အခန်း ၂၁၅
Vol. 22 Ch. 215
အခန်း (၂၁၅)
မောင်းသူမဲ့နည်းပညာကို အရင်ဆုံး အသုံးချနိုင်မယ့် နယ်ပယ်က ဘယ်နေရာ ဖြစ်မလဲ။
အဖြေကတော့ ကုန်စည်ပို့ဆောင်ရေး (Logistics) ကဏ္ဍပါပဲ။
လမ်းကြားလေးတွေရဲ့ ရှုပ်ထွေးလှတဲ့ ဝင်္ကပါထဲမှာ မောင်းနှင်ရတဲ့ တက္ကစီတွေ ဒါမှမဟုတ် ကိုယ်ပိုင်ကားတွေနဲ့ မတူဘဲ ကုန်တင်ကားကြီးတွေက သတ်မှတ်ထားတဲ့ လမ်းကြောင်းအတိုင်းပဲ မောင်းနှင်ကြတာပါ။
ဆိပ်ကမ်းတွေ ဒါမှမဟုတ် ကုန်လှောင်ရုံတွေကနေ ကုန်ပစ္စည်းတွေကို တင်ဆောင်ပြီး ကြိုတင်သတ်မှတ်ထားတဲ့ လမ်းကြောင်းအတိုင်း ဦးတည်ရာကို မောင်းနှင်ရုံပဲလေ။ လူတွေနဲ့မတူဘဲ ကြားထဲမှာ ထမင်းစားဖို့၊ အိပ်ဖို့ ဒါမှမဟုတ် အနားယူဖို့လည်း မလိုပါဘူး။
ဒါကြောင့်မလို့ မောင်းသူမဲ့ကားတွေ တွင်ကျယ်လာတဲ့အခါ အရင်ဆုံး ပျောက်ကွယ်သွားမယ့် အလုပ်အကိုင်က တက္ကစီမောင်းသမားတွေ မဟုတ်ဘဲ ကုန်တင်ကားမောင်းသမားတွေ ဖြစ်ပါလိမ့်မယ်။
မောင်းသူမဲ့စနစ်က အရေးကြီးသလိုပဲ လျှပ်စစ်ကုန်တင်ကားတွေ ကလည်း အလားအလာ ရှိပါတယ်။ ခရီးဝေး မောင်းနှင်တဲ့အခါ စက်သုံးဆီစရိတ်ကို သိသိသာသာ လျှော့ချပေးနိုင်ပြီး ထောက်ပံ့ပို့ဆောင်ရေး စနစ်ကိုလည်း ပြောင်းလဲပစ်နိုင်တယ်လေ။
လက်ရှိမှာတော့ ဒီဇယ်အင်ဂျင်တွေကထွက်တဲ့ အိတ်ဇောငွေ့ တွေကြောင့် ကုန်ပစ္စည်းတွေကို ကုန်လှောင်ရုံရဲ့ အပြင်ဘက်မှာပဲ အတင်အချလုပ်ကြရတယ်။ ဒါပေမယ့် လျှပ်စစ်ကုန်တင်ကားတွေ ကတော့ အိတ်ဇောငွေ့ မထွက်တဲ့အတွက် ကုန်လှောင်ရုံရဲ့ အတွင်းထဲအထိ ဝင်နိုင်ပါတယ်။
ဒါကို အများပြည်သူက သိပ်မသိကြပေမယ့် ဆက်စပ်ကုမ္ပဏီတွေမှာတော့ ပြိုင်ဆိုင်မှု ပြင်းထန်နေကြပါပြီ။ အဆင့်မြှင့်တင်မှုတွေ လုပ်ဆောင်နေပြီး တချို့ကလည်း စမ်းသပ်မောင်းနှင်မှုတွေကို ပြီးစီးနေကြပြီ ဖြစ်ပါတယ်။
Nikola ကုမ္ပဏီကလည်း ဒီနယ်ပယ်ကို မျက်စိကျနေပြီး တစ်နှစ်အတွင်းမှာ မောင်းသူမဲ့ လျှပ်စစ်ကုန်တင်ကား "Colon" ကို မိတ်ဆက်မယ်လို့ ကြေညာခဲ့တယ်။ (လက်ရှိမှာတော့ အကန့်အသတ်မရှိ ရွှေ့ဆိုင်းထားရပေမယ့်ပေါ့လေ။)
ဟန်မင်းဂူက ချက်ချင်း ပြန်မဖြေဘဲ မေးတယ်။
"ဒါဆို မင်းက ငါတို့ကို ဘယ်လို ကူညီပေးနိုင်မှာလဲ"
"ပြဿနာအမျိုးမျိုးကို မြန်မြန်ဆန်ဆန် ဖြေရှင်းနိုင်မယ့် အသေချာဆုံးနည်းလမ်းကတော့ အစကနေ ပြန်စဖို့ပါပဲ"
ပြဿနာရဲ့ အရင်းအမြစ်က လေအိတ်တွေပါ။
လေအိတ်လိုမျိုး မရှိမဖြစ် အစိတ်အပိုင်းတွေကို လိုအပ်သလို အော်ဒါမှာယူတာမျိုး မဟုတ်ဘဲ မော်တော်ယာဉ် ထုတ်လုပ်မှု အစီအစဉ်တွေအပေါ် မူတည်ပြီး ရေရှည်စာချုပ်တွေနဲ့ ချုပ်ဆိုကြတာလေ။
အစိတ်အပိုင်း ထောက်ပံ့တဲ့သူရဲ့ အမြင်ကကြည့်ရင် လက်ရှိချုပ်ဆိုထားတဲ့ စာချုပ်ပမာဏကို ဦးစားပေး ထောက်ပံ့ရမှာဖြစ်လို့ ထပ်တိုးအော်ဒါတွေကတော့ နောက်ဆုတ်သွားမှာ သေချာပါတယ်။ ဒါကြောင့်ပဲ အွန်ဆောင်း မော်တာက ထောက်ပံ့မှု အခက်အခဲတွေနဲ့ ရင်ဆိုင်နေရတာပါ။
