုပါ ဒီနေရာအထိ ခေါ်လာနိုင်ခဲ့တယ်။ ခင်ဗျားရဲ့ ဉာဏ်ပညာကတော့ တကယ်ကို အံ့ဩလောက်စရာပါပဲ။”

ဒုတိယမင်းသား ကျိုးကျီသည် အဆက်မပြတ် လက်ခုပ်တီးကာ ပြောလိုက်၏။ “ဒါပေမဲ့ မထင်မှတ်ဘဲ ကျုပ်တို့ရဲ့ ထောင်ချောက်ထဲကို ဝင်လာခဲ့တာပဲ။ ဒီနစ်မြုပ်နေတဲ့ သင်္ဘောရဲ့ တည်နေရာကို အစောကြီး တည်းက တွက်ချက်ထားပြီးသား ဖြစ်ပြီး ဒီအထဲက ရတနာတွေကိုလည်း အစောကြီးတည်းက ယူသွားပြီးသားပါ။”

ယွင်ကျုံးဟဲ့က မေးလိုက်သည်။ “ဘယ်သူလဲ။ ဘယ်သူက တွက်ချက်ခဲ့တာလဲ။ ဘယ်သူက ရတနာတွေကို ယူသွားတာလဲ။”

ကျိုးကျီက ပြန်ဖြေလိုက်၏။ “ဒါကတော့ လျှို့ဝှက်ချက် တစ်ခုပါ။”

ပိုင်ဖေးဖေး၏ လက်ထဲတွင် ဆွဲဆောင်မှုရှိသော အမျိုးသမီး စစ်သူကြီး တစ်ဦးကို ဖမ်းချုပ်ထားပြီး ထိုသူမှာ စစ်သေနာပတိချုပ် လီဟွာမေ၏ လူယုံတော် စစ်သူကြီးပင် ဖြစ်သည်။

ဤအမျိုးသမီးစစ်သူကြီး၏ သိုင်းပညာမှာ အလွန်ပင် မြင့်မားလှကြောင်း ယွင်ကျုံးဟဲ့ မှတ်မိနေသည်။ သို့သော်လည်း ယခုအခါတွင်မူ ပိုင်ဖေးဖေး၏ လက်ထဲ၌ ကြက်ပေါက်လေးတစ်ကောင်အလား အဖမ်းခံထားရ၏။

မင်းသမီး ပိုင်ဖေးဖေးသည် ရေကန်ဘေးတွင် ရပ်လျက် ထိုအမျိုးသမီး စစ်သူကြီး၏ လည်ပင်းကို ညှစ်ထားပြီး ဓားမြှောင် တစ်ချောင်းကို ယူကာ သူမ၏ လည်ပင်းကို ဖြတ်လိုက်တော့သည်။

ချက်ချင်းပဲ သွေးများ ပန်းထွက်လာပြီး ရေကန် အတွင်းသို့ စီးကျသွားရာ အစိမ်းရောင် ရေများကို ချက်ချင်း နီရဲသွားစေတော့၏။

ဤသို့ဖြင့် မင်းသမီး ပိုင်ဖေးဖေးသည် မျက်လုံးကြီးများ ပြူးကာ စပ်စုချင်စိတ်များ ပြည့်နှက်နေပြီး အမျိုးသမီး စစ်သူကြီး၏ သွေးများ တစ်ဝက်ခန့် ထွက်သွားကာ သေလုနီးပါး ဖြစ်နေသည့် အချိန်အထိ စောင့်ဆိုင်းနေပြီးမှ သူမကို ရေကန် အတွင်းသို့ တိုက်ရိုက် ပစ်ချလိုက်တော့သည်။

“ဖြောင်း... ဖြောင်း... ဖြောင်း...”

ချက်ချင်းပဲ ရေကန်အတွင်း၌ လျှပ်စစ်မီးပွားများ အဆက်မပြတ် ထွက်ပေါ်လာတော့သည်။ ရေထဲသို့ ပစ်ချခံလိုက်ရသော အမျိုးသမီး စစ်သူကြီးသည် ချက်ချင်း ဓာတ်အလိုက်ခံရပြီး သေဆုံးသွားတော့၏။

“စိတ်ဝင်စားစရာပဲ... တကယ် ပျော်ဖို့ ကောင်းတယ်။” မင်းသမီး ပိုင်ဖေးဖေးက ပြောလိုက်သည်။

