← Chapters

အခန်း ၂၁၉

Vol. 22 Ch. 219

အခန်း ၂၁၉

Vol. 22 Ch. 219

အခန်း (၂၁၉)

ရှယ်ယာတွေရဲ့ အနှစ်သာရက ကုမ္ပဏီတွေကိုယ်တိုင်အပေါ်မှာ တည်မှီနေတာဖြစ်ပြီး ကုမ္ပဏီတွေက တန်ဖိုးတွေကို အစဉ်တစိုက် ဖန်တီးပေးနေတာပါ။

တစ်ယောက်ယောက်က ဆိုဆောင်း အီလက်ထရောနစ် ရှယ်ယာကို ဝမ် ၁ သန်းနဲ့ ဝယ်ပြီး ၂ သန်းနဲ့ ပြန်ရောင်းလိုက်လို့ နောက်မှဝယ်တဲ့သူက ဝမ် ၁ သန်း ဆုံးရှုံးသွားတယ်လို့ မဆိုလိုပါဘူး။

ဒါက ဆိုဆောင်း အီလက်ထရောနစ်ဟာ နှစ်စဉ်ထုတ်ကုန် အသစ်တွေကို မိတ်ဆက်ပြီး ရှယ်ယာရှင်တွေကို ခွဲဝေပေးဖို့ ပိုက်ဆံရှာပေးနေလို့ပါပဲ။

ရှယ်ယာဈေးကွက်က ပွင့်လင်းတဲ့ ဈေးကွက်တစ်ခုဖြစ်ပြီး ပါဝင်သူအားလုံး အကျိုးအမြတ်ရရှိဖို့ လုံးဝဖြစ်နိုင်ပါတယ်။ ဒါကြောင့်မလို့ ရှယ်ယာရင်းနှီးမြှုပ်နှံမှုဟာ လောင်းကစားနဲ့ ကွဲပြားပြီး လူမှုပတ်ဝန်းကျင်ကလည်း အားပေးကြတာပါ။

တခြားတစ်ဖက်မှာတော့ Crypto ဈေးကွက်က အခြေခံအားဖြင့် နိုင်သူစားစတမ်းပုံစံမျိုး ဖြစ်နေပါတယ်။ တစ်ယောက်ယောက် မြတ်ဖို့အတွက် နောက်တစ်ယောက်က ဆုံးရှုံးရတာမျိုးပေါ့။

အခုအချိန်အထိ Crypto ဈေးနှုန်းတွေ ထိုးတက်ခဲ့ရတဲ့ အကြောင်းရင်းကတော့ ဆက်ပြီး တက်နေဦးမယ်ဆိုတဲ့ ယုံကြည်ချက်ကြောင့်ပါ။ ဒါပေမဲ့ ငွေကြေးစီးဝင်မှုက အကန့်အသတ်ကို ရောက်ရှိသွားတဲ့အခါ အပျက်သဘောဆောင်တဲ့ ဖြစ်ရပ်အမျိုးမျိုး ဖြစ်ပွားခဲ့ပြီး ပြိုလဲမှုကို ဖြစ်ပေါ်စေခဲ့တယ်။

ဘန့်ကွိုင်ဈေးနှုန်း ဒေါ်လာ ၁၅,၀၀၀ ကျော်သွားတဲ့ အချိန်ကစပြီး K ကုမ္ပဏီက သူတို့ပိုင်ဆိုင်ထားတဲ့ ကွိုင်တွေကို ဆက်တိုက် ထုတ်ရောင်းခဲ့တယ်။ သူတို့ ပိုင်ဆိုင်တာရဲ့ တစ်ဝက်ကိုတောင် မရောင်းရသေးပေမဲ့ Crypto အများစုကတော့ အမြင့်ဆုံးဈေးကနေ တစ်ဝက်လောက်အထိ ကျဆင်းသွားခဲ့ပါပြီ။

အောက်ဈေးနဲ့ လိုက်ဝယ်တဲ့သူတွေ ရှိလာပြီး ယာယီ ပြန်တက်လာတာကြောင့် လူတစ်ဦးချင်းစီက “သွားကြစို့” ဆိုပြီး ထပ်မံ အော်ဟစ်ခဲ့ကြပြန်ပါတယ်။

“ဈေးက တဖြည်းဖြည်း ပြန်တက်လာသလိုပဲ၊ ရောင်းတာ ခဏရပ်လိုက်ရမလား”

စီနီယာ ဆန်းယော့ရဲ့ မေးခွန်းကို ကျွန်တော် ခေါင်းခါပြလိုက်တယ်။

“သူတို့ ဝယ်နေတုန်းမှာ တတ်နိုင်သမျှ အများဆုံး ထုတ်ရောင်းပါ”

နတ်မျက်စိရဲ့ အဆိုအရ ဒါက ယာယီကျဆင်းတာ မဟုတ်ဘဲ ပူဖောင်းပေါက်ကွဲမှုရဲ့ အစပျိုးခြင်းပဲ ဖြစ်ပါတယ်။

Crypto ဈေးကွက်ကို ထိန်းချုပ်ထားတဲ့ လက်ကြီးသမားတွေက ဈေးကွက်ပြိုလဲတာကို သဘောမကျပါဘူး။ ဒါပေမဲ့ ကျွန်တော်တို့က ဆက်တိုက် ထုတ်ရောင်းနေတာကြောင့် ပြန်တက်နေတဲ့ ဈေးကွက်က အောက်ကို ပြန်ဦးတည်သွားခဲ့ပြီး ဒါကို မခံနိုင်တော့တဲ့ တချို့အင်အားစုတွေလည်း လိုက်လံ ထုတ်ရောင်းလာကြပါတယ်။

