← Chapters

အခန်း ၂၁၁

Vol. 22 Ch. 211

အခန်း ၂၁၁

Vol. 22 Ch. 211

အခန်း (၂၁၁)

နေ့လယ်စာစားချိန်

စီအီးအိုရုံးခန်းထဲမှာ တက်ဂယူ၊ စီနီယာဆန်းယော့တို့နဲ့အတူ ပဲခေါက်ဆွဲ မှာစားနေတုန်း အွန်ဆောင်းမော်တာ ကားတွေကို ပြန်သိမ်းမယ့်အကြောင်း သတင်းတက်လာပါတယ်။

အွန်ဆောင်းမော်တာဘက်က သူတို့သဘောနဲ့သူတို့ ပြန်သိမ်းမယ်လို့ ကြေညာခဲ့ပေမယ့်လည်း အမေရိကန် တရားရေးဝန်ကြီးဌာနကတော့ ချို့ယွင်းချက်တွေနဲ့ သတင်းဖုံးကွယ်ထားမှုကို ဆက်ပြီး စုံစမ်းစစ်ဆေးနေတုန်းပါပဲ။ လေအိတ်ချို့ယွင်းချက်အတွက် အဓိကတာဝန်ရှိတာကတော့ ထုတ်လုပ်တဲ့ကုမ္ပဏီဖြစ်တဲ့ PAS ပဲ ဖြစ်ပါတယ်။ ဒဏ်ငွေပမာဏကို အတည်မပြုရသေးပေမယ့် အနည်းဆုံး ဒေါ်လာသန်းပေါင်း ရာနဲ့ချီ ဒဏ်ရိုက်ခံရနိုင်ပြီး စားသုံးသူတွေနဲ့ ထိခိုက်နစ်နာသူတွေရဲ့ နစ်နာကြေးတောင်းဆိုတဲ့ တရားစွဲဆိုမှုတွေဆိုရင် စတောင်မစရသေးပါဘူး။ လေအိတ်တွေ ပံ့ပိုးပေးမှု ရပ်ဆိုင်းခံလိုက်ရတာကြောင့် PAS စက်ရုံအားလုံး လည်ပတ်မှု ရပ်တန့်သွားပြီး အရောင်းလည်း ထိုးဆင်းသွားခဲ့တယ်။ PAS စက်ရုံရှိတဲ့ မက္ကဆီကိုမှာဆိုရင်လည်း အမေရိကန်ရဲ့ စုံစမ်းစစ်ဆေးရေး အထောက်အထားတွေကို အခြေခံပြီး PAS မက္ကဆီကိုရဲ့ ပိုင်ဆိုင်မှုတွေကို အစိုးရက ပိတ်သိမ်းလိုက်တယ်။ တရုတ်နဲ့ တခြားနိုင်ငံတွေကလည်း ဒီလိုမျိုးပဲ ဆက်လုပ်သွားမယ်လို့ အရိပ်အမြွက် ပြလာကြတယ်။ ကိုရီးယားအစိုးရကတော့ ဘာမှ အရေးယူဆောင်ရွက်တာမျိုး မရှိသေးပေမယ့် PASဟာ ဒေဝါလီခံရတော့မှာကတော့ သေချာသလောက်ပါပဲ။

တကယ့်ပိုင်ရှင်က ဘယ်သူလဲဆိုတာ ထွက်ဆိုချက်တွေ ရှိနေပေမယ့်လည်း ပတ်ဆီဟျွန်းကတော့ အဆုံးထိ ငြင်းဆိုနေတုန်းပဲ။ ဥက္ကဌ ပတ်ဆီဟန်ကလည်း ဘာမှမပြောဘဲ မီဒီယာတွေကို ရှောင်နေခဲ့တယ်။ ပတ်ဆီဟျွန်းကို ထောက်ခံပေးရမယ့် လေဘာပါတီကလည်း သမ္မတရွေးကောက်ပွဲ ရှုံးနိမ့်မှုအတွက် တာဝန်ရှိတယ်ဆိုပြီး ပါတီတွင်း အချင်းချင်း ရန်ဖြစ်နေကြတယ်။ ပတ်လိုလားတဲ့အုပ်စုက လီဂျောင်ဟွန်းနဲ့ တခြားအုပ်စုတွေကို တိုက်ခိုက်ကြသလို တခြားအုပ်စုကလည်း ဒါဟာ သမ္မတနဲ့ ပတ်လိုလားတဲ့အုပ်စုကြောင့် ရှုံးရတာဆိုပြီး ပြန်အပြစ်ပုံချနေ ကြတယ်။ အတိုက်အခံ လွှတ်တော်အမတ်တွေကလည်း အထူးစုံစမ်းစစ်ဆေးရေးအဖွဲ့ ဖွဲ့ဖို့ အစိုးရကို ဖိအားပေးနေပေမယ့် ပတ်ဆီဟျွန်းကတော့ သူကိုယ်တိုင်က စုံစမ်းစစ်ဆေးခံရမယ့်သူ ဖြစ်နေတာကြောင့် ဘာမှမကြားချင်ယောင်ဆောင်ပြီး လျစ်လျူရှုထားတယ်။

