← Chapters

အခန်း ၂၁၆

Vol. 22 Ch. 216

အခန်း ၂၁၆

Vol. 22 Ch. 216

အခန်း (၂၁၆)

အွန်ဆောင်းမော်တာရဲ့ ရှယ်ယာစျေးတွေ ထိုးတက်သွားလို့ အထိနာဆုံးဖြစ်သွားတာကတော့ Albert Managementအဖွဲ့ပါပဲ။

ကားလ် ဆင်းဂါး တစ်ယောက် ဆွံ့အလို့နေပါတယ်။

“ဘာဖြစ်လို့ ကန်ဂျင်ဟူက...”

ကန်ဂျင်ဟူဆိုတာ ဒီပြဿနာအရှုပ်အထွေးအားလုံးကို ပထမဆုံးစတင်ခဲ့တဲ့လူပါ။

အဲဒီလိုလူက အခုတော့ အကြပ်အတည်းဖြစ်အောင် ပိုဖိအားပေးရမယ့်အစား ကူညီပေးလိမ့်မယ်လို့ ဘယ်သူမှ မထင်ထားခဲ့ကြပါဘူး။

အရင်က အလုအယက်ရောင်းချထားတဲ့ ရှယ်ယာတွေကို Golden Gateအုပ်စုအပါအဝင် ဘယ်ကမှန်းမသိတဲ့ နိုင်ငံခြား ရင်းနှီးမြှုပ်နှံသူတွေက အကုန်ဝယ်ယူထားခဲ့ကြတာပါ။ သူတို့တွေက ဒီသတင်းထုတ်ပြန်ချက်ကို ကြိုတင်သိနေခဲ့ကြတာ ဖြစ်ပါလိမ့်မယ်။

‘တစ်စုံတစ်ရာ သဘောတူညီမှု ရယူထားတာများ ရှိနေမလား’

သူ့ရဲ့ထင်မြင်ချက်က မှန်ကန်နေပါတယ်။

အွန်ဆောင်းမော်တာက ရှယ်ယာတွေကို ပြန်လည်ခွဲခြမ်းတာ၊ ကုန်တင်ကားကြီးထုတ်လုပ်ရေးဌာနကို CarOSထံ ရောင်းချတာ၊ အုပ်ချုပ်မှုပုံစံပြောင်းလဲတာနဲ့ ရှယ်ယာတွေကို ကုမ္ပဏီက ပြန်လည်ဝယ်ယူတာတွေကို ထုတ်ပြန်ကြေညာလိုက်ပါတယ်။

ဒါက နောက်ထပ်သတင်းကောင်းတစ်ခုပါပဲ။ ရှယ်ယာစျေးတွေက ထပ်ပြီးထိုးတက်သွားတာကြောင့် အရင်က ရခဲ့တဲ့အမြတ်တွေ ပြန်ပါသွားရုံတင်မကဘဲ အခုဆိုရင် အရှုံးပေါ်မယ့်အန္တရာယ်နဲ့တောင် ရင်ဆိုင်နေရပါပြီ။

အရင်ကရောင်းထားတဲ့ ရှယ်ယာတွေကို တစ်ပြိုင်ထဲ အများအပြား ပြန်ထုတ်ရောင်းပြီး ဝယ်လိုအားကို လျှော့ချပစ်လို့ရမယ့် နည်းလမ်းရှိပေမဲ့ ကန်ဂျင်ဟူက စတင်လှုပ်ရှားလိုက်တာကြောင့် စျေးကွက်အခြေအနေက လုံးဝပြောင်းပြန်ဖြစ်သွားခဲ့ပါတယ်။

အဲဒီအခြေအနေကို ပြန်ပြောင်းဖို့ဆိုတာ မလွယ်ကူတော့ပါဘူး။

ကျွမ်းကျင်သူတချို့ကတော့ CarOSနဲ့ အွန်ဆောင်းမော်တာတို့ ပူးပေါင်းဆောင်ရွက်သွားမှာဖြစ်လို့ တောက်ပတဲ့ အနာဂတ်ရှိ လာမယ်လို့ ခန့်မှန်းနေကြတယ်။

အရာအားလုံးက ကန်ဂျင်ဟူကြောင့် ပျက်စီးသွားခဲ့ရပါပြီ။

အခုအချိန်မှာတော့ ဆုံးရှုံးမှုကို အမြန်ဆုံးကာကွယ်ဖို့အတွက် ရောင်းထားတဲ့ရှယ်ယာတွေကို အမြန်ဆုံး ပြန်လည်ဝယ်ယူဖို့ပဲ ရှိပါတော့တယ်။ ဒါပေမဲ့ သူတို့ဝယ်လေလေ ရှယ်ယာစျေးက တက်လေလေဖြစ်ပြီး ရှယ်ယာစျေးတက်လေလေ လိုက်ဝယ်သူများလာလေလေဖြစ်လို့ အရှုံးက ပိုကြီးလာနေပါတယ်။

ကားလ် ဆင်းဂါး တစ်ယောက် အံကြိတ်ရင်း အော်ဟစ်လိုက်တယ်။

“ကန်ဂျင်ဟူ... ခွေးမသား”

ချက်ချင်းဆိုသလို ရှယ်ယာတွေ ပြန်လည်ဝယ်ယူနေကြတဲ့ အွန်ဆောင်းမော်တာနဲ့မတူဘဲ ဇီဝနည်းပညာရှယ်ယာတွေကတော့ ဝယ်လိုအားနဲ့ ရောင်းလိုအား မျှတနေဆဲဖြစ်ပါတယ်။

