အခန်း ၂၁၈
Vol. 22 Ch. 218
အခန်း (၂၁၈)
အိုဗျောင်ဂျွန်က ကိုရီးယားတက္ကသိုလ် စီးပွားရေးစီမံခန့်ခွဲမှုဌာနရဲ့ ကျောင်းသားဟောင်းတစ်ယောက်ပါ။
သူက ခက်ခဲလှတဲ့ အလုပ်အကိုင်ဈေးကွက်ကို အောင်အောင်မြင်မြင် ကျော်ဖြတ်ပြီး CS Retail ကုမ္ပဏီမှာ အလုပ်ရခဲ့ပါတယ်။ ကုမ္ပဏီကြီးတစ်ခုမှာ သူအိမ်မက်မက်ခဲ့ရတဲ့ အလုပ်ကို ရခဲ့တာဖြစ်ပေမဲ့ သူ့ရဲ့လုပ်ငန်းခွင်ဘဝက သိပ်တော့ ပျော်စရာမကောင်းလှပါဘူး။ အလုပ်က ပင်ပန်းပြီး လုပ်စရာတွေလည်း အများကြီးပဲလေ။ တစ်နေ့လုံး အရောင်းဆိုင်တွေဆီ သွားလိုက်လာလိုက်နဲ့ အချိန်ကုန်ရတာက တကယ့်ကို ပင်ပန်းပါတယ်။
ဝန်ထမ်းသစ်တစ်ယောက်အနေနဲ့ သူ့ရဲ့လစာက ဝမ် ၃.၃ သန်းဝန်းကျင်ပဲ ရှိတာပါ။ အိမ်လခနဲ့ လူနေမှုစရိတ်တွေ ပေးပြီးတဲ့နောက်မှာတော့ ချွေတာရင်တောင်မှ တစ်လကို ဝမ် ၂ သန်း စုဖို့ဆိုတာ မလွယ်ကူပါဘူး။
သူက ထိပ်တန်းတက္ကသိုလ်ကနေ ဘွဲ့ရခဲ့ပြီး ကော်ပိုရေးရှင်းကြီးတစ်ခုမှာ အလုပ်ရခဲ့တာပါ။
ဒါက အောင်မြင်တဲ့ဘဝလို့ ထင်ရပေမဲ့ ဘာကြောင့်မှန်းမသိ သူ့ရှေ့ရေးကို သူမမြင်ရဘဲဖြစ်နေပါတယ်။ အစားအသောက်နဲ့ အဝတ်အစားတွေကို ချွေတာပြီး နှစ်နှစ်ခွဲလောက် ကြိုးကြိုးစားစား စုဆောင်းခဲ့ပေမဲ့ ဝမ် သန်း ၅၀ ပဲ စုမိပါသေးတယ်။
တခြားတစ်ဖက်မှာတော့ ဆိုးလ်မြို့ရဲ့ အိမ်ခြံမြေဈေးနှုန်းတွေက ဘယ်လောက်ပဲ ကြိုးစားစုစု ဝယ်ဖို့မဖြစ်နိုင်လောက်အောင်ကို မြင့်တက်နေခဲ့တာပါ။
ဆိုးလ်မှာ အိမ်ပိုင်ဖို့ဆိုရင် မိဘတွေဆီကနေ အမွေဆက်ခံရုံကလွဲလို့ တခြားနည်းလမ်းမရှိတဲ့ အခြေအနေအထိ ဖြစ်လာခဲ့တယ်။
'ငါ ဒီလိုနဲ့ပဲ အိမ်ထောင်ပြုနိုင်ပါ့မလား'
ပြီးခဲ့တဲ့နှစ်ကုန်ပိုင်းကစပြီး Cryptoရူးသွပ်မှုက တက္ကသိုလ်တွေနဲ့ ကုမ္ပဏီတွေအထိပါ လွှမ်းမိုးသွားခဲ့တယ်။ သူ့ရဲ့လုပ်ငန်းခွင်ဖြစ်တဲ့ CS Retail လည်း ချွင်းချက်မဟုတ်ခဲ့ဘူး။
အထက်လူကြီးတွေက အလုပ်ချိန်အတွင်း ရှယ်ယာ ဒါမှမဟုတ် Crypto အရောင်းအဝယ်မလုပ်ဖို့ ညွှန်ကြားချက်တွေ ထုတ်ထားပေမဲ့လည်း ရင်းနှီးမြှုပ်နှံမှု အရှိန်အဟုန်ကိုတော့ မတားဆီးနိုင်ခဲ့ပါဘူး။ လူတိုင်းက နားချိန်တွေမှာ သူတို့ရဲ့ စမတ်ဖုန်းတွေကနေ ဈေးကွက်ပေါက်ဈေးတွေကို တောက်လျှောက် စစ်ဆေးနေကြပြီး ဝမ်းသာလိုက်၊ သက်ပြင်းချလိုက် ဖြစ်နေကြပါတယ်။
ဒီအချိန်အထိတော့ အိုဗျောင်ဂျွန်က Crypto ရင်းနှီးမြှုပ်နှံမှုကို သိပ်ပြီး အာရုံမစိုက်ခဲ့ပါဘူး။ နှစ်ချုပ်စားသောက်ပွဲတစ်ခုကို တက်ရောက်ပြီးတဲ့နောက်မှာတော့ သူ့ရဲ့အတွေးအခေါ်က ပြောင်းလဲသွားခဲ့ပါတယ်။
