← Chapters

အခန်း (၅၅၅-၅၅၆)

Vol. 30 Ch. 555-556

အခန်း (၅၅၅-၅၅၆)

Vol. 30 Ch. 555-556

အပိုင်း (၅၅၅) ဖန်ကြီး၏ ချက်ပြုတ်လက်ရာ

ပြင်းပြသော အရည်များက ဖန်ကျန်းရီ၏ ပါးစပ်ထဲတွင် ပေါက်ကွဲထွက်လာ၏။

အောက်ချန်သည် ရှေ့သို့ အပြင်းအထန် ပြေးဝင်လာပြီး စားပွဲကို လက်တစ်ဖက်ဖြင့် ထောက်ကာ ခုန်ကျော်လိုက်ပြီး ဖန်ကျန်းရီ၏ အနောက်ဘက်သို့ လျင်မြန်စွာ ရောက်ရှိသွားကာ လက်နှစ်ဖက်ဖြင့် ဖက်၍ ပြင်းပြင်းထန်ထန် ညှစ်လိုက်သည်။

"ဖူး..."

ဤခရမ်းချဉ်သီး၏ အရသာကို သေချာ မမြည်းစမ်းရသေးမီ အောက်ချန် ညှစ်ထုတ်မှုကြောင့် အကုန် ထွက်ကျသွားရ၏။

ဖန်ကျန်းရီမှာ သီးသွားသဖြင့် မျက်နှာတစ်ခုလုံး နီမြန်းသွားကာ အသက်ကို အကြိမ်အနည်းငယ် ပြင်းပြင်းထန်ထန် ရှူသွင်းလိုက်ရပြီးမှ အသိစိတ် ပြန်ဝင်လာကာ ဆဲရေးလိုက်သည်။ "ချီးတဲ့မှ … ခင်ဗျား ဘာလုပ်တာလဲ။"

အောက်ချန်သည် လက်ကို လွှတ်လိုက်ပြီး အရှေ့ဘက်သို့ ပတ်သွားကာ စိုးရိမ်တကြီးဖြင့် ပြောလိုက်၏။ "အဆိပ်ပါတယ် … သခင်လေး။"

ဖန်ကျန်းရီက ပြောလိုက်သည်။ "အဆိပ်မပါဘူး။ ကျုပ် စားဖူးတယ်။ ချီးတဲ့မှ .. အဆိပ်မိလို့ မသေဘဲ ခင်ဗျား လုပ်လို့ သေတော့မလို့ပဲ။"

အောက်ချန်မှာ အံ့ဩမှင်တက်သွားကာ နေရာတွင်ပင် ရပ်နေလျက် မေးလိုက်၏။ "ဟမ်... စား... စားဖူးတယ် ဟုတ်လား။"

ဖန်ကျန်းရီက ဒေါသတကြီးဖြင့် ဆဲရေးလိုက်သည်။ "ချီး … မဟုတ်ရင် ကျုပ်က တွေ့ရာကို ပါးစပ်ထဲ ကောက်ထည့်နေမှာလား။"

ထိုသို့ပြောရင်း နောက်တစ်ကိုက် ထပ်ကိုက်လိုက်ကာ ပြန်လည် မြည်းစမ်းကြည့်လိုက်၏။

ဤတစ်ခါ စားလိုက်ရသည်မှာ အလွန် စိတ်ပျက်သွားမိ၏။ ဒါက ခရမ်းချဉ်သီးပဲ မဟုတ်လား။ အရသာက နည်းနည်း ပိုပြင်းတာကလွဲရင် အတူတူပါပဲ။ ဤအရာက ကြက်ဥနဲ့ ကြော်စားမှ ပိုစားကောင်းမည့်ပုံပင်။

အောက်ချန်သည် သူ ဘာမှမဖြစ်သည်ကို မြင်သောအခါ ခြင်းတောင်းထဲမှ တစ်လုံးကို ထုတ်ယူကာ သတိကြီးစွာဖြင့် တစ်ကိုက် ကိုက်လိုက်ပြီး ခဏတာ မြည်းစမ်းကြည့်ပြီးနောက် ပြောလိုက်သည်။ "ဒီသစ်သီးက သိပ်မကောင်းဘူး။"

ဖန်ကျန်းရီက ပြောလိုက်သည်။ "ဒါက ဟင်းသီးဟင်းရွက်လေ။ သစ်သီးမဟုတ်ဘူး။"

အောက်ချန်က ပြောလိုက်၏။ "ဟမ် ... အသီးဆိုတာ သေချာနေတာကို။"

အောက်ချန်သည် တကယ်ပင် ဘာတုံ့ပြန်မှုမှ မရှိကြောင်း ခံစားလိုက်ရပြီး သတ္တိများ တဖြည်းဖြည်း ကြီးမားလာကာ အားရပါးရ နှစ်ကိုက်ခန့် ကိုက်စားလိုက်သည်။

ဖန်ကျန်းရီက တိတ်တဆိတ် ရေရွတ်လိုက်မိ၏။ ဤအရာက ဟင်းသီးဟင်းရွက် ဖြစ်သင့်သည်။ အကယ်၍ ၎င်းကို သစ်သီးဟု ခေါ်မည်ဆိုလျှင် သစ်သီးလောက၏ အမှိုက်သရိုက်ပင် ဖြစ်တော့မည်။

အောက်ချန်က မေးလိုက်၏။ "သခင်လေး... ဒီဟင်းသီးဟင်းရွက်ကို ဘယ်လို စားရလဲ။"

ဖန်ကျန်းရီက ပြန်ဖြေလိုက်သည်။ "ဘယ်လို စားရမလဲ ဟုတ်လား။ အမဲသားနဲ့ နှပ်စားရင် စားကောင်းတယ်။ ဒီနေ့ ညနေ ခရမ်းချဉ်သီး အမဲသားနှပ် လုပ်စားကြည့်ရမယ်။"

သူတို့နှစ်ယောက် စကားပြောနေစဉ်မှာပင် ပုံရိပ်တစ်ခုက တံခါးဝမှ ကြီးမားသော ခြေလှမ်းများဖြင့် ဝင်ရောက်လာပြီး အော်လိုက်သည်။ "အမဲသား။ ဖန်ကြီး... ခင်ဗျား အမဲသား ခိုးစားနေပြန်ပြီလား။"

ဖန်ကျန်းရီကို မြင်သောအခါ သူက ဖြူဖွေးတောက်ပသော သွားနှစ်တန်းကို ပေါ်အောင် ပြုံးပြလျက် ပြောလိုက်သည်။ "ဖန်ကြီး... ခင်ဗျားက တော်တယ်။ နိုးလာတာတောင် ကျုပ်ကို မရှာဘဲ တောက်ယွမ်ခရိုင် ကို အရင် ပြန်လာတယ်ပေါ့။ အယ်... ခင်ဗျား ဘာစားနေတာလဲ။"

လီယွမ်ကျောက် ဖြစ်နေသည်ကို မြင်သောအခါ ဖန်ကျန်းရီက ခေါင်းငုံ့၍ တစ်ချက်ကြည့်လိုက်ပြီး အထဲမှ ငရုတ်သီးသေးသေးလေးကို ထုတ်ယူကာ ကမ်းပေးရင်း ပြောလိုက်သည်။ "အာ... အိမ်ရှေ့စံမင်းသား ရောက်လာပြီပဲ။ ခင်ဗျားကို စားကောင်းတာလေး ကျွေးမယ်။"

လီယွမ်ကျောက်သည် ငရုတ်သီးကို လှမ်းယူလိုက်ပြီး ခရမ်းချဉ်သီးကိုလည်း ကြည့်ကာ ညည်းတွားလိုက်သည်။ "ကျုပ်က အကြီးစားချင်တာ။"

ဖန်ကျန်းရီက ပြောလိုက်၏။ "အသေးက ပိုကောင်းတယ်။ ယောကျာ်းအားတိုးတယ်။"

ယောကျာ်းအားတိုးတယ် ဟုတ်လား။ ဤအရာက ကလေးမှစ၍ လူအိုအထိ မည်သူမှ မငြင်းဆန်နိုင်သောအရာပင်။

လီယွမ်ကျောက်သည် ပါးစပ်ကို ဟကာ ဘာမှမစဉ်းစားတော့ဘဲ ပါးစပ်ထဲ ပစ်ထည့်လိုက်ပြီး တစ်ချောင်းလုံးကို ဝါးစားလိုက်သည်။

အောက်ချန်မှာ နေရာတွင်ပင် ကျောက်ရုပ်ဖြစ်သွား၏။ ထိုအရာကလည်း အဆိပ်ပါလောက်သည်။ အိမ်ရှေ့စံမင်းသား က ဤအတိုင်းကြီး စားလိုက်၏။

ဆယ်စက္ကန့်အကြာတွင် လီယွမ်ကျောက်၏ မျက်နှာမှာ သာမန်မျက်စိဖြင့် ကြည့်လျှင်ပင် နီမြန်းလာပြီး လည်ပင်းကို ညှစ်ကာ လျှာထွက်လျက် ကျယ်လောင်စွာ အော်ဟစ်လိုက်သည်။ "ဖန်ကြီး… ချီးပဲ။ ခင်ဗျား ကျုပ်ကို ဘာကျွေးလိုက်တာလဲ။"

