← Chapters

အခန်း (၅၄၁-၅၄၂)

Vol. 30 Ch. 541-542

အခန်း (၅၄၁-၅၄၂)

Vol. 30 Ch. 541-542

အပိုင်း (၅၄၁) အဆုံးသတ်ရန် ပြင်ဆင်ခြင်း။

“အသရေဖျက်တယ် ဟုတ်လား။” ဖန်ကျန်းရီက ယပ်တောင်ကို ကိုင်ကာ ကစားနေပြီး အနည်းငယ် မော့ကြည့်လိုက်၏။

“ခင်ဗျားဆီမှာ အထောက်အထား ရှိလို့လား။ ဘာမှ မရှိဘဲနဲ့ လျှောက်ပြောနေတာပဲ။ ခင်ဗျားက ကျုပ်ကို ကိုယ့်ကိုယ်ကိုယ် အပြစ်ကင်းကြောင်း သက်သေပြခိုင်းနေတာလား။” ဒေါသများက ဖုန်းဟန်၏ အကြောက်တရားများကို ဖြိုခွဲလိုက်ပြီ ဖြစ်ရာ ဖန်ကျန်းရီကို ဒေါသတကြီး အော်ဟစ်လိုက်သည်။

“ဟုတ်တယ်။” ဖန်ကျန်းရီက ခပ်ပေါ့ပေါ့ပင် ပြန်ဖြေလိုက်၏။

“ကိုယ်ကျိုးအတွက် အာဏာကို အလွဲသုံးစား လုပ်တာပဲ။ ဒါက ကိုယ်ကျိုးအတွက် အာဏာကို အလွဲသုံးစား လုပ်တာပဲ။ အရင်တုန်းက ကျုပ် ခင်ဗျားကို စော်ကားမိခဲ့ရင်တောင်မှ၊ အခုတော့ အရှင်မင်းမြတ်ကို အသနားခံစာ တင်ပြီး ခင်ဗျားကို တိုင်ရတော့မယ်။” ဖုန်းဟန်က ဆက်လက် အော်ဟစ်နေဆဲ ဖြစ်သည်။

“ခင်ဗျား ဘာလို့ အော်နေတာလဲ၊ အော်တာက စိတ်ထဲမှာ မလုံခြုံလို့ပဲ။” ဖ

န်ကျန်းရီက ယပ်တောင်ကို ပိတ်လိုက်ပြီး မျက်နှာပေါ်တွင် နားလည်ရခက်သော အပြုံးတစ်ခု ပေါ်လာ၏။ “ခင်ဗျားက ဝူမင်းသားနဲ့ ဘာအဆက်အသွယ်မှ မရှိဘူးလို့ ပြောတာကို ကျုပ် မယုံဘူး။

ကျုပ် ဝူမင်းသားနဲ့ စကားပြောဖူးတယ်၊ သူ သင်္ဘောလုပ်ငန်းမှာ ရင်းနှီးမြှုပ်နှံထားတဲ့ ငွေပမာဏက ခင်ဗျား စိတ်ကူးလို့တောင် ရမှာ မဟုတ်ဘူး၊ အဲဒီအထဲက ငွေဘယ်လောက်များများ ကျိုးမိသားစုဆီ ရောက်သွားလဲ။ ဈေးကွက်ထဲ ဘယ်လောက်များများ ပြန်ရောက်လာလဲ ဆိုတာကို ခင်ဗျားက နည်းနည်းလေးတောင် မသိဘူး ဆိုတာ ဖြစ်နိုင်လို့လား။

ဝူမင်းသား စီးတဲ့ သင်္ဘောက သာမန် သင်္ဘော မဟုတ်ဘူး၊ ဒါကြောင့် လှုပ်ရှားမှုတွေက သေချာပေါက် ကြီးမားမှာပဲ၊ တကယ်လို့ နောက်ကွယ်ကနေ ကူညီဖုံးကွယ်ပေးမယ့်သူ မရှိရင် ဘယ်လိုလုပ် လျှို့ဝှက်ထားလို့ ရမှာလဲ။”

ထိုစကားကို ကြားသောအခါ ဖုန်းဟန် ချက်ချင်း ငြိမ်ကျသွားပြီး နှုတ်ခမ်းများ အဆက်မပြတ် တုန်ယင်နေ၏။ ထို့နောက် အတင်း ရှင်းပြလိုက်သည်။ “ကျုပ်... ကျုပ် အရည်အချင်း မရှိလို့... ခဏတာ သတိလွတ်သွားတာပါ။”

“သတိလွတ်တယ်။ ခင်ဗျားက သတိလွတ်တယ် ပြောတာနဲ့ သတိလွတ်တာပဲလား။ ကျုပ် ကြည့်ရတာ ခင်ဗျားက ယူတိန့်မြို့ကို သေချာ အုပ်ချုပ်ထားနိုင်တာပဲ။ တကယ်လို့ ဒီထွက်ဆိုချက်သာ အရှင်မင်းမြတ် ရှေ့ကို ရောက်သွားရင် အရှင်မင်းမြတ်က ခင်ဗျားကို ယုံမလား၊ ကျုပ်ကို ယုံမလား ဆိုတာ ပြောစမ်း။” ဖန်ကျန်းရီက မေးလိုက်၏။

“အမတ်မင်းဖန်... ခင်ဗျား ကျုပ်ကို ဘယ်လို လုပ်စေချင်တာလဲ။ ဒါက ကျုပ်ကို အခက်တွေ့အောင် လုပ်နေတာ မဟုတ်ဘူးလား။” ဖုန်းဟန်၏ မျက်နှာပေါ်တွင် နာကျင်မှုများ အပြည့် ပေါ်လွင်နေသည်။

“ရှဲ့ရှန်း….ကျိုးမိသားစု လူလေးယောက်ကို ခေါ်လာခဲ့စမ်း။”

ရှဲ့ရှန်းက ခေါင်းညိတ်ပြီး ထွက်သွား၏။

ခဏအကြာတွင် ကြောက်လန့်တကြား ဖြစ်နေသော ကျိုးမိသားစု လူလေးယောက်ကို ရုံးခန်းထဲသို့ ခေါ်လာပြီး ဖန်ကျန်းရီ၏ စားပွဲရှေ့တွင် ဒူးထောက်ခိုင်းလိုက်သည်။

