အခန်း ၂၁၂
Vol. 22 Ch. 212
အခန်း (၂၁၂)
အစ်မ ဟျွန်းဂျူးက သူ့မျက်မှန်ကို ပင့်တင်ရင်း ပြောတယ်။
"ငါလည်း သိပါတယ်၊ ဒါပေမယ့် မဟာငလျင်ကြီး ကြောင့် ကုမ္ပဏီတော်တော်များများ ထိခိုက်နစ်နာခဲ့ကြရတာလေ"
မဟာငလျင်ကြီး မတိုင်ခင် လအနည်းငယ်ကတည်းက ကျွန်တော် ဒီအကြောင်းကို ကြိုတင်သတိပေးခဲ့ဖူးပါတယ်။ ဒါပေမယ့် ကျွန်တော့်စကားကို ယုံတဲ့သူကတော့ တော်တော်လေး ရှားခဲ့တာလေ။ Golden Gate ကလွဲလို့ ကျန်တဲ့ ရင်းနှီးမြှုပ်နှံမှုဘဏ် (IB) တွေအားလုံး အရှုံးပေါ်ခဲ့ကြပြီး hedge fund တွေလည်း တော်တော်လေး အထိနာခဲ့ကြတယ်။ ဒါပေမယ့် ဒီလိုအခြေအနေကြောင့်ပဲ ကျွန်တော်တို့ ဒေါ်လာ သန်း ၁သောင်းကျော်အထိ မြတ်ခဲ့တာပါ။
"သူတို့က ဘာပဲဖြစ်ဖြစ် အရှုံးပေါ်သွားတာတွေကို ပြန်ကာမိအောင် အတင်းအဓမ္မ ကြိုးစားနေကြတာ"
short sales ဆိုတာက ကိုယ့်မှာမရှိသေးတဲ့ စတော့တွေကို အရင်ရောင်းပြီးမှ နောက်မှ ဈေးကျတဲ့အခါ ပြန်ဝယ်ပြီး အကြွေးဆပ်တဲ့ ရောင်းဝယ်ရေး နည်းလမ်းတစ်ခုပါ။ ကျွန်တော်တို့လည်း L6 ဖြစ်ရပ်တုန်းက ဆိုဆောင်း အီလက်ထရောနစ် စတော့တွေကို ဒီလိုမျိုး short-sold လုပ်ခဲ့ဖူးတယ်။ short လုပ်တာက ဈေးကွက်ထဲမှာ ငွေကြေးလည်ပတ်မှုကို ကောင်းစေသလို၊ ဈေးကွက် အလွန်အမင်း ပူဖောင်းလိုမျိုး ဖောင်းကားမသွားအောင် တားဆီးပေးပြီး အရှုံးမရှိအောင် ကာကွယ်ပေးနိုင်တဲ့ ကောင်းကျိုးတွေ ရှိပါတယ်။
နိုင်ငံတိုင်းလိုလိုမှာ short ခေါ်တာကို ခွင့်ပြုထားပေမယ့် တစ်ကိုယ်တော် ရင်းနှီးမြှုပ်နှံသူ အများစုကတော့ ဒါကို မကြိုက်ကြဘူး။ တချို့ဆိုရင် ဒီစနစ်ကို ဖျက်သိမ်းပစ်ဖို့အထိ တောင်းဆိုကြတယ်။ ဘာလို့လဲဆိုတော့ ဒါနဲ့ပတ်သက်ပြီး ပြဿနာတွေ အများကြီး ရှိနေလို့ပါ။
short ခေါ်တယ်ဆိုတာက စတော့ဈေးနှုန်း ကျတော့မယ်လို့ ခန့်မှန်းမိတဲ့အခါ သုံးတဲ့ ရင်းနှီးမြှုပ်နှံမှု နည်းလမ်းတစ်ခု ဖြစ်ပါတယ်။ short လုပ်လုပ်၊ မလုပ်လုပ် ကျမယ့် စတော့တွေကတော့ ကျမှာပါပဲ။ ဒီလိုအခြေအနေမျိုးမှာ short ခေါ်တာက ဈေးကွက်ကို ဟန်ချက်ညီအောင် ထိန်းညှိပေးနိုင်ပါတယ်။
ဒါပေမယ့် ပြဿနာက short ခေါ်တာကြောင့် စတော့ဈေးနှုန်းတွေက အလွန်အမင်း ထိုးကျသွားတာ ဒါမှမဟုတ် ဈေးကျအောင် ရည်ရွယ်ချက်ရှိရှိနဲ့ ကောလာဟလ သတင်းအမှားတွေ ဖြန့်ပြီး အကြပ်အတည်းကို ပိုကြီးအောင် လုပ်တဲ့အခါမျိုးမှာ စတာပါ။ အခုလည်း နိုင်ငံခြား ပွဲစားကုမ္ပဏီတွေက ကိုရီးယားဈေးကွက်အပေါ် မကောင်းတဲ့ သတင်းထုတ်ပြန်ချက်တွေ တရစပ် ထုတ်ပြန်နေကြတယ်။
စတော့ဈေးနှုန်းကို ခွေးလေးတစ်ကောင် သူ့သခင်နဲ့အတူ လမ်းလျှောက်နေတာနဲ့ ခိုင်းနှိုင်းလေ့ရှိတယ်။ ခွေးက တစ်ခါတလေ သခင်ရဲ့ ရှေ့ကသွားသလို၊ တစ်ခါတလေလည်း နောက်ကနေ လိုက်တတ်ပေမယ့် နောက်ဆုံးမှာတော့ သခင်ရှိတဲ့ဘက်ကိုပဲ သွားရတာပါပဲ။ ဒီနေရာမှာ သခင်ဆိုတာက ကုမ္ပဏီရဲ့ တကယ့်တန်ဖိုးကို ဆိုလိုတာပါ။