အွန်ဆောင်းမော်တာရဲ့ ရှယ်ယာစျေးကတော့ လက်ရှိပြဿနာ ပြေလည်သွားတာနဲ့ ပုံမှန်အရောင်းအဝယ်နဲ့ အမြတ်အစွန်း တွေကြောင့် ချက်ချင်းပြန်တက်လာခဲ့တာပါ။ ဒါပေမဲ့ ဇီဝနည်းပညာရှယ်ယာတွေရဲ့ မြင့်တက်နေတဲ့ပြဿနာကတော့ မပြေလည်သေးပါဘူး။

ကုမ္ပဏီတစ်ခုရဲ့တန်ဖိုးကို ဘယ်လိုသတ်မှတ်ကြမလဲ။

တန်ဖိုးဖြတ်ဖို့အတွက် အညွှန်းကိန်းအမျိုးမျိုး ရှိကြပါတယ်။

ဒါပေမဲ့ ဒါတွေက အညွှန်းကိန်းတွေသာဖြစ်ပြီး အကြွင်းမဲ့စံနှုန်းတွေတော့ မဟုတ်ပါဘူး။ ကုန်ထုတ်လုပ်မှု၊ ကုန်ဖြန့်ချိမှု၊ ဝန်ဆောင်မှု၊ အိုင်တီနဲ့ ဂိမ်းလုပ်ငန်းစတဲ့ အခြေခံချင်းမတူတဲ့ လုပ်ငန်းတွေကို စံနှုန်းတစ်ခုထဲနဲ့ နှိုင်းယှဉ်ဖို့ဆိုတာ မဖြစ်နိုင်ပါဘူး။

အထူးသဖြင့် ဇီဝနည်းပညာရှယ်ယာတွေမှာ လက်ရှိအရောင်းအဝယ်နဲ့ အမြတ်အစွန်းထက် အနာဂတ်တိုးတက်မှု မျှော်လင့်ချက်က ပိုအရေးကြီးပါတယ်။ ကုမ္ပဏီက ဆက်တိုက်အရှုံးပေါ်နေရင်တောင် ဆေးဝါးတစ်ခုကသာ ရောင်းချခွင့်ခွင့်ပြုချက် ရသွားပြီဆိုရင် အဲဒီအချိန်ကစပြီး အရောင်းအဝယ်နဲ့ အမြတ်အစွန်းက အဆမတန် ထိုးတက်သွားတတ်လို့ပါ။

ဒါပေမဲ့ ဇီဝနည်းပညာရှယ်ယာတွေရဲ့ အလားအလာကတော့ ယေဘုယျအားဖြင့် အဆိုးဘက်ကို ဦးတည်နေပါတယ်။

ကိုရီးယားဆေးဝါးလုပ်ငန်းအပေါ် အယုံအကြည်မရှိကြတာက ဒီလိုအခြေအနေကို ဖြစ်ပေါ်စေတာပါ။

တုပဆေးဝါးဆေးဝါးဆိုတာ မူပိုင်ခွင့်သက်တမ်းကုန်ဆုံးသွားတဲ့ မူရင်းဇီဝဆေးဝါးကို အနီးစပ်ဆုံးတုပထားတဲ့ ဆေးဝါးဖြစ်ပါတယ်။ သက်ရှိဆဲလ်တွေ ဒါမှမဟုတ် တစ်ရှူးတွေကနေ ထွက်ရှိတဲ့ အာနိသင်ရှိတဲ့ ဒြပ်ပစ္စည်းတွေကို အသုံးပြုပြီး မော်လီကျူးဇီဝဗေဒ နည်းပညာတွေနဲ့ ထုတ်လုပ်ထားတာပါ။

ဓာတုဖော်မြူလာကို သိရုံနဲ့ အလွယ်တကူပြုလုပ်နိုင်တဲ့ ဓာတုဗေဒနည်းနဲ့ ဖော်စပ်ထားတဲ့ ဆေးဝါးတွေနဲ့မတူဘဲ သက်ရှိဆဲလ်တွေကို ကုန်ကြမ်းအဖြစ် အသုံးပြုတဲ့ ဇီဝဆေးဝါးတွေကိုတော့ တုပဖို့ ခက်ခဲပါတယ်။

ထုတ်လုပ်မှုလုပ်ငန်းစဉ်အတွင်း အခြေအနေအမျိုးမျိုး ကွဲပြားနိုင်တာကြောင့် မူရင်းနဲ့ ရာနှုန်းပြည့်တူညီတဲ့ ဆေးဝါးကို ထုတ်လုပ်ဖို့ မဖြစ်နိုင်ဘဲ အနီးစပ်ဆုံးတူညီတဲ့ ဆေးဝါးကိုသာ ထုတ်လုပ်နိုင်ကြပါတယ်။

ကုန်ထုတ်လုပ်မှုအပိုင်းမှာတင် အဆင့်မြင့်နည်းပညာတွေ လိုအပ်ပြီး ထုတ်လုပ်ပြီးရင်လည်း နိုင်ငံအသီးသီးက အဖွဲ့အစည်းတွေရဲ့ ခွင့်ပြုချက်ရရှိဖို့အတွက် သီးခြားလက်တွေ့စမ်းသပ်မှုတွေ ပြုလုပ်ရပါသေးတယ်။

လက်ရှိမှာတော့ အမေရိကန်နဲ့ ဥရောပလို ဖွံ့ဖြိုးပြီးနိုင်ငံတွေက ဇီဝဆေးဝါးစျေးကွက်ကို ဦးဆောင်နေပါတယ်။ မေးစရာရှိတာက ကိုရီးယားမှာ တုပဆေးဝါးဆေးဝါးတွေကို ထုတ်လုပ်နိုင်စွမ်း အမှန်တကယ် ရှိ၊ မရှိ ဆိုတာပါပဲ။