"အရင်ဆုံး CarOS ဆီကို ရောက်မယ့် လေအိတ်ထောက်ပံ့မှု တချို့ကို အွန်ဆောင်း မော်တာဆီ လွှဲပေးပြီး ထုတ်လုပ်မှု ပမာဏကိုလည်း တိုးမြှင့်ပေးဖို့ တောင်းဆိုပေးပါမယ်"
လက်ရှိမှာ CarOS က ကုမ္ပဏီ သုံးခုနဲ့ ထောက်ပံ့မှု စာချုပ် ချုပ်ဆိုထားတာပါ။ ကားအသစ် ထုတ်လုပ်ဖို့ မျှော်မှန်းပြီး အော်ဒါပမာဏကို တိုးမြှင့်ထားခဲ့တာ ဖြစ်ပါတယ်။ ဒါပေမယ့် မဟာငလျင်ကြီး ကြောင့် ကားအသစ် မိတ်ဆက်ပွဲက နောက်ကျသွားခဲ့တယ်။ ဒါကြောင့် ထောက်ပံ့မှု တချို့ကို လွှဲပေးလိုက်တာက ကြီးမားတဲ့ ပြဿနာ ရှိလာမှာ မဟုတ်ပါဘူး။
"လေအိတ်ပြဿနာကို ဖြေရှင်းပြီးရင် စတော့ဈေးကွက်ကို ကမောက်ကမဖြစ်အောင် လုပ်နေတဲ့ short sales (စတော့ဈေးကျမယ့်အပေါ် လောင်းကြေးထပ်ခြင်း) ကို နှိမ်နင်းရမယ်။ အဲဒီအခါ စတော့ဈေးနှုန်း မြင့်တက်လာပြီး ရှယ်ယာရှင်တွေရဲ့ မကျေနပ်မှုတွေလည်း လျော့ပါးသွားလိမ့်မယ်"
"ဒါဆို ကုန်တင်ကား ကဏ္ဍကို ရောင်းချဖို့က တောင်းဆိုချက်ပေါ့လေ"
"အွန်ဆောင်း မော်တာရဲ့ ကားကြီးထုတ်လုပ်ရေး အပိုင်းက အကျိုးအမြတ် သိပ်မရှိတာကြောင့် ခွဲထုတ်ပြီး ရောင်းချလိုက်ရင် ဈေးကွက်က အဲဒါကို သတင်းကောင်းတစ်ခုအနေနဲ့ လက်ခံပါလိမ့်မယ်။ အဲဒီကနေတစ်ဆင့် ရန်ပုံငွေတွေကိုလည်း ရရှိနိုင်ဦးမှာပါ"
သူတို့ကလည်း စီမံခန့်ခွဲပိုင်ခွင့် ဖွဲ့စည်းပုံကို ပြန်လည်ပြင်ဆင်ဖို့အတွက် စီးပွားရေးလုပ်ငန်း တချို့ကို ရောင်းချဖို့ စဉ်းစားနေခဲ့ကြတာ ဖြစ်လောက်မှာပါ။
ခဏလောက် စဉ်းစားပြီးတဲ့နောက် သူက ခေါင်းညိတ်ပြတယ်။
"ငါတို့တွေ ပိုပြီး အသေးစိတ် ဆွေးနွေးဖို့ လိုလိမ့်မယ်"
ရုံးခန်းကို ပြန်ရောက်တဲ့အခါ ကျွန်တော်က အဖွဲ့ခေါင်းဆောင် ဆိုဆန်းဝန်ကို ဖုန်းခေါ်လိုက်တယ်။
"အလုပ်တွေ အများကြီး ရှုပ်နေလား"
"အဆင်ပြေပါတယ်"
M&A (ကုမ္ပဏီများ ပေါင်းစည်းခြင်းနှင့် ဝယ်ယူခြင်း) ကျွမ်းကျင်သူအဖြစ် ခေါ်ယူထားတဲ့ သူနဲ့ သူ့အဖွဲ့က ပူးပေါင်းဆောင်ရွက်မှုတွေ လွယ်ကူစေဖို့အတွက် လက်ခွဲကုမ္ပဏီတွေကို ချိတ်ဆက်ပေးရတဲ့ အလုပ်ကို တာဝန်ယူထားတာပါ။ ပိုင်ဆိုင်မှုက ပြောင်းလဲသွားတာ မဟုတ်ပေမယ့် စည်းကမ်းချက်တွေကို ညှိနှိုင်းရတာက တကယ့်ကို ခေါင်းစားရမယ့် အလုပ်ပါပဲ။
"ခင်ဗျား လုပ်ပေးရမယ့် အလုပ်တစ်ခု ရှိတယ်"
"ဘာလဲ ခင်ဗျာ"
"အွန်ဆောင်း မော်တာဆီ သွားပြီး အရောင်းအဝယ် စည်းကမ်းချက်တွေကို ညှိနှိုင်းပေးပါ"
ကျွန်တော့်ရဲ့ ရှင်းပြချက်ကို ကြားပြီးနောက် သူက ခါးသီးစွာနဲ့ ပြုံးတယ်။
အဖွဲ့ခေါင်းဆောင် ဆိုဆန်းဝန်က X-Corp ကို ဝယ်ယူဖို့ ကြိုးစားမှု မအောင်မြင်ခဲ့ပြီးနောက် သစ္စာဖောက်ဆိုတဲ့ အမည်းစက်နဲ့ အွန်ဆောင်း မော်တာကနေ ထွက်ခွာခဲ့ပြီး ကျွန်တော်တို့ဘက်ကို ပူးပေါင်းခဲ့တာပါ။