short ခေါ်တာကြောင့် စတော့ဈေးနှုန်းက အလွန်အမင်း ကျသွားရင်တောင် အချိန်တန်ရင်တော့ သူ့ရဲ့ တကယ့်တန်ဖိုးအတိုင်း ပြန်တက်လာမှာပါ။ ဒါပေမယ့် ဒီလိုဖြစ်နေတဲ့ အတောအတွင်းမှာ ငွေကြေးအင်အားနည်းပြီး သတင်းအချက်အလက် နောက်ကျတဲ့ တစ်ကိုယ်တော် ရင်းနှီးမြှုပ်နှံသူတွေကတော့ ကြီးကြီးမားမား နစ်နာကြရတယ်။
တကယ်တော့ short ခေါ်ခြင်းရဲ့ အကြီးမားဆုံး ပြဿနာက တစ်ကိုယ်တော် ရင်းနှီးမြှုပ်နှံသူတွေအတွက် အခွင့်အလမ်း နည်းပါးတာပါပဲ။ အမေရိကန်နဲ့ ဂျပန်မှာဆိုရင်တော့ တစ်ကိုယ်တော် ရင်းနှီးမြှုပ်နှံသူတွေက အာမခံအကောင့်တစ်ခု ရှိရုံနဲ့တင် short ခေါ်လို့ရပေမယ့် ကိုရီးယားမှာတော့ စနစ်အရ တစ်ကိုယ်တော် ရင်းနှီးမြှုပ်နှံသူတွေအတွက် short ခေါ်ဖို့က လုံးဝ မဖြစ်နိုင်သလောက်ပါ။ အဖွဲ့အစည်းတွေနဲ့ နိုင်ငံခြားသားတွေက ငွေကြေးအင်အား၊ သတင်းအချက်အလက်နဲ့ အရောင်းအဝယ် ကော်မရှင်ခတွေမှာ တစ်ကိုယ်တော်သမားတွေထက် အပြတ်အသတ် သာနေတာကြောင့် သူတို့ကပဲ short စနစ်ကို အသုံးချနိုင်ကြတာလေ။ တစ်ဖက်မှာတော့ တစ်ကိုယ်တော်သမားတွေက အရောင်းအဝယ် လုပ်ရုံကလွဲလို့ ဘာမှမတတ်နိုင်ကြဘူး။ တကယ်လို့ OTK Company သာ နိုင်ငံခြား အဖွဲ့အစည်းတစ်ခု မဟုတ်ခဲ့ရင်၊ ငွေကြေးအင်အားသာ မတောင့်တင်းခဲ့ရင် ကျွန်တော်တို့လည်း L6 ဖြစ်ရပ်တုန်းက ဘာမှမလုပ်နိုင်ဘဲ ဒီအတိုင်းပဲ ထိုင်ကြည့်နေခဲ့ရမှာပါ။
"နင်လည်း မြင်နေတာပဲ။ သူတို့ ဈေးကွက်ထဲမှာ short sales တွေ အများကြီး လုပ်နေကြတာလေ။ အဓိက ကတော့ အွန်ဆောင်း မော်တာ ကို ပစ်မှတ်ထားနေတာ၊ ပြီးတော့မှ ဇီဝနည်းပညာနဲ့ လူသုံးကုန် ပစ္စည်းတွေဘက် လှည့်မှာ"
"အဓိက ဦးဆောင်နေတဲ့ အဖွဲ့က ဘယ်သူလဲ"
"အဲလ်ဘတ်"
ကျွန်တော် မျက်မှောင်ကြုတ်လိုက်တယ်။
"ဒီကောင်တွေ ထပ်ပေါ်လာပြန်ပြီလား"
သူတို့ရဲ့ တရားဝင်အမည်က Albert Managementပါ။ သူတို့ကိုယ်သူတို့တော့ တက်ကြွလှုပ်ရှားတဲ့ ရန်ပုံငွေအဖွဲ့၊ ရင်းနှီးမြှုပ်နှံမှု စီမံခန့်ခွဲရေး ကုမ္ပဏီလို့ ပြောကြပေမယ့် တကယ်တော့ Vulture Fund(လင်းတအဖွဲ့) နဲ့ ပိုတူတယ်။ လင်းတတွေက အသေကောင်တွေကို ဝိုင်းအုံထိုးဆိတ်စားသလိုမျိုး သူတို့ကလည်း အကြပ်အတည်း ဆိုက်နေတဲ့ ကုမ္ပဏီတွေကို ပစ်မှတ်ထားပြီး အကျိုးအမြတ် ရှာတတ်တာကြောင့် ဒီလိုနာမည်ပေးထားကြတာပါ။
သူတို့ရဲ့ အဓိက အလုပ်ကတော့ ပျက်စီးလုနီးပါး ဖြစ်နေတဲ့ စီးပွားရေးလုပ်ငန်းတွေ ဒါမှမဟုတ် အခက်အခဲဖြစ်နေတဲ့ ငွေတိုက်စာချုပ်တွေကို အပေါဆုံးဈေးနဲ့ ဝယ်ပြီး ဈေးကြီးကြီးနဲ့ ပြန်ရောင်းတာပါပဲ။ ဒီလောက်အထိကတော့ သာမန် ရင်းနှီးမြှုပ်နှံမှု ပုံစံပဲမလို့ ဝေဖန်စရာ မရှိပါဘူး။ ဒါပေမယ့် သူတို့က ဒီလိုလုပ်တဲ့ လုပ်ငန်းစဉ်တွေမှာ ပုံမှန်မဟုတ်တဲ့ နည်းလမ်းတွေကို သုံးလာကြလို့လေ။