ဒါက တက္ကသိုလ်တုန်းက ဂီတဝိုင်းက စီနီယာ၊ ဂျူနီယာတွေနဲ့ ပြန်ဆုံကြတဲ့ နှစ်ချုပ်စားသောက်ပွဲ ဖြစ်ပေမဲ့ စကားဝိုင်းရဲ့ အကြောင်းအရာက ဂီတအကြောင်းမဟုတ်ဘဲ Cryptoအကြောင်းချည်းပဲ ဖြစ်နေခဲ့တာပါ။
သိပ္ပံနဲ့ နည်းပညာနယ်ပယ်က လူတွေက စိတ်အားထက်သန်စွာနဲ့ ငြင်းခုံနေကြတယ်။
“ဗဟိုဘဏ်က ဒေါ်လာတွေကို ကြိုက်သလောက် ထုတ်လို့ရပေမဲ့ ဘန့်ကွိုင်ကတော့ ထုတ်လုပ်မယ့် ပမာဏအတိအကျ သတ်မှတ်ထားတာ”
“ရိုးရိုးငွေကြေးတွေက ငွေကြေးဖောင်းပွမှုကြောင့် အချိန်ကြာလာတာနဲ့အမျှ တန်ဖိုးကျသွားတတ်ပေမဲ့ Cryptoတွေကတော့ ရှားပါးမှုကြောင့် တန်ဖိုးတက်ဖို့ပဲ ရှိတယ်”
“တစ်နေ့ကျရင် Blockchain နည်းပညာနဲ့ တည်ဆောက်ထားတဲ့ Cryptoတွေက လက်ရှိငွေကြေးတွေနေရာမှာ အစားထိုး ဝင်ရောက်လာလိမ့်မယ်”
“အင်တာနက်က ကမ္ဘာကြီးကို ပြောင်းလဲပစ်ခဲ့သလိုမျိုး Blockchainကလည်း ကမ္ဘာကြီးကို ပြောင်းလဲပစ်လိမ့်မယ်။ အဲဒီတော့ ကွိုင်တွေ ဝယ်တယ်ဆိုတာ အဲဒီBlockchain နည်းပညာမှာ ရင်းနှီးမြှုပ်နှံတာပဲ”
“အချိန်ကြာလာတာနဲ့အမျှ ဘယ်လောက်အထိ ထပ်တက်ဦးမလဲဆိုတာ မပြောနိုင်ဘူး။ အခုက ဝယ်ဖို့ အကောင်းဆုံး အခွင့်အရေးပဲ”
Blockchain၊ Distributed ledger၊ Protocol)၊ hard fork၊ soft fork၊ SegWit စတဲ့ နားမလည်နိုင်တဲ့ ဝေါဟာရတွေကို ပြောနေကြတာပါ။
အိုဗျောင်ဂျွန် အတွေးထဲ နစ်ဝင်သွားတယ်။
'Blockchainက ဆန်းသစ်တဲ့ နည်းပညာအသစ်တစ်ခုဆိုတာ နားလည်ပါတယ်။ ဒါပေမဲ့ အဲဒါက ကွိုင်ဈေးနှုန်း တက်တာနဲ့ ဘာဆိုင်လို့လဲ'
တကယ်တော့ တကယ့်ကို စိတ်ဝင်စားစရာကောင်းတဲ့ အကြောင်းအရာတွေက တခြားဟာတွေပါ။
“ငါတို့ပတ်ဝန်းကျင်မှာတင် ကွိုင်တွေနဲ့ အကြီးအကျယ် ပေါက်သွားတဲ့လူတွေ အများကြီးရှိတယ်”
“လတ်တလောဖြစ်ရပ်ဆိုတဲ့ အစီအစဉ်ကို ကြည့်လိုက်သေးလား။ အဲဒီလူက Stuncoin ကို ICO မလုပ်ခင်ကတည်းက ဝယ်ထားပြီး ဝမ် သန်း ၆သောင်း တောင် မြတ်သွားတာတဲ့”
“မင်း ဆောင်ဂျင်ကို သိတယ်မလား။ သူက အစောပိုင်းတုန်းက ဝမ် ၁၀ သန်း ရင်းနှီးမြှုပ်နှံထားတာ။ အခုဆို ဝမ် သန်း ၈၀၀ တောင် ရနေပြီ။ ဂန်နမ်မှာ အဆောက်အဦးတစ်ခု ဝယ်ဖို့ ပိုက်ဆံလောက်ပြီဆိုတာနဲ့ အားလုံးကို ငွေသားအဖြစ် ပြောင်းတော့မလို့တဲ့”
“မင်ချောလည်း ပိုက်ဆံအများကြီး ရလိုက်တယ်။ Mercedes-Benz E-Class တစ်စီးကို သိပ်မကြာသေးခင်ကပဲ သူဝယ်လိုက်ပြီလေ”
အိုဗျောင်ဂျွန် အံ့ဩသွားရတယ်။
“စီနီယာ ဆောင်ဂျင်က အလုပ်မရဘဲ ဖြစ်နေတာ မဟုတ်ဘူးလား”
“ဟုတ်တယ်။ သူက အလုပ်မရလို့ အိမ်မှာပဲ သောင်တင်နေရင်းနဲ့ ကွိုင် ရင်းနှီးမြှုပ်နှံမှုကနေ ထီပေါက်သလို ဖြစ်သွားတာ။ သူက အလုပ်သာ စောစောရသွားခဲ့ရင် ဒုက္ခလှလှတွေ့ခဲ့မှာပဲလို့ ပြောပြီး သက်ပြင်းချနေသေးတယ်”
“……”