ရှယ်ယာစျေးကျအောင် လုပ်နေတဲ့အဖွဲ့တွေက ကောလာဟလ အမျိုးမျိုးကို ဖြန့်ဝေနေကြပါတယ်။

အဓိကကောလာဟလကတော့ စာရင်းဇယားလိမ်လည်မှု အကြောင်းပါပဲ။ စာရင်းတွေကို တမင်တကာ မမှန်မကန် လုပ်ထားတာဖြစ်လို့ ရှယ်ယာစျေးက ဒီထက်မက ပိုကျသင့်တယ်လို့ သူတို့က ဆိုကြပါတယ်။

စာရင်းကိုင်စံနှုန်းတွေကို ဘယ်လိုအသုံးချသလဲဆိုတဲ့အပေါ် မူတည်ပြီး စာရင်းလိမ်လည်မှု ဟုတ်၊ မဟုတ် ကွဲပြားနိုင်ပါတယ်။

OTK Companyရဲ့ ရင်းနှီးမြှုပ်နှံမှုကြောင့် ဇီဝနည်းပညာရှယ်ယာတွေ ထိုးတက်သွားတဲ့အခါ Hedge Fundတွေက ရှယ်ယာစျေးကျဆင်းသွားစေဖို့ စာရင်းလိမ်လည်မှု ကောလာဟလတွေကို ထပ်ပြီး ဖြန့်ဝေခဲ့ကြတယ်။

ဇီဝနည်းပညာကုမ္ပဏီတွေက ရှယ်ယာစျေးချနေတဲ့အဖွဲ့တွေကို အချိန်အတော်ကြာ တိုက်ခိုက်ခဲ့ကြပြီး ဒီလိုလုပ်ရပ်တွေက သူတို့လုပ်ငန်းတွေကို ထိခိုက်စေတယ်လို့ အစိုးရထံ တိုင်ကြားခဲ့ကြပါသေးတယ်။ ရှယ်ယာခွဲခြမ်းတာနဲ့ ရှယ်ယာတွေကို ပြန်လည်ဝယ်ယူတာစတဲ့ နည်းလမ်းမျိုးစုံကို အသုံးပြုခဲ့ကြပေမဲ့ ရှယ်ယာစျေးချနေတာကိုတော့ မတားဆီးနိုင်ခဲ့ကြပါဘူး။

ဒီအချက်ကို ကောင်းကောင်းသိနေတဲ့ Hedge Fundတွေက ရှယ်ယာတွေကို ပြန်မဝယ်ဘဲ ရှယ်ယာစျေးချတာကိုပဲ ဆက်လုပ်နေခဲ့ကြတယ်။ ထူးဆန်းတာက ပြည်တွင်းက ငွေချေးလုပ်ငန်းတွေပါ ပူးပေါင်းလာကြတာပါပဲ။

ရှယ်ယာစျေးချတာအပြင် ဇီဝနည်းပညာရှယ်ယာတွေမှာ တစ်ဦးချင်းရင်းနှီးမြှုပ်နှံသူတွေက ရှယ်ယာဝယ်ဖို့အတွက် ချေးငွေရယူထားကြတာလည်း အများအပြား ရှိနေပါတယ်။ ရှယ်ယာစျေးက တိုတောင်းတဲ့ကာလအတွင်း ၄၀ ရာခိုင်နှုန်းကျော်အထိ ထိုးကျသွားတာကြောင့် အတင်းအဓမ္မပြန်ထုတ်ရောင်းရမယ့်အခြေအနေတွေ ဖြစ်လာမှာကို စိုးရိမ်နေကြပါတယ်။

တကယ်တော့ ငွေချေးလုပ်ငန်းတွေအတွက် ဒါက သေချာပေါက် အမြတ်ရမယ့် အခြေအနေတစ်ခုပါပဲ။

သူတို့က ဖောက်သည်တွေရဲ့ရှယ်ယာတွေကို Hedge Fundတွေထံ အခကြေးငွေနဲ့ ငှားရမ်းပေးပြီး တစ်ဦးချင်းစီကိုလည်း ချေးငွေတွေထုတ်ပေးပြီး ပိုက်ဆံရှာကြတာပါ။

ဘယ်လိုပဲဖြစ်ဖြစ် ရှယ်ယာတွေကို အပေါင်ပစ္စည်းအဖြစ် ထားရှိထားတာကြောင့် ရှယ်ယာစျေးကျလို့ အရင်းရှုံးမယ့်အန္တရာယ်ရှိလာရင် အတင်းအဓမ္မပြန်ထုတ်ရောင်းပြီး ငွေပြန်ဖော်လို့ ရပါတယ်။ အရင်းရှုံးမယ့်အန္တရာယ်မရှိတဲ့ ချေးငွေမျိုးဖြစ်ပေမဲ့ အတိုးနှုန်းကတော့ ၁၀ ရာခိုင်နှုန်းကျော်အထိ ရှိနေတာပါ။

အဖွဲ့အစည်းတွေရဲ့ သဘာဝက ရှယ်ယာစျေးကျကျ၊ တက်တက် ပိုက်ဆံရဖို့ပါပဲ။

သူတို့ကိုယ်တိုင် ရှယ်ယာစျေးချတာမျိုး မလုပ်ရင်ပေါ့။

ဒါပေမဲ့ ငွေချေးလုပ်ငန်းတွေက ရှယ်ယာတွေကို ငှားရမ်းပေးရုံတင်မကဘဲ စျေးကွက်ကစားသူတွေနဲ့ ပူးပေါင်းပြီး ရှယ်ယာစျေးချတဲ့အထဲမှာ ပါဝင်လာခဲ့ကြတယ်။