အထူးစုံစမ်းစစ်ဆေးရေးအဖွဲ့နဲ့ မဆိုင်ဘဲ အမှုစစ်ရုံးကလည်း သူတို့ဘာသာ စုံစမ်းစစ်ဆေးမှုတွေ စတင်နေပါပြီ။ ပတ်ဆီဟျွန်းက သူ့အကျိုးပဲသူ ကြည့်သလိုမျိုး အမှုစစ်ရုံးကလည်း သူတို့ ရှင်သန်ရပ်တည်ရေးကိုပဲ အဓိကထားနေတာပါ။ အစိုးရအပြောင်းအလဲက လက်တကမ်းအလို ရောက်နေပြီဆိုတော့ အခြေအနေကောင်းတဲ့ဘက်မှာ နေတာက ပိုစိတ်ချရတယ်လေ။ သူတို့က တရားမဝင် မှတ်ချက်ပေးတာတွေ၊ အစိုးရနောက်ကွယ်က ဆန္ဒပြပွဲတွေနဲ့ PAS ရဲ့ တကယ့်ပိုင်ရှင်အစစ်အမှန်အကြောင်းကို သေချာ စုံစမ်းစစ်ဆေးနေကြပါတယ်။ ဒါပေမယ့် သူတို့ အရင်ကလုပ်ခဲ့တဲ့ တရားမဝင် လုပ်ရပ်တွေကိုတော့ ဘာမှ အရေးမယူကြသေးတာကြောင့် ပြည်သူတွေရဲ့ တုံ့ပြန်မှုကတော့ အေးစက်နေတုန်းပဲ။ လက်ရှိသမ္မတကိုတော့ ပုန်ကန်မှု ဒါမှမဟုတ် လာဘ်ပေးလာဘ်ယူမှုလိုမျိုး ကြီးလေးတဲ့ပြစ်မှုတွေကလွဲရင် အတင်းအဓမ္မ ဖမ်းဆီးထိန်းသိမ်းလို့ မရဘူးလေ။ ဒါကြောင့် စုံစမ်းစစ်ဆေးမှုကို သမ္မတရဲ့ လက်ထောက်တွေနဲ့ သက်ဆိုင်သူတွေအပေါ်မှာပဲ အဓိကထားပြီး လုပ်နေကြပါတယ်။ ပတ်ဆီဟျွန်းကတော့ နှုတ်ဆိတ်နေဖို့ အတင်းကြိုးစားနေပေမယ့် အရာမထင်ပါဘူး။ ထွက်ဆိုချက်တွေ အများကြီး ထွက်လာတဲ့အပြင် သတိထားဖို့ အပြောခံရပြီး အမှုစစ်ရုံးကို ရောက်သွားတဲ့ လက်ထောက်တွေကတောင် ချက်ချင်းပဲ ကျောခိုင်းသွားကြလို့ပါ။

အခု အဓိက မေးစရာရှိလာတာကတော့ သူ ရာထူးက ဆင်းပြီးရင် ဖမ်းဆီးခံရမလား ဆိုတာပဲ။ သမ္မတဟောင်းတစ်ယောက်ကို ဖမ်းဖို့က မလွယ်ပေမယ့် အခုထိ ထွက်ထားတဲ့ သက်သေတွေကတင် လုံလောက်နေပြီလေ။ လူထုသဘောထား စစ်တမ်းတွေအရ ၇၀ ရာခိုင်နှုန်းက ဖမ်းဆီးစုံစမ်းစစ်ဆေးဖို့ ထောက်ခံနေကြတယ်။

တက်ဂယူက ပြောတယ်။

"တကယ်ပဲ၊ ဒီအတိုင်း ငြိမ်ငြိမ်လေး နေနေတဲ့သူကို ဘာလို့ လာဆွတာလဲ မသိဘူး"

ကျွန်တော်လည်း အဲဒီလိုပဲ တွေးမိတယ်။ သူသာ ကျွန်တော်တို့နဲ့ လာမပတ်သက်ခဲ့ရင် အေးအေးဆေးဆေးပဲ အနားယူသွားနိုင်တယ် မဟုတ်လား။

ကျွန်တော် စားနေတာကို ခဏရပ်လိုက်တဲ့အခါ တက်ဂယူက မေးတယ်။

"ဘာဖြစ်လို့လဲ"

"အာဏာအရှိဆုံး နေရာကနေ ထွက်ပြေးရတဲ့သူ ဖြစ်သွားတာ ဘယ်လို ခံစားရမလဲလို့ တွေးကြည့်နေတာ"

"စိတ်ပူမနေပါနဲ့။ ရာထူးမှာ ရှိတုန်းက အများကြီး လုပ်ခဲ့တာပဲ၊ ထောင်ထဲမှာ ပျော်ပျော်ရွှင်ရွှင်နဲ့ အနားယူသွားနိုင်မှာပါ"

အဲဒီအချက်ကိုတော့ ကျွန်တော် သဘောတူတယ်။ သေးငယ်တဲ့ အကျဉ်းခန်းထဲမှာ ပိတ်မိနေရင်တောင် နိုင်ငံခြားအကောင့်တွေထဲ ဝှက်ထားတဲ့ ပိုက်ဆံတွေကို သတိရပြီး သူဟာ ရံဖန်ရံခါ ပြုံးနိုင်ဦးမှာပါ။