တချို့လူတွေက တစ်နေ့လုံး ပင်ပင်ပန်းပန်း အလုပ်လုပ်ပြီး ဝမ်အနည်းငယ်ပဲ ရနေချိန်မှာ တချို့ကတော့ အိမ်မှာနေရင်း ကွိုင်တွေကနေ ဝမ် သန်း ၈၀၀ တောင် ရနေတာလား။
တခြား အောင်မြင်မှု ဇာတ်လမ်းတွေလည်း အများကြီး ရှိပါသေးတယ်။
တစ်ယောက်က Roopleကွိုင်ကို ဝယ်တယ်၊ နောက်တစ်ယောက်က Roydaကွိုင်ကို ဝယ်တယ်၊ နောက်တစ်ယောက်ကတော့ Stellmantaကွိုင်ကို ဝယ်တယ်။ ဒီအခြေအနေအထိ ရောက်လာတဲ့အခါ တခြားနေရာကို မျှော်မကြည့်ဘဲ ကြိုးကြိုးစားစား အလုပ်လုပ်ပြီး ပိုက်ဆံစုနေခဲ့တဲ့ ကိုယ့်ကိုကိုယ်တောင် ငတုံးလို့ ခံစားလာရပါတယ်။
“စဉ်းစားကြည့်စမ်း။ ကွိုင်တွေက ငါတို့လို ကျောထောက် နောက်ခံမရှိတဲ့ လူတွေအတွက် ဘဝကို ပြောင်းလဲပစ်ဖို့ နောက်ဆုံး အခွင့်အရေးပဲ”
“ကွိုင်တွေမှာ ရင်းနှီးမြှုပ်နှံပြီး အကုန်ဆုံးရှုံးသွားတဲ့လူရှိဖူးလို့လား”
“တချို့ကွိုင်တွေ ကျပြီး တချို့ကွိုင်တွေ တက်တာမျိုးလည်း ဖြစ်နေတာမဟုတ်ဘူး။ အကုန်လုံးက တက်နေတာ။ အရေးကြီးတာက ဘယ်ဟာက ပိုတက်မလဲဆိုတာ ရှာဖို့ပဲ”
နောက်ဆုံးမှာတော့ တက္ကသိုလ်တုန်းက သူတို့ရဲ့ ကလပ်ဥက္ကဋ္ဌဖြစ်ခဲ့တဲ့ စီနီယာက ဝင်ပြောတယ်။
“မင်းတို့ဌာနက ကန်ဂျင်ဟူကိုပဲ ကြည့်လေ၊ မှတ်မိတယ်မလား။ သူသာ ဘန့်ကွိုင်ကြောင့် မဟုတ်ရင် အခုလို ချမ်းသာပါ့မလား”
အိုဗျောင်ဂျွန်က တက္ကသိုလ်တုန်းက တွေ့ခဲ့ဖူးတဲ့ ဂျူနီယာတစ်ယောက်ကို သတိရသွားပါတယ်။ OTK Company ရဲ့ ကနဦး ရင်းနှီးမြှုပ်နှံမှုတွေက ဘန့်ကွိုင်ကနေ ရလာတာဆိုတာ လူတိုင်း သိကြတာပဲလေ။
စားသောက်ပွဲပြီးလို့ အိမ်အပြန်လမ်းမှာ အိုဗျောင်ဂျွန်က သူ့ရဲ့ စမတ်ဖုန်းထဲမှာ Banthem Appကို ထည့်သွင်းပြီး ငွေလဲစင်တာတွေကို ကြည့်လိုက်တယ်။ သူက အချက်အလက်တွေ စုဆောင်းဖို့အတွက် ဘန့်ကွိုင် ဝဘ်ဆိုက်နဲ့ ဂရုချက်တွေထဲကိုလည်း ဝင်ခဲ့ပါတယ်။
ရင်းနှီးမြှုပ်နှံထားတဲ့ လူတိုင်းက ပိုက်ဆံတွေ ရနေကြပြီး သူတို့ရဲ့ အမြတ်အစွန်းတွေကို တင်နေကြတာပါ။ အမြတ်အစွန်းတွေက မယုံနိုင်စရာပါပဲ။ အမြတ် ၁၀၀ ရာခိုင်နှုန်းပဲ ရခဲ့တာလို့ တင်ရင်တောင်မှ ဒီထက်ပိုပြီး မရလို့ဆိုပြီး လှောင်ပြောင်ခံရမှာပါ။
'ပိုက်ဆံရှာရတာ ဒီလောက်တောင် လွယ်သလား'
အိုဗျောင်ဂျွန်က Crypto ငွေကြေးတစ်ခုကို သေချာ ရွေးချယ်လိုက်တယ်။
သူ ရွေးချယ်လိုက်တဲ့ ကွိုင်ကတော့ Roople ပါ။
ဖြန့်ဝေထားသော စာရင်းဇယား စနစ်တွေရှိတဲ့ တခြားကွိုင်တွေနဲ့မတူဘဲ Roople က Roople ကုမ္ပဏီက ဦးဆောင်တဲ့ သီးသန့် Blockchainပေါ်မှာ လည်ပတ်တာ ဖြစ်ပါတယ်။ အဲဒါကို ဘဏ္ဍာရေး အရောင်းအဝယ်တွေနေရာမှာ အစားထိုးဖို့ ရည်ရွယ်ချက်နဲ့ အစကတည်းက ဖန်တီးခဲ့တာဖြစ်လို့ အထူးသဖြင့် ဘဏ်အချင်းချင်း ငွေလွှဲတဲ့နေရာမှာ တခြားကွိုင်တွေထက် အရောင်းအဝယ် လုပ်ဆောင်မှုနှုန်းက သိသိသာသာကို မြန်ဆန်ပါတယ်။
