← Chapters

အခန်း (၅၃၇-၅၃၈)

Vol. 30 Ch. 537-538

အခန်း (၅၃၇-၅၃၈)

Vol. 30 Ch. 537-538

အခန်း (၅၃၇) အခြေအနေကို ထိန်းချုပ်နိုင်သူ။

ကျိုးထျဲ့က အမိန့်ရသည်နှင့် လုရှို့ဝမ်၏ ခေါင်းကို ဆွဲကိုင်ကာ တိုင်ဆီသို့ အားကုန် ဆောင့်ချလိုက်သည်။

ဒုန်း။ ဒုန်း။ ဒုန်း။

ဆောင့်သံများက လုသခင်လေး၏ ကြောက်လန့်တကြား အော်ဟစ်သံများနှင့် ရောနှောကာ လူတိုင်း၏ ရင်ကို အဆက်မပြတ် ရိုက်ခတ်နေ၏။

လေးငါးချက်ခန့် ဆောင့်ပြီးနောက် လုရှို့ဝမ်၏ သွားနှစ်တန်းတွင် သွားဖုံးများတွင် တွယ်ကပ်နေသော သွားအနည်းငယ်သာ ကျန်ရစ်ပြီး၊ သွားအချောင်း ဆယ်ကျော်ခန့် ကြမ်းပြင်ပေါ်သို့ ပြုတ်ကျသွားကာ ပါးစပ်ထဲတွင်လည်း သွားအနည်းငယ် ငုံထားလျက် ရှိနေသည်။

ပါးစပ်တစ်ခုလုံး သွေးများဖြင့် ပြည့်နှက်နေပြီး သတိလစ်သွား၏။

ဤမြင်ကွင်းကို မြင်လိုက်ရသဖြင့် ချူယိုယီမှာ မျက်နှာလေး ဖြူရော်သွားပြီး မျက်လုံးများကို အလျင်အမြန် အုပ်ထားလိုက်သည်။

ချူအိမ်တော်ရှိ လူများ အားလုံး၏ ရင်ထဲတွင် အေးစက်သွားကြ၏။

သွားပြီ... ဒီနေ့တော့ သွားပြီ... ဖန်ထန်ကျင့်က ဒီလို လုပ်နေတာ ချူမိသားစုကို သတ်ပစ်ချင်နေတာပဲ။

“မြန်မြန် လူတွေ လာကြ။ ဖန်ထန်ကျင့်ကို သတ်လိုက်စမ်း။ သတ်လိုက်။ သူ့ကို သတ်လိုက်စမ်း။” သခင်ကြီးလုက အရူးတစ်ယောက်လို အော်ဟစ်ကာ ဘေးနားရှိ အစောင့်များကို အဆက်မပြတ် တွန်းနေသည်။

အစောင့်များကလည်း မချဉ်းကပ်ရဲဘဲ တုံ့ဆိုင်းနေကြသည်။ မတိုက်ရဲတာတော့ မဟုတ်ဘူး၊ သခင်လေးက သူတို့လက်ထဲ ရောက်နေလို့လေ။

သနားစရာကောင်းသော လုရှို့ဝမ်ကို ကြည့်ကာ ဖန်ကျန်းရီက စိတ်ထဲတွင် သက်ပြင်းချလိုက်၏။

ငါက အရမ်း သနားတတ်လွန်းလို့ ဖြစ်တာ၊ အစောကတည်းက သူ့ကို ရှင်းပစ်ပြီး တိတ်တိတ်လေး မြှုပ်လိုက်ရင်، အခုလို ပြဿနာတွေ အကြီးကြီး ဖြစ်လာစရာ အကြောင်း မရှိဘူး။

“သခင်ကြီးလု .. ကျုပ် ခင်ဗျားကို ပြောခဲ့တယ်နော်၊ စကားပြော ဆင်ခြင်ပါလို့။ ခင်ဗျားရဲ့ လူတွေသာ လှုပ်ရှားရဲရင် ခင်ဗျားသား ပိုပြီး ဒုက္ခရောက်ရလိမ့်မယ်။”

သခင်ကြီးလု၏ မျက်လုံးများ နီရဲနေပြီး၊ လုရှို့ဝမ်၏ သနားစရာ အခြေအနေကို မြင်တိုင်း ရင်ထဲတွင် အကြိမ်ကြိမ် နာကျင်နေရကာ စကားလုံး တစ်လုံးချင်းစီ ဖိပြောလိုက်သည်။

“ဖန်ထန်ကျင့် … မင်းကို အရိုးပြာဖြစ်တဲ့အထိ လုပ်ပစ်မယ်။ ဒီနေ့ ချူအိမ်တော်ကနေ မင်း အသက်ရှင်လျက် ထွက်သွားနိုင်မှာ မဟုတ်ဘူး။ ပြီးတော့ မင်းဘေးက ကောင်မစုတ်လေးလည်း သေရမယ်။ အခု ချက်ချင်း ငါ့သားကို ပြန်ပေး၊ ဒါဆိုရင် မင်းတို့ကို သက်သက်သာသာ သေဆုံးခွင့် ပေးမယ်။”

ဖန်ကျန်းရီက ပြုံးလိုက်သည်။ သူ၏ အပြုံးက အလွန် ခါးသီးနေ၏။

သခင်ကြီးလုကဲ့သို့ အထက်စီးဆန်သော လူမျိုးများကို သူ အများအပြား မြင်တွေ့ဖူးသည်။ မည်သည့်အချိန်၌မဆို မာနထောင်လွှားနေသော ဟန်ပန်ဖြင့်သာ ရှိတတ်ကြ၏။

သားဖြစ်သူ ဖမ်းဆီးခံထားရသည့်တိုင်အောင် ဤမျှ မာနကြီးနေသေးသည်ဖြစ်ရာ ဤသည်မှာ သူ့အား လူဆိုးလုပ်ရန် အတင်းအကျပ် တွန်းအားပေးနေခြင်းပင် ဖြစ်လေသည်။

