အခန်း ၂၁၇
Vol. 22 Ch. 217
အခန်း (၂၁၇)
ဝင်ငွေဆိုတာ ကုမ္ပဏီတစ်ခုက ကုန်ပစ္စည်း ဒါမှမဟုတ် ဝန်ဆောင်မှုတွေ ရောင်းချလို့ ရလာတဲ့ ပိုက်ဆံကို ပြောတာပါ။
ဥပမာ ၁၀၀ ဝမ်တန် ဘောပင်တစ်ချောင်း ရောင်းရရင် ၁၀၀ ဝမ်ကို ဝင်ငွေအဖြစ် မှတ်တမ်းတင်ပါတယ်။ ဒါပေမဲ့ ကုန်ကြမ်းဖိုး၊ လုပ်အားခ၊ ဖြန့်ချိရေးစရိတ် စတာတွေအတွက် ၉၀ ဝမ် သုံးလိုက်ရတယ်ဆိုရင် လက်ထဲမှာ တကယ်ကျန်တာ ၁၀ ဝမ်ပဲ ရှိပါလိမ့်မယ်။
ဒီ ၁၀ ဝမ်ကတော့ အမြတ်ဖြစ်ပါတယ်။
ပုံမှန်အခြေအနေမှာ အမြတ်ဆိုတာ ဝင်ငွေထက် ဘယ်တော့မှ မများနိုင်ပါဘူး။ ဂိမ်း ဒါမှမဟုတ် ဆော့ဖ်ဝဲလ်လိုမျိုး ကုန်ကျစရိတ် နည်းတဲ့ လုပ်ငန်းတွေမှာ အမြတ်က ရာခိုင်နှုန်း ဆယ်ဂဏန်းအထိ ရှိနိုင်ပေမဲ့ ကုန်ထုတ်လုပ်မှု လုပ်ငန်းအများစုမှာတော့ ၁၀ ရာခိုင်နှုန်း ဝန်းကျင်ပဲ ရှိတတ်ပါတယ်။
ဒါတောင် ကော်ပိုရေးရှင်းကြီးတွေမလို့ပါ။ အလတ်စားနဲ့ အသေးစား လုပ်ငန်းအများစုမှာတော့ ၅ ရာခိုင်နှုန်းအောက်ပဲ ရှိပါတယ်။
ကျွန်တော် ကြောင်အမ်းအမ်းဖြစ်သွားပြီး မေးလိုက်မိတယ်။
“အမြတ်က ဝင်ငွေထက် ဘယ်လိုလုပ် ပိုများနေရတာလဲ”
စီနီယာ ဆန်းယော့က ပြန်ဖြေတယ်။
“အဲဒါက ဒီဈေးကွက်ရဲ့ ထူးဆန်းတဲ့အချက်ပဲ”
ငွေချေးလုပ်ငန်းတွေက ရှယ်ယာအရောင်းအဝယ်လုပ်ရင် ကော်မရှင်ခ ရသလိုမျိုး Crypto ငွေလဲစင်တာတွေကလည်း ကော်မရှင်ခ ရပါတယ်။
ငွေချေးလုပ်ငန်းတွေက တစ်ခုနဲ့တစ်ခု မတူပေမဲ့ ရှယ်ယာအရောင်းအဝယ် ကုန်ကျစရိတ်က ဝ.၄ ရာခိုင်နှုန်းလောက် ရှိပါတယ်။ ဒါပေမဲ့ ဗန်ဆန်းရဲ့ ကော်မရှင်ခကတော့ ၁ ရာခိုင်နှုန်းပါ။
ဒါကိုပဲ ကြည့်ရင် ၂.၅ ဆလောက် ကွာနေသလိုပါပဲ။ ဒါပေမဲ့ ဒီထဲမှာ ထောင်ချောက်တစ်ခု ရှိနေပါတယ်။ ရှယ်ယာအရောင်းအဝယ် ကုန်ကျစရိတ်ထဲက ဝ.၃ ရာခိုင်နှုန်းက အစိုးရကို ပေးရတဲ့ အခွန်ဖြစ်ပြီး အာမခံကုမ္ပဏီကရတဲ့ ကော်မရှင်ခက ဝ.၁ ရာခိုင်နှုန်းအောက်ပဲ ရှိတာပါ။ တခြားတစ်ဖက်မှာတော့ Crypto အရောင်းအဝယ်တွေမှာ အခွန်မရှိတဲ့အတွက် အရောင်းအဝယ် ကုန်ကျစရိတ်အားလုံးက ငွေလဲစင်တာရဲ့ အမြတ်ဖြစ်သွားပါတယ်။ တကယ်တော့ Crypto ရင်းနှီးမြှုပ်နှံသူတွေဟာ ရှယ်ယာတွေနဲ့ ယှဉ်ရင် ကော်မရှင်ခကို ၁၀ ဆထက်မက ပိုပေးနေရတာပါ။
ဒါက တကယ့်ကို အဓမ္မတောင်းယူတာနဲ့ အတူတူပါပဲ။ ဒါပေမဲ့ ဘယ်သူမှ သိပ်ပြီး မညည်းညူကြပါဘူး။ အကြောင်းရင်းကတော့ ကွိုင်တွေရဲ့ ဈေးနှုန်းက တောက်လျှောက် ထိုးတက်နေလို့ပါ။
ဝယ်လိုက်ရုံနဲ့တင် အများကြီး မြတ်နိုင်နေတာပဲလေ။ ကော်မရှင်ခ ဘယ်လောက်ပဲဖြစ်ဖြစ် ဘာအရေးစိုက်နေတော့မှာလဲ။