ဖန်ကျန်းရီက တိုက်ရိုက်ပင် မေးလိုက်၏။ “ခင်ဗျားတို့ ကျိုးမိသားစုက ဝူမင်းသားနဲ့ ဘယ်လို ဆက်သွယ်ခဲ့ကြတာလဲ။ ဘာလို့ ချူအိမ်တော်မှာ ရောက်နေတာလဲ။ ကျုပ်က မြို့တော်ကနေ လာတာ၊ တရားမျှတမှု ဖော်ဆောင်ပေးဖို့ လာတာပဲ။ ခင်ဗျား ဘာမှ ကြောက်စရာ မလိုဘူး၊ ရဲရဲဝံ့ဝံ့သာ ပြော။”

ကျိုးသခင်လေးလတ် မှာ အပြစ်ကင်းစင်ပြီး ရိုးသားသော လူတစ်ယောက်၏ ပုံစံရှိသည်။ အသားအရေ ကြမ်းတမ်းပြီး သခင်လေး တစ်ယောက်နှင့် မတူဘဲ နည်းပညာ ကျွမ်းကျင်သူ တစ်ယောက်နှင့် ပိုတူသည်။

ယခုအချိန်တွင် သူ၏ မျက်လုံးများထဲတွင် မျှော်လင့်ချက် ကင်းမဲ့မှုများ ပြည့်နှက်နေ၏။

သေဘေးမှ လွတ်မြောက်လာပြီး ချူအိမ်တော်တွင် ပုန်းအောင်းနေကာ ဟိုလူ့လက်ထဲ ရောက်လိုက် ဒီလူ့လက်ထဲ ရောက်လိုက်ဖြင့် နောက်ဆုံးတွင်တော့ အစိုးရရုံးသို့ ပြန်ရောက်လာခဲ့ပြီ ဖြစ်ရာ စိတ်ထဲတွင် သေရန်သာ ပြင်ဆင်ထားလိုက်ပြီ ဖြစ်သည်။

ကျိုးသခင်လေးလတ် က မြေကြီးကို ခေါင်းဖြင့် ဆောင့်ကာ ငိုယိုပြီး ပြောလိုက်၏။ “အမတ်မင်း ... ကျုပ်တို့ မတရား ခံရတာပါ … ကျိုးမိသားစုက မတရား ခံရတာပါ။

ကျိုးမိသားစုက ခေတ်အဆက်ဆက် သင်္ဘောတည်ဆောက်တဲ့ အလုပ်ကို လုပ်လာခဲ့တာပါ၊ ဒါပေမဲ့ လွန်ခဲ့တဲ့ နှစ်အနည်းငယ်က လူတစ်ယောက် ရောက်လာပြီး ငွေကြေး အမြောက်အမြား ပေးတယ်။ သူ့ကိုယ်စား သင်္ဘောတည်ဆောက်ပေးဖို့ တောင်းဆိုခဲ့ပါတယ်။

နောက်တော့ ဘာတွေ ဖြစ်ခဲ့လဲ မသိဘူး၊ အဲဒီနေ့က ကျုပ်နဲ့ အိမ်က သင်္ဘောလက်သမားတွေ အပြင်ထွက်ပြီး ပစ္စည်းတွေ ဝယ်နေတာ၊ အိမ်ပြန်ရောက်တော့ မီးလောင်နေပြီ။ ကံကောင်းလို့ အိမ်မှာ လျှို့ဝှက် ငွေတိုက် တစ်ခု ရှိသေးတယ်။ အဖေ သေသွားပေမဲ့ သော့ကျန်ခဲ့တယ်။ ငွေတိုက်ထဲမှာ လျှို့ဝှက် စာလွှာ တချို့ ကျန်နေသေးတော့မိသားစုက ဝူမင်းသားအတွက် သင်္ဘောတည်ဆောက်ပေးနေတယ် ဆိုတာကို သိလိုက်ရတယ်။

ကျုပ် ငွေတိုက်ထဲက ထွက်လာတော့ အရင်က မိသားစုနဲ့ အဆက်အသွယ် လုပ်တဲ့ ကိုယ်စားလှယ်က သိုင်းသမား တစ်စုကို ခေါ်ပြီး အသက်ရှင် ကျန်ရစ်သူတွေကို လိုက်ရှာနေတာ တွေ့လိုက်ရတယ်။ ငွေတိုက်ထဲမှာ ပုန်းနေလို့သာ အသက်ရှင်ခဲ့တာပါ။

နောက်ပိုင်း ဗိုက်အရမ်းဆာလာလို့ ထွက်လာပြီး အစိုးရရုံးကို တိုင်မလို့ လုပ်နေတုန်း ဝရမ်းထုတ်ခံထားရပြီ ဆိုတာ သိလိုက်ရတယ်။

အဲဒီနောက် ချူအိမ်တော်ကို သွားပြီး ငွေတိုက်နဲ့ သင်္ဘောတည်ဆောက်တဲ့ နည်းပညာတွေကို ပေါင်နှံပြီး၊ ချူသခင်ကြီးကို အသက်ကယ်ပေးဖို့ တောင်းဆိုခဲ့တာပါ... နောက်ပိုင်း ဖြစ်သွားတဲ့ ကိစ္စတွေကိုတော့ အမတ်မင်း လည်း သိပြီးသား ဖြစ်မှာပါ။”

ကျိုးသခင်လေးလတ် ၏ လေသံက ရုတ်တရက် စိတ်လှုပ်ရှားလာသည်။ “အမတ်မင်း … ကျုပ်မိသားစုကို ဝူမင်းသား သတ်သွားတာ သေချာပါတယ်။ သူတို့က မိသားစု ပိုင်ဆိုင်မှုတွေကို လုယူပြီး လူသတ်ချင်နေတာပါ။ ပြီးတော့ ဒီခွေးအမတ် နဲ့လည်း ပူးပေါင်းထားသေးတယ်။

ဖုန်းဟန် … ကျုပ်တို့ မိသားစုက ခင်ဗျားကို နှစ်တိုင်း ငွေတုံး တစ်သိန်း ပေးတာတောင် ခင်ဗျား မလောက်သေးဘူးလား။”