ဒါပေမယ့် ဒီတစ်ကြိမ်မှာတော့ သူက အွန်ဆောင်း မော်တာနဲ့ ယှဉ်ပြိုင်ပြီး ညှိနှိုင်းရမှာ ဖြစ်ပါတယ်။
"အဆင်မပြေဘူးဆိုရင် တခြားတစ်ယောက်ကို တာဝန်ပေးလိုက်လို့ ရပါတယ်"
"မဟုတ်တာ။ အလုပ်က အလုပ်ပဲလေ"
အဖွဲ့ခေါင်းဆောင် ဆိုဆန်းဝန် ထွက်သွားပြီးနောက် ကျွန်တော်က စီနီယာ မန်နေဂျာ ဆန်းယော့ကို ခေါ်လိုက်တယ်။
စီနီယာ မန်နေဂျာ ဆန်းယော့က စီအီးအို ရုံးခန်းထဲကို ဝင်လာပြီး မေးတယ်။
"ဥက္ကဌ လင်ဂျင်ယုံက ကားတွေ လက်ဆောင်ပေးတယ်ဆို။ ငါ့အတွက်ကော လက်ဆောင် မပါဘူးလား"
ကျွန်တော် ခေါင်းခါပြလိုက်တယ်။
"မပါဘူး"
စီနီယာ မန်နေဂျာ ဆန်းယော့က စိတ်ပျက်သွားတဲ့ ပုံစံနဲ့ ပြောတယ်။
"ဟာကွာ... ငါလည်း ကားတွေကို သဘောကျတာပဲကို"
"မကြာသေးခင်ကမှ Porsche 918 တစ်စီး ရထားတာ မဟုတ်ဘူးလား"
"အဲဒါက အဲဒါပေါ့။ ဒါပေမယ့် Bugatti Veyron ကို တစ်လလောက် ငှားမောင်းလို့ရချင်တာ။ ပိုက်ဆံရှိရင်တောင် မောင်းဖို့ ခဲယဉ်းတဲ့ ကားမျိုးပဲလေ"
"အဲဒီကားက သာမန်လမ်းတွေပေါ်မှာ မောင်းလို့ရပါ့မလား။ ကားက နိမ့်လွန်းလို့ လမ်းပေါ်က Slow Downတွေကိုတောင် ကျော်နိုင်မယ် မထင်ဘူး"
"ဒါကြောင့်ပဲ Slow Downတွေ မရှိတဲ့ လမ်းတွေကိုပဲ ပြသပေးတဲ့ သီးခြား Navigation စနစ်ပါတာပေါ့။ လမ်းကြားတွေထဲကိုတော့ လုံးဝ ဝင်လို့မရဘူး"
"……."
ဈေးကြီးတဲ့ ကားကို မောင်းဖို့အတွက် ဒီလောက်အထိ အဆင်မပြေမှုတွေကို သည်းခံရတာတဲ့လား။
"ငါ တကယ်ကို တစ်ကြိမ်လောက်ပဲဖြစ်ဖြစ် မောင်းကြည့်ချင်လို့ပါ။ နည်းလမ်းမရှိဘူးလား"
"ကားမောင်းကွင်းပေါ်မှာ စမ်းသပ်မောင်းနှင်လို့ ရမလားဆိုတာ မေးပေးပါမယ်"
ကျွန်တော့်စကားကြောင့် စီနီယာ မန်နေဂျာ ဆန်းယော့ရဲ့ မျက်နှာက ဝင်းပသွားတယ်။
"တကယ်လား"
"ဒါပေမယ့် အဲဒီမတိုင်ခင် စီနီယာ လုပ်ရမယ့် အလုပ်တစ်ခု ရှိတယ်"
"ဘာများလဲ"
"စတော့တချို့ကို ဝယ်ထားလိုက်ပါ"
စီနီယာ မန်နေဂျာ ဆန်းယော့နဲ့ စကားပြောပြီးနောက် ကျွန်တော်က ဥက္ကဌ လင်ဂျင်ယုံကို ဖုန်းခေါ်လိုက်တယ်။
"လက်ဆောင်ပေးတဲ့ ကားကို သဘောကျနေကြပါတယ်။ အယ်လီနဲ့ အစ်မ ဟျွန်းဂျူးတို့ကလည်း ကျေးဇူးတင်တယ်လို့ ပြောခိုင်းလိုက်လို့ပါ"
[ဟားဟား။ သဘောကျတယ်ဆိုတော့လည်း ဝမ်းသာရတာပေါ့]
"ကားကို လက်ဆောင်အဖြစ် ရရှိခဲ့တာမလို့ ကျွန်တော်ကလည်း လက်ဆောင်တစ်ခု ပြန်ပေးဖို့ စဉ်းစားထားပါတယ်"
[ဘာလက်ဆောင်လည်း သိချင်မိသား။ ဘယ်လိုလက်ဆောင်မျိုးလဲ]
"တန်ဖိုးအရ ပြောရရင်တော့ ဝမ် သန်း ၁ထောင်ထက် ပိုပြီး တန်ဖိုးရှိလိမ့်မယ်"