“သူတို့က ကော်မရှင်ခကို ငွေသားနဲ့ ယူတာမဟုတ်ဘဲ အရောင်းအဝယ်လုပ်တဲ့ ကွိုင်တွေထဲကနေ ဖြတ်ယူတာ”
ဥပမာ ၁ BNT အရောင်းအဝယ်ဖြစ်ရင် ငွေလဲစင်တာက ဝ.၀၁ BNT ဖြတ်ယူလိုက်တာပါ။
ငွေလဲစင်တာရဲ့ လုပ်ငန်းလည်ပတ်မှု စရိတ်အများစုက လုပ်အားခနဲ့ ဆာဗာထိန်းသိမ်းခတွေပဲ ရှိတာပါ။ ကုန်ကျစရိတ် နည်းတဲ့အတွက် ပုံမှန်အခြေအနေမှာတောင် လုပ်ငန်းလည်ပတ်မှု အမြတ်က ၅၀ ရာခိုင်နှုန်းထက် ကျော်ပါတယ်။ ပြီးတော့ မကြာသေးခင်က Crypto ဈေးနှုန်းတွေက ထိုးတက်သွားခဲ့တယ်။
သူတို့က ၁၀,၀၀၀ ဝမ်တန်ဖိုးရှိတဲ့ ကွိုင်ကို ကော်မရှင်ခအဖြစ် ရခဲ့တာပါ။ ဒါပေမဲ့ စာရင်းပိတ်လိုက်တဲ့အခါ အဲဒါက ၂၀,၀၀၀ ဝမ် တန်သွားပါတယ်။ ဒါကြောင့်မလို့ ကုန်ကျစရိတ်အမျိုးမျိုးကို နှုတ်လိုက်ရင်တောင် အမြတ်က ဝင်ငွေထက် ကျော်သွားတာပါ။
ဒါကို ကြားပြီးနောက်မှာတော့ တက်ဂယူက ပြောတယ်။
“ဒါက တကယ့်ကို ရူးသွန်းစရာကောင်းတဲ့ ဈေးကွက်ပဲ”
ဒေါ်လာ ၁၀,၀၀၀ အထိ ရောက်သွားပြီးနောက် ဘန့်ကွိုင်ဟာ ရက်ပိုင်းအတွင်းမှာတင် ဒေါ်လာ ၁၅,၀၀၀ ကို ကျော်ဖြတ်သွားခဲ့တယ်။ အခုဆိုရင် ဒေါ်လာ ၂၀,၀၀၀ ကျော်သွားလိမ့်မယ်လို့တောင် ခန့်မှန်းနေကြပါပြီ။
ပြီးခဲ့တဲ့နှစ်ကုန်ပိုင်းကစပြီး Crypto ဈေးကွက်ကြီးတစ်ခုလုံးကို ရူးသွပ်မှုတွေက လွှမ်းမိုးထားတယ်လို့ ပြောရင်လည်း မမှားပါဘူး။ ဒါကြောင့်မလို့ ပူဖောင်းကြီး ပေါက်ထွက်သွားတော့မယ်ဆိုတဲ့ အမြင်တွေ ရှိခဲ့ပေမဲ့ အဲဒီအစား ဈေးကွက်အရွယ်အစားက နှစ်ဆထက်မက ပိုကြီးလာခဲ့တာပါ။
နိုင်ငံအသီးသီးက အစိုးရတွေ၊ ငွေကြေးအဖွဲ့အစည်းတွေနဲ့ ဘဏ္ဍာရေးကုမ္ပဏီတွေဟာ တန်ပြန်အစီအမံတွေ ပြင်ဆင်ဖို့ အလုပ်ရှုပ်နေကြပါတယ်။
ကျွန်တော်တို့လည်း တန်ပြန်အစီအမံ အစည်းအဝေးလုပ်ဖို့ တစ်နေရာထဲမှာ စုဖြစ်ကြတယ်။ ဒီအစည်းအဝေးကို ကျွန်တော်၊ တက်ဂယူ၊ အစ်မ ဟျွန်းဂျူး၊ အယ်လီ၊ စီနီယာ ဆန်းယော့နဲ့ ဟင်နရီတို့ တက်ရောက်ခဲ့ကြတယ်။
အစ်မ ဟျွန်းဂျူးက စီကရက်သောက်ရင်းနဲ့ ပြောတယ်။
“နင့်စကားကို နားထောင်ပြီး ဝမ် သန်း ၃သောင်း ရင်းနှီးမြှုပ်နှံလိုက်မိလို့ တော်သေးတာပေါ့။ အခုဆို ၅ ဆထက်မက တက်သွားပြီ”
တက်ဂယူက ခေါင်းညိတ်ပြီး ပြောတယ်။
“တွေ့လား။ ကန်ဂျင်ဟူ စကားကို နားထောင်ပါလို့ ကျွန်တော်ပြောသားပဲ”
အမြတ်ရနိုင်တဲ့နေရာကို ပိုက်ဆံတွေက စီးဆင်းသွားတာ သဘာဝပါပဲ။ ဒါပေမဲ့ Hedge Fundတွေတောင်မှ ရင်းနှီးမြှုပ်နှံမှု အန္တရာယ်က အရမ်းများလွန်းတဲ့အတွက် Cryptoနဲ့ ပတ်သက်ရင် သတိထားနေကြပြီး အပျက်သဘော မြင်နေကြပါတယ်။