ဖန်ကျန်းရီက အေးစက်စက် ပြုံးလျက် ပြောလိုက်၏။ "ဘာစားရမှာလဲ။ တစ်နေ့တည်းနဲ့ သေစေနိုင်တဲ့ မြက်ပေါ့။ ကျုပ် ခင်ဗျားကို မေးမယ်။ ခင်ဗျား အမြင်မှာ ကျုပ်က မင်းသမီးနဲ့ ထိုက်တန်ရဲ့လား။ ကောင်းကောင်းဖြေရင် ကျုပ် ခင်ဗျားကို ဖြေဆေးပေးမယ်။"

လီယွမ်ကျောက်က လည်ချောင်းကို အုပ်ကာ အဆက်မပြတ် ညည်းတွားရင်း ပြောလိုက်သည်။ "အား... အား... အဟွတ်... သူနဲ့ ထိုက်တန်... တောက်။ ခင်ဗျား စဉ်းတောင် မစဉ်းစားနဲ့။ ဟူး... ဟား... ကျုပ် ဒီနေ့ ဒီမှာ သေသွားရင်တောင် ခင်ဗျား စဉ်းမစားနဲ့။"

အောက်ချန်က တံတွေးကို မြိုချလိုက်ပြီး ဖန်ကျန်းရီကို လှမ်းကြည့်လိုက်၏။

ဒါက အိမ်ရှေ့စံမင်းသားလေ။

သခင်လေးက သူနှင့် ဆက်ဆံရေး တကယ်ကို ကောင်းမွန်နေပုံရသည်။ မဟုတ်လျှင် ဤမျှ ရဲတင်းနိုင်မည် မဟုတ်ချေ။ ဤသို့တွေးမိပြီးနောက် မိမိ ဆက်နေရန် မသင့်တော်ဟု ခံစားလိုက်ရကာ တိတ်တဆိတ် ထွက်ခွာသွားခဲ့သည်။

ဖန်ကျန်းရီက သက်ပြင်းချလျက် လက်ဖက်ရည်တစ်ခွက်ကို ယူကာ လီယွမ်ကျောက် အနီးသို့ ကမ်းပေးလိုက်၏။

ယခုကြည့်ရသလောက် မင်းသမီးနှင့် လက်ထပ်ချင်လျှင် အိမ်ရှေ့စံမင်းသားက အကြီးမားဆုံး အတားအဆီးကြီး ဖြစ်နေသည်။

ကျင်းဘုရင်မင်းမြတ် က မိမိအပေါ် မဆိုးသလို ယုံကြည်မှုလည်း ရှိထားရာ ဖွင့်ပြောလိုက်လျှင် ပြဿနာ ရှိမည် မဟုတ်ပေ။ ဤနှမကို အလွန်အမင်း ကာကွယ်တတ်သော အရူးကောင်၏ ခေါင်းထဲတွင် ဘာတွေ တွေးနေသလဲ ဆိုတာကိုသာ မသိရခြင်းသာ ရှိ၏။

လီယွမ်ကျောက်သည် လက်ဖက်ရည်ကို လှမ်းယူကာ တစ်ကျိုက်တည်း မော့သောက်လိုက်ပြီး လျှာကို အဆက်မပြတ် ထုတ်လျက် ဖန်ကျန်းရီကို ဂုဏ်ယူဝင့်ကြွားစွာ ကြည့်၍ ပြောလိုက်သည်။ "ဟက်ဟက်... အောက်တန်းကျတဲ့ နည်းလမ်းတွေကို သုံးချင်တာလား။ လုံးဝ မဖြစ်နိုင်ဘူး။"

ဖန်ကျန်းရီက ပြောလိုက်၏။ "အိမ်ရှေ့စံမင်းသားက အင်အားကြီးမားပြီး တစ်ကိုယ်လုံး သတ္တိတွေနဲ့ ပြည့်နေတာပါပဲ။"

လီယွမ်ကျောက်က ညည်းတွားလျက် ပြောလိုက်သည်။ "ဟမ့် ... ခင်ဗျားက ကျုပ်ကို ဒုက္ခပေးမှာ မဟုတ်ပါဘူး။ ခင်ဗျား အကြောင်းကို ကျုပ် သိတာပေါ့။ ဟူး... ဟား... ဒါက ဘာအရာမို့လို့ စားလိုက်တာနဲ့ တစ်ကိုယ်လုံး ချွေးတွေ ထွက်လာရတာလဲ။"

ဖန်ကျန်းရီက မေးလိုက်၏။ "ဒီအရာက ငရုတ်သီးလို့ ခေါ်တယ်။ အိမ်ရှေ့စံမင်းသား... ဒီတစ်ခေါက် ကျုပ်ဆီ လာတာ ဘာကိစ္စ ရှိလို့လဲ။"

လီယွမ်ကျောက်၏ ပါးစပ်ထဲမှ နာကျင်မှုများ အတော်လေး လျော့ကျသွားပြီဖြစ်ရာ ပါးစပ်ကို နှစ်ချက်ခန့် သပ်လိုက်ပြီး ပြောလိုက်သည်။ "ကျုပ် လာတာ ခင်ဗျားကို သတင်းစာတိုက်ရဲ့ အခြေအနေ လာပြောပြမလို့။ ဟူး... ဒီအရာက တကယ်ကို စိတ်ဝင်စားစရာကောင်းတာပဲ။ ဘာအတွက် အသုံးဝင်လဲ။"

သတင်းစာတိုက် ဟုတ်လား။ ဖန်ကျန်းရီ၏ အမြင်တွင် သတင်းစာတိုက်တွင် ကြီးမားသော ပြဿနာ ရှိမည်ဟု မထင်ထားသဖြင့် ချက်ချင်း အလောတကြီး မမေးတော့ချေ။

ယခု လီယွမ်ကျောက်ကို ဤအရာများ၏ အရေးပါမှုကို နားလည်စေရန် အခွင့်ကောင်းပင် ဖြစ်၏။

သူ့ကို ဆွဲ၍ ခြင်းတောင်းအနီးသို့ လျှောက်သွားကာ တစ်ခုချင်းစီ မိတ်ဆက်ပေးလိုက်သည်။ လီယွမ်ကျောက် လည်း စူးစမ်းလိုစိတ် အပြည့်ဖြင့် တစ်ခုချင်းစီကို ကောက်ယူ ကြည့်ရှုနေ၏။

လီယွမ်ကျောက်က မေးလိုက်သည်။ "ခင်ဗျား ပြောပုံအရဆိုရင် ဒီအထဲက အာလူးတွေက ကန်စွန်းဥကို ယှဉ်နိုင်တယ်ပေါ့။"

ဖန်ကျန်းရီက ပြောရင်း နှုတ်ခမ်းကို သုတ်လိုက်သည်။ "သေချာတာပေါ့။ အရသာပဲဖြစ်ဖြစ် အထွက်နှုန်းပဲဖြစ်ဖြစ် တော်တော်လေး ကောင်းမွန်တယ်။ တကယ့်ကို ကောင်းမွန်တဲ့ အရာတွေချည်းပဲ။ ပြီးတော့ ဒီငရုတ်သီးရယ် ၊ ခရမ်းချဉ်သီးရယ် ၊ အမဲသားနှပ်ရယ်က အမွှေးဆုံးပဲ။"

တကယ်ပင် သွားရည်ကျလာမိသည်။ ယခင်ဘဝကတည်းက ဤအရာများကို နှစ်သက်ခဲ့ခြင်း ဖြစ်၏။

လီယွမ်ကျောက်က နှုတ်ခမ်းကို ကိုက်လျက် ပြောလိုက်သည်။ "ငရုတ်သီးကို ဟင်းချက်စားရင်လည်း ပါးစပ်ထဲမှာ နာကျင်နေမုံးမှာပဲ မဟုတ်လား..."

ဖန်ကျန်းရီက မေးလိုက်သည်။ "နှစ်လုပ်လောက် စားကြည့်လိုက်ရင် ခင်ဗျား သိသွားမှာပါ။ စားပြီးပြီလား။ ဒါမှမဟုတ်... မြည်းကြည့်မလား။"

လီယွမ်ကျောက်က ပြောလိုက်သည်။ "မြည်းကြည့်မယ်။"

သူတို့နှစ်ယောက် သဘောတူညီမှု ရသွားပြီး အိမ်နောက်ဖေးရှိ မီးဖိုချောင်သို့ သွားကြသည်။ ရှောင်ထောင် က ရှေ့တိုးလာပြီး နှုတ်ဆက်ကာ ကူညီပေးရန် ပြင်လိုက်သော်လည်း ဖန်ကျန်းရီက ပြတ်သားစွာ ငြင်းဆန်လိုက်၏။

ခရမ်းချဉ်သီး အမဲသားနှပ်၊ ခရမ်းချဉ်သီး ကြက်ဥကြော်ကို သူကိုယ်တိုင်မှလွဲ၍ မည်သူကများ လုပ်နိုင်မည်နည်း။

ထို့ကြောင့် ဖန်ကျန်းရီ ကိုယ်တိုင် ဝင်ရောက် ချက်ပြုတ်ကာ လက်စွမ်းပြလိုက်တော့သည်။

ခြင်းတောင်းထဲတွင် ပါလာသော အာလူးသေးသေးလေး နှစ်လုံးကို မီးဖိုထဲသို့ တိုက်ရိုက် ပစ်ထည့်လိုက်ပြီး အပေါ်မှ ဒယ်အိုးကြီးဖြင့် အမဲသားနှပ်ထားကာ ထိုအထဲသို့ ငရုတ်သီး နှစ်တောင့်ကို တမင် ထည့်ထားလိုက်သည်။ အချိန်အတော်ကြာ အားစိုက်ထုတ်ပြီးမှသာ ဟင်းလျာများ ကျက်သွား၏။