ကွိုင် တစ်ခုချင်းစီမှာ ထုတ်ဝေတဲ့ ရည်ရွယ်ချက်၊ နည်းလမ်းနဲ့ ပမာဏ ကွာခြားချက်တွေ ရှိပေမဲ့ အဲဒါက သိပ်ပြီး အရေးကြီးတဲ့ ကိစ္စမဟုတ်ပါဘူး။
တစ်ခုထဲသော အရေးကြီးတဲ့အချက်ကတော့ အနာဂတ်မှာ ဘယ်လောက်အထိ ထပ်တက်ဦးမလဲဆိုတာပါပဲ။
ရှယ်ယာဈေးကွက်နဲ့မတူဘဲ Crypto ငွေလဲစင်တာတွေက ပိတ်ရက်တွေမှာပါ ၂၄ နာရီပတ်လုံး ဖွင့်လှစ်ထားတာပါ။ ဆာဗာတွေသာ မကျဘူးဆိုရင် ကြိုက်တဲ့အချိန် အရောင်းအဝယ် လုပ်လို့ရပါတယ်။
အိုဗျောင်ဂျွန်က ဝမ် ၅ သန်း ရင်းနှီးမြှုပ်နှံပြီး Roople ကို ၁,၂၀၀ ဝမ်နဲ့ ဝယ်လိုက်တယ်။ သူက အစပိုင်းမှာ နည်းနည်းပဲ ရင်းနှီးမြှုပ်နှံပြီးမှ ပမာဏကို တဖြည်းဖြည်း တိုးသွားဖို့ စီစဉ်ထားတာပါ။
ဒါပေမဲ့ ရင်းနှီးမြှုပ်နှံပြီး ရက်ပိုင်းအကြာမှာတင် အံ့ဩစရာကောင်းတဲ့ အရာတစ်ခု ဖြစ်ပျက်ခဲ့ပါတယ်။
Roople ဟာ ငွေလွှဲတဲ့နေရာမှာ ထိပ်တန်းဘဏ်ကြီးတွေနဲ့ ပူးပေါင်းဆောင်ရွက်နေတယ်ဆိုတဲ့ သတင်း ထွက်လာခဲ့ပြီး ချက်ချင်းဆိုသလို ၁၀၀ ရာခိုင်နှုန်းအထိ ထိုးတက်သွားခဲ့တယ်။ သူက ရက်ပိုင်းအတွင်းမှာတင် ဝမ် ၅ သန်းကျော် မြတ်သွားခဲ့တာပါ။
'ငါ ပိုပြီး ဝယ်ထားလိုက်ရမှာ'
သူ နောင်တမရမိခင်မှာတင် ဈေးနှုန်းက ၃,၀၀၀ ဝမ်အထိ ကျော်သွားခဲ့ပြီး သူ့ရဲ့အမြတ်က ဝမ် ၁၀ သန်းအထိ တိုးလာခဲ့တယ်။
သူက လူပင်ပန်းတဲ့အထိ အချိန်ပိုတွေ ဆင်းခဲ့ရပြီး သူ့ရဲ့လစာက ဝမ် ၃.၃ သန်းပဲ ရှိတာပါ။ ဒါပေမဲ့ ကွိုင်တွေကတော့ တစ်ရက်ထဲမှာတင် ဝမ် သန်းနဲ့ချီပြီး ခုန်တက်နေခဲ့တာ ဖြစ်ပါတယ်။
ဒါ့အပြင် အလားအလာကောင်းတဲ့ သတင်းကောင်းတွေလည်း အများကြီး ရှိနေပါသေးတယ်။
Roople ဟာ ဘဏ်အတော်များများနဲ့ ပူးပေါင်းထားပြီးသားဖြစ်လို့ နှစ်အနည်းငယ်အတွင်းမှာ နိုင်ငံတကာ ငွေလွှဲစနစ်တစ်ခုလုံးကို အပြည့်အဝ အစားထိုးနိုင်လိမ့်မယ်လို့ ထင်ရပါတယ်။
ဒါကို တွေးမိပြီး သူ စိုးရိမ်စိတ်ဝင်လာတယ်။ ဒီထက်ပိုပြီး တက်သွားရင် ဝယ်ဖို့ ပိုခက်သွားလိမ့်မယ်လေ။
ဈေးနှုန်းက ၄,၀၀၀ ဝမ်ဆီကို ဦးတည်နေရင်းနဲ့ ခဏတာ ရပ်တန့်သွားပြီး ၃,၄၀၀ ဝမ်အထိ ကျဆင်းသွားခဲ့တယ်။ အိုဗျောင်ဂျွန်က ချက်ချင်းပဲ သူ့ရဲ့ ကျန်ရှိနေတဲ့ ဝမ် ၄၅ သန်းကို ထုတ်ပြီး ထပ်မံ ဝယ်ယူလိုက်တယ်။
'ကျေးဇူးပြုပြီး ၅,၀၀၀ ဝမ်အထိပဲ ရောက်သွားပေးပါ'
သူ မျှော်လင့်ထားတဲ့အတိုင်း ရက်ပိုင်းအကြာမှာ Roople ဟာ ၄,၀၀၀ ဝမ်ကို ကျော်ဖြတ်သွားခဲ့ပြီး အီသီရီယမ်ကို ကျော်တက်ကာ ဘန့်ကွိုင်ရဲ့ နောက်မှာ ဒုတိယ အကြီးဆုံး Crypto ဖြစ်လာခဲ့တယ်။