တက်ဂယူက ပြောတယ်။

“စဉ်းစားကြည့်ရင် ဒါက ရယ်စရာကောင်းတဲ့ အခြေအနေပဲ။ အရင်တုန်းကတော့ Cryptoက ဒစ်ဂျစ်တယ်ရွှေ ဖြစ်ပြီး အနာဂတ်မှာ လက်ရှိငွေကြေးတွေနေရာမှာ အစားထိုးမယ့် ငွေကြေးအသစ်လို့ ပြောခဲ့ကြတာ။ အခုကျတော့ လက်ရှိငွေကြေးကို ပြန်ဝယ်ဖို့ Cryptoတွေကို လိုက်ရောင်းနေကြတယ်”

“ဒေါ်လာကတော့ အကောင်းဆုံးပဲလေ”

ဘန့်ကွိုင်က ဒေါ်လာ ၁၀,၀၀၀ အောက်အထိတောင် ပြုတ်ကျသွားခဲ့ပြီး Altcoinတွေလည်း ဆက်တိုက် ထိုးကျနေခဲ့ပါတယ်။ အများဆုံး တက်ခဲ့တဲ့ ကွိုင်တွေက အဆိုးရွားဆုံး ကျဆင်းမှုကို ကြုံတွေ့ခဲ့ရတာပါ။

တစ်ချိန်က ဝမ် ၄,၅၀၀ အထိ ရောက်ရှိခဲ့ပြီး ဒုတိယ အကြီးဆုံး Crypto ဖြစ်လာခဲ့တဲ့ Roople ဟာ ဝမ် ၁,၀၀၀ အောက်ကို ကျဆင်းသွားခဲ့ကာ တန်ဖိုးမရှိတဲ့ ကွိုင် ပြန်ဖြစ်သွားခဲ့ပါတယ်။

တီဗီချန်နယ်တွေမှာလည်း Crypto ဈေးကွက် ပြိုလဲမှုကို နေ့တိုင်း ထူးခြားသတင်းအဖြစ် ဖော်ပြနေကြတယ်။

Crypto ဈေးကွက် ပြိုလဲတာက ဒါ ပထမဆုံး ဒါမှမဟုတ် ဒုတိယအကြိမ် မဟုတ်ပါဘူး။ Hackခံရမှုကြောင့် Mount Hill ဒေဝါလီခံရစဉ်တုန်းကလည်း အကြီးအကျယ် ပြိုလဲခဲ့ဖူးပေမဲ့ အခုလောက်အထိတော့ လူပြောမများခဲ့ပါဘူး။

အဲဒီအချိန်ကတည်းက အခြေအနေတွေက ဘယ်လောက်အထိ ပြောင်းလဲသွားလဲဆိုတာ ပြသနေတာပါ။

Crypto အမျိုးအစားတွေ ပိုများလာပြီး ဈေးကွက်ကလည်း ကြီးထွားလာခဲ့ပါတယ်။ ပြီးခဲ့တဲ့နှစ် အစောပိုင်းအထိတော့ လူနည်းစုလေးပဲ Cryptoမှာ ရင်းနှီးမြှုပ်နှံခဲ့ကြတာပါ။ ဒါပေမဲ့ ပြီးခဲ့တဲ့နှစ်ကုန်ပိုင်းလောက်မှာတော့ အဲဒီအရေအတွက်က အဆပေါင်းများစွာ တိုးတက်လာခဲ့တယ်။

ရုံးဝန်ထမ်းတွေ၊ အိမ်ရှင်မတွေ၊ တက္ကသိုလ်ကျောင်းသားတွေ အကုန်လုံး တိုးဝင်လာခဲ့ကြတာပါ။ အလယ်တန်းနဲ့ အထက်တန်းကျောင်းသားတွေပါ သူတို့ရဲ့ မုန့်ဖိုးတွေကို စိုက်ထုတ်ပြီး ရင်းနှီးမြှုပ်နှံတဲ့အထိ ဖြစ်လာခဲ့တယ်။

ဒီလူတွေထဲက ဘယ်နှယောက်က Blockchainကို နားလည်ပြီး ရင်းနှီးမြှုပ်နှံခဲ့ကြလို့လဲ။

ရှယ်ယာဈေးကွက် စကားပုံတစ်ခုရှိပါတယ်။ အိမ်ရှင်မတွေနဲ့ ဘုန်းကြီးတွေပါ အရောင်းအဝယ်ပေါ် ရောက်လာပြီဆိုရင် အဲဒါ ထိပ်ဆုံးကို ရောက်နေပြီဆိုတဲ့ စကားပေါ့။

၃၅ ယောက်မြောက် အမေရိကန်သမ္မတ ဂျွန် အက်ဖ် ကနေဒီရဲ့ ဖခင် ဂျိုးဆက် ကနေဒီဟာ ဖိနပ်တိုက်တဲ့ကောင်လေးက ရှယ်ယာအကြောင်း မေးတာကို ကြားပြီးနောက်မှာ သူ့ရဲ့ ရှယ်ယာအားလုံးကို ထုတ်ရောင်းခဲ့တယ်။ အဲဒီနောက်မှာတော့ အမေရိကန်မှာ စီးပွားပျက်ကပ်ကြီး ဖြစ်ပွားခဲ့တာပါ။