နာမည်ကြီး ဖြစ်ရပ်တစ်ခုအနေနဲ့ ပြောရရင် ၁၉၉၆ ခုနှစ်တုန်းက သူတို့က ပီရူးအစိုးရရဲ့ ငွေတိုက်စာချုပ်တွေကို ဝယ်ယူခဲ့ပြီး နိုင်ငံကနေ ထွက်ပြေးသွားတဲ့ သမ္မတဟောင်းရဲ့ ကိုယ်ပိုင် ဂျက်လေယာဉ်ကိုပါ သိမ်းဆည်းခဲ့ဖူးတယ်။ အဲဒီကနေ သူတို့ ရင်းနှီးမြှုပ်နှံထားတဲ့ ပမာဏထက် ငါးဆလောက် ပြန်မြတ်ခဲ့တယ်။ ပြီးတော့ ကွန်ဂိုရဲ့ ငွေတိုက်စာချုပ်တွေကို အပေါဈေးနဲ့ ဝယ်ယူပြီး နိုင်ငံတကာ အသိုင်းအဝိုင်းကနေ ကွန်ဂိုအစိုးရကို ပေးအပ်တဲ့ ဆင်းရဲနွမ်းပါးမှု ကူညီထောက်ပံ့ရေး ရန်ပုံငွေတွေကိုပါ ပြန်လည် သိမ်းယူခဲ့ကြတယ်။ ၂၀၀၂ ခုနှစ် အာဂျင်တီးနားရဲ့ ကြွေးမြီဆိုင်းငံ့မှု ဖြစ်ရပ်တုန်းကလည်း သူတို့က အစိုးရ ငွေတိုက်စာချုပ် ဒေါ်လာ သန်း ၂ထောင်ကျော်ဖိုးကို ဈေးပေါပေါနဲ့ ဝယ်ယူခဲ့ပြီး အမေရိကန် တရားရုံးမှာ တရားစွဲဆိုခဲ့တယ်။ နိုင်ငံခြားဆိပ်ကမ်းမှာ ဆိုက်ကပ်ထားတဲ့ အာဂျင်တီးနား စစ်သင်္ဘောကိုပါ သိမ်းဆည်းခဲ့ပြီး အရင်းနဲ့ အတိုး ပြန်ရဖို့အတွက် နည်းလမ်းမျိုးစုံ သုံးခဲ့တာကြောင့် အကျိုးအမြတ် ၄၀၀ ရာခိုင်နှုန်းအထိ ပြန်ရခဲ့တယ်။
နိုင်ငံတကာ အသိုင်းအဝိုင်းက ဒီလိုမျိုး ကစားတာကို ပြစ်တင်ရှုတ်ချခဲ့ကြပေမယ့် အဲလ်ဘတ်ကတော့ ဂရုမစိုက်ခဲ့ပါဘူး။
ဘာပြဿနာရှိလဲ၊ တရားမဝင်တာမှ မဟုတ်တာလို့တောင် ပြန်ပြောခဲ့ကြတယ်။ တကယ်လည်း ဒါက ဥပဒေနဲ့ ညီညွတ်နေတာပဲလေ။ နည်းနည်း ညစ်ပတ်တယ်လို့ ထင်ရရုံပေါ့။
"အဲလ်ဘတ်ရဲ့ ပိုင်ဆိုင်မှု ပမာဏက ဘယ်လောက်ရှိလဲ"
"ဒေါ်လာ သန်း ၄သောင်း"
ကျွန်တော် အံ့ဩသွားရတယ်။
"ဘယ်အချိန်ကတည်းက ဒီလောက်အထိ ကြီးထွားသွားတာလဲ"
"စတင် တည်ထောင်ကတည်းကဆိုရင် ပျမ်းမျှ တစ်နှစ်ကို ၁၆ ရာခိုင်နှုန်းလောက် မြတ်တယ်။ မကြာသေးခင်ကဆိုရင် ၂၀ ရာခိုင်နှုန်း ဝန်းကျင်အထိ ရှိလာတာ။ ဒီလိုနှုန်းအတိုင်းဆိုရင်တော့ ရင်းနှီးမြှုပ်နှံသူတွေက သူတို့ဆီ ပိုက်ဆံတွေ ယူပြီး ပြေးလာကြမှာပဲ"
သူတို့က အမြတ်ထွက်မယ့်အရာဆိုရင် ဘာမဆို လုပ်တတ်တာကြောင့် မကြာသေးခင်က ကုမ္ပဏီတွေရဲ့ စီမံခန့်ခွဲမှု အပြောင်းအလဲတွေမှာပါ ဝင်ရောက် စွက်ဖက်လာကြတယ်။
အစ်မ ဟျွန်းဂျူးက ဆေးလိပ်သောက်ရင်း ထပ်ပြောတယ်။
"ကြည့်ရတာ ကိုရီးယားဈေးကွက်က အခြေအနေ ကောင်းနေပုံပဲ။ ငွေကြေးဈေးကွက် အရွယ်အစားနဲ့ ယှဉ်ရင် ပွင့်လင်းမှု ရှိတာကြောင့် ပိုက်ဆံထည့်ရတာ လွယ်သလို ပြန်ထုတ်ရတာကလည်း ပိုလွယ်တယ်"
ကိုရီးယား စတော့ဈေးကွက်က နိုင်ငံခြား အရင်းအနှီးတွေကြောင့် ခဏခဏ လှုပ်ခတ်လေ့ရှိပါတယ်။ မကြာသေးခင်ကတင် Semiconductor ကဏ္ဍမှာ ထုတ်လုပ်မှုတွေ အလွန်အမင်း များပြားနေတယ်ဆိုပြီး Merrill Lynch ရဲ့ အစီရင်ခံစာ ထွက်လာတာကြောင့် ဆောင်း အီလက်ထရောနစ် စတော့ဈေးကွက်က တစ်ရက်တည်းနဲ့ ၅ ရာခိုင်နှုန်းအထိ ထိုးကျသွားခဲ့ဖူးတယ်။ ရက်ပိုင်းအတွင်းမှာ ပြန်ကောင်းလာခဲ့ပေမယ့် အဲဒီအတောအတွင်းမှာ တချို့က အရှုံးပေါ်ခဲ့ကြပြီး တချို့ကတော့ အမြတ်ထွက်ခဲ့ကြတယ်။
