အခန်း (၅၄၅-၅၄၆)
Vol. 30 Ch. 545-546
အပိုင်း (၅၄၅) မည်သူ့ကို ပြောပြရမလဲ။
ဖန်ကျန်းရီတွင် မည်သို့ပင်ဆိုစေ နောက်ဆုံးစည်းမျဉ်း ရှိပသည်။ ထိုစည်းမျဉ်းမှာလည်း စကားသတ်သတ် မဟုတ်ချေ။ ဤကိစ္စက ထို ချူသခင်လေးလုပ်သောကိစ္စဖြစ်ကြောင်း သိသာလှပြီး ချူချင်ဟန်မှာလည်း ဘာမှနားမလည်သော ပုံစံပေါက်နေ၏။
ထို့အပြင် ချူချင်ဟန်ကဲ့သို့ မိန်းမသားတစ်ယောက်က မိသားစုအတွက် မရင်းနှီးသော လူတစ်ယောက်ကို ခန္ဓာကိုယ် ပေးဆပ်နိုင်ခြင်းအတွက် ဖန်ကျန်းရီ၏ စိတ်ထဲတွင် အနည်းငယ် လေးစားမိသည်။
မိမိသာ အမှန်တကယ် လက်ပါခြေပါ လုပ်မိပါက သူမ၏ တစ်သက်တာ အပျိုစင်ဘဝကို ဖျက်ဆီးလိုက်ခြင်းပင်။
ဤခေတ်က နောက်ပိုင်းခေတ်များနှင့် မတူဘဲ တင်ပါးပုတ်ကာ ထွက်သွား၍ ရသည်မျိုး မဟုတ်ချေ။ အလှလေးများ ကို သဘာဝအရ မည်သူမဆို သဘောကျသော်လည်း သံယောဇဉ်အခြေခံ မရှိဘဲ တစ်ဖက်လူကို အတင်းအကျပ် အကျပ်ကိုင်ခြင်းထက် ပြည့်တန်ဆာရုံသို့ သွားခြင်းက ပိုကောင်းပေလိမ့်မည်။
အခန်းထဲတွင် လက်အားကိုးကာ အကြိမ်ကြိမ် ဖြေရှင်းပြီးနောက် ဖန်ကျန်းရီက တံခါးကို ဖြည်းညှင်းစွာ တွန်းဖွင့်လိုက်သည်။ လက်ထဲတွင် လက်ကိုင်ပုဝါကို ဆုပ်ကိုင်ထားဆဲဖြစ်၏။
အပြင်ဘက်တွင် မိုးချုပ်နေပြီဖြစ်ပြီး ချူချင်ဟန် တစ်ယောက်တည်း တံခါးအပြင်ဘက်တွင် စိုးရိမ်တကြီး ရပ်နေဆဲဖြစ်ကာ ဖန်ကျန်းရီ ထွက်လာသည်ကို မြင်လျှင် ချက်ချင်း ရှေ့တိုးလာပြီး စိုးရိမ်စွာ မေးလိုက်သည်။ "ဖန် လူကြီးမင်း... အဆင်ပြေရဲ့လား။"
ကိစ္စတော့ မရှိပေ။ သို့သော်ငြား တစ်စက်မှ မကျန်တော့ချေ။ ထိုသို့ဆိုလျှင်တောင် စိတ်ထဲတွင် အနည်းငယ် ဆန္ဒရှိနေဆဲဖြစ်ပြီး ဤမြင်းဆေးက တကယ်ပင် အရှိန်ပြင်းလွန်းလှသည်။
ဖန်ကျန်းရီ က သက်တောင့်သက်သာ အမူအရာဖြင့် လက်ကာပြကာ ပြောလိုက်သည် "အာ... ကိစ္စမရှိပါဘူး။ ခင်ဗျားလည်း စောစော အနားယူတော့။ ကိစ္စရှိရင် မနက်ဖြန်မှ ဆက်ပြောကြတာပေါ့။"
ချူချင်ဟန် မှာ ဖွင့်ပြောရန် ခက်ခဲနေကာ ခဏတာ တုံ့ဆိုင်းနေပြီးနောက် ခက်ခက်ခဲခဲဖြင့် ပြောလိုက်သည် "ဖန် လူကြီးမင်း... ယနေ့ကိစ္စက ကျွန်မရဲ့အစ်ကိုကြီး နားလည်မှုလွဲသွားတာပါ။ ဖန်လူကြီးမင်း ခွင့်လွှတ်ပေးဖို့ မျှော်လင့်ပါတယ်။"