ကိုရီးယားမှာလည်း ကလေးချီထားတဲ့ အိမ်ရှင်မတွေက KOSDAQ ရှယ်ယာတွေ ဝယ်ဖို့ ငွေသားတွေ ကိုင်ဆောင်ပြီး အရောင်းအဝယ်စျေးကွက်ကို ရောက်လာပြီးတဲ့နောက်မှာ KOSDAQ ပူဖောင်း ပေါက်ကွဲခဲ့တယ်။ တရုတ်နိုင်ငံမှာလည်း ဘုန်းကြီးတွေ ရှယ်ယာဝယ်ဖို့ စုဝေးပြီးနောက်မှာ ရှယ်ယာဈေးကွက် ပြိုလဲမှုကို ကြုံတွေ့ခဲ့ရတာပါ။

မကြာသေးခင်အထိ အိမ်မက်တွေနဲ့ မျှော်လင့်ချက်တွေ ပြည့်နှက်နေခဲ့တဲ့ ဘန့်ကွိုင် ဖိုရမ်ဟာ ရက်ပိုင်းအတွင်းမှာတင် ငရဲဘုံတစ်ခုလို ဖြစ်သွားခဲ့တယ်။

-ကျွန်တော့်မင်္ဂလာဆောင်က မေလမှာပါ။ မင်္ဂလာဆောင်စရိတ်တင် မက မိဘတွေဆီကရထားတဲ့ အိမ်လခစပေါ်ငွေတွေပါ အကုန်ဆုံးရှုံးသွားပါပြီ။ ကျွန်တော့်အမျိုးသမီးက ဒါကိုမသိသေးဘဲ ဟန်းနီးမွန်း ဘယ်သွားမလဲ၊ အိမ်အသစ် ဘယ်မှာဝယ်မလဲဆိုတာ ရွေးနေတုန်းပဲ။ ကျွန်တော် အခု ဘာလုပ်ရမလဲ ဆရာတို့ရာ ㅜㅜ

-ကျွန်တော်က မိုဘိုင်းဖုန်းဆိုင် ဖွင့်လို့ရတဲ့ စုဗူးထဲက ပိုက်ဆံအပြင် မိဘတွေအိမ်ကို ပေါင်ပြီး ချေးထားတဲ့ ချေးငွေ (မိဘတွေကိုတော့ ဆိုင်ခွဲ ထပ်ဖွင့်မလို့လို့ ပြောထားတာ) ဝမ် သန်း ၃၀၀ အရင်းအနှီးနဲ့ စခဲ့တာပါ။ Zent ကို ၅၃၃ ဝမ်နဲ့ ဝယ်လိုက်ပြီး ၁,၂၀၀ ဝမ်ဝန်းကျင်မှာ ပြန်ရောင်းလိုက်ပေမဲ့ အဲဒီနောက်မှာ ဈေးက ၂,၈၀၀ ဝမ်အထိ တန်းတက်သွားတယ်လေ။ ဟားဟား။ ဘာပဲဖြစ်ဖြစ် လေးရက်အတွင်းမှာ ဝမ် သန်း ၃၀၀ က သန်း ၇၀၀ ဖြစ်သွားတာ။ တစ်ရက်ကို ဝမ် သန်း ၁၀၀တိတိ မြတ်ခဲ့တာပေါ့။ ဒါပေမဲ့ အဲဒီအချိန်ကစပြီး ကျွန်တော့်ဘဝက အောက်ကို ထိုးဆင်းသွားတော့တာပဲ။ ကျွန်တော်က Altcoinတွေအစား ပိုပြီး တည်ငြိမ်အောင်လို့ အဓိက ကွိုင်တွေမှာ ရင်းနှီးမြှုပ်နှံဖို့ ဆုံးဖြတ်လိုက်တယ်။ (အခုပြန်စဉ်းစားကြည့်ရင် တည်ငြိမ်ချင်ရင် ကွိုင်တွေနဲ့ ဝေးဝေးနေခဲ့ရမှာ) ဘန့်ကွိုင်က ဝမ် သန်း ၃၀ အထိ ကျော်သွားတော့မလို ဖြစ်နေတာနဲ့ ကျွန်တော်က အမြတ်နည်းနည်းပဲ ယူပြီး ပြန်ထွက်မလို့ ဝင်လိုက်တာ ဝမ် ၁၄ သန်းအထိ မရပ်မနား ကျဆင်းသွားတယ်။ အကုန်လုံးကို ပြန်ထုတ်ပြီး Zent ဆီ ပြန်သွားဖို့ တွေးလိုက်တာကြောင့် ၁,၂၀၀ ဝမ်နဲ့ ထပ်ဝယ်မိတယ်။ နှစ်ရက်အတွင်း ၇၀၀ ဝမ်အောက်ကို ကျသွားပြန်ရော။ အဲဒါနဲ့ ပြန်ရောင်းလိုက်ပြီးတဲ့နောက်မှာတော့ ဈေးက အပြင်းအထန် ပြန်တက်လာပြီး ၁,၀၀၀ ဝမ်ကို ကျော်သွားတာ မြင်ရတော့ ပြန်ဝင်ပြီး ဘဝပျက်သွားတာပဲ။ (Zentက ကျွန်တော့်ကို ဒုတိယအကြိမ် ဂျောက်ချလိုက်တာ ㅜㅜ) ရခဲ့တဲ့ ပိုက်ဆံတွေ အကုန်ကုန်ပြီး အခု အရင်းအနှီး ဝမ် သန်း ၁၈၀ ပဲ ကျန်တော့တယ်။ ဒီအချိန်ကစပြီး ကျွန်တော်က ဈေးတက်တာကို လိုက်ဝယ်ရင်း ရသမျှ ကွိုင် အကုန်လုံးကို ဝယ်ပြီး အရင်းပြန်ရဖို့ ကြိုးစားခဲ့တယ်။ အဆုံးမှာတော့ Florex ထဲကို အကုန်ပုံအောပြီးဝယ်လိုက်တာ နေ့တစ်ဝက် အတွင်းမှာတင် ဈေးက ၁၃,၀၀၀ ဝမ်ကနေ ၆,၀၀၀ ဝမ် ဖြစ်သွားတယ်။ အခု ကျွန်တော့်လက်ထဲမှာ ဝမ် ၁၇ သန်းတိတိပဲ ကျန်တော့တယ်။ မိဘတွေကို ဘယ်လိုပြောရမလဲ။

