← Chapters

အခန်း ၂၁၃

Vol. 22 Ch. 213

အခန်း ၂၁၃

Vol. 22 Ch. 213

အခန်း (၂၁၃)

"ကားလ် အဲလ်ဘတ် ဆင်းဂါး"

သူက မူလက ရှေ့နေတစ်ယောက်ဖြစ်ပြီး အသက် ၄၀ ကျော်မှာ ရှေ့နေလုပ်ငန်းကနေ ထွက်ပြီး Albert Management လို့ ခေါ်တဲ့ တက်ကြွလှုပ်ရှားတဲ့ hedge fund အဖွဲ့ကို တည်ထောင်ခဲ့တာပါ။ ပင်စင်ရန်ပုံငွေအဖွဲ့တွေ၊ နိုင်ငံတော်ပိုင် အချုပ်အခြာအာဏာ ရန်ပုံငွေအဖွဲ့တွေနဲ့ ရင်းနှီးမြှုပ်နှံမှု ရန်ပုံငွေအဖွဲ့တွေက သူနဲ့အတူ ရင်းနှီးမြှုပ်နှံခဲ့ကြပြီး ကားလ် ဆင်းဂါး က သူ့ရဲ့ ပြင်းထန်တဲ့ ပုံစံကိုသုံးကာ တိုတောင်းတဲ့ ကာလအတွင်းမှာ သိသာထင်ရှားတဲ့ အမြတ်အစွန်းတွေကို ရရှိခဲ့တယ်။

ဒီအတောအတွင်း သူ့ရဲ့ လုပ်ဆောင်မှုတွေက အံ့ဩစရာ ကောင်းလှပါတယ်။ အခြားတိရစ္ဆာန်တွေ ချန်ထားခဲ့တဲ့ ပုပ်ပွနေတဲ့ အသားကောင်တွေပေါ်ကို လင်းတတစ်ကောင်က ထိုးသုတ်စားသလိုမျိုး ကားလ် ဆင်းဂါး က ပိုက်ဆံရှာတဲ့နေရာမှာ ဘာကိုမှ မရှောင်ခဲ့ဘူး။

သူ့ရဲ့ အဓိက ရင်းနှီးမြှုပ်နှံမှုတွေကတော့ ကြွေးမြီပေးဖို့ ပျက်ကွက်နေတဲ့ နိုင်ငံတွေရဲ့ ငွေတိုက်စာချုပ်တွေကို အပေါဆုံးဈေးနဲ့ ဝယ်ယူပြီး အပြည့်အဝ ပြန်လည်ပေးဆပ်ဖို့ တောင်းဆိုတာပါပဲ။ သူ့ရဲ့ ပစ်မှတ်တွေကတော့ တောင်အမေရိကနဲ့ အာဖရိကမှာရှိတဲ့ ပီရူး၊ အာဂျင်တီးနားနဲ့ ကွန်ဂိုလိုမျိုး credit scoreနည်းပြီး အင်အားနည်းတဲ့ နိုင်ငံတွေပါ။

အချုပ်အခြာအာဏာပိုင် နိုင်ငံတွေနဲ့ အဖွဲ့အစည်းတွေက ၃၀ ရာခိုင်နှုန်း ကြွေးမြီသက်သာခွင့်ပေးဖို့ သဘောတူညီခဲ့ကြရင်တောင် အဲလ်ဘတ်က အဲဒီထက်ပိုတဲ့ ပမာဏ ဒါမှမဟုတ် အပြည့်အဝရရှိဖို့ နည်းလမ်းမျိုးစုံကို သုံးခဲ့တယ်။ သူက အစိုးရရဲ့ နိုင်ငံခြားအကောင့်တွေထဲက နိုင်ငံခြား အကူအညီပေးရေး ရန်ပုံငွေတွေကိုပါ သိမ်းဆည်းခဲ့တာကြောင့် ကာကွယ်ဆေး ထောက်ပံ့မှုတွေ ဆိုင်းငံ့သွားခဲ့ရပြီး ကလေးငယ် ရာပေါင်းများစွာ သေဆုံးခဲ့ရတယ်။

ဒီအကြောင်းကို သိရှိသွားတဲ့အခါ နိုင်ငံတကာ အသိုင်းအဝိုင်းက ဒေါသတကြီး ဖြစ်ခဲ့ကြပြီး ဝါရင် ဘတ်ဖတ် ကလည်း သူက Shylockနဲ့ ဘာမှမထူးခြားဘူးလို့ ပြစ်တင်ရှုတ်ချခဲ့တယ်။

(ရှိတ်စပီးယားပြဇာတ်ထဲက Shylockနာမည်နဲ့ လူဆိုးစီးပွားရေးသမား)

သူက လင်းတ၊ ခွေးအ လို့ အမည်ဆိုးနဲ့ ကျော်ကြားခဲ့ပေမယ့် ကားလ် ဆင်းဂါး ကတော့ ဂရုမစိုက်ခဲ့ပါဘူး။ အရင်းရှင်လူ့အဖွဲ့အစည်းမှာ ပိုက်ဆံဆိုတာ သွေးနဲ့တူပါတယ်။ ရင်းနှီးမြှုပ်နှံသူတွေက အဲဒီသွေးကို စုပ်ယူပြီး အသက်ရှင်ကြတာပါ။ ပိုဆိုးတာနဲ့ နည်းနည်းဆိုးတာပဲ ကွာခြားချက် ရှိတာလေ။

ပိုက်ဆံမှာ ကိုယ်ကျင့်တရား မရှိဘူး။ ညစ်ပတ်တာ၊ သန့်ရှင်းတာလည်း မရှိဘူး။ ပိုက်ဆံက ပိုက်ဆံပဲ။

