အခန်း ၂၂၀
Vol. 22 Ch. 220
အခန်း (၂၂၀)
"မဟာငလျင်ကြီး" ကြောင့် စက်မှုကုန်ထုတ်လုပ်ငန်းနယ်ပယ်မှာ သိသာထင်ရှားတဲ့ အပြောင်းအလဲတွေ ဖြစ်လာခဲ့ပြီး ကုမ္ပဏီတွေအနေနဲ့လည်း သူတို့ရဲ့ မဟာဗျူဟာတွေကို အခြေအနေနဲ့အညီ ပြန်လည်သုံးသပ်ခဲ့ရတယ်။
Enple ဟာ မူလက Nphone Z ကို စက်တင်ဘာလကုန်မှာ ဖြန့်ချိဖို့ စီစဉ်ထားခဲ့တာပါ။ ဒါပေမဲ့ သုံးလနီးပါး နောက်ကျသွားပြီး ပြီးခဲ့တဲ့နှစ် ခရစ္စမတ်မတိုင်ခင်လေးမှာပဲ နောက်ဆုံးတော့ မိတ်ဆက်နိုင်ခဲ့တယ်။ အလားတူပဲ CarOS ကလည်း သူတို့ရဲ့ ကားသစ်မိတ်ဆက်ပွဲကို လပေါင်းများစွာ ရွှေ့ဆိုင်းခဲ့ရပြီး အခုနှစ်သစ်ကူးပြီးမှပဲ ဖြန့်ချိနိုင်ခဲ့တယ်။
CarOS မှာ အဆင့်မြင့်ဆုံး အလိုအလျောက်မောင်းနှင်တဲ့စနစ် နည်းပညာ ရှိနေတာကတော့ အမှန်ပါပဲ။ ဒါပေမဲ့ ဒီနည်းပညာကို စီးပွားဖြစ် ထုတ်လုပ်နိုင်ဖို့အတွက် ကျော်ဖြတ်ရမယ့် အခက်အခဲတွေက အများကြီးရှိခဲ့ပါတယ်။
နည်းပညာကောင်းတွေ ရှိနေပါလျက်နဲ့ ပျောက်ကွယ်သွားခဲ့ရတဲ့ ကုမ္ပဏီတွေ ဘယ်လောက်တောင် များနေပြီလဲ။
တကယ်လို့ OTK ကုမ္ပဏီရဲ့ ရင်းနှီးမြှုပ်နှံမှုသာ မရှိခဲ့ရင် CarOS ဟာ တခြားကုမ္ပဏီတစ်ခုဆီ ရောင်းချခံလိုက်ရတာ ဒါမှမဟုတ် ဆော့ဖ်ဝဲလ် ပံ့ပိုးပေးတဲ့ အဆင့်မှာတင် ကျန်နေခဲ့မှာ အသေအချာပါပဲ။ (မကြာခဏဆိုသလို နည်းပညာကို စတင်တီထွင်တဲ့ကုမ္ပဏီက ကျရှုံးသွားတတ်ပြီး တခြားကုမ္ပဏီတစ်ခုဆီရောက်မှ စီးပွားဖြစ် အောင်မြင်အောင် လုပ်နိုင်ပြီး ထိပ်တန်းရောက်သွားတာမျိုး ရှိတတ်ပါတယ်)
ဒါပေမဲ့ ကျွန်တော်တို့က စီးပွားဖြစ် ထုတ်လုပ်နိုင်ဖို့ အခက်အခဲတွေကို ကျော်ဖြတ်ဖို့အတွက် ဝမ် သန်းပေါင်း ကုဋေချီပြီး ပုံအော သုံးစွဲခဲ့ပါတယ်။
စဉ်ဆက်မပြတ် သုတေသနနဲ့ ထုတ်လုပ်ရေးလုပ်ငန်းတွေကတစ်ဆင့် ကျွန်တော်တို့ရဲ့ နည်းပညာအဆင့်အတန်းကို မြှင့်တင်နိုင်ခဲ့တယ်။ Chrysler ကို ဝယ်ယူခဲ့ပြီး စက်ရုံအသစ်တွေ တည်ဆောက်ခဲ့တယ်။ ပြီးတော့ ဆိုဆောင်း အီလက်ထရောနစ်နဲ့ လက်တွဲပြီး အလိုအလျောက်မောင်းနှင်တဲ့စနစ်ရဲ့ Hardwareပစ္စည်း ထောက်ပံ့ရေးပြဿနာကို ဖြေရှင်းနိုင်ခဲ့တယ်။
ကျွန်တော်တို့ ဝယ်ယူပြီးကတည်းက CarOS ရဲ့ တန်ဖိုးဟာ ထိုးတက်သွားခဲ့ပေမဲ့ အမြတ်ဝင်ငွေကတော့ သုံးလပတ်စာရင်းရှင်းတိုင်းမှာ ကြီးမားတဲ့ အရှုံးပြနေခဲ့တာပါ။
သုတေသနနဲ့ ထုတ်လုပ်ရေး၊ မောင်းနှင်မှု စမ်းသပ်ချက်တွေနဲ့ စက်ရုံတည်ဆောက်ရေးတွေထဲကို ငွေတွေ ဆက်တိုက် ပုံအောနေရတဲ့အချိန်မှာ ကားရောင်းအားကတော့ ဆက်တိုက် ကျဆင်းနေပြီး ဝင်ငွေ လျော့နည်းနေခဲ့ပါတယ်။
တခြား စက်မှုလုပ်ငန်းတွေလိုပဲ မော်တော်ကားကဏ္ဍမှာလည်း အတိုင်းအတာတစ်ခုအထိ အစုလိုက်အပြုံလိုက် ထုတ်လုပ်နိုင်မှုက အထူးသဖြင့် အရေးကြီးပါတယ်။ ကားတွေ မရောင်းရရင်တောင် ဝန်ထမ်းတွေရဲ့ လစာကို လျှော့လို့မရသလို၊ အရောင်းကွန်ရက်တွေနဲ့ ဝန်ဆောင်မှုစင်တာတွေရဲ့ ထိန်းသိမ်းစရိတ်တွေကိုလည်း ပေးနေရတုန်းပါပဲ။