-ခင်ဗျားကို ကြည့်ပြီးတောင် မရယ်နိုင်တော့ဘူး။ အားတင်းထားပါ။

-ဒါက တခြားလူတစ်ယောက်ရဲ့ ပြဿနာလို့ မခံစားရဘူး ㅜㅜ

-မျှော်လင့်ချက်တွေ မပျက်သုဉ်းကြပါနဲ့။ ကွိုင်တစ်ခုကို သေသေချာချာ ကိုင်ထားနိုင်ရင် ချက်ချင်း ဆယ်ဆအထိ တက်သွားနိုင်ပါတယ်။ မကြာခင်မှာ Orc Coin ကို ICO လုပ်တော့မှာမလို့ ကွိုင်တချို့ ဝယ်ထားလိုက်ပါ။ ကျွန်တော်ဆို ငွေသား ကြိုထုတ်ပြီး အကုန်ပုံအောထားတာ။

-နောက်ဆုံးတော့ အနုတ်၉၀ ရာခိုင်နှုန်း ရှုံးသွားပြီ။ ဘာမှ ထပ်ဝယ်ချင်စိတ် မရှိတော့လို့ ဟန်မြစ်ကို သွားတော့မယ်။ တကယ့် ညစ်ပတ်တဲ့ ဘဝပဲ။ နောက်ဘဝမှ တွေ့ကြတာပေ့ါ။

-မရောင်းပါနဲ့။ ခုန်ပဲ ခုန်ချလိုက်ပါ။ အနည်းဆုံးတော့ စျေးကျတာကို တစ်ယောက်စာဖြစ်ဖြစ် ထိန်းထားပေးရာရောက်တာပေါ့။

-ဘာပဲဖြစ်ဖြစ် သေရမှာပဲဆိုတော့ ကျန်တဲ့ ကွိုင်တွေကို ကျွန်တော့်ရဲ့ Banthem အကောင့်ထဲ လွှဲပေးခဲ့ရင် ကျေးဇူးတင်မိမှာပါ။

-ကျွန်တော်လည်း အဲဒါကို တောင်းဆိုချင်ပါတယ်။ ဘယ်ကွိုင်ဖြစ်ဖြစ် အဆင်ပြေပါတယ်။

-ကျွန်တော့်မှာ ထမင်းစားဖို့ ပိုက်ဆံတောင် မရှိတော့ဘူး။ ကျေးဇူးပြုပြီး ကူညီကြပါဦး။ နည်းနည်းလောက်ဖြစ်ဖြစ် ကူညီပေးရင် ကျေးဇူးတင်မိမှာပါ။

-Roople ၄,၃၀၀ အထပ်မှာ သောင်တင်နေပါတယ်။ ကယ်ဆယ်ရေးအဖွဲ့ ဘယ်တော့ ရောက်မလဲဗျာ။

-ရူးနေတာလား။ ဟားဟား။ အရင်က ဝမ် ၁၀၀ တောင် မပြည့်တဲ့ ကွိုင်ကို အဲဒီဈေးနဲ့ ဝယ်ဖို့ ဘာတွေ တွေးနေခဲ့တာလဲ။

-ဟီးဟီး။ Roople က ခင်ဗျားကို နောက်တစ်ကြိမ် ဂျောက်ချလိုက်ပြန်ပြီ။

-ငမိုက်သားရာ။ Roople က ခင်ဗျားကို နောက်တစ်ကြိမ် ဂျောက်ချလိုက်ပြန်ပြီလား။

-ကယ်ဆယ်ရေးအဖွဲ့က အဲဒီအမြင့်ကြီးအထိ တက်နိုင်မယ် ထင်လို့လား။ ၁,၅၀၀ အထပ်တောင်မှ အလွန်အကျွံ ဖြစ်နေပြီ။

-ကျွန်တော်က ဘန့် ၂,၇၃၀ အထပ်မှာပါ။ ㅜㅜ ကျေးဇူးပြုပြီး လကမ္ဘာဆီ သွားကြရအောင်။

-မင်းတို့လို ငတုံးတွေကြောင့် တစ်ယောက်ယောက်က လွတ်အောင် ပြေးနိုင်သွားတာမလို့ ကောင်းမှုကုသိုလ် လုပ်တယ်လို့ပဲ သဘောထားလိုက်ပါ။ ဒီဘဝက ငရဲဖြစ်နေရင်တောင် သေသွားရင် နတ်ပြည်ရောက်မှာပါ။

-တကယ်လို့ ၇၀ ရာခိုင်နှုန်းကျော် ကျနေပြီဆိုရင်တော့ အရှုံးခံပြီး ရောင်းထုတ်ဖို့ မလိုတော့ပါဘူး။ တောင့်ခံထားဖို့ပဲ ရှိတော့တာလေ။

-ချီးပဲ။ နင်းကန် တောင့်ခံထားရပြီ ㅜㅜ

စောစောစီးစီး ဝင်ခဲ့တဲ့သူတွေကတော့ အခြေအနေ ပိုကောင်းပါတယ်။ ဒါပေမဲ့ နောက်ကျမှ ပါဝင်လာပြီး ထိပ်ဆုံးမှာ မိသွားတဲ့သူတွေကတော့ ကြီးကြီးမားမား ဆုံးရှုံးခဲ့ရတာပါ။