စီနီယာဆန်းယော့က ပြောတယ်။

"ခုနတင် CL Chemicalရဲ့ စီအီးအိုဆီက ဖုန်းလာတယ်။ တွေ့ဖို့ ချိန်းချင်လို့တဲ့"

"ဒါပေမယ့် စီနီယာက အဲဒီကုမ္ပဏီကို မကြိုက်ဘူးမလား"

စီနီယာ ဆန်းယော့က ကျောင်းတုန်းက CL Chemicalရဲ့ call options တွေကြောင့် ပြဿနာတက်ပြီး အတိုးကြီးပေးရတဲ့သူဆီမှာ အကြွေးတင်ခဲ့ဖူးတာပါ။

"ဒါတွေက အတိတ်ကကိစ္စတွေပါ။ စီးပွားရေးက စီးပွားရေးပဲလေ။ သူတို့က ပါမောက္ခ ကင်ဟိုမင် ထုတ်လုပ်ထားတဲ့ နောက်မျိုးဆက်သစ် ဘတ္ထရီကို တော်တော်လေး စိတ်ဝင်စားနေကြပုံပဲ"

ကျွန်တော် ရယ်လိုက်တယ်။

"အောင်မြင်မှ စိတ်ဝင်စားဖို့ပိုကောင်းမှာပါ"

စီးပွားဖြစ် ထုတ်လုပ်တဲ့အဆင့်မှာတင် ပျက်စီးသွားရတဲ့ ထုတ်ကုန်တွေ ဘယ်လောက်တောင် များလဲ။ ကံကောင်းတာက ပါမောက္ခ ကင်ဟိုမင်က ပြဿနာတွေကို ဖြေရှင်းနိုင်ဖို့ ယုံကြည်ချက် အပြည့်ရှိနေပုံပါပဲ။ သူ တစ်ခုခု ရှာဖွေတွေ့ရှိသွားတာလည်း ဖြစ်နိုင်တယ်။ ဆောင်းအုပ်စုလိုမျိုး အီလက်ထရောနစ်အပိုင်းက သိသိသာသာ လွှမ်းမိုးထားတာနဲ့မတူဘဲ CLအုပ်စုရဲ့ လက်အောက်ခံကုမ္ပဏီတွေထဲမှာ CL Chemicalအပိုင်းက အကောင်းဆုံးပါပဲ။ CL Chemicalက ကိုရီးယားမှာ မော်တော်ကားသုံး ဘတ္ထရီကြီးတွေ ထုတ်လုပ်မှုအပိုင်းမှာ နံပါတ်တစ် ဖြစ်ရုံတင်မကဘဲ ကမ္ဘာ့အဆင့်မှာပါ ထိပ်ဆုံး သုံးခုထဲ ဝင်ပါတယ်။ အနာဂတ် တိုးတက်မှု အလားအလာကလည်း တော်တော်ကောင်းတာလေ။ CL အုပ်စုဘက်က စိတ်ဝင်စားလာတာကတော့ သဘာဝကျပါတယ်လို့ ဆိုရမယ်။

အဲဒီအချိန်မှာ တက်ဂယူက တစ်ခုခု သတိရသွားပုံနဲ့ ပြောတယ်။

"အာ… ဟိုကောင်မလေးလည်း ငါ့ဆီ ဖုန်းဆက်သေးတယ်"

"ဘယ်ကောင်မလေးလဲ"

"CL Chemical စီအီးအိုရဲ့ သမီးလေ"

ကျွန်တော်တို့ အံ့ဩသွားကြတယ်။

"ယန်ဟန်နာလား။ ဘာကိစ္စရှိလို့ဆက်တာလဲ"

တက်ဂယူက ဂရုမစိုက်တဲ့ လေသံနဲ့ ပြန်ဖြေတယ်။

"သူက တောင်းပန်ချင်လို့တဲ့။ ကော်ဖီတူတူ သောက်ရအောင်လို့ ပြောတယ်"

"ဘာ"

ရှက်စရာကိစ္စမျိုး ကြုံခဲ့ရတာတောင် သူက အရင်ဆုံး လာတွေ့ဖို့ ကမ်းလှမ်းတာလား။ တက်ဂယူက အပြင်ပန်းမှာတော့ သာမန် အိုတာကူတစ်ယောက်လို ပုံစံမျိုးဆိုပေမယ့်… တကယ်တော့လည်း အိုတာကူပါပဲ။ ဒါပေမယ့် သူက OTK Company ရဲ့ ရှယ်ယာ ၁၇ ရာခိုင်နှုန်းကို ပိုင်ဆိုင်ထားတဲ့ ဒုတိယအာဏာအရှိဆုံးလူလေ။

"မင်း ဘာပြန်ပြောလိုက်လဲ"

"ကော်ဖီ မကြိုက်ဘူးလို့ ပြောလိုက်တယ်"

တကယ်လည်း တက်ဂယူက ကော်ဖီမသောက်တတ်ပါဘူး။

"အဲ့လိုပြန်ပြောတော့ သူက ဘာပြန်ပြောလဲ"

