အခန်း (၅၈၉-၅၉၀)
Vol. 50 Ch. 589-590
အပိုင်း (၅၈၉)
ထိုစကား ကြားချိန်မှာတော့ ကျင်းဝူရွှမ်း၏ လှပသော မျက်နှာလေး အနည်းငယ် တုန်ယင်သွားတော့သည်။
ပိုင်ဖေးဖေးက မေးလိုက်၏။ “အစ်မတော်... ရှင့်ရဲ့ ကျိန်ဆိုချက်တွေကို မေ့သွားပြီလား။ ကျွန်မတို့ရဲ့နိုင်ငံ ပြန်လည် ထူထောင်ရေးအတွက်ဆိုရင် ဘာမဆို လုပ်ရဲရမယ်၊ ဘယ်သူ့ကိုမဆို စတေးရဲရမယ်လို့လေ။ ကျေးဇူးရှင်လေး တစ်ယောက်လောက်ကိုတောင် မသတ်ရဲဘူးဆိုရင် ရှင့်ရဲ့ ကျိန်ဆိုချက်တွေကို မေ့သွားပြီလား။”
ထိုအချိန်တွင် လီဟွာမေသည် နောက်တစ်ကြိမ် ရုတ်တရက် ခုန်ထလိုက်တော့၏။ လက်ထဲရှိ ထက်မြက်သော ဓားသည် လျှပ်စီးလက်သကဲ့သို့ ထိုးစိုက်သွားတော့သည်။
မင်းသမီး ပိုင်ဖေးဖေး၏ အရှေ့ရှိ ပိုင်ယွင်မြို့မှ ထိပ်တန်း သိုင်းပညာရှင် ဆယ်ယောက်ကျော်ခန့်သည် လီဟွာမေကို ဝိုင်းဝန်း သတ်ဖြတ်ရန် ချက်ချင်း ပြေးဝင်သွားကြတော့၏။
ယခုအခါ လီဟွာမေသည် အဆိပ်မိနေပြီး သေလုနီးပါး အခြေအနေသို့ ရောက်ရှိနေပြီဖြစ်ကာ သိုင်းပညာများလည်း အများကြီး အားနည်းနေပြီ ဖြစ်၏။ သို့ပေမည့် ထိုသို့ဖြစ်လင့်ကစား သူမသည် တစ်ယောက်တည်းဖြင့် လူဆယ်ယောက်ကို ရင်ဆိုင်နေရဆဲ ဖြစ်သည်။
သူမ လူသတ်သည်ကို မြင်ရသည်မှာ အလွန် ဩဇာတိက္ကမ ကြီးမားလှသည်။ ဓားတစ်ချက် ခုတ်ချလိုက်သည်နှင့် ချက်ချင်းပင် အပိုင်းပိုင်းအစစ ဖြစ်သွားတော့၏။
‘တစ်ယောက် သတ်တယ်၊ နှစ်ယောက် သတ်တယ်၊ သုံးယောက် သတ်တယ်၊ လေးယောက် သတ်တယ်၊ ငါးယောက် သတ်တယ်...’
စစ်သေနာပတိချုပ် လီဟွာမေသည် အဆိပ်မမိထားသကဲ့သို့ သိုင်းပညာမှာ မင်းသမီး ဝူရွှမ်းထက်ပင် သာလွန်နေကြောင်း ယွင်ကျုံးဟဲ့ တွေ့ရှိလိုက်ရသည်။
ပိုင်ဖေးဖေး ခေါ်ဆောင်လာသော ထိပ်တန်း သိုင်းပညာရှင်များထဲမှ ကိုးယောက် တိတိမှာ လီဟွာမေ၏ သတ်ဖြတ်ခြင်းကို ခံလိုက်ရ၏။
“ဘယ်လောက်တောင် အစွမ်းထက်တဲ့ အဒေါ်လဲ။ ကျွန်မကိုတောင် လက်ယားလာစေပြီ။” ပြောဆိုပြီးနောက် ပိုင်ဖေးဖေးသည် သရဲတစ္ဆေ ကဲ့သို့ လျင်မြန်စွာ လွင့်ပျံသွားတော့သည်။
“ဝှစ်…”
သူမ၏ အမြန်နှုန်းမှာ အမြင့်ဆုံး အဆင့်သို့ ရောက်ရှိနေသောကြောင့် ဓားဆွဲထုတ်လိုက်သည်ကိုပင် လုံးဝ မမြင်တွေ့လိုက်ရချေ။
သို့ပေမည့် သူမသည် ဓားဆွဲထုတ်ရုံသာမက လီဟွာမေကိုလည်း ဓားဖြင့် တစ်ချက် ထိုးသွင်းလိုက်ပြီး ခန္ဓာကိုယ်ကို တိုက်ရိုက် ဖောက်ထွင်းသွားစေခဲ့သည်။
သို့ပေမည့် မျက်စိတစ်မှိတ် အတွင်းမှာပဲ သူမသည် ဓားကို အိမ်ထဲသို့ ပြန်ထည့်လိုက်ရုံသာမက မူလနေရာသို့ပါ ပြန်လည် ရောက်ရှိနေတော့၏။
‘ဒီမိန်းမရဲ့ သိုင်းပညာက ကြက်သီးမွေးညင်း ထသွားစေလောက်အောင် မြင့်မားလွန်းတယ်။’
“အစ်မတော်... ဒီတစ်ကြိမ် ရှင့်ကို တမင်တကာ ခေါ်လာရတဲ့ အကြောင်းရင်းကို သိလား။”
ပိုင်ဖေးဖေးက ပြောလိုက်သည်။ “ဘာလို့လဲဆိုတော့ ရှင့်ရဲ့ စိတ်နှလုံးက နည်းနည်းလေး ပျော့ပျောင်းလာပြီ ဆိုတာကို ကျွန်မ တွေ့လိုက်ရလို့ပဲ။ ရှင်က မိသားစုရဲ့ နွေးထွေးမှုတွေကို ခံစားနေရတာ များသွားလို့ ရှင့်ရဲ့ တိုက်ခိုက်လိုစိတ်တွေ လျော့နည်းသွားတာပါ။ ရှင့်ကို တိုက်ခိုက်လိုစိတ်တွေ ပြန်လည် ရရှိလာစေဖို့အတွက် တမင်တကာ ခေါ်လာတာပါ။ ကိုယ့်ရဲ့ မိတ်ဆွေဟောင်းကို သတ်ပစ်လိုက်တာက ကိုယ့်ကိုယ်ကိုယ် ပြန်လည် အေးစက်သွားစေနိုင်တယ်။