ဥက္ကဌ လင်ဂျင်ယုံရဲ့ ပိုင်ဆိုင်မှု အများစုက စတော့တွေထဲမှာ ပိတ်မိနေတာပါ။ ဒါပေမယ့် သူ့မှာ ပိုက်ဆံမရှိတာတော့ မဟုတ်ဘူး။ ကွယ်လွန်သူ ဥက္ကဌ လင်အီကွမ်က နိုင်ငံရပ်ခြား အကောင့်တွေမှာ ဝှက်ထားခဲ့တဲ့ လျှို့ဝှက်ရန်ပုံငွေတွေ ရှိနေဦးမှာ သေချာတယ်လေ။
ကျွန်တော့်စကားကို ကြားတော့ ဥက္ကဌ လင်ဂျင်ယုံက ရယ်မောပြီး ပြောတယ်။
[ငါပေးခဲ့တာထက် ပိုပြီး ကြီးမားတဲ့ လက်ဆောင်ကို ရရှိမှာပေါ့လေ။ ကျေးဇူးတင်ပါတယ်]
နှုတ်ဆက်ပြီး ဖုန်းချလိုက်တဲ့အခါ တက်ဂယူက မေးတယ်။
"ငါတို့ပဲ အကျိုးအမြတ် ရရင် မလုံလောက်ဘူးလား။ သူတို့ကို ဒီလိုအရာတွေအထိ ပြောပြဖို့ လိုလို့လား"
"မင်းထောက်ပြတာမှန်ပါတယ်"
ထပ်ပြီး ပြောရရင်တော့ short selling ဆိုတာ သူ့ဘာသာသူတော့ မကောင်းတာ မဟုတ်ပါဘူး။ အဲဒါနဲ့အတူ ပါလာတဲ့ စတော့ဈေးကစားမှုတွေကသာ ပြဿနာ ဖြစ်နေတာပါ။ အဖွဲ့အစည်းတွေနဲ့ နိုင်ငံခြားသားတွေက သာမန်ရင်းနှီးမြှုပ်နှံသူတွေကို ဒီလိုနည်းလမ်းတွေနဲ့ အကြိမ်ကြိမ် အမြတ်ထုတ်ခဲ့ကြတာလေ။
ဒါကြောင့်ပဲ ကိုရီးယား စတော့ဈေးကွက်ကို သာမန်ရင်းနှီးမြှုပ်နှံသူတွေရဲ့ သချိုင်းလို့ ခေါ်ကြတာပေ့ါ။
"ဒါက စတော့ဈေးကွက်မှာ ကစားနေတဲ့သူတွေကို သင်ခန်းစာပေးဖို့ အခွင့်အရေးပဲ"
ကျွန်တော် အမေရိကားကို ဖုန်းခေါ်လိုက်တယ်။
"မင်္ဂလာပါ။ ကျွန်တော် ကန်ဂျင်ဟူ ပါ"
တစ်ဖက်က ဖုန်းကို ပျော်ရွှင်စွာနဲ့ ကိုင်လိုက်တယ်။
[မတွေ့ရတာ ကြာပြီနော်၊ မစ္စတာကန်။ နေကောင်းရဲ့လား]
"ဟုတ်ကဲ့။ ဥက္ကဌကြီးကော နေကောင်းရဲ့လား"
[နေကောင်းတာပေါ့။ ငါလည်း ပျင်းနေတာနဲ့ မစ္စတာကန်ကို တွေ့ဖို့ ဆိုးလ်ကို လာခဲ့မလို့ စဉ်းစားနေတာ]
"ကျွန်တော်လည်း အတ္တလန်တာကို လာလည်ချင်ပါတယ်"
[ဟားဟား။ အချိန်မရွေး လာခဲ့ပါ။ ကိုကာကိုလာ ရုံးချုပ်ကို လိုက်ပြပေးမယ်။ အထဲမှာ ကမ္ဘာတစ်ဝှမ်းက ကိုလာတွေကို စိတ်ကြိုက် သောက်လို့ရတယ်။ ငါလည်း တစ်ခါတစ်လေ အဲဒီကိုသွားပြီး သောက်လေ့ရှိတယ်ကွ]
နှုတ်ဆက်စကားတွေ ပြောပြီးနောက် အဓိက အကြောင်းအရာကို ပြောလိုက်တယ်။
"ကျွန်တော် ကောင်းမွန်တဲ့ ရင်းနှီးမြှုပ်နှံမှု အခွင့်အရေးတစ်ခုအကြောင်း ပြောပြမလို့ပါ"
သူက နောက်ပြောင်တဲ့ ပုံစံနဲ့ ပြောတယ်။
[ငါ နားထောင်သင့်လား မသိဘူး။ ဒီလိုအရာတွေက များသောအားဖြင့် လိမ်လည်လှည့်ဖြားတာတွေ ဖြစ်တတ်လို့လေ]
အဲဒါကတော့ ဟုတ်ပါတယ်။
ကောင်းမွန်တဲ့ ရင်းနှီးမြှုပ်နှံမှု အခွင့်အရေး ရှိတယ်ဆိုရင် ကိုယ်တိုင်ပဲ ရင်းနှီးမြှုပ်နှံမှာပေါ့။ ဘာလို့ တခြားသူကို ပြောပြနေမှာလဲ။
ကျွန်တော် ပြုံးရင်းနဲ့ ပြောလိုက်တယ်။
"အရင်ဆုံး နားထောင်ကြည့်ပြီးမှ ဆုံးဖြတ်ပါလား။ လက်ရှိ ကိုရီးယား စတော့ဈေးကွက်မှာ စတော့ဈေးကစားသူတွေက အမြတ်ထုတ် နေကြတာကို သတိထားမိလား"
[သိတာပေါ့။ အဲလ်ဘတ်က ဦးဆောင်နေတယ်လို့ ကြားတယ်]