ဖုန်းဟန်မှာ မျက်နှာပျက်သွား၏။ “အထောက်အထား မရှိဘဲ လျှောက်မပြောနဲ့နော်။ ဒီမှာ လာပြီး လျှောက်စွပ်စွဲနေရင် သေဒဏ်ပေးလိုက်မယ်။”

ကျိုးသခင်လေးလတ် က ဒေါသတကြီးဖြင့် ဆိုသည်။ “ကျုပ်က သင်္ဘောတည်ဆောက်တဲ့ ကိစ္စကိုပဲ တာဝန်ယူရပေမဲ့ ငွေတိုက်ထဲမှာ စာရင်းစာအုပ်တွေ ရှိသေးတယ်... အဲဒီအထဲမှာ ကိစ္စရပ်တိုင်းကို ရှင်းရှင်းလင်းလင်း ရေးမှတ်ထားတယ်။ အမတ်မင်း … အမတ်မင်း မယုံရင် အခု ချက်ချင်း သွားကြည့်လို့ ရပါတယ်။”

“ကောင်းပြီ၊ ကောင်းပြီ၊ သိပါပြီ၊ ခင်ဗျား အပြစ်မရှိဘူးလို့ ကျုပ် သတ်မှတ်ပေးလိုက်မယ်။ ရှဲ့ရှန်း … လူနည်းနည်း လွှတ်ပြီး သူတို့ကို တည်းခိုခန်း ခေါ်သွားပြီး အနားယူခိုင်းလိုက်၊ သေချာ ဂရုစိုက်ပေး။ ဘာပြဿနာမှ မဖြစ်စေနဲ့။” ဖန်ကျန်းရီက လက်ကာပြလိုက်၏။

တိုင်းသူပြည်သားများမှာ ဝူမင်းသား ပုန်ကန်ထကြွသည့် သတင်းကို ကြားသိထားခြင်း မရှိကြသေးချေ။ ကျိုးမိသားစုမှ အသက်ရှင်ကျန်ရစ်သူများမှာလည်း သင်္ဘောလက်သမားများသာ ဖြစ်ကြရာ အတွင်းရေးကိစ္စရပ်များကို မသိရှိကြသည်မှာ သဘာဝပင် ဖြစ်သည်။

သို့ရာတွင် ယခုအခါ၌ ထိုအတွင်းရေးများကို သိရှိခြင်း၊ မသိရှိခြင်းက အဓိကမကျတော့ပေ။ အရေးအကြီးဆုံးသော အချက်မှာ ၎င်းတို့အနေဖြင့် သင်္ဘောတည်ဆောက်သည့် အတတ်ပညာကို ကျွမ်းကျင်တတ်မြောက်ထားခြင်းပင် ဖြစ်ရာဤသည်ကပင် လုံလောက်နေပြီ ဖြစ်၏။

“ဘာပြောစရာ ရှိသေးလဲ .. အမတ်မင်း ဖုန်း။”

“အသရေဖျက်တာပဲ။ ဒါက လုံးဝ အသရေဖျက်တာပဲ။ ထွက်ဆိုချက်တွေ အကုန်လုံး အတုတွေချည်းပဲ၊ အမတ်မင်း တကယ်ပဲ အဲဒီ စာရင်းစာအုပ် ဆိုတာကို တွေ့ဖူးလို့လား။” ဖုန်းဟန်မှာ မျက်နှာ နီရဲပြီး လည်ပင်း သွေးကြောများ ထောင်ထကာ ရုန်းကန်ရန် ကြိုးစားနေဆဲ ဖြစ်သည်။

“တော်လောက်ပြီ၊ ခင်ဗျားက ရယ်စရာ ကောင်းနေပြီ။ ဒီအထောက်အထားတွေနဲ့တင် ခင်ဗျားကို ဆယ်ခါလောက် သတ်ရင်တောင် မလွန်ဘူး။” ဖန်ကျန်းရီက ခန္ဓာကိုယ်ကို ရှေ့သို့ ကိုင်းကာ စားပွဲပေါ် မှီပြီး သရော်သည့်ဟန်ဖြင့် သူ့ကို ကြည့်လိုက်၏။

“ပြောစမ်း၊ ဒီနှစ်တွေအတွင်း ငွေဘယ်လောက် တောင်းထားလဲ။ ခင်ဗျားကို အသက်ရှင်ခွင့် ပေးမယ်လို့ ကတိပေးပါတယ်။” ဖန်ကျန်းရီက ပြုံးကာ ပြောလိုက်သည်။

သူ၏ ပေါ့ပါးသော အပြုအမူကို မြင်သောအခါ၊ ဖုန်းဟန် ရုတ်တရက် အားလျော့သွားပြီး မြေကြီးပေါ်တွင် ပျော့ခွေကျကာ ခါးသီးစွာ ရယ်မောနေမိ၏၊ ခဏအကြာမှ သတိလစ်သွားသကဲ့သို့ တိုးညင်းစွာ ရေရွတ်လိုက်သည်။ “နှစ်သိန်း ခုနစ်သောင်း။”

“မဖြစ်နိုင်ပါဘူး၊ နှစ်တိုင်း တစ်သိန်း ပေးတာကို၊ ခင်ဗျားလက်ထဲမှာ နှစ်သိန်း ခုနစ်သောင်းပဲ ရှိတယ်ပေါ့လေ။” ဖန်ကျန်းရီက မေးလိုက်၏။

“အထက်လူကြီးတွေကို ပေးရတယ်။ ပြီးတော့ ရှေးဟောင်းပစ္စည်းတွေ၊ ပန်းချီကားတွေ ဝယ်စုတာ ဝါသနာပါလို့ အများကြီး သုံးပစ်လိုက်ပြီ။” ဖုန်းဟန်က ဘာမှ မဖြစ်တော့သလို မျက်နှာသေဖြင့် ပြောလိုက်သည်။

“ဒါဆို... ခင်ဗျား အသက်ရှင်ချင်သေးလား။” ဖန်ကျန်းရီက တိုးညင်းစွာ မေးလိုက်၏။

ဖုန်းဟန်က အလျင်အမြန် ခေါင်းမော့လာပြီး မျက်လုံးများ တောက်ပသွားသည်။ ချက်ချင်းပင် ရင်ထဲ၌ အလွန် ဝမ်းသာသွား၏။

အသက်ဝယ်မလို့လား။ ဒီကောင်က ငွေမက်တာပဲ။

“အမတ်မင်း လည်း လိုချင်လို့လား...”