ကျင်းကျုံးယွဲ့ ကလည်း ကျွန်မတို့ ပိုင်ယွင်မြို့ရဲ့ တပည့်တစ်ယောက် ဖြစ်ပေမယ့် သူမက သစ္စာဖောက် သွားတယ်။ ဒါကြောင့် မူလကတော့ သူမ ကလေးတွေ အပါအဝင် တစ်မိသားစုလုံးကို အကုန် သတ်ပစ်ရမှာပါ။ ရှင့်ရဲ့ မျက်နှာကို ထောက်ထားလို့ ကျုပ်တို့ ခွင့်လွှတ်ပေးခဲ့တာပါ။ ဒါပေမဲ့ အခု ရှင်က ဒီအရုပ်ဆိုးတဲ့ ယောက်ျားကို မသတ်ဘူးဆိုရင် ကျွန်မ အရမ်း စိတ်ပျက်သွားလိမ့်မယ်။ ကျွန်မ စိတ်ပျက်သွားရင် ကျင်းကျုံးယွဲ့ ဘယ်လို လုပ်မလဲ။ သူမရဲ့ ကလေး နှစ်ယောက်ရော ဘယ်လို လုပ်မလဲ။
ပိုင်ဖေးဖေးက ချွဲနွဲ့စွာဖြင့် ရယ်မောလိုက်၏။ “အစ်မတော်... လာပါ... လာပါ။ လီဟွာမေက ကျွန်မရဲ့ အဒေါ်ပါ။ ငယ်ငယ်တုန်းက ကျွန်မကိုတောင် ချီဖူးတယ်။ ဒါတောင် ကျွန်မက သူမကို သတ်ရက်သေးတာပဲ။ မိတ်ဆွေဟောင်းကို သတ်ရတာက အပြစ်ရှိသလို ခံစားချက်မျိုး ဖြစ်စေပြီး အရမ်းကို ထူးခြားတယ်။”
ပိုင်ဖေးဖေးသည် လီဟွာမေ၏ အရှေ့သို့ လျှောက်သွားပြီးနောက် အေးစက်သော အကြည့်များဖြင့် မင်းသမီး ဝူရွှမ်းကို ကြည့်လိုက်သည်။
ဒုတိယမင်းသား ကျိုးကျီက ပြောလိုက်၏။ “မင်းသမီး ဝူရွှမ်း... သွားလိုက်ပါ။ ကျုပ်တို့ တာ့ကျိုးနဲ့ ပိုင်ယွင်မြို့ရဲ့ ပူးပေါင်းဆောင်ရွက်မှု အတွက်၊ ကျင်းကျုံးယွဲ့နဲ့ သူမရဲ့ ကလေး နှစ်ယောက်အတွက် အောက်ယွီကို သတ်ပစ်လိုက်ပါ။”
မင်းသမီး ဝူရွှမ်း မျက်လုံးများကို မှိတ်လိုက်ပြီးနောက် ရုတ်တရက် ဖွင့်လိုက်ကာ ယွင်ကျုံးဟဲ့၏ အရှေ့သို့ လျှောက်သွားတော့သည်။
ပိုင်ဖေးဖေးသည် နောက်တစ်ကြိမ် စိတ်လှုပ်ရှားလာပြီး ပြောလိုက်၏။ “အဒေါ်... ဒီရေကန်ထဲမှာ လျှပ်စစ် မကောင်းဆိုးဝါး ငါးတွေ အများကြီး ရှိတယ်ဆိုတာ ရှင် သိလား။ လူကို အထဲ ပစ်ချလိုက်တာနဲ့ သူတို့က ကြောက်စရာကောင်းတဲ့ လျှပ်စစ်လှိုင်းတွေ ထုတ်လွှတ်ပြီး လူကို ဓာတ်လိုက်သေစေရုံသာမက ကျက်သွားအောင် လုပ်ပြီးတော့မှ အောက်ကို ဆွဲချကာ စားသောက်ကြတယ်။ ရှင် ကြည့်ကြည့်... ကြည့်ကြည့်...”
ယွင်ကျုံးဟဲ့သည် ရေကန်ထဲသို့ လှမ်းကြည့်လိုက်ရာ ခုနက ပစ်ချခံလိုက်ရသော အမျိုးသမီး စစ်သူကြီး ဆယ်ကျော်ခန့်သည် အားလုံး အရိုးစုများသာ ကျန်ရှိတော့သည်အထိ စားသောက်ခံလိုက်ရပြီ ဖြစ်ကြောင်း တွေ့လိုက်ရသည်။
ပိုင်ဖေးဖေးက ပြောလိုက်၏။ “ဒီဓာတ်လိုက် သေဆုံးသွားတဲ့ လုပ်ငန်းစဉ်ကို ကျွန်မ ဘယ်လောက် ကြည့်ကြည့် မဝနိုင်ဘူး။ အခု အဒေါ် ဓာတ်လိုက် သေရမယ့် အလှည့် ရောက်လာတော့ ကျွန်မ တော်တော်လေး အပြစ်ရှိသလို ခံစားရတယ်။
ပြီးတော့ ရှင်က တစ်သက်လုံး တစ်ယောက်တည်း နေလာခဲ့တာ။ သေခါနီး အချိန်ကျမှ ယောက်ျား တစ်ယောက်က အတူတူ လိုက်သေပေးတယ် ဆိုတော့ ဒါကလည်း စိတ်ကူးယဉ်ဆန်နည်း တစ်မျိုးပါပဲ။ ဒါပေမဲ့ ဒီယောက်ျားက တကယ်ကို အရုပ်ဆိုးလွန်းလို့ ကျွန်မ တကယ် ကြည့်တောင် မကြည့်ရက်ဘူး။
အစ်မတော်... ကျွန်မ ဂဏန်း သုံးလုံး နောက်ပြန် ရေတွက်မယ်နော်။ ရေတွက်လို့ ပြီးတာနဲ့ ကျွန်မတို့ တပြိုင်နက်တည်း ဒီလူနှစ်ယောက်ကို အောက်ကို တွန်းချလိုက်ကြရအောင်။ သုံး... နှစ်... တစ်...