သူတို့က ဖောက်သည်တွေ ထိခိုက်မှာကို ဂရုမစိုက်ကြပါဘူး။ အမြတ်ရဖို့ကပဲ သူတို့အတွက် အဓိကပါပဲ။

ဒီလိုအခြေအနေတွေကြားထဲမှာ OTK Companyက ဇီဝနည်းပညာရှယ်ယာတွေကို ဝယ်ယူမယ့်အကြောင်း ထုတ်ပြန်ကြေညာလိုက်တဲ့အခါ ကျဆင်းနေတဲ့ ရှယ်ယာစျေးက ချက်ချင်းဆိုသလို ထိုးတက်သွားခဲ့တယ်။

အချိန်အတော်ကြာ ရှယ်ယာစျေးချလာခဲ့တဲ့ Hedge Fundတွေနဲ့မတူဘဲ ငွေချေးလုပ်ငန်းတွေကတော့ မကြာသေးမီကမှ ရှယ်ယာစျေးချတဲ့အထဲ ပါဝင်လာခဲ့ကြတာပါ။

အရှုံးပမာဏချင်း နှိုင်းယှဉ်လို့မရပေမဲ့ နောက်ကျမှပါဝင်လာတဲ့ ငွေချေးလုပ်ငန်းတွေရဲ့ အရှုံးနှုန်းက ပိုပြီးမြင့်မားနေပါတယ်။

ငွေချေးလုပ်ငန်းတွေက တစ်ဦးချင်းရင်းနှီးမြှုပ်နှံသူတွေ ရှယ်ယာပြန်ရောင်းလာစေဖို့ အပျက်သဘောဆောင်တဲ့ အစီရင်ခံစာတွေကို တပြိုင်ထဲ ထုတ်ပြန်ခဲ့ကြတယ်။

[ဇီဝနည်းပညာရှယ်ယာတွေရဲ့ တန်ဖိုးအလွန်အမင်း မြင့်တက်နေမှု အငြင်းပွားစရာ - ဘယ်လောက်အထိ ဆက်ဖြစ်နေဦးမလဲ]

[တုပဆေးဝါးဆေးဝါးစျေးကွက် - ပြိုင်ဆိုင်မှု ပိုမိုပြင်းထန်လာ]

[စစ်တမ်းရလဒ်များ - သုံးစွဲသူများသည် မူရင်းဆေးဝါးများကိုသာ ပိုမိုနှစ်သက်ကြဆဲဖြစ်]

[တုပဆေးဝါးဆေးဝါး ခွင့်ပြုချက်ရရှိရန် အလားအလာ အလွန်နည်းပါး]

[စီးပွားဖြစ် မထုတ်လုပ်နိုင်မီ အခက်အခဲများစွာ ရှိနေဦးမည်...]

ပုံမှန်ဆိုရင်တော့ ဒါက စျေးကွက်ကို လှုပ်ခတ်သွားစေဖို့ လုံလောက်ပါတယ်။

ဒါပေမဲ့ ဒီတစ်ကြိမ်မှာတော့ သူတို့က အားကောင်းတဲ့ပြိုင်ဘက်နဲ့ ရင်ဆိုင်နေရတာပါ။

-ဒါက ဘာတွေလျှောက်ရေးထားတာလဲ။

-ရှယ်ယာစျေးကျအောင် မဟုတ်ကဟုတ်ကတွေ လျှောက်လုပ်နေကြတာပဲ။

-အဲဒီလူတွေပြောတာကို နားထောင်နေစရာမလိုဘူး။ ကန်ဂျင်ဟူက ဝယ်နေတယ်ဆိုတာပဲ မှတ်ထားလိုက်။

- ကန်ဂျင်ဟူကို မကြိုက်ပေမဲ့ ဒီတစ်ကြိမ်တော့ သူ့ကို ယုံကြည်လိုက်မယ်။

-ကန်ဂျင်ဟူကိုပဲ ယုံကြည်ပြီး ရှေ့ဆက်ကြစို့။

-သူတို့က ရောင်းထားတဲ့ရှယ်ယာတွေကို ပြန်ဝယ်ဖို့အတွက် ဒါတွေလျှောက်လုပ်နေတာ။ ရှယ်ယာတွေကို လုံးဝမရောင်းနဲ့။

-ငါတို့ နောက်ထပ်နည်းနည်းလောက် ထပ်တောင့်ခံထားရင် အနိုင်ရမှာ။

-အခုအချိန်မှာ အရေးကြီးဆုံးက တောင့်ခံထားဖို့ပဲ။

အွန်ဆောင်းမော်တာက ကျွန်တော့်ရဲ့ ကိုယ်ပိုင်အကျိုးစီးပွားနဲ့ သက်ဆိုင်နေတာကြောင့် ရှယ်ယာတွေကို တိုက်ရိုက်ဝယ်ယူတာမျိုး မလုပ်ခဲ့ပါဘူး။ အဲဒီအစား Golden Gateအုပ်စုနဲ့ ဥက္ကဋ္ဌ လင်ဂျင်ယုံတို့က အပြင်းအထန် ဝယ်ယူခဲ့ကြပြီး သူတို့က ၃၀ ရာခိုင်နှုန်းကျော် အမြတ်ရရှိနေကြပါပြီ။

ကျွန်တော်တို့ကတော့ ဇီဝနည်းပညာရှယ်ယာတွေကိုပဲ အဓိကထားပြီး ဝယ်ယူခဲ့တယ်။

ပုံမှန်ရှယ်ယာတွေနဲ့ နှိုင်းယှဉ်ရင် တိုးတက်မှုရှိတဲ့ရှယ်ယာတွေက အမြတ် ပိုရနိုင်သလို အန္တရာယ်လည်း ပိုများပါတယ်။