“လျန်ကွေ့ … လုရှို့ဝမ် ဆိုတဲ့ သောက်ခွေးကောင်လေးကို ခင်ဗျား ဘယ်လို ဆုံးမထားတာလဲ။ စောစောကတောင် ဆဲနေသေးတယ် … ပြန်ပြီး ဆုံးမစမ်း။

“ဒီနေ့ ဒီအဘိုးကြီးကို အဖေရှေ့မှာ သားကို ဘယ်လိုစော်ကားတယ် ဆိုတာ ဘာလဲဆိုတာ ပြပေးလိုက်။” ဖန်ကျန်းရီက သခင်ကြီးလုကို လက်ညှိုးထိုးကာ ဒေါသတကြီး ပြောလိုက်သည်။

သခင်ကြီးလု၏ မျက်နှာပေါ်တွင် ထိတ်လန့်မှုများ အပြည့် ပေါ်လာသည်။ အဖေရှေ့မှာ သားကို စော်ကားတယ် ဆိုတာ ဘာအဓိပ္ပာယ်မှန်း နားမလည်သော်လည်း သေချသည်မှာ စကားကောင်း မဟုတ်ခြင်းပင်။

လျန်ကွေ့က အရှက်ပြေ မျက်နှာထားဖြင့် ဖန်ကျန်းရီ အနားသို့ ကပ်လာပြီး တိုးညင်းစွာ မေးလိုက်၏။ “သခင်လေး .. အဖေရှေ့မှာ သားကို စော်ကားတယ် ဆိုတာ ဘာကို ပြောတာလဲ။”

“သူ့အဖေရှေ့မှာ သူ့ကို လုပ်ပြတာလေ။”

လျန်ကွေ့က ဘယ်ညာ ကြည့်လိုက်ပြီး၊ လူအုပ်ကြီး ဝိုင်းကြည့်နေသည်ကို မြင်သောအခါ မျက်နှာရဲသွားပြီး ပြောလိုက်သည်။ “သခင်လေး... လူတွေ ဒီလောက် အများကြီး ရှိနေတာ... တကယ်သာ လုပ်လိုက်ရင် ကျုပ် နောက်ပိုင်း ဘယ်လို မျက်နှာပြရတော့မလဲ။”

သခင်လေးက တကယ်ပဲ တဖြည်းဖြည်း ရူးသွပ်လာပြီ၊ နောက်ပိုင်း သခင်လေးနဲ့ အပြင် ထပ်မသွားရဲတော့ဘူး...

“ထားလိုက်တော့၊ ထားလိုက်တော့၊ တကယ် အသုံးမကျဘူး။” ပြောပြီးသည်နှင့် ဖန်ကျန်းရီက လုရှို့ဝမ် အရှေ့သို့ လျှောက်သွားကာ လူတိုင်းရှေ့ အားလုံး၏ အံ့ဩနေသော အကြည့်များအောက်တွင် ယပ်တောင်ရိုးဖြင့် လုရှို့ဝမ်၏ ကျန်ရှိနေသေးသော သွားအနည်းငယ်ကို အားကုန် ရိုက်ချိုးလိုက်၏။

“သူ့ကို ပလုတ်ကျင်းပေးလိုက်အုံး။”

ကျိုးထျဲ့က လုရှို့ဝမ်၏ ခေါင်းကို ဆွဲကာ၊ ဥကျေသွားသော အစောင့်၏ ဘေးသို့ သွားပြီး، သူ၏ မျက်နှာကို ကြမ်းပြင်ပေါ်ရှိ ရေကွက်ထဲသို့ နှစ်ချလိုက်သည်။

သတိလစ်နေသော လုရှို့ဝမ်မှာ ချက်ချင်းပင် ဆီးနံ့များ ရလာ၏။

“သခင်ကြီးလု မာနကြီးသေးလား။ ခင်ဗျား ထပ်ပြီး မာနကြီးရင် ကစားကွက် အသစ်တွေတောင် ထပ်ပြပေးအုံးမယ်။”

အရူးပဲ။ တကယ့် အရူးကြီးပဲ။

သခင်ကြီးလု၏ မျက်လုံးများ ပြဲထွက်မတတ် ဖြစ်သွားပြီး ရင်ထဲတွင် ဒေါသများ အလွန် ထွက်နေသည်။ လက်သီးကိုဆုပ်ထားရာ သွေးစလေးများ စိမ့်ထွက်လာသည်အထိပင်။ ပါးစပ်မှ ခြိမ်းခြောက်မှုများက အလုပ်မဖြစ်တော့ကြောင်း သိလိုက်၏။

သူ့ရှေ့မှ ကောင်က ကြောက်တယ် ဆိုသော စကားလုံးကို သိပုံ မပေါ်ပေ။ ထို့ကြောင့် အကူအညီ တောင်းရန် ချူတယ်ယွင် ဘက်သို့ လှည့်ကြည့်လိုက်သည်။

ချူတယ်ယွင်က အခြေအနေများ ထိန်းမနိုင်သိမ်းမရ ဖြစ်သွားသည်ကို မြင်သောအခါ မိမိနှင့် မသက်ဆိုင်သလို ဟန်ဆောင်ကာ တစ်ချိန်လုံး ဘေးသို့ ကပ်နေခဲ့သည်။ သို့ပေမည့် ယခု သခင်ကြီးလု၏ အကြည့်များ ရောက်လာသောအခါ မတတ်သာဘဲ ရှေ့ထွက်လာရ၏။ “ဖန်ထန်ကျင့်။ မြန်မြန် လုသခင်လေးကို လွှတ်ပေးလိုက်၊ လုသခင်လေးက စာမေးပွဲအောင်ထားတဲ့ ပညာတတ် တစ်ယောက်လေ .. မင်း သူ့ရှေ့မှာ ဒီလောက်တောင် ရိုင်းစိုင်းရဲသလား။”

“စာမေးပွဲအောင်ထားတဲ့ ပညာတတ်လေး တစ်ယောက်ကို ဘာလို့ ဂရုစိုက်ရမှာလဲ၊ ခရိုင်ဝန် လာရင်တောင် ဘာဖြစ်လဲ။” ဖန်ကျန်းရီ၏ လေသံတွင် အထင်သေးမှုများ အပြည့် ပါဝင်နေပြီး ရိုက်ချင်စရာကောင်းသော မျက်နှာထား ဖြစ်နေသည်။