အိုဗျောင်ဂျွန်က လက်နှစ်ဖက်ကို မြှောက်ပြီး အောင်ပွဲခံလိုက်တယ်။
“ဟုတ်ပြီကွာ”
ပူဖောင်းတွေက လူတိုင်းကို ပျော်ရွှင်စေပါတယ်။
Cryptoတွေကို ဖန်တီးပြီး ထုတ်ဝေတဲ့ ပရိုဂရမ်မာတွေ၊ ဒါတွေကို ဝယ်ယူတဲ့ ရင်းနှီးမြှုပ်နှံသူတွေနဲ့ ငွေလဲစင်တာတွေကို လည်ပတ်တဲ့သူတွေ။ ဘယ်သူမှ ပိုက်ဆံမရှုံးကြပါဘူး၊ လူတိုင်း ပိုက်ဆံရနေကြတာပါ။
ဒါပေမဲ့ ဒီအခြေအနေက ထာဝရ မတည်မြဲနိုင်ပါဘူး။ နည်းနည်းလောက် စဉ်းစားကြည့်ရုံနဲ့တင် တွေးကြည့်လို့ရပါတယ်။
ဈေးနှုန်းတွေ ဆက်တိုက် တက်နေဖို့အတွက် ငွေကြေးစီးဆင်းမှုက အဆုံးမရှိ ထောက်ပံ့ပေးနေရပါမယ်။ တစ်ယောက်ယောက်က ၁,၀၀၀ ဝမ်နဲ့ ဝယ်ထားတဲ့ ကွိုင်ကို နောက်တစ်ယောက်က ၁,၅၀၀ ဝမ်နဲ့ ဝယ်ရမယ်၊ ပြီးတော့ နောက်ထပ်လူက ၂,၀၀၀ ဝမ်နဲ့ ထပ်ဝယ်ရပါမယ်။
ဒါက Ponzi scheme လိမ်လည်မှု ပုံစံမျိုး ဖြစ်နေတာပါ။
Cryptoတွေမှာ တန်ဖိုး လုံးဝမရှိဘူးလို့တော့ အသေအချာ ပြောဖို့ ခက်ပါတယ်။ ဒါပေမဲ့ အဲဒါတွေက လက်ရှိ သုံးစွဲနေတဲ့ ငွေကြေးတွေနေရာမှာ ချက်ချင်း အစားထိုးနိုင်တာမျိုး ဒါမှမဟုတ် အပိုဆောင်းတန်ဖိုးတွေ ဖန်တီးပေးနိုင်တာမျိုးတော့ မဟုတ်ပါဘူး။
အဆုံးမှာတော့ ပိုများတဲ့ဈေးနဲ့ ဝယ်မယ့်သူကို ရှာမတွေ့တော့တဲ့ အချိန်... တစ်နည်းအားဖြင့်ပြောရရင် ပိုက်ဆံအသစ်တွေ စီးဝင်မှု ရပ်တန့်သွားတဲ့ အချိန်မှာတော့ ပြိုလဲသွားဖို့ပဲ ရှိပါတယ်။
ဒါပေမဲ့ ဘယ်သူမှ အဲဒီအချက်ကို အလေးအနက် မစဉ်းစားခဲ့ကြပါဘူး။
ပူဖောင်းတစ်ခု ဖြစ်နေရင်တောင်မှ အရေးမကြီးဘူးလေ။ လူတိုင်းက နောက်ဆုံးအချိန်မှာ လွတ်အောင် ပြေးနိုင်လိမ့်မယ်လို့ ယုံကြည်ချက် အပြည့်ရှိနေကြတာပါ။
ဒါပေမဲ့... နှစ်သစ်စပြီး သိပ်မကြာခင်မှာတင် အပျက်သဘောဆောင်တဲ့ ဖြစ်ရပ်တွေ တစ်ပြိုင်ထဲ ဖြစ်ပွားခဲ့တယ်။
အကြီးမားဆုံး ပြဿနာကတော့ အစိုးရက Crypto လုပ်ငန်းအဖွဲ့တစ်ခုကို ဖွဲ့စည်းလိုက်ပြီး ငွေလဲစင်တာတွေကို လုံးဝ ပိတ်ပစ်ဖို့ စဉ်းစားနေတယ်ဆိုတဲ့ သတင်းပါပဲ။ ဒါ့အပြင် အမေရိကန်မှာလည်း ဈေးနှုန်းကစားမှုနဲ့ တရားမဝင် အရောင်းအဝယ်တွေအတွက် ငွေလဲစင်တာတွေကို စုံစမ်းစစ်ဆေးမှုတွေ စတင်နေပြီဖြစ်ပြီး ဂျပန်နိုင်ငံရဲ့ အကြီးဆုံး ငွေလဲစင်တာဖြစ်တဲ့ Checkcoin လည်း Hackခံရကာ ယန်း သန်းပေါင်း ၆သောင်း တန်ဖိုးရှိတဲ့ Cryptoတွေ အခိုးခံခဲ့ရပါတယ်။
ဒီအချက်တွေကို သိလိုက်ရတဲ့အခါ အဆုံးမရှိ တက်နေခဲ့တဲ့ ကွိုင်တွေက စတင်ပြီး ထိုးကျသွားခဲ့တယ်။ ဈေးနှုန်းတွေက ၃၀ ရာခိုင်နှုန်းလောက် ပိုမြင့်နေခဲ့တဲ့ ကိုရီးယားမှာတော့ တခြားနိုင်ငံတွေထက် ပိုပြီး ပြင်းပြင်းထန်ထန် ကျဆင်းခဲ့ပါတယ်။