နှုတ်ဆက်ပါတယ်။ အဒေါ် လီဟွာမေ... ငရဲပြည် ရောက်ပြီး သရဲ ဖြစ်သွားရင် ကျွန်မကို လာရှာဖို့ မမေ့နဲ့နော်။ ကျွန်မက ပိုင်ဖေးဖေး ပါ။”
မင်းသမီး ပိုင်ဖေးဖေး၏ လှပသော မျက်လုံးများတွင် ဆွဲဆောင်မှုရှိသော အပြုံးများ ထွက်ပေါ်လာပြီးနောက် သွယ်လျသော လက်လေးဖြင့် သွေးသံရဲရဲ ဖြစ်နေသော စစ်သေနာပတိချုပ် လီဟွာမေကို ရေကန် အတွင်းသို့ ပြင်းထန်စွာ တွန်းချလိုက်တော့သည်။
တစ်ချိန်တည်းမှာပင် မင်းသမီး ဝူရွှမ်းသည် ယွင်ကျုံးဟဲ့ကို ကြည့်ကာ တိုးညှင်းစွာ ပြောလိုက်၏။ “တောင်းပန်ပါတယ်။”
ထို့နောက် သူမ၏ လက်လေးကလည်း ညင်သာစွာ တွန်းလိုက်တော့သည်။
ချက်ချင်းပဲ ယွင်ကျုံးဟဲ့သည်လည်း ရေကန် အတွင်းသို့ ပြုတ်ကျသွားပြီး စစ်သေနာပတိချုပ် လီဟွာမေနှင့် တပြိုင်နက်တည်း ရေကန် အတွင်းသို့ ပြုတ်ကျသွားတော့၏။
တစ်ခဏအတွင်းမှာပဲ ရေကန် အတွင်း၌ နောက်တစ်ကြိမ် လှိုင်းလုံးများ ထွက်ပေါ်လာပြီး လျှပ်စစ်မီးပွားများ မရေမတွက်နိုင်အောင် ပြင်းထန်စွာ တောက်ပလာတော့သည်။
ယွင်ကျုံးဟဲ့ နှင့် လီဟွာမေ တို့၏ ခန္ဓာကိုယ်များ အဆက်မပြတ် တုန်ခါနေပြီး ပြင်းထန်သော လျှပ်စစ် စီးကြောင်းများ၏ ရိုက်ခတ်မှုကို ခံစားနေကြရ၏။
မင်းသမီး ပိုင်ဖေးဖေးသည် လက်ခုပ်တီးကာ ဝမ်းသာအားရ အော်ဟစ်နေတော့သည်။
စက္ကန့်အနည်းငယ် အကြာတွင် ကြောက်မက်ဖွယ်ကောင်းသော ဧရာမ ငါးကြီးအချို့ ရုတ်တရက် ထွက်ပေါ်လာပြီး ယွင်ကျုံးဟဲ့ နှင့် လီဟွာမေ တို့ကို ကိုက်ခဲကာ ရေကန်၏ အောက်ခြေသို့ ဆွဲချသွားကြတော့၏။
မင်းသမီး ပိုင်ဖေးဖေးသည် လက်ခုပ်တီးခြင်းကို ရပ်တန့်လိုက်ပြီး လှပသော မျက်လုံးများတွင် စိတ်အားထက်သန်မှုများ ပျောက်ကွယ်သွားကာ ပျင်းရိငြီးငွေ့သွားသည့် ပုံစံမျိုး ဖြစ်သွားတော့သည်။
“ဟူး... ပျော်စရာ ကောင်းတဲ့ နေ့ရက်တွေက အမြဲတမ်း ဒီလောက် တိုတောင်းတာပဲ။”
မင်းသမီး ပိုင်ဖေးဖေးက ပြောလိုက်၏။ “ကျွန်မက အဒေါ် လီဟွာမေကို သတ်ဖို့ အချိန်အကြာကြီး ပြင်ဆင်ခဲ့ရတာ။ အခု ဒီလောက် ခဏလေးနဲ့ ပြီးဆုံးသွားတာ အရမ်း နှမြောစရာ ကောင်းတာပဲ။”
ထို့နောက် သူမသည် ရေကန် အနီးမှ ထွက်ခွာလာပြီး နံရံတစ်ခု အရှေ့သို့ ရောက်ရှိသွားတော့သည်။
ဤနေရာတွင် မူလက စာလုံးများ အပြည့် ရေးသားထားသော်လည်း ပြန်လည် ခြစ်ထုတ်ခံလိုက်ရပြီး အရာများမှာလည်း အသစ်ဖြစ်နေကာ အခြား နံရံများပေါ်ရှိ နှစ်ပေါင်း မရေမတွက်နိုင်အောင် ကြာမြင့်နေပြီဖြစ်သော စာလုံးများနှင့် မတူညီချေ။
စာရေးခဲ့သော သူသည် နုဧကရာဇ်၏ နစ်မြုပ်နေသော သင်္ဘောကို ပထမဆုံး ရှာတွေ့ခဲ့သူဖြစ်ပြီး နုဧကရာဇ်၏ ရတနာများကိုလည်း ရှာတွေ့ခဲ့သူပင် ဖြစ်ပေလိမ့်မည်။
“ဒီလူက ဘယ်သူလဲ။ ရှင်က ကျွန်မကို မေးနေတာလား။ ကျွန်မက ဘယ်သူ့ကို သွားမေးရမှာလဲ။”
ပိုင်ဖေးဖေးက ပြောလိုက်၏။ “အစ်မတော်... ရှင် ရိုလန်နိုင်ငံကို ပြန်သွားပြီး ရှင့်ရဲ့ ဘုရင်မ နေရာမှာပဲ ဆက်နေပါတော့။ မင်းသား ကျိုးကျီ... ရှင်တို့ ထျန်းယန် ဧကရာဇ်ဟောင်းကို မြန်မြန် သတ်ပစ်လိုက်ကြနော်။ ပြီးရင် ကျွန်မတို့ရဲ့ စာချုပ်ကို အကောင်အထည် ဖော်ကြတာပေါ့။”
ဒုတိယမင်းသား ကျိုးကျီက ပြန်ပြောလိုက်သည်။ “စိတ်ချပါ။ ကျုပ်တို့ရဲ့ ရေတပ်တွေက မကြာခင်မှာပဲ ကျိုးလီရဲ့ ရေတပ်ကို ဖမ်းမိပြီး ဝိုင်းရံ ချေမှုန်းပစ်မှာပါ။ အခု အောက်ယွီ သေသွားပြီဆိုတော့ အလွန်ဆုံး လဝက် အတွင်းမှာ ကျိုးလီလည်း သေရမှာပါ။ အဲဒီနောက်မှာ ဧကရာဇ်ဟောင်းလည်း သေရမှာပါ။ အဲဒီအချိန်ကျရင် ပိုင်ယွင်မြို့နဲ့ ကျုပ်တို့ တာ့ကျိုးအင်ပါယာတို့ရဲ့ လက်ထပ် ပူးပေါင်းမှု တရားဝင် စတင်ပါပြီ။”