ချူတယ်ယွင်မှာ အသက်ရှူရပ်သွား၏။ “ယိုယီ .. နင် သူ့ကို မြန်မြန် ဖြောင်းဖျလိုက်စမ်း။”

ချူယိုယီက ခြေဖျားကို ငေးကြည့်ကာ၊ ခေါင်းမမော့ရဲသလို ဘာတုံ့ပြန်မှုမှလည်း မလုပ်ရဲပေ။

သူမ တကယ် ကြောက်နေသည်။ ငယ်ငယ်တည်းက ဤသို့သွေးထွက်သံယို မြင်ကွင်းမျိုးကို တစ်ခါမှ မမြင်ဖူးခဲ့ပေ။ ဖန်ထန်ကျင့် ဤမျှ ရက်စက်လိမ့်မည်ဟု မထင်ထားခဲ့ပေ။ အလွန်နူးညံ့ ယဉ်ကျေးသူ တစ်ယောက်ဟု ထင်ထားခဲ့သော်လည်း အဘယ့်ကြောင့် ရုတ်တရက် ဤသို့ ဖြစ်သွားရသနည်း။

ထို့အပြင် လုရှို့ဝမ်၏ ရွံစရာကောင်းသော အပြုအမူများကလည်း သူမကို စိတ်ပျက်စေခဲ့သဖြင့် ယခုထိ စိတ်ထဲတွင် အခြေအနေကို လက်မခံနိုင်သေးချေ။

သခင်ကြီးလု၏ တစ်ကိုယ်လုံး တုန်ယင်နေပြီး ဘေးနားရှိ လူကို ဒေါသတကြီး ပြောလိုက်သည်။ “အရူးကောင် ရိုင်းစိုင်းလိုက်တာ။ သွား... မြန်မြန် သွားပြီး အမတ်မင်းဖုန်းကို ပင့်လာခဲ့၊ အမတ်မင်း ဖုန်းကို ပင့်လာခဲ့စမ်း။ ပြီးရင် ရွာကို ပြန်သွားပြီး လူတွေ ထပ်ခေါ်လာခဲ့။ ဒီနေရာကို အလုံပိတ်ထားလိုက်စမ်း။”

ဖန်ကျန်းရီက လူသွားခေါ်ခိုင်းသည်ကို မြင်သောအခါ နှုတ်ခမ်းထောင့်တွင် အပြုံးတစ်ခု ပေါ်လာ၏။ “လူလာကြ … ကျုပ်ကို ကုလားထိုင် တစ်လုံး ယူလာခဲ့၊ ထိုင်ပြီး အေးဆေး စောင့်နေမယ်။”

“ဒုတိယသခင်မလေး .. ခဏလောက် လာပါအုံး။” ဖန်ကျန်းရီက ချူယိုယီကို လက်ယပ်ခေါ်လိုက်သည်။

ချူယိုယီက ခဏမျှ တွန့်ဆုတ်နေပြီးနောက် အနားသို့ တရွေ့ရွေ့ တိုးလာကာ သတိထား၍ မေးလိုက်၏။ “ဘာလုပ်မလို့လဲ။ ဖန်ထန်ကျင့် ရှင် သတ္တိ အရမ်း ကောင်းလွန်းတယ်၊ ဒီနေ့ ကိစ္စကို ဘယ်လို ဖြေရှင်းမလဲ။”

ဖန်ကျန်းရီက သူမ နားနားသို့ ကပ်ကာ ပြောလိုက်သည်။ “ဖြေရှင်းဖို့ ဟုတ်လား။ ဘာလို့ ဖြေရှင်းရမှာလဲ။ ကျုပ် ဗိုက်ဆာနေပြီ။ စားဖိုမှူးကို သွားခေါ်ပြီး ဟင်းနည်းနည်းလောက် ချက်ခိုင်းလိုက်။”

“ရှင်... ရှင် ရူးနေပြီလား။” ချူယိုယီ၏ မျက်နှာအမူအရာက အဆက်မပြတ် ပြောင်းလဲနေ၏။

သူမ လုံးဝ နားမလည်နိုင်တော့ဘူး၊ အခု အခြေအနေက ဒီလို ဖြစ်နေပြီ၊ အကုန်လုံး ဝိုင်းထားတာ ခံနေရပြီ၊ သူက ထမင်းစားဖို့ စိတ်ကူးနေသေးတယ်လား။

“ကျုပ် စားချင်တယ်၊ ဖန်အုပ်သား၊ ဝက်ချိုချဉ်... ငါးကြော်၊ ယန်ကျင်း ချက်နည်းနဲ့နော်။”

“...”

ချူယိုယီ၏ လည်စေ့က လှုပ်ရှားသွားပြီး လှပသော မျက်လုံးများ ပြူးကျယ်သွား၏။

သူ... သူက ဟင်းတောင် မှာနေသေးတယ်လား။

“မြန်မြန်သွားပါ၊ ဒါက ကျုပ်ရဲ့ နောက်ဆုံး အစားအစာ ဖြစ်ချင်ဖြစ်နေမှာ၊ မစားရရင် ကျုပ် မျက်စိမှိတ်မှာ မဟုတ်ဘူး။”

“ရှင် လျှောက်မပြောနဲ့၊ ကျွန်မ သွားပြီး ချက်ခိုင်းလိုက်မယ်။” ချူယိုယီက စဉ်းစားပြီးနောက် စိတ်ထဲတွင် စိုးရိမ်ပူပန်မှုများနှင့် နာကျင်မှုများ ရောထွေးနေသည်။ သို့နှင့် နောက်လှည့်ပြီး ပြေးထွက်သွားတော့သည်။

...