အယ်လီက ပြောတယ်။
“ဝါရင် ဘတ်ဖတ် မကြာသေးခင်က ဘာပြောခဲ့လဲ သိကြလား။ Cryptoတွေက ကြွက်သတ်ဆေးလိုပဲတဲ့။ တစ်နေ့မှာ ပျက်စီးခြင်းနဲ့ ရင်ဆိုင်ရမှာပဲတဲ့။ ပြီးတော့ ဘန့်ကွိုင်ရဲ့ ၅ နှစ်သက်တမ်းရှိတဲ့ put option မှာ ဝမ်းမြောက်ဝမ်းသာ ရင်းနှီးမြှုပ်နှံမယ်လို့တောင် ပြောခဲ့သေးတယ်”
Cryptoတင် မဟုတ်ပါဘူး။ ဝါရင် ဘတ်ဖတ်က ကုန်စည်တွေမှာ ရင်းနှီးမြှုပ်နှံရတာကို သိပ်ပြီး သဘောမကျပါဘူး။
ရှယ်ယာတွေက အမြတ်ဝေစုပေးတယ်၊ စာချုပ်တွေက အတိုးရတယ်၊ အိမ်ခြံမြေက အိမ်ငှားခရတယ်။ ဒါပေမဲ့ ရွှေ ၁ အောင်စ ဝယ်ထားရင် ၁ နှစ်ကြာလည်း ၁ အောင်စပဲ ရှိနေမှာလေ။
ငွေကြေးဖောင်းပွမှု ဒါမှမဟုတ် ဝယ်လိုအားနဲ့ သုံးလိုအား အချက်အလက်တွေကြောင့် တန်ဖိုးတက်လာဖို့ပဲ မျှော်လင့်လို့ ရပါတယ်။ တစ်နည်းပြောရရင် တစ်ယောက်ယောက်က ပိုများတဲ့ဈေးနဲ့ ဝယ်မှပဲ အမြတ်ရမှာပါ။ Cryptoတွေလည်း ဒီလိုပါပဲ။
ကျွန်တော် ခေါင်းညိတ်လိုက်ပြီး ပြောလိုက်တယ်။
“ပူဖောင်းကြီးတစ်ခု ဖြစ်ပေါ်နေတာတော့ အမှန်ပဲ”
တက်ဂယူကလည်း ဝင်ပြောတယ်။
“ငါလည်း အဲလိုပဲ ထင်တယ်”
ဒီနေရာမှာ ငွေကြေးကျွမ်းကျင်သူတွေ အများကြီး စုနေကြတာပါ။ ဒါပေမဲ့ Cryptoကို အရင်ဆုံး သိရှိပြီး အမြတ်အများကြီး ရခဲ့တဲ့သူကတော့ တခြားသူမဟုတ်ဘဲ တက်ဂယူပဲ ဖြစ်ပါတယ်။
အစ်မ ဟျွန်းဂျူးက ပြောတယ်။
“ကံကောင်းတာက ပူဖောင်းတစ်ခု ဖြစ်နေတာနဲ့ ယှဉ်ရင် အရွယ်အစားက သေးသေးလေးပဲ ရှိသေးတာပဲ”
“အဲဒါတော့ ဟုတ်တယ်”
လူသား သမိုင်းတစ်လျှောက်မှာ အကြီးမားဆုံး ပူဖောင်းကတော့ ၂၀၀၈ ခုနှစ် ကမ္ဘာ့စီးပွားပျက်ကပ်ကြီးပဲ ဖြစ်ပါတယ်။ အမေရိကန် အိမ်ခြံမြေ ဈေးကွက်ပြိုလဲမှုကနေ စတင်ခဲ့တဲ့ အဲဒီအကြပ်အတည်းက ကမ္ဘာအနှံ့ကို လျင်လျင်မြန်မြန် ပြန့်နှံ့သွားပြီး အကြီးအကျယ် ထိခိုက်ပျက်စီးစေခဲ့တယ်။
ဒုတိယ အကြီးဆုံးကတော့ ၁၉၉၁ ခုနှစ်မှာ ဖြစ်ပွားခဲ့တဲ့ ဂျပန်နိုင်ငံရဲ့ ပိုင်ဆိုင်မှု ဈေးနှုန်းပူဖောင်းပါ။ ပူဖောင်း အထွတ်အထိပ် ရောက်နေချိန်တုန်းက တိုကျိုကို ရောင်းပြီး အမေရိကန်တစ်နိုင်ငံလုံးကို ဝယ်လို့ရတယ်ဆိုတဲ့ စကားတွေအထိ ရှိခဲ့တာပါ။ ဒါပေမဲ့ ပူဖောင်းက ချက်ချင်း ပေါက်ထွက်သွားခဲ့ပြီး ဂျပန်နိုင်ငံဟာ အနှစ် ၂၀ ကြာ စီးပွားရေး ထိုင်းမှိုင်းတဲ့ ကာလထဲကို ရောက်သွားခဲ့ရတယ်။
အခုအချိန်အထိ ဖြစ်ခဲ့တဲ့ ပူဖောင်းတွေနဲ့ Crypto ပူဖောင်းကြားမှာ ကြီးမားတဲ့ ကွာခြားချက် တစ်ခုရှိပါတယ်။ အဲဒါကတော့ လက်ရှိစနစ်ထဲမှာ ပေါင်းစည်းထားခြင်း ရှိ၊ မရှိဆိုတာပါပဲ။
