အောင်ကျို့စေရန် ခြောက်လှန့်ရာဝယ်
Vol. 13 Ch. 1211
ပိုင်ရှောင်ချန်းမှာ အတန်ငယ် ကွာဝေးနေဆဲဖြစ်ပြီး သူ၏ပန်းတိုင်သို့ ရောက်ရှိရန် အမွှေးတိုင်တစ်တိုင် လောင်ကျွမ်းစာအချိန် လိုအပ်နေသေးသည်။ လက်ရှိပုံစံအရဆိုလျှင် ကုန်းစွန်းဝမ်အာကို သူ အချိန်မီကယ်တင်နိုင်မည် မဟုတ်ပေ။
သို့သော် မိစ္ဆာဧကရာဇ်၏ လက်ကြီး ကျဆင်းလာသောအခါတွင် ကောင်းကင်ကိုပင် ကွဲအက်သွားစေနိုင်လောက်သည့် အုန်းခနဲမြည်ဟည်းသံကြီးတစ်သံ ပေါ်ထွက်လာသည်။ ပင်လယ်ရေမျက်နှာပြင်ပေါ်တွင် ဧရာမလှိုင်းလုံးကြီးများ ထလာပြီး ရေပြင်ထဲရှိ လက်ပုံစံ ချိုင့်ခွက်ကြီးမှာ ရေများဖြင့်ပြန်ပြည့်သွားသည်။
ရေများဖြင့် ဖွဲ့စည်းထားသည့် ဧရာမလက်ကြီးတစ်ဖက် အံ့သြတုန်လှုပ်ဖွယ်ကောင်းစွာ ပင်လယ်ထဲမှ အပေါ်သို့မြင့်တက်လာနေသည်။
လက်ပုံစံချိုင့်ခွက်ကြီးထဲတွင် ရေများပြည့်နှက်သွားပြီးနောက် ထိုလက်ကြီးက လေပေါ်သို့မြင့်တက်သွားပြီး အပေါ်မှကျဆင်းလာနေသည့် မိစ္ဆာဧကရာဇ်၏ လက်ဝါးချက်ကြီးနှင့် ထိပ်တိုက်တွေ့ဆုံသွားတော့သည်။
အုန်းးးးး
ကောင်းကင်နှင့် မြေပြင် အပြင်းအထန်တုန်ခါသွားပြီး နားများပင်အူသွားစေနိုင်သည့် ပေါက်ကွဲသံကြီးတစ်သံ လေထဲတွင် လွှမ်းခြုံသွားတော့သည်။
" သူတော်စင်ဧကရာဇ် "
မိစ္ဆာဧကရာဇ်က ထာဝရပင်လယ်ကို ငုံ့ကြည့်လိုက်သောအခါ လောကနတ်ဘုရား အငွေ့အသက်များကို ထုတ်လွှတ်နေသည့် အလင်းဖောက်နိုင်သော လူရိပ်တစ်ခုပေါ်ထွက်လာသည်ကို မြင်လိုက်ရသည်။ ထိုလူကား သူတော်စင်ဧကရာဇ်ပင် ဖြစ်သည်။
သို့သော် သူသည် ခန္ဓာကိုယ်အစစ်ဖြင့် ရောက်ရှိလာခဲ့ခြင်း မဟုတ်ပဲ ကိုယ်ပွားပုံရိပ်တစ်ခုကိုသာ စေလွှတ်ခဲ့ခြင်းဖြစ်သည်။
" ဘာလို့ ဒီလို ရက်ရက်စက်စက် သတ်ဖြတ်တာတွေ လုပ်နေရတာတုန်း မိစ္ဆာဧကရာဇ်ရဲ့ "
သူသည် ခပ်ရေးရေးပြုံး၍ မေးလိုက်သည်။
" ကုန်းစွန်းဝမ်အာက ငါ့အမှတ်နှစ်ညီလေးရဲ့ မိတ်ဆွေကောင်းတစ်ယောက်လေ။ သူ့ကို ဒဏ်ရာရအောင်မလုပ်ခင် ငါ့ညီလေးရဲ့ ခံစားချက်ကိုလည်း ထည့်တွက်ဦးမှပေါ့ "