ထို့နောက် သူမသည် မမောမပန်းနိုင်အောင် ကစားနေပြီး လီဟွာမေ၏ လက်အောက်ခံ အမျိုးသမီး စစ်သူကြီးများ အားလုံးကို ဖမ်းဆွဲလာကာ ရေကန်အတွင်းသို့ တစ်ယောက်ပြီး တစ်ယောက် ပစ်ချနေတော့၏။

ငြိမ်သက်နေသော ရေကန်ကြီးသည် လုံးဝ ဆူပွက်လာပြီး လျှပ်စစ်မီးပွားများ မရေမတွက်နိုင်အောင် ထွက်ပေါ်လာတော့သည်။

ရေကန် အတွင်းသို့ ပစ်ချခံရသော လူဆယ်ယောက်ကျော်ခန့်သည် မျက်စိတစ်မှိတ် အတွင်းမှာပဲ ဓာတ်အလိုက်ခံရပြီး သေဆုံးသွားရုံသာမက မီးလောင်ကျွမ်းသွားကာ ရေထဲတွင်ပင် ကျက်သွားတော့၏။

‘ဒီရေထဲမှာ ဘာတွေ ရှိနေလို့လဲ။ သာမန် လျှပ်စစ်ငါးရှဉ့်တွေတောင် ဒီလောက် ပြင်းထန်တဲ့ လျှပ်စစ် စွမ်းအင်မျိုး မထုတ်လွှတ်နိုင်ဘူး။ ဒီအထဲမှာ လျှပ်စစ်ငါးရှဉ့်တွေ ဘယ်လောက်တောင် ရှိနေလို့လဲ။ ဒီအထဲက လျှပ်စစ်ငါးရှဉ့်တွေက ဘယ်လောက်တောင် ကြီးမားနေလို့လဲ။’

ယခုအခါ ယွင်ကျုံးဟဲ့မှာ အားလုံးကို သိရှိနားလည်သွားခဲ့ပြီဖြစ်၏။ ရေကန်အတွင်းရှိ အရိုးစုများ မည်သို့ ဖြစ်ပေါ်လာရသည်ကို သူရိပ်မိသွား၏။ ၎င်းတို့အားလုံးမှာ ရေကန်အောက်ခြေရှိ ဧရာမလျှပ်စစ်ငါးရှဉ့်များ၏ လျှပ်စစ်ဓာတ်လိုက်ခြင်းကို ခံခဲ့ရကာ သေဆုံးသွားခဲ့ကြခြင်း ဖြစ်သည်။

လီဟွာမေသည် သူ၏လူများကို ကယ်တင်ရန် ရုတ်တရက် ခုန်ထလိုက်သော်လည်း မတ်တတ် ရပ်လိုက်သည်နှင့် တပြိုင်နက် သွေးတစ်လုတ် အန်ထွက်လာပြီး မြေပြင်ပေါ်သို့ ချက်ချင်း ယိမ်းယိုင်ကာ လဲကျသွားတော့၏။

မင်းသမီး ပိုင်ဖေးဖေးက ပြောလိုက်သည်။ “အဒေါ်... ရှင့်ရဲ့ ခန္ဓာကိုယ်က တကယ် သန်စွမ်းတာပဲ။ ကျွန်မ ရှင့်ကို ခတ်ထားတဲ့ အဆိပ်က ဆင်ဆယ်ကောင်ကိုတောင် သတ်နိုင်လောက်တဲ့ အထိ အရမ်းကို ပြင်းထန်တယ်။ မထင်မှတ်ဘဲ ရှင်က အခုချိန်ထိ မသေသေးဘူးပဲ။”

လီဟွာမေက အက်ကွဲနေသည့် အသံဖြင့် မေးလိုက်၏။ “ပိုင်ဖေးဖေး... နင် ဘာလို့ ဒီလို လုပ်ရတာလဲ။ ငါက ပိုင်ယွင်မြို့နဲ့ လမ်းခွဲခဲ့ပေမယ့် မိသားစုဝင်တွေကို ဘယ်တုန်းကမှ အနာတရ မဖြစ်စေခဲ့ဘူး။”

ပိုင်ဖေးဖေးက ပြန်ပြောလိုက်သည်။ “ရှင်က ကိုယ့်ကိုယ်ကိုယ် လီလို့တောင် နာမည် ပြောင်းထားပြီးပြီပဲ၊ မိသားစုဝင်မှ မဟုတ်တော့တာ။ ပြီးတော့ ကျွန်မ ဒီလို လုပ်တာက ရှင့်ရဲ့ ရေတပ်ကြီးကို လိုချင်လို့လေ။ အရမ်းကို အစွမ်းထက်တဲ့ ရေတပ်ကြီးမို့ ကျွန်မ သေချာပေါက် ရယူရမှာပေါ့။ ရှင် သေသွားပြီးတဲ့နောက်မှာ ရှင့်လက်အောက်က ရေတပ်တွေဟာ ပိုင်ယွင်မြို့ကို ပြန်ရောက်လာပြီး ကျွန်မရဲ့ အုပ်ချုပ်မှု အောက်ကို ရောက်လာတော့မှာလေ။”