ချူအိမ်တော် အတွင်းဆောင်တွင် အစိုးရရုံးမှ ရဲမက်တစ်စုက နေရာတစ်ခုတွင် ဝိုင်းရံထားကြ၏။

ခေါင်းဆောင် ရဲမက်က ချူချင်ဟန်ကို ပြုံးစစဖြင့် ကြည့်နေသည်။

သူ၏ ဘေးတွင် အလွန် ဝမ်းနည်းပူဆွေးနေသော အစေခံ လေးယောက် ဒူးထောက်နေပြီး လက်နှစ်ဖက်လုံးကို ကြိုးဖြင့် တုပ်ထား၏။

“သခင်မလေးချူ … ချူမိသားစုက ရာဇဝတ်ကောင်တွေကို ခိုးဝှက် သိမ်းဆည်းထားတယ်။ ဒါက ဘာပြစ်မှုလဲ သိလား။”

ချူချင်ဟန်၏ မျက်နှာတစ်ခုလုံး ဖြူရော်နေပြီး အရိုအသေပေးကာ ပြောလိုက်သည်။ “ရဲမက်မင်း.. ဒီကိစ္စကို ကျွန်မ မသိပါဘူး။ ဒီလေးယောက်က သာမန် ပြည်သူတွေ ဟန်ဆောင်ပြီး ချူအိမ်တော်ထဲကို ဝင်လာပြီး၊ အစေခံ လုပ်နေကြတာပါ၊ ရဲမက်မင်း သေချာ စုံစမ်းပေးပါ။”

ခေါင်းဆောင် ရဲမက်က ရှေ့တိုးလာပြီး ချူချင်ဟန်ကို ထူပေးကာ၊ တိုးညင်းစွာ ပြောလိုက်၏။ “ကောင်းပါပြီ၊ ကောင်းပါပြီ။ သခင်မလေးက ဒီရာဇဝတ်ကောင်တွေရဲ့ လှည့်စားမှုကို ခံလိုက်ရတာဆိုတာ ကျုပ် ယုံပါတယ်။ ဒါပေမဲ့...”

“ဒါပေမဲ့ ဘာဖြစ်လို့လဲ။” ချူချင်ဟန်က အလျင်အမြန် မေးလိုက်သည်။

“ဒါပေမဲ့ ကျုပ်တို့ ညီအစ်ကိုတွေနဲ့ အထက်လူကြီးတွေက သခင်မလေးကို ယုံချင်မှ ယုံမှာလေ၊ ဒီလိုလုပ်ပါလား၊ ဒီနေ့တော့ ကျုပ် သခင်မလေးကို ကူညီပြီး ဖုံးကွယ်ထားပေးမယ်၊ ညကျရင်... သခင်မလေး ကျုပ်အိမ်ကို လာခဲ့၊ ကျုပ်တို့ ဖြေရှင်းမယ့် နည်းလမ်းကို တိုင်ပင်ကြတာပေါ့၊ ကျုပ်ဆီမှာ အဆက်အသွယ် တချို့ ရှိတယ်၊ သခင်မလေးကို ကူညီပေးနိုင်လောက်တယ်။”

ချူချင်ဟန်က မျက်နှာသေဖြင့် မော့ကြည့်လိုက်၏။ “ကျေးဇူးတင်ပါတယ် ရဲမက်မင်း .. ဒုက္ခမရှာပါနဲ့တော့၊ ဥပဒေက တရားမျှတမှု ရှိမယ်လို့ ကျွန်မ ယုံကြည်ပါတယ်။”

ရဲမက်၏ မျက်လုံးများတွင် စိတ်မရှည်သည့် အရိပ်အယောင်များ ဖြတ်ပြေးသွားသည်။

အလှလေးက လက်ထဲ ရောက်နေပြီ၊ တစ်ညလောက် ပျော်ပါးဖို့ လိမ်လို့ ရရင်တောင် ကောင်းတာပဲ။ ဘာလို့ ဒီလောက်တောင် ကိုင်တွယ်ရ ခက်နေတာလဲ။

“သခင်မလေး … ကျုပ် နောက်တစ်ခါ ထပ်မေးမယ်၊ အထဲရောက်ရင် ဘာစကား ပြောရမလဲ ဆိုတာ သခင်မလေး ဆုံးဖြတ်လို့ ရမှာ မဟုတ်တော့ဘူးနော်။” ရဲမက်၏ လေသံက တဖြည်းဖြည်း တင်းမာလာ၏။

ချူချင်ဟန်က တည်ကြည်စွာ ခေါင်းယမ်းလိုက်သည်။

လုံးဝ ဖြေရှင်းလို့ မရနိုင်တော့တဲ့ အခြေအနေ မဟုတ်သေးပါဘူး။ ဒီယုတ်မာတဲ့ ကောင် သေရင်တောင်မှ ငါ သဘောတူမှာ မဟုတ်ဘူး။

ရဲမက်က လှောင်ပြုံး ပြုံးလိုက်၏။ “လူလာကြ။ ချူမိသားစုက ရာဇဝတ်ကောင်တွေနဲ့ ပူးပေါင်းကြံစည်တယ်၊ ချူမိသားစုဝင် အကုန်လုံးကို ဖမ်းပြီး ရုံးတော်ကို ခေါ်သွားကြစမ်း။”

အပိုင်း (၅၃၈) အင်အားစု အသီးသီး၏ လှုပ်ရှားမှုများ။

ချူချင်ဟန်၏ လက်နှစ်ဖက်ကို ကြိုးတုပ်ကာ ရဲမက်များက ဧည့်ခန်းမဆောင်သို့ ခေါ်ဆောင်သွားကြ၏။

လမ်းတွင် ခေါင်းဆောင် ရဲမက်က သူမ၏ နားနားသို့ ကပ်ကာ အဆက်မပြတ် ရေရွတ်နေသည်။ “သခင်မလေးချူ … ကျုပ် သခင်မလေးကို နောက်ထပ် အခွင့်အရေး တစ်ခါ ပေးမယ်၊ သခင်မလေး...”