ရင်းနှီးမြှုပ်နှံမှု စွမ်းဆောင်ရည်ကို လူသိများလာတာနဲ့အမျှ ချမ်းသာတဲ့သူတွေက သူတို့ရဲ့ ပိုက်ဆံတွေနဲ့အတူ စုပြုံရောက်ရှိလာကြတယ်။ သူတို့က ဝေဖန်ခံရတာကို မလိုချင်ဘဲ အမြတ်အစွန်းပဲ ရချင်ကြတာကြောင့် နာမည်မဖော်ဘဲ ငွေပမာဏ အမြောက်အမြားကို ရင်းနှီးမြှုပ်နှံခဲ့ကြတယ်။ ကားလ် ဆင်းဂါး က သူတို့ကို အရေခြုံတွေအဖြစ် ရင်ထဲကနေ တိတ်တဆိတ် လှောင်ပြောင်ခဲ့တယ်။ သူ့အတွက်ကတော့ ပိုက်ဆံရှာဖို့ကပဲ အရေးကြီးဆုံးပဲ။

အဲလ်ဘတ် စီမံခန့်ခွဲမှုက အမြတ်အစွန်းရဲ့ ၂၅ ရာခိုင်နှုန်းကို စီမံခန့်ခွဲခအဖြစ် ယူပါတယ်။ hedge fund တစ်ခုအနေနဲ့ ကြည့်ရင် ဒါက အလွန်ကို မြင့်မားတဲ့ကော်မရှင်ခပါ။ ဒါပေမယ့် သူတို့က အခကြေးငွေတွေကို လိုလိုလားလား ပေးချင်လောက်အောင် မြင့်မားတဲ့ အမြတ်အစွန်းတွေကို ရရှိအောင် လုပ်ပေးနိုင်တာကြောင့် ဘယ်သူမှ မကန့်ကွက်ခဲ့ကြဘူး။

ကားလ် ဆင်းဂါး က သူဟာ တစ်နေ့မှာ ဝါရင် ဘတ်ဖတ် ကို ကျော်လွန်သွားလိမ့်မယ်လို့ ယုံကြည်ချက် ရှိနေခဲ့တယ်။ တကယ့် အကျိုးအမြတ်တွေအရ ဆိုရင်တော့ လွန်ခဲ့တဲ့ ငါးနှစ်အတွင်းမှာ သူ့ထက် ပိုပြီး စွမ်းဆောင်နိုင်ခဲ့တဲ့ ရင်းနှီးမြှုပ်နှံသူက တစ်ယောက်ပဲ ရှိတာပါ။

အခုအချိန်မှာ ဘဏ္ဍာရေးကဏ္ဍရဲ့ သြဇာအရှိဆုံး လူပုဂ္ဂိုလ်က ကန်ဂျင်ဟူ ပဲ ဖြစ်ပါတယ်။ တကယ်လို့ သူသာ မရှိခဲ့ရင် အမေရိကန်က အခုအချိန်မှာ ဘဏ္ဍာရေး အကြပ်အတည်းထက် ပိုမိုဆိုးရွားတဲ့ တုန်လှုပ်မှုတွေနဲ့ ရင်ဆိုင်နေရလောက်ပါပြီ။ ငလျင်ကြောင့် ဖြစ်ပေါ်လာတဲ့ စိုးရိမ်ပူပန်မှုတွေက မကြုံစဖူး သမ္မတ စွဲချက်တင် စစ်ဆေးခံရမှုနဲ့ ပေါင်းစပ်သွားတဲ့အခါ ကမ္ဘာ့ဘဏ္ဍာရေး ဈေးကွက်မှာ အလွန်အမင်း အတက်အကျတွေ ဖြစ်ပေါ်စေခဲ့တယ်။ hedge fund တွေအတွက်တော့ ဒါက အမြတ်အစွန်း ရှာဖွေဖို့ အကောင်းဆုံး အခွင့်အရေးတစ်ခုပါပဲ။

ဒါပေမယ့်… နောက်ဆုံးမှာတော့ မဟာငလျင်ကြီး က လှုတ်ခတ်သွားခဲ့တယ်။

hedge fund တွေဟာ ကြီးမားတဲ့ အရှုံးပေါ်ခဲ့ကြတယ်။ အရင်းအနှီးကို မြှင့်တင်ပြီး ပြင်းပြင်းထန်ထန် ရင်းနှီးမြှုပ်နှံခဲ့ကြတဲ့ ကုမ္ပဏီ ဒါဇင်ပေါင်းများစွာဟာ ဒေဝါလီခံခဲ့ကြရပြီး သူတို့ရဲ့ ဖောက်သည်တွေရဲ့ ပိုက်ဆံတွေကိုပါ ဆုံးရှုံးစေခဲ့တယ်။ ကံကောင်းထောက်မစွာနဲ့ ကားလ် ဆင်းဂါး က ကန်ဂျင်ဟူ ရဲ့ သတိပေးချက်တွေကို လုံးဝ လျစ်လျူမရှုခဲ့တာကြောင့် ငလျင်မလှုတ်ခင်လေးမှာတင် အရှုံးမရှိအောင် ကာကွယ်နိုင်ခဲ့ပြီး ကြီးမားတဲ့ ဆုံးရှုံးမှုတွေကို ရှောင်ရှားနိုင်ခဲ့တယ်။ ဒါပေမယ့် သူတစ်နှစ်ပတ်လုံး ပင်ပင်ပန်းပန်း လုပ်ကိုင်ပြီး ရှာဖွေထားသမျှ ပိုက်ဆံတွေ အားလုံး ဆုံးရှုံးသွားခဲ့ရတယ်။

ဒါပေမယ့်လည်း ပိုက်ဆံရှာဖို့ အခွင့်အလမ်းတွေကတော့ ပေါများနေတုန်းပါပဲ။ အမေရိကန်ကို ထိခိုက်စေခဲ့တဲ့ ငလျင်က ပေါ်ထွက်စ ဈေးကွက် စတော့တွေမှာ အခက်အခဲတွေ ဖြစ်ပေါ်စေခဲ့ပြီး ကားအရောင်းပမာဏလည်း ထိုးကျသွားခဲ့တယ်။