တန်ဖိုးအခြေပြု ရင်းနှီးမြှုပ်နှံမှု (Value investing) ဆိုတဲ့ သဘောတရားက ကာလကြာရှည်စွာ ရှိခဲ့ပေမယ့် အဲဒါကို သီအိုရီတစ်ခုအနေနဲ့ အရင်ဆုံး ဖော်ထုတ်ခဲ့သူကတော့ ဘင်ဂျမင် ဂရေဟမ် ပါ။
ဝါရင် ဘတ်ဖတ်က ကျောင်းသားဘဝတုန်းက သူ့ရဲ့ သင်ကြားမှုတွေအပေါ် အလွန် အထင်ကြီးခဲ့ပြီး အဲဒီသီအိုရီကို ပိုမိုမြှင့်တင်ကာ ကိုယ်ပိုင် ရင်းနှီးမြှုပ်နှံမှု ပုံစံကို ဖန်တီးခဲ့တာလေ။
ဝါရင် ဘတ်ဖတ်ရဲ့ ရင်းနှီးမြှုပ်နှံမှု မဟာဗျူဟာက ဘယ်သူမဆို လိုက်နာနိုင်လောက်တဲ့အထိ ရိုးရှင်းပါတယ်။ တန်ဖိုးနည်းနေတဲ့ စတော့တွေကို သက်သာတဲ့ဈေးနဲ့ ဝယ်ယူပြီး ရေရှည် ထိန်းသိမ်းထားဖို့ပါပဲ။
သူကလည်း short selling ကို လုပ်ဆောင်တတ်ပေမယ့် အဲဒါက ဆုံးရှုံးနိုင်ခြေကို ကာကွယ်ဖို့ (Hedging) အတွက်သာ ဖြစ်ပြီး တိုက်ရိုက် အကျိုးအမြတ် ရရှိဖို့အတွက် မဟုတ်ပါဘူး။
ဆန့်ကျင်ဘက်အနေနဲ့ သူက စတော့ဈေးကစားတဲ့ ရန်ပုံငွေတွေကို အတော်လေး မနှစ်သက်ပါဘူး။ သူက ကားလ် ကို အကြိမ်ကြိမ် ဝေဖန်ခဲ့ဖူးပြီး အစိုးရအနေနဲ့ ဝင်ရောက် ထိန်းချုပ်သင့်တယ်လို့ အခိုင်အမာ ပြောခဲ့ဖူးတယ်။
"ဒါကြောင့် အဲဒီကိစ္စနဲ့ ပတ်သက်ပြီးတော့..."
ကျွန်တော့်ရဲ့ အစီအစဉ်ကို ရှင်းပြလိုက်တဲ့အခါ ဝါရင် ဘတ်ဖတ်က သဘောကျပြီး တဟားဟား ရယ်မောတော့တယ်။
[ဟားဟား။ စိတ်ဝင်စားဖို့ ကောင်းသားပဲ]
"စိတ်ဝင်စားဖို့ ကောင်းရုံတင်မကဘဲ ပိုက်ဆံရှာနိုင်မယ့် အခွင့်အရေးလည်း ဖြစ်ပါတယ်။ ဥက္ကဌကြီးက ကူညီပေးမယ်ဆိုရင် ပိုပြီး လွယ်ကူသွားလိမ့်မယ်"
[ကောင်းပြီလေ။ ဒီလို အခွင့်အရေးကောင်းကို ငါကတော့ လက်လွတ်မခံနိုင်ဘူးဟေ့]
စတော့ဈေးကွက်မှာ ပိုက်ဆံရှာမယ့် နည်းလမ်းကတော့ ဈေးနှုန်းနည်းနေချိန်မှာ ဝယ်ယူပြီး ဈေးနှုန်းမြင့်တက်လာတဲ့အခါ ပြန်လည်ရောင်းချဖို့ပါ။
ဒါပေမယ့် လက်ရှိမှာတော့ ဆန့်ကျင်ဘက်တွေ ဖြစ်ပျက်နေခဲ့တယ်။
စတော့ဈေးနှုန်း ကျဆင်းလာတဲ့အခါ ဝယ်ယူသူတွေ နည်းပါးသွားပြီး အရောင်းအဝယ် ပမာဏကလည်း လျော့နည်းသွားတယ်။ ပြောင်းပြန်အနေနဲ့ စတော့ဈေးနှုန်း မြင့်တက်လာတဲ့အခါ ဝယ်ယူသူတွေ များပြားလာပြီး အရောင်းအဝယ် ပမာဏကလည်း တိုးမြင့်လာတတ်ပါတယ်။
ကိုရီးယား စတော့ဈေးကွက်က ဆက်တိုက် ကျဆင်းနေတာကြောင့် အရောင်းအဝယ် ပမာဏကလည်း သိသိသာသာ လျော့နည်းသွားခဲ့ပြီး သေးငယ်တဲ့ အရောင်းအော်ဒါတွေကတောင် စတော့ဈေးနှုန်းကို မတည်မငြိမ် ဖြစ်စေခဲ့တယ်။
သာမန်ရင်းနှီးမြှုပ်နှံသူတွေက စတော့ဈေးနှုန်း ထပ်ပြီး ကျဆင်းလာမှာကို မခံနိုင်တော့ဘဲ စတင်ရောင်းချကြတဲ့အခါ အဲဒီပမာဏက short positions တွေကို ပြန်လည်ကာမိဖို့အတွက် ဝယ်ယူရမယ့် ပမာဏ ဖြစ်လာခဲ့တယ်။
ဒါပေမယ့် သတိမထားလိုက်မိခင်မှာပဲ အရောင်းအဝယ် ပမာဏက တဖြည်းဖြည်း တိုးမြင့်လာခဲ့တယ်။ တစ်စုံတစ်ယောက်က ရောင်းအားတွေကို ဆက်တိုက် စုပ်ယူနေခဲ့တာကြောင့် short selling တွေ ရှိနေသည့်တိုင် စတော့ဈေးနှုန်းက အနည်းငယ် မြင့်တက်လာခဲ့တယ်။