"ကော်ဖီမသောက်ချင်ရင် ထမင်းတူတူ စားရအောင်တဲ့။ ငါကတော့ စဉ်းစားကြည့်ဦးမယ်လို့ပဲ ပြောလိုက်တယ်"

ဒီကောင်မလေးက တော်တော်လေး တက်ကြွနေတာပဲ။

"တစ်ခါလောက်တော့ သွားတွေ့လိုက်ပေါ့ကွာ"

"စိတ်မဝင်စားပါဘူး"

"ဘာလို့လဲ"

တက်ဂယူက လက်ညှိုးကို ခါပြရင်း ပြောတယ်။

"ငါ ကြိုက်တဲ့ ပုံစံမျိုး မဟုတ်ဘူး"

ကျွန်တော် ယန်ဟန်နာ့ပုံစံကို တွေးကြည့်လိုက်တယ်။ သူက အဲဒီနေ့က ပွဲခန်းမထဲမှာ အလှဆုံးလူတွေထဲက တစ်ယောက်ပဲလေ။

"သူက တော်တော်လေး လှတာလေ။ မဟုတ်ဘူးလား"

"မပြောတတ်ဘူး"

"……"

ဒီကောင်က စံနှုန်းတွေ အရမ်းမြင့်နေတာများလား။

စီနီယာ ဆန်းယော့က မေးတယ်။

"ဒါနဲ့ တပတ်ခါက ခရစ္စမတ်ပဲ။ မင်းတို့ ဘာလုပ်ကြမလဲ။ ချိန်းတွေ့တာမျိုး လုပ်ထားတာရှိကြလား"

"ပြီးခဲ့တဲ့နှစ်ကလိုပဲ အိမ်မှာ အားလုံးတူတူ ပွဲလုပ်မလို့ စဉ်းစားထားတယ်။ စီနီယာ မလာနိုင်ဘူးမလား"

"ဘာတွေ ပြောနေတာလဲ။ ငါလာမှာပေါ့ကွ။ မနှစ်ကလည်း သွားတာပဲလေ။ ဒီနှစ်လည်း သွားမှာ"

"စီနီယာက Date(ချိန်းတွေ့တာ)မလုပ်ဘူးလား"

"Date ဟုတ်လား။ ဘာdateလဲ။ တွေ့မယ့် ကောင်မလေးတောင် မရှိတာကို"

"ဟိုနေ့က အတူတူပွဲတက်တဲ့ ဖက်ရှင်မော်ဒယ်ကော ဘယ်ရောက်သွားပြီလဲ"

ကျွန်တော့်မေးခွန်းကို စီနီယာ ဆန်းယော့က အေးအေးဆေးဆေးပဲ ပြန်ဖြေတယ်။

"အဲဒီနေ့ကတင် လမ်းခွဲလိုက်ပြီ"

"……"

တော်တော်လေး ပြတ်သားတာပဲ။

ကြည့်ရတာ သူက ဒီကိစ္စအပေါ် သိပ်ပြီး အလေးအနက်ထားပုံ မရပါဘူး။ ဒါပေမယ့်လည်း စီနီယာက ဒီလောက်အထိ လွတ်လပ်ပေါ့ပါးတဲ့သူ ဖြစ်လိမ့်မယ်လို့ မထင်ထားမိဘူး။ မကြာခင်မှာပဲ ရည်းစားအသစ်နဲ့ ထပ်ပေါ်လာလောက်ဦးမှာပါ။

အမေက အိမ်ကို တစ်ရက်စောပြီး ပြန်လာပြီး လာအိပ်တယ်။ မနက်စောစော နိုးလာတော့ အိမ်အကူအမျိုးသမီးတွေနဲ့အတူ အစားအသောက်တွေ ပြင်ဆင်ကြတယ်။

ပြင်ဆင်တာတွေ အားလုံးနီးပါး ပြီးသွားတဲ့အခါ အမေက သူတို့ရဲ့ မိသားစုတွေနဲ့အတူ ခရစ္စမတ်ကို ဖြတ်သန်းနိုင်ဖို့ အားလုံးကို အိမ်ပြန်လွှတ်လိုက်တယ်။ ပြီးတော့ အမျိုးသမီးတစ်ယောက်ချင်းစီကို ကိတ်မုန့်တစ်ခုစီနဲ့ စာအိတ်တစ်အိတ်စီ ကမ်းပေးလိုက်တယ်။

"ဒီနှစ်ထဲမှာ ဂျင်ဟူကို သေသေချာချာ စောင့်ရှောက်ပေးခဲ့လို့ အားလုံးပဲ ပင်ပန်းသွားပါပြီ။ မိသားစုတွေနဲ့အတူ ပျော်စရာအချိန်လေး ဖြတ်သန်းလိုက်ကြပါဦး"

"ကျေးဇူးတင်ပါတယ်။ အန်တီ"

ကျွန်တော်ကတော့ အိမ်အကူအမျိုးသမီးတွေကို ဒီလိုမျိုး လုပ်ပေးဖို့အထိ စဉ်းစားမိတာ မဟုတ်ဘူး။ အမျိုးသမီးတွေ ထွက်သွားပြီးနောက် အမေက တစ်ယောက်ထဲ ကျန်တာတွေကို သိမ်းဆည်းလိုက်တယ်။