"ဒီတစ်ခါတော့ အွန်ဆောင်း မော်တာ ကို ပစ်မှတ်ထားလိုက်တာပေါ့လေ"
"မော်တော်ကား စတော့တွေက စီးပွားရေး အခြေအနေအပေါ် မူတည်ပြီး သိသာလွယ်တယ်။ အထူးသဖြင့် အခုလို အခက်အခဲတွေ ကြုံနေရပြီး ကားတွေကို ပြန်သိမ်းရမယ့် အခြေအနေမျိုးနဲ့ ရင်ဆိုင်နေရချိန်မှာ ပစ်မှတ်အဖြစ် သတ်မှတ်ခံရတာက သဘာဝကျပါတယ်။ ငွေကြေးအကြပ်အတည်း ကာလတုန်းကလည်း ဒီလိုမျိုး ဖြစ်ခဲ့ဖူးတယ်။ မော်တော်ကား စတော့တွေကို short ခေါ်တာနဲ့ ပတ်သက်ပြီး နင့်စိတ်ထဲ သတိရမိတာမရှိဘူးလား"
ကျွန်တော့်ခေါင်းထဲ ချက်ချင်း ပေါ်လာတယ်။
" Volkswagen ရဲ့ short-selling ဖြစ်ရပ်လား"
အယ်လီကလည်း အဲဒီအချက်ကိုပဲ တွေးနေပုံနဲ့ ခေါင်းညိတ်ပြတယ်။
"အဲဒါက တကယ့်ကို မယုံနိုင်စရာ ဖြစ်ရပ်ပဲ"
တက်ဂယူ တစ်ယောက်ပဲ ဘာလဲဆိုတာ မသိဘဲ ဝေခွဲမရ ဖြစ်နေတယ်။
"အဲဒါက ဘာလဲ"
"ငွေကြေးအကြပ်အတည်း ကာလတုန်းက ဖြစ်ခဲ့တာလေ"
ငွေကြေးဈေးကွက်ထဲက ဖြစ်ရပ်အများစုကို သာမန်ပြည်သူတွေက သတိမထားမိကြတာ များပါတယ်။ ဒါပေမယ့် အဲဒီတုန်းကတော့ သတင်းတွေမှာ အကြီးအကျယ် ဖော်ပြခဲ့ရတဲ့အထိ ကြီးမားတဲ့ ဖြစ်ရပ်တစ်ခုဖြစ်ခဲ့တာပါ။ အဲဒီတုန်းက ကျွန်တော် ငယ်သေးတာကြောင့် နောက်မှ ပြန်လေ့လာပြီး သိခဲ့ရတာလေ။
၂၀၀၈ ခုနှစ်က ကားထုတ်လုပ်သူတွေအတွက် တော်တော်လေး ခက်ခဲတဲ့ အချိန်ပါ။ ကားဆိုတာ အိမ်ပြီးရင် ဒုတိယအကြီးဆုံး ပိုင်ဆိုင်မှုလေ။ ငွေကြေးအကြပ်အတည်းကြောင့် မရေမရာ ဖြစ်နေတဲ့အချိန်မှာ ဘယ်သူကမှ ကားအသစ် မဝယ်ချင်ကြတာကြောင့် ကားအရောင်းပမာဏက ထိုးကျသွားခဲ့တယ်။ ကားစတော့တွေ အကြီးအကျယ် ကျသွားခဲ့ပြီး နောက်ထပ်လည်း ထပ်ကျဦးမယ်လို့ ခန့်မှန်းထားကြတာ။ ဒါကြောင့် hedge fund တွေက ကားစတော့တွေကို ပစ်မှတ်ထားပြီး short တွေ အပြင်းအထန် ခေါ်ခဲ့ကြတယ်။
Volkswagonလည်း ချွင်းချက် မဟုတ်ခဲ့ဘူး။ အဲဒီတုန်းက Volkswagonရဲ့ စတော့ဈေးနှုန်းက Porsche နဲ့ စီမံခန့်ခွဲမှု အာဏာလုပွဲ ဖြစ်နေတာကြောင့် ယူရို ၂၀၀ ကနေ ၄၀၀ အထိ တိုတောင်းတဲ့ ကာလအတွင်းမှာ မြင့်တက်နေခဲ့တာပါ။ သူ့ရဲ့ တကယ့်တန်ဖိုးထက် ဈေးနှုန်းက အလွန်အမင်း မြင့်တက်နေတာကတော့ သေချာသလောက်ပါပဲ။ hedge fund တွေကတော့ ဒီလိုမျိုး အခွင့်အရေးကောင်းကို လက်လွတ်ခံမှာ မဟုတ်ဘူး။ သူတို့က Volkswagon စတော့တွေအပေါ် short ခေါ်တာတွေကို တပြိုင်ထဲ လုပ်ဆောင်ခဲ့ကြတယ်။ တစ်လအတွင်းမှာတင် စုစုပေါင်း ရှယ်ယာရဲ့ ၁၂ ရာခိုင်နှုန်းကို short sales ကနေတစ်ဆင့် ရောင်းချခဲ့ပြီး အသုံးပြုခဲ့တဲ့ အရင်းအနှီးက ယူရို သန်း ၁သောင်းကျော်အထိ ရှိခဲ့တယ်။
"နောက်တော့ ဘာတွေ ဖြစ်သွားခဲ့လဲ"
"Volkswagon စတော့က တစ်ဝက်လောက် ကျသွားခဲ့တယ်လေ"
"ဒါဆို hedge fund တွေ နိုင်သွားတာပေါ့"
"အားလုံးက အဲဒီလိုပဲ ထင်ခဲ့ကြတာ"