မင်းသမီး ပိုင်ဖေးဖေးက ပြောလိုက်၏။ “ကျွန်မ ရှင့်ဆီက သတင်းကောင်းကို စောင့်နေမယ်နော်။”
ရေကန် အတွင်း၌ သွေးများ ဆူပွက်နေပြီး ခဏအကြာတွင် လတ်ဆတ်သော အရိုးစု အသစ်များ ပေါ်ထွက်လာရာ အမှန်တကယ်ပင် ကြက်သီးမွေးညင်း ထသွားစေလောက်သည်။
“အောက်ယွီနဲ့ လီဟွာမေတို့ နတ်ပြည် တက်သွားကြပြီ။”
ကျိုးကျီက ပြောလိုက်၏။ “တကယ်ကို ကံကောင်းတာပဲ။”
ထို့နောက် လူများ ပြန်လည် ထွက်ခွာသွားကြပြီး ဤဧရာမ လိုဏ်ဂူကြီးသည် နောက်တစ်ကြိမ် တိတ်ဆိတ် ငြိမ်သက်သွားပြန်သည်။
အချိန် မည်မျှ ကြာသွားသည်ကို မသိရသော်လည်း ယွင်ကျုံးဟဲ့ အိပ်ရာမှ နိုးလာခဲ့သည်။ သူ အကောင်းပကတိ ရှိနေဆဲ ဖြစ်၏။
ဧရာမ လျှပ်စစ်ငါးရှဉ့် ကြီး တစ်ကောင်က သူ့ကို ရစ်ပတ်ထားပြီး လျှပ်စစ်စီးကြောင်းများ တစ်ခုပြီးတစ်ခု ထုတ်လွှတ်ကာ သူ့ကို နှိုးနေခြင်း ဖြစ်သည်။
အမှတ် (၂၅) လူနာက ပြောလိုက်၏။ “ကျုပ်ကိုကျုပ် တရားဝင် မိတ်ဆက်ပေးပါရစေ... X စိတ်ကျန်းမာရေး ဆေးရုံ အမှတ်(၂၅) လူနာ၊ နာမည်ပြောင် - ပင်လယ်၏သားတော်ပါ။”
တစ်ချိန်တည်းမှာပဲ ဤရေကန်၏ အောက်ခြေတွင် သေတ္တာများ အပြည့် ရှိနေသည်။
အမှတ် (၂၅) စိတ်ကျန်းမာရေးလူနာမှာ X စိတ်ကျန်းမာရေးဆေးရုံ၌ အလွန်ပင် ထင်ရှားမှု မရှိသူတစ်ဦး ဖြစ်၏။
ယွင်ကျုံးဟဲ့ ဆရာဝန်ကြီးအဖြစ် တာဝန်ထမ်းဆောင်ခဲ့သည့် နှစ်ကာလတစ်လျှောက်လုံးတွင် ထိုသူ၏ ထူးခြားသည့်စွမ်းရည်ကို မသိရှိခဲ့ရဘဲ ယခုမှသာ သိရှိရတော့သည်။
သူ၏နာမည်ပြောင်မှာ ပင်လယ်၏သားတော်ဖြစ်ပြီး ထိုအမည်မှာ ပင်လယ်၏သမီးတော် (The Little Marmaid) ပုံပြင်မှ ဆင်းသက်လာခြင်းဖြစ်သည်။ ကမ္ဘာမြေပေါ်တွင် Aquaman ရုပ်ရှင် အလွန်နာမည်ကြီး နေစဉ်က သူ၏ နာမည်ပြောင်ကိုလည်း Aquamanဟု ပြောင်းလဲရန် ကြိုးပမ်းခဲ့ဖူးသေး၏။
သို့သော်လည်း သူသည် ထိုမျှစွမ်းအားကြီးသူတစ်ယောက် မဟုတ်ပေ။ အမှတ် (၂၅) စိတ်ကျန်းမာရေးလူနာမှာ အလွန်ပင် ပုံမှန်အဖြစ်ဆုံးနှင့် အယဉ်ကျေးဆုံး လူတစ်ဦးဖြစ်ပြီး မည်သူ့ကိုမှ ဒုက္ခပေးလေ့မရှိသူ ဖြစ်သည်။
သူ၏တစ်ခုတည်းသော အားနည်းချက်မှာ စကားများကို အမြဲတစေ တရစပ်ပြောဆိုနေခြင်း ဖြစ်သည်။ တစ်ခါတစ်ရံတွင်မူ အသံမထွက်ဘဲ မည်သူမှ နားမလည်နိုင်သည့် စကားများကိုသာ ပြောဆိုနေတတ်၏။
သူ့အား ပင်လယ်၏သားတော် ဟု ခေါ်ဆိုခြင်းမှာ အတိအကျ မဟုတ်ပေ။ အကြောင်းမှာ သူ၏ ထူးခြားသော စွမ်းရည်မှာ တိရစ္ဆာန်အများအပြားနှင့် အပြန်အလှန် ဆက်သွယ်နိုင်ခြင်းကြောင့် ဖြစ်သည်။
သူသည် တိရစ္ဆာန်များနှင့် မွေးရာပါ ရင်းနှီးသည့်စွမ်းအားရှိရာ၊ ပိုးဟပ်တစ်ကောင်ပင်လျှင် သူ့ထံသို့ ကပ်တွယ်ချင်နေတတ်ကြ၏။
ထိုအကြောင်းကြောင့်ပင် ယွင်ကျုံးဟဲ့မှာ အမှတ် (၉) ကွမ်တန်အား ကောင်းစွာအသုံးချနေရင်းမှ ရုတ်တရက် အိပ်ပျော်သွားပြီး အမှတ် (၂၅) နှင့် အစားထိုးခံလိုက်ရခြင်းဖြစ်သည်။
သာမန်လူသာဆိုပါက ဤရေအောက်ရှိ အထူးလျှပ်စစ်ငါးရှဉ့်တို့၏ လျှပ်စစ်ဓာတ်လိုက်ခြင်းကို ခံရကာ အသက်ဆုံးရှုံးသွားမည်မှာ သေချာသည်။ အကြောင်းမှာ ဤနေရာတွင် ဧရာမလျှပ်စစ်ငါးရှဉ့်ကောင်ရေ ဆယ်ကောင်ကျော်မျှ ရှိနေခြင်းကြောင့်ပင်။
သို့သော်ငြား အမှတ် (၂၅) စိတ်ကျန်းမာရေးလူနာမှာမူ လုံးဝမတူပေ။ သူသည် တိရစ္ဆာန်များနှင့် အလွန် ရင်းနှီးသောစွမ်းရည် ရှိထားသူဖြစ်ရာ ထိုငါးရှဉ့်တို့က သူ့အား ချစ်ခင်ကြမည်မှာ သေချာပေါက် ဖြစ်သည်။
အပိုင်း (၅၉၀)