အချိန်အတော်ကြာ ရင်းနှီးမြှုပ်နှံမှုတွေ လုပ်ပြီးတဲ့နောက်မှာတော့ ကားသစ်ဖြန့်ချိဖို့က တကယ့်ကို လက်တစ်ကမ်းအကွာကို ရောက်လာခဲ့ပါပြီ။
ထုတ်လုပ်ရေးပိုင်းက လွန်ခဲ့တဲ့ အချိန်အတော်ကြာကတည်းက ပြီးစီးခဲ့တာ ဖြစ်ပေမဲ့ အရေးကြီးတဲ့ အလုပ်တစ်ခု ကျန်နေပါသေးတယ်။ အဲဒါကတော့ နာမည်ပေးဖို့ပါပဲ။
ကားတွေကို နာမည်ပေးတဲ့နေရာမှာ အဓိက နည်းလမ်းနှစ်ခု ရှိပါတယ်။
တစ်ခုက မော်ဒယ်တစ်ခုချင်းစီနဲ့ လိုက်ဖက်မယ့် စကားလုံးတွေကို သုံးတာဖြစ်ပြီး နောက်တစ်ခုကတော့ ကားအမျိုးအစားနဲ့ အရွယ်အစားအလိုက် စာလုံးတွေနဲ့ နံပါတ်တွေကို ပေါင်းစပ်ပြီး ပေးတာပါ။
ဥပမာအားဖြင့် အုပ်စုတစ်ခုထဲအောက်က Volkswagen က Golf၊ Tiguan နဲ့ Passat တို့ကို သုံးပြီး Audi ကတော့ A4၊ A6 နဲ့ Q5 တို့ကို သုံးပါတယ်။
ဘယ်နည်းလမ်းကိုပဲ ရွေးချယ်ရွေးချယ်၊ စားသုံးသူတွေအနေနဲ့ နာမည် ကြားလိုက်တာနဲ့ ဘယ်လိုကားမျိုးလဲဆိုတာကို ရှင်းရှင်းလင်းလင်း သိနိုင်ဖို့က အရေးကြီးဆုံးပါပဲ။
စီမံခန့်ခွဲမှုအဖွဲ့နဲ့ ပြည်သူ့ဆက်ဆံရေး ကျွမ်းကျင်သူတွေ ဆွေးနွေးပြီးတဲ့နောက်မှာ "Autonomous Driving Car" ဆိုတဲ့ စကားလုံးကနေ အတိုကောက်ယူပြီး AD လို့ နာမည်ပေးဖို့ ဆုံးဖြတ်ခဲ့ကြကာ ဖြန့်ချိမယ့် အစီအစဉ်အလိုက် နံပါတ်တွေ ထည့်သွားဖို့ လုပ်ခဲ့ကြတယ်။
Sedan မော်ဒယ်ကို AD1 လို့ နာမည်ပေးပြီး SUV မော်ဒယ်ကိုတော့ AD2 လို့ နာမည်ပေးလိုက်ပါတယ်။ AD ဆိုတာက "Anno Domini" (ခရစ်သက္ကရာဇ်) ကိုလည်း ဆိုလိုတဲ့အတွက် မော်တော်ကားလောကအတွက် ခေတ်သစ်တစ်ခုကို ဆောင်ကြဉ်းပေးမယ်ဆိုတဲ့ အဓိပ္ပာယ်လည်း သက်ရောက်နေပါတယ်။
ဒီနည်းလမ်းက လက်ရှိ ခေတ်ရေစီးကြောင်းလည်း ဖြစ်သလို နောက်ပိုင်းမှာ နာမည်ပေးခ ကုန်ကျစရိတ်တွေကို သက်သာစေတာက အကြီးမားဆုံး အားသာချက်ပါပဲ။
AD1 ရဲ့ ဈေးနှုန်းက ၃၉,၉၀၀ ဒေါ်လာဖြစ်ပြီး AD2 ကတော့ ၄၄,၉၀၀ ဒေါ်လာပါ။ စိတ်ကြိုက်အမိုးအကာ စတာတွေ ထပ်ထည့်ရင် ဈေးနှုန်းက ဒေါ်လာ ၅,၀၀၀ ဝန်းကျင်လောက် ထပ်တိုးနိုင်ပါတယ်။
ဒါက အလယ်အလတ်တန်းစားကားတစ်စီးအတွက် တော်တော်လေး ဈေးကြီးတဲ့အထဲမှာ ပါပါတယ်။
အင်ဂျင်ကတော့ ရှိပြီးသားမော်ဒယ်ကို အများကြီး အဆင့်မြှင့်တင်ထားတာ ဖြစ်ပေမဲ့ ဒီဇိုင်းကတော့ လုံးဝ အသစ်စက်စက်ပါ။
အထူးခြားဆုံး အစိတ်အပိုင်းကတော့ အတွင်းပိုင်း ပြင်ဆင်မှုပါပဲ။ ကားအတွင်းခန်းမှာ ဒိုင်ခွက်မျက်နှာပြင် နှစ်ခု တပ်ဆင်ထားပြီး စနစ်အားလုံးကို အသံနဲ့ touch systemတို့နဲ့ စေခိုင်းမောင်းနှင်နိုင်ပါတယ်။
AD1 ရောက်ရော AD2 ပါ ဓာတ်ဆီကိုပဲ သုံးပါတယ်။
“ဒီရက်ပိုင်း ဒီဇယ်က ပိုပြီး ခေတ်စားနေတာ မဟုတ်ဘူးလား”
“အမေရိကမှာတော့ လူစီးကားတွေအတွက် ဒီဇယ်ကို သိပ်မသုံးကြဘူး”
ကိုရီးယားမှာတော့ SUV ကားတွေအတွက်တောင် ဒီဇယ်ကို အဓိက သုံးကြပေမဲ့ အမေရိကမှာတော့ ပစ်ကပ်ထရပ်ကား အကြီးစားတွေကအစ အားလုံး ဓာတ်ဆီနဲ့ပဲ မောင်းကြတာပါ။
ဒီဇယ်က လောင်စာဆီ ပမာဏတူရင် ဆီစား ပိုသက်သာပါတယ်။ ဒါကြောင့် စက်မှုလုပ်ငန်းသုံးအတွက် လိုအပ်ချက် ပိုများပြီး နိုင်ငံတကာ ရေနံဈေးကွက်မှာ ဒီဇယ်ဈေးက ဓာတ်ဆီထက် ပိုကြီးပါတယ်။