အဲ့ဒီအချိန်မှာ သူတို့က ထိုးကျသွားတဲ့ စတော့တွေကို ပြန်ဝယ်ပြီး short ခေါ်ထားတာတွေကို ပြန်ဆပ်ရုံပါပဲ။ ပြီးရင် အမြတ်အများကြီးနဲ့ ထွက်သွားလို့ရပြီလေ။ ဒါပေမယ့်…
"ရုတ်တရက် ပြဿနာတစ်ခု တက်လာတယ်"
"ဘာပြဿနာလဲ"
အစ်မ ဟျွန်းဂျူးက ပြောတယ်။
"Porsche Holdings က Volkswagon ရှယ်ယာရဲ့ ၄၂.၆ ရာခိုင်နှုန်းကို ဝယ်ယူလိုက်တယ်လို့ ကြေညာခဲ့တာလေ။ ပြီးတော့ နှစ်ကုန်ပိုင်းမှာ သူတို့ရဲ့ ရှယ်ယာကို ၅၀ ရာခိုင်နှုန်းအထိ တိုးမြှင့်သွားမှာဖြစ်ပြီး နောက်နှစ်မှာတော့ call options တွေကို သုံးပြီး ၇၄.၁ ရာခိုင်နှုန်းအထိ တိုးမြှင့်သွားမယ်လို့ ပြောခဲ့တာ"
အယ်လီကလည်း ထပ်ဖြည့်ပြောတယ်။
"Volkswagon ရှယ်ယာရဲ့ ၂၀.၁ ရာခိုင်နှုန်းကိုတော့ ရုံးချုပ်ရှိတဲ့ လိုဝါဆပ်ဆိုနီ ပြည်နယ်က ပိုင်ဆိုင်ထားတာ။ အဲဒါက ဈေးကွက်ထဲကို ရောင်းချမယ့် ရှယ်ယာမျိုး မဟုတ်ဘူး"
သူတို့ နှစ်ယောက်လုံးက ရာခိုင်နှုန်းတွေကို အတိအကျ သိနေကြတာပဲ။ ငွေကြေးဈေးကွက်ထဲက လူတွေက ဒီလိုမျိုး ပြောရတာကို တော်တော် သဘောကျကြပါတယ်။
ကျွန်တော် ဆက်ပြီး ရှင်းပြလိုက်တယ်။
"စဉ်းစားကြည့်ပေါ့ကွာ။ Porsche က Volkswagon ရှယ်ယာ ၇၄.၁ ရာခိုင်နှုန်းကို ရယူထားပြီး လိုဝါဆပ်ဆိုနီ ပိုင်ဆိုင်တဲ့ ၂၀.၁ ရာခိုင်နှုန်းကို ပေါင်းလိုက်ရင် ၉၄.၂ ရာခိုင်နှုန်း ဖြစ်သွားပြီလေ။ ဒါဆိုရင် ဈေးကွက်ထဲမှာ လည်ပတ်နေတဲ့ ရှယ်ယာက ၅.၈ ရာခိုင်နှုန်းပဲ ကျန်တော့တာ။ ဒါပေမယ့် hedge fund တွေ short ခေါ်ထားတာက ၁၂ ရာခိုင်နှုန်း ဖြစ်နေတယ်"
တက်ဂယူက မျက်တောင်ခတ်ရင်း မေးတယ်။
"ဒါဆို ဘာဆက်ဖြစ်လဲ"
"ဘာဖြစ်လဲဆိုတော့၊ သူတို့က ဈေးကွက်ထဲမှာ လည်ပတ်နေတဲ့ ရှယ်ယာအားလုံးကို ပြန်ဝယ်ရင်တောင် short ခေါ်ထားတာတွေကို ပြန်ဆပ်ဖို့ မဖြစ်နိုင်တော့တဲ့ အခြေအနေ (short covering) မျိုး ဆိုက်သွားတာပေါ့"
Porsche က ရှယ်ယာတွေ ထပ်မတိုးခင်မှာ သူတို့တွေဟာ Volkswagon စတော့တွေကို အမြန်ပြန်ဝယ်ပြီး short ခေါ်ထားတာတွေကို ကာမိအောင် လုပ်ရတော့မှာလေ။ Porsche ရဲ့ ကြေညာချက် ထွက်လာပြီးနောက် ဈေးကွက် ဖွင့်တာနဲ့ hedge fund တွေက Volkswagon ရှယ်ယာတွေကို အလုအယက် ပြန်ဝယ်ကြတော့တာပဲ။
"အဲဒီမှာ နောက်ထပ် ပြဿနာတစ်ခု ထပ်တက်လာတယ်"
စတော့ဈေးနှုန်းတွေ ရုတ်တရက် ထိုးတက်သွားတာကြောင့် ဂျာမနီရဲ့ အဓိက ကုမ္ပဏီကြီးတွေ ပါဝင်တဲ့ DAX30 အညွှန်းကိန်းမှာ Volkswagonက ပါဝင်လာခဲ့တယ်။ ဒါကြောင့် အဖွဲ့အစည်းအလိုက် ရင်းနှီးမြှုပ်နှံသူတွေက ဈေးထပ်မတက်ခင် အလုအယက် လိုက်ဝယ်ကြသလို index fund တွေနဲ့ စနစ်တကျ အရောင်းအဝယ် လုပ်တဲ့သူတွေပါ ပူးပေါင်းလာကြတယ်။ ဝယ်လိုအားက အလွန်မြင့်မားနေပေမယ့် ဈေးကွက်ထဲမှာ ရှိတဲ့ ရှယ်ယာကတော့ အရမ်းနည်းနေခဲ့တာပါ။