အဲလ်ဘတ်က အွန်ဆောင်း မော်တာကို အချိန်အတော်ကြာကတည်းက အနီးကပ် စောင့်ကြည့်နေခဲ့တာပါ။ အရောင်းပမာဏ ကျဆင်းမှု၊ ကားပြန်သိမ်းရမယ့် ပြဿနာတွေ၊ အစိုးရ အပြောင်းအလဲ၊ စီမံခန့်ခွဲမှု ပြဿနာတွေနဲ့ ဆက်ခံမယ့်သူ ကိစ္စတွေ အားလုံး စုပုံနေတာကြောင့် စတော့ဈေးနှုန်းတွေကို ထိန်းထားဖို့ကတော့ တကယ့်ကို ခက်ခဲတော့မှာ သေချာပါတယ်။

အွန်ဆောင်း မော်တာ အတွက် နောက်ထပ် ပြဿနာတစ်ခုက ကန်ဂျင်ဟူ နဲ့ ဆက်ဆံရေး မကောင်းတာပါပဲ။ တကယ်တော့ လက်ရှိ လေအိတ် ပြဿနာကို စတင်ဖော်ထုတ်ခဲ့တာက ကန်ဂျင်ဟူ ပဲ ဖြစ်ပါတယ်။

သူတို့က CarOS ကတစ်ဆင့် ထိပ်တန်းအဆင့် မောင်းသူမဲ့ နည်းပညာကို ရရှိထားပြီး မျိုးဆက်သစ် ဘတ္ထရီတွေကို တီထွင်ဖို့အတွက် ပါမောက္ခ ကင်ဟိုမင် ကို စည်းရုံးနိုင်ခဲ့တယ်။ ဒါ့အပြင် သူတို့က ရတ်စ်ဘဲမှာ မော်တော်ကားနဲ့ ဘတ္ထရီ စက်ရုံတွေကို တည်ထောင်ခဲ့ပြီး အမြောက်အမြား ထုတ်လုပ်နိုင်မယ့် စနစ်ကို တည်ဆောက်ထားတာကြောင့် အနာဂတ် မောင်းသူမဲ့ကားနဲ့ လျှပ်စစ်ကားလောကမှာ သူတို့က ထိပ်တန်းကနေ ဦးဆောင်နိုင်မှာ သေချာပါတယ်။

OTK Company က အွန်ဆောင်း မော်တာ နဲ့ လုံးဝ ပူးပေါင်းဆောင်ရွက်မှာ မဟုတ်တာကြောင့် နောက်ဆုံးမှာ အွန်ဆောင်း မော်တာ က ပြိုင်ပွဲမှာ နောက်ကျကျန်ခဲ့ရမှာပါ။

အဲလ်ဘတ်က ပိုက်ဆံနံ့ကို ရပြီး ဝင်ရောက်လာတာနဲ့အမျှ အခြား hedge fund တွေလည်း နောက်ကနေ လိုက်လာကြတယ်။ သူတို့က အွန်ဆောင်း မော်တာ တင်မကဘဲ ဇီဝနည်းပညာနဲ့ လူသုံးကုန် ပစ္စည်းတွေ အပါအဝင် ကိုရီးယား စတော့ဈေးကွက် တစ်ခုလုံးမှာ short sales တွေကို တရစပ် လုပ်ဆောင်ခဲ့ကြတယ်။

hedge fund တွေက တိုက်ခိုက်ဖို့ ဆုံးဖြတ်လိုက်တာနဲ့ အွန်ဆောင်း မော်တာ က တစ်ဝက်နီးပါးလောက် ထိုးကျသွားခဲ့ပြီး ကိုရီးယား စတော့ဈေးကွက်က ၁၅ ရာခိုင်နှုန်းထက်မက ကျဆင်းသွားခဲ့တယ်။ ဆန့်ကျင်ဘက်အနေနဲ့ ငွေလဲနှုန်းကတော့ ထိုးတက်သွားခဲ့တယ်။

ကျန်ရှိနေတာကတော့ စတော့ဈေးနှုန်းကို ပိုပြီး ကျအောင်လုပ်ဖို့၊ short sales တွေကို ပိတ်သိမ်းဖို့နဲ့ ပိုက်ဆံတွေနဲ့အတူ တိတ်တဆိတ် ထွက်ခွာသွားဖို့ပါပဲ။

ငလျင်မတိုင်ခင်ကတည်းက အခွင့်အရေးကို စောင့်ကြည့်နေခဲ့တာဖြစ်ပေမယ့် ကန်ဂျင်ဟူ က အစပျိုးပေးလိုက်တာကြောင့် အရာအားလုံးက ပိုပြီး လွယ်ကူသွားခဲ့တယ်။

ကားလ် ဆင်းဂါး က ပြုံးရင်းနဲ့ ရေရွတ်လိုက်တယ်။

"ငါ ကန်ဂျင်ဟူ ကို သောက်စရာ တစ်ခုခု ဝယ်တိုက်ရမယ် ထင်တယ်"

ဒီဇင်ဘာ ၃၁ ရက် ကုန်ဆုံးသွားပြီးနောက် နှစ်သစ်တစ်ခု စတင်ခဲ့တယ်။

Golden Gate နဲ့ OTK Company တို့က နှစ်သစ်ကူး အစည်းအဝေးတွေကို ကျင်းပခဲ့ကြပြီး အလုပ်တွေကို ပြန်လည် စတင်ခဲ့ကြတယ်။ စတော့ဈေးကွက် ဖွင့်တာနဲ့ ဈေးနှုန်းတွေက ချက်ချင်း ကျဆင်းသွားခဲ့တယ်။