ယွင်ကျုံးဟဲ့ နိုးထလာချိန် မျက်စိရှေ့မှ လျှပ်စစ်ငါးရှဉ့်များကို မြင်လိုက်ရချိန်မှာတော့ အလွန် ထိတ်လန့် သွားတော့၏။
ဤမျှကြီးမားလှသော လျှပ်စစ်ငါးရှဉ့်များ ရှိနေလိမ့်မည်ဟု ထင်မထားခဲ့ပေ။ အနည်းဆုံး ဆယ်မီတာ ကျော်ခန့် ရှည်လျားမည့်အပြင် ပုံပန်းသဏ္ဍာန်မှာလည်း အလွန်ပင် ကြောက်မက်ဖွယ်ကောင်းလှသည်။
၎င်းတို့မှာ မျိုးရိုးဗီဇပြောင်းလဲနေသော လျှပ်စစ်ငါးရှဉ့်များဖြစ်ကြပြီး၊ ခန္ဓာကိုယ်မှ အလင်းရောင်များပင် ထွက်ပေါ်နေသေး၏။
ဤကဲ့သို့ မျိုးရိုးဗီဇ ပြောင်းလဲနေသည့် ဧရာမလျှပ်စစ် ငါးရှဉ့်ဆယ်ကောင်ကျော်ခန့် ရှိနေခြင်းက သူတို့၏ လျှပ်စစ်စွမ်းအင်များကို အံ့အားသင့်ဖွယ် တိုးပွားစေခဲ့သည်။
သို့သော်ငြား ယခုအချိန်တွင် ထိုအရာတို့ကို အသေးစိတ် ဂရုစိုက်ရန် အချိန်မရှိတော့ပေ။ ယွင်ကျုံးဟဲ့မှာ အသက်ရှူမဝ ဖြစ်နေပြီး စစ်သေနာပတိချုပ် လီဟွာမေမှာလည်း သေရေးရှင်ရေး အခြေအနေသို့ ရောက်ရှိနေပြီဖြစ်၏။
ရေကန်အောက်ခြေ၌ သေတ္တာများစွာရှိသကဲ့သို့ ကြွေပုလင်း ဆယ်လုံးကျော်လည်း ရှိနေ၏။ သေတ္တာများကိုမူ လောလောဆယ်တွင် အပေါ်သို့ သယ်ယူနိုင်ရန် မဖြစ်နိုင်သေးပေ။
ထို့ကြောင့် ယွင်ကျုံးဟဲ့က ကြွေပုလင်းတစ်လုံးကို ကောက်ယူလိုက်ပြီး လီဟွာမေအား ပိုက်ကာ ရေပေါ်သို့ ကူးတက်ရန် ကြိုးစားလိုက်သည်။
သို့ပေမည့် သူ၏ ခန္ဓာကိုယ်နှင့် ခွန်အားမှာ အလွန် အားနည်းလွန်းသောကြောင့် လူတစ်ဦးကို ဖက်တွယ်လျက် ကူးခတ်ရန် လုံးဝမဖြစ်နိုင်တော့ပေ။
ထိုအချိန်တွင် လျှပ်စစ်ငါးရှဉ့်အချို့မှာ ချက်ချင်း ရှေ့သို့တိုးလာကြပြီး ၎င်းတို့နှစ်ဦးအား ရေပေါ်သို့ အလွယ်တကူ တွန်းတင်ပေးလိုက်ကာ ယွင်ကျုံးဟဲ့အား ချစ်ခင်ယုယစွာ ပွတ်သီးပွတ်သပ် ပြုလုပ် နေကြတော့သည်။
ယွင်ကျုံးဟဲ့သည် စစ်သေနာပတိချုပ် လီဟွာမေကို မြေပြင်ပေါ်သို့ ဆွဲတင်လိုက်ပြီး သူမ၏ တင်းကျပ်သော ရေငုပ်ဝတ်စုံကို ဆွဲဖြဲလိုက်ရာ ယွင်ကျုံးဟဲ့၏ ခန္ဓာကိုယ် အနည်းငယ် တုန်ယင်သွားပြီး အသက်ရှူသံ များလည်း ပိုမို မြန်ဆန်လာတော့၏။
ဤအမျိုးသမီး၏ ခန္ဓာကိုယ်မှာ အမှန်တကယ်ပင် ပေါက်ကွဲထွက်လုမတတ် လှပလွန်း၏။ သူမ၏ ဒဏ်ရာကို စစ်ဆေးကြည့်လိုက်ရာ ခုနက ပိုင်ဖေးဖေးသည် သူမကို ဟိုဘက်ဒီဘက် ပေါက်သွားအောင် ဓားဖြင့် ထိုးခဲ့ခြင်း ဖြစ်သောကြောင့် ဤကဲ့သို့သော အခြေအနေမျိုးမှာ အလွန် အန္တရာယ် များလှပြီး ခွဲစိတ် ကုသမှုပင် လိုအပ်နိုင်သည်။
သို့ပေမည့် ယွင်ကျုံးဟဲ့တွင် ဤနေရာ၌ မည်သည့် ဆေးဝါး ကိရိယာမှ မရှိချေ။ သို့သော်ငြား ဒဏ်ရာကို စစ်ဆေးကြည့်လိုက်ချိန်မှာတော့ ယွင်ကျုံးဟဲ့ လုံးဝ အံ့ဩမှင်သက်သွားတော့၏။
လီဟွာမေ၏ ဒဏ်ရာသည် အလိုအလျောက် သွေးတိတ်သွားပြီး မကျက်သေးသော်လည်း တင်းကျပ်စွာ ပိတ်နေကာ အတွင်းပိုင်း သွေးထွက်ခြင်းလည်း မရှိသကဲ့သို့ ဖြစ်နေသည်။
‘အတွင်းကလီစာတွေကို မထိခိုက်မိလို့လား။ သူမက ဒီလောက်တောင် အစွမ်းထက်တာလား။’
သို့ပေမည့် ယခုအခါ သူမသည် အသက်မရှူတော့သောကြောင့် ယွင်ကျုံးဟဲ့ ရှေ့သို့တက်ကာ သူမကို လူလုပ် အသက်ရှူခြင်း ပြုလုပ်ပေးလိုက်တော့၏။
ဤအချိန်တွင်မှ ယွင်ကျုံးဟဲ့သည် သူမ၏ မျက်နှာကို သေချာစွာ ကြည့်ရှုမိတော့၏။ အမှန်တကယ်ပင် လှပလွန်းလှပြီး ထူးခြားသော အလှတရား တစ်မျိုး ပြည့်နှက်နေသည်။
သူမ၏ ခန္ဓာကိုယ်မှာ အရမ်းကို ပေါက်ကွဲထွက်လုမတတ် လှပလွန်းသောကြောင့် လူများကို သူမ၏ မျက်နှာကိုပင် မေ့လျော့သွားစေနိုင်၏။
‘စစ်သေနာပတိချုပ် လီဟွာမေ... ကျုပ်က ခင်ဗျားကို အခွင့်ကောင်း ယူချင်လို့ မဟုတ်ဘူးနော်။ ခင်ဗျားကို ကယ်တင်ဖို့အတွက် လုပ်နေတာပါ။’