တက်ဂယူက ခေါင်းစောင်းပြီး စဉ်းစားလိုက်တယ်။
“ကိုရီးယားမှာတော့ ဓာတ်ဆီက ပိုဈေးကြီးတယ် မဟုတ်လား”
“အဲဒါက အခွန်တွေကြောင့်လေ”
ဓာတ်ဆီအပေါ် အခွန် အဆမတန် ကောက်ခံတာကြောင့် ဒီဇယ်က ဈေးပိုသက်သာနေတာပါ။
ဒါကြောင့်မလို့ပဲ ကိုရီးယားဟာ တခြားနိုင်ငံတွေနဲ့မတူဘဲ ဒီဇယ်ကားတွေ အဝယ်လိုက်တဲ့ ထူးခြားတဲ့ ဈေးကွက်တစ်ခု ဖြစ်နေရတာပါ။
“ဘယ်လိုပဲဖြစ်ဖြစ် ဒီကားက CarOS အနေနဲ့ ရောင်းချမယ့် နောက်ဆုံး ရေနံအခြေခံ လောင်စာသုံးကားပဲ ဖြစ်လိမ့်မယ်”
ကားသစ် ဖြန့်ချိလိုက်တာနဲ့အတူ အရင်က ထုတ်လုပ်ခဲ့တဲ့ Chrysler ကားတွေအားလုံးကို ထုတ်လုပ်မှု ရပ်ဆိုင်းလိုက်တယ်။
ပြီးတော့ CarOS က အခုဆိုရင် လျှပ်စစ်ကားအသစ်တွေကို တီထွင်နေပြီ ဖြစ်ပါတယ်။ ရှေ့ဆက်မယ့် ဖြန့်ချိရေး အစီအစဉ်တွေ ချောချောမွေ့မွေ့ ဖြစ်သွားဖို့အတွက် ဒီကားရဲ့ အောင်မြင်မှုက အလွန်ပဲ အရေးကြီးပါတယ်။
“ငါတို့ ဘယ်နှစီးလောက် ရောင်းရမလဲ မသိဘူးနော်”
ကား မရောင်းရနိုင်တဲ့ အကြောင်းရင်းတွေ အများကြီး ရှိပါတယ်။ အမှတ်တံဆိပ် လူသိနည်းတာ၊ ဈေးကြီးတာနဲ့ ဒီဈေးနှုန်းဝန်းကျင်မှာတင် စွမ်းဆောင်ရည် ပိုကောင်းတဲ့ ကားတွေ အများကြီး ရှိနေတာမျိုးတွေပေါ့။
တစ်ဖက်မှာလည်း ကား အလွန် ရောင်းကောင်းနိုင်တဲ့ အဓိက အကြောင်းရင်းတစ်ခု ရှိနေပြန်ပါတယ်။ အဲဒါကတော့ လက်ရှိ ထွက်ရှိထားသမျှ ကားတွေထဲမှာ အဆင့်မြင့်ဆုံး အလိုအလျောက်မောင်းနှင်တဲ့စနစ် နည်းပညာ တပ်ဆင်ထားလို့ပါပဲ။
တက်ဂယူက ကျွန်တော့်ကို လက်ညှိုးထိုးပြီး ပြောလိုက်တယ်။
“နောက်ထပ် အကြောင်းရင်းတစ်ခု ရှိသေးတယ်။ မင်းရဲ့ လူသိများမှုပေါ့”
ကျွန်တော် သဘောကျပြီး ရယ်မိသွားတယ်။
“မထင်ပါဘူးကွာ”
ကျွန်တော့်ရဲ့ ရေပန်းစားမှုက အမေရိကတစ်ဝန်းလုံးကို လွှမ်းမိုးခဲ့တဲ့ အချိန်တစ်ခုတော့ ရှိခဲ့ဖူးပါတယ်။
ဒါပေမဲ့ အဲဒါက လွန်ခဲ့တဲ့ လေးလကပါ။ ကယ်ဆယ်ရေး လုပ်ငန်းတွေ လုပ်ဆောင်နေစဉ်အတွင်း စတေးခံခဲ့ရသူတွေ အများကြီး ရှိခဲ့သလို သူရဲကောင်းတွေလည်း အများကြီး ထွက်ပေါ်လာခဲ့တယ်။
မီဒီယာတွေမှာ ကျွန်တော့်အကြောင်း ပြောဆိုတာတွေက သိသိသာသာ လျော့နည်းသွားခဲ့ပါပြီ။ ဒါပေမဲ့ အရောင်းပိုင်းမှာတော့ အများကြီး အထောက်အကူ ဖြစ်မှာလောက်မှာပါ။
မိတ်ဆက်ပွဲ မတိုင်ခင် ဆယ်ရက်အလိုမှာ မော်ဒယ်တစ်ခုစီအတွက် ကားအစီးရေ ၅၀,၀၀၀ စီကို အွန်လိုင်းကနေ ကြိုတင်မှာယူမှု လက်ခံဖို့ ဆုံးဖြတ်ခဲ့ကြတယ်။ ကြိုတင်မှာယူခက ဒေါ်လာ ၁၀၀ ဖြစ်ပြီး ကားမအပ်ခင်အချိန်ထိ အပြည့်အဝ ပြန်အမ်းငွေ တောင်းခံနိုင်ပါတယ်။
“ကားအစီးရေ ၁ သိန်းက နည်းနည်း များမနေဘူးလား”
ဒါက တကယ့်ကို များပြားတဲ့ ပမာဏတစ်ခုပါ။
“မနေ့က ဒါရီလ်နဲ့ စကားပြောတော့ သူက တရားဝင် မိတ်မဆက်ခင်မှာတင် အကုန်ရောင်းရလိမ့်မယ်လို့ ယုံကြည်ချက် အပြည့်ရှိနေတယ်”