ချူချင်ဟန်က မျက်နှာထား အေးစက်စွာဖြင့် ပြန်ပြောလိုက်၏။ “ရှင် ကျွန်မကို အခွင့်အရေး ရှစ်ကြိမ် ပေးပြီးပြီ၊ ထပ်ပြောဖို့ မလိုတော့ဘူး။”

“မျက်နှာသာ ပေးတာကို အခွင့်ကောင်း မယူတတ်ဘူး၊ မြန်မြန်သွား။” အလိုမပြည့်သော ရဲမက်က သူမကို ပြင်းထန်စွာ တွန်းထုတ်လိုက်သည်။

ဧည့်ခန်းမဆောင် အပြင်ဘက်သို့ ရောက်သောအခါ၊ အပြင်ဘက်ရှိ လူအုပ်ကြီးကို ဖြတ်ကျော်ရင်း ခေါင်းဆောင် ရဲမက်က ကျယ်လောင်စွာ အော်ဟစ်နေဆဲ ဖြစ်၏။ “အားလုံး ဖယ်ကြစမ်း။ ရဲမက်တွေ အမှုစစ်ဖို့ လာတာ၊ သခင်ကြီးလု ဒီမှာ အလုပ် မပြီးသေးဘူးလား... သောက်ကျိုးနည်း ချူအိမ်တော်မှာ ဘာလို့ ဒီလောက် လူတွေ အများကြီး ရှိနေရတာလဲ။”

အခန်းထဲသို့ ဝင်ရောက်လာသောအခါ ရဲမက်များ ကြောင်အမ်းသွားကြသလို ချူချင်ဟန်လည်း ကြောင်အမ်းသွား၏။

အခန်းထဲတွင် လူများ ပြည့်နှက်နေပြီး၊ တစ်ယောက်တည်းကသာ ကုလားထိုင်ပေါ်တွင် ခြေချိတ်ထိုင်ကာ အေးဆေးစွာ နေ,နေသည်။

သခင်ကြီး၏ မျက်နှာမှာ အိုးမဲသုတ်ထားသကဲ့သို့ မည်းမှောင်နေပြီး ဖန်ကျန်းရီကို ဒေါသတကြီး စိုက်ကြည့်နေ၏။

မူလက သူ၏စားပွဲပေါ်ရှိ လက်ဖက်ရည်အိုးမှာ ဖန်ကျန်းရီ၏ လက်ထဲသို့ ရောက်နေပြီး၊ ဖန်ကျန်းရီက လက်ဖက်ရည်အိုး နှုတ်ခမ်းကို တေ့ကာ စုပ်သောက်နေသည်။

လက်ဖက်ရည် ကုန်သွားသောအခါ လက်ဖက်ရည်အိုးကို လုရှို့ဝမ်၏ နဖူးပေါ်သို့ ဖြန်း ခနဲ ရိုက်ခွဲလိုက်ပြီး၊ ထို့နောက် လက်ဖက်ခြောက် အဖတ်များကိုပါ မျက်နှာပေါ်သို့ ထွေးထုတ်လိုက်၏။

လုရှို့ဝမ်မှာ သတိလစ်နေဆဲ ဖြစ်ပြီး တစ်ချက်လေးမှ မလှုပ်ရှားပေ။

ဆက်တိုက် လုပ်ဆောင်မှုများ ပြီးဆုံးသွားသောအခါ သခင်ကြီးလု၏ မျက်နှာပေါ်တွင် သွေးကြောများ ထောင်ထနေပြီ ဖြစ်သော်လည်း... စကားတစ်ခွန်းမှ မဟရဲချေ။

ဘေးရှိ လူများက သိုင်းပညာ အလွန် ကောင်းမွန်ပြီး ဤအရူးက နောက်တစ်စက္ကန့်တွင် လူသတ်နိုင်သည် မဟုတ်ပါလား။

“ရိုင်းစိုင်းလိုက်တာ။ လုသခင်လေးကို အခု ချက်ချင်း မလွှတ်ပေးဘူးလား။”

မြေကြီးပေါ်တွင် လဲနေသော လုရှို့ဝမ်ကို မြင်လိုက်သည်နှင့် သခင်ကြီးလုကို မတားဆီးခင်မှာပင် ရဲမက်က ဓားကို ဆွဲထုတ်ကာ ဖန်ကျန်းရီကို ဒေါသတကြီး အော်ဟစ်လိုက်သည်။

“သူ့လက်တစ်ချောင်းကို ချိုးလိုက်စမ်း။”

ကျိုးထျဲ့က ချက်ချင်း ရှေ့တိုးလာပြီး လုရှို့ဝမ်၏ လက်ချောင်း တစ်ချောင်းကို ခြေထောက်ဖြင့် နင်းချိုးလိုက်၏။

လက်ချောင်း ဆယ်ချောင်းက နှလုံးနှင့် ဆက်နေသည် ဆိုသည်မှာ တကယ်ပဲ ဖြစ်မည်။ နာကျင်လွန်းသဖြင့် လုရှို့ဝမ်က သတိပြန်လည်လာပြီး အားနည်းစွာဖြင့် အော်ဟစ်လိုက်သည်။ “နာ... နာတယ်ဗျာ။ အဖေ... ကယ်ပါအုံး။”

ဤမြင်ကွင်းကို ကြည့်နေသူ အားလုံးက လေအေးတစ်ချက် ရှူသွင်းလိုက်မိကြသည်။

သခင်ကြီးလုက အဆက်မပြတ် အော်ဟစ်လိုက်၏။ “မဆဲပါနဲ့။ ခင်ဗျားတို့ သူ့ကို မဆဲကြပါနဲ့။ ငါ့သား... မင်း အဆင်ပြေရဲ့လား။”

“ပြေတယ်။ ဘာလို့ မပြေရမှာလဲ၊ နာတယ်လို့တောင် အော်နိုင်သေးတာပဲ။” ဖန်ကျန်းရီက ရယ်ကျဲကျဲဖြင့် အခြေအနေကို ပိုဆိုးအောင် ပြောလိုက်ရာ သခင်ကြီးလုက သူ့ကို ဒေါသတကြီး စိုက်ကြည့်နေသည်။

ချူချင်ဟန်ကို တိုက်တိုက်ဆိုင်ဆိုင် မြင်လိုက်ရသဖြင့် မေးလိုက်၏။ “သခင်မလေး ဘာလို့ ကြိုးတုပ်ခံ ထားရတာလဲ။ ကျုပ် လုရှို့ဝမ်ကို ရိုက်တာ သခင်မလေးနဲ့ ဘာမှ မဆိုင်ပါဘူးနော်။”

ပြောနေရင်းနှင့်ပင် ချူချင်ဟန်၏ ဘေးရှိ လူလေးယောက်ကို ရုတ်တရက် မြင်လိုက်ရသဖြင့် ဖန်ကျန်းရီ တစ်ခဏမျှ စိတ်လွင့်သွားသည်။

ဒီလေးယောက်က ငါအသေအလဲ လိုက်ရှာနေတဲ့ ကျိုးမိသားစု လူတွေ မဟုတ်ဘူးလား။

သောက်ကျိုးနည်း၊ မီးအိမ်အောက်က အမှောင် ဆိုတာ ဒါမျိုးကိုး။ ဒီလေးယောက်က ချူအိမ်တော်မှာ ပုန်းနေတာကိုး။

“မဆိုင်ပါဘူး...”