အနံ့အာရုံနှင့် အရသာအာရုံတို့က မှတ်ဉာဏ်များကို လှုံ့ဆော်ပေးနိုင်ကြောင်း သိသာလှ၏။ ရင်းနှီးသော အနံ့များကို ရှူရှိုက်မိသောအခါ ဖန်ကျန်းရီ၏ မျက်လုံးများ အနည်းငယ် ကျိန်းစပ်လာသည်ဟု ခံစားလိုက်ရသည်။

မွှေးရနံ့များက လီယွမ်ကျောက်၏ နှာခေါင်းထဲသို့ အဆက်မပြတ် ဝင်ရောက်နေပြီး ထမင်းဟင်းများကို မြေကြီးပေါ်ရှိ စားပွဲပုလေးပေါ်သို့ တင်လိုက်သောအခါ သူက တုံ့ဆိုင်းမနေဘဲ အမဲသား တစ်တုံးကို ညှပ်ယူလိုက်၏။

မျက်စိမှိတ်ကာ အတန်ကြာ ဝါးစားပြီးနောက် ပြောလိုက်သည်။ "မွှေးတယ်။ တကယ်ကို မွှေးတာပဲ။ ဖန်ကြီး ... ခင်ဗျားက နန်းတော်ထဲက စားတော်ကဲတွေထက်တောင် ပိုတော်သေးတယ်။"

ဖန်ကျန်းရီက မေးလိုက်၏။ "စားကောင်းလား။"

လီယွမ်ကျောက်က ကျယ်လောင်စွာ အော်ဟစ်လိုက်သည်။ "စားကောင်းတယ်။ လောကရဲ့ အကောင်းဆုံး အရသာပဲ။ အသားက စားလို့ကောင်းတယ်။ လျှာက နည်းနည်း နာကျင်နေပေမဲ့ တော်တော်လေး ကောင်းမွန်သလို ခံစားရတယ်။ ဘယ်လိုဖြစ်တာလဲ။"

ဖန်ကျန်းရီက ဘေးရှိ သစ်သားချောင်းကို ကောက်ယူကာ မီးဖိုထဲမှ အာလူးများကို ဆွဲထုတ်ရင်း ပြောလိုက်သည်။ "အစပ်လေ။ ငရုတ်သီးက ဒီလိုပါပဲ။ အိမ်ရှေ့စံမင်းသား စားလေ ပိုကြိုက်လေ ဖြစ်လာမှာပါ။"

တူဖြင့် တစ်ချက်ထိုးကာ လီယွမ်ကျောက်၏ မျက်စိရှေ့သို့ ပေးလိုက်သည်။

မြေကြီးပေါ်တွင် လိမ့်သွားသော အာလူးသေးသေးလေးကို ကြည့်ကာ လီယွမ်ကျောက်က အနည်းငယ် ရွံရှာစွာဖြင့် ပြောလိုက်သည်။ "ဒါကိုတော့ ကျုပ် မစားတော့ဘူး။ အရမ်း ညစ်ပတ်နေပြီ။"

ဖန်ကျန်းရီက ပြောလိုက်သည်။ "အိမ်ရှေ့စံမင်းသား... ဒီအရာက နောက်ပိုင်း တစ်တိုင်းပြည်လုံးက ပြည်သူတွေ စားရမယ့်အရာလေ။ ခင်ဗျားက စံပြအနေနဲ့ အရင် မမြည်းကြည့်ဘူးလား။"

ဤစကားကို ကြားသောအခါ လီယွမ်ကျောက်သည် အာလူးကို လှမ်းယူလိုက်ပြီး အပေါ်ယံကို မှုတ်ကာ အခွံကို ညင်သာစွာ ခွာ၍ အနည်းငယ် ကိုက်စားလိုက်၏။

လီယွမ်ကျောက်က ပြောလိုက်သည်။ "အရသာက သာမန်ပါပဲ။"

ဖန်ကျန်းရီက ပြောလိုက်၏။ "မှန်တယ်။ သာမန်ပဲ ဖြစ်နေစေချင်တာ။ တကယ်လို့ ကန်စွန်းဥလို အရသာ အရမ်းပြင်းနေရင် လူတွေက ခဏလေးနဲ့ စားရတာ ရိုးအီသွားမှာပေါ့။ ကျုပ်တို့ ပြည်သူတွေက ပါးနပ်တယ်။ ဒီအရာက နောက်ပိုင်း အနည်းဆုံး ချက်ပြုတ်နည်း တစ်ရာလောက်တောင် ထွက်လာနိုင်တယ်။"

လီယွမ်ကျောက်သည် စကားမပြောတော့ဘဲ သေချာစွာ မြည်းစမ်းနေ၏။ အာလူးကို ဟင်းရည် အနည်းငယ်တို့ကာ ထပ်မံစားသောက်လိုက်သည်။

မကြာမီတွင် စားပွဲပေါ်ရှိ ထမင်းဟင်းများအားလုံး ပြောင်စင်သွားပြီး သူတို့နှစ်ယောက်လုံး အလွန် ဝနေကြပြီ ဖြစ်၏။

လီယွမ်ကျောက်က အင်္ကျီကို လှန်ကာ ဝမ်းဗိုက်ကို ပွတ်သပ်ရင်း ပြောလိုက်သည်။ "ဖန်ကြီး... ဒီအရာတွေ ကျုပ်ကို နည်းနည်း ပေးပါ။ ကျုပ် အရှေ့ဘက် ဆင်ခြေဖုံးကို ပို့ပြီး အများကြီး စိုက်ပျိုးခိုင်းလိုက်မယ်။ ပြည်သူတွေလည်း မြန်မြန် စားရတာပေါ့။

ဟိုကန်စွန်းဥ စားရတာက တကယ်ကို ရိုးအီစရာကောင်းတယ်။ ကျုပ် သုံးရက်လောက် စားပြီးတော့ မအီမသာ ဖြစ်လာတာ။ ပြည်သူတွေလည်း စားရတာ ရိုးအီနေလောက်ပြီလို့ ခန့်မှန်းရတယ်။"

ဖန်ကျန်းရီက ခေါင်းညိတ်လိုက်သည်။

လီယွမ်ကျောက်က ပြောလိုက်၏။ "ဖန်ဟောင်း... သတင်းထောက်တွေဘက်ကလေ... ကျုပ် လူသုံးရာ ထပ်ခေါ်ထားတယ်။ တစ်ယောက်ကို တစ်လ ငွေတစ်တုံးရယ် အပြင်ထွက်စရိတ်၊ ထမင်းစားခန်း ထောက်ပံ့ကြေး နဲ့ တခြား အသေးသုံးစရိတ်တွေ ပေါင်းလိုက်ရင် အရင်းပြုတ်တော့မှာပဲ။

ဒါပေမဲ့ ကျုပ်က သူတို့ကို အကုန် မောင်းထုတ်ပစ်လို့လည်း အဆင်မပြေဘူးလေ။ အလုပ်ခန့်ပြီးမှတော့ ခန့်ပြီးသား ဖြစ်သွားပြီပဲ။ လစာလျှော့မယ်လို့ ကျုပ် စကားတစ်ခွန်း ပြောလိုက်တော့ အောက်ကလူတွေက ကျုပ်ကွယ်ရာမှာ တိတ်တဆိတ် ဆူပူနေကြတယ်။ ရှန်ရီ လည်း နည်းနည်း ထိန်းမနိုင်သိမ်းမရ ဖြစ်နေတယ်။ အခု ဘယ်လိုလုပ်ရမလဲ။"

ဖန်ကျန်းရီက မျက်မှောင်ကုတ်ကာ မေးလိုက်သည်။ "ခင်ဗျားက ဒီလောက် အများကြီး ဘာလို့ ခေါ်ထားတာလဲ။ အရင်က ခေါ်ထားတာ တစ်သုတ် ရှိပြီးသားကို နောက်ထပ် သုံးရာ ထပ်ပေါင်းလိုက်ရင် ပြည့်လျှံနေပြီလေ။"

လီယွမ်ကျောက်သည် ဖန်ကျန်းရီ၏ ပုံစံကို အတုယူကာ မီးဖိုဘေးမှ မြက်ခြောက်တစ်ပင်ကို ကောက်ယူ၍ သွားကြားထိုးရင်း ပြောလိုက်၏။ "ရှန်ရီ က သွားတော့မှာလေ။ နောက်ထပ် အမာခံတချို့လည်း အရာရှိလုပ်ဖို့ ပြင်ဆင်နေကြပြီ။ အောက်ကလူတွေက အသုံးမကျတော့ လူနည်းနည်း ပိုရှာရတော့မှာပေါ့။

ခမည်းတော်က ရှန်ရီ ကို တွေ့ပြီးပြီ။ ပြီးတော့ သူ့ကို အရမ်း သဘောကျပြီး ရွေးချယ်စရာ တချို့ ပေးထားတယ်။ မြို့တော်မှာ နေမလား ဒါမှမဟုတ် နယ်မှာ တာဝန်ထမ်းဆောင်မလား ဆိုတာ သူကိုယ်တိုင် ရွေးချယ်ခွင့် ပေးထားတယ်။ မူလက သူ ဆုံးဖြတ်တော့မလို့ပဲ။ ဒါပေမဲ့ ခင်ဗျား ပြန်ရောက်လာပြီလို့ ကြားတော့ ထပ်စောင့်နေပြန်တယ်။"