လီဟွာမေက အက်ကွဲနေသည့် အသံဖြင့် ပြောလိုက်၏။ “ကျွန်မ အစောကြီးတည်းက ဆုံးဖြတ်ထားပြီးသားပါ။ အကယ်၍ ဆေးမရလို့ လေးရက်နေရင် တစ်ကိုယ်လုံး ပေါက်ကွဲထွက်ပြီး သေရမယ် ဆိုရင်တောင် ကျုပ်ရဲ့ ရေတပ်ကို ပိုင်ယွင်မြို့ ဆီ ပြန်လွှဲပေးခဲ့မှာပါ။”

“အင်း... ဒါဆိုရင် အရမ်း နှမြောစရာ ကောင်းသွားပြီပေါ့။ ကျွန်မက အလကား လူယုတ်မာ သွားလုပ်မိတာပေါ့။”

မင်းသမီး ပိုင်ဖေးဖေးက နှမြောတသစွာဖြင့် ပြောလိုက်သည်။ “ဒါပေမဲ့ အဒေါ်ရေ... ဒီကမ္ဘာလောကက အရာတွေ အားလုံးကို တခြားလူတွေက ကျွန်မကိုပေးရင် ကျွန်မက သိပ်စိတ်မဝင်စားဘူး။ ကိုယ်တိုင် သွားလုယူရတာကမှ ပိုပြီး အရသာ ရှိတာ မဟုတ်လား။ ကိုယ်တိုင် လုယူလာတဲ့ အရာတွေကိုမှ ပိုပြီး တန်ဖိုးထားတတ်မှာလေ။”

ယွင်ကျုံးဟဲ့က မေးလိုက်၏။ “မင်းသား ကျိုးကျီ ... ဧကရာဇ် ဝမ်ယွင်က ပိုင်ယွင်မြို့ကို တာ့ကျိုးအင်ပါယာထဲ ခေါ်သွင်းချင်နေတာလား။”

မင်းသား ကျိုးကျီက ပြန်ဖြေလိုက်၏။ “ခင်ဗျား ခန့်မှန်းကြည့်လေ။”

ယွင်ကျုံးဟဲ့က အက်ကွဲနေသည့် အသံဖြင့် ပြောလိုက်သည်။ “တာ့ကျိုးဟာ တာ့ယန် တော်ဝင်မိသားစုရဲ့ နယ်စားဖြစ်ပြီး အရှေ့တိုင်း ယဉ်ကျေးမှုရဲ့ ကာကွယ်စောင့်ရှောက်သူတွေထဲက တစ်ယောက်ပါ။ တာ့ရှန်း အင်ပါယာကတော့ မျိုးနွယ်ကွဲတွေ ဖြစ်ပြီး အရှေ့တိုင်း ယဉ်ကျေးမှုရဲ့ သေရေးရှင်ရေး ရန်သူတွေပါ။

ခင်ဗျားတို့က ပိုင်ယွင်မြို့ကို တာ့ကျိုးအင်ပါယာထဲ ခေါ်သွင်းလာတာဟာ နုဧကရာဇ်ရဲ့ မျိုးဆက်တွေကို ပြန်လည် အသက်ဝင်လာအောင် လုပ်ပေးလိုက်တာပဲ။ ခင်ဗျားတို့က အရှေ့တိုင်း ယဉ်ကျေးမှုရဲ့ အပြစ် ရှိသူတွေပဲ။”

မင်းသား ကျိုးကျီက ပြောလိုက်၏။ “အောက်ယွီ... ကျုပ်နဲ့ ကျိုးလီကို ယှဉ်ကြည့်ရင် ကျုပ်မှာ ဘာအားသာချက်တွေ ရှိလဲ။ သေချာပေါက် ကျုပ်နောက်ကွယ်မှာ ပိုင်ယွင်မြို့ ရှိနေတာပေါ့။ အခု တာ့ကျိုးနဲ့ တာယင်မှာ ဘယ်သူက ပိုပြီး အစွမ်းထက်လဲ ဆိုတာကို ခင်ဗျား ရှင်းရှင်းလင်းလင်း မြင်သင့်တယ်။