ချူသခင်ကြီးသည် ယခုမှသာ ရင်ထဲတွင် ဓားနှင့် ထိုးခံရသလို ခံစားလိုက်ရ၏။

ရာဇဝတ်ကောင်တွေကို ခိုးဝှက်ထားသည်ကို ငွေနှင့် လာဘ်ထိုးပြီး ဖြေရှင်းလို့ ရနိုင်သေးပေမည့် ယခု လုသခင်လေးက ရုပ်ပျက်ဆင်းပျက် အရိုက်ခံထားရပြီး လုမိသားစုကို သေချာပေါက် ရန်ငြိုးဖွဲ့မိသွားပြီ၊ လုမိသားစုက အစိုးရရုံးနှင့်လည်း အဆက်အသွယ် ရှိသောကြောင့် သူတို့ ချူမိသားစုမှာ လွတ်လမ်း တစ်စက်လေးတောင် မရှိတော့ပေ။

ထိုသို့ တွေးမိပြီး မျက်ရည်တစ်ပေါက်က ပါးပြင်ပေါ်သို့ စီးကျလာကာ ပါးစပ်မှ တိုးညင်းစွာ ရေရွတ်လိုက်သည်။ “ကျုပ် တကယ် တုံးတာပဲ၊ တကယ်ပါ။”

“အဖေ … ဘာလို့ ငိုနေတာလဲ။ သူတို့က ဘာလို့ ချင်ဟန်ကို ကြိုးတုပ်ထားတာလဲ။” ဘေးနားရှိ ချူသခင်လေးက မေးလိုက်၏။

“ပါးစပ်ပိတ်ထားစမ်း။ ငါ့မှာ မင်းလို တုံးတဲ့သား မရှိဘူး။”

“ဟိုလေ .. သခင်မလေးရဲ့ ကြိုးကို ဖြည်ပေးလိုက်ကြ။” ဖန်ကျန်းရီက ရဲမက်များကို လက်ညှိုးထိုးကာ ပြောလိုက်သည်။

“ခင်ဗျားက ဘာကောင်မို့လို့...”

“ဖြည်ပေးလိုက်။ ဖြည်ပေးလိုက်ပါ။ အားလုံးပဲ၊ ကျုပ် တောင်းပန်ပါတယ်။” သခင်ကြီးလုက လက်အုပ်ချီကာ ရဲမက်များကို ငိုယို၍ တောင်းပန်လိုက်၏။

ရဲမက်က တံတွေး မြိုချလိုက်ပြီး သူ၏ အကြည့်များက ဖန်ကျန်းရီနှင့် သခင်ကြီးလု ကြားတွင် ထူးဆန်းစွာ ရွေ့လျားနေသည်။

သောက်ကျိုးနည်း ဘာတွေ ဖြစ်နေတာလဲ။ မြေကြီးပေါ်မှာ လူနှစ်ယောက် လဲနေတယ်၊ ဘာလို့ နောက်တစ်ယောက် က ကြောက်လန့်ပြီး သေးတောင် ထွက်ကျနေရတာလဲ။ တကယ် ဘာတွေ ဖြစ်ခဲ့တာလဲ။

မတတ်သာဘဲ လက်အောက်ငယ်သားများကို လက်ဝှေ့ယမ်းပြလိုက်၏။ “ဖြည်ပေးလိုက်။ ဘာပဲဖြစ်ဖြစ် ချူမိသားစုက လူတွေ အကုန်လုံး ထွက်ပြေးလို့ မလွတ်ပါဘူး၊ လူတစ်ယောက်ကို အမြန် ပြန်လွှတ်ပြီး အမတ်မင်း ဖုန်းကို အကြောင်းကြားလိုက်။ ဒီနေရာကို ပိတ်ဆို့ထားလိုက်။”

“မလိုတော့ပါဘူး။ ကျုပ် အမတ်မင်းဖုန်းကို အကြောင်းကြားဖို့ လူလွှတ်လိုက်ပါပြီ၊ အစ်ကိုတို့ ကျုပ်နဲ့အတူ ဒီလူသတ်သမားကို စောင့်ကြည့်ပေးပါ။” သခင်ကြီးလုက ပြောလိုက်သည်။

“ဘယ်သူ့ကို လူသတ်သမားလို့ ခေါ်တာလဲ။ ဖန်သခင်လေးလို့ ခေါ်စမ်း … ပြန်ပြော။” ကျိုးထျဲ့က လုရှို့ဝမ်၏ ဗိုက်ကို အားကုန် ကန်ချလိုက်ရာ လုရှို့ဝမ်က ညည်းတွားသံ တစ်ချက် ပြုပြီး ထပ်မံ သတိလစ်သွားပြန်၏။

သခင်ကြီးလု၏ မာနများက ပျောက်ကွယ်သွားပြီ ဖြစ်ရာ ယခုအခါ ရင်ထဲတွင် သွေးထွက်နေသလို ခံစားနေရသည်။ သို့ဖြင့် ဝမ်းနည်းစွာဖြင့် ပြောလိုက်သည်။ “အစ်ကိုတို့ ကျုပ်နဲ့အတူ ဖန်သခင်လေးကို စောင့်ကြည့်ပေးပါအုံး ...”