ဖန်ကျန်းရီက ခန္ဓာကိုယ်ကို မတ်မတ် ထိုင်လိုက်ပြီး အနည်းငယ် ပြုံးကာ ပြောလိုက်သည်။ “ခင်ဗျား မယူဘူး၊ ကျုပ် မယူဘူး ဆိုရင် အားလုံး ဘယ်လိုလုပ် အတူတူ တိုးတက်နိုင်မှာလဲ။”

ဖုန်းဟန်က အဆက်မပြတ် ခေါင်းညိတ်လိုက်၏။ “ဟုတ်တယ်။ ဟုတ်တယ်။ ဟုတ်တယ်။ အမတ်မင်း ဖန် ပြောတာ အရမ်း မှန်ပါတယ်။ ဒီနှစ်သိန်း ခုနစ်သောင်းကို အမတ်မင်းဖန် ယူလိုက်ပါ၊ ကျုပ်အိမ်မှာ ရှေးဟောင်းပစ္စည်းတွေ နည်းနည်း ကျန်သေးတယ်...”

“တခြားဟာတွေကို မပြောနဲ့အုံး … ခင်ဗျား အရင် လက်ဗွေနှိပ်လိုက်။” ဖန်ကျန်းရီက ထပ်မံ ပြောလိုက်သည်။

ဖုန်းဟန် ချက်ချင်းပင် ထပ်မံ မျှော်လင့်ချက် ကင်းမဲ့သွားပြန်၏။

ကျုပ်ကို ကစားနေတာလား။ ဒီထွက်ဆိုချက်က အကုန်လုံး အသရေဖျက်ထားတာချည်းပဲ၊ လက်ဗွေနှိပ်လိုက်ရင် သေဖို့ သေချာသွားပြီပေါ့။

“ဒီအမှုတွေ ခင်ဗျားလုပ်တယ်လို့ ကျုပ်ပြောရင် ခင်ဗျားလုပ်တာပဲ။ လက်ဗွေနှိပ်လိုက်ရင် သက်သေ ကျန်ရစ်မယ်၊ ကျုပ်က ခင်ဗျားကို အသက်ရှင်ခွင့် ပေးမယ်၊ မနှိပ်ရင်တော့ သေလမ်းပဲ ရှိတယ်၊ ခင်ဗျားဘာသာ စဉ်းစားပြီး ဆုံးဖြတ်။”

“နှိပ်မယ်။ ကျုပ် နှိပ်မယ်။” ဖုန်းဟန်က စဉ်းစားစရာ ဘာမှ မရှိတော့ကြောင်း သိလိုက်သဖြင့် စိတ်ပိုင်းဖြတ်ကာ လက်ဗွေနှိပ်လိုက်သည်။

ဖန်ကျန်းရီက ထွက်ဆိုချက်ကို သိမ်းဆည်းလိုက်ပြီးနောက် စကားစလိုက်၏။ “ထိုင်ပါ၊ နောင်ဆိုရင် အားလုံးက ကိုယ့်လူတွေ ဖြစ်သွားပြီ၊ ဒီနေ့ကစပြီး ကျုပ်ခိုင်းတာ အကုန် လုပ်ရမယ်၊ နားလည်လား။”

ဖုန်းဟန်က မူလ နေရာတွင် ပြန်ထိုင်လိုက်ပြီး စိတ်လှုပ်ရှားစွာဖြင့် မေးလိုက်သည်။ “ဒါဆို အမတ်မင်း ကျုပ်ကို ဘာလုပ်စေချင်တာလဲ။”

“ခင်ဗျားကို အသက်ရှင်ခွင့် ပေးတာက ခင်ဗျား မြို့ကို ကောင်းကောင်း အုပ်ချုပ်နိုင်လို့ပဲ။ အဲဒီ နှစ်သိန်း ခုနစ်သောင်းကို ခင်ဗျား ချူမိသားစုကို ပေးလိုက်၊ ချူမိသားစုက ကျုပ်အပေါ် ကျေးဇူးရှိတယ်၊ အဲဒါ ကျုပ်ရဲ့ ကျေးဇူးဆပ်လက်ဆောင်လို့ မှတ်လိုက်။

ဒါပေမဲ့ အဲဒီငွေကို သူတို့ အလကား ရမှာတော့ မဟုတ်ဘူး၊ ဝူမင်းသား ထွက်ပြေးသွားတော့ အစိုးရက လူလွှတ်ပြီး လိုက်ဖမ်းရမယ်။ အဲဒီအတွက် သင်္ဘောကောင်းတွေ လိုအပ်တယ်။ ဒါကြောင့် ခင်ဗျား ဒီမှာ နေပြီး သင်္ဘောတွေကို သေချာ ကြီးကြပ် တည်ဆောက်ရမယ်။”

ဖုန်းဟန် အံ့ဩသွား၏၊ နှစ်သိန်း ခုနစ်သောင်းကို ဒီအတိုင်း ပေးလိုက်တာလား။

“အမတ်မင်း … အဲဒီငွေတွေထဲက တစ်ပြားမှ မယူဘူးလား။”

“ကျုပ် တစ်ပြားမှ မယူဘူး၊ နှစ်သိန်း ခုနစ်သောင်းက သင်္ဘောတည်ဆောက်ဖို့ မလောက်နိုင်ပေမဲ့ အရင် သုံးထားလိုက်။ နောက်မှ အရှင်မင်းမြတ်ကို တင်ပြပြီး ငွေထပ်ချပေးဖို့ တောင်းပေးမယ်။”

“ဒါဆို ကျုပ်ကိစ္စက...”