ဖန်ကျန်းရီသည် မေးစေ့ကို ထောက်ကာ စဉ်းစားနေသော အမူအရာကို ပြသလိုက်သည်။

ရှန်ရီ ဘက်ကိုတော့ ကိုယ်တိုင် သေချာ ဂရုစိုက်ပေးဖို့ နည်းလမ်းတစ်ခု စဉ်းစားရမည်။ မည်သို့ပင်ဖြစ်စေ ကုမ္ပဏီ၏ အကောင်းဆုံး ဝန်ထမ်း၊ နွားနှင့်မြင်းလို အလုပ်လုပ်သော အထက်တန်းလွှာလေး ဖြစ်၏။ သူ့ကို သေချာ စီစဉ်ပေးလိုက်လျှင် ဒါက အသင့်လုပ်ထားသော မုန့်သားလေး ဖြစ်မသွားဘူးလား။

လစာတိုးပေးရန် အော်ဟစ်နေကြသော လူသစ်များကတော့ ကြီးမားသော ပြဿနာ မဟုတ်ပေ... တကယ့်ကို လုပ်ငန်းခွင်၏ အန္တရာယ်များကို မသိကြသေးခြင်းဖြစ်သည်။ ကြည့်ရတာ ကိုယ်တိုင် သင်ခန်းစာ ပေးရဦးမည် ထင်သည်။

လီယွမ်ကျောက်က ပြောလိုက်၏။ "ဖန်ကြီး... ခင်ဗျား ဘာတွေ စဉ်းစားနေတာလဲ။ အရင်တုန်းက ဘာတွေ ဖြစ်ခဲ့လဲဆိုတာ ကျုပ်ကို အရင် ပြောပြပါအုံး။"

ဖန်ကျန်းရီက ပြန်ဖြေလိုက်သည်။ "ဪ ... ဒါကတော့ ပြောရရင် တော်တော်လေး စိတ်ဝင်စားစရာ ကောင်းတယ်။ ကျုပ် အိမ်ရှေ့စံမင်းသား ကို ပြောပြမယ်..."

အပိုင်း (၅၅၆) - ရက်စက်သူ၏ နိုးထလာမှု။

နှစ်ရက် ခွင့်ပေးမည်ဟု ဆိုသော်လည်း ဖန်ကျန်းရီ၏ ပျင်းရိသည့်ရောဂါ ထလာသဖြင့် သုံးရက်တိုင်တိုင် နေပစ်လိုက်သည်။

သို့သော်လည်း အလုပ်လုံးဝ မလုပ်ဘဲ နေ,နေသည်တော့ မဟုတ်ပေ။ ကျန်းရှီ၏ ပြစ်မှုအထောက်အထားများနှင့် ပတ်သက်၍ အသေအချာ အစီရင်ခံစာ တစ်စောင် ရေးသားထားပြီးပြီ ဖြစ်သော်လည်း အထက်သို့ မတင်ရသေးခြင်းသာ ရှိ၏။

ယမ်းမှုန့်ဖက်တွင်လည်း အောင်မြင်မှု အသေးအမွှားလေးများ စတင် ထွက်ပေါ်လာပြီ ဖြစ်သည်။

နန်းတော်မှ လူများ စေလွှတ်ကာ ကျင်းယီဝေ့၏ လုပ်ထုံးလုပ်နည်း စည်းမျဉ်းများကို တောက်ယွမ်ခရိုင်သို့ ပေးပို့လာခဲ့သည်။ ကျင်းယီဝေ့၏ အနာဂတ် အစီအမံများကို သူ ကိုယ်တိုင်လည်း သေချာပေါက် အသေးစိတ် စီစဉ်ရေးဆွဲရပေမည်။

ဧကရာဇ်မင်းမြတ်၏ လက်တွင်းမှ ဓားတစ်လက်အနေဖြင့် အပြီးသတ် သွန်းလုပ်ပြီးစီးခြင်း မရှိသေးသော်လည်း၊ လွှမ်းမိုးနိုင်သည့် အာဏာအချို့ သူ့တွင် ရှိနေသေးသောကြောင့် သေချာပေါက် ဂရုတစိုက် လုပ်ဆောင်ရမည်။

အကယ်၍သာ ကောင်းကောင်း မကစားနိုင်ပါက သူ့အသက် ပါသွားမည်ဆိုလျှင်တောင် မဆန်းပေ။

ဖန်ကျန်းရီသည် ဤရက်ပိုင်းအတွင်း အစီအစဉ်များ ရေးဆွဲနေစဉ်တွင် မင်မင်းဆက်ခေတ်သို့ ကူးပြောင်း မရောက်လာခဲ့သည်မှာ ကံကောင်းသည်ဟု မကြာခဏ တွေးမိပြီး သက်ပြင်းချနေမိသည်။

အကယ်၍ ကျူးယွမ်ကျန်းနှင့်သာ ဆုံတွေ့ခဲ့ရပါက ကျီးကန်းတောင်းမှောက် လုပ်နေတတ်သည့် သူ့အကျင့်နှင့် ဆိုလျှင် အရိုးစလေးတောင် ကျန်မည်မဟုတ်ပေ။

ထိုအဘိုးကြီးကျူးကို နောင်လာနောက်သားများက ပြည်သူကို သားသမီးကဲ့သို့ ချစ်ခင်သည်ဟု ပြောကြသော်လည်း တူညီစွာ တောင်းရမ်းစားသောက်ဖူးသည့် အတွေ့အကြုံရှိသော သူတောင်းစားဖန် အနေဖြင့်မူ ကွဲပြားသော အမြင်ရှိသည်။

ထိုသူသည် ရွှံ့နွံထဲမှ စောစောစီးစီး ရုန်းထွက်နိုင်ခဲ့သူဖြစ်သည်။ ထို့သို့ဆိုသည့်တိုင် သိုးပေါက်လေးဘဝမှ ဓားပြခေါင်းဆောင် အဖြစ်သို့ အတင်းအကြပ် တွန်းပို့ခံခဲ့ရသေး၏။

ကျူးယွမ်ကျန်းကဲ့သို့သော ရက်စက်သည့်လူမျိုးသည် သူ၏ ထိပ်တန်းအဆင့် ကိုယ်ရည်ကိုယ်သွေး စွမ်းရည်ကို အားပြုကာ သူတောင်းစားဘဝမှ အထွတ်အထိပ်သို့ ရောက်သည်အထိ ခြေလှမ်းတိုင်းတွင် သတ်ဖြတ်ခြင်းများကို ဖြတ်သန်းလာခဲ့ရသဖြင့် လူ့သဘာဝ စာနာစိတ်ဆိုသည်မှာ များများစားစား ကျန်တော့မည် မဟုတ်ချေ။

မိဖုရားခေါင်ကြီးနှင့် သားတော်တို့သာ သူ၏ ရင်ထဲမှ နောက်ဆုံးကျန်ရစ်သော နူးညံ့မှုလေးများ ဖြစ်ကောင်းဖြစ်နိုင်ပြီး ကျန်သည့်နေရာ ကိုးဆယ်ရာခိုင်နှုန်းကတော့ မာကျောနေမည်မှာ သေချာသည်။

ထို့ပြင် အဘိုးကြီးကျူးသည် ဇာတ်နိမ့်မှ လာသူဖြစ်၍ အန္တရာယ်ကို ကြိုတင်သိမြင်နိုင်စွမ်း အလွန်အားကောင်းရာ ကျင်းယီဝေ့၏ စောင့်ကြည့်ရေး စွမ်းရည်ကိုလည်း အစွမ်းကုန် အသုံးချခဲ့သည်။

ပြည်သူလူထုအချင်းချင်းပင် အပြန်အလှန် စောင့်ကြည့်ရပြီး ပျင်းရိစွာ နေထိုင်ရဲသူများ၊ ခရီးဝေး သွားရဲသူများဆိုလျှင်... အဆိုးရွားဆုံးအနေဖြင့် သေလမ်းကိုသာ စောင့်ရပေမည်။

ကပ်ဘေးကာလမှ ရက်စက်သူများသည် မိမိနေရာ၌ ခြေချနိုင်ရန် လူ့သဘာဝ၊ ခံစားချက်နှင့် ကိုယ်ကျင့်တရား စသည်တို့ကို များများစားစား ထားလေ့မရှိကြပေ။ ဤသည်မှာ ဖန်ကျန်းရီ၏ တိမ်ကောလှသော အမြင်တစ်ခုသာ ဖြစ်၏။

ကံကောင်းထောက်မစွာဖြင့် သူ ဆုံတွေ့ခဲ့ရသည်က ကျင်းဘုရင်မင်းမြတ်ပင်။

မူလ မျိုးရိုးမြင့် မိသားစုမှ ဆင်းသက်လာသူ ဖြစ်ပြီး ဖြတ်သန်းမှု အတွေ့အကြုံများအရ ငယ်စဉ်မှ ကြီးပြင်းလာသည်အထိ လမ်းခရီးတစ်လျှောက် အဆင်ပြေချောမွေ့ခဲ့ကာ တစ်ခါမှ မရှုံးနိမ့်ဖူးသလောက်ပင် ဖြစ်သည်။ ထိုသို့သော လူမျိုးသည် လုံခြုံမှုအပြည့်အဝရှိကာ သဘောထားကြီးတတ်ကြသည်။