ဖန်ကျန်းရီက ကျိုးထျဲ့ကို သဘောကျစွာ ကြည့်လိုက်သည်။ ဒီလူက ကျန်းပြောင်ထက်တောင် အခြေအနေကို နားလည်သေးတယ်။

ရှဲ့ရှန်းက ဘေးမှ လူတစ်ယောက်နှင့် စကားပြောနေပြီးနောက် ဖန်ကျန်းရီ၏ အနောက်မှ ထွက်လာကာ နားနားသို့ ကပ်ပြီး ပြောလိုက်၏။ “အပြင်ဘက်မှာ ညီအစ်ကိုတွေ အကုန် ရောက်နေပြီ၊ သူတောင်းစားတွေနဲ့ ပြည့်တန်ဆာရုံ က လူမိုက်တွေလည်း နည်းနည်း ရောက်နေပြီ။ ကျန်တဲ့သူတွေက အပြင်ဘက် ဝင်းထဲမှာ ရှိတယ်၊ နောက်ထပ် တစ်စိတ်တစ်ပိုင်းက မရောက်သေးဘူး။ ဟင် .. ဟိုဘက်က လူလေးယောက်ကို ကြည့်ရတာ ရင်းနှီးနေသလိုပဲ၊ ကျုပ်တို့ ရှာနေတဲ့ လူတွေနဲ့ တူတယ်။”

ဖန်ကျန်းရီက အနည်းငယ် ခေါင်းညိတ်ပြလိုက်သည်။ “သူတို့ပဲလေ။ သူတို့က ချူအိမ်တော်မှာ ရှိနေလိမ့်မယ်လို့ မထင်ထားဘူး၊ အစိုးရရုံးက လူတွေ ရောက်လာရင် သူတို့ကို ထောင်ထဲ ခေါ်သွားပြီး စောင့်ကြည့်လိမ့်မယ်လို့ ကျုပ် ထင်တယ်။ ခင်ဗျား ညီအစ်ကို နည်းနည်းကို လွှတ်ပြီး လမ်းမှာ အဲဒီလူတွေကို ကြားဖြတ် လုယူလိုက်။”

“အစိုးရရုံးက လူတွေ ရောက်လာရင် ကျုပ် အပြင်ထွက်မယ်။ ညီအစ်ကိုတွေကို သေချာ ပြင်ဆင်ထားခိုင်း၊ ခေါင်းဆောင်ကိုပဲ ဖမ်း၊ သူတို့ဆီမှာ လေးနဲ့မြှားတွေ ပါလာနိုင်တယ်။ အမြန်ဆုံး လှုပ်ရှားရမယ် … ညီအစ်ကိုတွေ ထိခိုက်ဒဏ်ရာ မရစေနဲ့။

ကျုပ်ရဲ့ အချက်ပြမှုကို စောင့်၊ ကျုပ်ရဲ့ အချက်အလက်ကို ပြောလိုက်တာနဲ့ ခင်ဗျားတို့ ဝင်လုပ်ကြ။”

...

နေရောင်ခြည်က တောက်ပနေပြီး၊ ပြဇာတ်ရုံ တစ်ခုအတွင်းတွင် မိန်းမစိုးဝေ့က အေးဆေးစွာ လက်ဖက်ရည် သောက်ကာ ပြဇာတ် ကြည့်နေသည်။ ဘေးတွင် အရှေ့နန်းတော်မှ အစောင့်နှစ်ယောက်က အဖော်ပြုပေးနေ၏။

ပြဇာတ်က အထွတ်အထိပ်သို့ ရောက်လုနီးပါးတွင် မိန်းမစိုးဝေ့၏ မျက်လုံးများ ပြူးကျယ်သွားပြီး စင်မြင့်ပေါ်သို့ စူးစိုက်ကြည့်နေသည်။

ခန္ဓာကိုယ်ကလည်း အလိုအလျောက် ရှေ့သို့ ကိုင်းသွား၏။

လူဆိုး ခေါင်းဖြတ်ခံရတော့မည့် အချိန်တွင် ဘေးမှ လူတစ်ယောက် ရုတ်တရက် ပေါ်လာပြီး သူ၏ ဘေးတွင် ဒူးထောက်ကာ တိုးညင်းစွာ ပြောလိုက်သည်။ “မိန်းမစိုးကြီး … သတင်းရပါပြီ။”

အနှောင့်အယှက်ဖြစ်သွားသဖြင့် မိန်းမစိုးဝေ့၏ မျက်နှာပေါ်တွင် မကျေနပ်သည့် အရိပ်အယောင်များ ပေါ်လာ၏။ “သတင်းရပြီ။ သတင်းရပြီ။ နေ့တိုင်း သတင်းရနေတာပဲ။”

“ဖုန်းဟန်က သူဌေးအိမ်တွေကို လိုက်ရှာနေတာ မဟုတ်ဘူးလား၊ သူ ရှာတဲ့အိမ်တိုင်း မင်းတို့ လာသတင်းပို့နေတာလား။”

အစောင့်၏ မျက်နှာပေါ်တွင် အရှက်ပြေ အမူအရာတစ်ခု ပေါ်လာပြီး စိတ်လှုပ်ရှားစွာဖြင့် ပြောလိုက်သည်။ “မဟုတ်ပါဘူး။ ဒီတစ်ခါတော့ မတူဘူး။ ဒီနေ့ သူတို့လူတွေက ချူအိမ်တော်ကို ရှာတွေ့သွားတယ်၊ အမတ်မင်းဖုန်း ကိုယ်တိုင် ထွက်သွားပြီ။ ပြီးတော့ ချူအိမ်တော်က ဒီနေ့ အရမ်း ထူးဆန်းတယ်၊ သူတောင်းစားတွေ အများကြီးနဲ့ တုတ်ကိုင်ထားတဲ့ လူမိုက်တွေ အများကြီး အဲဒီဘက်ကို သွားနေကြတယ်။”

“မိန်းမစိုးကြီး .. ကျုပ်တို့ သိပ်မဝေးဘူး ဆိုတော့ မြန်မြန် သွားကြရအောင်။”

မိန်းမစိုးဝေ့က ကြားသည်နှင့် ချက်ချင်း တက်ကြွလာပြီး ဝမ်းသာအားရ ဖြစ်သွား၏။ “စိတ်ဝင်စားစရာပဲ၊ ကိုယ်တိုင် သွားတယ် ဆိုတော့။ အဲဒါဆို ကျုပ်ဦးလေးဖန် ရဲ့ သတင်း ရလို့ပဲ ဖြစ်ရမယ်။ ဒီအဘိုးကြီးက တကယ်ပဲ အကျိုးအမြတ်ကို လုယူချင်နေတာပဲ။ ဒါပေမဲ့ ဘာလို့ သူတောင်းစားတွေနဲ့ လူမိုက်တွေ ရှိနေရတာလဲ။ ထားလိုက်တော့ … ဂရုမစိုက်တော့ဘူး၊ လူတွေကို အကုန် စုပြီး လမ်းပြစမ်း။”

...