Nikola တုန်းက Model TH အတွက် ကြိုတင်မှာယူမှု ၄၅၀,၀၀၀ ထိ ရခဲ့ဖူးပါတယ်။ ဒါပေမဲ့ အဲဒါက လျှပ်စစ်ကား ဖြစ်သလို Nikola ပဲ လုပ်နိုင်ခဲ့တဲ့ အရာမျိုးပါ။
ပြီးတော့ Nikola က ကမ္ဘာတစ်ဝန်းလုံးကနေ ကြိုတင်မှာယူမှုတွေကို စုဆောင်းခဲ့တာ ဖြစ်ပြီး CarOS ကတော့ အမေရိကမှာပဲ လက်ခံနေတာပါ။
တရားဝင် မိတ်မဆက်ခင်မှာ တကယ်ပဲ ကြိုတင်မှာယူမှု ၁ သိန်း ပြည့်သွားပါ့မလား။
ကြိုတင်မှာယူမှုတွေကို ဒေသစံတော်ချိန် သန်းခေါင်ယံအချိန်မှာ စတင်ဖို့ စီစဉ်ထားခဲ့ပါတယ်။ CarOS ရုံးချုပ်ရှိရာ ဒီထရိုက်နဲ့ ဆိုးလ်မြို့ရဲ့ အချိန်ကွာခြားချက်က ၁၃ နာရီ ရှိပါတယ်။
ကျွန်တော်တို့အားလုံး ကြိုတင်မှာယူမှုတွေ စတင်မယ့်အချိန်ကို စောင့်ရင်း အနီးအနားက ကိုရီးယားစားသောက်ဆိုင်တစ်ခုမှာ အတူတူ နေ့လယ်စာ စားနေကြတယ်။
ကျွန်တော် ထမင်းနည်းနည်း စားပြီးတဲ့နောက် တူကို ချလိုက်တယ်။
အစ်မဟျွန်းဂျူးက မေးတယ်။
“နင် ရင်ခုန်နေတာလား”
ကျွန်တော် ခေါင်းခါပြမလို့ လုပ်ပြီးမှ အမှန်အတိုင်းပဲ ပြောလိုက်တယ်။
“ရင်းနှီးမြှုပ်နှံမှု လုပ်တဲ့အချိန်တုန်းကနဲ့ မတူတဲ့ ရင်ခုန်မှုမျိုး ခံစားနေရတယ်။ အကြီးအကျယ် ပေါက်သွားတာမျိုး မဖြစ်ရင်တောင် အနည်းဆုံးတော့ အဆင်ပြေပြေ ဖြစ်သွားဖို့ လိုတယ်လေ”
ကျွန်တော်တို့ရဲ့ ငွေကြေးအင်အားနဲ့ဆိုရင် ကားသစ်ကြီး ကျရှုံးသွားရင်တောင် ဒေဝါလီခံရမယ့် အခြေအနေမျိုးတော့ မရှိပါဘူး။ ဒါပေမဲ့ မဟာဗျူဟာမြောက် ပြုပြင်ပြောင်းလဲမှုတွေ လုပ်ဖို့ကတော့ ရှောင်လွှဲလို့ ရမှာမဟုတ်ဘူးလေ။
အယ်လီက နူးနူးညံ့ညံ့ပဲ ပြောရှာတယ်။
“အဆင်ပြေသွားမှာပါ၊ သိပ်ပြီး စိတ်မပူပါနဲ့”
တက်ဂယူကလည်း ဝင်ပြောတယ်။
“ဟုတ်တယ်၊ စောစောကတင် ဥက္ကဋ္ဌ လင်ဂျင်ယုံနဲ့ ဖုန်းပြောတော့ သူကလည်း အောင်မြင်မှာပါလို့ ပြောတယ်”
“…….”
တကယ်လို့ သူက မရောင်းရဘူးလို့ ထင်ရင်တောင် အရောင်းမစခင်မှာ အဲဒီလို ပြောပါ့မလား။
ဥက္ကဋ္ဌ လင်ဂျင်ယုံလည်း ရောင်းကောင်းဖို့ မျှော်လင့်နေမှာ အသေအချာပါပဲ။ ဆိုဆောင်း အီလက်ထရောနစ်ဟာ CarOS ရဲ့ ထိပ်တန်းဦးစားပေး မိတ်ဖက်ကုမ္ပဏီ ဖြစ်နေတာလေ။
သူတို့ကလည်း ငွေအမြောက်အမြား ရင်းနှီးမြှုပ်နှံထားရသလို၊ အုပ်စုရဲ့ ကံကြမ္မာကလည်း ဒီအပေါ်မှာ မူတည်နေပါတယ်။ ကျွန်တော်တို့အားလုံး တစ်လှေထဲစီး၊ တစ်ခရီးထဲသွားနေကြတာဆိုတော့ အောင်မြင်စေချင်တာက သဘာဝကျပါတယ်။
အယ်လီက သူ့နာရီကို ကြည့်လိုက်တယ်။
“အခုဆို စနေလောက်ပြီ ထင်တယ်”
ကျွန်တော် ဖုန်းကိုထုတ်ပြီး ဝက်ဘ်ဆိုက်ထဲ ဝင်လိုက်တယ်။ ပထမဆုံး စကရင်မျက်နှာပြင်မှာ ကားနှစ်စီးကို မြင်လိုက်ရတာက ခံစားချက်အသစ်တွေကို ဖြစ်ပေါ်စေပါတယ်။
ရင်ထဲမှာ တစ်ဆို့ဆို့ ဖြစ်လာပြီး မျက်ရည်တောင် ဝဲလာသလို ခံစားရတယ်။
ကျွန်တော့်မျက်နှာကို မြင်တော့ အယ်လီက မေးတယ်။
“နင် စိတ်လှုပ်ရှားနေတာလား”
“အင်း။ နည်းနည်းပေါ့”
တက်ဂယူက ခေါင်းညိတ်ပြတယ်။
“ဒီကားတွေ ကမ္ဘာပေါ်ကို ရောက်လာဖို့အတွက် ငွေတွေ ဘယ်လောက်တောင် သုံးခဲ့ရလဲဆိုတာ စဉ်းစားကြည့်ရင် မင်း မျက်ရည်ဝဲတာက နားလည်ပေးလို့ ရပါတယ်”
“…….”