Hedge fundsတွေက တစ်ခုခု မှားယွင်းနေပြီလို့ စတင်ခံစားမိလိုက်ချိန်မှာပဲ အွန်ဆောင်း မော်တာက ရုတ်တရက် အခမဲ့ ရှယ်ယာအသစ်များ ထုတ်ဝေခြင်း (Bonus issue) ကို ကြေညာခဲ့တယ်။
"ရှယ်ယာရှင်တွေကို မျက်နှာသာပေးတဲ့ မူဝါဒရဲ့ အစိတ်အပိုင်းတစ်ခုအနေနဲ့ အခမဲ့ ရှယ်ယာအသစ် ထုတ်ဝေခြင်းကို လုပ်ဆောင်သွားမှာဖြစ်ပြီး လက်ရှိပိုင်ဆိုင်ထားတဲ့ ရှယ်ယာတစ်ခုစီအတွက် အများပိုင်ရှယ်ယာ ၀.၁ ရှယ်ယာကို ခွဲဝေပေးသွားမှာ ဖြစ်ပါတယ်"
ရှယ်ယာအရေအတွက် ပြောင်းလဲသွားတဲ့ အခြေအနေမျိုးဖြစ်တဲ့ ရှယ်ယာများ ပြန်လည်ပေါင်းစည်းခြင်း (Reverse stock split) ဒါမှမဟုတ် အခမဲ့ရှယ်ယာအသစ် ထုတ်ဝေခြင်း (Bonus issue) မျိုးမှာ ရှယ်ယာရှင်စာရင်းကို ပိတ်လိုက်လေ့ရှိပါတယ်။ စည်းကမ်းချက်တွေအရ ဒီလိုအခြေအနေမျိုးမှာ margin trading (အကြွေးဖြင့် စတော့အရောင်းအဝယ်ပြုလုပ်ခြင်း) တွေကို စာရင်းရှင်းရမှာပါ။
အခမဲ့ရှယ်ယာအသစ် ထုတ်ဝေခြင်းက short selling ကို တုံ့ပြန်ဖို့ နည်းလမ်းတစ်ခုအနေနဲ့ အသုံးပြုတတ်ပေမယ့် အဲဒါက အခြေခံကျတဲ့ ဖြေရှင်းချက်တော့ မဟုတ်ပါဘူး။ ရှယ်ယာအသစ် ထုတ်ဝေခွင့်ရှိခြင်းနဲ့မတူဘဲ အခမဲ့ရှယ်ယာအသစ် ထုတ်ဝေခြင်းက ဘဏ္ဍာရေးရှင်းတမ်းပေါ်က အပြောင်းအလဲတစ်ခုသာ ဖြစ်ပြီး စုစုပေါင်း ပိုင်ဆိုင်မှုကတော့ ပြောင်းလဲသွားတာ မဟုတ်ပါဘူး။
ဒါပေမယ့်လည်း အဲဒါက ယာယီအားဖြင့် short covering (ရောင်းထားသည်များကို ပြန်လည်ဝယ်ယူခြင်း) ကို ဖြစ်ပေါ်စေပြီး စတော့ဈေးနှုန်းကို မြင့်တက်စေတဲ့ သက်ရောက်မှု ရှိပါတယ်။
အွန်ဆောင်း မော်တာရဲ့ short selling ပမာဏက စုစုပေါင်း အရောင်းအဝယ် ပမာဏရဲ့ ၂၅ ရာခိုင်နှုန်းအထိ ရှိနေခဲ့တာပါ။ ဒါက KOSPI နဲ့ KOSDAQ စတော့တွေထဲမှာ အမြင့်ဆုံး ကိန်းဂဏန်း ဖြစ်ပါတယ်။
လက်ရှိမှာ short positions တွေကို ပြန်လည်ဝယ်ယူလိုက်ရင်တောင် အမြတ်အစွန်းတချို့နဲ့ ထွက်ခွာနိုင်ဦးမှာဖြစ်လို့ ကြီးမားတဲ့ ပြဿနာတော့ မဟုတ်သေးဘူး။
ဒါပေမယ့် ဒါက အဆုံးသတ် မဟုတ်သေးပါဘူး။
ရုတ်တရက် ကန်ဂျင်ဟူက မီဒီယာတွေရဲ့ ရှေ့မှာ ပေါ်လာပြီး ကြေညာခဲ့တယ်။
"...မကြာသေးခင်က ပြည်တွင်း မော်တော်ကား လုပ်ငန်းက အခက်အခဲများစွာနဲ့ ရင်ဆိုင်နေရပါတယ်။ ဒါကို တုံ့ပြန်တဲ့အနေနဲ့ CarOS က အွန်ဆောင်း မော်တာနဲ့ သဘောတူညီမှု ရယူခဲ့ပြီး ကျွန်တော်တို့ရဲ့ စာချုပ်အရ လေအိတ်ထောက်ပံ့မှုတွေကို ကူညီပေးသွားမှာ ဖြစ်ပါတယ်။ ပို့ဆောင်မှု ကြန့်ကြာနေတာတွေနဲ့ ပြန်လည်သိမ်းဆည်းရမယ့် ပြဿနာတွေက မြန်မြန်ဆန်ဆန် ပြေလည်သွားလိမ့်မယ်လို့ ယုံကြည်ပါတယ်"
ဈေးကွက်က ဒီလို မျှော်လင့်မထားတဲ့ ကြေညာချက်ကြောင့် အံ့ဩတုန်လှုပ်သွားခဲ့ရတယ်။