Volkswagonရဲ့ စတော့ဈေးနှုန်းက တစ်ရက်တည်းနဲ့ ၁၅၀ ရာခိုင်နှုန်းအထိ ထိုးတက်သွားပြီး ယူရို ၅၀၀ ကျော်သွားခဲ့တယ်၊ နောက်ရက်မှာတော့ ယူရို ၁,၀၀၀ ကျော်အထိ ဖြစ်သွားခဲ့တယ်။ (ဂျာမနီ စတော့ဈေးကွက်က အတက်အကျ ကန့်သတ်ချက် မရှိပါဘူး။) နှစ်ရက်အတွင်းမှာတင် စတော့ဈေးနှုန်းက လေးဆကျော်အထိ ထိုးတက်သွားခဲ့တာ။ ဈေးကွက် တန်ဖိုးကလည်း လေးဆကျော် တက်သွားတာကြောင့် Volkswagonက အဲဒီတုန်းက ဘယ်သူမှ မကျော်နိုင်ခဲ့တဲ့ ExxonMobil ကိုပါ ကျော်ဖြတ်ပြီး ကမ္ဘာ့ဈေးကွက် တန်ဖိုး အမြင့်ဆုံး ကုမ္ပဏီ ဖြစ်လာခဲ့တယ်။
"ပြန်စဉ်းစားကြည့်ရင် တကယ့်ကို အံ့ဩစရာပဲ။ သူတို့တွေက ထုတ်ကုန်အသစ် ထုတ်လုပ်တာလည်း မဟုတ်ဘူး၊ အရောင်းပမာဏ တက်လာတာလည်း မဟုတ်ဘူး"
အားလုံးက ပုံမှန်အတိုင်းပဲ၊ ဒါပေမယ့် စတော့ဈေးကစားမှု တွေကြောင့် ဈေးကွက်တန်ဖိုးက လေးဆလောက် တက်သွားခဲ့တာပါ။ နောက်ဆုံးတော့ Porsche က ကုမ္ပဏီကို လွှဲပြောင်းယူမယ့် အစီအစဉ်ကို ပြန်ရုပ်သိမ်းလိုက်မှ အခြေအနေက ငြိမ်သက်သွားခဲ့တယ်။ ဒါပေမယ့် အဲဒီအတောအတွင်းမှာ Porsche က Volkswagon ရှယ်ယာတွေကို ရောင်းချပြီး အများကြီး အမြတ်ထုတ်သွားခဲ့တယ်။ တခြားကားကုမ္ပဏီတွေ အသားတင် အမြတ်ငွေ ကျဆင်းမှုနဲ့ ရုန်းကန်နေရချိန်မှာ Porsche ရဲ့ ၂၀၀၈ ခုနှစ် အသားတင်အမြတ်က အရင်နှစ်ထက် ၅၀ ရာခိုင်နှုန်းအထိ တိုးလာခဲ့တယ်။ သူတို့တွေဟာ ကားရောင်းရုံတင်နဲ့ ဒီလောက်အထိ အမြတ်မရနိုင်တာတော့ သေချာပါတယ်။
တစ်ဖက်မှာလည်း short ခေါ်ခဲ့တဲ့ hedge fund တွေကတော့ ကြီးမားတဲ့ အရှုံးကြီး ရှုံးပြီး ဆုတ်ခွာခဲ့ကြရတယ်။ အဲဒီထဲမှာ ဂျာမနီရဲ့ ပဉ္စမမြောက် အချမ်းသာဆုံး လူဖြစ်တဲ့ Adolf Merckle ဆိုရင် ရထားရှေ့ ခုန်ချပြီး သူ့ကိုသူ အဆုံးစီရင်သွားခဲ့ရတဲ့အထိပဲ။ အဲဒီတုန်းကတော့ အစိုးရကော ပြည်သူတွေပါ hedge fund တွေရဲ့ short ခေါ်တာကို စိတ်ပျက်နေကြတာကြောင့် ဒီလိုဖြစ်သွားတာအပေါ် ကောင်းမွန်တဲ့ တုံ့ပြန်မှုတွေပဲ ရှိခဲ့ကြတယ်။
"hedge fund တွေက ပစ်မှတ်ထားပြီး တိုက်ခိုက်လာရင် ဈေးကွက်က တောင့်ခံနိုင်ဖို့ ခက်တယ်။ ဘာပဲဖြစ်ဖြစ် Golden Gate ကလည်း ဒီလိုမျိုး အလုပ်တွေကို အကြိမ်ကြိမ် လုပ်ခဲ့ဖူးတာပဲ"
တောင်ကိုရီးယားက ကမ္ဘာ့ထိပ်တန်း ကုန်ထုတ်လုပ်မှု အင်အားကြီး နိုင်ငံတွေထဲက တစ်ခုပါ။ CES ပွဲကို သွားကြည့်ရုံနဲ့တင် ကိုရီးယား ထုတ်ကုန်တွေ အများကြီး ရှိနေတာကို တွေ့နိုင်ပါတယ်။ ကုမ္ပဏီကြီးတွေအပေါ် အလွန်အမင်း အမှီပြုနေရတာနဲ့ ပို့ကုန်အခြေပြု စီးပွားရေးစနစ်ကြောင့် ဘေးထွက်ဆိုးကျိုးတွေ အများကြီး ရှိနေပေမယ့် ဆောင်း အီလက်ထရောနစ် နဲ့ Hyundai မော်တာ လိုမျိုး ကုမ္ပဏီကြီးတွေရဲ့ ကြိုးပမ်းမှုကြောင့် နိုင်ငံက နှစ်စဉ် ကုန်သွယ်မှု ပိုလျှံငွေ အများကြီး ရရှိနေပြီး ဖွံ့ဖြိုးပြီး နိုင်ငံတွေရဲ့ အဆင့်အတန်းကို ရောက်ရှိလုနီးပါး ဖြစ်နေတာပါ။ ဒါပေမယ့် ကမ္ဘာ့အဆင့်မှာ ကောင်းကောင်း လည်ပတ်နေတဲ့ အခြေခံ စီးပွားရေး ရင်းနှီးမြုတ်နှံမှုတွေနဲ့ မတူဘဲ ဘဏ္ဍာရေး ရင်းနှီးမြုတ်နှံမှုတွေရဲ့ စွမ်းဆောင်ရည်ကတော့ တော်တော်လေး စိတ်ပျက်စရာ ကောင်းနေတုန်းပါပဲ။