ကျွန်တော်တို့ ငွေတွေ အများကြီး သုံးခဲ့တာ တကယ်ပါ။
ဒါကြောင့်မလို့ပဲ တကယ်လို့ ရှုံးနိမ့်သွားခဲ့ရင် ကျွန်တော် တကယ် ငိုမိမှာပါ။
ကြိုတင်မှာယူမှု အရေအတွက်ကို အချိန်နဲ့တပြေးညီ ပြသပေးနေပြီး ပြည့်သွားတာနဲ့ စောင့်ဆိုင်းစာရင်းထဲကို ရောက်သွားမှာ ဖြစ်ပါတယ်။
တက်ဂယူက ပြောတယ်။
“ငါတို့လည်း အရင်ဆုံး တစ်ယောက်တစ်စီးစီ ကြိုတင်မှာယူလိုက်ကြမလား”
“ဟမ်”
“စဉ်းစားကြည့်လေ၊ တောင်းစားတဲ့သူတောင် တောင်းလို့ကောင်းအောင် သူ့ခွက်ထဲကို အရင်ဆုံး ပိုက်ဆံအကြွေတချို့ ထည့်ထားတတ်ကြတာပဲမလား”
“မင်း နှိုင်းယှဉ်လိုက်တဲ့ ပုံစံကလည်း……”
ဒါပေမဲ့ သူပြောတာကလည်း ကျိုးကြောင်းဆီလျော်မှု ရှိပါတယ်။ အစပိုင်းမှာတင် ဝယ်မယ့်သူတွေ အများကြီး တိုးဝှေ့နေတယ်ဆိုတာကို ပြသနိုင်ရင် ဝယ်ယူလိုစိတ်ကို ပိုပြီး လှုံ့ဆော်ပေးနိုင်မှာ ဖြစ်ပါတယ်။
“အဲဒါ စိတ်ကူးကောင်းပဲ”
ကျွန်တော်တို့အားလုံး ဇွန်းတွေကို ချလိုက်ပြီး ဖုန်းတွေကို အမြန်ထုတ်ကာ ကြိုတင်မှာယူခြင်း ခလုတ်ကို နှိပ်လိုက်ကြပါတယ်။
“နောက်စာမျက်နှာကို ကူးမသွားတော့ဘူး”
“ငါလည်း တူတူပဲ”
“ဒီမှာလည်း အတူတူပဲ”
အဲဒီနောက်မှာတော့ လိုင်းက လုံးဝ ပြတ်တောက်သွားပြီး ဘာမှ မပေါ်တော့ပါဘူး။
တက်ဂယူက အလောတကြီး ပြောလာတယ်။
“ဒီပုံစံအတိုင်းဆိုရင် ငါတို့တွေ ကြိုတင်မှာယူမှု တစ်ခုတောင် ရမှာမဟုတ်ဘူး ထင်တယ်”
“ဟမ်”
“လူတွေ ဝယ်ချင်စိတ် ပြင်းပြနေတဲ့အချိန်မှာ ငွေပေးချေမှုက ချက်ချင်း ဖြစ်သွားရမှာလေ။ အချိန်ကိုက် မဖြစ်ရင် လူတွေက ဝယ်မယ်လို့ ရည်ရွယ်ထားတာကို မဝယ်တော့ဘဲ နေသွားနိုင်တယ်”
“အဲ- အဲဒီလိုလား”
ကြိုတင်မှာယူမှုတွေမှာ အစပြုခြင်းက အရေးကြီးဆုံးပါ။ လူတွေရဲ့ စိတ်ဝင်စားမှု မြင့်တက်နေတဲ့အချိန်မှာ အရောင်းပမာဏကို အမြင့်ဆုံးအထိ မြှင့်တင်ထားရမှာ ဖြစ်ပါတယ်။
ကျွန်တော်တို့ တကယ်ပဲ ဒီလိုကြီး ကျရှုံးသွားတော့မှာလား။
ကျွန်တော် အဲဒီလို တွေးနေမိတဲ့ အချိန်မှာတင် CarOS ဆီက ဖုန်းဝင်လာပါတယ်။
ကျွန်တော် ဖုန်းကိုင်လိုက်တာနဲ့ ဒါရီလ်က အော်ပြောတော့တာပါပဲ။
[ကြိုတင်မှာယူသူတွေ အများကြီး တစ်ပြိုင်ထဲ ဝင်ရောက်လာလို့ ဝက်ဘ်ဆိုက်ကြီး ကျသွားပြီ။ အခု ကုမ္ပဏီဆီကို ကြိုတင်မှာယူချင်တဲ့ ဖုန်းခေါ်ဆိုမှုတွေလည်း အများကြီး ဝင်နေတယ်]
ရိုနယ်က Twitter မှာ စာတင်ထားပါတယ်။
[အမေရိကန် အလုပ်သမားတွေ အမေရိကန် စက်ရုံမှာ ထုတ်လုပ်ထားတဲ့ ကားသစ်တစ်စီး ထွက်ရှိလာခဲ့ပါပြီ။ CarOS နဲ့ စီအီးအို ကန်ဂျင်ဟူ တို့ကို ဂုဏ်ယူဝမ်းမြောက်ကြောင်း ပြောကြားလိုပါတယ်]
သူက လူမှုကွန်ရက်မှာ စာတင်ရုံတင်မကဘဲ ကျွန်တော့်ဆီကိုလည်း တိုက်ရိုက် ဖုန်းဆက်လာခဲ့ပါတယ်။
[မတွေ့တာ ကြာပြီနော်။ နေကောင်းလား]
“ဟုတ်ကဲ့ပါ၊ သမ္မတကြီးလည်း ကျန်းကျန်းမာမာ ရှိလိမ့်မယ်လို့ မျှော်လင့်ပါတယ်”
ကယ်ဆယ်ရေးစခန်းမှာ ကယ်ဆယ်ရေးလုပ်ငန်းတွေကို ဦးဆောင်ခဲ့တဲ့ ရိုနယ်ဟာ သမ္မတ တာဝန်တွေကို ဆက်လက်ထမ်းဆောင်ဖို့အတွက် နှစ်ကုန်ပိုင်းမှာ အိမ်ဖြူတော်ဆီ ပြန်သွားခဲ့ပါတယ်။
ကိုရီးယားကို ပြန်ရောက်ကတည်းက သူ့ဆီကို ရံဖန်ရံခါ ဖုန်းဆက်ဖြစ်ပေမဲ့ ဒီတစ်ခေါက် ဖုန်းပြောဖြစ်တာကတော့ အချိန်အတော်ကြာမှပါ။ ရိုနယ်က သူငယ်ချင်းတစ်ယောက်နဲ့ စကားပြောနေသလိုမျိုး ပေါ့ပေါ့ပါးပါးပဲ ပြောတယ်။