ဒီအချိန်ကစပြီး အိုဗျောင်ဂျွန်တစ်ယောက် စိတ်အေးအေး မနေနိုင်တော့ပါဘူး။
သူ အိပ်လို့မပျော်ဘဲ တစ်ညလုံး အိပ်ရေးပျက်ခဲ့ရတယ်။ ထမင်းစားချိန် ဒါမှမဟုတ် အိမ်သာသွားချိန်တွေမှာတောင် သူ့ရဲ့ စမတ်ဖုန်းကို လက်ကနေမချနိုင် ဖြစ်နေခဲ့တာပါ။
'ငါ အခုပဲ ပြန်ရောင်းလိုက်ရမလား'
ဒါပေမဲ့ အချိန်မရွေး ပြန်တက်လာနိုင်ခြေလည်း ရှိပုံရတယ်လေ။
သူ အလုပ်ကို အာရုံမစိုက်နိုင်တော့ဘဲ ရုံးမှာတောင်မှ မိနစ်တိုင်း ငွေလဲနှုန်းတွေကို ဆက်တိုက် စစ်ဆေးနေခဲ့မိတယ်။ သူ့ရဲ့ ပြင်းပြတဲ့ ဆန္ဒတွေနဲ့ ဆန့်ကျင်ဘက်အနေနဲ့ Roople ကတော့ ဆက်တိုက် ကျဆင်းနေခဲ့တယ်။
Chartက ရေတံခွန်ကြီး အရှိန်နဲ့ စီးဆင်းနေသလိုမျိုး အကျဘက်ကို ပြနေခဲ့တာပါ။ ခဏလေးအတွင်းမှာတင် သူ အရင်က ရခဲ့တဲ့ အမြတ်တွေအားလုံး ဆုံးရှုံးသွားခဲ့ရပြီး သူ့ရဲ့ ကနဦး အရင်းအနှီးတွေပါ ဆုံးရှုံးမယ့် အခြေအနေ ဖြစ်လာခဲ့တယ်။
ရှယ်ယာတွေနဲ့မတူဘဲ Cryptoတွေမှာတော့ တစ်ရက်တာ ဈေးနှုန်းကန့်သတ်ချက်တွေ မရှိသလို circuit breaker ဒါမှမဟုတ် sidecar လိုမျိုး ဘေးကင်းလုံခြုံရေး အစီအမံတွေလည်း မရှိပါဘူး။
ဈေးနှုန်းတွေ ထိုးတက်နေချိန်တုန်းကတော့ ဒါက အားသာချက်တစ်ခု ဖြစ်ခဲ့ပေမဲ့ အခုလို ပြိုလဲကျဆင်းနေချိန်မှာတော့ အခြေအနေက တခြားစီပါပဲ။
-ငါ အိပ်နေတုန်း ဘာတွေဖြစ်သွားတာလဲ။
-ဘာလဲဟ။ ငါ အိပ်ချင်မူးတူးနဲ့ ဈေးနှုန်းကို စစ်ကြည့်ပြီး အိမ်မက်လို့ ထင်နေတာ၊ နိုးလာတော့ တကယ်ကြီး ဖြစ်နေတယ်။ ㅜㅜ
-ဒီလို ပြိုကျတာက ဘာကြီးလဲ။
-ငါတို့ လုံးဝ တောင့်ခံထားမှ ဖြစ်မယ်။
-နိုင်ငံခြားက လက်ကြီးသမားတွေ အောက်ဈေးနဲ့ လိုက်ဝယ်ကြရင် ပြန်တက်လာမှာပဲ။
- Futures marketကို သေသေချာချာ စောင့်ကြည့်ပါ။ လက်ကြီးသမားတွေက ခဏလောက် လှုပ်ခါပြနေတာပဲ။
-အခုက ဝင်ဝယ်ဖို့ နောက်ဆုံး အခွင့်အရေးပဲ။
-အခုထိ မဝယ်ရသေးတဲ့ ငတုံးတွေ မရှိတော့ဘူးမလား။
-Stuncoin ရေ...သွားကြစို့။
အရင်ကလည်း Crypto ဈေးကွက်ထဲမှာ အပျက်သဘောဆောင်တဲ့ ဖြစ်ရပ်အမျိုးမျိုး ရှိခဲ့ဖူးပြီး အဲဒီအချိန်တွေမှာ ဈေးနှုန်းတွေ ကျဆင်းခဲ့ဖူးပါတယ်။ ဒါပေမဲ့လည်း ယေဘုယျ အလားအလာကတော့ တောက်လျှောက် အပေါ်ကိုပဲ ဦးတည်နေခဲ့တာပါ။
ဒါကြောင့်မလို့ လူတိုင်းက ဒီတစ်ခေါက် ကျဆင်းမှုကိုလည်း ယာယီလို့ပဲ သတ်မှတ်ခဲ့ကြတယ်။
Roople ဟာ ဝမ် ၂,၆၀၀ ဝန်းကျင်မှာ ကျဆင်းမှု ရပ်တန့်သွားခဲ့ပြီး အနည်းငယ် ပြန်တက်ဖို့ ကြိုးစားလာခဲ့တယ်။
ဒါက သူ့ရဲ့ အတွေးကို ပြောင်းလဲစေခဲ့တယ်။ ဝမ် ၄,၅၀၀ အထိ ရှိခဲ့တဲ့ ကွိုင်က ဝမ် ၂,၆၀၀ အထိ ကျသွားတာကို မြင်ရတော့ တော်တော်လေး ဈေးပေါသွားသလို ခံစားရစေတာပါ။