"ဒီလိုမျိုးအထိ လုပ်ပေးဖို့ မလိုပါဘူး။ အမေရယ်"

"ကိုယ့်သားကို ကူညီပေးခဲ့တဲ့သူတွေကို ကောင်းကောင်း ဆက်ဆံရမှာပေါ့"

စားပွဲပေါ်မှာတော့ ဟင်းပွဲအမျိုးမျိုးနဲ့ ပြည့်နေပါပြီ။

"ကျွန်တော်တို့မှာ ကိတ်မုန့် မရှိဘူးလား"

"စောစောကတင် ဆိုမီနဲ့ ဖုန်းပြောတော့ သူက ဟိုတယ်က ကိတ်မုန့်တစ်ခု ပို့ပေးမယ်လို့ ပြောတယ်"

"တကယ်လား"

စီအီးအို လင်ဆိုမီက ဒီလိုမျိုးကိစ္စတွေကိုပါ စဉ်းစားပေးလိမ့်မယ်လို့ မထင်ထားမိတာကြောင့် ကျွန်တော် အံ့ဩသွားရတယ်။

ကျွန်တော်တို့ရဲ့ ဧည့်ခန်းက မဖွင့်တာကြာပြီဖြစ်တဲ့ မီးလင်းဖိုကို ပြန်ဖွင့်လိုက်ကြတယ်။ မီးမွှေးဖို့ ခက်ခက်ခဲခဲ လုပ်စရာမလိုဘဲ ထင်းတုံးတွေ ထည့်ပြီး ဂက်စ်ဗားကို ဖွင့်လိုက်ရုံပါပဲ။ မကြာခင်မှာပဲ ထင်းတုံးတွေမှာ မီးစွဲပြီး တောက်ပစွာ လောင်ကျွမ်းလာတယ်။

တက်ဂယူက "သိပ်ပြီး နွေးမလာသလိုပဲ" လို့ ပြောတယ်။

"ဒါက အလှပြရုံသက်သက်ပဲလေ"

ခုခေတ်လို ကြမ်းပြင်အောက် အပူပေးစနစ် ကောင်းကောင်းရှိနေတဲ့ ကမ္ဘာမှာ ဘယ်သူက မီးလင်းဖို လိုအပ်မှာလဲ။ ဒါပေမယ့် ခရစ္စမတ်သစ်ပင်နဲ့ မီးလင်းဖို ရှိနေတာက ခရစ္စမတ်အငွေ့အသက်ကိုတော့ ပိုပြီး ရစေတာ အမှန်ပါပဲ။ ခရစ္စမတ်သီချင်းတွေ ဖွင့်ထားရမလား။

"ခရစ်စမတ်ဖိုးဖိုးကြီးက မီးခိုးခေါင်းတိုင်ကနေ ဆင်းလာပြီး လက်ဆောင်တွေ ပေးမယ်လို့ မင်း ထင်လား"

"… ဟာသတွေလာပြောနေတာလား"

ခရစ်စမတ်ဖိုးဖိုးကြီးကို ခုခေတ် ကလေးတွေတောင် ယုံကြတော့မယ် မထင်ဘူး။

အဲဒီအချိန်မှာပဲ အိမ်ရှေ့လူခေါ်ခေါင်းလောင်း မြည်လာတယ်။

"ကိတ်မုန့် ရောက်လာပြီ ထင်တယ်"

အိမ်ရှေ့တံခါးကို ဖွင့်လိုက်တော့ အနောက်တိုင်းဝတ်စုံပြည့် ဝတ်ထားတဲ့ အမျိုးသားတစ်ယောက် ရပ်နေပါတယ်။ သူက ယဉ်ယဉ်ကျေးကျေးနဲ့ စက္ကူအိတ်တစ်အိတ်ကို ကမ်းပေးတယ်။

"ခရစ္စမတ်အတွက် ဂုဏ်ယူပါတယ်။ ဒါက စီအီးအို ယန်ဟိုယောင်း ပေးလိုက်တဲ့ လက်ဆောင်ပါ"

"ဟမ်"

ဒါက အစပဲ ရှိသေးတယ်။ အဲဒီနောက်မှာတော့ ဥက္ကဌနဲ့ တခြားစီအီးအိုတွေဆီက လက်ဆောင်တွေ တစ်ခုပြီးတစ်ခု ရောက်လာကြတော့တယ်။ ဝိုင်၊ ဝီစကီ၊ အိတ်တွေ၊ နာရီတွေ၊ ဖိနပ်တွေ၊ ကုတ်အင်္ကျီတွေ စသဖြင့် အများကြီးပဲ။ ကျွန်တော့်မွေးနေ့လည်း မဟုတ်ဘဲ ဘာလို့ အားလုံးက ခရစ္စမတ်အတွက် အိမ်အထိ လက်ဆောင်တွေ လာပို့နေကြတာလဲ။ လက်ဆောင်တွေထဲက ကတ်တချို့ကို ထုတ်ကြည့်လိုက်တော့ ခရစ္စမတ်အတွက် ဆုတောင်းပေးထားပြီး ပွဲမှာ တွေ့ရတာ ဝမ်းသာကြောင်းနဲ့ နောင်လည်း ဆက်ဆံရေးကောင်းတွေ ဆက်ထိန်းသိမ်းသွားချင်ကြောင်း ရေးထားကြတယ်။ ချေဘောတွေက ခရစ္စမတ်ကို ဒီလိုမျိုး ဖြတ်သန်းကြတာလား။ ခဏအတွင်းမှာပဲ ခရစ္စမတ်သစ်ပင်အောက်မှာ လက်ဆောင်တွေ ပုံနေတော့တာပဲ။ အဲဒီလက်ဆောင်တွေရဲ့ တန်ဖိုးကို အကုန်ပေါင်းလိုက်ရင် ဝမ်သန်း ၁၀၀ ကျော်လောက် ရှိမယ် ထင်တယ်။