အစ်မ ဟျွန်းဂျူးက သက်ပြင်းချရင်း ပြောတယ်။
"အတိုချုပ်ပြောရရင် ငါတို့က ကုန်ထုတ်လုပ်မှု ကဏ္ဍကနေ ပိုက်ဆံရှာပြီး ဘဏ္ဍာရေး ကဏ္ဍ(စတော့စျေးကွက်)ကနေ ပြန်အမြတ်ထုတ်ခံနေရတာပဲ"
ရင်းနှီးမြှုပ်နှံမှုကနေ အမြတ်ဝေစု ဒါမှမဟုတ် အရင်းအနှီး အမြတ်အစွန်းတွေ ရရှိတာက သဘာဝကျပေမယ့် ဒီလိုမျိုး စတော့ဈေးကစားတဲ့ လုပ်ရပ်တွေကို ကောင်းကောင်း မတုံ့ပြန်နိုင်တာကတော့ ပြဿနာပါပဲ။
အယ်လီကလည်း ထပ်ပြီး မှတ်ချက်ပေးတယ်။
"ဒီလိုမျိုး စတော့ဈေးကစားတဲ့ ရင်းနှီးမြုတ်နှံမှုတွေကြောင့် ကိုရီးယားဈေးကွက်မှာ ပြဿနာတွေ ခဏခဏ တက်ခဲ့ဖူးတာလေ"
IMF အကြပ်အတည်း ကာလတုန်းက ပြည်တွင်း ကုမ္ပဏီ တော်တော်များများက နိုင်ငံခြား အရင်းအနှီးတွေဆီကို ဈေးပေါပေါနဲ့ ရောင်းချခဲ့ရတယ်။ နာမည်ကြီး ဖြစ်ရပ်တစ်ခုအနေနဲ့ အမေရိကန်ရဲ့ ပုဂ္ဂလိက ရှယ်ယာ ရန်ပုံငွေအဖွဲ့ဖြစ်တဲ့ Lone Star က ကိုရီးယား ငွေလဲလှယ်ရေးဘဏ်နဲ့ ပတ်သက်ပြီး ပြဿနာတက်ခဲ့ဖူးတာ ရှိပါတယ်။ အဲဒီနောက်မှာတော့ Canline Group ကလည်း ဒီလိုမျိုးပဲ HB Bank ကို အသုံးချပြီး အမြတ်ထုတ်ခဲ့ဖူးတယ်။ (ဒီကိစ္စမှာ အောင်မြင်ခဲ့တာက RCK Brothers ရဲ့ ဥက္ကဌ ရူချောဂယွန် ပဲ ဖြစ်ပါတယ်။)
Tiger Fund ကလည်း SK Telecom ရဲ့ ရှယ်ယာ လုပွဲမှာ ပါဝင်ပြီး ဝမ် သန်းပေါင်း ၆၃၀,၀၀၀ လောက် အမြတ်ထုတ်သွားခဲ့ဖူးသလို အဲဒီနောက်မှာလည်း Sovereign က SK ရဲ့ စီမံခန့်ခွဲမှု အာဏာကို သိမ်းပိုက်ဖို့ ကြိုးစားရင်း ဝမ် သန်းပေါင်း ၉သိန်းလောက် ထပ်ပြီး အမြတ်ထုတ်သွားခဲ့ပြန်တယ်။
ဒါ့အပြင် Carl Icahn ကလည်း KT&G ရဲ့ ရှယ်ယာတွေကို ဝယ်ယူပြီး စီမံခန့်ခွဲမှုပိုင်းမှာ ဝင်ရောက် စွက်ဖက်ခဲ့တာကြောင့် ဝမ် သန်းပေါင်း ၁၅၀,၀၀၀လောက် အမြတ်ထုတ်သွားခဲ့ဖူးတယ်။ ဒါတွေက အစအနလေးပဲ ရှိပါသေးတယ်။ ဒီလိုမျိုး အမြတ်ထုတ်သွားတဲ့ ဖြစ်ရပ်တွေကို အကုန်ချရေးမယ်ဆိုရင် စာအုပ်အများကြီး ထွက်လာလောက်မှာပါ။
တစ်ဖက်မှာတော့ ကိုရီးယား ရင်းနှီးမြုတ်နှံမှုတွေကနေ နိုင်ငံခြားဈေးကွက်မှာ သွားပြီး အမြတ်ထုတ်နိုင်ခဲ့တဲ့ ဖြစ်ရပ်ကတော့ တော်တော်လေး ရှားပါတယ်။ ထူးခြားတဲ့ အောင်မြင်မှုတစ်ခုကတော့ Brexit ဖြစ်ရပ်တုန်းက ဗြိတိန်နဲ့ ဂျပန်ရဲ့ နိုင်ငံခြားငွေလဲလှယ်မှု ဈေးကွက်မှာ OTK Company က အမြတ်ထုတ်နိုင်ခဲ့တာပါ။ (OTK Company ကို အမေရိကန် ရင်းနှီးမြုတ်နှံမှုအဖွဲ့အဖြစ် သတ်မှတ်ထားကြပေမယ့်ပေါ့လေ။)
"စတော့ဈေးကစားတဲ့ သူတွေအတွက် ကိုရီးယားက တော်တော်လေး လွယ်ကူတဲ့ ဈေးကွက်ပဲ"
တက်ဂယူက လက်ပိုက်ရင်း ပြောတယ်။
"ငါတို့က အမြတ်ထုတ်ခံရတဲ့ သမ္မတနိုင်ငံကျနေတာပဲ"