ဖန်ကျန်းရီသည် ထိုခေတ်အခါက အလွန်တန်ဖိုးကြီးသည့် အရည်အသွေးဖြစ်သော ကျန်းမာခြင်းကို သူ၏ ထံမှ ခံစားသိရှိနိုင်ခဲ့၏။

စိတ်ပိုင်းဆိုင်ရာမှ ရုပ်ပိုင်းဆိုင်ရာအထိ ဘက်စုံ ကျန်းမာရေးပင် ဖြစ်သည်။

အထက်မှ ပေးပို့လာသော အကြမ်းဖျင်း စည်းမျဉ်းများကို ဖန်ကျန်းရီ ဖတ်ကြည့်လိုက်ရာ အရှေ့ဆောင်နှင့် သိပ်မကွာခြားလှကြောင်း ခံစားလိုက်ရ၏။

ဖြစ်နိုင်သည်မှာ ကျင်းဘုရင်မင်းမြတ် က အရှေ့ဆောင်သည် အလုပ်မဖြစ်ဟု ထင်မြင်ကာ အပြန်အလှန် အထောက်အကူပြုနိုင်ရန် ဤအဖွဲ့အစည်း နှစ်ခုကို ယှဉ်တွဲ အသုံးပြုလိုခြင်း ဖြစ်ပေမည်။

သို့သော်ငြား လူဆိုသည်မှာ ပြောင်းလဲတတ်ကြစမြဲပင်။ အကယ်၍ သူ အိုမင်းလာချိန်တွင် မှတ်ဉာဏ် ချို့ယွင်းလာပြီး သံသယများလာလျှင်ရော။

လူငယ်ဘဝကဲ့သို့ လုံခြုံမှုအပြည့်အဝ မရှိတော့လျှင်ရော။

ထို့ကြောင့် ဖန်ကျန်းရီသည် တတ်နိုင်သမျှ ပြုပြင်မွမ်းမံမှုအချို့ လုပ်ဆောင်လိုသေးရာ အဓိကအားဖြင့် တောင်ပိုင်း ကျင်းဖူစီ အဖွဲ့ကို ဖြစ်သည်။

တောင်ပိုင်း ကျင်းဖူစီသည် ကျင်းယီဝေ့ အတွင်းပိုင်းရှိ စစ်ဘက်ဆိုင်ရာ စည်းကမ်းများနှင့် ပြစ်ဒဏ်များကို တာဝန်ယူရသဖြင့် ကျင်းယီဝေ့ အတွင်းပိုင်းကို ထိန်းချုပ်ရန် တင်းကျပ်သော စည်းမျဉ်းများ လိုအပ်၏။

သုံးရက်တိုင်တိုင် တွေးတောခဲ့သော်လည်း တိုးတက်မှု သိပ်မရှိခဲ့ပေ။ သို့ပေမည့် မြို့တော်သို့ ပြန်ရမည့်အချိန် ရောက်လာပြီ ဖြစ်သည်။ ဆက်လက် အချိန်ဆွဲနေမည် ဆိုပါက ဆူပူကြိမ်းမောင်းခံရတော့မည်။

လီယွမ်ကျောက်သည်လည်း တောက်ယွမ်ခရိုင်တွင် သုံးရက်တိုင်တိုင် မှီခိုနေခဲ့ပြီး ကြားထဲတွင် မြို့တော်သို့ တစ်ကြိမ်သာ ပြန်ခဲ့သည်။ ကျန်အချိန်များတွင်တော့ ပျော်ရွှင်စွာ ကစားခုန်စားနေခဲ့သည်။

မြို့တော်သို့ ပြန်မည့်နေ့တွင် လီယွမ်ကျောက်သည် ဖန်ကျန်းရီနှင့်အတူ လမ်းမပေါ်တွင် လမ်းလျှောက်နေပြီး သူတို့၏ အနောက်တွင် မြို့အပြင်သို့ ခြေလျင်ထွက်ရန် ပြင်ဆင်နေသည့် ရဲမက်တစ်သိုက်လည်း ပါလာ၏။

လမ်းတစ်ဝက်သို့ ရောက်သောအခါ လီယွမ်ကျောက်သည် လမ်းဘေးသို့ ရုတ်တရက် လက်ညှိုးထိုးကာ ရယ်မောလျက် ပြောလိုက်သည်။ “ဖန်ကြီး ... ခင်ဗျားတို့ ခရိုင်ရုံးက အမိန့်စာတွေက သိပ်အသုံးမဝင်ပါလား။ သူတောင်းစားတွေ ဒီမှာ ရှိနေတုန်းပဲ မဟုတ်လား။ ကျုပ်သူတို့နှစ်ယောက်ကို မြင်တာ ခဏခဏ ရှိနေပြီ။”

ဖန်ကျန်းရီ စူးစိုက်ကြည့်လိုက်ရာ စားသောက်ဆိုင်တစ်ဆိုင်၏ အပေါက်ဝတွင် လူအချို့ ဝိုင်းအုံနေသည်ကို တွေ့လိုက်ရပြီး လူအုပ်ကြားတွင် အစောပိုင်းက သူတောင်းစား နှစ်ယောက် ရှိနေ၏။

အောက်ချန်ကို လှမ်းကြည့်လိုက်ရာ အောက်ချန်က ခေါင်းယမ်းလျက် ပြောလိုက်သည်။ “ကျုပ် မသိပါဘူး သခင်လေး။ ပုံမှန်ဆိုရင် လက်အောက်ငယ်သားတွေက သူတို့ကို တောင်းရမ်းခွင့် ပေးမှာ မဟုတ်ဘူး။ ကျုပ်တို့ရဲ့ လုပ်ဆောင်မှုစွမ်းရည်က ဒီလောက်အထိ မညံ့ပါဘူး”

“သွားကြည့်ရအောင်။” ဖန်ကျန်းရီသည် ထိုနေရာသို့ လျှောက်သွားလိုက်၏။

ဖန်ကျန်းရီ လာသည်ကို မြင်သောအခါ အချို့က ချက်ချင်း လမ်းဖယ်ပေးလိုက်ကြသည်။

ဖန်ကျန်းရီ ခေါင်းငုံ့ကြည့်လိုက်ရာ ပြုံးစိစိ ဖြစ်သွား၏။

မြေကြီးပေါ်တွင် အဖြူရောင် အဝတ်စတစ်စ ခင်းထားပြီး အပေါ်တွင် စာလုံးနှစ်လုံး ရေးထားသည်။

[ကျေးဇူးတင်စကား ရောင်းရန်ရှိသည်။]

အစ်ကိုလျိုနှင့် ရှောင်ချန်တို့သည် ပတ်ဝန်းကျင်ရှိ လူအုပ်ကြီး ကွဲကွာသွားသည်ကို ခံစားလိုက်ရသဖြင့် အလိုအလျောက် ခေါင်းမော့ကြည့်လိုက်ကြ၏။

သူတို့နှစ်ယောက်သည် ဖန်ကျန်းရီကို မြင်လိုက်သည်နှင့် ချက်ချင်း ဒူးထောက်ချလိုက်ကာ မျက်နှာကို မြေကြီးပေါ် အပ်ထားလိုက်ပြီး မြေကြီးဟသွားလျှင်ပင် ထိုအထဲသို့ ဝင်ပုန်းချင်စိတ် ပေါက်သွားကြသည်။

“အခု ခရိုင်ထဲမှာ ကျုပ် စကား မတည်တော့ဘူးလား။ ခင်ဗျားတို့ကို တောင်းမစားဖို့ ပြောထားပြီး အလုပ်တစ်ခု ရှာပေးမယ်လို့ ပြောထားတယ်လေ။ ဒီမှာ ထပ်ပြီး မတောင်းစားကြနဲ့တော့။”

အစ်ကိုလျိုက ခေါင်းမော့လာကာ အားတင်း ပြုံးပြလိုက်၏။ “သခင်လေး... ကျုပ်တို့ တောင်းစားနေတာ မဟုတ်ပါဘူး။ ကျေးဇူးတင်စကား ရောင်းနေတာ... အရောင်းအဝယ် လုပ်နေတာပါ။ ကျုပ် နေရာခွန်လည်း ပေးထားပါတယ်။”

အောက်ချန်က အမြန်ရှေ့တိုးလာကာ သတိပေးလိုက်သည်။ “သခင်လေး... ဒါဆိုရင်တော့ ဟုတ်နေပြီ။ သူက နေရာခွန် ပေးပြီး ဒီမှာ ရောင်းနေတာဆိုတော့ ကျုပ်တို့ လူတွေက မတားတာ အံ့ဩစရာ မရှိတော့ပါဘူး။ ကျုပ်တို့ ခရိုင်မှာ စည်းမျဉ်းရှိတယ်။ လေကို ရောင်းစားရင်တောင် ကျုပ်တို့ ဝင်စွက်ဖက်ခွင့် မရှိဘူးလေ။”

လီယွမ်ကျောက်လည်း ကြည့်ရင်း ရယ်ချင်လာ၏။ “ဒီသူတောင်းစားတွေက အရောင်းအဝယ်ပါ လုပ်နေတာလား။ ကျေးဇူးတင်စကား ရောင်းတယ်ပေါ့။ ကျုပ်တစ်ခွန်းလောက် ဝယ်ကြည့်မယ်။”