အဆိုးဆုံး အခြေအနေကတော့ အစိုးရကိုယ်တိုင် ဝင်ပါပြီး ပူဖောင်းကို ပိုကြီးအောင် လုပ်တဲ့အခါမျိုးမှာပါ။
၁၈ ရာစု အစောပိုင်း ပြင်သစ်နိုင်ငံမှာ ဂျွန်လောလို့ ခေါ်တဲ့ ဘဏ္ဍာရေးသမား (ဒါမှမဟုတ် လိမ်လည်သူ) တစ်ယောက် ပေါ်လာခဲ့တယ်။ သူက အစိုးရရဲ့ ခွင့်ပြုချက်နဲ့ Banque Générale ကို တည်ထောင်ခဲ့ပြီး ပြင်သစ်အစိုးရက Banque Générale က ထုတ်ပေးတဲ့ ငွေစက္ကူတွေကိုပဲ အခွန်အဖြစ် လက်ခံခဲ့ပါတယ်။
နောက်ပိုင်းမှာ ဂျွန်လောက Mississippi ကုမ္ပဏီကို တည်ထောင်ခဲ့ပြီး အစိုးရစာချုပ်တွေကို ရှယ်ယာတွေနဲ့ လဲလှယ်ပေးခြင်းအားဖြင့် လှည့်ပတ်နေတဲ့ ငွေကြေးပမာဏကို တောက်လျှောက် တိုးမြှင့်ခဲ့တယ်။
ဒါပေမဲ့ Mississippi ကုမ္ပဏီက အမြတ်မထွက်တဲ့ နာမည်ခံ ကုမ္ပဏီသက်သက်ပဲ ဖြစ်နေခဲ့ပြီး ငွေကြေးပမာဏ အလျင်အမြန် တိုးတက်လာမှုကြောင့် အကြီးအကျယ် ငွေကြေးဖောင်းပွမှု ဖြစ်ပွားခဲ့ပါတယ်။
အဆုံးမှာတော့ ပူဖောင်းက ပေါက်ထွက်သွားပြီး ပြင်သစ်ရဲ့ ဘဏ္ဍာရေးစနစ်တစ်ခုလုံး အစစအရာရာ ပြိုလဲပျက်စီးသွားခဲ့ရတယ်။
တကယ်လို့ အစိုးရသာ အဲဒီတုန်းကလိုမျိုး ဝင်ပါပြီး ဘန့်ကွိုင်ကို အခွန်အဖြစ် လက်ခံခဲ့မယ်ဆိုရင် ဒေါ်လာ ၁၀၀,၀၀၀ တောင် ကျော်သွားလောက်ပါတယ်။
အရင်က ပူဖောင်းတွေက တည်ဆောက်ထားပြီးသား စနစ်ထဲမှာ ဖြစ်ခဲ့တာပါ။ Cryptoကတော့ ဆန့်ကျင်ဘက်ပါပဲ။
အစိုးရတွေအနေနဲ့ ဗဟိုချုပ်ကိုင်မှု လျှော့ချရေးနဲ့ အစိုးရကင်းမဲ့ရေးကို ဦးတည်နေတဲ့ Cryptoတွေကို ကြိုဆိုကြမှာ မဟုတ်ပါဘူး။ ဒါကြောင့်မလို့ ဘဏ္ဍာရေးစနစ်တစ်ခုလုံးကို တုန်လှုပ်စေမယ့် ပူဖောင်းမျိုးတော့ မဖြစ်လာခဲ့ပါဘူး။
ကျွန်တော် မေးလိုက်တယ်။
“ဒီကနေပြီး ဘယ်လောက်အထိ ထပ်တက်ဦးမယ် ထင်လဲ”
အစ်မ ဟျွန်းဂျူးက ပြန်ဖြေတယ်။
“နောက်ထပ် အဆ ၃၀ လောက် ထပ်တက်ဦးမယ်လို့တောင် ပြောနေကြတာပဲ”
“ဘာလို့လဲ”
“ရွှေရဲ့ ဈေးကွက်တန်ဖိုးက ဒေါ်လာ သိန်းပေါင်း ၆ ကုဋေ ရှိတာဆိုတော့ ဘန့်ကွိုင်ကလည်း အဲဒီဝန်းကျင်လောက် ဖြစ်လာရမယ်လေ”
လက်ရှိမှာ ဘန့်ကွိုင်ရဲ့ ဈေးကွက်တန်ဖိုးက ရွှေရဲ့ ဈေးကွက်တန်ဖိုးရဲ့ ၃-၄ ရာခိုင်နှုန်းလောက်ပဲ ရှိပါသေးတယ်။ ဒါကြောင့်မလို့ ရွှေနေရာမှာ အစားထိုးဖို့အတွက် နောက်ထပ် အဆ ၃၀ လောက် ထပ်တက်ဖို့ လိုအပ်တယ်ဆိုတာက ကျိုးကြောင်းဆီလျော်တဲ့ သုံးသပ်ချက်ပဲ ဖြစ်ပါတယ်။