တချို့ ရင်းနှီးမြှုပ်နှံသူတွေက စည်းမျဉ်းစည်းကမ်းတွေအကြောင်း ပြောခဲ့တဲ့ အစိုးရအပေါ်ကို ဒေါသပုံချခဲ့ကြတယ်။

-အစိုးရက နိုင်ငံသားတွေကို ပျော်ရွှင်စရာ အိမ်မက်တွေ မက်ခွင့်ပေးဖူးလို့လား။ Cryptoကြောင့်သာ ကိုရီးယားမှာ တစ်ခါမှ မမက်ဖူးတဲ့ အိမ်မက်တွေကို မက်နိုင်ခဲ့တာ။ Cryptoက စတုတ္ထအကြိမ်မြောက် စက်မှုတော်လှန်ရေးလို့ ယုံကြည်လို့ ရင်းနှီးမြှုပ်နှံနေကြတာလေ။ ကျွန်တော်တို့ ပထမဆုံးအကြိမ် ရရှိခဲ့တဲ့ ပျော်ရွှင်မှုနဲ့ အိမ်မက်တွေကို ကျေးဇူးပြုပြီး လုမယူပါနဲ့။

-တကယ့်ကို ကောင်းမွန်တဲ့ စကားလုံးတွေပဲ ㅜㅜ

-အစိုးရက စည်းမျဉ်းတွေနဲ့ စည်ကားနေတဲ့ ဈေးကွက်ကို ဖျက်ဆီးပစ်တာက အဓိပ္ပာယ်ရှိလို့လား။

-Blockchainက စတုတ္ထအကြိမ်မြောက် စက်မှုတော်လှန်ရေးရဲ့ အဓိကပဲလေ။

-အစိုးရအနေနဲ့ Crypto ရင်းနှီးမြှုပ်နှံမှုကို မြှင့်တင်ပေးပြီး Blockchainကို ပျိုးထောင်ပေးပါ။

-ဟုတ်တယ် ဘန့်ကွိုင်နဲ့ စီးပွားရေးကို ပြန်လည် အသက်သွင်းကြစို့။

-ဝယ်ထားမိတဲ့သူတွေ စုပြီး ကျွန်တော်တို့ရဲ့ အရင်းတွေ ပြန်ရဖို့ တောင်းဆိုဖို့ ဂွမ်ဟွာမွန်းမှာ လူစုပွဲ လုပ်ကြရအောင်။

-သမ္မတပြောင်းသွားတဲ့အခါ အမျိုးသားပင်စင်ကို အီသီရီယမ်မှာ ရင်းနှီးမြှုပ်နှံပြီး ဈေးတက်အောင် လုပ်ပေးပါ။

တောင်မြင့်လေ၊ ချောက်နက်လေပါပဲ။

ဘန့်ကွိုင်က ၇၀ ရာခိုင်နှုန်း ကျဆင်းသွားခဲ့ပြီး အီသီရီယမ်က ၈၀ ရာခိုင်နှုန်းနဲ့ Altcoin အများစုကတော့ ၉၀ ရာခိုင်နှုန်းကျော်အထိ ကျဆင်းသွားခဲ့တယ်။

ပူဖောင်းတွေက နောက်ဆက်တွဲ ဆိုးကျိုးတွေကို ချန်ထားခဲ့တာပါ။

ကိုယ့်ရဲ့ ပိုင်ဆိုင်မှု အားလုံး ဆုံးရှုံးသွားတဲ့သူတွေ ဒါမှမဟုတ် အကြွေးတင်သွားတဲ့သူတွေက ဒုနဲ့ဒေးပါပဲ။ ကံမကောင်းစွာနဲ့ပဲ သူတို့ကို ကူညီပေးဖို့ တကယ့် နည်းလမ်းတော့ မရှိပါဘူး။

ကံကောင်းတဲ့ အချက်တစ်ခုကတော့ အဲဒီရိုက်ခတ်မှုက စီးပွားရေးတစ်ခုလုံးဆီ ပျံ့နှံ့မသွားခဲ့တာပါ။

အမြင့်ဆုံး အချိန်ကို အခြေခံပြီး တွက်ရင် ထိပ်တန်းငွေလဲစင်တာ တွေမှာ စာရင်းသွင်းထားတဲ့ Cryptoတွေရဲ့ ဈေးကွက်တန်ဖိုးက ဒေါ်လာ သိန်းပေါင်း ၁ ကုဋေကို ကျော်လွန်ခဲ့တာပါ။ ဒါက တစ်ကမ္ဘာလုံး အတိုင်းအတာဖြစ်ပြီး ကိုရီးယားကတော့ အဲဒီပမာဏရဲ့ ဆယ်ပုံတစ်ပုံတောင် မရှိပါဘူး။

ဒါ့အပြင် Crypto ပူဖောင်းပေါက်ကွဲမှုက လက်ရှိ စီးပွားရေးစနစ်နဲ့ ဆက်နွှယ်မှု နည်းပါးပါတယ်။

ဥပမာအားဖြင့် အိမ်ခြံမြေဈေးနှုန်းတွေ ထိုးကျသွားရင် အဲဒီမှာတင် မပြီးဘဲ ချေးငွေထုတ်ပေးထားတဲ့ ဘဏ်တွေ၊ အိမ်ငှားတွေ၊ ဆောက်လုပ်ရေး ကုမ္ပဏီတွေ၊ ကန်ထရိုက်တာတွေ စတာတွေမှာ ပြဿနာတွေ ဖြစ်ပေါ်စေပြီး စီးပွားရေးတစ်ခုလုံးကို အပျက်သဘောဆောင်တဲ့ ရိုက်ခတ်မှုတွေ ဖြစ်စေပါတယ်။