တစ်ကိုယ်တော် ရင်းနှီးမြှုပ်နှံသူတွေကတော့ အကြီးအကျယ် ဒေါသထွက်နေကြပါတယ်။

ကျေးဇူးပြုပြီး အဲဒီ short sales တွေကို ဖျက်သိမ်းပေးကြပါ။

အမျိုးသား ပင်စင်ရန်ပုံငွေအဖွဲ့က short sales အတွက် စတော့တွေကို ငှားရမ်းပေးနေရင် ကျွန်တော်တို့က ဘာလုပ်ရမှာလဲ။

- ဒါက ပြည်သူတွေရဲ့ ပိုက်ဆံလေ၊ အဲဒါကို ပြည်သူတွေကို ပြန်နစ်နာအောင် သုံးနေကြတာပဲ။

တစ်ကိုယ်တော်သမားတွေဆီကနေ အမြတ်ထုတ်နေတဲ့ ပွဲစားကုမ္ပဏီတွေက short sales အတွက် စတော့တွေကို ငှားရမ်းပေးနေတာက ကျိုးကြောင်းဆီလျော်ရဲ့လား။

ဒါမှမဟုတ်ရင်လည်း တစ်ကိုယ်တော်သမားတွေကိုပါ short sales လုပ်ခွင့်ပေးပါ။

စတော့မငှားပေးတဲ့ ပွဲစားကုမ္ပဏီတွေဆီပဲ အကောင့်တွေ ပြောင်းကြရအောင်။ ဘာပဲပြောပြော ညည်းညူနေလို့လည်း အပိုပဲ။

အစိုးရအနေနဲ့ အရေးယူရမယ့် အချိန်ရောက်ပြီ မဟုတ်ဘူးလား။

သမ္မတက သူ့ပြဿနာနဲ့သူ ရှုပ်နေတာနဲ့ တင် မအားဘူး ဖြစ်နေတာ။

သမ္မတက အိမ်ပြာတော်ထဲမှာ ပုန်းနေပြီး သက်သေတွေကို ဖျက်ဆီးဖို့နဲ့ ဇာတ်တိုက်ဖို့ပဲ လုပ်နေတယ်လို့ ကြားတယ်။

သူ့သက်တမ်း ကုန်ရင် ထောင်ကျဖို့ ရှိနေတာဆိုတော့ ကြိုတင်ပြင်ဆင်နေရတာပေါ့။

စတော့ဈေးကွက်တင်မကဘဲ တောင်ကိုရီးယားရဲ့ လက်ရှိ စီးပွားရေး အခြေအနေကလည်း ဆိုးရွားနေခဲ့တယ်။ အခြေခံ စီးပွားရေးက နှေးကွေးနေပြီး စတော့ဈေးကွက်က ကျဆင်းနေသလို၊ စတော့ဈေးနှုန်းတွေ ကျဆင်းမှုကလည်း စီးပွားရေးကို ပိုမို ဆိုးရွားစေခဲ့တယ်။ အဆိုးရွားဆုံး ပြဿနာကတော့ မြင့်တက်လာတဲ့ အလုပ်လက်မဲ့နှုန်းပါပဲ။

ကိုရီးယားလို့ တွေးလိုက်ရင် ဆောင်း အီလက်ထရောနစ် ဒါမှမဟုတ် LG လိုမျိုး ကုမ္ပဏီကြီးတွေကိုပဲ ပြေးမြင်ကြပြီး တီဗီပေါ်က ဇာတ်ဆောင်အများစုကလည်း ကုမ္ပဏီကြီးတွေမှာပဲ အလုပ်လုပ်ကြတာပါ။ ဒါကြောင့် ကိုရီးယားမှာ ကုမ္ပဏီကြီးတွေပဲ ရှိတယ်လို့ ထင်မှတ်ရလွယ်ပေမယ့် တကယ်တော့ ကုမ္ပဏီကြီးတွေက အလုပ်အကိုင် ဖန်တီးမှုရဲ့ ၁၅ ရာခိုင်နှုန်းအောက်ပဲ ရှိတာပါ။ ကျန်ရှိတဲ့ ၈၅ ရာခိုင်နှုန်းထက်မကတဲ့ အလုပ်အကိုင်တွေကိုတော့ အသေးစားနဲ့ အလတ်စား စီးပွားရေးလုပ်ငန်း (SME) တွေက ဖန်တီးပေးထားတာ ဖြစ်ပါတယ်။ ဒါကြောင့် SME တွေ အခက်အခဲ ကြုံရတဲ့အခါ အလုပ်လက်မဲ့နှုန်းက ချက်ချင်း မြင့်တက်လာပြီး သာမန်ပြည်သူတွေရဲ့ လူနေမှုဘဝကို ပြင်းပြင်းထန်ထန် ထိခိုက်စေတယ်။

လက်ရှိ အခြေအနေရဲ့ အဓိက အကြောင်းရင်းက သမ္မတ ပတ် ရဲ့ မူဝါဒတွေကြောင့်ပါပဲ။ ငါးနှစ်ပတ်လုံး ကုမ္ပဏီကြီးတွေကိုပဲ မျက်နှာသာပေးတဲ့ စီးပွားရေး လိုလားတဲ့ မူဝါဒတွေကို ဆက်တိုက် လုပ်ဆောင်ခဲ့ပြီး နောက်ဆုံးမှာတော့ သူ့ရဲ့ ကိုယ်ပိုင် အမှားတွေကြောင့် စီးပွားရေးကို ဖျက်ဆီးပစ်ခဲ့တာပါ။

ဒါပေမယ့် ဝေဖန်မှုတွေက ကျွန်တော့်ဆီကိုလည်း ကျရောက်လာခဲ့တယ်။

ကန်ဂျင်ဟူ ကြောင့် SME တွေအားလုံး ပြိုလဲတော့မယ်။

ဒါက ဘာလို့ ကန်ဂျင်ဟူ ရဲ့ အမှားဖြစ်ရမှာလဲ။ သမ္မတကြောင့် ဖြစ်ပြီး SME တွေ နစ်နာရတာပါ။