သုံးမိနစ်တိတိ ကြာပြီးနောက် လီဟွာမေ၏ အသက်ရှူသံများ ပြန်လည် ရရှိလာသော်လည်း သတိ မရလာသေးချေ။
ယွင်ကျုံးဟဲ့ သိရှိလိုက်သည်မှာ သူမ အဆိပ်မိနေသည်မှာ အတော်လေး ပြင်းထန်နေပြီ ဖြစ်ကြောင်းပင်။ သို့ပေမည့် ပိုင်ယွင်မြို့၏ အဆိပ်ပြင်းများကို ယွင်ကျုံးဟဲ့ နားမလည်သောကြောင့် ကုသပေးရန် နည်းလမ်း မရှိပေ။
ဤအတိုင်း ဆက်သွားနေပါက လီဟွာမေသည် သေချာပေါက် သေဆုံးသွားပေလိမ့်မည်။ ထို့ကြောင့် ယွင်ကျုံးဟဲ့၏ အကြည့်များမှာ လက်ထဲရှိ ကြွေပုလင်းထံသို့ ရောက်ရှိသွားတော့၏။
‘လီဟွာမေ ပြောတဲ့ နုဧကရာဇ်ရဲ့ဆေး ဆိုတာ ဒါပဲ ဖြစ်ရမယ်။ အရင်က သူမက ပိုင်ဖေးဖေးရဲ့ အဆိပ်ပြင်း အကြံအစည်ကို ခံလိုက်ရပြီး နုဧကရာဇ်ရဲ့ ဆေးလို့ ထင်ပြီး အဆိပ်ကို သောက်လိုက်မိတာပဲ။ ဒါဆို မျက်စိရှေ့က ဒီပုလင်းကတော့ တကယ့် နုဧကရာဇ်ရဲ့ ဆေးအစစ် ဖြစ်ရမယ်။ ဒါက ရေကန် အောက်ခြေ ကနေ ဆယ်ယူလာတာလေ။ ပြီးတော့ အခုချိန်မှာ တခြား ရွေးချယ်စရာလည်း မရှိတော့ဘူး။’
ယွင်ကျုံးဟဲ့သည် ကြွေပုလင်းကို အားစိုက် ဖွင့်လိုက်ရာ ပြင်းထန်သော အနံ့တစ်ခု နှာခေါင်းထဲသို့ ဝင်ရောက်လာတော့သည်။
မွှေးမြခြင်း ရှိ၊ မရှိ သို့မဟုတ် နံစော်ခြင်း ရှိ၊ မရှိကိုမူ အတိအကျ ပြောပြရန် ခက်ခဲလှသည်။ သို့သော်လည်း အလွန်ပင် စူးရှပြင်းထန်သည့် အနံ့မျိုးကို ရရှိနေသည်။ ဤဆေးလုံးငယ်မှာ အရောင်အသွေးမှာ အနီရဲရဲ ဖြစ်နေပြီး၊ ၎င်းတွင် မည်သို့သော ထူးခြားသည့် ဂုဏ်သတ္တိများ ပုန်းကွယ်နေသည်ကိုမူ အဖြေရှာ၍ မရနိုင်သေးပေ။
‘ဒါက နုဧကရာဇ်ရဲ့ ဆေး ဆိုတာလား။’
ယွင်ကျုံးဟဲ့သည် လီဟွာမေ၏ ပါးစပ်ကိုဖွင့်ကာ အနီရဲရဲ ဆေးလုံးလေးကို အတွင်းသို့ ထည့်ပေး လိုက်ပြီးနောက် လီဟွာမေကို ဆေးတိုက်ရန် ရေ သွားယူတော့မှာဖြစ်သည်။
သို့ပေမည့် မထင်မှတ်ဘဲ ဤအနီရဲရဲ ဆေးလုံးလေးသည် သူမ၏ ပါးစပ်ထဲတွင် တိုက်ရိုက် အရည်ပျော်သွားပြီး သူမ၏ ဝမ်းဗိုက်ထဲသို့ စီးဆင်းသွားတော့၏။
“အား...” ချက်ချင်းပဲ လီဟွာမေ ထံမှ နာကျင်သော အော်ဟစ်သံ တစ်ခု ထွက်ပေါ်လာတော့သည်။
ထို့နောက် သူမ၏ ခန္ဓာကိုယ်သည် မြေပြင်ပေါ်တွင် တုန်ခါနေရာ ယွင်ကျုံးဟဲ့ကိုပင် ကြောက်လန့် သွားစေတော့၏။
‘ဒါ... ဒါက အရမ်းကို ကြောက်စရာ ကောင်းလွန်းတယ်။’
လီဟွာမေ၏ မိစ္ဆာမ ကဲ့သို့ လှပသော ခန္ဓာကိုယ်သည် မြေပြင်ပေါ်တွင် အသေအလဲ လူးလိမ့်နေပြီး တစ်ခါတစ်ရံ လေထဲသို့ ခြောက်လက်မကျော်ခန့်ပင် မြောက်တက်သွားတတ်သည်။
ဤခံစားချက်မှာ ဒဏ်ရာရနေသော မြွေပွေး တစ်ကောင်က အသေအလဲ ရုန်းကန်နေသကဲ့သို့၊ ရေပြင်ပေါ်မှ ငါး တစ်ကောင်က မြေပြင်ပေါ်တွင် ရုန်းကန်နေသကဲ့သို့ ဖြစ်နေ၏။
သူမသည် အလွန် နာကျင်နေပုံရပြီး ဓားဖြင့် မွှေနှောက်နေသကဲ့သို့ နာကျင်မှုမျိုးကို ခံစားနေရကာ တစ်ကိုယ်လုံး နီရဲလာပြီး သွေးကြောများ အားလုံး ပေါက်ကွဲထွက်လုမတတ် ဖြစ်နေသည်။
ယွင်ကျုံးဟဲ့က တွေးတောမိသည်မှာ အကယ်၍ သူ့နေရာတွင်သာ ဆိုပါက ဤကဲ့သို့သော နာကျင်မှုမျိုးကို ခံနိုင်ရည် ရှိမည် မဟုတ်ဘဲ ချက်ချင်း သေဆုံးသွားပေလိမ့်မည်။ အကြောင်းမူ အလွန်အမင်း နာကျင်မှုကြောင့် ချက်ချင်း သတိလစ် သေဆုံးသွားနိုင်သောကြောင့်ဖြစ်၏။
ဤကဲ့သို့သော နာကျင်မှုမျိုးသည် တစ်နာရီ၏ လေးပုံတစ်ပုံ (၁၅ မိနစ်ခန့်) ကြာမြင့်ခဲ့ပြီးနောက် လီဟွာမေသည် ငြိမ်သက်သွားပြီး မြေပြင်ပေါ်တွင် တစ်ချက်လေးမှ မလှုပ်ရှားဘဲ လဲလျောင်းနေတော့၏။ အကယ်၍ အသက်ရှူသံ မရှိတော့ဘူးဆိုလျှင် ယွင်ကျုံးဟဲ့က သူမ သေသွားပြီဟုပင် ထင်မှတ်သွားနိုင်သည်။