သူတော်စင်ဧကရာဇ်မှာ ပိုင်ရှောင်ချန်း ရေးကြီးသုတ်ပျာပို့ခဲ့သော သတင်းကြောင့် ရောက်လာခဲ့ခြင်းဖြစ်သည်။ ယခုအချိန်က နာမည်ကောင်းတစ်ခုရယူရန် အချိန်ကောင်းတစ်ခုဖြစ်ကြောင်း သူ ချက်ချင်းပင် ရိပ်စားမိခဲ့သောကြောင့် ဤအခြေအနေကို ဖြေရှင်းရန် ကိုယ်ပွားပုံရိပ်တစ်ခုကိုစေလွှတ်ခဲ့ခြင်းဖြစ်သည်။
သူ၏အတွေးထဲတွင် သူသည် အမွှေးတိုင်တစ်တိုင်လောင်ကျွမ်းစာအချိန်လောက်သာ အချိန်ဆွဲပေးရန် လိုအပ်သည်။ ကိုယ်ပွားပုံရိပ်တစ်ခုက မိစ္ဆာဧကရာဇ်ကို မည်သည့်နည်းနှင့်မျှ ယှဥ်နိုင်မည်မဟုတ်ပါသော်လည်း အချိန်ဆွဲရာတွင်မူ အသုံးဝင်မည်မှာ အမှန်ပင်။
ထိုအချိန်တွင် ကုန်းစွန်းဝမ်အာမှာ ဖြူဆုတ်နေသည့် မျက်နှာဖြင့် ရေစက်လုံးထဲတွင်ထိုင်နေကာ အသက်ရှင်လျက်ရှိနေသေးသည့်အတွက် ဝမ်းမြောက်နေတော့သည်။ ကုန်းစွန်းဝမ်အာမှာ အချိန်အတော်အတန်ကြာအောင် ထာဝရပင်လယ်ထဲတွင် အငွေ့အသက်ကို ဖျောက်ကာ ပုန်းကွယ်နေခဲ့ရသည်။ မြောက်ပိုင်း၏ ဓားကြီးကို တစ်စုံတစ်ယောက် ရယူသွားပြီဖြစ်ကြောင်း သတင်းကြားသိလိုက်ရပြီးနောက် ပြင်ပကမ္ဘာတွင် ဖြစ်ပျက်နေသည့် ကိစ္စရပ်များနှင့်ပတ်သတ်သည့် သတင်းများကို သတိကြီးကြီးထား၍ ရယူစုဆောင်းနေခဲ့ရသည်။ ပိုင်ရှောင်ချန်းပြန်ရောက်လာပြီဖြစ်ကြောင်း သိလိုက်ရသောအခါ စိတ်လှုပ်ရှားသွားရပြီး သူကို့သွားရှာရန် ပြင်လိုက်ပါသော်လည်း ထိုအချိန်တွင် မိစ္ဆာဧကရာဇ် လှုပ်ရှားလာခြင်း ဖြစ်သည်။
ရှေးမဆွက မလွဲဧကန်သေရတော့မည်ဟု ကုန်းဟွန်းဝမ်အာ ခံစားနေခဲ့ရပါသော်လည်း ယခုတွင်မူ အသက်ရှင်ရန် အခွင့်အရေးတစ်ခုပေါ်လာပြီ ဖြစ်သည်။ ကုန်းစွန်းဝမ်အာက သူတော်စင်ဧကရာဇ်အား လှမ်းကြည့်လိုက်ပြီးနောက် သူနှင့် ပိုင်ရှောင်ချန်းတို့ သွေးသောက်ညီအစ်ကို ဖွဲ့လိုက်ကြပြီဆိုသည့် ကောလာဟလများကို ပြန်လည်တွေးတောမိလိုက်တော့သည်။
ယခုတွင် မိစ္ဆာဧကရာဇ်နှင့် သူတော်စင်ဧကရာဇ်တို့၏ အပြန်အလှန် တိုက်ကွက်ဖလှယ်မှုကြောင့် လှိုင်းလုံးကြီးများ ပင်လယ်ပြင်ပေါ်တွင် တလိပ်လိပ်ထနေဆဲပင်။ မိစ္ဆာဧကရာဇ်၏အမူအရာမှာမူ အတင်းမာဆုံး အနေအထားသို့ ရောက်နေပြီဖြစ်သည်။ သူသည် လတ်တလောကာလအတွင်း ဆုံးဖြတ်ချက် အမှားကြီးနှစ်ခု လုပ်မိသွားခဲ့ပြီဖြစ်သည်။ ပထမတစ်ခုက