တကယ်လို့ ကန်ဂျင်ဟူ သာ ချို့ယွင်းချက်ကို သိလျက်နဲ့ ဖုံးကွယ်ထားခဲ့ရင် မင်းတို့ပဲ သူ့ကို အတူတူပဲဆိုပြီး ဆဲကြမှာ မဟုတ်ဘူးလား။

ဒါပေမယ့်လည်း အခြေအနေကို တစ်စုံတစ်ရာ အကဲဖြတ်ပြီးမှ ကြေညာသင့်တယ်လို့ ထင်တယ်လေ။ အခုတော့ အွန်ဆောင်း မော်တာ ရဲ့ လက်ခွဲကုမ္ပဏီတွေက နေ့တိုင်း ငရဲလို ဘဝမျိုးနဲ့ ဖြတ်သန်းနေရတယ်။

OTK ကုမ္ပဏီက အမေရိကန်ကို ကူညီဖို့ကျတော့ အင်တိုက်အားတိုက်ထွက်လုပ်ကြပြီး ကိုရီးယားအတွက် ကျတော့ ဘာလုပ်ပေးဖူးလို့လဲ။

သူတို့တွေ အမေရိကန်မှာ ရင်းနှီးမြှုပ်နှံထားတဲ့ ပိုက်ဆံရဲ့ တစ်ဝက်လောက်ကိုသာ ကိုရီးယားမှာ ရင်းနှီးမြှုပ်နှံခဲ့ရင်...

ပြဿနာ ရှာခဲ့တာက သမ္မတလေ၊ ဘာလို့ ကန်ဂျင်ဟူ ကို အပြစ်တင်နေကြတာလဲ။

ဘယ်သူပဲ ပြဿနာရှာရှာ၊ ကျေးဇူးပြုပြီး လာရှင်းပေးကြပါဦး။

ကျွန်တော် အစ်မ ဟျွန်းဂျူး ပေးထားတဲ့ အဲလ်ဘတ်နဲ့ ပတ်သက်တဲ့ အချက်အလက်တွေကို ဖတ်ရှုလိုက်တယ်။

ကျောင်းတုန်းကသာ ဒီလောက်အထိ ကြိုးစားပြီး စာကျက်ခဲ့ရင် ပထမနှစ်တုန်းက ကျွန်တော့်အမှတ်တွေ ဒီလောက်အထိ ဖြစ်နေမှာ မဟုတ်ဘူး။ (အဲဒီတုန်းက ရည်းစားနဲ့ လျှောက်လည်ဖို့နဲ့ ကလပ်လှုပ်ရှားမှုတွေမှာ ပါဝင်ဖို့ပဲ အလုပ်ရှုပ်နေခဲ့တာပါ။)

ကျွန်တော့်ဘေးမှာ စာကျက်ချင်ယောင် ဆောင်နေတဲ့ တက်ဂယူ က မေးတယ်။

"ငါ့မှာ မေးစရာ တစ်ခုရှိတယ်"

"ဘာလဲ"

"အဲလ်ဘတ်က အခက်အခဲ ကြုံနေရတဲ့ နိုင်ငံတွေရဲ့ ငွေတိုက်စာချုပ်တွေကို ဝယ်ပြီး ပိုက်ဆံရအောင် ကစားခဲ့တာမလား"

"ဟုတ်တယ်"

"ဒါဆို ရုရှားရဲ့ ကြွေးမြီဆိုင်းငံ့မှု (Moratorium) တုန်းကကျတော့ သူက ဘာလို့ ငြိမ်နေတာလဲ"

ကျွန်တော် ဖတ်နေတဲ့ အချက်အလက်တွေကို ချလိုက်ပြီး ခေါင်းညိတ်ပြလိုက်တယ်။

"တကယ့်ကို ကောင်းတဲ့ ထောက်ပြချက်ပဲ"

အကြွေးသမားက အကြွေးပြန်ဆပ်ဖို့ နည်းလမ်းမရှိတော့ဘဲ ဒူးထောက်တောင်းပန်တဲ့အခါ လူအများစုကတော့ သက်ညှာမှု အနည်းငယ် ပြတတ်ကြတယ်။ ဒါပေမယ့် အခြားလူတွေအားလုံးက အကြွေးတွေကို လျှော်ပေးမယ်လို့ ပြောနေကြချိန်မှာ အဲလ်ဘတ်ကတော့ ပိုက်ဆံပိုရအောင် ညှစ်ထုတ်ဖို့ ကြိုးစားခဲ့ပြီး ဆိုးရွားတဲ့ အကျိုးဆက်တွေပါရတဲ့အထိ ခြိမ်းခြောက်ခဲ့တာပါ။

ဒါပေမယ့် အကြွေးသမားက လူမိုက်ဖြစ်နေရင်ကော….

သူတို့ကို သွားပြီး ခြိမ်းခြောက်ရင် ကိုယ်ပဲ အသက်ပျောက်သွားနိုင်တယ်လေ။

"အဲလ်ဘတ်က အမြတ်ထွက်မယ့်အရာဆိုရင် ဘာမဆို လုပ်တတ်ပေမယ့် ဘယ်သူနဲ့ ပြိုင်ရမလဲဆိုတာကိုတော့ သူ ကောင်းကောင်းသိတယ်။ တကယ်လို့ သူသာ ရုရှားကို ဒီလိုမျိုး သွားလုပ်ခဲ့ရင် အကောင်းအတိုင်း ပြန်ထွက်လာနိုင်မှာ မဟုတ်ဘူး"