အတိုချုပ်ပြောရရင် ပမာဏက သေးငယ်ပြီး ဆက်စပ်နေတဲ့ လုပ်ငန်းတွေ နည်းပါးတာကြောင့် ရိုက်ခတ်မှုက လျော့နည်းခဲ့တာပါ။ တကယ်လို့ Crypto ဈေးကွက်တန်ဖိုးက ပိုပြီး ကြီးမားနေပြီး အာမခံချေးငွေတွေကတစ်ဆင့် ဘဏ္ဍာရေးကဏ္ဍနဲ့ ချိတ်ဆက်နေခဲ့ရင် ဒီလိုမျိုး ပြီးဆုံးသွားမှာ မဟုတ်ပါဘူး။

ဒီအချက်တွေကြောင့်မလို့ လူအများစုက အခုအချိန်မှာ ပေါက်ကွဲသွားတာက ကံကောင်းတယ်လို့ တွေးခဲ့ကြတယ်။

ပူဖောင်းပေါက်ကွဲမှုကြောင့် Crypto ဈေးကွက်တန်ဖိုးက ဒေါ်လာ သန်းပေါင်း ၃သိန်း အထိ ကျုံ့သွားခဲ့ပြီး ခဏတာ sideways tradingဖြစ်တဲ့ ကာလတစ်ခု ဖြစ်ပေါ်ခဲ့တယ်။

K ကုမ္ပဏီက ပြည်ပ ငွေလဲစင်တာတွေမှာ ထုတ်ရောင်းပြီး ငွေသားအဖြစ် ပြောင်းလဲခဲ့တဲ့ Crypto ပမာဏက ဒေါ်လာ သန်း ၇,၂၀၀ ရှိခဲ့တာပါ။ ခဏလေးအတွင်းမှာတင် ကုမ္ပဏီရဲ့ ပိုင်ဆိုင်မှုက ဝမ် သိန်းပေါင်း ၈ ကုဋေကျော် တိုးတက်သွားခဲ့တယ်။

ဒါတောင်မှ မရောင်းရသေးတဲ့ ပမာဏက အများကြီး ကျန်ပါသေးတယ်။ ကွိုင်တူးဖော်ရေး စက်ရုံတွေကလည်း ကွိုင်တွေကို ဆက်တိုက် ထုတ်လုပ်နေဆဲပဲ။

K ကုမ္ပဏီမှာ ရှယ်ယာတွေ ပိုင်ဆိုင်ထားတဲ့ စီနီယာ ဆန်းယော့ကတော့ မျက်နှာတစ်ခုလုံး ပြုံးဖြဲလို့နေပါတယ်။

“ငွေလဲစင်တာကို ဘာဆက်လုပ်မလဲ”

“ကျွန်တော်တို့ ရင်းနှီးမြှုပ်နှံပြီး ဆက်ပြီး ကြီးထွားအောင် လုပ်ရမယ်။ ပြိုလဲသွားခဲ့ရင်တောင်မှ ဈေးကွက်ကိုယ်တိုင်က ပျောက်ကွယ် သွားတာ မဟုတ်ဘူးလေ”

Securities ကုမ္ပဏီတွေနဲ့မတူဘဲ Crypto ငွေလဲစင်တာတွေက အာဏာပိုင်တွေဆီကနေ ခွင့်ပြုချက် မလိုပါဘူး။ ဘယ်သူမဆို မှတ်ပုံတင်ရုံနဲ့ တည်ထောင်နိုင်ပါတယ်။ ရလဒ်အနေနဲ့ ရင်းနှီးမြှုပ်နှံမှု အရှိန်အဟုန် ဖြစ်ပေါ်လာတဲ့အခါ ငွေလဲစင်တာတွေက မှိုလိုပေါက်လာခဲ့တာပါ။ အဲဒီထဲမှာ အရောင်းအဝယ် ပမာဏနည်းပြီး လုံခြုံရေး အားနည်းတဲ့ ငွေလဲစင်တာတွေ အများကြီး ပါဝင်ပါတယ်။

“ဈေးကွက်က တည်ငြိမ်သွားတာနဲ့ Cryptoဖြစ်ဖြစ်၊ ငွေလဲစင်တာဖြစ်ဖြစ် အဆိုးအကောင်း ခွဲခြားမှုတွေ ရှိလာလိမ့်မယ်”

အင်တာနက် ပေါ်ပေါက်လာမှုက Dot-com bubble ကို ဖြစ်ပေါ်စေခဲ့တယ်။ ပူဖောင်းပေါက်ကွဲပြီးတဲ့နောက်မှာတော့ အင်တာနက်ခေတ် အပြည့်အဝ စတင်ခဲ့ပြီး IT ကုမ္ပဏီတွေ စတင် ကြီးထွားလာခဲ့တာပါ။

Cryptoတွေက တန်ဖိုးတွေ ဖန်တီးပြီး ပြန်လည် ကြီးထွားလာမလား ဒါမှမဟုတ် ဝါရင် ဘတ်ဖတ် ပြောခဲ့သလိုမျိုး လုံးဝ ပြိုလဲသွားမလားဆိုတာကတော့ စောင့်ကြည့်ရဦးမှာ ဖြစ်ပါတယ်။

မျက်လုံးဖွင့်လိုက်တဲ့အခါ လှပတဲ့ ဆံပင်အညိုရောင်ပိုင်ရှင်မလေးက ကျွန်တော့်ဘေးမှာ အိပ်ပျော်နေခဲ့တယ်။