ထိုသို့ပြောရင်း လက်စွပ်ထဲမှ ငွေတုံးတစ်တုံးကို ထုတ်ကာ ပစ်ချလိုက်သည်။

အစ်ကိုလျိုက ဆာလောင်နေသော ခွေးတစ်ကောင် အစာကို လုယူသကဲ့သို့ ငွေတုံးကို ရင်ခွင်ထဲသို့ သိမ်းကျုံး ထည့်လိုက်ပြီး အသံဩဩဖြင့် ပြောလိုက်သည်။ “ကျေးဇူးတင်ပါတယ်ဗျာ။”

ထို့နောက် ဒုတိယအသံ ထွက်မလာတော့ချေ။

လီယွမ်ကျောက် မှင်တက်သွား၏။ “ပြီး... ပြီးသွားပြီလား။ ကျေးဇူးတင်ပါတယ် တစ်ခွန်းတည်းနဲ့ ငွေ တစ်တုံးတောင် ပေးလိုက်ရတာလား။”

“အာ... ဘယ်လောက်ပေးပေး တစ်ခွန်းတည်းပါပဲ။” အစ်ကိုလျိုက သူ၏ မျက်လုံးများကို ထူးဆန်းစွာ ဘယ်ညာ ခွဲကြည့်လျက် ဉာဏ်ရည်မမီသူတစ်ဦးအဖြစ် စတင် ဟန်ဆောင်လိုက်သည်။

“ပါရမီရှင်တွေပဲ။ ခင်ဗျားတို့နှစ်ယောက်က တကယ့်ကို ပါရမီရှင်တွေပဲ။ သေချာ ကြိုးစားကြ။ ကျုပ် ဝင်မစွက်ဖက်တော့ဘူး။ နောင်တစ်ချိန် အောင်မြင်လာရင် ကျုပ်ဆီ လာခဲ့ကြ။”

ဖန်ကျန်းရီသည် မနေနိုင်တော့ဘဲ မှတ်ချက်ချလိုက်သည်။ “သွားရအောင် အရှင့်သား။ မြို့အပြင်ဘက်မှာ မြင်းလှည်း စောင့်နေပါတယ်။”

လီယွမ်ကျောက်က သံသယဖြစ်ဖွယ် အကြည့်ဖြင့် အစ်ကိုလျိုကို ခဏမျှ စိုက်ကြည့်နေပြီးနောက် နောက်ဆုံးတွင် ထွက်ခွာသွားတော့၏။

ဖန်ကျန်းရီ၏ ကျောပြင် တဖြည်းဖြည်း ဝေးကွာသွားသည်ကို ကြည့်ရင်း အစ်ကိုလျို၏ မျက်လုံးနှင့် မျက်နှာပေါ်တွင် ဖုံးကွယ်၍မရသော စိတ်ပျက်အားငယ်မှု တစ်ခု ပေါ်လာခဲ့သည်။

နှာခေါင်းဝတွင် အနည်းငယ် ကျိန်းစပ်လာသလို ခံစားလိုက်ရသဖြင့် လက်ဖြင့် လှမ်းပွတ်လိုက်သည်။

သူ့အနီးတွင် မြေကြီးပေါ် ခေါင်းစိုက်ကာ တုန်ယင်နေဆဲဖြစ်သော ရှောင်ချန်ကို တွန်းပြီး မာန်မဲလိုက်၏။ “သွားပြီ... သခင်လေး သွားပြီ။ မပုန်းနဲ့တော့။”

ရှောင်ချန်က တုန်တုန်ယင်ယင်ဖြင့် ခေါင်းမော့လာရာ မျက်လုံးများတွင် မျက်ရည်များ ရစ်ဝိုင်းနေပြီ ဖြစ်ပြီး ခဏမျှ အောင့်ထားသော်လည်း နောက်ဆုံးတွင် မထိန်းနိုင်တော့ဘဲ ရေကာတာကျိုးသကဲ့သို့ ပေါက်ကွဲထွက်လာသည်။

သူက အော်ဟစ် ငိုကြွေးလျက် “ပြီးပြီ။ အားလုံး ပြီးသွားပြီ။ သခင်လေးက ကျုပ်ကို မြင်သွားပြီ။ ကျုပ် လူလုံးမလှတော့ဘူး အစ်ကိုကြီးရ။”

အစ်ကိုလျိုက ရှောင်ချန်၏ ကျောကို ပုတ်ကာ နှစ်သိမ့်လိုက်၏။ “မင်းရဲ့ ငယ်ချစ်ဦး ထွက်ပြေးသွားတုန်းကတောင် ဒီလောက် ဝမ်းမနည်းခဲ့ပါဘူး။ သေချာ ကြိုးစားစမ်းပါ။ ငါတို့ နှစ်ယောက် ဒီရက်ပိုင်းအတွင်းမှာတင် ငွေ ခြောက်ရာတောင် ရှာနိုင်ခဲ့ပြီ။ ငွေ နှစ်ထောင် ပြည့်သွားရင် အစ်ကိုကြီးက မင်းကို မြေရိုင်းတွေ သွားဝယ်ပြီး အိမ်ဆောက်ပေးမယ်။”

ရှောင်ချန်က တိုင်ကို မှီကာ သေချင်နေသည့် ရုပ်ဖြင့် တီးတိုးရေရွတ်လိုက်သည်။ “တကယ်လို့ ထပ်ပြီး ရှုံးသွားလို့ ဘောင်းဘီတိုလေးတောင် မကျန်တော့ရင် ဘယ်လိုလုပ်မလဲ။”

“ရှောင်ချန် … မင်းဘာလို့ ထပ်ပြီး စိတ်ဓာတ်ကျနေပြန်တာလဲ။ ဒီလိုပုံစံနဲ့ ဘယ်ဖြစ်မလဲ။ မတ်မတ်ရပ်စမ်းပါ။ ငါတို့က လက်ဝါးကြီးအုပ်ထားတာလေ၊ ရှုံးစရာ အကြောင်းကို မရှိဘူး။” အစ်ကိုလျိုက အသံကျယ်ကျယ်ဖြင့် အားပေးစကား ပြောလိုက်ရာ ပတ်ဝန်းကျင်ရှိ လူအုပ်ကြီးက ဝိုင်းအုံလာကြသည်။

ရှောင်ချန်က သက်ပြင်းတိုးတိုးချလျက် ပြော၏။ “ထားလိုက်ပါတော့ အစ်ကိုကြီးရာ။ ကျုပ် စဉ်းစားကြည့်ပြီးပြီ။ တကယ်လို့ ကျုပ်တို့ တကယ်ပဲ ပိုက်ဆံရှာနိုင်ခဲ့ရင် တခြားလူတွေကလည်း မျက်ကန်းတွေမှ မဟုတ်တာ။ ခရိုင်ထဲမှာ ကျုပ်တို့ထက် အရင်းအနှီး ကြီးတဲ့သူတွေ အများကြီး ရှိတယ်။

ကောင်းတဲ့ ကိစ္စတိုင်းကို ကျုပ်တို့ကပဲ တွေးမိဖို့ဆိုတာ ဘယ်ဖြစ်နိုင်ပါ့မလဲ။ တွေးမိခဲ့ရင်တောင်မှ အဆုံးထိတိုင် ရောက်နိုင်မှာ မဟုတ်ဘူး။ နောက်ဆုံးကျရင် ကျုပ်တို့က ဟင်းရည်လေး သောက်ရရင်တောင် ကံကောင်းနေပြီ။

ဒါမှမဟုတ်... လက်လျှော့လိုက်ရအောင်။ ကျုပ်တို့မှာ အခု ပိုက်ဆံတွေ အများကြီး ရှိနေပြီပဲ။ အစောင့်တပ်ဖွဲ့ထဲ ပြန်ဝင်ရအောင်။”

တစ်ဦးတည်းသော အလုပ်သဘောတူ ဖက်စပ်လုပ်ကိုင်သူ၏ စိတ်ဓာတ်ကျဆင်းသွားသည်ကို မြင်သောအခါ အစ်ကိုလျိုသည် စိုးရိမ်တကြီးဖြင့် သူ၏ ပခုံးနှစ်ဖက်ကို ဖိကာ အပြင်းအထန် လှုပ်ယမ်းလိုက်သည်။ “ရှောင်ချန် .. ခင်ဗျားဘာတွေ လျှောက်ပြောနေတာလဲ။

ဟမ် … ငါတို့ အတူတူ ဖြတ်သန်းခဲ့ရတာတွေ ဒီလောက်တောင် များနေပြီကို။ တောက် .. မင်း ပါးစပ်က ဒီလိုစကားမျိုး ဘယ်လိုလုပ် ထွက်လာနိုင်ရတာလဲ။

အလုပ်ပြန်ဝင်မယ်။ ငါ မင်းကို ပြောလိုက်မယ်... သူများဆီမှာ အလုပ်လုပ်ဖို့ဆိုတာ ဘယ်တော့မှ မဖြစ်နိုင်ဘူး။ ဒီတစ်သက် သူများဆီမှာ အလုပ်လုပ်ဖို့ဆိုတာ မဖြစ်နိုင်တော့ဘူး။ ငါတို့က လွတ်လပ်တဲ့ သူတွေကွ။ ငါ နောက်ပြန်လှည့်လို့ မရတော့ဘူး။ ငါတို့အားလုံး နောက်ပြန်လှည့်လို့ မရတော့ဘူး။”