ပိုင်ရှောင်ချန်းနှင့် သူ၏စွမ်းအားအဆင့်အတန်းကို လျှော့တွက်မိခဲ့သည်ဖြစ်ပြီး ဒုတိယတစ်ခုက ကုန်းစွန်းဝမ်အာ၏ ကြိုတင်ပြင်ဆင်နိုင်စွမ်းကို မှား၍ တွက်ချက်မိခဲ့ခြင်းဖြစ်သည်။ အကယ်၍ ကုန်းစွန်းဝမ်အာတွင်သာ မန္တန်အစီအရင်နှင့် ၎င်းအစီအရင်မှပေါ်ထွက်လာသော ရေစက်လုံးကြီးသာ မရှိခဲ့ပဲ သူတော်စင်ဧကရာဇ်သာ ဝင်၍မနှောင့်ယှက်ခဲ့ဘူးဆိုပါက ဖမ်းမိပြီးနေလောက်ပြီ ဖြစ်သည်။
ထိုသို့ဖမ်းမိလိုက်ပါက ပိုင်ရှောင်ချန်းအား ခြိမ်းခြောက်နိုင်မည့် အခွင့်အရေးတစ်ခုကို ပိုင်ဆိုင်သွားနိုင်ရုံသာမက သူ လက်ရှိရင်ဆိုင်နေရသော ကောင်းကင်ဧကရာဇ်အဆင့် ကျင့်ကြံသူများနည်းပါးနေသည့် ပြဿနာကိုလည်း ဖြေရှင်းနိုင်မည်ဖြစ်သည်။
သို့သော် ယခုတွင်မူ အရာအားလုံး အလွဲလွဲအချော်ချော်ဖြစ်သွားခဲ့သောကြောင့် သူ့ထံတွင် ရွေးချယ်စရာနှစ်ခုသာ ကျန်ရှိတော့သည်။ သူ ထွက်ပြေးလျှင်ထွက်ပြေး သို့မဟုတ် ပိုင်ရှောင်ချန်းနှင့် ထပ်၍တိုက်ခိုက်ကာ သူ၏လက်ဝယ်တွင် ကျန်ရှိနေသေးသော လောကနတ်ဘုရားအလင်းတန်းအရေအတွက်ကို ဖော်ထုတ်လျှင် ဖော်ထုတ်ဆိုသည့် နှစ်ချက်သာဖြစ်သည်။ အကယ်၍ သူသာ ထိုသို့တိုက်ခိုက်၍ အနိုင်ရရှိသွားခဲ့ပါက အရာရာတိုင်းကို တစ်ဖန်ပြန်၍ ပြောင်းပြန်လှန်ပစ်လိုက်နိုင်မည်သာဖြစ်သည်။
သူတော်စင်ဧကရာဇ်က သူ၏ခန္ဓာကိုယ်အစစ်ဖြင့် ရောက်မလာခဲ့သည့်အချက်မှာလည်း ပိုင်ရှောင်ချန်းကို စမ်းသပ်လို၍ဖြစ်မည်ဟု သူက ယုံကြည်နေသည်။ သူသည်လည်း ပိုင်ရှောင်ချန်းထံတွင် ကျန်ရှိနေသေးသည့် လောကနတ်ဘုရား အလင်းတန်းအရေအတွက်ကို ဖော်ထုတ်ချင်နေသည်။
" ဉာဏ်များတဲ့ မြေခွေးအိုကြီး။ သူကိုယ်တိုင်လည်း ပိုင်ရှောင်ချန်းကို သတိထားနေရလို့ ငါ့ကိုအသုံးချပြီး ပိုင်ရှောင်ချန်း ဘယ်လောက်အထိ တိုက်ခိုက်နိုင်လဲဆိုတာ သိရဖို့လုပ်နေတာ။ အဲဒါဆိုရင် သူတို့နှစ်ယောက်ပေါင်းပြီး ဘာဆက်လုပ်ရမလဲဆိုတာကို သူကောင်းကောင်း စီစဥ်လို့ရပြီလေ ... "
" တကယ်လို့ ပိုင်ရှောင်ချန်းက ခွန်အားနည်းနေခဲ့မယ်ဆိုရင်တောင် သူက ခန္ဓာကိုယ်အစစ်နဲ့ရောက်လာပြီး သူ အသတ်မခံရခင် ကူညီပေးလောက်တယ် "