နောက်ထပ် တစ်နာရီခန့် ကြာပြီးနောက် လီဟွာမေသည် မျက်လုံးများကို ဖွင့်လိုက်ပြီး ယွင်ကျုံးဟဲ့ကို အချိန်အတော်ကြာ စိုက်ကြည့်နေကာ ပြောလိုက်၏။ “ရှင်က တကယ်ကို ထူးဆန်းတဲ့ ဖက်တီးလေး တစ်ယောက်ပဲ။”
ယွင်ကျုံးဟဲ့ ပြောစရာ စကားမဲ့သွားတော့သည်။ ‘ထူးဆန်းရင်လည်း ထူးဆန်းတယ်ပေါ့။ ဘာလို့ ဖက်တီး ဆိုတဲ့ စကားလုံး နှစ်လုံးကို ထည့်ပြောရတာလဲ။’
“ဒါက နုဧကရာဇ်ရဲ့ ဆေးလား။” ယွင်ကျုံးဟဲ့က မေးလိုက်၏။
လီဟွာမေက ခေါင်းညိတ်ကာ ပြန်ဖြေလိုက်သည်။ “ဟုတ်တယ်။”
ယွင်ကျုံးဟဲ့က ထပ်မေးလိုက်၏။ “ဒီနုဧကရာဇ်ရဲ့ ဆေးက အဆိပ်ဖြေပေးဖို့လည်း တာဝန်ယူတာလား။”
စစ်သေနာပတိချုပ် လီဟွာမေက ပြန်ဖြေလိုက်သည်။ “ခုနက ကျွန်မ သောက်လိုက်တဲ့ ဆေးအတုက ရှင်တို့လို ပုံမှန် လူတွေအတွက်တော့ အဆိပ်ပြင်း မဟုတ်ဘူး။ ကျုပ်တို့လို နုဧကရာဇ်ရဲ့မျိုးဆက်တွေအတွက် သီးသန့် ရည်ရွယ်ထားတာပါ။ ပြီးတော့ နုဧကရာဇ်ရဲ့ ဆေးက အရမ်းကို ပြင်းထန်လွန်းလို့ အဲဒီ အဆိပ်ကို တိုက်ရိုက် ချေဖျက်ပေးလိုက်တာပါ။”
ထို့နောက် စစ်သေနာပတိချုပ် လီဟွာမေက ဆက်ပြောလိုက်၏။ “အခုတော့ ကျွန်မ အသက် ဆယ်နှစ် ပြန်ရသွားပြီ။”
ယွင်ကျုံးဟဲ့က ပြောလိုက်သည်။ “ဆယ်နှစ်တင် မကဘူး။ ရေကန်အောက်ခြေမှာ ကြွေပုလင်း ဆယ်လုံးကျော်လောက် ရှိသလို၊ သေတ္တာ ဆယ်လုံးကျော်လောက်လည်း ရှိပါသေးတယ်။”
“တကယ်လား။ လီဟွာမေသည် ရေကန် အတွင်းသို့ ခုန်ချရန် ပြင်လိုက်တော့၏။
“နေအုံး။” ယွင်ကျုံးဟဲ့သည် သူမကို အလျင်အမြန် တားဆီးလိုက်သည်။
‘ခင်ဗျား... လီဟွာမေက အမှတ်(၂၅)မှ မဟုတ်တာ။ ခင်ဗျားက တိရစ္ဆာန်တွေနဲ့ ရင်းနှီးတဲ့ အစွမ်းလည်း မရှိဘူး၊ ပင်လယ်ရဲ့ သမီးတော်လည်း မဟုတ်ဘူးလေ။ ဒီမျိုးရိုးဗီဇ ပြောင်းလဲနေတဲ့ လျှပ်စစ်ငါးရှဉ့်တွေက ခင်ဗျားကို မျက်နှာသာ ပေးမှာ မဟုတ်ဘူး။’
“ကျုပ်နဲ့ အတူတူ သွားရအောင်။ ကျုပ်ပါရင် အောက်က ငါးတွေက ခင်ဗျားကို အနာတရ မဖြစ်စေဘူး။” ယွင်ကျုံးဟဲ့က ပြောလိုက်၏။
လီဟွာမေသည် ယွင်ကျုံးဟဲ့ကို ခေါ်ဆောင်ကာ ရေကန် အတွင်းသို့ နောက်တစ်ကြိမ် ခုန်ချသွားတော့၏။ အမှန်ပင် မျိုးရိုးဗီဇ ပြောင်းလဲနေသည့် လျှပ်စစ်ငါးရှဉ့်များက လျှပ်စစ် မထုတ်လွှတ်တော့ဘဲ အနားကို ရင်းနှီးစွာ ကူးလာပြီး ယွင်ကျုံးဟဲ့၏ ခန္ဓာကိုယ်ကို လာရောက် ပွတ်သီးပွတ်သပ် လုပ်နေကြတော့သည်။
ရေအောက်သို့ ရောက်ရှိသွားချိန်မှာတော့ ဤမျိုးရိုးဗီဇ ပြောင်းလဲနေသော လျှပ်စစ်ငါးရှဉ့်ကြီးများသည် ခန္ဓာကိုယ်မှ အလင်းရောင်များ ထုတ်လွှတ်နေသောကြောင့် လီဟွာမေသည်လည်း ရှင်းလင်းစွာ မြင်တွေ့နေရ၏။
ဤရေကန်၏ အောက်ခြေတွင် သေတ္တာ ဆယ်လုံးကျော်ခန့် ရှိနေပြီး နုဧကရာဇ်၏ ဆေးကြွေပုလင်း များလည်း ဆယ်လုံးကျော်ခန့် ရှိနေသည်။
လီဟွာမေသည် ဤသေတ္တာများကို ယာယီ မထိသေးဘဲ ကြွေပုလင်းများ အားလုံးကို ကောက်ယူလိုက်ပြီး အပေါ်သို့ ပြန်တက်ရန် ပြင်လိုက်တော့၏။
“ဒါ ဘာလဲ။” ယွင်ကျုံးဟဲ့ အနည်းငယ် အံ့ဩသွားတော့၏။ အကြောင်းမူ သူသည် ရေအောက်တွင် ကျောက်စိမ်း ဆွဲပြား တစ်ခုကို တွေ့ရှိလိုက်ရသောကြောင့် ဖြစ်သည်။
ဤသည်မှာ အဝါရောင် ကျောက်စိမ်း တစ်ခုဖြစ်ပြီး ရွှေငါးတစ်ကောင်ပုံစံ ထုဆစ်ထားကာ အလွန် တန်ဖိုးရှိပုံ ရ၏။
ယွင်ကျုံးဟဲ့သည် ရွှေငါး ကျောက်စိမ်း ဆွဲပြားကို ကောက်ယူလိုက်၏။ လီဟွာမေသည် ယွင်ကျုံးဟဲ့ကို ခေါ်ဆောင်ကာ ရေပေါ်သို့ ပြန်လည် တက်လာတော့သည်။