အခက်ခဲဆုံးအပိုင်းကတော့ မှန်ကန်တဲ့ကုမ္ပဏီကို ရွေးချယ်ဖို့ပါပဲ။ အိုင်တီခေတ်ဦးပိုင်းက ဆိုဆောင်းအီလက်ထရောနစ်မှာ ရင်းနှီးမြှုပ်နှံခဲ့ရင် အဆပေါင်းများစွာ အမြတ်ရနိုင်ပေမဲ့ Saerom Technologyမှာ ရင်းနှီးမြှုပ်နှံခဲ့ရင်တော့ ဝမ်အနည်းငယ်ပဲ ကျန်တော့မှာ ဖြစ်ပါတယ်။

ဇီဝနည်းပညာရှယ်ယာတွေမှာလည်း ဒီအတိုင်းပါပဲ။ တချို့ကုမ္ပဏီတွေက သိသိသာသာ တိုးတက်လာမှာဖြစ်ပြီး တချို့ကတော့ ပျက်စီးသွားကြမှာပါ။

ရှယ်ယာတွေကို ရွေးချယ်ပေးခဲ့တာကတော့ စီနီယာ ဆန်းယော့ပါပဲ။

သူက ကျွန်တော့်လို အထူးစွမ်းရည်မျိုး မရှိပေမဲ့ ရင်းနှီးမြှုပ်နှံမှုနဲ့ပတ်သက်ပြီး ထူးခြားတဲ့ ပင်ကိုသိစိတ် ရှိပါတယ်။

ကျွန်တော်တို့ ကလပ်မှာရှိစဉ်တုန်းကတော့ ဘဏ္ဍာရေးရှင်းတမ်းတွေနဲ့ အချက်အလက်တွေကိုပဲ အသေးစိတ် လေ့လာခဲ့ကြရတာပါ။ ဒါပေမဲ့ အခုတော့ အခြေအနေက မတူတော့ပါဘူး။ ကျွန်တော်တို့ဘက်က ရင်းနှီးမြှုပ်နှံချင်တဲ့အကြောင်း ပြောလိုက်တာနဲ့ တစ်ဖက်က အရင်ဆုံး ဆက်သွယ်လာကြပါတယ်။

စီနီယာ ဆန်းယော့က ရုံးချုပ်တွေနဲ့ စက်ရုံတွေကို သွားရောက်လေ့လာပြီး ကုမ္ပဏီတစ်ခုချင်းစီကို ခွဲခြမ်းစိတ်ဖြာဖို့အတွက် စီမံခန့်ခွဲသူတွေနဲ့ တွေ့ဆုံဆွေးနွေးခဲ့တယ်။

“နည်းပညာပိုင်းအရဆိုရင်တော့ CellTwinsက အကောင်းဆုံးပဲ။ သူ့ရဲ့ တိုးတက်နိုင်စွမ်းကလည်း အများကြီးရှိတယ်”

“အနိမ့်ဆုံးစျေးကနေ အခုဆို ၂၀ ရာခိုင်နှုန်းလောက် တက်လာပြီနော်”

“အဲဒါက အရေးမကြီးဘူး။ ငါတို့ ထပ်ဝယ်ဖို့ လိုအပ်တယ်။ အရင်က အမြင့်ဆုံးစျေးထက် ကျော်လွန်ပြီး ထပ်တက်သွားလိမ့်မယ်လို့ ထင်တယ်”

“အဲဒီလိုပြောရတဲ့ အခြေခံအချက်က ဘာလဲ”

ဆေးဝါးအသစ်တွေကို ထုတ်လုပ်ဖို့အတွက် ကုန်ကျစရိတ်နဲ့ အချိန်အများကြီး လိုအပ်ပါတယ်။ အဲဒါအတွက်ကို ကာမိစေဖို့ တုပဆေးဝါးဆေးဝါးတွေကို အချိန်ကာလတစ်ခုအထိ သီးသန့်ရောင်းချခွင့် ပေးထားတာပါ။

“မူရင်းဆေးဝါးတွေ ရှိနေတာတောင် ဘာဖြစ်လို့ တုပဆေးဝါးတွေကို ထုတ်လုပ်ကြလဲ သိလား”

“စျေးပိုသက်သာလို့လေ”

စီနီယာ ဆန်းယော့က ခေါင်းညိတ်ရင်း ပြောပါတယ်။

“မှန်တယ်။ ဇီဝဆေးဝါးတွေရဲ့ မူပိုင်ခွင့်က လွန်ခဲ့တဲ့ နှစ်အနည်းငယ်ကတည်းက တဖြည်းဖြည်း သက်တမ်း ကုန်ဆုံးလာခဲ့တာ။ တကယ်လို့ တုပဆေးဝါး ထုတ်လုပ်နိုင်တဲ့ နည်းပညာသာရှိရင် ပိုက်ဆံအများကြီး ရှာလို့ရပါတယ်။ အခုအချိန်မှာ CellTwinsက Plectra ဆေးဝါးအတွက် ဥရောပသမဂ္ဂရဲ့ ခွင့်ပြုချက်ကို စောင့်ဆိုင်းနေတာ။ အဲဒါသာ ခွင့်ပြုချက်ရပြီး ဥရောပမှာ စတင်ရောင်းချနိုင်ရင် အခြေအနေက လုံးဝပြောင်းလဲသွားလိမ့်မယ်”