မိစ္ဆာဧကရာဇ်မှာ မျက်လုံးမှေးကြီးများဖြင့် သူတော်စင်ဧကရာဇ်အားကြည့်၍ အေးစက်စက်နှာမှုတ်လိုက်တော့သည်။
" ငါ့မှာ တတိယမြောက် ရွေးချယ်စရာတစ်ခု ကျန်သေးတယ်ကွ "
သူကထိုသို့တွေးကာ လေပေါ်တွင်ရစ်ဝဲ၍ မည်သည့်လှုပ်ရှားမှုမှ ထပ်မလုပ်တော့ပေ။ သူတော်စင်ဧကရာဇ်၏ ကိုယ်ပွားမှာ ထိုအချင်းအရာကို မြင်လိုက်သောအခါ သူ၏မျက်လုံးများ အရောင်လက်သွားတော့သည်။ သူသည် မိစ္ဆာဧကရာဇ် ကြံစည်နေသည့်အချင်းအရာကို ရိပ်မိလိုက်သဖြင့် စိတ်ထဲမှနေ၍ ကျိန်ဆဲနေတော့သည်။
ထိုလောကနတ်ဘုရားအဆင့် ကျင့်ကြံသူနှစ်ယောက်မှာ အချိန်ကြာကြာ မစောင့်လိုက်ရပေ။ တခဏအကြာတွင် အလင်းတန်းတစ်တန်းက တရွှီရွှီမြည်သံများနှင့်အတူ လေဟုန်ခွင်းကာ ရေပြင်နှင့်လေထုများကို တွန့်လိမ်တုန်ခါသွားစေပြီး ရောက်လာတော့သည်။
" မင်းဆီမှာ လောကနတ်ဘုရား အလင်းတန်းတွေ ကျန်သေးရဲ့လား ပိုင်ရှောင်ချန်း "
မိစ္ဆာဧကရာဇ်က အရောင်လက်နေသည့် မျက်ဝန်းများဖြင့် မေးလိုက်သည်။ ပိုင်ရှောင်ချန်းမှာ သူတို့အနားသို့ချဥ်းကပ်လာနေစဥ် မန္တန်လက်ကွက်တစ်ခု ဖော်လိုက်ပြီး သူ့အား လက်ညှိုးထိုးလိုက်တော့သည်။ ထိုအခါ အနီရောင်နေမင်းကြီး ထပ်မံပေါ်ပေါက်လာပြီး မျက်စိကျိန်းစရာကောင်းသော အလင်းရောင်များနှင့် လောကနတ်ဘုရားအငွေ့အသက်တစ်ခုကို ထုတ်လွှတ်လိုက်တော့သည်။ ထို့အပြင် ထိုနေမင်းကြီးကြောင့် အလွန်အားပြင်းသော အပူလှိုင်းကြီးတစ်လှိုင်း ပိုင်ရှောင်ချန်းရှိရာဘက်သို့ ပြန့်ထွက်သွားသည်။
" ငါ့ဆီမှာ နောက်ဆုံးတစ်တန်း ရှိသေးတယ် " ပိုင်ရှောင်ချန်းက အော်ဟစ်၍ ပြန်ဖြေလိုက်သည်။ ထို့နောက် သူသည် ကောင်းကင်ပေါ်သို့ လက်ညှိုးထိုး၍ သူ၏ တစ်ဆယ့်သုံးတန်းမြောက် လောကနတ်ဘုရား အလင်းတန်းကို ဆင့်ခေါ်လိုက်ပြီး ၎င်းအားရှေ့သို့ပစ်လွှတ်လိုက်သောအခါ ခြစ်ခြစ်တောက်ပူလောင်နေသည့် အနီရောင်နေမင်းကြီးမှာ ထုတ်ချင်းပေါက်သွားပြီး ၎င်း၏ ကိုယ်ထည်ပေါ်တွင် အပေါက်ကြီးတစ်ပေါက် ပေါ် ထွက်လာတော့သည်။
ပိုင်ရှောင်ချန်း ထိုအပေါက်ကြီးထဲမှ ဖြတ်ပျံလိုက်ပြီး သူ၏လက်ကိုထပ်၍ ဝှေ့ယမ်းကာ နောက်ထပ် လောကနတ်ဘုရားအလင်းတန်းတစ်တန်းကို ဆင့်ခေါ်လိုက်ပြီး နေမင်းကြီးအား နောက်ထပ်တစ်ကြိမ် ထိုးဖောက်သွားစေလိုက်သည်။