“စိတ်ချပါ၊ ခင်ဗျားက ဝူမင်းသားနဲ့ ဘာမှ မပတ်သက်ဘူး ဆိုမှတော့ ကျုပ်က ခင်ဗျားကို အပြစ်ကင်းကြောင်း သက်သေပြပေးမှာပေါ့။”

ဖန်ကျန်းရီက လက်ကာပြလိုက်သည်။ “ခင်ဗျား အရင် သွားနားလိုက်တော့။ ဒီမှာ ခင်ဗျား လုပ်စရာ ဘာမှ မရှိတော့ဘူး။ နောက်ရက်အနည်းငယ်နေရင် ငွေတွေကို ချူအိမ်တော်ကို သွားပို့ပေးလိုက်။”

ဖုန်းဟန် ထွက်သွားပြီးနောက် ရှဲ့ရှန်းက ဖန်ကျန်းရီ အနားသို့ ကပ်လာပြီး စိုးရိမ်တကြီးဖြင့် မေးလိုက်၏။ “သခင်လေး … သူက ကြံရာပါ ဖြစ်နေတာကို ကျင်းယီဝေ ဖွဲ့စည်းပြီးတာတောင် အရှင်မင်းမြတ်ကို သတင်းမပို့တာ အဆင်ပြေပါ့မလား။”

ဖန်ကျန်းရီက ခါးသက်စွာ ပြုံးကာ ခေါင်းယမ်းလိုက်သည်။ “ဘာမှ မတတ်နိုင်ဘူး။ တကယ် အလုပ်ဖြစ်ဖို့ ဆိုရင် ပြဿနာကို ခေါင်းပေါ်တင်သင့်ရင် တင်ရမှာပဲ။ မြို့တော် ပြန်ရောက်ရင် အရှင်မင်းမြတ်ကို နားချဖို့ ကြိုးစားရမှာပေါ့။ ဒါပေမဲ့ အချိန်ဆွဲလို့ မရဘူး … တချို့ ကိစ္စတွေက မြန်မြန် လုပ်မှ ရမယ်။”

“ညီအစ်ကိုတွေထဲက လူတစ်စုကို ဟိုင်ယွမ်မြို့ကို ပြန်လွှတ်ပြီး ငွေတွေ မြို့တော်ဆီ ပြန်ပို့ခိုင်းလိုက်။ ကျုပ်တို့လည်း ဒီမှာ ပစ္စည်းတွေ သိမ်းပြီး စီစဉ်စရာ ရှိတာ စီစဉ်ပြီးရင် အိမ်ပြန်ကြမယ်။”

အပိုင်း (၅၄၂) ဝမ်းနည်းပူဆွေးနေသော ချူမိသားစု။

ချူအိမ်တော် ခြံဝင်းအတွင်းတွင် လေထုက ဝမ်းနည်းပူဆွေးနေ၏။

ချူတယ်ယွင်က သတိပြန်လည်လာပြီးနောက် မျက်လုံးများ ဝေဝါးကာ ကုလားထိုင်ပေါ်တွင် ပျော့ခွေနေသည်။

သူ၏ ဘေးတွင် စိတ်မပါ့တပါ ဖြစ်နေသော ချူသခင်လေး ရှိနေ၏။

ချူချင်ဟန်နှင့် ချူယိုယီတို့ပင်လျှင် ကိုယ့်အတွေးနှင့်ကိုယ် ရှုပ်ထွေးနေကြသည်။

ချူတယ်ယွင်က ရုတ်တရက် စကားစလိုက်၏။ “အမတ်မင်းဖန် ငါတို့အိမ် ရောက်လာတုန်းက ဘာတွေများ ဒုက္ခ ပေးခဲ့မိသေးလဲ။ ယိုယီ .. နင် သူ့ကို အနိုင်မကျင့်ခဲ့ဘူးမလား။”

ချူယိုယီက ခဏမျှ စဉ်းစားပြီး သတိထားကာ ပြန်ဖြေလိုက်သည်။ “ကျွန်မ သူ့ကို နှစ်ခွန်းလောက် ဆဲခဲ့ဖူးတယ် ထင်တယ်... ပြဿနာ မရှိလောက်ပါဘူးနော် အဖေ။”

“…..”

အချိန်အတော်ကြာ တိတ်ဆိတ်သွားပြီးနောက် ချူတယ်ယွင်၏ မျက်လုံးများတွင် ဝမ်းနည်းမှုများ ပေါ်လာပြီး စကားစလိုက်၏။ “သွားပြီ၊ ငါတို့ ချူမိသားစုတော့ လုံးဝ သွားပြီ။ ဟားဟား... ရာဇဝတ်ကောင်တွေကို ခိုးဝှက်ထားတယ်။ အစိုးရ အမတ်ကြီးက ငါတို့အိမ်မှာ အစေခံ လာလုပ်နေတာကို နင်က ဆဲလိုက်သေးတယ်... ငါ အရင်ဘဝက ဘာအကုသိုလ်တွေ လုပ်ခဲ့လို့လဲ။

“နှစ်တစ်ရာကျော် တည်ဆောက်ခဲ့တဲ့ စီးပွားရေးတွေ အကုန်လုံး ပျက်စီးသွားပြီ။ ငါ ချူတယ်ယွင် က ဘိုးဘွားတွေကို မျက်နှာမပြရဲတော့ဘူး။ ငါ က လူဆိုးကြီးပဲ။”

ချူသခင်လေးက ခေါင်းကုတ်ကာ မေးလိုက်သည်။ “လူတွေ အကုန် ပြန်သွားပြီ မဟုတ်ဘူးလား အဖေ။ ဘာပြဿနာ ရှိနိုင်သေးလို့လဲ။ ဖန်ကျန်းရီက ဘယ်သူလဲ။ ဒုံဖူက ဘယ်လိုလုပ် လူစိမ်းတွေကို အိမ်ထဲ ဝင်ခွင့်ပြုထားတာလဲ။”

ဤမေးခွန်းလေးခုက ချူတယ်ယွင်၏ စိတ်ကို လုံးဝ ပေါက်ကွဲသွားစေပြီး သူက မနေနိုင်ဘဲ ဒေါသတကြီး အော်ဟစ်လိုက်၏။

“မင်း ပါးစပ်ပိတ်ထားစမ်း။ မင်းမှာ ငါ့လို တုံးတဲ့သား မရှိဘူး။ ဟုတ်တယ် .. ဒုံဖူ .. အဲဒီခွေးကောင် ဘယ်ရောက်သွားလဲ။ သူ့ကို သွားခေါ်စမ်း။ ငါနဲ့ လာတွေ့ခိုင်း။”