ယွင်ကျုံးဟဲ့သည် ရွှေငါး ကျောက်စိမ်း ဆွဲပြားကို ကြည့်ရှုလိုက်ရာ ဤအရာသည် သေချာပေါက် အလွန် အဖိုးတန်မည် ဖြစ်ကြောင်း သိရှိလိုက်သည်။ အကြောင်းမူ ဤကျောက်စိမ်း အရည်အသွေးမှာ အလွန် ကောင်းမွန်လွန်းပြီး ပွင့်လင်းမြင်သာလုနီးပါး ဖြစ်နေကာ ရွှေကဲ့သို့ အဝါရောင် တောက်ပနေသောကြောင့် ဖြစ်၏။
“ဒါ ဘယ်သူ ပြုတ်ကျသွားတာလဲလို့ ခင်ဗျား ထင်လဲ။ ဒါမှမဟုတ် ဘယ်သူ ပစ်ချသွားတာလဲလို့ ထင်လဲ။” ယွင်ကျုံးဟဲ့က မေးလိုက်သည်။
လီဟွာမေက ရွှေငါး ကျောက်စိမ်း ဆွဲပြားကို လှမ်းယူလိုက်ပြီး ပြောလိုက်၏။ “ဒီပစ္စည်းကို ဘာလို့ ပစ်ချရမှာလဲ။
ယွင်ကျုံးဟဲ့က ပြောလိုက်သည်။ “တစ်ယောက်ယောက်က ကျုပ်တို့ထက် အရင် နုဧကရာဇ်ရဲ့ နစ်မြုပ်နေတဲ့ သင်္ဘောရဲ့ တည်နေရာ ပဟေဠိကို ဖြေရှင်းနိုင်ခဲ့ပြီး ဒီလိုဏ်ဂူကို ကြိုတင် ရှာတွေ့သွားလိမ့်မယ်လို့ မထင်ထားခဲ့ဘူး။ ကျုပ် ခုနက ပိုင်ဖေးဖေးကို မေးကြည့်တော့ သူမလည်း မသိတဲ့ ပုံစံပဲ။ ခင်ဗျား ထင်တာက ဒီရွှေငါး ကျောက်စိမ်း ဆွဲပြားဟာ ဒီလျှို့ဝှက်ချက်ကို အရင်ဆုံး ရှာတွေ့ခဲ့တဲ့လူရဲ့ ပစ္စည်း ဖြစ်နိုင်မလား။”
လီဟွာမေက ပြန်ပြောလိုက်၏။ “ဖြစ်နိုင်တယ်။ အကယ်၍ ရှင်က ဒီလျှို့ဝှက်ဆန်းကြယ်တဲ့လူကို ရှာချင်တယ် ဆိုရင် အသုံးဝင်မယ့် အချက်အလက်က ဒီမှာ ရှိတယ်။”
လီဟွာမေသည် လိုဏ်ဂူ၏ နံရံကို လက်ညှိုးထိုးကာ ပြောလိုက်သည်။ “တစ်ယောက်ယောက်က ဒီမှာ တစ်ခုခု ရေးခဲ့ဖူးတယ်။ ဒါပေမဲ့ ပြန်ခြစ်ထုတ်ခံလိုက်ရတယ်။ ပြီးတော့ အရာတွေကလည်း အသစ် ဖြစ်နေတယ်။ ဆယ်စုနှစ် အနည်းငယ်လောက်ပဲ ရှိအုံးမယ် ထင်တယ်။ အဲဒီတုန်းက သင်္ဘော နစ်မြုပ်တဲ့ သူတွေ ရေးခဲ့တာ လုံးဝ မဟုတ်ဘူး။”
ယွင်ကျုံးဟဲ့သည် ဤ လိုဏ်ဂူ နံရံ အနီးသို့ တိုးသွားပြီး အပေါ်ရှိ စာလုံးများကို ခွဲခြားသိမြင်နိုင်ရန် အစွမ်းကုန် ကြိုးစားသော်လည်း အမှန်တကယ်ပင် ခွဲခြား၍ မရတော့ချေ။ အကြောင်းမူ လုံးဝ ခြစ်ထုတ် ဖျက်ဆီး ခံထားရသောကြောင့်ပင်။
‘ဒီလူက နံရံပေါ်မှာ ဘာစာလုံးတွေ ရေးထားခဲ့တာလဲ။’
ယွင်ကျုံးဟဲ့က ပြောလိုက်၏။ “ဒီလူက ဘယ်သူပဲ ဖြစ်ဖြစ်၊ သေချာပေါက် ဒီနေရာကနေ အောင်မြင်စွာ ထွက်ခွာသွားနိုင်ခဲ့ပြီ။”
စစ်သေနာပတိချုပ် လီဟွာမေသည်လည်း ဤစကားကို လက်ခံ၏။ အကြောင်းမူ အကယ်၍ ဤလူသည် ဤနေရာမှ အောင်မြင်စွာ မထွက်ခွာနိုင်ခဲ့ပါက သူရေးသားခဲ့သော စာလုံးများကို ခြစ်ထုတ်ပစ်ရန် မလိုအပ်တော့သောကြောင့်ပင်။
ဤလူက နံရံပေါ်တွင် စာလုံး ရေးသားခဲ့ခြင်းမှာ သူ ဤနေရာတွင် သေဆုံးရတော့မည်ဟု ထင်မှတ်၍ သေတမ်းစာ ချန်ထားခဲ့ခြင်း ဖြစ်ကြောင်း ထင်ရှားလို့နေသည်။
နောက်ပိုင်းတွင် ဤလူသည် ဤနေရာမှ အောင်မြင်စွာ ထွက်ခွာသွားနိုင်ခဲ့သောကြောင့် သူရေးသားခဲ့သော စာလုံးများက သဲလွန်စများ ချန်ထားခဲ့မည်ကို စိုးရိမ်ပြီး သူမည်သူဖြစ်ကြောင်း အခြားလူများ ခန့်မှန်းမိမည်ကို စိုးရိမ်၍ ဤစာလုံးများကို ခြစ်ထုတ်ပစ်ခဲ့ခြင်း ဖြစ်၏။
ယွင်ကျုံးဟဲ့က ပြောလိုက်သည်။ “ဒါဆို ဒီ လိုဏ်ဂူ အပေါ်ပိုင်းမှာရှိတဲ့ သေတ္တာ ရာချီခန့်ဟာ သေချာပေါက် အလွတ်တွေချည်းပဲ ဖြစ်ရမယ်။ အားလုံးက မြှူဆွယ်တဲ့ အရာတွေပဲ ဖြစ်ရမယ်။”
လီဟွာမေက ခေါင်းညိတ်ကာ ပြန်ပြောလိုက်၏။ “ဟုတ်တယ်။ ဒီသေတ္တာ ရာချီခန့်ဟာ ပိုင်ယွင်မြို့က ယူသွားတာ ဖြစ်နိုင်သလို၊ အဲဒီ လျှို့ဝှက်ဆန်းကြယ်တဲ့ လူက ယူသွားတာလည်း ဖြစ်နိုင်တယ်။ ဒါပေမဲ့ ဘယ်သူပဲ ယူသွားယူသွား၊ ဒါက အံ့ဩတုန်လှုပ်စရာ ကောင်းတဲ့ ချမ်းသာကြွယ်ဝမှုကြီး တစ်ခုပါပဲ။ ဒီ ချမ်းသာကြွယ်ဝမှု ဆိုတာ ငွေကြေး သက်သက် မကဘူး။”