ဒီအချိန်က ဝယ်ဖို့ အခွင့်အကောင်း ဖြစ်နေမလား။
အိုဗျောင်ဂျွန်က ချေးငွေအကောင့်ထဲကနေ ဝမ် သန်း ၄၀ ထုတ်ပြီး Roople ကို ထပ်ဝယ်လိုက်တယ်။ အောက်ဈေးနဲ့ ထပ်ဝယ်ပြီး ပျမ်းမျှဈေးချလိုက်ရင် ဝယ်ဈေးက ကျသွားမှာဖြစ်လို့ ပြန်တက်လာတဲ့အခါ သူ့ရဲ့ အရင်းကို ပိုပြီး မြန်မြန်ဆန်ဆန် ပြန်ရနိုင်ပါလိမ့်မယ်။
ဆန့်ကျင်ဘက်အနေနဲ့ ဒီထက်ပိုပြီး ကျသွားရင်တော့ သူ ဘဝပျက်သွားမှာပါ။
အိုဗျောင်ဂျွန်က ပြင်းပြင်းပြပြ ဆုတောင်းရင်းနဲ့ အော်ဟစ်လိုက်မိတယ်။
“Roople ရေ... တက်စမ်းပါဟ”
Golden Gate ရဲ့ ကိုရီးယားရုံးခွဲက သူတို့ ပိုင်ဆိုင်ထားတာတွေကို ချက်ချင်း ထုတ်ရောင်းလိုက်ပြီး ဒေါ်လာ သန်း ၁၀၀ ကျော် အမြတ်ထုတ်ခဲ့တယ်။
ပြီးတော့ စီနီယာ ဆန်းယော့ကလည်း သူ ပိုင်ဆိုင်ထားတဲ့ ကွိုင်တွေကို ဆက်တိုက် ထုတ်ရောင်းနေခဲ့တယ်။ K ကုမ္ပဏီရဲ့ ကွိုင် ပိုင်ဆိုင်မှုက ပြည်တွင်း ငွေလဲစင်တာတွေ မခံနိုင်လောက်အောင်ကို များပြားလွန်းလှတာပါ။
ကိုရီးယား ငွေလဲစင်တာတွေရဲ့ အပေါ်ဈေးဖြစ်တဲ့ “ကင်ချီ ပရီမီယံ”အတိုင်း မရရင်တောင်မှ သူတို့က အရောင်းအဝယ် ပမာဏများပြားတဲ့ အမေရိကန်နဲ့ ဂျပန် ငွေလဲစင်တာတွေမှာ ဆက်တိုက် ထုတ်ရောင်းခဲ့ကြတယ်။ ဒါတောင်မှ အထက်သို့ ဦးတည်နေတဲ့ အရှိန်အဟုန်က ရပ်မသွားခဲ့ပါဘူး။
ပူဖောင်းတွေက ပေါက်ထွက်တော့မယ်လို့ ထင်ရတဲ့ အချိန်ကျမှပဲ အတောက်ပဆုံး တောက်ပတတ်တာ သဘာဝပဲလေ။
ပြည်ပ ငွေလဲစင်တာတွေမှာ ဘန့်ကွိုင်က ဒေါ်လာ ၂၀,၀၀၀ မရောက်ခင်လေးမှာတင် ရပ်တန့်သွားခဲ့ပေမဲ့ ကိုရီးယား ငွေလဲစင်တာတွေမှာတော့ ယာယီအားဖြင့် ဝမ် ၂၈.၈ သန်းအထိ ရောက်ရှိသွားခဲ့တယ်။
လူတိုင်းက ဝမ် သန်း ၃၀ အထိ ကျော်ဖြတ်သွားလိမ့်မယ်လို့ မျှော်လင့်ချက်တွေ ပြည့်နှက်နေတဲ့ အချိန်မှာပဲ...
အပျက်သဘောဆောင်တဲ့ ဖြစ်ရပ်အမျိုးမျိုး ရိုက်ခတ်လာခဲ့ပြီး စတင် ပြိုကျခဲ့ပါတော့တယ်။ ၁၀ ရက်တောင် မပြည့်ခင်မှာတင် ဘန့်ကွိုင်ဟာ တစ်ဝက်မက ကျဆင်းသွားခဲ့ပြီး ဝမ် ၁၄ သန်းအထိ ဖြစ်သွားခဲ့တယ်။
ဒါတောင်မှ Crypto ရင်းနှီးမြှုပ်နှံသူတွေ စုဝေးရာ ဘန့်ကွိုင် message boardတွေပေါ်မှာ လူတိုင်းက “သွားကြစို့” ဆိုပြီး တညီတညွတ်ထဲ အော်ဟစ်နေကြဆဲပါ။
အရင်တုန်းကလည်း ပြဿနာတစ်ခုခု ရှိတိုင်း Cryptoတွေက ပြိုလဲခဲ့ဖူးပေမဲ့ အရင်ကရခဲ့တဲ့ အမြင့်ဆုံးဈေးနှုန်းတွေဆီကို လျင်လျင်မြန်မြန် ပြန်ရောက်သွားခဲ့တာ ဖြစ်ပါတယ်။ ဒါကြောင့်မလို့ လူတိုင်းက ဒီတစ်ခေါက်မှာလည်း ပြန်တက်လာလိမ့်မယ်လို့ မျှော်လင့်နေကြတဲ့ အနေအထားပါ။
ဒီလို ပြိုကျမှုရဲ့ အကြီးမားဆုံး သားကောင်တွေကတော့ ဈေးကွက်ထဲကို နောက်ကျမှ တိုးဝင်လာခဲ့ကြတဲ့ လူတစ်ဦးချင်းစီပဲ ဖြစ်ပါတယ်။