CellTwinsက ထုတ်လုပ်တဲ့ Plectra တုပဆေးဝါးက ကိုရီးယား အစားအသောက်နှင့် ဆေးဝါးကွပ်ကဲရေးဦးစီးဌာနရဲ့ ခွင့်ပြုချက်ရရှိထားပြီး ပြည်တွင်းမှာ ရောင်းချနေပေမဲ့ ဥရောပနဲ့ အမေရိကန်မှာတော့ ခွင့်ပြုချက်မရသေးပါဘူး။

လက်ရှိမှာတော့ CellTwinsက ကမ္ဘာလုံးဆိုင်ရာ လက်တွေ့စမ်းသပ်မှုတွေကို အောင်မြင်စွာ လုပ်ဆောင်ပြီးစီးထားပြီး ဥရောပဆေးဝါးအေဂျင်စီရဲ့ ခွင့်ပြုချက်ကို စောင့်ဆိုင်းနေတာ ဖြစ်ပါတယ်။ တကယ်လို့ ဥရောပသမဂ္ဂမှာ ခွင့်ပြုချက်ရရှိခဲ့ရင် အမေရိကန်မှာလည်း ခွင့်ပြုချက်ရရှိဖို့ အလားအလာ ပိုများလာမှာပါ။

ကြီးမားတဲ့စျေးကွက်ကြီးဆီကို တံခါးပွင့်သွားမှာ ဖြစ်ပါတယ်။

ခွင့်ပြုချက်စောင့်ဆိုင်းနေတာက Plectra တစ်ခုထဲမဟုတ်တာကြောင့် ဒီခွင့်ပြုချက်က ဇီဝနည်းပညာရှယ်ယာတစ်ခုလုံးအတွက် သတင်းကောင်းတစ်ခု ဖြစ်လာပါလိမ့်မယ်။

ကျွန်တော် ခေါင်းညိတ်လိုက်တယ်။

“စီနီယာ ဝယ်ချင်သလောက် ဝယ်လိုက်ပါ”

“ကောင်းပြီလေ”

စီနီယာ ဆန်းယော့က အပြင်းအထန် စတင်ဝယ်ယူခဲ့တယ်။

တကယ်လို့ အနာဂတ်အလားအလာသာ ကောင်းမွန်နေမယ်ဆိုရင် ရှယ်ယာစျေး ယာယီကျဆင်းသွားတာက ပြဿနာမဟုတ်ပါဘူး။ ကျွန်တော်တို့မှာရှိတဲ့ ငွေကြေးပမာဏနဲ့ဆိုရင် ရှယ်ယာစျေးချ နေသမျှကို အကုန်ဝယ်ယူနိုင်ဖို့ လုံလောက်ပါတယ်။

ရက်အနည်းငယ်အကြာမှာတော့ သတင်းထုတ်ပြန်ချက်တစ်ခု ထွက်ပေါ်လာခဲ့တယ်။

[Plectraဆေးဝါးကို ဥရောပဆေးဝါးအေဂျင်စီ (EMA) က တညီတညွတ်တည်း အတည်ပြုလိုက်ပြီ]

[Procadeဆေးဝါးနှင့် အာနိသင် ရာနှုန်းပြည့် တူညီမှုရှိ]

[ဥရောပသမဂ္ဂသို့ တင်ပို့နိုင်မည့် လမ်းစပွင့်လာပြီလား]

မူရင်းဆေးဝါးဖြစ်တဲ့ Procadeရဲ့ နှစ်စဉ်အရောင်းအဝယ်က ဒေါ်လာ သန်း ၁သောင်းခန့် ရှိပါတယ်။

အဲဒီစျေးကွက်ရဲ့ ၃၀ ရာခိုင်နှုန်းလောက်ပဲ ရရှိရင်တောင် ဒေါ်လာ သန်း ၃ထောင် ရမှာပါ။ ဥရောပသမဂ္ဂဆီကို စတင်တင်ပို့နိုင်ပြီဆိုရင် အရောင်းအဝယ်နဲ့ အမြတ်အစွန်းက နှစ်ဆမက တိုးတက်လာမှာလေ။

ခွင့်ပြုချက်ရရှိတဲ့သတင်း ပျံ့နှံ့သွားတာနဲ့ CellTwinsရဲ့ ရှယ်ယာစျေးက အမြင့်ဆုံးသတ်မှတ်ချက်ကို ချက်ချင်းရောက်ရှိသွားခဲ့ပါတယ်။

တခြားဇီဝနည်းပညာရှယ်ယာတွေလည်း လိုက်ပြီးတော့ ထိုးတက်ကုန်ကြတယ်။

ကျွန်တော် အံ့ဩတကြီးနဲ့ ရေရွတ်လိုက်တယ်။

“စီနီယာ့ရဲ့ အရည်အချင်းက အခုထိ ထက်မြက်နေတုန်းပဲနော်”

စီနီယာ ဆန်းယော့က ပြုံးရင်း ပြောတယ်။

“ငါက အသုံးဝင်သေးတယ်မလား”

Hedge Fundတွေရဲ့ တိုက်ခိုက်မှုနဲ့ ရှယ်ယာစျေးချတာတွေကို အောင့်အီးသည်းခံပြီး တောင့်ခံထားခဲ့ကြတဲ့ တစ်ဦးချင်း ရင်းနှီးမြှုပ်နှံသူတွေကတော့ ဝမ်းသာအားရ အော်ဟစ်နေကြပါတယ်။

ရှယ်ယာစျေးချနေတဲ့အဖွဲ့တွေအတွက် နောက်ထပ်သတင်းဆိုး တစ်ခုကတော့ ငွေလဲနှုန်းပါပဲ။

စျေးကွက်ကစားသူတွေရဲ့ ရှယ်ယာစျေးချမှုကို တုံ့ပြန်ဖို့အတွက် အဓိကနည်းလမ်း နှစ်ခုရှိပါတယ်။ တစ်ခုက ရှယ်ယာစျေးကို မြှင့်တင်ဖို့ဖြစ်ပြီး နောက်တစ်ခုကတော့ ငွေလဲနှုန်းကို လျှော့ချဖို့ပါ။