ထို လောကနတ်ဘုရား အလင်းတန်းနှစ်တန်းကြောင့် မိစ္ဆာဧကရာဇ်၏ အငွေ့အသက် မတည်မငြိမ်ဖြစ်နေပြီး သူ၏အနီရောင်နေမင်းကြီးမှာမူ ယခင်တိုက်ပွဲက ရရှိခဲ့သည့်ဒဏ်ရာများ မပျောက်ကင်းသေးသောကြောင့် ယခုတွင် ပို၍ အခြေအနေ ဆိုးနေတော့သည်။
ထို့အပြင် ထွက်ပေါ်လာသည့် တန်ပြန်ဒဏ်၏ရိုက်ခတ်မှုကြောင့် မိစ္ဆာဧကရာဇ်၏ ရင်ဘတ်ပေါ်တွင် ပြင်းထန်လှသော နာကျည်းမှုများ ဖုံးလွှမ်းသွားပြီး သူ နောက်သို့ဒယိမ်းဒယိုင် ဖြစ်သွားတော့သည်။
ထိုအချိန်တွင် ပိုင်ရှောင်ချန်းက ထပ်၍အော်ပြောလိုက်ပြန်သည်။
" ငါ့ဆီမှာ နောက်ဆုံး တစ်တန်းရှိသေးတယ် "
ထို့နောက် တဂျိန်းဂျိန်းမြည်သံများ ပေါ်ထွက်လာပြီး ပိုင်ရှောင်ချန်း၏ အမှန်တကယ်နောက်ဆုံးဖြစ်သော လောကနတ်ဘုရားအလင်းတန်း ပေါ်ထွက်လာကာ အလွန်အမင်းတုန်လှုပ်ခြောက်ခြားနေပြီဖြစ်သော မိစ္ဆာဧကရာဇ်ထံ ဦးတည်သွားတော့သည်။ သူသည် လက်နှစ်ဖက်သုံး၍ အလျင်အမြန်ပင် မန္တန်လက်ကွက်တစ်ခု ဖော်လိုက်ပြီး သူ၏လက်နှစ်ဖက်ကို ရှေ့သို့ဆန့်ထုတ်ကာ လောကနတ်ဘုရား အလင်းတန်းထံမှ သူ့ကိုယ်သူကာကွယ်လိုက်သည်။ ထိုတိုက်ခတ်မှုကြီးကြောင့် သူ၏ပါးစပ်အစွန်းမှ သွေးများစီးကျလာပြီး သူသည်လည်း နောက်ဘက်သို့ တဖန်ထပ်၍ တွန်းထုတ်ခံလိုက်ရပြန်သည်။
ပိုင်ရှောင်ချန်းမှာ စည်းစနစ်ကျကျ တဇွတ်ထိုး တိုက်ခိုက်နေခြင်းဖြစ်သည်။ သူသည် အလင်းတန်းသုံးတန်းကို ဆက်တိုက်အသုံးချ၍ သူသွားနိုင်မည့် အကွာအဝေးကို ဂရုတစိုက် ကြိုတင်တွက်ချက်ခဲ့သည်ဖြစ်ရာ ယခုတွင် ကုန်းစွန်းဝမ်အာထံ ရောက်သွားပြီဖြစ်သည်။
ထိုအခါမှသာ ကုန်းစွန်းဝမ်အာမှာ စိတ်သက်သာရသွားပြီး သက်ပြင်းချလိုက်တော့သည်။ သူမ ခံစားနေခဲ့ရသည့် မျှော်လင့်ချက်ကင်းမဲ့သော ခံစားချက်များ ပျောက်ကွယ်သွားပြီဖြစ်သည်။ သို့သော် မန္တန်အစီအရင် ဆက်လက်လည်ပတ်နိုင်စေရန်အတွက် စွမ်းအင်များကို အလွန်အကျူးထုတ်ယူ အသုံးပြုထားခဲ့ရသည်ဖြစ်၍ ယခုတွင်မူ တောင်များကိုပြိုလဲသွားစေနိုင်ပြီး ပင်လယ်များကိုခန်းခြောက်သွားစေနိုင်လောက်သည့် မောပန်းနွမ်းနယ်မှုဒဏ်ကို ခံစားလိုက်ရတော့သည်။ ကုန်းစွန်းဝမ်အာသည် ပိုင်ရှောင်ချန်းအား ကြိုးစား၍ပြုံးပြလိုက်ပြီး သွေးတစ်ပွက်အန်ကာ သတိမေ့မျောသွားတော့သည်။