တက်ဂယူက ဒါကို ကြည့်ရင်း ရေရွတ်တယ်။

"ဂျင်ဟူ။ ခရစ်စမတ်ဖိုးဖိုးကြီးက တကယ် ရှိတာပဲ"

"……"

ညနေစောင်းလာတော့ ဧည့်သည်တွေ တစ်ယောက်ပြီးတစ်ယောက် ရောက်လာကြတယ်။

"ဟေ့…. ရောက်ပြီနော်"

"ကြိုဆိုပါတယ်ဗျာ"

အယ်လီ၊ အစ်မ ဟျွန်းဂျူးနဲ့ ဟင်နရီတို့က အရင်ဆုံး ရောက်လာကြတယ်။ မကြာခင်မှာပဲ စီနီယာဆန်းယော့၊ ကီဟုမ်နဲ့ သူ့ရည်းစား ဟျွန်းဂျောင်တို့ ရောက်လာကြတယ်။ HR ဒါရိုက်တာ မိုက်ကယ်လီလည်း သူ့ဇနီးနဲ့အတူ လာခဲ့တယ်။ အားလုံးက နွေးနွေးထွေးထွေး နှုတ်ဆက်ကြတယ်။

ကျွန်တော်တို့ စားပွဲမှာ အတူတူ ထမင်းစားကြပြီး ဧည့်ခန်းမှာ ဝိုင်နဲ့ ဘီယာ သောက်ရင်း ထိုင်စကားပြောကြတယ်။ ကျွန်တော် ဝိုင်ခွက်ကို မြှောက်ပြီး ပြောလိုက်တယ်။

"ဒီနှစ်ထဲမှာ အားလုံးပဲ ပင်ပန်းခဲ့ကြပါပြီ။ နောင်လည်း ဆက်ပြီး ကူညီပေးကြပါဦး"

အားလုံး ခွက်ချင်းတိုက်လိုက်ကြတယ်။ ပြီးတော့ ကိတ်မုန့်ပေါ်က ဖယောင်းတိုင်တွေကို မီးထွန်းရင်း ခရစ္စမတ်နဲ့ နှစ်ဟောင်းကို ဘေးကင်းကင်း ဖြတ်သန်းနိုင်ခဲ့တာကို အတူတူ အောင်ပွဲခံကြတယ်။

အယ်လီက ပျော်ရွှင်တဲ့ မျက်နှာထားနဲ့ ပြောတယ်။

"ဒီလိုမျိုး စုဝေးရတာက ဟန်ဆောင်မှုတွေ များတဲ့ ပွဲတွေထက် ပိုကောင်းတာပဲ"

"သဘောတူတယ်"

ကိုယ်သိတဲ့လူတွေနဲ့အတူ အဓိပ္ပာယ်ရှိတဲ့ အချိန်လေး ဖြတ်သန်းရတာက တကယ့် ပျော်ရွှင်မှုပဲလေ။

"ဒီနှစ်ထဲမှာလည်း မနှစ်ကလိုပဲ အဖြစ်အပျက်တွေ အများကြီး ရှိခဲ့တာပဲနော်"

တစ်နှစ်အတွင်းမှာ ဒီလောက်အထိ အများကြီး ကြုံရလိမ့်မယ်လို့ မထင်ထားမိဘူး။ အကြီးမားဆုံး အဖြစ်အပျက်ကတော့ မဟာငလျင်ကြီးပေါ့။ လာမယ့်နှစ်မှာ ဘာတွေ ထပ်ဖြစ်လာမလဲဆိုတာ တွေးပြီး ရင်ခုန်သလို စိုးရိမ်စိတ်လည်း ဖြစ်မိတယ်။

အယ်လီက ကျွန်တော့်လက်ကို ကိုင်ပြီး ပြောတယ်။

"နင် ကောင်းကောင်း လုပ်နိုင်မှာပါ။ ဂျင်ဟူ"

"ကျေးဇူးတင်ပါတယ်"