မဟာငလျင်ကြီးကြောင့် စားသုံးသူတွေရဲ့ ယုံကြည်မှု ကျဆင်းလာပြီး စီးပွားရေးကလည်း ကျုံ့သွားခဲ့တယ်။ ဒါကြောင့် ပို့ကုန်ကို အဓိက အားကိုးနေရတဲ့ ကိုရီးယားက ကြီးကြီးမားမား အထိနာခဲ့ရတာပါ။ ဒါ့အပြင် hedge fund တွေက short sales တွေ တရစပ် လုပ်လာကြတာကြောင့် စတော့ဈေးကွက်က ကျဆင်းလာပြီး ငွေလဲနှုန်းကလည်း တက်လာခဲ့တယ်။ ကံကောင်းတာက ဈေးကွက်တန်ဖိုး အမြင့်ဆုံး ကုမ္ပဏီဖြစ်တဲ့ ဆောင်း အီလက်ထရောနစ် က ဈေးကွက်ကို ထိန်းထားနိုင်လို့ပါပဲ။ မဟုတ်လို့ကတော့ စတော့ဈေးကွက်က ဒီထက်မက ပိုပြီး ထိုးကျသွားမှာ သေချာပါတယ်။ ဆောင်း အီလက်ထရောနစ် တောင်မှ မြင့်တက်လာတဲ့ ငွေလဲနှုန်းတွေနဲ့ တွက်ကြည့်ရင် တကယ်တော့ ၂၀ ရာခိုင်နှုန်းလောက် ကျသွားခဲ့တာပါ။
ဒါ့အပြင် ဒီအကြပ်အတည်းကို ဖန်တီးခဲ့တဲ့ တရားခံက သမ္မတ ကိုယ်တိုင် ဖြစ်နေပြီး အစိုးရအပြောင်းအလဲ ကာလဖြစ်နေတာကြောင့် အာဏာရပါတီကော၊ အတိုက်အခံပါတီပါ ထိထိရောက်ရောက် မတုံ့ပြန်နိုင်ကြပါဘူး။ အွန်ဆောင်း ကလည်း ကားပြန်သိမ်းရတဲ့ ပြဿနာတွေ၊ ဥက္ကဌ ဟန်မင်းဂူ ရဲ့ အနားယူမှုနဲ့ စီမံခန့်ခွဲမှု အာဏာလွှဲပြောင်းရေး ကိစ္စတွေကြောင့် ရှုပ်ထွေးနေခဲ့တာပါ။ hedge fund တွေက ဒါကို ကောင်းကောင်းသိလို့ ရည်ရွယ်ချက်ရှိရှိနဲ့ ဒီလိုမျိုး လာကစားနေကြတာလေ။
ပြဿနာက ဒီလိုဖြစ်စဉ်တွေကြားထဲမှာ လက်ခွဲ ကုမ္ပဏီငယ်လေးတွေနဲ့ တစ်ကိုယ်တော် ရင်းနှီးမြှုပ်နှံသူတွေပဲ နစ်နာနေကြရတာပါပဲ။ အမြဲတမ်း အထက်ကလူတွေ ပြဿနာရှာရင် အောက်က သာမန် ပြည်သူတွေပဲ ခံရတာ သဘာဝပဲလေ။ hedge fund တွေက အမြတ်အများကြီး ထုတ်ပြီး ဆုတ်ခွာသွားချိန်မှာ တစ်ကိုယ်တော်သမားတွေကတော့ အကြီးအကျယ် ရှုံးနိမ့်သွားကြမှာဖြစ်ပြီး အစိတ်အပိုင်း ထုတ်လုပ်တဲ့ ကုမ္ပဏီငယ်လေးတွေလည်း ပြိုလဲသွားနိုင်ပါတယ်။ ဒါပေမယ့် အစိုးရကလည်း WTO ဒါမှမဟုတ် ISD (ရင်းနှီးမြှုပ်နှံသူနဲ့ နိုင်ငံတော်ကြား အငြင်းပွားမှု ဖြေရှင်းရေးစနစ်) လိုမျိုး ကိစ္စတွေကြောင့် စတော့ဈေးကစားတဲ့သူတွေကို တိုက်ရိုက် ထိန်းချုပ်လို့ မရပြန်ဘူး။
တကယ်တော့ Lonestar ဖြစ်ရပ်တုန်းကဆိုရင် သူတို့က အမြတ်ထုတ်ပြီး ထွက်ပြေးသွားရုံတင်မကဘဲ ကိုရီးယားအစိုးရက အရောင်းအဝယ် ခွင့်ပြုချက် ပေးဖို့ နောက်ကျခဲ့တာကြောင့် နစ်နာခဲ့ရတယ်ဆိုပြီး ISD မှာ တရားစွဲဆိုဖို့အထိ လုပ်ခဲ့ကြသေးတာပါ။ သူတို့က အမြတ်တွေ အများကြီး ရပြီးသွားတာတောင် နစ်နာကြေးပါ ထပ်ပြီး အိတ်ထဲထည့်ချင်နေကြတာလေ။ ခွေးမသားတွေ…
တကယ်တော့ စတော့ဈေးကစားတဲ့သူတွေကို ရင်ဆိုင်ဖို့ အကောင်းဆုံးနည်းလမ်းက ပိုပြီး အင်အားကြီးတဲ့ စတော့ဈေးကစားမယ့်သူနဲ့ ပြန်တိုက်ဖို့ပဲ။ Porsche က သတင်းအမှားတွေ ထုတ်ပြန်ပြီး ဘာကိုမှ ကာကွယ်ဖို့ ဆန္ဒမရှိဘဲ hedge fund တွေကို မျက်စိလည်အောင် လုပ်ကာ အနောက်ကနေ ဓားနဲ့ထိုးခဲ့သလိုမျိုးပေါ့။
ကျွန်တော် ခဏလောက် တွေးကြည့်ပြီးမှ ပြောလိုက်တယ်။
"ဒီကောင်တွေကို ပညာပြန်ပေးဖို့ အကောင်းဆုံး နည်းလမ်းမျိုး မရှိဘူးလား"