Golden Gate ရဲ့ ကိုရီးယားရုံးခွဲရဲ့ အလုပ်ရှုပ်တဲ့ ကာလက ပြီးဆုံးသွားခဲ့ပြီး အခြေအနေတွေက နည်းနည်းလေး ပိုပြီး သက်သာရာရလာခဲ့ပါပြီ။ အယ်လီက အများအားဖြင့် ပိတ်ရက်တွေမှာ အနားယူတတ်ပြီး ကျွန်တော်တို့က ဒိတ်လုပ်ရတာကို သဘောကျကြပါတယ်။

ကျွန်တော်တို့က ညဉ့်နက်ရုပ်ရှင်တွေ သွားကြည့်တာမျိုး ဒါမှမဟုတ် မြို့ပြင်ကို ကားမောင်းထွက်တာမျိုး လုပ်တတ်ပေမဲ့ ဒိတ်အများစုကတော့ အိမ်မှာပဲ ဖြစ်ပါတယ်။ ကျွန်တော်တို့ရဲ့ မျက်နှာတွေကို လူသိများတာကြောင့် အပြင်ထွက်ဖို့က ခက်ခဲလို့ပါ။

အခုလိုမျိုးပဲ ကျွန်တော်တို့က ညဉ့်နက်တဲ့အထိ မကြာခဏ ဆော့ကစားတတ်ကြပြီး အယ်လီက ကျွန်တော့်အိမ်မှာပဲ အိပ်လေ့ရှိပါတယ်။

ကျွန်တော့်ရဲ့ စိုက်ကြည့်မှုကို သိရှိသွားပြီး အယ်လီက မျက်လုံးတွေကို ဖြည်းဖြည်းချင်း ဖွင့်လာခဲ့တယ်။

“ဘာလို့ ငါ့ကို အဲလိုကြီး စိုက်ကြည့်နေတာလဲ”

“အံ့ဩဖို့ကောင်းလို့လေ”

“ဘာကလဲ”

“ငါတို့ အခုလို အတူတူ ရှိနေကြတာက အံ့ဩဖို့ကောင်းလို့ပါ”

တကယ်လို့ ကျွန်တော်သာ ရင်းနှီးမြှုပ်နှံမှု မလုပ်ခဲ့ဘဲ ကျောင်းပဲ ဆက်တက်နေခဲ့ရင် အယ်လီနဲ့ ဘယ်တော့မှ ဆုံတွေ့ခဲ့မှာ မဟုတ်ဘူး။ အဲဒါဆို အခုလိုမျိုး အတူတူ ရှိနေကြမှာ မဟုတ်ဘူးလေ။

ကျွန်တော့်ရဲ့ စကားကို ကြားပြီး အယ်လီက ပြောတယ်။

“ငါတို့က ဆုံဖြစ်ဦးမှာပဲလို့ ထင်တာပဲ။ ငါက ဂျက်စီကာနဲ့အတူ ကိုရီးယားတက္ကသိုလ်ကို သွားကြည့်ရင် ကြည့်ဖြစ်မှာ၊ ဒါမှမဟုတ် ဂျင်ဟူက တက်ဂယူနဲ့အတူ ဂျက်စီကာနဲ့ တွေ့ဖို့ ဟောင်ကောင်ကို လာရင် လာဖြစ်မှာပဲလေ”

“အင်း... အဲလိုလည်း ဖြစ်နိုင်တာပဲ”

ကျွန်တော်တို့ အချင်းချင်း ပြုံးပြလိုက်ပြီးနောက် အားရပါးရဖက်ကာ နမ်းလိုက်ကြပါတယ်။

“နင် အိပ်ချင်ပြေပြီဆိုရင် ကော်ဖီ အရင်သောက်ကြမလား”

“ကောင်းသားပဲ”

ကျွန်တော်တို့ အိပ်ရာကနေ ထလိုက်ပြီး အဝတ်အစားတွေကို ဝတ်လိုက်တယ်။

လိုက်ကာတွေကို ဖွင့်လိုက်တဲ့အခါ အယ်လီက အံ့ဩတကြီး ရေရွတ်လိုက်တယ်။

“ဝိုး”

ပြတင်းပေါက်အပြင်ဘက်မှာ မြင်နေရတဲ့ ပန်းခြံက တစ်ညထဲနဲ့ ဖြူဖွေးသွားခဲ့တာပါ။ ပြီးတော့ နှင်းတွေကလည်း အပြင်းအထန် ကျဆင်းနေဆဲ ဖြစ်ပါတယ်။

အယ်လီက အဲဒီမြင်ကွင်းကို ငေးမောပြီး ကြည့်နေခဲ့တယ်။

“တကယ့်ကို လှတာပဲ”

ကျွန်တော် အယ်လီရဲ့ ဘေးနားကို လျှောက်သွားလိုက်တယ်။

“နင်က နှင်းတွေကို သဘောကျလား”

“ဒါပေါ့။ အရင်က ပြောခဲ့ဖူးတယ်လေ။ ဟောင်ကောင်မှာ နှင်းမကျတော့ နှင်းကို မြင်ရတဲ့အခါတိုင်း အခုထိ အံ့ဩနေတုန်းပဲ”

ကျွန်တော်တို့ ကော်ဖီဖျော်ဖို့အတွက် ပထမထပ်ကို ဆင်းခဲ့ကြတယ်။ ကော်ဖီဖျော်ပြီး တစ်ယောက်တစ်ခွက်စီ ကိုင်ကာ ပြတင်းပေါက်နားမှာ ရပ်ပြီး နှင်းတွေ စုပုံလာတာကို စောင့်ကြည့်နေခဲ့ကြတာပါ။