ကျွန်တော်တို့တွေ ညနက်တဲ့အထိ ဝိုင်သောက်ရင်း စကားတွေ ပြောဖြစ်ခဲ့ကြတယ်။

အောင်မြင်နေတဲ့ OTK Company နဲ့မတူဘဲ ကိုရီးယားရဲ့ လက်ရှိ ငွေကြေးဈေးကွက်ကတော့ အခြေအနေ မကောင်းပါဘူး။ မဟာငလျင်ကြီး ပြီးနောက် တခြားနိုင်ငံတွေက ပြန်လည်ဦးမော့လာတဲ့ လက္ခဏာတွေ ပြနေပေမယ့် ကိုရီးယားရဲ့ စတော့ဈေးကွက်ကတော့ ဆက်တိုက် ထိုးကျနေတုန်းပဲ။ ကမ္ဘာ့ဈေးကွက် တက်ရင် ကိုရီးယားက ကျပြီး ကမ္ဘာ့ဈေးကွက် ကျရင် ကိုရီးယားက ပိုပြီး ပြင်းပြင်းထန်ထန် ထိုးကျသွားတတ်တယ်။ တစ်ဖက်မှာလည်း ငွေလဲနှုန်းက တက်နေပြီး ငွေတိုက်စာချုပ် အကျိုးအမြတ်တွေကလည်း မတည်မငြိမ် ဖြစ်နေပါတယ်။ အကြောင်းရင်းတွေ အများကြီး ရှိနိုင်ပေမယ့် အဓိကအချက်ကတော့ အွန်ဆောင်းမော်တာကြောင့်ပါ။

KOSPI မှာ ဒုတိယအကြီးဆုံး ဈေးကွက်တန်ဖိုး ရှိခဲ့တဲ့ အွန်ဆောင်းမော်တာက ထိုးကျသွားတာကြောင့် သူ့ရဲ့ အုပ်စုဝင် စတော့တွေနဲ့အတူ စတော့ဈေးကွက်တစ်ခုလုံးကိုပါ ဆွဲချသွားခဲ့တာလေ။ ကားတစ်စီးက သောင်းနဲ့ချီတဲ့ အစိတ်အပိုင်းတွေထဲက တစ်ခုခု လိုအပ်နေရင်တောင် အပြီးသတ်လို့ မရတာကြောင့် အစိတ်အပိုင်းတစ်ခုထဲကို ကုမ္ပဏီတစ်ခုထဲဆီကပဲ အမြဲတမ်း ဝယ်ယူတာမျိုးက ရှားပါတယ်။ အနည်းဆုံးတော့ ကုမ္ပဏီအနည်းငယ်ဆီကနေ ခွဲပြီး ဝယ်ယူကြသလို နိုင်ငံခြားစက်ရုံတွေက ဝယ်မယ်ဆိုရင်လည်း ပြည်တွင်း အစိတ်အပိုင်းတွေကို ရာခိုင်နှုန်းတချို့အထိ သုံးရမယ်လို့ ကန့်သတ်ထားတာကြောင့် ပြည်တွင်း ကုမ္ပဏီတွေနဲ့ စာချုပ်ချုပ်ကြရပါတယ်။ ဒါပေမယ့် အွန်ဆောင်းမော်တာကတော့ လေအိတ်လိုမျိုး အရေးကြီးတဲ့ အစိတ်အပိုင်းကို ကုမ္ပဏီတစ်ခုထဲဆီကနေပဲ အပိုင်ဝယ်ယူခဲ့တာကြောင့် အခုလို ပြဿနာတွေ ကြုံရတာပါ။

ကားတွေကို ပြန်သိမ်းရတဲ့ ကိစ္စအပြင် လေအိတ်တွေ ပံ့ပိုးပေးမှု နောက်ကျတာကြောင့် ထုတ်လုပ်မှုက တစ်ဝက်လောက် ကျသွားခဲ့တယ်။ အချိန်ကြာလာရင် အခြေအနေတွေ ပြန်ကောင်းလာနိုင်ပေမယ့် အဲဒီအချိန်အထိ သူတို့ တောင့်ခံနိုင်ပါ့မလား ဆိုတာကတော့ မေးခွန်းထုတ်စရာပါပဲ။ ကားထုတ်လုပ်သူတွေက ပထမအဆင့်၊ ဒုတိယအဆင့်၊ တတိယအဆင့် စသဖြင့် ပံ့ပိုးပေးတဲ့ ကုမ္ပဏီအများကြီးနဲ့ ဆက်စပ်နေပြီး သူတို့အောက်မှာလည်း ဝန်ထမ်း ၁၀ ယောက်ဝန်းကျင်လောက်ပဲ ရှိတဲ့ အသေးစားနဲ့ အလတ်စား လုပ်ငန်းတွေ အများကြီး ရှိနေတာပါ။ ကျွန်တော့်အဖေရဲ့ ကုမ္ပဏီကလည်း အဲဒီထဲက တစ်ခုပဲ ဖြစ်ပါတယ်။

အွန်ဆောင်းမော်တာကတော့ အခြေအနေကို ကောင်းကောင်း တောင့်ခံထားနိုင်တုန်းပါပဲ။ ပထမအဆင့်နဲ့ ဒုတိယအဆင့် ကုမ္ပဏီကြီးတွေကလည်း ရှင်သန်နိုင်ဖို့ တခြား ဖောက်သည်တွေကို ရှာဖွေနေကြတယ်။ ဒါပေမယ့် အောက်ခြေက ကုမ္ပဏီငယ်လေးတွေကတော့ နေ့စဉ်နဲ့အမျှ ပိုပြီး ရုန်းကန်နေကြရတယ်။ ကုမ္ပဏီတချို့ကတော့ ဒေဝါလီခံရမယ့် အခြေအနေနဲ့ ကြုံနေရပြီဖြစ်ပြီး ဒီအခြေအနေကသာ နောက်ထပ် တစ်လလောက် ဆက်သွားနေဦးမယ်ဆိုရင် အားလုံး ပြိုလဲသွားနိုင်တယ်လို့ ခန့်မှန်းနေကြပါတယ်။