ကျားတစ်ကောင်က ဘယ်လောက်ပဲ ဒဏ်ရာရနေပါစေ ကျားက ကျားပဲလေ။ ရုရှားရဲ့ ကြွေးမြီဆိုင်းငံ့မှုကြောင့် ပိုက်ဆံဆုံးရှုံးခဲ့ရတဲ့ နိုင်ငံတွေ အများကြီး ရှိပြီး အဲဒီထဲမှာ တောင်ကိုရီးယားလည်း ပါဝင်ပါတယ်။ ဒါပေမယ့် ပြဿနာရှာမယ့်အစား အားလုံးက အကြွေးရှင်တွေကို ဘယ်အချိန်မှာ ပိုက်ဆံပြန်ပေးမလဲဆိုတာကိုပဲ တိတ်တဆိတ် စောင့်ဆိုင်းကြရတာပါ။ ရုရှားကို အကြီးအကျယ် အော်ဟစ်နိုင်တဲ့ နိုင်ငံဆိုလို့ အမေရိကန်နဲ့ တရုတ်ပဲ ရှိပါလိမ့်မယ်။

ဗဟုသုတအနေနဲ့ ပြောရရင် အဲဒီအချိန်တုန်းက ဂျော့ရှ် ဆိုရော့စ် က ကြီးမားတဲ့ ဆုံးရှုံးမှုတွေနဲ့အတူ ထွက်ခွာသွားခဲ့ရပြီး Long-Term Capital Management ကတော့ လုံးဝ ပျက်စီးသွားခဲ့ရတယ်။

တက်ဂယူ က တစ်ခုခုကို သတိရသွားပုံနဲ့ ပြောတယ်။

"ဒါနဲ့ တွေးကြည့်ရင် ဂျပန်က ရုရှား အားနည်းနေချိန်မှာ မြောက်ပိုင်းနယ်နိမိတ်တွေကို ပြန်ပေးဖို့ ရဲရဲဝံဝံ တောင်းဆိုခဲ့ဖူးပေမယ့် ဘာမှ ပြန်မရခဲ့ဘူးမလား"

သူက သမိုင်းဗဟုသုတ အနည်းငယ်ရှိတဲ့ အိုတာကူတစ်ယောက် ဖြစ်နေတာက အံ့ဩစရာပဲ။

"စစ်အေးတိုက်ပွဲ ကာလတုန်းက ဂျပန်က အမေရိကန်ကို ယှဉ်ပြိုင်နိုင်ပြီး ကမ္ဘာကြီးကို ခွဲဝေနိုင်တဲ့ နိုင်ငံတစ်ခု ဖြစ်ခဲ့တာလေ"

တက်ဂယူ က နားလည်သွားပုံနဲ့ ခေါင်းညိတ်တယ်။

"ပြီးတော့ သူတို့က မကြိုက်ရင် လုပ်ကြံတဲ့ နည်းလမ်းအနေနဲ့ ရေဒီယိုသတ္တိကြွ လက်ဖက်ရည်နဲ့ အဆိပ်ခတ်တတ်ကြတယ်မလား"

ရုရှားဆိုတာက သမ္မတကိုယ်တိုင်ကနေ ကေဂျီဘီ (KGB) ကနေ လာတဲ့ နိုင်ငံလေ။ ဘယ်အချိန်မှာ တိုက်ခိုက်ရမလဲဆိုတာကို သိတာက စစ်သူကြီးတစ်ဦးရဲ့ အောင်မြင်မှု သော့ချက်ပါပဲ။

ကျွန်တော်တို့ စကားပြောနေတုန်း ရုံးတွင်းဖုန်း မြည်လာခဲ့တယ်။

စီနီယာ ကီဟုမ် က ပြောတယ်။

[ဧည့်သည်တွေ ရောက်လာကြပါပြီ။ အစည်းအဝေးခန်းကို သွားလို့ရပါပြီ]

"ကောင်းပါပြီ"

ကျွန်တော် တက်ဂယူ နဲ့အတူ အစည်းအဝေးခန်းကို ဆင်းလာခဲ့တယ်။

အစည်းအဝေးခန်းထဲမှာတော့ ရုံးဝတ်စုံတွေနဲ့ အလုပ်သမား ဂျာကင်တွေကို ဝတ်ဆင်ထားတဲ့ သက်လတ်ပိုင်း အမျိုးသား ၁၀ ယောက် ထိုင်နေကြပါတယ်။ မူလကတော့ အယောက်၅၀ လောက် မျှော်လင့်ထားတာဖြစ်ပေမယ့် အလွန်အမင်း ဖိအားမဖြစ်စေဖို့ အတွက် အရေအတွက်ကို ၁၀ ယောက်အထိ ကန့်သတ်ထားခဲ့တာပါ။

သူတို့က အွန်ဆောင်း မော်တာ နဲ့ ပူးပေါင်းဆောင်ရွက်နေတဲ့ လက်ခွဲကုမ္ပဏီတွေရဲ့ ဥက္ကဌတွေပါ။ သူတို့က အရေးပေါ် တုံ့ပြန်ရေး အစည်းအဝေးကို ဖွဲ့စည်းထားတာ ကြာပြီဖြစ်ပြီး အစိုးရနဲ့ အွန်ဆောင်း မော်တာ တို့ကို အရေးယူဆောင်ရွက်ပေးဖို့ တောင်းဆိုနေကြတာလေ။ အစိုးရက ဘာမှမလုပ်ခဲ့ပါဘူး။ အဓိက ကန်ထရိုက်တာဖြစ်တဲ့ အွန်ဆောင်း မော်တာ က ကြိုတင်ငွေတွေနဲ့ အရေးပေါ် ရန်ပုံငွေတွေ ထောက်ပံ့ပေးခဲ့ပေမယ့် အခြေအနေကို ဖြေရှင်းဖို့အတွက်တော့ တကယ့်ကို မလုံလောက်ခဲ့ဘူး။

"မင်္ဂလာပါ၊ ကျွန်တော် ကန်ဂျင်ဟူ ပါ"