ချူအိမ်တော် မလှမ်းမကမ်းရှိ လက်ဖက်ရည်ဆိုင်။

ပြည်သူ တစ်စုက နေကြာစေ့ စားရင်း လက်ဖက်ရည် သောက်ကာ၊ လူတိုင်း၏ မျက်နှာပေါ်တွင် ပြုံးရွှင်နေကြသည်။

ပျော်စရာကောင်းလိုက်တာ။ ဒီနေ့ တကယ်ကို ပျော်စရာ အရမ်း ကောင်းတာပဲ။

သူတောင်းစား အုပ်ကြီး ဖြတ်လျှောက်သွားတာ တစ်ချက်ကြည့်လိုက်တာနဲ့ ရာနဲ့ချီ ရှိမယ်။ ပြီးတော့ တုတ်ကိုင်ထားတဲ့ လူမိုက် အယောက် တစ်ရာကျော်က ဖြတ်သွားပြန်တယ်၊ ဒါက ရန်ဖြစ်ဖို့ သွားတာ သေချာတယ်။

သိပ်မကြာခင်မှာပဲ အစိုးရရုံးက အမတ်မင်းတွေ လူတစ်စု ခေါ်ပြီး မြင်းစီးကာ ပြေးသွားတာ တွေ့လိုက်ရပြန်တယ်... ဒါက အထွတ်အထိပ် ရောက်သွားပြီလို့ ထင်ခဲ့တာ။

မထင်မှတ်ဘဲ ယောက်ျားမဟုတ် မိန်းမမဟုတ်တဲ့ အသံစူးစူးနဲ့ လူတစ်ယောက်က လူတစ်စု ခေါ်ပြီး အဲဒီဘက်ကို သွားပြန်တယ်။

လက်ဖက်ရည်ဆိုင်၌ ပွဲကြည့်နေသော လူတွေ ပိုပို များလာပြီး လက်ဖက်ရည်ဆိုင် ပိုင်ရှင်မှာ ဝမ်းသာလွန်းလို့ ပြုံးဖြီးနေ၏။

လက်ဖက်ရည် ဖျော်ရင်းနှင့် ချူအိမ်တော် ဘက်ကို ကြည့်ကာ လမ်းမပေါ်သို့ စိတ်လှုပ်ရှားစွာ အော်ဟစ် လိုက်သည်။ “သောက်ကျိုးနည်း။ ထပ်လာကြအုံးဟေ့။”

စကားဆုံးသည်နှင့် နောက်ထပ် လူတစ်စုက အရှိန်အဟုန်ဖြင့် ပြေးလာပြီး ရှေ့ဆုံးမှ လူက အော်ဟစ်လိုက်၏။ “ညီအစ်ကိုတို့ …. သတင်းရပြီ သေချာတယ်။ အဲဒီ မိန်းမစိုးကို အခွင့်အရေး ပေးလို့ မဖြစ်ဘူး။ ညီအစ်ကိုတို့ မြန်မြန်လုပ်။”

“ဟိုက် .. တကယ် ထပ်လာတာပဲ။” ဆိုင်ရှင်၏ လက်က တုန်သွားပြီး လက်ဖက်ရည်အိုး မြေကြီးပေါ် ပြုတ်ကျသွားသည်။

မျက်စိတစ်မှိတ် အတွင်းမှာပင် ကြည့်ရှုနေသူများ၏ မသိမသာ လက်ခုပ်တီးသံများသာ ကျန်ရစ်ခဲ့၏။

လက်ခုပ်သံ မဆုံးခင်မှာပင် နောက်ထပ် လူတစ်စုက အရှိန်အဟုန်ဖြင့် ဖြတ်ပြေးသွားပြန်သည်။ တစ်သုတ်ပြီး တစ်သုတ်။ ဆယ်သုတ်ကျော်လောက် ပြိုင်ပွဲဝင်သလို လမ်းမပေါ်မှာ တစ်နေရာတည်းကို အပြေးအလွှား သွားနေကြသည်။

စပ်စုနေကြသော ပြည်သူများ၏ ပါးစပ်ထဲမှ နေကြာစေ့များ အံ့ဩလွန်း၍ ပြုတ်ကျကုန်၏၊

တစ်ယောက်က ရေရွတ်လိုက်သည်။ “ဘာဖြစ်တာလဲ။ ဧကရာဇ် ရောက်လာတာလား။”

“ကျုပ် မသိဘူးလေ။ သွားရအောင်။ ပွဲသွားကြည့်ရအောင်။”

“ခင်ဗျား သေချင်နေတာလား။ အစိုးရရုံးက လူတွေ အကုန် သွားကြတာ၊ ဟိုဘက်မှာ စစ်ပွဲ ဖြစ်နေလောက်ပြီ။”

“ကျုပ် ဂရုမစိုက်ဘူး၊ မကြည့်ရရင် ကျုပ် တစ်ကိုယ်လုံး ယားယံနေလိမ့်မယ်၊ သွားမယ်။”

စပ်စုချင်စိတ်ကို မထိန်းနိုင်တော့သော လူအုပ်ကြီးက ချူအိမ်တော်ဆီသို့ ဝေါခနဲ အပြေးအလွှား သွားကြတော့၏။

All Chapters