တံခါးဝရှိ အစေခံက ချူတယ်ယွင်က ဒုံဖူကို ခေါ်နေသည်ကို ကြားသောအခါ ချက်ချင်း ပြေးထွက်သွားသည်။

အချိန်အတော်ကြာမှ ဒုံဖူက အမောတကောဖြင့် ပြန်ရောက်လာ၏။

မူလက သူသည် အပြင်ဘက်တွင် စီးပွားရေး ကိစ္စများကို ကူညီလုပ်ကိုင်ပေးနေပြီး အိမ်တွင် ဘာတွေဖြစ်ခဲ့သည်ကို လုံးဝ မသိခဲ့ပေ။

သို့ပေမည့် အိမ်ပြန်ရောက်သောအခါ ပန်းခြံနှင့် မြက်ခင်းပြင်များ အားလုံး ဖရိုဖရဲ ဖြစ်နေသည်ကို မြင်လိုက်ရသဖြင့် အနည်းငယ် ထိတ်လန့်စွာဖြင့် မေးလိုက်သည်။ “သခင်ကြီး … အိမ်ကို သူခိုးဝင်တာလား။”

“သူခိုး မအေပေး .. မင်းလို အိမ်တွင်းသူခိုး ရှိနေလို့ ဖြစ်တာ။” ချူသခင်လေးက အကြောင်းမဲ့ အဆဲခံလိုက်ရသဖြင့် ဒေါသထွက်နေသည်။ ဒုံဖူကို တွေ့သည်နှင့် ရှေ့တိုးကာ ခြေထောက်ဖြင့် တစ်ချက် ကန်လိုက်၏။

“ငါ မေးမယ်၊ ဖန်ထန်ကျင့် ဆိုတဲ့ ကောင်က ဘယ်က ရောက်လာတာလဲ။”

ဒုံဖူမှာ စိတ်ထိတ်လန့်သွားပြီး မျက်လုံးများ ကလည်ကလည် ဖြစ်သွား၏။ “အဲဒါ... သူက နှစ်သစ်ကူးပြီးမှ ပုံမှန် အလုပ်ခေါ်စာနဲ့ ဝင်လာတာလေ။ ဘာပြဿနာမှ မရှိပါဘူး။”

“ခင်ဗျား လျှောက်ပြောနေတာပဲ။”

ချူသခင်လေးက ရှေ့တိုးကာ နောက်တစ်ချက် ထပ်ကန်လိုက်သည်။ “အဖေ .. သူ အခုထိ အမှန်တိုင်း မပြောသေးဘူး၊ သူ့ကို သတ်ပစ်လိုက်တာ ပိုကောင်းမယ်။”

ချူမိသားစုဝင် အားလုံးက မတ်တပ်ရပ်ကာ ဒုံဖူကို ဝိုင်းပြီး စူးစူးရဲရဲ ကြည့်နေကြ၏။

ချူတယ်ယွင်က ဒေါသကို အတင်းမြိုသိပ်ကာ မေးလိုက်သည်။ “ဒုံဖူ .. မင်း အခု အမှန်တိုင်း ပြောစမ်း။ မင်း ငါ့ဆီမှာ အလုပ်လုပ်လာတာ ဒီလောက် ကြာပြီ ဆိုတော့ မင်းကို တစ်ခါလောက် ခွင့်လွှတ်ပေးမယ်။ ထပ်လိမ်နေရင်တော့ ငါရက်စက်တယ်လို့ မပြောနဲ့။”

ဒုံဖူက ကြမ်းပြင်ပေါ်တွင် ထိုင်လျက် လေးဖက်လေးတန်မှ အကြည့်များကို မြင်ရသောအခါ စိတ်ထဲတွင် လုံးဝ ပျက်စီးသွား၏။

သွားပြီ။ ဖန်ထန်ကျင့်ရဲ့ အဆင့်အတန်း ပေါ်သွားပြီ ထင်တယ်။ ဒီလူ ဘာမကောင်းတာတွေ လုပ်ခဲ့လဲ မသိဘူး။

ထိုသို့ တွေးမိပြီး ဒုံဖူက လက်နှစ်ဖက် ထောက်ကာ မတ်တပ်ရပ်ရန် ကြိုးစားရင်း ကြမ်းပြင်ပေါ်တွင် ဒူးထောက်၍ ခေါင်းကို သုံးကြိမ်ဆောင့်ကာ ပြောလိုက်သည်။ “သခင်လေး ကျုပ်အသက်ကို ချမ်းသာပေးပါ... ဖန်... ဖန်ထန်ကျင့်က ကျုပ်ကို ငွေတုံး ငါးရာ ပေးပြီး အဲဒီလို ပြောခိုင်းတာပါ။”

“ငွေတုံး ငါးရာနဲ့ မင်းက ချူမိသားစုကို ရောင်းစားလိုက်တာလား။ ကျေးဇူးကန်းတဲ့ ကောင်။” ချူတယ်ယွင်က ဒေါသတကြီးဖြင့် သူ့ကို ခြေထောက်ဖြင့် နှစ်ချက် ကန်လိုက်၏။

တစ်ချိန်လုံး စကားမပြောဘဲ နေသော ချူချင်ဟန်က ရုတ်တရက် အသံထွက်လာသည်။ “အဖေ .. အဖေ အရင် စိတ်အေးအေး ထားပါ။ ဒုံဖူ ငါ မေးမယ်၊ ဖန်ကျန်း... ဖန်ထန်ကျင့်က ဘာလို့ ချူအိမ်တော်မှာ အစေခံ လာလုပ်ရတာလဲ။”

ဒုံဖူ၏ ဦးနှောက်က လျင်မြန်စွာ အလုပ်လုပ်သွားသည်။ အသက်ကယ်ကောက်ရိုးကို ရှာတွေ့သွားသကဲ့သို့ ခံစားလိုက်ရ၏။ “ကျုပ် သတိရပြီ။ သခင်လေး .. ကျုပ် တမင် ဖုံးကွယ်ထားတာ မဟုတ်ပါဘူး... ဖန်ထန်ကျင့်က ပထမသခင်မလေး အတွက် လာတာပါ။ သူက ပထမသခင်မလေးကို ကြိုက်နေတာ ကြာပြီ၊ ဒါကြောင့် ပထမသခင်မလေး အနား ကပ်ဖို့ ဒီနည်းလမ်းကို သုံးခဲ့တာပါ။