ကျွန်တော် သူတို့ကို နှုတ်ဆက်ပြီး နေရာမှာ ထိုင်လိုက်တယ်။ ဥက္ကဌတွေက သူတို့ရဲ့ ကုမ္ပဏီအမည်တွေ၊ နာမည်တွေနဲ့အတူ တစ်ယောက်ချင်းစီ မိတ်ဆက်ကြတယ်။ နာမည်ကတ်ပြားတွေ တပ်ထားတာကြောင့် ဘယ်သူက ဘယ်သူလဲဆိုတာကို အလွယ်တကူ သိနိုင်ပါတယ်။

"ဒီရက်ပိုင်း အခြေအနေတွေ တော်တော် ခက်ခဲနေမှာပေါ့"

ကျွန်တော့်ရဲ့ မေးခွန်းကို ဥက္ကဌ ဘဲ့ဟျွန်ဆူးက အဖွဲ့ကို ကိုယ်စားပြုပြီး ပြောတယ်။

သူက စိတ်ပျက်စရာ ကောင်းတဲ့ လေသံနဲ့ ပြောတာပါ။

"ခက်ခဲရုံတင်မကပါဘူး၊ ကျွန်တော်တို့ မနည်း ရုန်းကန်နေရတာပါ"

လေအိတ် ဖြစ်ရပ်အတွက် တာဝန်ရှိတာက အွန်ဆောင်း မော်တာ ကော၊ PASကော ပါ။ ဒါပေမယ့် ဒါကို ဖော်ထုတ်ခဲ့တာက ကျွန်တော် ဖြစ်နေတာလေ။ သူတို့အားလုံးရဲ့ မျက်နှာမှာ ဘာလို့ ဒီလိုမျိုး အခြေအနေတွေ ဖြစ်လာရတာလဲဆိုပြီး မကျေနပ်မှုတွေ ရောပြွမ်းနေတဲ့ အမူအရာတွေ ရှိနေကြပါတယ်။

"လေအိတ် ချို့ယွင်းချက်က တကယ့်ကို မှားယွင်းတဲ့ ကိစ္စပါ။ ဒါပေမယ့် ဘာပြင်ဆင်မှုမှ မရှိဘဲ ကြေညာလိုက်တာကတော့ မဖြစ်သင့်ဘူး မဟုတ်လား။ အချိန်နည်းနည်း ယူသင့်တာပေါ့"

တကယ်လို့ ကျွန်တော်သာ အွန်ဆောင်း မော်တာ ကို တစ်လလောက် အချိန်ပေးခဲ့ရင် သူတို့ လေအိတ်တွေကို ရှာဖွေနိုင်ခဲ့မှာဖြစ်ပြီး တုန်လှုပ်မှုတွေကို လျှော့ချနိုင်ခဲ့ပါလိမ့်မယ်။ ဒါပေမယ့် အဲဒီလို ဖြစ်ခဲ့ရင် နိုင်ငံရေးသစ်ပါတီ ရဲ့ ဟိုချန်မင်း အစား လေဘာပါတီ ရဲ့ လီဂျောင်ဟွန်း က နောက်ထပ် သမ္မတအဖြစ် ရွေးကောက်ခံရဖို့ ရှိနေတာပါ။ ပတ်ဆီဟျွန်း ကလည်း ဒါကို ဘာပဲဖြစ်ဖြစ် ဖုံးကွယ်ဖို့ ကြိုးစားခဲ့မှာပဲ။

ဘာပဲဖြစ်ဖြစ် ကျွန်တော့်အပေါ် သူတို့ရဲ့ မကောင်းတဲ့ ခံစားချက်တွေကိုတော့ ကျွန်တော် နားလည်ပါတယ်။

"ကျွန်တော်တို့ရဲ့ စက်ရုံတွေ လုံးဝ ရပ်ဆိုင်းနေရပြီ"

"ဒီလမှာ ပေးရမယ့် ငွေတောင်းခံလွှာတွေကို မရှင်းနိုင်ရင် ကျွန်တော်တို့ ဒေဝါလီခံရမယ့် အခြေအနေ ဆိုက်နေပါပြီ"

"ကျွန်တော်တို့ ဝန်ထမ်းတွေကို လစာ ပေးနိုင်မှာ မဟုတ်တော့ဘူး"

"ကျွန်တော်တို့ ဘာမှ မမှားခဲ့ဘဲနဲ့ ဘာလို့ ဒီလိုမျိုး ခံစားနေရတာလဲ"

ဥက္ကဌ တချို့က ဆက်တိုက် ပြောကြပြီး တချို့ဆိုရင် မျက်ရည်တောင် ဝဲနေကြပါတယ်။

ပူးပေါင်းဆောင်ရွက်မှုတွေ၊ ညည်းညူမှုတွေနဲ့ အပြစ်တင်သံတွေ ရောပြွမ်းနေတဲ့ အသံတွေကို ကျွန်တော် တိတ်တဆိတ် နားထောင်နေခဲ့တယ်။ သူတို့ စကားပြောလို့ ပြီးတဲ့အထိ စောင့်ဆိုင်းပြီးမှ ပြောလိုက်တယ်။

"ခင်ဗျားတို့ သိတဲ့အတိုင်းပဲ။ ကျွန်တော့်အဖေကလည်း အွန်ဆောင်း မော်တာ ရဲ့ လက်ခွဲကုမ္ပဏီတစ်ခုကို လုပ်ကိုင်ခဲ့ဖူးတာပါ။ ဒါကြောင့် ခင်ဗျားတို့ ကြုံတွေ့နေရတဲ့ အခက်အခဲတွေကို ကျွန်တော် အပြည့်အဝ ကိုယ်ချင်းစာနိုင်ပါတယ်"

အဲဒီအချိန်မှာပဲ ဥက္ကဌ ဘဲ့ဟျွန်ဆူးက ရုတ်တရက် ထရပ်ပြီး အသံကို မြှင့်ပြီး ပြောလိုက်တယ်။

"မင်းက ကိုယ်ချင်းစာတယ်လို့ ပြောပေမယ့် အဲဒါအတွက် ဘာလုပ်ပေးခဲ့လဲ။ ဒါက ငါတို့ကို ဒီအတိုင်းပဲ လက်လျှော့လိုက်ဖို့ ပြောနေတာနဲ့ အတူတူပဲ"