ရှောင်ချန်က ထိုစကားကို ကြားသောအခါ ရုတ်တရက် အော်ဟစ်လိုက်၏။ “ဒါဆို ဘယ်လိုလုပ်ရမလဲ။ တခြားလူတွေက ကျုပ်တို့ထက် ပိုက်ဆံ ပိုရှိတယ်။ သူတို့က ကျုပ်တို့ထက် ပိုမြန်တယ်။ သူတို့က ကျုပ်တို့ထက် ပိုပြီး နာမည်ကြီးတယ်။ ကျုပ်တို့က ပထမဆုံး တွေးမိခဲ့ရင်တောင် ဘာလုပ်နိုင်မှာလဲ။ အစ်ကိုလျို... ကျုပ် တောင်းပန်ပါတယ်။ အိပ်မက် မမက်ပါနဲ့တော့။”

အစ်ကိုလျိုက အသက်ရှူသံ တစ်ချက် ရပ်တန့်သွားပြီးနောက် တဖြည်းဖြည်း တည်ငြိမ်လာသည်။ “မဟုတ်ဘူး... အိပ်မက်မက်နေတာ မဟုတ်ဘူး။ ရှောင်ချန်... မင်း မလောနဲ့ .. ငါပြောတာကို နားထောင်အုံး။

ဒီရက်ပိုင်းအတွင်း ငါတွေးကြည့်ပြီးပြီ။ ငါတို့ မြေတွေ ဝယ်ပြီး လူရှာမယ်။ အလုပ်စလုပ်တဲ့အခါ ကျရင် မင်းက မြို့တော်ကိုသွားပြီး ဆိုင်ခန်းတစ်ခန်း အသေအချာ ပြင်ဆင်ပြီး ဖွင့်လိုက်။ တောက်ယွမ်ခရိုင်ကို ပြောင်းရွှေ့ချင်တဲ့ လူတွေကို သီးသန့် ဆွဲဆောင်ဖို့ပေါ့။ ဒီဘက်က မြေရိုင်းတွေကို တစ်ဝက်လောက် ရှင်းလင်းပြီးတာနဲ့ ကြိုတင် မှာယူခိုင်းလိုက်မယ်။ ဒါဆိုရင် ငါတို့ဆီမှာ ငွေတွေ ရလာပြီပေါ့။

ကြိုတင်မှာယူတဲ့သူ ရှိတယ်ဆိုရင် ဒီမြေရိုင်းတွေက တန်ဖိုးရှိတယ်ဆိုတာကို ပြနေတာပဲ။ ပြီးရင် ငါက အဲဒီ မြေရိုင်းတွေကို သုံးပြီး ခရိုင်ရုံးမှာ ငွေသွားချေးမယ်။ အဲဒီငွေကို ယူပြီး မြေရိုင်းတွေ ထပ်ဝယ်မယ်။ ဒီလိုမျိုး သံသရာ လည်နေမယ်ဆိုရင် ဘယ်သူမှ သတိမထားမိခင်မှာတင် တောက်ယွမ်ခရိုင် တစ်ဝိုက်က မြေရိုင်းတွေ အားလုံးက ငါတို့ရဲ့ အပိုင် ဖြစ်သွားလိမ့်မယ်။

တွေးလေလေ ပိုပြီး ခိုင်မာလေလေပဲ။ သေချာပေါက် ဖြစ်နိုင်ခြေ ရှိတယ်။”

ရှောင်ချန်က မတတ်နိုင်တော့သည့်အလား ပြုံးလိုက်ရာ သူ၏ မျက်လုံးထဲတွင် သနားကြင်နာမှုများ ပြည့်နှက်နေသည်။ “အစ်ကိုလျိုရယ်... မိုက်မဲတဲ့ စကားတွေ မပြောပါနဲ့တော့။ ခင်ဗျားရဲ့ ဒီအစီအစဉ်ကြီးက နောက်ဆုံးကျရင် အိမ်တောင် ဆောက်လို့ ပြီးမှာ မဟုတ်ဘူး... အဲဒီအချိန်ကျရင် ကျုပ်တို့က အသက်နဲ့ ရင်းပြီး ပြန်ဆပ်ရမှာလား။”

“ဆောက်လို့ ပြီးနိုင်ပါတယ်။ သေချာပေါက် ဆောက်လို့ ပြီးနိုင်တယ်။ မင်းအစ်ကိုကြီးကို ယုံစမ်းပါ။ အကယ်လို့ ဆောက်လို့ မပြီးဘူးဆိုရင်ကော ဘာဖြစ်လဲ။ အဲဒီအချိန်ကျရင် အိမ်ကို ကြိုတင်မှာထားတဲ့ ဝယ်သူတွေကို ပိုက်ဆံ ထပ်တောင်းလိုက်မယ်။ အဲဒီလိုမှ မဟုတ်ရင် သူတို့ဘာသာ သူတို့ ဆောက်ကြပေါ့။ အဲဒီလို မလုပ်ရင်လည်း သူတို့ အရင်ပေးထားတဲ့ ငွေတွေက ရေစုန်မျောသွားပြီပဲ။ ဘယ်လိုပဲဖြစ်ဖြစ် ငါတို့ကတော့ အသက်တစ်ချောင်းပဲ ရှိတဲ့လူတွေ။ ဘယ်သူက ပိုခံနိုင်ရည်ရှိမလဲ ကြည့်ကြတာပေါ့။” အစ်ကိုလျိုက အေးစက်စက် ပြုံးကာ ပြောလိုက်၏။

သွားပြီ... အစ်ကိုလျိုတော့ ရူးသွားပြီ။ လုံးဝကို ရူးသွပ်သွားပြီပဲ။ ဒါက ငါအရင်တုန်းက သိခဲ့တဲ့ သဘောကောင်းပြီး ရိုးသားတဲ့ အစ်ကိုလျို ဟုတ်ပသေးရဲ့လား။

ရှောင်ချန်က နာကျင်စွာဖြင့် မျက်လုံးများကို မှိတ်လိုက်သည်။ “မပြောပါနဲ့တော့... ဆက်မပြောပါနဲ့တော့။ သူတို့ဘာသာ အိမ်မဆောက်ခင် ခင်ဗျားကို အရင် သတ်ပစ်ကြလိမ့်မယ်။”

“ငါ့ကို သတ်မယ် ဟုတ်လား။”

အစ်ကိုလျိုက အသံကို အနည်းငယ် မြှင့်လိုက်၏။ “အစ်ကိုကြီး ငါ့မှာ အစောင့်တပ်ဖွဲ့ထဲက ခင်မင်ရတဲ့ ညီအစ်ကိုတွေ ရှိသေးတယ်။ သူတို့က ငါ့ကို လာလုပ်ရဲရင် ငါက လူရှာပြီး သူတို့ကို အရင် သွားလုပ်ပစ်မယ်။”

“ကျုပ်တို့ ညီအစ်ကိုတွေက အစိုးရ အမှုထမ်းတွေလေ။ ပြီးတော့ ခင်ဗျားက တခြားလူတွေကို လိမ်ထားတာဆိုတော့ ဘယ်သူက ခင်ဗျားကို ကူပြီး လူရိုက်ပေးမှာလဲ။ သခင်လေး မသိခင်မှာတင် သူတို့ အလုပ်ပြုတ်သွားလိမ့်မယ်။”

အစ်ကိုလျို၏ မျက်နှာအမူအရာမှာ တဖြည်းဖြည်း မည်းမှောင်လာပြီး ခဏမျှ တည်ငြိမ်သွားပြီးနောက် ဖြည်းညင်းစွာ ပြောလိုက်သည်။ “ဒါက ဘာခက်လို့လဲ။ အဝတ်အစား လဲလိုက်ရင် ရပြီပေါ့။ အဲဒီအချိန်ကျရင် ညီအစ်ကိုတွေက အစိုးရ အမှုထမ်းတွေဆိုတာ ဘယ်သူက သိမှာလဲ။”

ရှောင်ချန်၏ မျက်နှာပေါ်ရှိ အမူအရာမှာ ခဲအေးသွားပြီး အစ်ကိုလျိုကို ထိတ်လန့်တကြား ကြည့်လိုက်သည်။ ခန္ဓာကိုယ်ကို ကွေးညွတ်လိုက်ပြီး ခေါင်းကို ဒူးကြားထဲ ထိုးထည့်လိုက်သည်။ ထို့နောက် ငိုသံပါကြီးဖြင့် တီးတိုးပြောလိုက်၏။ “အစ်ကိုကြီး... ခင်ဗျား ပြောင်းလဲသွားပြီ။ ဒီလိုလုပ်တာက အရမ်းကို ယုတ်မာလွန်းပြီး လူမဆန်ဘူး။ ကျုပ် ခင်ဗျားနဲ့ အတူတူ မလုပ်နိုင်တော့ဘူး။”

ယုတ်မာလွန်းတယ်... လူမဆန်ဘူး... မလုပ်နိုင်တော့ဘူး။

ဤပေါ့ပါးလှသော စကားလုံး အနည်းငယ်သည် အစ်ကိုလျို၏ ရင်တွင်းခံတပ်ကို တစ်ခဏချင်းအတွင်း ပြိုကျသွားစေခဲ့သည်။