သေချာစဉ်းစားကြည့်ရင် ဘန့်ကွိုင်က ရွှေနေရာမှာ အစားထိုးလိမ့်မယ်ဆိုတဲ့ အယူအဆက မှားနေပါတယ်။ ဒါပေမဲ့ Cryptoမှာ ရင်းနှီးမြှုပ်နှံထားတဲ့ သူတွေကတော့ ဒါကို ယုံကြည်နေကြပုံရတယ်။ လက်ရှိ ထိုးတက်နေတဲ့ အခြေအနေနဲ့ဆိုရင် ဖြစ်နိုင်သလိုလိုတောင် ရှိနေတာပါ။
ဘာပဲပြောပြော ပူဖောင်းတွေက အိမ်မက်တွေပေါ်မှာ အခြေခံပြီး ရှင်သန်ကြတာမလား။
စီနီယာ ဆန်းယော့က ပြောတယ်။
“ရင်းနှီးမြှုပ်နှံမှု ရူးသွန်းမှုက ကမ္ဘာလုံးဆိုင်ရာ ဖြစ်စဉ်တစ်ခု ဖြစ်နေပေမဲ့ ကိုရီးယားမှာတော့ ပိုပြီး ပြင်းထန်တယ်”
ကိုရီးယားမှာ Crypto ဈေးနှုန်းတွေက တခြားနိုင်ငံတွေထက် ပိုမြင့်နေတာ ကြာပါပြီ။ အဲဒါကို “ကင်ချီ ပရီမီယံ” လို့ ခေါ်ကြပါတယ်။ မကြာသေးခင်အထိ အဲဒါက ၅-၁၀ ရာခိုင်နှုန်း ဝန်းကျင်ပဲ ရှိခဲ့ပေမဲ့ အခုတော့ ၃၀ ရာခိုင်နှုန်းအထိ မြင့်တက်လာခဲ့ပါပြီ။
ငွေလဲစင်တာတွေကြားမှာ ဈေးနှုန်းတွေက ချိတ်ဆက် မထားတဲ့အတွက် ကိုရီးယားနိုင်ငံတွင်းက ငွေလဲစင်တာတွေ ကြားမှာတောင် ဈေးနှုန်းကွာဟချက်တွေက ခဏခဏ ဖြစ်တတ်ပါတယ်။ ၁ ရာခိုင်နှုန်း ဒါမှမဟုတ် ၂ ရာခိုင်နှုန်းလောက်ပဲ ကွာတာဆိုပေမဲ့ပေါ့လေ။
သီအိုရီအရဆိုရင် အမေရိကန် ငွေလဲစင်တာမှာ ဘန့်ကွိုင်ကို ဝယ်ပြီး ကိုရီးယား ငွေလဲစင်တာမှာ ချက်ချင်း ပြန်ရောင်းလိုက်ရုံနဲ့တင် ၃၀ ရာခိုင်နှုန်း မြတ်နိုင်ပါတယ်။
ဒါပေမဲ့ တကယ်တမ်း လုပ်ဖို့ကျတော့ အမေရိကန် အကောင့်ဖွင့်တာနဲ့ နိုင်ငံတကာ ငွေလွှဲတာမျိုးလိုမျိုး ရှုပ်ထွေးတဲ့ လုပ်ငန်းစဉ်တွေ လိုအပ်ပြီး ကုန်ကျစရိတ်တွေလည်း ရှိတဲ့အတွက် မလွယ်ကူပါဘူး။
တက်ဂယူက မျက်တောင်ခတ်လိုက်ရင်းနဲ့ ပြောတယ်။
“အဲဒါဆို ဆန့်ကျင်ဘက်အနေနဲ့ ကိုရီးယား ငွေလဲစင်တာမှာ ဝယ်ပြီး အမေရိကန် ငွေလဲစင်တာမှာ ပြန်ရောင်းရင် ၃၀ ရာခိုင်နှုန်း ရှုံးမယ်လို့ ဆိုလိုတာလား”
အံ့ဩဖို့ကောင်းတာက သူ ကွက်တိပြောလိုက်နိုင်တာပါပဲ။
တူညီတဲ့ ကုန်ပစ္စည်းတွေရဲ့ ဈေးနှုန်း ကွာခြားနေရင် ဈေးကြီးတဲ့နေရာမှာ ရောင်းပြီး ဈေးပေါတဲ့နေရာမှာ ဝယ်တာက စျေးကစားခြင်းရဲ့ အခြေခံမူပဲ ဖြစ်ပါတယ်။
ဒါပေမဲ့ ကိုရီးယားရဲ့ အခြေအနေကတော့ ပြောင်းပြန်ဖြစ်နေတာပါ။ တူညီတဲ့ ကွိုင်က ၃၀ ရာခိုင်နှုန်း ပိုဈေးကြီးနေတာတောင်မှ ဝယ်လိုအား အရှိန်အဟုန်က ရပ်တန့်မယ့် အရိပ်အယောင် မပြပါဘူး။
အယ်လီက ပြောတယ်။
“မကြာသေးခင်က အဲလိုမျိုး တကယ် ဖြစ်ခဲ့သေးတယ်”