ထိုအခါ ရေစက်လုံးကြီး ပြိုကွဲသွားပြီး ပိုင်ရှောင်ချန်းက ကုန်းစွန်းဝမ်အာကိုလှမ်းဖမ်းလိုက်ကာ သူ၏လက်ဖြင့် ခါးမှ ပွေ့ချီလိုက်သည်။ ထို့နောက် သူက မော့ကြည့်လိုက်ပြီး မိစ္ဆာဧကရာဇ်အား လက်ညှိုးထိုးလိုက်တော့သည်။ သူသည် ဒေါသစိတ်များကြောင့် ရှုံ့မဲ့နေသည့် မျက်နှာနှင့် ရေခဲတမျှအေးစက်နေသည့် မျက်ဝန်းများဖြင့် ဆိုလိုက်တော့သည်။
" အစ်ကိုကြီး သူတော်စင်ဧကရာဇ်။ အစ်ကို့ရဲ့ ခန္ဓာကိုယ်အစစ်နဲ့ လာခဲ့ဗျာ။ အဲဒါဆို ကျွန်တော်တို့ ဒီမိစ္ဆာဧကရာဇ်ကို တစ်ခါထဲအပြတ် ချေမှုန်းလို့ရတယ်။ ကျွန်တော့်ဆီမှာ လောကနတ်ဘုရား အလင်းတန်း တစ်ရာတိတိ ကျန်သေးတယ်။ အဲဒီလောက်ဆို ဒီတိုက်ပွဲကို အနိုင်ယူဖို့ထက်တောင် အများကြီး ပိုနေသေးတယ် "
ပိုင်ရှောင်ချန်း၏ ရဲတင်းကာပြတ်သားလှသော စကားများကြောင့် သူတော်စင်ဧကရာဇ်၏ ကိုယ်ပွားမှာ အရောင်လက်နေသည့်မျက်ဝန်းများဖြင့် ကြည့်နေတော့သည်။
မိစ္ဆာဧကရာဇ်မှာမူ နှလုံးခုန်နှုန်းမြန်လာပြီဖြစ်သည်။ ပိုင်ရှောင်ချန်းထံတွင် လောကနတ်ဘုရားအလင်းတန်းပေါင်း တစ်ရာတိတိ ရှိနေနိုင်မည်ကို သူက မယုံပေ။ သို့သော်လည်း သူသည် ထိုအလင်းတန်း တစ်ဒါဇင်ကျော်ကိုအသုံးပြုခဲ့ပြီးဖြစ်ပြီး ယခုလေးတင် မိတ်ဆွေတစ်ယောက်ကို ကယ်တင်ရန်အတွက်နှင့်ပင် အလင်းတန်းသုံးတန်းကို နှမြောတွန့်တိုနေခြင်းမရှိပဲ အသာအယာ အသုံးပြုခဲ့သည် မဟုတ်ပါလော။ ထိုလုပ်ရပ်မှာ သူ၏ယုံကြည်ချက် ပြင်းထန်လှပုံကို ဖော်ပြနေသည်ဖြစ်၍ မိစ္ဆာဧကရာဇ်မှာ သူ၏ဆုံးဖြတ်ချက်ကို မေးခွန်းပြန်ထုတ်နေမိတော့သည်။
အဆုံးသတ်တွင် သူက စိတ်ထဲတွင်ကြိတ်၍ သက်ပြင်းချလိုက်တော့သည်။ သူ အသာစီးမရနိုင်တော့ကြောင်း သိလိုက်ပြီဖြစ်သည်။ ပိုင်ရှောင်ချန်းမှာ အလွန်စွမ်းအားကြီးလာပြီဖြစ်ပြီး ယခုတွင် သူတော်စင်ဧကရာဇ်နှင့်ပါ မဟာမိတ်ဖွဲ့ပြီးသွားပြီဖြစ်သည်။ မိစ္ဆာဧကရာဇ်မှာ သူ့အား ကြောက်ရွံ့နေပြီဖြစ်ပြီး သူ၏စွမ်းအားအဆင့်အတန်းကို စမ်းသပ်နေရန် ဆန္ဒမရှိတော့ပေ။