[ပြည်တွင်း ပြည်ပ ပြဿနာတွေရယ်၊ ပြီးတော့ ဒီမိုကရက်တစ်ပါတီက လူတွေကြောင့်ရယ် ငါတော့ ရူးတော့မှာပဲ။ အဲဒါနဲ့ စကားမစပ် ငါလည်း ကားတစ်စီးလောက် ဝယ်မလို့ စမ်းကြည့်သေးတယ်။ ဒါပေမဲ့ ကြိုတင်မှာယူမှုတွေက အကုန် ပြည့်သွားပြီ ဖြစ်နေတာလေ]
“ဒါက သမ္မတကြီး Twitter မှာ ကြော်ငြာပေးလိုက်လို့ ဖြစ်မှာပါ”
တကယ်တော့ ကြိုတင်မှာယူမှုတွေက အဲဒီမတိုင်ခင်ကတည်းက ပြည့်သွားခဲ့တာပါ။
ရိုနယ်က ကျွန်တော့်စကားကို သဘောကျသွားပြီး အားရပါးရ ရယ်လိုက်တယ်။
[ဟားဟား။ ဟုတ်တာပေါ့။ ငါတို့ မကြာခင် ပြန်တွေ့ကြရအောင်။ ဟုတ်ပြီလား]
“ကျွန်တော်လည်း သမ္မတကြီးကို တွေ့ချင်ပါတယ်။ အချိန်ရမယ့်ရက်ကိုသာ ပြောလိုက်ပါ။ ကျွန်တော် အမေရိကကို ဘယ်အချိန်မဆို လာခဲ့ပါ့မယ်”
[ကောင်းပြီလေ။ မင်းရဲ့ ဟိုသူငယ်ချင်းကိုလည်း ငါ့အစား နှုတ်ဆက်ပေးပါဦး]
သူက တက်ဂယူကို ပြောတာပါ။
“နှုတ်ဆက်ပေးလိုက်ပါ့မယ်”
ဒါက အလုပ်သဘောအရ ပြောတာမျိုး မဟုတ်ပါဘူး။ တကယ်ပဲ မတွေ့တာ ကြာပြီဖြစ်တဲ့အတွက် သူ့ကို တွေ့ချင်တဲ့ စိတ်ရင်းရှိတာပါ။ ငလျင်ဘေးအန္တရာယ်ရဲ့ အကြပ်အတည်းကို အတူတူ ကျော်ဖြတ်ခဲ့ကြလို့ ဖြစ်မှာပါ။ သူက လုပ်ဖော်ကိုင်ဖက်ဟောင်းကြီးတစ်ယောက်လို ခံစားရပါတယ်။
အဲဒီနောက်မှာတော့ ကျွန်တော် ဒါရီလ်နဲ့ စကားပြောဖြစ်ခဲ့တယ်။
သူက စိတ်လှုပ်ရှားနေတဲ့ အသံနဲ့ ပြောလာပါတယ်။
[နောက်ထပ် ကြိုတင်မှာယူမှု ၂၃၀,၀၀၀ ထပ်ရထားတယ်။ ထုတ်လုပ်မှု ငရဲဆိုတာ ဒါမျိုးကို ပြောတာနေမှာ။ Nikola ရဲ့ စီအီးအို အယ်လန် အဲဗာဟတ် ရဲ့ ခံစားချက်ကို အခုမှပဲ နားလည်နိုင်တော့တယ်]
သူက အဲဒီလို ပြောနေပေမဲ့လည်း အလကားဖြစ်နေခဲ့တဲ့ စက်ရုံတွေ အခုလို အစွမ်းကုန် လည်ပတ်နေရတဲ့အပေါ် တကယ့်ကို ဝမ်းသာပီတိ ဖြစ်နေပုံရပါတယ်။ အချိန်ပိုဆင်းရမှုတွေ တိုးလာတာကြောင့် အလုပ်သမားသမဂ္ဂကလည်း အလွန် ဝမ်းမြောက်နေကြတယ်လို့ ဆိုပါတယ်။
ဖြန့်ချိမယ့် အစီအစဉ် နောက်ကျသွားခဲ့တာကြောင့် ကားထုတ်လုပ်ရေးလိုင်းတွေကို ကားသစ်ထုတ်လုပ်ရေးအတွက် ကြိုတင် ပြောင်းလဲထားခဲ့ပြီး ကားစီးရေ အလုံအလောက် ထုတ်လုပ်ထားနိုင်ခဲ့ပြီလို့ ထင်ခဲ့ပေမဲ့ အဲဒီကားလက်ကျန်တွေက ချက်ချင်းဆိုသလို ကုန်သွားခဲ့တာပါ။
[စက်ရုံအသစ်တွေက တချို့အပိုင်းတွေ စတင်လည်ပတ်နေပြီ ဖြစ်ပေမဲ့ ဝယ်လိုအားကို ပြည့်မီဖို့အတွက်တော့ အဝေးကြီး လိုသေးတယ်]
စက်ရုံအသစ်တွေအားလုံး ပြီးစီးသွားရင်တော့ တစ်နှစ်ကို ကားစီးရေ ၅ သန်းအထိ ထုတ်လုပ်နိုင်စွမ်း ရှိလာမှာပါ။ စက်ရုံအသစ်တွေက လျှပ်စစ်ကား ထုတ်လုပ်ရေးလိုင်းတွေအတွက် အဓိက ဖြစ်တာကြောင့် AD1 နဲ့ AD2 ရဲ့ ထုတ်လုပ်မှုစွမ်းအားကတော့ ဘယ်လောက်ပဲ မြှင့်တင်မြှင့်တင် တစ်နှစ်ကို ကားစီးရေ ၁.၅ သန်းအထိပဲ ကန့်သတ်ချက် ရှိနေပါတယ်။
မျှော်လင့်ထားတဲ့အတိုင်းပဲ AD2 က အရောင်းပမာဏရဲ့ ၇၀ ရာခိုင်နှုန်းနီးပါး ရှိခဲ့ပြီး SUV ကားတွေရဲ့ လူကြိုက်များမှုကို သက်သေပြလိုက်တာပါပဲ။
အော်ဒါတွေက ဝက်ဘ်ဆိုက်ကတင်မကဘဲ ကားအရောင်းပြခန်းတွေဆီကနေပါ လျှံကျလာခဲ့ပါတယ်။ အွန်လိုင်းအရောင်းကို CarOS က တိုက်ရိုက် ကိုင်တွယ်ပြီး offlineအရောင်းကိုတော့ ရှိပြီးသား ကားအရောင်းပြခန်းတွေကိုပဲ လွှဲအပ်ထားခဲ့တာပါ။