ဂျပန်လူမျိုး တချို့ဟာ ဈေးနှုန်းအတော်လေး သက်သာတဲ့ ဂျပန်ငွေလဲစင်တာတွေကနေ ဘန့်ကွိုင်တွေကို ဝယ်ပြီး ကိုရီးယားကို ယူလာကာ ကိုရီးယား ငွေလဲစင်တာတွေမှာ ပြန်ရောင်းခဲ့ကြတယ်။ ပြီးတော့ ရလာတဲ့ ဝမ် သန်း ၁သောင်း တန်ဖိုးရှိတဲ့ ငွေကြေးတွေနဲ့ ရွှေတုံးတွေဝယ်ပြီး ဂျပန်ကို ပြန်သွားခဲ့ကြတယ်လေ။
နိဂုံးချုပ်ရရင် ဘန့်ကွိုင်က ကိုရီးယားထဲ စီးဝင်လာပြီး ရွှေကတော့ အပြင်ကို စီးထွက်သွားခဲ့တာပါ။ ဒီဂျစ်တယ်ရွှေကို ရုပ်ဝတ္ထုရွှေနဲ့ လဲလှယ်နိုင်ခဲ့တာက ၂၁ ရာစုရဲ့ အဂ္ဂိရတ်ပညာလို့ပဲ ပြောရမလား။
ပူဖောင်းတစ်ခုထဲမှာ ဈေးနှုန်းတွေ တက်လာတာနဲ့အမျှ အရောင်းအဝယ် ပမာဏကလည်း တိုးလာတတ်ပါတယ်။ ဈေးနှုန်းတွေ ဆက်တိုက် တက်နေဖို့အတွက် ရင်းနှီးမြှုပ်နှံမှု ပိုက်ဆံတွေက အပြင်ကနေ တောက်လျှောက် စီးဝင်နေရပါမယ်။ ကံကောင်းတာလား၊ ကံဆိုးတာလားတော့ မသိဘူး၊ လူတစ်ဦးချင်းစီက ပိုက်ဆံအမြောက်အမြားနဲ့ ဝင်လာခဲ့ကြတယ်။
ဈေးနှုန်းတွေ ထိုးတက်နေတာကို ထိုင်ကြည့်နေခဲ့ကြတဲ့ လူတွေဟာ ပိုပြီး မမြင့်သွားခင်မှာ ဝင်လုကြတာပါ။ အခုမှ မဝယ်ရင် ဝယ်ခွင့်ရတော့မှာ မဟုတ်ဘူးဆိုတဲ့ စိုးရိမ်စိတ်တွေတောင် ရှိနေကြပါတယ်။
ဘာကြောင့် တက်နေတာလဲ၊ ဒါမှမဟုတ် တကယ့်တန်ဖိုးက ဘာလဲဆိုတာ အရေးမကြီးတော့ပါဘူး။ ဈေးနှုန်းက တက်နေတာမလို့ လိုက်ဝယ်ကြတယ်၊ လိုက်ဝယ်ကြလို့ ဈေးနှုန်းက ထပ်တက်လာတယ်။
တက်ဂယူက ပြောတယ်။
“ဒီအခြေအနေက လောင်းကစားလုပ်တာနဲ့ ဘာမှမထူးတော့ဘူး”
လောင်းကစားပဲဖြစ်ဖြစ်၊ ရင်းနှီးမြှုပ်နှံမှုပဲဖြစ်ဖြစ် အရင်းအနှီး ပိုများတဲ့သူက အသာစီးရတာ သဘာဝပါ။
Crypto ဈေးကွက်ထဲက လက်ကြီးသမားတွေကိုတော့ ဝေလငါးတွေလို့ ခေါ်ကြပါတယ်။ ဘန့်ကွိုင်ရဲ့ အခြေအနေမှာတော့ ဝေလငါး ၁,၀၀၀ ခန့်က စုစုပေါင်း ကွိုင်တွေရဲ့ ၄၀ ရာခိုင်နှုန်းကို ပိုင်ဆိုင်ထားကြတာပါ။ (ကျွန်တော်တို့လည်း အဲဒီဝေလငါးတွေထဲက တစ်ကောင်ပါပဲ)
အင်အားစု အနည်းငယ်ကပဲ ဈေးကွက်ကို ထိန်းချုပ်နိုင်တဲ့အတွက် ဒါက လူတစ်ဦးချင်းစီအနေနဲ့ အစကတည်းက မနိုင်နိုင်တဲ့ ဂိမ်းတစ်ခုပါ။
တချို့လူတွေကတော့ ပိုက်ဆံအများကြီး ရကြပါလိမ့်မယ်။ ဒါပေမဲ့ အဲဒါက အနည်းစုပဲ ရှိတာပါ။ အများစုကတော့ ရင်းနှီးမြှုပ်နှံထားတဲ့ ပိုက်ဆံတွေ ဆုံးရှုံးရမှာပါ။
Crypto ဈေးကွက်က ဆက်တိုက် ကြီးထွားလာပြီး ရင်းနှီးမြှုပ်နှံသူ အရေအတွက် တိုးလာတာနဲ့အမျှ နိုင်ငံအသီးသီးက အစိုးရတွေကလည်း ဘယ်လိုတုံ့ပြန်ရမလဲဆိုတာကို စဉ်းစားခဲ့ကြတယ်။
အမေရိကန်က Cryptoတွေကို ကုန်စည်တွေအဖြစ် သတ်မှတ်ပြီး Chicago Mercantile Exchange မှာ Futures trading ကိုတောင် ခွင့်ပြုခဲ့တယ်။ ဂျပန်ကလည်း ငွေလဲစင်တာတွေကို လိုင်စင်ထုတ်ပေးတာ၊ ကြီးကြပ်ရေးအဖွဲ့အစည်းတွေ တည်ထောင်တာနဲ့ အခွန်ကောက်ခံတာမျိုးတွေ လုပ်ပြီး စနစ်ထဲကို သွင်းခဲ့ပါတယ်။