သူက သူ့ကိုယ်သူ အဆင့်အတန်း မနိမ့်ဘူးလို့ ပြောတယ်၊ သူ့ပုံစံကို ကြည့်ရတာလည်း အရည်အချင်း ရှိပြီး ငွေတုံး ငါးရာတောင် အလွယ်လေး ထုတ်ပေးနိုင်တယ် ဆိုတော့၊ ဒီလို သစ္စာရှိတဲ့ သူမျိုးက ပထမသခင်မလေးနဲ့ဆို လိုက်ဖက်မှာပဲ လို့ ကျုပ် တွေးမိတယ်။ ပထမသခင်မလေးက အခုထိ အိမ်ထောင် မကျသေးတော့၊ ကျုပ်လည်း အရမ်း စိုးရိမ်နေတာ... ကြာရင် အပျိုကြီးဖြစ် ..”

“သောက်ကျိုးနည်း သွားသေလိုက်စမ်း။ သူများကိစ္စ ဝင်စွက်ဖက်နေတယ်။ ငါ့ညီမ အိမ်ထောင်ပြုမပြုက မင်းနဲ့ ဘာဆိုင်လို့လဲ။” ချူသခင်လေးက ဒေါသတကြီး ဆဲဆိုလိုက်သည်။

ချူချင်ဟန်၏ မျက်နှာမှာ ရုတ်တရက် နီရဲသွားပြီး အထစ်ထစ်အငေါ့ငေါ့ဖြင့် ပြန်ပြောလိုက်၏။ “မဖြစ်နိုင်ဘူး .. ကျွန်မ သူနဲ့ တွေ့ဖူးတာ အကြိမ်နည်းနည်းလေးပါ။ ဆင်ခြေတွေ … ဒါက သူ ရှင့်ကို လိမ်ဖို့ သုံးခဲ့တဲ့ ဆင်ခြေတွေ သတ်သတ်ပဲ၊ ချူအိမ်တော်ကို လာတာ တခြား အကြောင်းပြချက် သေချာပေါက် ရှိရမယ်။”

ချူယိုယီ၏ မျက်နှာလေး ဖြူရော်သွားပြီး ခေါင်းငုံ့ကာ ခြေဖျားကိုသာ ကြည့်ရင်း ဘာတွေ စဉ်းစားနေလဲ မသိပေ။

ချူတယ်ယွင်ကတော့ ငေးကြောင်သွားပြီး ပါးစပ်မှ တိုးညင်းစွာ ရေရွတ်လိုက်၏။ “တကယ်ပဲ အဲဒီလိုလား။”

ချူသခင်လေးက ခဏမျှ စဉ်းစားပြီးနောက် ရုတ်တရက် အလွန် ဝမ်းသာအားရ ဖြစ်သွားသည့် မျက်နှာထားဖြင့် ပြောလိုက်သည်။ “ဟုတ်တယ်။ သေချာပေါက် ဟုတ်တယ် အဖေ။ လုံးဝ မမှားဘူး။”

“အဖေ မသိသေးဘူး၊ ကျုပ် ပြည့်တန်ဆာရုံမှာ သူ့ကို တွေ့ဖူးတယ်၊ သူက အရက်နတ်ဆိုးကြီးပဲ။ ဒီလူက မိန်းမ အရမ်း ကြိုက်တဲ့သူ၊ သူ ချင်ဟန်ကို မြင်တာနဲ့ တစ်ခါတည်း ကြိုက်သွားတာ သေချာတယ်၊ ကျုပ်တို့ မိသားစုတော့ ကြီးပွားပြီ။

တော်လိုက်တာ၊ တကယ် တော်တာပဲ... မိန်းမ တစ်ယောက်အတွက်နဲ့ အစေခံတောင် လာလုပ်ရဲတယ်၊ သူ အရက်နတ်ဆိုးကြီး ဖြစ်လာတာလည်း မဆန်းဘူး...”

ချူတယ်ယွင်၏ မျက်လုံးများ ပြဲထွက်မတတ် ဖြစ်သွားပြီး အလျင်အမြန် မေးလိုက်၏။ “မင်း သေချာလို့လား။ ဒီကိစ္စက မိသားစု တစ်ခုလုံးရဲ့ အသက်အန္တရာယ်နဲ့ သက်ဆိုင်နေတာနော်။”

“မမှားဘူး အဖေ၊ ကျုပ် တစ်လကို ပြည့်တန်ဆာရုံ အကြိမ် နှစ်ဆယ်လောက် သွားတာ၊ ဒီလို မိန်းမကြိုက်တဲ့ ကောင်တွေကို ကျုပ် မကြည့်တတ်ရင် အလကားပဲပေါ့။” ချူသခင်လေး၏ မျက်နှာပေါ်တွင် ဂုဏ်ယူသည့် အရိပ်အယောင်လေး ပေါ်လွင်နေသည်။

ချူယိုယီက ခေါင်းကို ဖြည်းညှင်းစွာ မော့လာပြီး အစ်ကိုဖြစ်သူကို အထင်သေးစွာ ကြည့်လိုက်၏။

တစ်လကို အကြိမ်နှစ်ဆယ်လောက် ပြည့်တန်ဆာရုံသွားတဲ့သူ တကယ် ရှိတာပဲ၊ ပြီးတော့ အဲဒီလူက ကိုယ့်ဘေးမှာ ရှိနေတာ...