အွန်ဆောင်း မော်တာရဲ့ စတော့ဈေးနှုန်း ကျဆင်းရတဲ့ အကြီးမားဆုံး အကြောင်းရင်းက လေအိတ်ပြဿနာပါ။ လပေါင်းများစွာ ကြာမြင့်မယ်လို့ မျှော်မှန်းထားတဲ့ ထောက်ပံ့မှု ပြဿနာကို ဖြေရှင်းနိုင်မယ့် နည်းလမ်းကို တင်ပြလိုက်တာကြောင့်တင်မကဘဲ OTK Company က ဝင်ရောက်ကူညီခဲ့တာကြောင့် ပိုပြီးတော့ အံ့ဩသွားခဲ့ရတယ်။
ကန်ဂျင်ဟူက အွန်ဆောင်း မော်တာကို ကူညီပေးနေတာတဲ့လား။
ကြေညာချက် ထွက်ပေါ်လာပြီးတာနဲ့ အွန်ဆောင်း မော်တာရဲ့ စတော့ဈေးနှုန်းက ထိုးတက်သွားခဲ့တယ်။ short selling တွေကို ဆက်တိုက် လုပ်ဆောင်နေခဲ့တဲ့ hedge funds တွေကတော့ အံ့ဩမှင်သက်သွားကြရတယ်။
သူတို့က short positions တွေကို ကာမိဖို့အတွက် အလျင်အမြန် ပြန်လည်ဝယ်ယူခဲ့ကြပေမယ့် အကြောင်းရင်းတချို့ကြောင့် လွတ်လပ်စွာ အရောင်းအဝယ်ဖြစ်နေတဲ့ ရှယ်ယာပမာဏအများစုက ပျောက်ကွယ်နေခဲ့တယ်။ ဝယ်လိုအားတွေပဲ ရှိနေပြီး အရောင်းအော်ဒါတွေ မရှိတာကြောင့် ဈေးနှုန်းက ပိုပြီးတော့ ထိုးတက်သွားခဲ့ရတယ်။
အွန်ဆောင်း မော်တာရဲ့ စတော့ဈေးနှုန်းက ကြေညာချက် ထွက်ပေါ်လာတဲ့နေ့မှာ ၁၇ ရာခိုင်နှုန်း မြင့်တက်ခဲ့ပြီး နောက်တစ်နေ့မှာတော့ ၁၁ ရာခိုင်နှုန်း ထပ်မံမြင့်တက်ခဲ့ပေမယ့် ဆန့်ကျင်ဘက်အနေနဲ့ အရောင်းအဝယ် ပမာဏကတော့ ဆက်တိုက် လျော့နည်းနေခဲ့တယ်။
အဲဒီနောက်မှာတော့ OTK Company က တရားဝင် ကြေညာချက်တစ်ခုကို ထုတ်ပြန်ခဲ့တယ်။
[OTK Company က CellTwins၊ BioGen နဲ့ SLJ တို့ရဲ့ ရှယ်ယာများကို ဝယ်ယူလိုက်ပြီ။]
[ရိုးရှင်းတဲ့ ရင်းနှီးမြှုပ်နှံမှုလား ဒါမှမဟုတ် ဇီဝနည်းပညာလုပ်ငန်း (Bio Industry) ထဲကို ခြေစုံပစ်ဝင်တာလား။]
[ကုမ္ပဏီ တာဝန်ရှိသူများ၏ ပြောကြားချက်အရ ပေါင်းစည်းခြင်းနှင့် ဝယ်ယူခြင်း အပါအဝင် ဖြစ်နိုင်ခြေအားလုံးကို စဉ်းစားနေ...]
[OTK Company ရဲ့ ရင်းနှီးမြှုပ်နှံမှုကြောင့် ဘယ်စတော့တွေက အကျိုးအမြတ် ရရှိမလဲ။]
Hedge funds တွေရဲ့ အဓိက short target (ဈေးချရန် ပစ်မှတ်) က အွန်ဆောင်း မော်တာ ဖြစ်ပေမယ့် သူတို့ရဲ့ ဒုတိယ ပစ်မှတ်ကတော့ bio စတော့တွေပါ။ အွန်ဆောင်း မော်တာနဲ့ နှိုင်းယှဉ်ရင် bio စတော့တွေက ဈေးကွက်ပမာဏ (Market cap) သေးငယ်တာကြောင့် short selling ရဲ့ ဒဏ်ကို ပိုပြီးတော့ ခံခဲ့ကြရပါတယ်။
စတော့တွေကို ဝယ်ယူတဲ့အခါ ဈေးနှုန်းမြင့်တက်လာဖို့ မျှော်လင့်ကြသလိုပဲ၊ short selling ကတော့ ဈေးနှုန်း ဆက်တိုက် ကျဆင်းသွားဖို့ မျှော်လင့်ကြတာပါ။