ပိုင်ယွင်မြို့ရဲ့ အင်အားတွေကို တာ့ကျိုးအင်ပါယာထဲ ခေါ်သွင်းလိုက်ရင် အနာဂတ်မှာ တာယင်အင်ပါယာနဲ့ အဆုံးအဖြတ် တိုက်ပွဲ ဝင်တဲ့အခါ ကျုပ်တို့ ကြီးမားတဲ့ အောင်ပွဲ ရနိုင်ပြီး ကျုပ်တို့ တာ့ကျိုးဟာ ကြီးမားတဲ့ အောင်မြင်မှုကြီးကို ရရှိနိုင်မှာပါ။ ဒါကြောင့် ကျုပ်တို့ တာ့ကျိုးနဲ့ ပိုင်ယွင်မြို့ဟာ လုံးဝကို အင်အားကြီး နှစ်ခု ပူးပေါင်းလိုက်တာပါပဲ။”

ယွင်ကျုံးဟဲ့က ဒေါသတကြီးဖြင့် အော်လိုက်သည်။ “ဒါက ခန္ဓာကိုယ်ကို လုယူတာပဲ။ နုဧကရာဇ်ရဲ့ မျိုးဆက်တွေက တာ့ကျိုးအင်ပါယာရဲ့ ခန္ဓာကိုယ်ကို လုယူလိုက်တာပဲ။ ဒါက တာ့ရှန်း အင်ပါယာ သေရာကနေ ပြန်ရှင်လာတာပဲ။ ဒါက အရှေ့တိုင်း ယဉ်ကျေးမှုကို ဖျက်ဆီးပစ်မယ့် ထိုးနှက်ချက်ကြီးပဲ။”

ကျိုးကျီက လက်ဖြန့်ကာ ပြောလိုက်၏။ “ကျုပ် ဂရုမစိုက်ဘူး၊ နည်းနည်းလေးမှ ဂရုမစိုက်ဘူး။ ကျုပ ဧကရာဇ် ဖြစ်လာနိုင်မလား၊ ကြီးမားတဲ့ အောင်မြင်မှုကြီး ရနိုင်မလား ဆိုတာကိုပဲ ငါ ဂရုစိုက်တယ်။ ပြီးတော့ အနာဂတ်မှာ ငါက ပိုင်ယွင်မြို့နဲ့ လက်ထပ်ပြီး မွေးလာမယ့် ကလေးဟာ လောကရဲ့ အရှင်သခင် ဖြစ်လာမှာပဲ။”

ယွင်ကျုံးဟဲ့က အေးစက်စက် ပြုံးကာ ပြောလိုက်သည်။ “ခင်ဗျားတို့ ရူးနေပြီ။ ခင်ဗျားလည်း ရူးနေပြီ။ ဧကရာဇ်လည်း ရူးနေပြီ။”

ကျိုးကျီက ပြန်ပြောလိုက်၏။ “ရူးနေတာက ခင်ဗျားပါ။ ရေတွင်းထဲက ဖားသူငယ်လို ဖြစ်နေတဲ့ ခင်ဗျားက ဘာတွေများ သိနိုင်အုံးမှာလဲ။ ကျုပ်တို့က ဒီနေ့ အတွက် ပြင်ဆင်လာခဲ့တာ နှစ်ပေါင်း အတော်ကြာနေပါပြီ။

အောက်ယွီ... ဧကရာဇ်ဟောင်းက ခင်ဗျား ရေတပ်ကြီးနဲ့ ပြန်လာမယ့် အချိန်ကို စောင့်နေတုန်းပဲ မဟုတ်လား။ ကျိုးလီကလည်း ခင်ဗျား ပြန်လာပြီး ကယ်တင်မယ့် အချိန်ကို စောင့်နေတုန်းပဲ မဟုတ်လား။ သူတို့ အားလုံးက ခင်ဗျားကို ကယ်တင်ရှင်ကြီးလို သတ်မှတ်ထားတယ်။ ခင်ဗျား ပြန်လာပြီး အခြေအနေကို ပြောင်းပြန်လှန်ပေးဖို့ မျှော်လင့်နေကြတာ။