ကော်မရှင်ခံစားခွင့် ပြဿနာတွေကြောင့် လမ်းခွဲခဲ့ကြတဲ့ ကားအရောင်းပြခန်းတွေက စာချုပ်အသစ် ပြန်ချုပ်ဖို့ တောင်းဆိုရင်း ပြန်ရောက်လာကြပေမဲ့ အားလုံးကို ငြင်းပယ်ခဲ့ပါတယ်။
ကားတွေ မရောင်းရဘဲ ခက်ခဲနေတဲ့ အချိန်တုန်းက ကျွန်တော်တို့နဲ့အတူ လက်တွဲခဲ့တဲ့ ကားအရောင်းပြခန်းတွေ အပေါ်မှာပဲ သစ္စာစောင့်သိသွားမှာ ဖြစ်ပြီး ကျောခိုင်းထွက်ပြေးသွားခဲ့တဲ့ သူတွေနဲ့တော့ နောက်တစ်ကြိမ် ပြန်ပြီး စီးပွားရေးလုပ်ဖို့ မလိုပါဘူး။
လက်ရှိမှာတော့ အဲဒီကားအရောင်းပြခန်းတွေ မရှိရင်တောင် အရောင်းပိုင်းမှာ ကြီးမားတဲ့ ပြဿနာ မရှိတော့ပါဘူး။
AD1 နဲ့ AD2 တို့ကို ကြိုတင်မှာယူတဲ့ အစီအစဉ်အတိုင်း စတင် ပို့ဆောင်ပေးခဲ့တယ်။
မျှော်လင့်ထားတဲ့အတိုင်းပဲ မော်တော်ကား ကျွမ်းကျင်သူတွေရဲ့ ဝေဖန်ဆန်းစစ်ချက်တွေနဲ့ သုံးသပ်ချက်တွေရဲ့ ဗဟိုချက်မ ဖြစ်လာခဲ့ပါတယ်။
ကမ္ဘာ့ အကျော်ကြားဆုံး မော်တော်ကားအစီအစဉ်တစ်ခုဖြစ်တဲ့ "Top Motor" ရဲ့ အစီအစဉ်မှူး ဂျရက် ကလက် က အမေရိကကို ကိုယ်တိုင်လာရောက်ပြီး AD1 ကို စမ်းသပ်မောင်းနှင်ကာ ညှာတာမှုမရှိတဲ့ ဝေဖန်ချက်တစ်ခုကို ပေးခဲ့တယ်။
“အရှိန်နှုန်း တက်လာတာ၊ ကွေ့တာ၊ ဘရိတ်ဖမ်းနိုင်စွမ်း၊ ဆီစား သက်သာမှု စတဲ့ အဖက်ဖက်မှာ ထူးခြားချက် မရှိဘူး။ ပုံမှန် စွမ်းဆောင်ရည်မျိုးပဲ ရှိပြီး ဒီထက်ပိုတာကိုတော့ မျှော်လင့်လို့ မရပါဘူး။ ဒီကားကို မောင်းရတာက စိတ်ဒုက္ခတစ်ခုပဲ။ ကျွန်တော့်ကို အလကားပေးရင်တောင် ဒီကားကို မမောင်းချင်ဘူး။ ဒါပေမဲ့ အားလုံး သိကြတဲ့အတိုင်းပဲ ဒီကားရဲ့ တကယ့် အားသာချက်က တခြားနေရာမှာ ရှိနေတာပါ”
ဂျရက် ကလက် က classical musicကို ဖွင့်လိုက်ပြီး သတင်းစာထုတ်ကာ ဖတ်နေပါတယ်။ အဲဒီအချိန်မှာ ကားကတော့ အရင်အတိုင်းပဲ လမ်းကြောင်းပေါ်မှာ ဆက်ပြီး မောင်းနှင်နေခဲ့တာပါ။
“ကျွန်တော် အရင်က Gooble ရဲ့ အလိုအလျောက်မောင်းတဲ့ကားကို မောင်းဖူးပါတယ်။ ဒါပေမဲ့ ဒါကြီးကတော့ နောက်levelဖြစ်နေပြီ။ ဒီကားက အီလက်ထရောနစ် ပစ္စည်းမျိုးစုံ တပ်ဆင်ထားတဲ့ စမ်းသပ်ဆဲ ကားတွေနဲ့ အဆင့်အတန်း တူတူပဲ။ Nikola ရဲ့ Autopilotနဲ့ နှိုင်းယှဉ်ရင်လည်း အဆင့်အများကြီး သာပါတယ်။ လက်ရှိ အစုလိုက်အပြုံလိုက် ထုတ်လုပ်နေတဲ့ ကားတွေထဲမှာတော့ အမြင့်ဆုံးအဆင့် အလိုအလျောက်မောင်းနှင်တဲ့စနစ် ရှိတယ်လို့ ကျွန်တော် ရဲရဲကြီး ပြောရဲပါတယ်”
အဲဒီနောက်မှာတော့ AD1 က လမ်းကြောင်းပေါ်ကနေ ထွက်ပြီး သာမန်လမ်းပေါ်ကို ဝင်ရောက်လာခဲ့တယ်။
“သူက အချက်ပြမီးတွေနဲ့ ပတ်ဝန်းကျင် အခြေအနေတွေကို မှတ်မိပြီး သူ့ဘာသာသူ ရပ်တာ၊ ထွက်တာတွေ လုပ်နိုင်တယ်။ သွားမယ့်နေရာနဲ့ လမ်းကြောင်းကို သတ်မှတ်ပေးလိုက်ရုံနဲ့ ဘာမှ ထိစရာ မလိုသလောက်ပဲ။ မောင်းနှင်ရတဲ့ စွမ်းဆောင်ရည်က စိတ်ပျက်စရာ ကောင်းပေမဲ့ ဒီနည်းပညာကတော့ တကယ်ပဲ အံ့ဩစရာ ကောင်းလှပါတယ်”
ပြီးပြည့်စုံတဲ့ ထုတ်ကုန်တစ်ခု ထွက်ရှိလာခဲ့ရင်တောင် တကယ့် လက်တွေ့မောင်းနှင်မှု အခြေအနေတွေမှာ ပြဿနာမျိုးစုံကတော့ ဖြစ်ပေါ်လာမှာ အမှန်ပါပဲ။ ဥပမာအားဖြင့် Sensorတွေ ဒါမှမဟုတ် ကင်မရာတွေ ပျက်စီးသွားတာ၊ ဆော့ဖ်ဝဲလ် ပျက်ကျသွားတာမျိုး ဖြစ်ရင် အလိုအလျောက်မောင်းစနစ်က ချက်ချင်း ရပ်တန့်သွားမှာဖြစ်ပြီး လူကိုယ်တိုင် မောင်းနှင်တဲ့စနစ်ကို ပြောင်းလဲသွားမှာပါ။ (လက်ရှိ ဥပဒေအရ အလိုအလျောက်မောင်းနှင်နေစဉ်အတွင်းမှာလည်း ယာဉ်မောင်းမှာပဲ တာဝန်ရှိပါတယ်)