ရှယ်ယာစျေးကွက်က ပြန်လည်ကောင်းမွန်လာပြီး ငွေကြေးတွေ စီးဝင်လာတာကြောင့် ငွေလဲနှုန်းက စတင်ကျဆင်းလာခဲ့တယ်။

ဒီအချိန်မှာပဲ Berkshire Cashierကလည်း ကုမ္ပဏီတချို့ရဲ့ ရှယ်ယာတွေကို ဝယ်ယူမယ့်အကြောင်း ထုတ်ပြန်ကြေညာခဲ့တယ်။ ဝါရင် ဘတ်ဖတ်က ကိုရီးယားရှယ်ယာစျေးကွက်ရဲ့ တန်ဖိုးက အလွန်အမင်း နိမ့်ကျနေတာကြောင့် ကိုရီးယားမှာ ရင်းနှီးမြှုပ်နှံမှုကို ဆက်လက်တိုးမြှင့်သွားမယ်လို့ ပြောကြားခဲ့တယ်။

ငွေလဲနှုန်းက ပိုပြီးတော့ မြန်မြန်ဆန်ဆန် ကျဆင်းသွားခဲ့ပါတယ်။

ပြည်တွင်းရင်းနှီးမြှုပ်နှံသူတွေက ငွေလဲနှုန်းကြောင့် သိသိသာသာ သက်ရောက်မှုမရှိပေမဲ့ နိုင်ငံခြားရင်းနှီးမြှုပ်နှံသူတွေကတော့ အလွန်အမင်း အကဲဆတ်ကြတယ်။ သူတို့တွေ ရင်းနှီးမြှုပ်နှံမှုကနေ အမြတ်ရရင်တောင် ငွေလဲနှုန်းကျဆင်းမှုက အဲဒီအမြတ်ထက် ကျော်လွန်သွားရင် နောက်ဆုံးမှာ အရှုံးပေါ်သွားမှာ ဖြစ်လို့ပါ။

ရောင်းထားတဲ့ရှယ်ယာတွေကို ပြန်လည်ကာကွယ်ဖို့အတွက် သူတို့က ရှယ်ယာတွေကို ပြန်လည်ဝယ်ယူရမှာ ဖြစ်ပေမဲ့ ကျဆင်းနေတဲ့ ငွေလဲနှုန်းကြောင့် ရှယ်ယာစျေးက ပိုပြီးတော့ ကြီးမြင့်နေပါတယ်။

ရှယ်ယာစျေးနဲ့ ငွေလဲနှုန်းက မျှော်လင့်မထားတဲ့ဘက်ကို ဦးတည်သွားပြီး အရှုံးတွေ ပိုကြီးလာတာကြောင့် ဆက်ပြီးမတောင့်ခံနိုင်တော့တဲ့ Hedge Fundတွေက စတင်ပြီး ဆုတ်ခွာသွားခဲ့ကြပါပြီ။

သတင်းကောင်းအမျိုးမျိုးနဲ့ ရှယ်ယာပြန်လည်ဝယ်ယူမှုတွေ တပြိုင်ထဲ ဝင်ရောက်လာတာကြောင့် ရှယ်ယာစျေးက ဆက်တိုက်မြင့်တက်နေခဲ့တယ်။ ငွေချေးလုပ်ငန်းတွေလည်း မလွဲမရှောင်သာဘဲ ရှယ်ယာတွေကို လိုက်ပြီးတော့ ပြန်ဝယ်ခဲ့ကြရပါတယ်။

ရှယ်ယာစျေးက အလွန်အမင်း နိမ့်ကျနေတာကလည်း ပြဿနာဖြစ်သလို အလွန်အမင်း မြင့်တက်နေတာကလည်း ပြဿနာတစ်ခုပါပဲ။ ကျွန်တော်တို့ကတော့ ဝယ်ယူထားတဲ့ ရှယ်ယာတွေကို အဆင်ပြေပြေ ပြန်လည်ရောင်းချပြီး အမြတ်အစွန်းတွေကို ရယူခဲ့တယ်။

-ဟားဟား... ရှယ်ယာစျေးချတဲ့ကောင်တွေတော့ လုံးဝသွားပြီ။

-အားလုံးပဲ ရှယ်ယာတွေကိုမရောင်းဘဲ အားတင်းပြီး တောင့်ခံထားခဲ့ကြတာ ပင်ပန်းသွားကြပြီ။

-အဲဒီလို တောင့်ခံထားခဲ့လို့ အခုတော့ အခြေအနေကောင်းသွားပြီကွ။

-ကိုရီးယားရှယ်ယာစျေးကွက်က ခင်ဗျားတို့နိုင်ငံထက် သေးငယ်နိုင်ပေမဲ့ ကျွန်တော်တို့စျေးကွက်ကလည်း ကောင်းမွန်ပါတယ်။

-ကျွန်တော်တို့မှာ ကမ္ဘာကျော် ဆိုဆောင်းနဲ့ အွန်ဆောင်း ရှိသလို ကမ္ဘာကျော် စျေးကွက်ဘုရင် ကန်ဂျင်ဟူလည်း ရှိတယ်။