အစီအမံတွေ ချမှတ်ပေးရမယ့် အစိုးရကတော့ ဘာမှ မလုပ်ဘဲ ငြိမ်နေပါတယ်။ သမ္မတကိုယ်တိုင်က ဒီအခြေအနေကို ဖန်တီးခဲ့တာဆိုပေမယ့် ဖြေရှင်းလိုတဲ့ ဆန္ဒလည်း မရှိပုံပါပဲ။ အရင်တုန်းကတော့ စီးပွားရေးနဲ့ ကိုက်ညီတဲ့ မူဝါဒတွေ၊ တီထွင်ဆန်းသစ်တဲ့ စီးပွားရေးတွေအကြောင်း ပြောခဲ့ကြပြီး အခုတော့ ကိုယ့်လွတ်လမ်းကိုရှာဖို့ပဲ အလုပ်ရှုပ်နေကြပုံပဲ။ သူတို့သာ အမျိုးသားစီးပွားရေးကို တကယ် တွေးပေးခဲ့မယ်ဆိုရင် ဝမ်သန်းပေါင်း ကုဋေနဲ့ချီတဲ့ ပိုက်ဆံတွေကို ဟင်းချိုတစ်ခွက် သောက်လိုက်သလိုမျိုး နိုင်ငံခြား အရင်းအမြစ်တွေမှာ အလဟဿ ဖြုန်းတီးပစ်မှာ မဟုတ်ပါဘူး။

စိတ်ပျက်နေတဲ့ စီးပွားရေးလုပ်ငန်းရှင်တွေက သမ္မတနဲ့ တွေ့ဖို့ အိမ်ပြာတော် ရှေ့မှာ စုရုံးခဲ့ကြပေမယ့် အတားခံခဲ့ရတယ်။ လုပ်ငန်းရှင်တစ်ယောက်ဆိုရင် သူ့ကိုသူ ဓာတ်ဆီလောင်းပြီး မီးရှို့ဖို့အထိ ကြိုးစားခဲ့ပေမယ့် ပြည်သူတွေက အချိန်မီ ကူညီပေးခဲ့လို့ အသက်ဘေးက လွတ်မြောက်ခဲ့ရတယ်။

ကျွန်တော် တက်ဂယူနဲ့အတူ ဘေးက အဆောက်အဦးကို သွားခဲ့တယ်။ Golden Gate ရဲ့ ကိုရီးယားရုံးခွဲကတော့ တော်တော်လေး အလုပ်ရှုပ်နေပါတယ်။ ဝန်ထမ်းအများစုက သူတို့စားပွဲကနေ မထနိုင်ကြဘဲ ထမင်းဘူးတွေ၊ ဟမ်ဘာဂါတွေ စားရင်း အလုပ်လုပ်နေကြတာပါ။ ရုံးခွဲမန်နေဂျာ အခန်းထဲမှာတော့ အစ်မ ဟျွန်းဂျူးနဲ့ အယ်လီတို့ ရှိနေကြတယ်။

"Golden Gate ကော အဆင်ပြေရဲ့လား။ ပြည်တွင်း စတော့ဈေးကွက်က တော်တော်လေး ကျနေတယ်မလား"

အွန်ဆောင်းမော်တာ တစ်ခုထဲကိုပဲ ကြည့်ရင်တောင် သူ့ရဲ့ စတော့ဈေးကွက်က အမြင့်ဆုံးအချိန်နဲ့ ယှဉ်ရင် တစ်ဝက်လောက် ကျသွားခဲ့ပြီး IT ကလွဲရင် တခြားစတော့တွေကလည်း ကျဆင်းတဲ့ဘက်ကို ဦးတည်နေပါတယ်။

"ကားတွေကို ပြန်သိမ်းရတာက ပြဿနာတစ်ခုဆိုပေမယ့် ပို့ဆောင်မှုတွေ နောက်ကျနေတာက ပိုပြီး ကြီးမားတဲ့ ပြဿနာပဲ။ ပြည်တွင်းဈေးကွက်ကို အွန်ဆောင်းမော်တာကပဲ အပိုင်စီးထားတာ ဆိုတော့ လေအိတ်တွေ ပံ့ပိုးမှု နောက်ကျတာက ကားအပ်နှံမှုတွေကိုပါ ကြန့်ကြာစေတယ်"

"ဒါက အချိန်ကြာလာရင် ပြေလည်သွားမယ့် ပြဿနာမျိုး မဟုတ်ဘူးလား"

"ပြဿနာက အဲဒီအချိန်အထိ ရောက်ပါ့မလားဆိုတာပဲ"

အစ်မ ဟျွန်းဂျူးက စီးကရက် သောက်ရင်း ပြောတယ်။

"ငါ လေ့လာကြည့်သလောက်တော့ hedge fund တချို့က ပေါင်းပြီးတော့ ဈေးကွက်ထဲမှာ short sales တွေ အများကြီး လုပ်နေကြပုံပဲ"

All Chapters