ကျောက်စိမ်းကဲ့သို့ လှပသော သူမ၏ မျက်နှာလေးကို ကြည့်ကာ ဖန်ကျန်းရီ မှာ အာခေါင်များ ခြောက်သွေ့လာသည်။ သို့ပေမည့် သက်ပြင်းချကာ ပြောလိုက်သည် "တကယ် ကိစ္စမရှိပါဘူး။ ခင်ဗျား အိမ်ကလူတွေကို ရှင်းပြလိုက်ရင် ရပါပြီ။ ကျုပ် အပြင်မှာ လျှောက်ပြောမှာ မဟုတ်ပါဘူး။ ဒီလက်ကိုင်ပုဝါကိုတော့ ကျုပ်ကို ပေးလိုက်ပါ။"
ဖန်ကျန်းရီ၏ လက်ထဲတွင် အစွန်းလေး ထွက်နေသော လက်ကိုင်ပုဝါကို ကြည့်ကာ ချူချင်ဟန်၏ လှပသော မျက်နှာလေးပေါ်၌ ညနေဆည်းဆာလို နီမြန်းသော အရောင်အစင်းနှစ်ခု ရုတ်တရက် ပေါ်ပေါက်လာသည်။ ပြီးနောက် ခေါင်းညိတ်ပြရင်း ပြောလိုက်၏။ "အင်း။"
ဖန်ကျန်းရီ လည်း တုံ့ဆိုင်းမနေဘဲ ခြေလှမ်းစတင်ကာ ထွက်ခွာသွားသည်။
ရုတ်တရက် ချူချင်ဟန် က တစ်စုံတစ်ခုကို သတိရသွားသကဲ့သို့ ဖန်ကျန်းရီ ကို ထပ်မံလှမ်းခေါ်လိုက်သည်။ "ဖန် လူကြီးမင်း .. ခဏလောက် နေပါအုံး။"
ဖန်ကျန်းရီ၏ သံသယဝင်နေသော အကြည့်များကို ကြည့်ကာ ချူချင်ဟန် က ရှက်ရွံ့စွာ မေးလိုက်၏။ "ဖန် လူကြီးမင်း... ချင်ဟန် က လူကြီးမင်း ရေးထားတဲ့ ကဗျာကို အမြဲတမ်း သဘောကျနေခဲ့တာပါ။ အဆုံးသတ်များ ရှိမလား မသိဘူးနော်။"
ကဗျာလား။ ယွီလင်လင် ကဗျာလား။ မြို့ထဲတွင် မပျံ့နှံ့သေးဘူးလား။ သို့မဟုတ် ချူချင်ဟန် က ပုံမှန်အားဖြင့် စီးပွားရေးလုပ်ငန်းများနှင့် အလုပ်များနေသဖြင့် ဤအရာများကို အချိန်မီ မသိရှိရခြင်းလား။
ဖန်ကျန်းရီ က ခဏမျှ ပြန်တွေးလိုက်ပြီး တိုးညှင်းစွာ ပြောလိုက်သည်။ "အလှတရားတွေ ထောင်သောင်းချီ ရှိနေပါစေ... မည်သူ့ကို ပြောပြရမည်နည်း။"
ချူချင်ဟန် က ရေရွတ်လိုက်သည် "အာ။"
ထို့နောက် နေရာတွင်ပင် ကြက်သေသေသွားကာ ပါးပြင်မှ နီမြန်းမှုနှစ်ခုက ကျောက်စိမ်းကဲ့သို့ လည်တိုင်ဆီသို့ တဖြည်းဖြည်း ပြန့်နှံ့သွား၏။ မကောင်းသော ကိစ္စအချို့ကို ဆက်စပ်တွေးမိသွားသကဲ့သို့ အလွန်အမင်း ရှက်ရွံ့စွာဖြင့် မျက်နှာကို အုပ်ထားလိုက်သည်။
လက်ကို ချလိုက်ပြီး စကားနှစ်ခွန်းလောက် ပြောရန် ပြင်လိုက်ချိန်တွင် ဖန်ကျန်းရီ၏ ကျောပြင်က တိတ်ဆိတ်စွာ ပျောက်ကွယ်သွားခဲ့၏။
လူသူကင်းမဲ့နေသော လမင်းပုံစံ တံခါးပေါက်ကို ကြည့်ကာ ချူချင်ဟန် မှာ ခဏတာ ငေးမောသွားမိသည်။
ဖန်ကျန်းရီ မှာ အလျင်စလို လျှောက်လာခဲ့ရာ တောင်ဘက်ခြံဝင်းကို ဖြတ်သွားသည်နှင့် သေးသွယ်သော ပုံရိပ်လေးတစ်ခု ခုန်ထွက်လာပြီး လက်နှစ်ဖက်ကို ဆန့်ထုတ်ကာ လမ်းပိတ်ရပ်လိုက်ရင်း အော်ဟစ်လိုက်သည်။ "ဖန်ထန်ကျင့်... ရှင် ရပ်လိုက်စမ်း။"