အယ်လီက ကော်ဖီကို တစ်ငုံသောက်ရင်း ပြောတယ်။

“ဆောင်းရာသီက တဖြည်းဖြည်းချင်း ကုန်ဆုံးတော့မယ် ထင်တယ်”

“ဒါက နောက်ဆုံးနှင်းကျတာ ဖြစ်နိုင်ပါတယ်”

ထူးထူးခြားခြား စောစောနိုးလာတဲ့ တက်ဂယူက ညအိပ်ဝတ်စုံနဲ့ ဧည့်ခန်းထဲကို ဝင်လာခဲ့တယ်။

“နှင်းတွေ အများကြီး ကျနေတာပဲ။ ဒီနေ့တော့ အပြင်ထွက်လို့ ရမယ်မထင်ဘူး”

ကျွန်တော် ခေါင်းငြိမ့်ပြလိုက်တယ်။

“အေး... အဲလိုပဲ ထင်တာပဲ။ အိမ်မှာပဲ ချက်စားရမှာပေါ့”

“စားပြီးရင် နှင်းလူရုပ် လုပ်ကြမလား”

“……မင်းက ကလေးလား”

ဒါပေမဲ့ အယ်လီကတော့ ဝမ်းသာအားရနဲ့ လက်ခုပ်တီးလိုက်တယ်။

“အကြံကောင်းပဲ။ အတူတူ လုပ်ကြရအောင်”

ဖေဖော်ဝါရီလမှာ ဖြစ်ရပ်တွေ အများကြီး ရှိပါတယ်။

ပထမဆုံးအနေနဲ့ ကိုရီးယားမှာ သမ္မတ ကျမ်းသစ္စာဆိုပွဲ ဖြစ်ပွားခဲ့တယ်။ ပတ်ဆီဟျွန်းရဲ့ ငါးနှစ်တာ သမ္မတ သက်တမ်း ကုန်ဆုံးခဲ့ပြီး နိုင်ငံရေးသစ်ပါတီက ဟိုချန်မင်းက သမ္မတအဖြစ် ကျမ်းသစ္စာဆိုခဲ့တာပါ။

သူ ပထမဆုံး လုပ်ခဲ့တဲ့ အရာကတော့ ပြီးခဲ့တဲ့ အစိုးရလက်ထက်က ပြဿနာဖြစ်ခဲ့တဲ့ ဆိုက်ဘာစစ်ဆင်ရေးအဖွဲ့ လည်ပတ်မှုတွေနဲ့ အရပ်သား စောင့်ကြည့်မှုတွေကို ပြန်လည် စုံစမ်းစစ်ဆေးဖို့ စတင်လိုက်တာ ဖြစ်ပါတယ်။ သဘာဝကျစွာပဲ အမျိုးသားထောက်လှမ်းရေးအဖွဲ့နဲ့ ကာကွယ်ရေးနဲ့လုံခြုံရေး တပ်ဖွဲ့တွေက ပစ်မှတ်တွေ ဖြစ်လာခဲ့တယ်။

နိုင်ငံရေးသစ်ပါတီက ပတ်ဆီဟျွန်းရဲ့ စွပ်စွဲချက်အမျိုးမျိုး (PAS ရဲ့ အကျိုးခံစားခွင့်ရှိသူ ပြဿနာ၊ အရပ်သား စောင့်ကြည့်မှု ညွှန်ကြားချက်၊ ကွန်ဆာဗေးတစ်အဖွဲ့တွေရဲ့ စီစဉ်ထားတဲ့ ဆန္ဒပြမှု ညွှန်ကြားချက်၊ ပြည်ပက ဝှက်ထားတဲ့ ပိုင်ဆိုင်မှုတွေ စတာတွေ) ကို အထူးစစ်ဆေးရေးမှူးနဲ့ စုံစမ်းစစ်ဆေးဖို့ တောင်းဆိုခဲ့ပြီး အခု အတိုက်အခံပါတီ ဖြစ်သွားတဲ့ လေဘာပါတီကတော့ ဒါကို ပြီးခဲ့တဲ့ အစိုးရအပေါ် နိုင်ငံရေး အရှက်ခွဲမှုလို့ ခေါ်ဆိုပြီး ပြင်းပြင်းထန်ထန် ကန့်ကွက်ခဲ့တယ်။

ဒါပေမဲ့ ပါတီတွင်းမှာ အပြင်းအထန် ကွဲပြားနေပြီး ပတ်ဆီဟျွန်းလိုလားတဲ့ အုပ်စုရဲ့ အင်အားက အားနည်းသွားခဲ့ကာ လူထုသဘောထားကလည်း အထူးစုံစမ်းစစ်ဆေးမှာကို ထောက်ခံနေခဲ့တာပါ။ သက်သေအမျိုးမျိုးနဲ့ ထွက်ဆိုချက်တွေက ထွက်ပေါ်နေပြီဖြစ်လို့ အကြောင်းပြချက်မရှိ ကန့်ကွက်ဖို့က မလွယ်ကူပါဘူး။ အဆုံးမှာတော့ အထူးစုံစမ်းစစ်ဆေးမှုက ပုံစံတစ်မျိုးမျိုးနဲ့ အတည်ပြုနိုင်ခြေ ရှိပါတယ်။

ပြည်တွင်း နိုင်ငံရေး အခြေအနေတွေအပြင် အရေးကြီးတဲ့ ဖြစ်ရပ်တစ်ခုက ကျွန်တော်တို့ကို စောင့်ကြိုနေခဲ့ပါတယ်။

အဲဒါကတော့ CarOS ရဲ့ မော်ဒယ်အသစ်ကို မိတ်ဆက်ပွဲပဲ ဖြစ်ပါတယ်။

All Chapters