သူတော်စင်ဧကရာဇ်အား ပိုင်ရှောင်ချန်း၏ အကြံပေးချက်ကို သဘောတူညီခွင့် မပေးလိုသောကြောင့် သူက တွေဝေမနေပဲ ဆိုလိုက်တော့သည်။
" ကုန်းစွန်းဝမ်အာကို မင်းနဲ့အတူ ခေါ်သွား ပိုင်ရှောင်ချန်း။ ပြီးတော့ မိစ္ဆာဧကရာဇ် မင်းဆက်ထဲမှာ ငါအကျဥ်းချထားတဲ့ ကောင်းကင်တံတားနယ်မြေသားတွေ အကုန်လုံးကို ပြန်လွှတ်ပေးမယ်။ ထာဝရနယ်မြေတွေထဲမှာရှိတဲ့ ကောင်းကင်တံတားနယ်မြေရဲ့ တရားဝင်မှုကိုပါ ငါအသိအမှတ်ပြုပေးပြီးတော့ ငါ့ပိုက်နက်ထဲမှာ အခြေကျနေပြီ ဖြစ်တဲ့ ကောင်းကင်တံတားနယ်မြေက ကျင့်ကြံသူတွေကိုတောင် သူတို့ဆန္ဒရှိတယ်ဆိုရင် ထွက်သွားခွင့် ပေးမယ် "
" ဒါပေမဲ့ အပြန်အလှန်အနေနဲ့ မင်းက မူလနတ်ဆိုးမင်းသားနဲ့ ဝိညာဥ်ဝါးမျိုသခင်ကို ငါ့ဆီပြန်ပေးရမယ် "
ပိုင်ရှောင်ချန်းမှာ စိုးရိမ်ထိတ်လန့်စပြုလာပြီဖြစ်သည်။ တစ်ဖက်တွင် သူ၏လက်ဝယ်၌ အမှန်တကယ်ပင် လောကနတ်ဘုရားအလင်းတန်းများ မရှိတော့သည်ဖြစ်ပြီး မိစ္ဆာဧကရာဇ်၏ အမူအကျင့်အရ အကယ်၍ သူသာ အလျင်အမြန် သဘောတူလိုက်မည်ဆိုပါက ထိုလူကြီးက ချက်ချင်းပင် သံသယဝင်သွားမည်ဖြစ်ကြောင်း သိသည်။ ထို့အပြင် သူတော်စင်ဧကရာဇ် ကြံစည်နေသည့်အရာကိုလည်း ပိုင်ရှောင်ချန်းက ခန့်မှန်းပြီးသားဖြစ်သည်။
သို့သော် သူသည် ထိုသို့ စိုးရိမ်နေသည့် အရိပ်အယောင်ကို မျက်နှာပေါ်တွင် လုံးဝထုတ်မပြပေ။ မိစ္ဆာဧကရာဇ်၏ ကမ်းလှမ်းချက်ကို သူက အေးစက်စက်သာ နှာမှုတ်လိုက်ပြီး နောက်ထပ် လောကနတ်ဘုရားအလင်းတန်း တစ်တန်းကို ထုတ်လွှတ်တော့မည့်အလား လက်ကိုမြှောက်လိုက်တော့သည်။
" ကဲ အစ်ကိုကြီး။ သူ့ကိုတိုက်မလား၊ မတိုက်ဘူးလား။ အစ်ကိုကြီးသဘော "
သူသည် အပြင်ပန်းတွင် ရဲစွမ်းသတ္တိ အပြည့်ရှိနေသည့်ပုံပေါ်ပါသော်လည်း အမှန်တွင် သူ လုံးဝစိုးရိမ်ထိတ်လန့်နေပြီဖြစ်သည်။
" တိုက်ဖို့ လက်ခံရင်တော့ ခင်ဗျားကြီးရူးနေလို့ပဲ သူတော်စင်ဧကရာဇ်ရေ "
သူက စိတ်ထဲတွင် တွေးနေတော့သည်။
" တကယ်လို့ ခင်ဗျားလက်ခံလိုက်မယ်ဆိုရင်တော့ ခင်ဗျားကို ကျုပ် တစ်ပတ်ရိုက်ရတော့မှာပဲ။ အဲဒီအခါကျမှ ကျုပ်ကို အဆိုးမဆိုနဲ့ "