အပြင်ဘက်တွင် အနည်းငယ် မှောင်နေသော်လည်း ကံကောင်းထောက်မစွာဖြင့် အိမ်အများအပြား၏ အပြင်ဘက်တွင် မီးအိမ်များ ချိတ်ဆွဲထား၏။
ဖန်ကျန်းရီ က မီးရောင်ကို အားကိုးကာ ကြည့်လိုက်တော့ ချူယိုယီ၏ ခေါင်းမာပြီး စူးရှသော အကြည့်ဖြင့် မိမိအား စိုက်ကြည့်နေသည်ကို မြင်လိုက်ရသည်။
ဤသည်ကို မြင်သောအခါ ဖန်ကျန်းရီ က မနေနိုင်ဘဲ ရယ်မောကာ မေးလိုက်၏။ "ဒုတိယသခင်မလေး... ဘာကိစ္စရှိလို့လဲ။"
ချူယိုယီ က ယခုအခါတွင် ဒေါသထွက်နေသော ခြင်္သေ့ပေါက်လေးတစ်ကောင်ကဲ့သို့ ကျယ်လောင်စွာ မေးခွန်းထုတ်လိုက်သည်။ "လူလိမ်။ ရှင်က လူလိမ်ကြီး။ ကျွန်မက လုံးဝ မဝဘူး။ ရှင်က ဘာလို့ ကျွန်မကို ဝတယ်လို့ ပြောပြီး ရက်အတော်ကြာ အလကား အစာငတ်ခံခိုင်းရတာလဲ။"
ချူယိုယီ တစ်ယောက် အကြောင်းပြချက်မရှိဘဲ ရုတ်တရက် ဉာဏ်အလင်းပွင့်သွားလိမ့်မည်ဟု ထင်မှတ်မထားခဲ့သဖြင့် ဖန်ကျန်းရီ မှာ အသံထွက်ကာ ရယ်မောလိုက်မိပြီး ပြောလိုက်၏။ "အဲရက်တွေတုန်းက ခင်ဗျား တကယ် ဝနေတာလေ။ လေပွတာလည်း ဖြစ်နိုင်တယ်။ ကျုပ် သင်ပေးခဲ့တာတွေ အားလုံးက မှန်တယ်။ အားလုံးက ခင်ဗျား ကောင်းကျိုးအတွက်ချည်းပဲ။
ခင်ဗျား နေ့တိုင်း စားသောက်ဆိုင်မှာ သွားစားတာကို ကြည့်လေ။ ခန္ဓာကိုယ်က သေချာပေါက် ပြဿနာ ဖြစ်လွယ်မှာပေါ့။ ထိုအထဲမှာ သုံးထားတဲ့ ဆီတွေက ဘာဆီတွေလဲ ခင်ဗျား သိလား။ ရေမြောင်းထဲက ဆီတွေလေ။ တခြားလူတွေ စားကြွင်းစားကျန် ဆီတွေကို စားသောက်ဆိုင်က ပြန်သိမ်းပြီး ဆက်သုံးတာ။
ကျုပ် ခန့်မှန်းရသလောက် အဲအချိန်တုန်းက ခင်ဗျားက ရေမြောင်းထဲက ဆီတွေ စားမိလို့ လေပွသွားတာ။ ကျုပ် ခင်ဗျားကို ယန်ချွန်းခေါက်ဆွဲ စားခိုင်းတာက ရေမြောင်းထဲက ဆီတွေ နည်းနည်းပဲ စားမိအောင်လို့။ ဝိတ်ချတာက ဒုတိယအချက်ပဲ။ အဓိကက ကျန်းမာရေး ပြန်လည်ကောင်းမွန်လာဖို့ပဲ။
ခင်ဗျား စဉ်းစားကြည့်လေ။ ခင်ဗျားကို ယန်ချွန်းခေါက်ဆွဲ စားခိုင်းပြီးမှ ကျုပ်က ဘာလို့ ဒုက္ခခံပြီး ဆေးဖော်ပေး ရမှာလဲ။ ပြီးတော့ ကျုပ်ရဲ့ အဆင့်အတန်းနဲ့ ခင်ဗျားကို လိမ်စရာ လိုလို့လား။"
ချူယိုယီ၏ ဒေါသများက ရှင်းပြချက်ကို ကြားပြီးနောက် ချက်ချင်း ပျောက်ကွယ်သွား၏။
ဟုတ်ပေသည်။ သူက ဤမျှ ကြီးမားသော အရာရှိကြီးတစ်ယောက်ဖြစ်ရာ မိမိကို လိမ်ညာစရာ အကြောင်းရှိပါမည်လား။ ထိုသို့ဆိုလျှင် မိမိအပေါ် တကယ်ပင် ကောင်းမွန်နေခြင်းလား။