နိုင်ငံအများစုက အရောင်းအဝယ်ကို ခွင့်ပြုပေးမယ့် အနေအထား ရှိနေပေမဲ့ တရုတ်ကတော့ လုံးဝ ပိတ်ပစ်လိုက်တယ်။ ငွေလဲစင်တာ အားလုံးကို လုပ်ငန်းတွေ ရပ်ဆိုင်းဖို့ အမိန့်ပေးခဲ့ပြီး Mining farmsတွေ လည်ပတ်တာကိုလည်း တားမြစ်ခဲ့ပါတယ်။ ပြင်းထန်တဲ့ အစိုးရ စည်းမျဉ်းတွေကြောင့် ငွေလဲစင်တာ အသေးလေးတွေ ပိတ်လိုက်ရပြီး ငွေလဲစင်တာ အကြီးကြီးတွေကတော့ ဟောင်ကောင် ဒါမှမဟုတ် စင်ကာပူကို ပြောင်းရွှေ့သွားခဲ့ကြတယ်။
ဒါဆို ကိုရီးယားကကော။
သူတို့ ဘာမှမလုပ်ခဲ့ပါဘူး။
ဒါအတွက် အကြောင်းရင်းတွေ အများကြီး ရှိပေမဲ့ အကြီးဆုံး အကြောင်းရင်းကတော့ လက်ရှိ အစိုးရရဲ့ သက်တမ်းကုန်ခါနီး အားနည်းနေတဲ့ အခြေအနေကြောင့် ဖြစ်ပါတယ်။ လက်ရှိ အစိုးရက တကယ်တော့ သေလူလို ဖြစ်နေတာပါ။ ရှိပြီးသား အလုပ်တွေကိုတော့ ပုံမှန်အတိုင်း လုပ်နေကြပေမဲ့ ကိစ္စအသစ်တွေကိုတော့ မကိုင်တွယ်နိုင်ကြပါဘူး။
အဆုံးမှာတော့ အစိုးရ အပြောင်းအလဲဖြစ်ပြီးမှပဲ တစ်ခုခု လုပ်လာဖို့ မျှော်လင့်လို့ရပါတယ်။ ဒါပေမဲ့ အဲဒီအချိန်ကျရင်တော့ နောက်ကျသွားပါပြီ။
စီနီယာ ဆန်းယော့က ပြောတယ်။
“ဒီိကိုမလာခင်က ငါ စစ်ကြည့်ခဲ့တာ အခု K ကုမ္ပဏီ ပိုင်ဆိုင်ထားတဲ့ ကွိုင်တွေရဲ့ တန်ဖိုးက ဒေါ်လာ သန်း ၁၃,၀၀၀ ရှိတယ်”
စီနီယာ ဆန်းယော့ရဲ့ စကားကြောင့် ကျွန်တော်တို့အားလုံး အံ့ဩသွားကြတယ်။
တက်သွားတာတော့ သိပေမဲ့ ဒီလောက်အထိ ဖြစ်သွားလိမ့်မယ်လို့ မထင်ထားခဲ့ဘူး။
“ပြီးခဲ့တဲ့ခေါက်က ဒေါ်လာ သန်း ၂,၅၀၀ မဟုတ်ဘူးလား”
K ကုမ္ပဏီရဲ့ ရင်းနှီးမြှုပ်နှံမှုက ဒေါ်လာ သန်း ၁ ထောင်ပါ။ စီနီယာ ဆန်းယော့က Crypto ရင်းနှီးမြှုပ်နှံမှုတွေကို တာဝန်ယူထားတာဖြစ်ပြီး ပုံစံ ၃ မျိုးနဲ့ ရင်းနှီးမြှုပ်နှံခဲ့တာပါ။
ပထမဆုံးအနေနဲ့ ဗန်ဆန်းရဲ့ ရှယ်ယာတွေကို ထပ်မံဝယ်ယူပြီး သူတို့ရဲ့ ရှယ်ယာပိုင်ဆိုင်မှုကို ၈၅ ရာခိုင်နှုန်းအထိ တိုးမြှင့်ခဲ့တယ်။ ဒုတိယအနေနဲ့ ပြည်ပ ငွေလဲစင်တာတွေမှာ ဘန့်ကွိုင်၊ အီသီရီယမ်နဲ့ အသစ်ထုတ်ဝေတဲ့ Altcoins တွေကို ဝယ်ခဲ့တယ်။ နောက်ဆုံးအနေနဲ့ကတော့ ပြည်ပမှာ Mining Farmတွေကို တိုက်ရိုက် တည်ထောင်ခဲ့တာပါ။
Mining Farmတွေထဲမှာ ကွန်ပျူတာပေါင်း သောင်းနဲ့ချီပြီး အဆုံးမရှိ စီတန်းထားတာ ဖြစ်ပါတယ်။ ကျွန်တော် ဓာတ်ပုံထဲမှာပဲ မြင်ဖူးတာဆိုပေမဲ့ တကယ့်ကို အံ့ဩစရာ မြင်ကွင်းကြီးပါပဲ။