တခြား ဥက္ကဌတွေလည်း ချက်ချင်း ထရပ်ကြတယ်။

"ဟုတ်တယ်"

"အစိုးရဆီကော၊ ဘယ်သူ့ဆီကမှ ဖြေရှင်းချက် မရဘူး"

"လူတွေကို ဟန်မြစ်ထဲ ခုန်ချကြတော့မှပဲ သူတို့ဆီက အစီအစဉ်တစ်ခု ထွက်လာမှာလား"

"ငါကတော့ အဲဒီမှန်ကို ခွဲပြီး အခုချက်ချင်းပဲ ခုန်ချလိုက်ချင်တယ်"

ခုန်ချချင်ရအောင် ကျွန်တော်တို့ ဘယ်နှစ်ထပ်မှာ ရောက်နေတာလဲ။

တက်ဂယူ က ကျွန်တော့်ကို အသံတိုးတိုးနဲ့ မေးတယ်။

"အဲဒါက ကျည်ကာမှန် မဟုတ်ဘူးလား"

"အဲဒါက သာမန် အပူပေးမှန်တွေလို့ပဲ ထင်တာပဲ"

ဆိုးလ်မှာရှိတဲ့ အဆောက်အဦးတစ်ခုမှာ ကျည်ကာမှန်တပ်ဖို့ လိုအပ်လို့လား။

"အားလုံးပဲ စိတ်အေးအေးထားကြပါဦး။ ကျွန်တော် ဒီကို ရောက်လာတာက ဖြေရှင်းချက်တွေကို ဆွေးနွေးဖို့ပါ"

"ငါတို့ သေလုမတတ် ဖြစ်နေရချိန်မှာ စိတ်အေးအေးထားနိုင်ပုံ ပေါက်နေလား"

"ဘယ်လို ဖြေရှင်းချက်မျိုးလဲ"

ကျွန်တော် အေးအေးဆေးဆေးပဲ ပြန်ဖြေလိုက်တယ်။

"ကျွန်တော့်ရဲ့ CarOS ကနေ အစိတ်အပိုင်းတွေကို မှာယူပေးပါမယ်"

"ဘာ... ဘာကို ဆိုလိုတာလဲ..."

CarOS က မကြာခင်မှာ ကားမော်ဒယ်အသစ် နှစ်ခုကို မိတ်ဆက်တော့မှာပါ။ အမေရိကန် ရွေးကောက်ပွဲ မတိုင်ခင်ကတည်းက ရတ်စ်ဘဲ မှာ တည်ဆောက်ခဲ့တဲ့ စက်ရုံကလည်း ပြီးစီးလုနီးပါး ဖြစ်နေပြီး ဝန်ထမ်းအသစ် ခေါ်ယူတာတွေ၊ သမဂ္ဂနဲ့ ညှိနှိုင်းမှုတွေ အပါအဝင် ပြင်ဆင်မှု အားလုံး ပြီးမြောက်နေပြီဖြစ်လို့ လည်ပတ်ဖို့ အဆင်သင့် ဖြစ်နေပါပြီ။

"CarOS က သူ့ရဲ့ လက်ခွဲကုမ္ပဏီတွေဆီ မှာယူမယ့် အော်ဒါတချို့ကို ကိုရီးယားဘက်ကို လွှဲပြောင်းပေးပါမယ်။ အားလုံးအတွက် မလုံလောက်နိုင်ပေမယ့် ဝန်ထုပ်ဝန်ပိုးကိုတော့ အတိုင်းအတာတစ်ခု အထိ လျော့ပါးစေမှာပါ။ ငွေပေးချေမှုကိုလည်း ငွေကတိခံဝန်လွှာတွေနဲ့ မဟုတ်ဘဲ အခုချက်ချင်းပဲ လက်ငွေသားနဲ့ ပေးချေသွားမှာ ဖြစ်ပါတယ်"

ကျွန်တော့်စကားကြောင့် စောနတင်ကမှ အော်ဟစ်ပြီး လက်ညှိုးထိုးနေကြတဲ့ ဥက္ကဌတွေက ဘာမှမဖြစ်ခဲ့သလိုမျိုး ချက်ချင်း တိတ်ဆိတ်သွားကြတယ်။ ခဏလောက် အချင်းချင်း အကြည့်ချင်း ဖလှယ်ပြီးတဲ့နောက်မှာတော့ သူတို့က ယဉ်ယဉ်ကျေးကျေးနဲ့ ဦးညွှတ်လိုက်ကြတယ်။

"ကျေးဇူးတင်ပါတယ်။ ဥက္ကဌကြီး"

"ကျွန်တော်တို့ အကောင်းဆုံး ကြိုးစားသွားပါ့မယ်"

"ဒီကျေးဇူးကို ဘယ်တော့မှ မမေ့ပါဘူး"

"ဥက္ကဌကြီးမှာ ဒီလောက်အထိ နက်ရှိုင်းတဲ့ ရည်ရွယ်ချက်တွေ ရှိနေမှန်း ကျွန်တော်တို့ မသိခဲ့မိဘူး"

"ကျွန်တော်တို့ ရိုင်းပျမိတာတွေ ရှိရင်လည်း ခွင့်လွှတ်ပေးပါ"

တက်ဂယူ က အသံတိုးတိုးနဲ့ ပြောတယ်။

"သူတို့ သဘောထား ပြောင်းလဲတာက နည်းနည်း မြန်လွန်းတယ် မထင်ဘူးလား"

"ဒါက ပုံမှန်ပါပဲ"

လောလောဆယ်တော့ ဒါက အရေးပေါ်အခြေအနေကို ငြိမ်သွားအောင် လုပ်နိုင်ခဲ့ပြီ ဖြစ်ပါတယ်။

All Chapters