ပုံမှန် အခြေအနေတွေမှာတော့ အလိုအလျောက်မောင်းနှင်တဲ့စနစ်က လုံးဝ အပြစ်ပြောစရာမရှိအောင် အလုပ်လုပ်ပါတယ်။
တကယ် မောင်းနှင်ဖူးသူတွေက အံ့အားသင့်ခဲ့ကြပြီး မီဒီယာတွေကလည်း ချီးကျူးစကားတွေ တရစပ် ပြောဆိုခဲ့ကြတယ်။
[CarOS ကားသစ် AD1 နှင့် AD2 တို့ကို ဖြန့်ချိလိုက်ပြီ]
[ကြိုတင်မှာယူမှုများ အကုန် ရောင်းချပြီးပြီ]
[လက်ရှိ ရရှိနိုင်သမျှထဲတွင် အပြည့်စုံဆုံး အလိုအလျောက်မောင်းနှင်စနစ်]
[၂၁ ရာစု၏ ဆန်းသစ်တီထွင်မှုအရှိဆုံး ကား]
[CarOS သည် ယာဉ်မောင်းမဲ့ကား ခေတ်ဆီသို့ ပထမဆုံး ခြေလှမ်းလှမ်းလိုက်ပြီ]
[CarOS သည် မော်တော်ကားလောက၏ Enple ဖြစ်လာတော့မည်လား]
ကားဈေးနှုန်းတွေ ကြီးမားနေပေမဲ့လည်း CarOS ရဲ့ အမြတ်အစွန်း ရာခိုင်နှုန်းက အလွန်ဆုံးရှိမှ ၁၀ ရာခိုင်နှုန်း ဝန်းကျင်ပဲ ရှိပါတယ်။
ဒါကလည်း စက်ရုံတွေ အစွမ်းကုန် လည်ပတ်နိုင်တဲ့ အခြေအနေမျိုးမှာပဲ ဖြစ်ပြီး မဟုတ်ရင်တော့ အမြတ် လုံးဝ ရှိမှာမဟုတ်ပါဘူး။
အကြောင်းရင်းကတော့ ကားတွေရဲ့ ကုန်ထုတ်လုပ်မှုစရိတ် ကြီးမားလွန်းလို့ပါပဲ။
ကုန်ကျစရိတ်ရဲ့ အကြီးမားဆုံး အစိတ်အပိုင်းကတော့ အလိုအလျောက်မောင်းနှင်တဲ့စနစ်ရဲ့ အစိတ်အပိုင်းတွေဖြစ်တဲ့ ကားသုံး AP၊ semiconductors၊ ဆက်သွယ်ရေး ကိရိယာတွေ၊ 3D ကင်မရာတွေ၊ LiDAR နဲ့ Sensorတွေ စတာတွေပါ။
ဒီအစိတ်အပိုင်း အများစုကို ဆိုဆောင်း အီလက်ထရောနစ်က ထောက်ပံ့ပေးတာဖြစ်ပြီး ကားရောင်းရငွေရဲ့ ၃၀ ရာခိုင်နှုန်းကျော်က ဆိုဆောင်း အီလက်ထရောနစ်ဆီကို စီးဆင်းသွားတာပါ။
ဒါပေမဲ့ ဆိုဆောင်း အီလက်ထရောနစ်ကလည်း အမြတ်အစွန်း အများကြီး မရပါဘူး။ အခုအချိန်ထိ ပုံအော သုံးစွဲခဲ့ရတဲ့ ထုတ်လုပ်ရေးစရိတ်တွေကို ထည့်တွက်ရင် အရှုံးပြနေတဲ့ အဆင့်လို့တောင် ပြောလို့ရပါတယ်။
ဒါပေမဲ့လည်း ဆိုဆောင်း အီလက်ထရောနစ်က ဝမ်းမြောက်ဝမ်းသာ ဖြစ်နေခဲ့ပြီး စတော့ရှယ်ယာဈေးနှုန်းတွေကလည်း ထိုးတက်သွားခဲ့ပါတယ်။
စတော့ရှယ်ယာဈေးနှုန်းတွေက အနာဂတ်တန်ဖိုးကို ထင်ဟပ်စေတာပါ။
ဆိုဆောင်း အီလက်ထရောနစ်ဟာ Semiconductorနဲ့ စမတ်ဖုန်းတွေပြီးရင် အနာဂတ် တိုးတက်မှုအတွက် အင်ဂျင်အသစ်ကို ရှာမတွေ့သေးတာ ဖြစ်ပေမဲ့ အခုဆိုရင်တော့ မော်တော်ကား အီလက်ထရောနစ်ကဏ္ဍမှာ ဦးဆောင်သူကုမ္ပဏီတစ်ခု ဖြစ်လာခဲ့ပါပြီ။
အတိုင်းအတာတစ်ခုအထိ အစုလိုက်အပြုံလိုက် ထုတ်လုပ်နိုင်မှုနဲ့ နည်းပညာ တိုးတက်မှုတွေကတစ်ဆင့် ကုန်ကျစရိတ်တွေကို လျှော့ချနိုင်မှာပါ။
တခြားကုမ္ပဏီတွေကလည်း ဒီအတိုင်း ငြိမ်ခံနေကြမှာ မဟုတ်ပေမဲ့ တကယ်လို့ CarOS အနေနဲ့ ဈေးကွက်ကို အရင်ဆုံး သိမ်းပိုက်ပြီး ထုတ်လုပ်မှု စျေးကွက်တစ်ခုကို တည်ဆောက်နိုင်ခဲ့ရင် နည်းပညာ ကွာဟချက်က ပိုပြီး ကြီးမားသွားနိုင်ပါတယ်။
အခုအချိန်ထိတော့ အလိုအလျောက်မောင်းနှင်တဲ့စနစ် ကဏ္ဍဟာ မော်တော်ကား ထုတ်လုပ်သူတွေ၊ အိုင်တီကုမ္ပဏီတွေ၊ အီလက်ထရောနစ်ကုမ္ပဏီတွေနဲ့ ကားငှားရမ်းမှုလုပ်ငန်း လုပ်ကိုင်တဲ့ ကုမ္ပဏီတွေအကြား စစ်တလင်းတစ်ခု ဖြစ်ခဲ့တာပါ။ CarOS က အလိုအလျောက်မောင်းတဲ့ကားကို ပထမဆုံး ဖြန့်ချိလိုက်တာကြောင့် အဲဒီကုမ္ပဏီတစ်ခုချင်းစီဟာ ခြေဖျားမှာ မီးလောင်သလိုမျိုး တန်ပြန်အစီအမံတွေကို အလုအယက် ရှာဖွေဖို့ စတင်လာခဲ့ကြပါတော့တယ်။