ဒါကြောင့်မလို့ စတော့ဈေးကစားတဲ့ အင်အားစုတွေက ဈေးနှုန်းကျဆင်းစေဖို့အတွက် ဈေးကွက်ထဲမှာ မဟုတ်မမှန် သတင်းအချက်အလက် အမျိုးမျိုးကို ဖြန့်ဝေခဲ့ကြတယ်။ စာရင်းဇယား လိမ်လည်မှု ကောလာဟလတွေ၊ အဓိက ရှယ်ယာရှင်တွေ စတော့ရောင်းချနေတယ်ဆိုတဲ့ ကောလာဟလတွေ၊ ဆေးဝါးအသစ် ခွင့်ပြုချက် ပယ်ချခံရတယ်ဆိုတဲ့ ကောလာဟလတွေနဲ့ စမ်းသပ်မှုမှာ ပါဝင်သူ သေဆုံးသွားတယ်ဆိုတဲ့ ကောလာဟလတွေ စသဖြင့်ပေါ့။
အဲဒါက တကယ်ပဲ ထိရောက်ခဲ့ပြီး bio စတော့တွေက သိသာထင်ရှားတဲ့ သတင်းဆိုးတွေ မရှိသည့်တိုင်အောင် အချိန်တိုအတွင်းမှာ ၄၀ ရာခိုင်နှုန်းကျော်အထိ ထိုးကျသွားခဲ့တယ်။
ဒါပေမယ့် အဲဒီအချိန်မှာ OTK Company က ရုတ်တရက် ရှယ်ယာတွေကို စတင်ဝယ်ယူခဲ့တယ်။
ကန်ဂျင်ဟူက ရင်းနှီးမြှုပ်နှံပြီး ရှုံးနိမ့်ခဲ့ဖူးတာ ရှိလို့လား။ ဒါက bio စတော့တွေရဲ့ တန်ဖိုးက နည်းပါးနေတယ်ဆိုတာကို ပြသနေတာပဲ။
အမှန်တရားကို သိရှိသွားကြတဲ့အခါ ဆက်တိုက် ကျဆင်းနေခဲ့တဲ့ bio စတော့တွေ အားလုံးက ၂၀ ရာခိုင်နှုန်းအထိ မြင့်တက်လာခဲ့တယ်။
Short selling ဆိုတာ စတော့ဈေးနှုန်း မြင့်တက်လာတဲ့အခါ ဆုံးရှုံးမှု ဖြစ်ပေါ်စေတဲ့ ဖွဲ့စည်းပုံမျိုး ဖြစ်ပါတယ်။ Hedge Fundတွေက ရုတ်တရက် အခြေအနေ ပြောင်းလဲသွားတာကြောင့် အခက်အခဲ တွေ့သွားခဲ့ကြရပြီး short selling ကြောင့် ဒုက္ခရောက်နေခဲ့ကြရတဲ့ bio ကုမ္ပဏီတွေရဲ့ အမှုဆောင်တွေနဲ့ ရှယ်ယာရှင်တွေကတော့ လက်ခမောင်းခတ်ပြီး အောင်ပွဲခံခဲ့ကြတယ်။
လူတွေရဲ့ တုံ့ပြန်မှုတွေကတော့ အံ့ဩမှင်သက်တာကနေ ဇဝေဇဝါ ဖြစ်တဲ့အထိ စုံလင်လှပါတယ်။
ကန်ဂျင်ဟူက ဘယ်သူလဲ။
သူက L6 ဖြစ်ရပ်တုန်းက ဘဏ္ဍာရေးဈေးကွက်မှာ အရင်ဆုံး ပေါ်လာခဲ့ပြီး ဆိုဆောင်း အီလက်ထရောနစ်ကို short လုပ်ကာ put optionsတွေကို ဝယ်ယူခဲ့တာလေ။ Brexit တုန်းကလည်း ဗြိတိန်နဲ့ ဂျပန်ရဲ့ နိုင်ငံခြားငွေလဲလှယ်ရေး ဈေးကွက်တွေကနေ ဝမ် သန်းထောင်ပေါင်းများစွာ ရှာဖွေနိုင်ခဲ့တယ်။ ရိုနယ်ရဲ့ ရွေးကောက်ပွဲနဲ့ မဟာငလျင်ကြီး ဖြစ်ရပ်တုန်းကလည်း အလားတူပဲ ကမ္ဘာတစ်ဝှမ်းမှာ ပိုင်ဆိုင်မှု အမြောက်အမြားကို ရှာဖွေနိုင်ခဲ့တာပါ။
ကန်ဂျင်ဟူက ၂၁ ရာစုရဲ့ အကျော်ကြားဆုံး ဘဏ္ဍာရေး စတော့ဈေးကစားသူတစ်ယောက်ဆိုတာကို ငြင်းပယ်လို့မရပါဘူး။
အိုတာကူ VS ဟက်ချ်ရန်ပုံငွေအဖွဲ့ပေါ့နော်။
ဒါက စတော့ဈေးကစားသူအချင်းချင်း ယှဉ်ပြိုင်တာ မဟုတ်ဘူးလား။
သူကိုယ်တိုင်လည်း ဆိုဆောင်း အီလက်ထရောနစ်ကို short လုပ်ခဲ့ပြီးတော့ အခုမှ လူကောင်း လာလုပ်ပြနေတာလား။
"ငါပြောသလိုလုပ်၊ ငါလုပ်သလိုမလုပ်နဲ့" ဆိုတာမျိုးလား။
ဘာပဲဖြစ်ဖြစ် short selling တွေကိုပဲ ရှင်းထုတ်ပစ်ကြရအောင်။
short covering တွေကတော့ ဆက်တိုက် ဝင်လာဦးမှာပဲ။
သူတို့တွေ အခုထိ short လုပ်ထားတဲ့ ပမာဏကို ကြည့်ရသလောက်တော့ ဒါက အစပဲ ရှိသေးတာနော်။ လုံးဝ မရောင်းနဲ့၊ ဆက်ပြီး ထိန်းထားကြ။
CellTwins ရဲ့ ရှယ်ယာရှင်အသေးလေးတွေရေ။ ဆက်ပြီး တောင့်ခံထားကြရအောင်။