အစ်ကိုလျို၏ နှုတ်ခမ်းများမှာ ဆက်တိုက် တုန်ရီလာပြီး တစ်ချိန်တည်းမှာပင် မျက်လုံးများတွင် မျက်ရည်များ ပြည့်လဲ့လာကာ ရုတ်တရက် ဒေါသတကြီးဖြင့် ရှောင်ချန်ကို ခြေထောက်ဖြင့် ကန်ချလိုက်သည်။ ပြီးနောက် ခန္ဓာကိုယ် အပေါ်မှ ဖိချလိုက်တော့၏။

သို့နှင့် ပခုံးနှစ်ဖက်ကို ဖိချကာ ကြောက်မက်ဖွယ်ကောင်းသော အသံဖြင့် အော်ဟစ်လိုက်သည်။ “ရှောင်ချန်... ငါတို့တွေ အေးအတူ ပူအမျှ အမြဲတမ်း အတူတူ ဖြတ်သန်းလာခဲ့ကြတာလေကွာ။ အခုချိန်ထိ အစ်ကိုကြီးမှာ မင်းပဲ ရှိတော့တာ။ မင်း ငါနဲ့အတူတူ မလုပ်ဘူးဆိုရင် ငါသွားသေလိုက်မယ်။ ပိုက်ဆံတွေ အကုန်လုံး မင်းအတွက် ထားခဲ့ပေးမယ်။

ငါလည်း အေးအေးချမ်းချမ်း နေပြီး ရိုးရိုးသားသား စီးပွားရေး လုပ်ချင်တာပေါ့။ ဒါပေမဲ့ အပြင်က လူတွေကကော ဘယ်လိုလဲ။ သူတို့က ငါတို့ကို အနိုင်ကျင့်တယ်၊ လာဘ်ငွေတွေ တောင်းတယ်၊ လက်ဖက်ရည်ဖိုးတွေ တောင်းတယ်။ တစ်ဆင့်ပြီး တစ်ဆင့်ပဲ။

မြင်းရောင်းတဲ့ကောင်က ငါတို့ကို လိမ်တယ်။ စစ်တပ်က ငါတို့ကို လိမ်တယ်။ မျောက်ရောင်းတဲ့ လောင်စွန်းကလည်း ငါတို့ကို လိမ်သွားသေးတယ်။ မင်းရဲ့ ရည်းစားကလည်း အဲဒီ အဘိုးကြီးစုတ်ရဲ့ လိမ်ညာခေါ်ဆောင်သွားတာကို ခံရတယ်။ မင်း ကျေနပ်နေလို့လား …ဟမ်။

ငါတို့က စည်းကမ်းတွေကို လိုက်နာတယ်၊ ကိုယ်ကျင့်တရားကို စောင့်ထိန်းပြီး လူတွေနဲ့ စကားပြောတဲ့အခါ ယဉ်ယဉ်ကျေးကျေး ပြောခဲ့တယ်။ ဒါပေမဲ့ နောက်ဆုံးတော့ရော ဘာဖြစ်လဲ။ လူတိုင်းက ငါတို့ကို အထင်သေးပြီး အရူးတွေလို သဘောထားကြတယ်။ အဲဒီလို စည်းကမ်းမရှိ၊ ကိုယ်ကျင့်တရားမရှိတဲ့ လူတွေက အမြဲတမ်း ငါတို့ကို ဖိနှိပ်ထားကြတယ်။

အဲဒီလို တစ်ယောက်ပြီးတစ်ယောက် ဖိနှိပ်လာတာ... တရားဓမ္မက တစ်ပေမြင့်ရင်၊ မာရ်နတ်က တစ်လံ မြင့်တယ်တဲ့။ စည်းကမ်းကို မလိုက်နာလေလေ ပိုပြီး အဆင်ပြေလေလေပဲ။ ပိုက်ဆံရှိလေလေ ပိုပြီး ကစားနိုင်လေလေပဲ။

မင်း ငါ့ကို ပြောစမ်းပါ။ ကိုယ်ကျင့်တရားကို စောင့်ထိန်းတာ …. လူ့သဘာဝကို စောင့်ထိန်းတာက ဘာအသုံးကျလို့လဲဆိုတာ မင်း ငါ့ကို ပြောစမ်းပါ။”

ရှောင်ချန်သည် မြေကြီးပေါ်တွင် ဖိချုပ်ခံထားရပြီး ပခုံးများမှာ အလွန် နာကျင်နေသည်။ သို့ပေမည့် အစ်ကိုလျိုသည် လက်မောင်းလှဲပြိုင်ပွဲ ဒုတိယဆုရှင် ဖြစ်သည်နှင့်အညီ သာမန်တော့ မဟုတ်ပေ။ ကြွက်သားများ လျော့ကျသွားလျှင်တောင် သူ၏ ခွန်အားမှာ ခုနစ်ဆယ်၊ ရှစ်ဆယ် ရာခိုင်နှုန်းခန့် ကျန်ရှိနေသေးသည်။

ယခုအချိန်တွင် ရူးသွပ်နေသည့် အခြေအနေသို့ ရောက်နေပြီဖြစ်ရာ ရှောင်ချန်မှာ ထိတ်လန့်ရုံမှလွဲ၍ ဘာမှမတတ်နိုင်တော့ချေ။

အစ်ကိုလျိုက ဒေါသတကြီး အော်ဟစ်လိုက်၏။ “ကိုယ်ကျင့်တရား ဟုတ်လား၊ လူ့သဘာဝ ဟုတ်လား။ မင်း သေသေချာချာ မမြင်သေးဘူးလား။ ဈေးကွက်ထဲမှာ အားကြီးသူက အားနည်းသူကို ဝါးမျိုနေကြတာပဲ။ အောက်ခြေဆုံးက လူတွေကပဲ တစ်နေကုန် ကိုယ်ကျင့်တရားဆိုတဲ့ စကားကို ပါးစပ်ဖျားမှာ ချိတ်ဆွဲထားကြတာ။ သူတို့အားလုံးက ကိုယ်ကျင့်တရားရဲ့ ကျေးကျွန်တွေပဲ။

အခု ငါသဘောပေါက်သွားပြီ။ အခြေအနေကို ပြောင်းပြန်လှန်ပစ်မယ်။ ငါ လျိုကျုံးရွှန်း က ကိုယ်ကျင့်တရားရဲ့ သခင်အဖြစ်ကို ရောက်အောင် လုပ်မယ်။

ငါက လူတွေကို လိမ်ခဲ့တယ်ဆိုရင်တောင် ဘာဖြစ်လဲ။ ငါတို့ အောင်မြင်လာတဲ့အခါ ကျောင်းလေး နည်းနည်းပါးပါး ဆောက်ဖို့ ငွေ နည်းနည်းလှူမယ်၊ ပြီးရင် အထီးကျန် သက်ကြီးရွယ်အိုတွေကို ထောက်ပံ့မယ်။ အဲဒီအချိန်ကျရင် ငါတို့က လူတိုင်း ချီးမွမ်းကြတဲ့ သူတော်ကောင်းကြီးတွေ ဖြစ်သွားပြီ။

တခြားလူတွေက ငါတို့ အောင်မြင်နေတာကိုပဲ မြင်ကြမှာ။ ငါတို့ အရင်တုန်းက ဘာတွေလုပ်ခဲ့လဲဆိုတာ ဘယ်သူ သိမှာလဲ။ ငါတို့ အရင်တုန်းက ဘယ်လိုလူမျိုးလဲဆိုတာကို ဘယ်သူက ဂရုစိုက်မှာလဲ။ အခု မင်း ငါ့ကို ပြောစမ်း... မင်း ငါနဲ့ အတူတူ လိုက်မလား၊ မလိုက်ဘူးလား။”

ရှောင်ချန် မှင်တက်သွားသည်။ အစ်ကိုလျိုမှာ စိတ်လှုပ်ရှားလွန်းနေသော်လည်း သူ ပြောနေသည်များကို အနည်းငယ် အဓိပ္ပာယ်ရှိသည်ဟု ခံစားလိုက်ရသည်။

“ကျုပ်... ကျုပ်... ကျုပ် မသိဘူး။”

ရှောင်ချန်၏ သဘောထား အနည်းငယ် ပျော့ပျောင်းသွားသည်ကို မြင်သောအခါ အစ်ကိုလျိုက အခွင့်အရေးကို အရယူကာ ဆက်ပြောလိုက်၏။ “သခင်လေးက အမြဲတမ်း အမြော်အမြင် ကြီးမားတဲ့သူပါ။ သူ ခုနကတောင် ငါတို့နှစ်ယောက်ကို ပါရမီရှင် တွေလို့ ချီးကျူးသွားသေးတယ်။ ငါတို့ရဲ့ အလားအလာကို သူ သေချာပေါက် မြင်သွားတာပဲ ဖြစ်ရမယ်။ ငါတို့သာ အောင်မြင်သွားမယ်ဆိုရင် နောင်တစ်ချိန်ကျရင် သခင်လေးရဲ့ ဘေးမှာတောင် အလုပ်လုပ်ခွင့် ရလာနိုင်တယ်။”

ရှောင်ချန်၏ မျက်လုံးများတွင် ရုတ်တရက် မျှော်လင့်ချက် ရောင်ခြည်များ တောက်ပလာခဲ့သည်။

ဟုတ်သားပဲ။ သခင်လေးက ခုနကတင် ငါတို့ကို ပါရမီရှင်လို့ ပြောသွားတာပဲ။

“အစ်ကိုကြီး... ကျုပ် အစ်ကိုကြီးနဲ့ အတူတူ လုပ်မယ်။”

All Chapters