သတ္တုတွင်းသမားတွေက မိုင်းတွင်းထဲကနေ ရွှေတူးဖော်သလိုမျိုး ကွန်ပျူတာတွေက ဒီဂျစ်တယ်ကမ္ဘာထဲကနေ ကွိုင်တွေကို ထုတ်ယူကြတာပါ။ ဒါက တကယ့်ကို မိုင်းတွင်းတူးတာပါပဲ။ ကုမ္ပဏီတွေကြား ပြိုင်ဆိုင်မှုတွေကြောင့် တူးဖော်ရရှိတဲ့ ပမာဏကတော့ လျော့နည်းသွားပေမဲ့ ဈေးနှုန်းတွေ တက်လာတာကြောင့် အမြတ်ကတော့ ဆက်တိုက် တိုးနေပါတယ်။
ဒီကွိုင်တွေက စာရင်းဇယားတွေထဲမှာ မှတ်တမ်းမတင်ထားတဲ့ ပိုင်ဆိုင်မှုတွေပါ။ တကယ်လို့ ဒါတွေကို ငွေသားအဖြစ် ပြောင်းလိုက်မယ်ဆိုရင် K ကုမ္ပဏီရဲ့ တန်ဖိုးကို ပြန်လည် သတ်မှတ်ရပါလိမ့်မယ်။
ဟင်နရီက ပြောတယ်။
“တန်ဖိုး တွက်ချက်ထားတာ ရှိပေမဲ့ တကယ်တမ်း ထုတ်ရောင်းမယ်ဆိုရင် အဲဒီရဲ့ တစ်ဝက်တောင် ရဖို့ ခက်လိမ့်မယ်”
စီနီယာ ဆန်းယော့ကလည်း သဘောတူတယ်။
“အနည်းဆုံးတော့ ဘန့်ကွိုင်နဲ့ အီသီရီယမ် တချို့ကို ဈေးကွက်မှာ ပေါက်စျေးအတိုင်းရလောက်ပေမဲ့ ဈေးကွက်တန်ဖိုး သေးငယ်တဲ့ Altcoinတွေကတော့ အများကြီး ထုတ်ရောင်းလိုက်တာနဲ့ ချက်ချင်း ဈေးထိုးကျသွားလိမ့်မယ်”
ဘယ်လောက်ပဲ ကြီးမားလာပါစေ Cryptoရဲ့ ဈေးကွက်တန်ဖိုးက ရှယ်ယာ ဒါမှမဟုတ် စာချုပ်ဈေးကွက်တွေနဲ့ ယှဉ်လို့မရပါဘူး။ တကယ်လို့ K ကုမ္ပဏီကသာ ပိုင်ဆိုင်ထားတဲ့ ကွိုင်တွေကို ဖယ်ရှားပစ်မယ်ဆိုရင် ဈေးကွက်တစ်ခုလုံး တုန်လှုပ်သွားပါလိမ့်မယ်။
အစ်မ ဟျွန်းဂျူးက စီကရက်ကို ငြှိမ်းလိုက်ပြီး ပြောတယ်။
“ဝေလငါးတစ်ကောင် အိုင်ထဲကနေ လွတ်မြောက်ဖို့ တစ်ခုထဲသော အခွင့်အရေးက မိုးသည်းသည်းမည်းမည်း ရွာတဲ့အချိန်ပဲ”
နေသာတဲ့နေ့မှာ ဝေလငါးကြီးက အိုင်ထဲကနေ ထွက်ဖို့ ကြိုးစားရင် ရေမျက်နှာပြင်က အလျင်အမြန် ကျဆင်းသွားမှာဖြစ်လို့ အန္တရာယ်ရှိပါတယ်။ ဒါကြောင့်မလို့ ဝေလငါးတွေက မိုးသည်းသည်းမည်းမည်း ရွာပြီး ရေမျက်နှာပြင် မြင့်တက်လာတဲ့ အချိန်ကျမှပဲ လွတ်အောင် ပြေးရမှာပါ။
လက်ရှိ အခြေအနေက ပူဖောင်းတစ်ခု ဖြစ်နေတယ်ဆိုတာကိုတော့ ငြင်းစရာ မရှိပါဘူး။ အရေးကြီးတာက ထွက်ခွာမယ့် အချိန်ကိုက်မှုပါပဲ။
အဲဒီအချိန်မှာပဲ ကျွန်တော့် မျက်စိရှေ့မှာ တစ်ခုခုကို ဝင်းခနဲ မြင်လိုက်ရတယ်။
-Crypto ပူဖောင်း ပေါက်သွားခြင်း-
ကျွန်တော် သတိပြန်ဝင်လာတဲ့အခါ လူတိုင်းရဲ့ အာရုံစိုက်မှုက ကျွန်တော့်ဆီ ရောက်နေခဲ့ပါပြီ။
“နင် ဘာတွေ စဉ်းစားနေတာလဲ”
ကျွန်တော်က ဘာမှမဖြစ်ခဲ့သလိုမျိုး တည်တည်ငြိမ်ငြိမ်ပဲ ပြောလိုက်တယ်။
“အခုကစပြီး စရောင်းကြရအောင်”