-ကိုရီးယားရှယ်ယာစျေးကွက်ကို နောက်တစ်ခါ လျှော့မတွက်ကြနဲ့တော့။

ရှယ်ယာစျေးချတဲ့အဖွဲ့တွေ ဆုတ်ခွာသွားတာကြောင့် ကိုရီးယားရှယ်ယာစျေးကွက်က အတိုင်းအတာတစ်ခုအထိ ပြန်လည်ငြိမ်သက်သွားခဲ့တယ်။

ပြဿနာကတော့ ဒီလိုအခြေအနေမျိုးက ဘယ်အချိန်မဆို ထပ်ပြီးတော့ ဖြစ်လာနိုင်တာပါပဲ။ ရှယ်ယာစျေးချတာကို ကန့်သတ်တာပဲဖြစ်ဖြစ်၊ တစ်ဦးချင်းရင်းနှီးမြှုပ်နှံသူတွေကို ရှယ်ယာစျေးချခွင့်ပြုဖို့ စနစ်ကို ပြင်ဆင်တာပဲဖြစ်ဖြစ်၊ ဝေဖန်မှုတွေ ဘယ်လောက်ပဲရှိရှိ ငွေကြေးဆိုင်ရာ အာဏာပိုင်တွေကတော့ တုပ်တုပ်တောင် မလှုပ်ကြပါဘူး။

ဖောက်သည်တွေကို ကာကွယ်ပေးရမယ့် ငွေချေးလုပ်ငန်းတွေ ကလည်း ရှယ်ယာစျေးချပြီး ပိုက်ဆံရှာနေကြတာပါ။ ကိုရီးယားရှယ်ယာစျေးကွက်ကို တစ်ဦးချင်းရင်းနှီးမြှုပ်နှံသူတွေရဲ့ သချိုင်းလို့ ခေါ်ကြတာ မဆန်းပါဘူး။

ရှယ်ယာစျေးကွက်က ကာလအတန်ကြာမှ ပထမဆုံးအကြိမ် ပြန်လည်ကောင်းမွန်လာခဲ့တာ ဖြစ်ပေမဲ့ အပူဆုံးစျေးကွက်ကတော့ တခြားနေရာမှာ ရှိနေပါတယ်။

အဲဒါကတော့ Cryptoစျေးကွက်ပါပဲ။

နှစ်ကုန်ပိုင်းမှာ စတင်မြင့်တက်လာခဲ့တဲ့ ဘန့်ကွိုင်စျေးက နောက်ဆုံးမှာတော့ ဒေါ်လာ ၁၀,၀၀၀ ကို ကျော်လွန်သွားခဲ့ပါပြီ။

ပြီးခဲ့တဲ့ နှစ်အနည်းငယ်က ဘန့်ကွိုင်စျေး ဒေါ်လာ ၁၀၀ ရောက်ရှိခဲ့စဉ်တုန်းကလည်း လူတွေက မယုံကြည်နိုင်ခဲ့ကြပါဘူး။ ဒေါ်လာ ၁,၀၀၀ ရောက်တဲ့အခါမှာတော့ ရူးသွပ်စရာပဲလို့ ထင်ခဲ့ကြတယ်။

ဒါပေမဲ့ ဒေါ်လာ ၁၀,၀၀၀ ကို ရောက်ရှိသွားတဲ့အခါမှာတော့ အားလုံး ဆွံ့အသွားခဲ့ကြရပါတယ်။

ဒါ့အပြင် ကျဆင်းမယ့်အရိပ်အယောင် မရှိဘဲ ဆက်တိုက်မြင့်တက်နေခဲ့တာပါ။ ဘယ်လောက်အထိ ရောက်သွားမလဲဆိုတာကို ဘယ်သူမှ ခန့်မှန်းလို့မရနိုင်ပါဘူး။

ကွိုင်အသစ်တွေကို တီထွင်သူတွေနဲ့ အစောပိုင်းရင်းနှီးမြှုပ်နှံသူတွေ ကတော့ နှစ်အနည်းငယ်အတွင်းမှာပဲ ဒေါ်လာ သန်းထောင်နဲ့ချီပြီး ချမ်းသာသွားခဲ့ကြကာ ကမ္ဘာ့အချမ်းသာဆုံးစာရင်းကိုတောင် ပြောင်းလဲပစ်ခဲ့ကြတယ်။

ဗန်ဆန်းကနေတစ်ဆင့် K Companyရဲ့ မနှစ်က လုပ်ငန်းဆောင်ရွက်မှု အစီရင်ခံစာကို လက်ခံရရှိတဲ့အခါ ကျွန်တော် အံ့ဩသွားခဲ့ရပါတယ်။

အရင်နှစ်နဲ့ နှိုင်းယှဉ်ရင် အဆပေါင်းများစွာ တိုးတက်လာတယ်ဆိုတာထက် ပိုအံ့ဩဖို့ကောင်းတဲ့အချက် ရှိနေလို့လေ။

“အမြတ်က ဝင်ငွေထက် ပိုများနေတာပဲ”

ဝင်ငွေက သန်း ၅၃၃,၄၀၀ ဖြစ်ပေမဲ့ အမြတ်ကတော့ သန်း ၇၃၅,၀၀၀ ဖြစ်နေပါတယ်။ တစ်နည်းအားဖြင့် ပြောရရင် ဝမ် ၁၀၀ တန် ဘောပင်တစ်ချောင်းကို ရောင်းတာမှာ ဝမ် ၁၅၀ အမြတ်ရနေသလိုပါပဲ။

(၁၀၀တန်ကို ၂၅၀နဲ့ရောင်းပြီး အမြတ်၁၅၀ ရတာကိုပြောတာ။ အရင်းထက်ကို ၁ဆလောက်မြတ်နေတာလေ)

ဒါက ဘယ်လိုလုပ် ဖြစ်နိုင်မှာလဲ။

All Chapters