ရှယ်ယာ ရင်းနှီးမြှုပ်နှံသူတွေက အများကြီး တက်သွားပြီးသားဖြစ်တဲ့ KOSPI ထက် တိုးတက်မှု အလားအလာ ပိုများတဲ့ KOSDAQ ကို ပိုပြီး သဘောကျကြသလိုမျိုး Crypto ရင်းနှီးမြှုပ်နှံမှုမှာလည်း ဒီလိုပါပဲ။
လူအများစုက ဝမ် သန်း ၂၀ ကျော် တန်ဖိုးရှိတဲ့ ဘန့်ကွိုင်ကို ဝယ်မယ့်အစား ဝမ် ရာဂဏန်း ဒါမှမဟုတ် ထောင်ဂဏန်းပဲ ရှိတဲ့ Padeks ဒါမှမဟုတ် Stellmanta လိုမျိုး Altcoinတွေကို ဝယ်ယူခဲ့ကြတယ်။
တကယ်တော့ အဲဒီကွိုင်တွေရဲ့ မြင့်တက်မှုနှုန်းက ဘန့်ကွိုင်ထက် အများကြီး ပိုသာလွန်ခဲ့တာပါ။ ပြဿနာကတော့ ကျဆင်းတဲ့အခါမှာ ဆန့်ကျင်ဘက် ဖြစ်သွားတာပါပဲ။
ဘန့်ကွိုင်ကတော့ အနည်းဆုံး ဝမ် ၁၄ သန်းမှာ ကျဆင်းမှု ရပ်တန့်သွားပြီး ယာယီအားဖြင့် Support line တစ်ခု တည်ဆောက်နိုင်ခဲ့ပေမဲ့ Altcoinတွေကတော့ အဆုံးမရှိ ဆက်တိုက် ကျဆင်းနေခဲ့တယ်။ အများကြီး တက်ခဲ့တဲ့ ကွိုင်တွေဟာ သူတို့ရဲ့ အမြတ်တွေအားလုံးကို ပြန်ပေးလိုက်ရပြီး ယခင်တန်ဖိုးရဲ့ တစ်ဝက် ဒါမှမဟုတ် သုံးပုံတစ်ပုံအထိ ဖြစ်သွားခဲ့ရတယ်။
ကျွန်တော်က ဘန့်ကွိုင် message boardကို စိုက်ကြည့်နေတဲ့ တက်ဂယူကို မေးလိုက်တယ်။
“အခြေအနေ ဘယ်လိုရှိလဲ”
“'သွားကြစို့' ကနေ 'ဟန်မြစ်ကို သွားစို့' ဆိုပြီး ပြောင်းသွားပြီ။ ဟန်မြစ် လူစုပွဲအတွက် အဖွဲ့ဝင်တွေ စုဆောင်းနေကြတယ်”
“……”
ယေဘုယျအားဖြင့် “ဟန်မြစ် လူစုပွဲ” ဆိုတာ ဟန်မြစ်ပန်းခြံမှာ ဖျာခင်းပြီး ကြက်ကြော်နဲ့ ဘီယာ စားကြတာကို ပြောတာဖြစ်ပေမဲ့ ဒီနေရာမှာတော့ ဟန်မြစ်ထဲကို ခုန်ချဖို့ (ကိုယ့်ကိုယ်ကိုယ် သတ်သေဖို့) ပြောတာ ဖြစ်ပါတယ်။
အများစုကတော့ နောက်ပြောင်တာ ဖြစ်ပေမဲ့ လူတွေက တကယ်ကြီး ခုန်ချတာမျိုးလည်း တစ်ခါတလေ ရှိတတ်ပါတယ်။ ဒါကြောင့်မလို့ ဟန်မြစ်တံတားတွေပေါ်မှာ နှစ်သိမ့်ဆွေးနွေးရေး Hotlineဖုန်းတွေ တပ်ဆင်ထားရတာပါ။
message boardတစ်ခုလုံးကတော့ ကမောက်ကမတွေ ဖြစ်နေခဲ့ပါတယ်။
ဒါကို ကြည့်ရတာ Mountain Hill ဒေဝါလီခံတုန်းက အခြေအနေကို သတိရစေပါတယ်။ အဲဒီတုန်းက ဘန့်ကွိုင်ဈေးနှုန်းက ဝမ် ၁.၂ သန်းပဲ ရှိခဲ့တာပါ။
ဒါပေမဲ့ အခုတော့ ပြိုကျပြီးတာတောင်မှ ဝမ် ၁၄ သန်း ရှိနေပါသေးတယ်။ ဒါကို ကြည့်ရင် ဒီအတောအတွင်းမှာ ဈေးနှုန်းတွေက ဘယ်လောက်အထိ မတရား မြင့်တက်သွားခဲ့လဲဆိုတာ သိသာစေပါတယ်။
ကျွန်တော် အဲလို တွေးနေတုန်းမှာပဲ message boardကို ကြည့်နေဆဲဖြစ်တဲ့ တက်ဂယူက ပြောတယ်။
“ဟာ... ဒီကြားထဲမှာ သတင်းကောင်းတစ်ခုတော့ ရှိသားပဲ”
“ဘာများလဲ”
“ဟန်မြစ်ရဲ့ ရေအပူချိန်က နည်းနည်းလေး တက်လာတယ်တဲ့”
“……”