ချူတယ်ယွင်က စိတ်လှုပ်ရှားစွာဖြင့် လမ်းလျှောက်နေပြီး ပြောလိုက်သည်။ “ကောင်းတယ်။ ကောင်းတယ်။ ကယ်တင်ရှင် ရပြီ၊ ချူမိသားစု ကယ်တင်ရှင် ရပြီ၊ ကျုပ် သွားပြီး အမတ်မင်း ဖန် ကို ပင့်လိုက်မယ်၊ ချင်ဟန် နင် သွားပြီး သူ့ကို အဖော်ပြုပေးလိုက်။ သူက နင့်ကို သဘောကျတယ် ဆိုမှတော့ နင် သူ့ကို မယားငယ် အဖြစ် လက်ထပ်လိုက်ရင်လည်း ကျေနပ်စရာပဲ။”

ချူချင်ဟန်၏ မျက်နှာ လုံးဝ သွေးဆုတ်သွား၏။ “အဖေ … အဖေ ဘာတွေ လျှောက်ပြောနေတာလဲ။ ဒုံဖူက လျှောက်ပြောနေတာ၊ အစ်ကိုကြီးကလည်း လျှောက်ပြောနေတာပဲ။ ကျွန်မက အဖေ့ သမီးလေ။ အဖေက ကျွန်မကို ဒီအတိုင်း ပေးစားလိုက်တော့မလို့လား။”

ချူတယ်ယွင်၏ မျက်နှာပေါ်တွင် အရှက်ရသည့် အရိပ်အယောင် ပေါ်လာ၏။ “ချင်ဟန်ရယ် .. နင် နောက်ဆုံးတော့ အိမ်ထောင်ပြုရမှာပဲ၊ ဘယ်သူ့ကို လက်ထပ်လက်ထပ် အတူတူပဲ မဟုတ်ဘူးလား။ နင် ဖန်ကျန်းရီကို သဘောမကျဘူးလို့ မပြောနဲ့နော်၊ သူနဲ့ လက်ထပ်လိုက်ရင် နင်လည်း ပျော်ရမယ်၊ ချူမိသားစုလည်း လုံခြုံသွားမယ်။

သူက အစိုးရ အမတ်ကြီးလေ၊ အစိုးရ ကိုယ်စားပြုတဲ့သူပဲ။ နင် သူ့ကို မလက်ထပ်ရင်၊ ဒီကိစ္စကို ဘယ်လို ဖြေရှင်းလို့ ရတော့မှာလဲ။”

“နင်က ဉာဏ်ကောင်းတယ် ဆိုတော့ ဒီလောက်တော့ နားလည်မှာပါ။”

ချူချင်ဟန်မှာ နေရာတွင်ပင် မှင်တက်သွားပြီး ဝိညာဉ်လွင့်သွားသကဲ့သို့ ဖြစ်နေသည်။

ယခု သူမ၏ စိတ်ထဲတွင် စိတ်ပျက်မှုများနှင့် ဝမ်းနည်းမှုများသာ ပြည့်နှက်နေ၏...။ အိမ်က စီးပွားရေးတွေအတွက် ဒီလောက် ပင်ပန်းဆင်းရဲ ခံခဲ့ရတာ၊ နောက်ဆုံးတော့ ကိရိယာ တစ်ခုလောက်ပဲ အသုံးဝင်တာလား။

ချူတယ်ယွင် ပြောတာကလည်း မှန်နေတော့ သူမ ငြင်းလို့ မရနိုင်ဘူး။

ဒါက သူမ မြင်ဖူးသမျှထဲမှာ ရာထူးအကြီးဆုံး အမတ်ပဲ၊ ပြီးတော့ မြို့တော်ကနေ လာတာ၊ ကုန်သည် မိသားစု တစ်ခုမှာ အစေခံ လာလုပ်နေတယ် ဆိုတော့ ဘယ်ဘက်က ကြည့်ကြည့် ဒီကိစ္စက ဖြေရှင်းဖို့ ခက်ခဲလွန်းတယ်။

ဒါပေမဲ့... အဖေနဲ့ အစ်ကိုက သူမကို လူတစ်ယောက်လို့ သဘောထားရဲ့လား။

ချူယိုယီကလည်း မျက်မှောင်ကုတ်သွားပြီး ဖခင်ဖြစ်သူကို ဒေါသတကြီး ကြည့်ကာ ပြောလိုက်သည်။ “အဖေတို့ အရမ်း လွန်လွန်းတယ်။ ဖန်ကျန်းရီက အဲဒီလို လူမျိုး မဟုတ်ပါဘူး၊ ဘာလို့ ဒီလောက် အများကြီး တွေးနေရတာလဲ။

ပြီးတော့ သူ ကိုယ်တိုင် လာတာလေ၊ ကျွန်မတို့နဲ့ ဘာဆိုင်လို့လဲ။ ဒါက အစ်မ အတွက် တရားမျှတမှု ရှိလို့လား။”

ချူတယ်ယွင်က စိတ်မရှည်စွာဖြင့် ပြန်ပြောလိုက်၏။ “ယိုယီ … နင် အခန်းထဲ ပြန်သွားနားတော့။ လောကအကြောင်း နားမလည်တဲ့ ကလေးက ဘာသိလို့လဲ။”

“ဟုတ်တယ်။”

ချူသခင်လေးက ဝင်ပြောလိုက်သည်။ “ဘာမှ နားမလည်ဘဲနဲ့ ဝင်မပါနဲ့။ နင့်ကို ကြည့်စမ်း၊ တစ်နေ့လုံး စားသောက်ဆိုင်သွားပြီး ထမင်းစားနေတာ၊ ငယ်ငယ်ကတည်းက ဝါးလုံးလေးလို ပိန်လှီနေတာ၊ ထမင်းစားတာ အလကားပဲ။ ဒီလောက် ပိန်လီနေတာ နောက်ဆိုရင် နင့်လို ပုံစံမျိုးကို ဘယ်သူက လက်ထပ်ချင်မှာလဲ။”

ဝါးလုံး... ငယ်ငယ်ကတည်းက... ကျွန်မ …။

ချူယိုယီက အောက်ဘက်သို့ တစ်ချက် ငုံ့ကြည့်လိုက်ပြီး ရုတ်တရက် တစ်ခုခုကို သတိပြုမိသွားသကဲ့သို့ ခေါင်းထဲတွင် ဗြောင်းဆန်သွား၏။

ခေါင်းမော့လိုက်သောအခါ မျက်လုံးအိမ်တွင် မျက်ရည်များ ပြည့်နှက်နေပြီ ဖြစ်ပြီး၊ လူတိုင်းကို ဒေါသတကြီး အော်ဟစ်လိုက်သည်။ “လူလိမ်တွေ။ လူလိမ်တွေ။ အဲဒီ လူလိမ်ကြီး။”

ပြောပြီးသည်နှင့် မျက်ရည်များ သုတ်ကာ ပြေးထွက်သွားတော့၏။

All Chapters