ဒါပေမဲ့ အရမ်း နှမြောစရာ ကောင်းတာက ခင်ဗျား ပြန်မသွားနိုင်တော့ဘူး။ ခင်ဗျား ဒီနေရာမှာပဲ သေရတော့မှာ။ ခင်ဗျား ဘယ်တော့မှ ပြန်မသွားနိုင်တော့ဘူး။ ဧကရာဇ်ဟောင်းလည်း သေချာပေါက် သေရတော့မယ်။ ကျိုးလီလည်း သေချာပေါက် သေရတော့မယ်။ ခင်ဗျားရဲ့ တစ်မိသားစုလုံးလည်း သေရတော့မယ်။ ပြီးတော့ ခင်ဗျားရဲ့ မင်းသမီး ရှန်းရှန်းလေးလည်း မုဆိုးမ ဖြစ်သွားတော့မှာပဲ။”

ယွင်ကျုံးဟဲ့က မေးလိုက်သည်။ “မင်းသမီး ပိုင်ဖေးဖေး... ကျုပ် ခင်ဗျားကို နောက်ဆုံး မေးခွန်းတစ်ခု မေးလို့ ရမလား။”

မင်းသမီး ပိုင်ဖေးဖေးသည် မျက်လုံးများကို အုပ်ထားပြီး ယွင်ကျုံးဟဲ့၏ မျက်နှာကို တစ်ချက် ကြည့်လိုက်ပါက မျက်စိစွန်သွားမည်ကို စိုးရိမ်နေသကဲ့သို့ ဖြစ်နေသည်။ သူမ၏ မျက်လုံးထဲတွင် လှပသော မျက်နှာများကိုသာ မြင်တွေ့လိုပြီး အရုပ်ဆိုးသော သူများကို ကြည့်မိပါက မျက်လုံးအုပ်ကာ အသေအလဲ မေ့ပစ်ရန် ကြိုးစားလေ့ ရှိ၏။

ယွင်ကျုံးဟဲ့က မေးလိုက်သည်။ “နုဧကရာဇ်ရဲ့ နစ်မြုပ်နေတဲ့ သင်္ဘောကို ပထမဆုံး ရှာတွေ့ခဲ့တဲ့ သူက ဘယ်သူလဲ။ အဲဒီ ပဟေဠိကို ဖြေရှင်းခဲ့တဲ့ သူက ဘယ်သူလဲ။”

ယွင်ကျုံးဟဲ့သည် အမှန်တကယ်ပင် အလွန် အံ့ဩနေမိသည်။ အကြောင်းမူကား ထိုတည်နေရာ ကိုသြဒိနိတ်ကို မည်သူမှ နားလည်နိုင်မည် မဟုတ်သောကြောင့် ဖြစ်သည်။ ဤလူမှာ မည်သူနည်း။

မင်းသမီး ပိုင်ဖေးဖေးသည် ယွင်ကျုံးဟဲ့ကို ဂရုမစိုက်ဘဲ မင်းသမီး ဝူရွှမ်းထံသို့ လှည့်ကာ မေးလိုက်၏။ “အစ်မတော်... ဒီလူကို ရှင် သိလား။”

မင်းသမီး ဝူရွှမ်းက ပြန်ဖြေလိုက်သည်။ “သိတယ်။ သူက ရိုလန်မြို့ကို ကယ်တင်ခဲ့တဲ့ ကျေးဇူးရှင် ဖြစ်ပြီး အရမ်းလည်း ဉာဏ်ကောင်းတယ်။”

မင်းသမီး ပိုင်ဖေးဖေးက ပြောလိုက်၏။ “မဖြစ်ဘူး... အရမ်း အရုပ်ဆိုးတယ်။”

ဒုတိယမင်းသား ကျိုးကျီက ပြောလိုက်သည်။ “မင်းသမီး... ကျုပ်တို့နဲ့ ပိုင်ယွင်မြို့ရဲ့ စာချုပ်ထဲမှာ ရှင်းရှင်းလင်းလင်း ရေးထားတယ်။ ကျုပ်နဲ့ ခမည်းတော်ရဲ့ ရန်သူဟာ ပိုင်ယွင်မြို့ရဲ့ ရန်သူပဲတဲ့။ ဒါကြောင့် အောက်ယွီဟာ မဖြစ်မနေ သေရပါမယ်။ အကယ်၍ သူ မသေဘူးဆိုရင် ကျုပ်တို့ နှစ်ဖက် ပူးပေါင်း ဆောင်ရွက်မှုမှာ အဖုအထစ်တွေ ရှိလာပါလိမ့်မယ်။”

မင်းသမီး ပိုင်ဖေးဖေးက မေးလိုက်၏။ “အစ်မတော်... သူက ရှင်တို့အပေါ်မှာ ကျေးဇူး ရှိနေတယ် ဆိုမှတော့ ရှင့်ကိုပဲ သူ့ကို သတ်ခိုင်းလိုက်ရင် ဘယ်လိုလဲ။”

All Chapters