အချိန်အကြာကြီး စဉ်းစားပြီးနောက် ချူယိုယီ၏ စိတ်ထဲတွင် အနည်းငယ် ရှက်ရွံ့မှုတစ်ခု ဖြစ်ပေါ်လာကာ အနေခက်စွာဖြင့် ပြောလိုက်သည် "ကျေး... ကျေးဇူးတင်ပါတယ်။"
သူမက ကျေးဇူးပင် ပြန်တင်နေသေး၏။
ဖန်ကျန်းရီ က ပြုံးဖြီးဖြီးဖြင့် ပြောလိုက်သည်။ "ကိစ္စမရှိပါဘူး။ ကျုပ်က သူတစ်ပါးကို ကူညီရတာကို နှစ်သက်တဲ့သူပါ။ ကျုပ်ရဲ့ အဆင့်အတန်းကို သိသွားတော့ ခင်ဗျားတို့ ချူမိသားစုဝင်တွေ အားလုံးက ကျုပ်ကို ကြောက်ကြတယ်။ ခင်ဗျားက ဘာလို့ မကြောက်တာလဲ။"
ချူယိုယီ က ခေါင်းမော့ကာ အနည်းငယ် သက်ပြင်းချလျက် ပြောလိုက်သည်။ "ရှင်က သဘောထားသေးသိမ်တဲ့သူ မဟုတ်မှန်း ကျွန်မ သိတာပေါ့။ သူတို့ ဦးနှောက်တွေက သိပ်ကို အ ထိုင်းတာပဲ။ ဟိုတွေး ဒီတွေးနဲ့ ရှင်က ကျွန်မတို့ မိသားစုအပေါ် မကောင်းကြံမှာကို ကြောက်နေကြတာ။ ကျွန်မကတော့ အဲတာကို လုံးဝ မတွေးမိဘူး။"
ချူယိုယီ မှာ ဤစကားကို ပြောရင်း အကြည့်များက ဖန်ကျန်းရီ၏ ညာဘက်လက်ဆီသို့ ရုတ်တရက် ရောက်သွားကာ မျက်နှာပေါ်ရှိ သွေးရောင်များ ချက်ချင်း ဆုတ်ယုတ်သွားပြီး မေးလိုက်သည် "ဒါ... ဒါက အစ်မရဲ့ လက်ကိုင်ပုဝါ မဟုတ်လား။ ရှင် သူ့အပေါ်..."
ဖန်ကျန်းရီ က မျက်နှာအမူအရာမပျက်ဘဲ ပြောလိုက်သည်။ "ဪ ... လက်ဖက်ရည် ဖိတ်ကျသွားလို့ ရေသုတ်ဖို့ ယူလာတာပါ။ ကျုပ်တို့ ဘာမှ မဖြစ်ခဲ့ပါဘူး။ ခင်ဗျား အများကြီး မတွေးပါနဲ့။"
ချူယိုယီက ရင်ဘတ်ကို ပုတ်ကာ သက်ပြင်းချလိုက်ပြီးနောက် တစ်စုံတစ်ခုကို သတိရသွားကာ ရှက်သွေးဖြာလျက် မေးလိုက်သည်။ "ဪ .... ရှင်... သွားတော့မှာလား။"
ဖန်ကျန်းရီ က ပြောလိုက်၏။ "အင်း။ သန်ဘက်ခါ သွားမယ်။ လုရှို့ဝမ် အတွက်လည်း ခင်ဗျား စိတ်ပူစရာ မလိုတော့ဘူး။ သူ ခင်ဗျားကို ထပ်ပြီး နှောင့်ယှက်မှာ မဟုတ်တော့ဘူး။ နောက်ပိုင်း အပြင်သွားရင် မျက်စိရှင်ရှင်ထားပါ။ လူဆိုးတွေ အလိမ်မခံရစေနဲ့။ ခင်ဗျား ကံကောင်းလို့သာ ကျုပ်နဲ့ တွေ့တာ။"
ချူယိုယီ က နှုတ်ခမ်းကို ကိုက်ကာ ခေါင်းငုံ့၍ တိတ်ဆိတ်နေပြီး သူ ထွက်သွားတော့မည်ဟု တွေးမိသည်နှင့် စိတ်ထဲတွင် ပြောပြမတတ်သော ခံစားချက်တစ်ခု ဖြစ်ပေါ်လာ၏။
ခဏမျှ လွန်ဆွဲနေပြီးနောက် ခေါင်းမော့ကာ တစ်စုံတစ်ခု ပြောရန် ပြင်လိုက်သည်။
ရှင်းကျူ က ဘေးမှ အလောတကြီး ပြေးထွက်လာရင်း ပြောလိုက်၏။ "သခင်မလေး... သခင်ကြီးက ဖန် လူကြီးမင်းကို ရှာနေတယ်။"
ဖန်ကျန်းရီကို မြင်သောအခါ ရှင်းကျူ လည်း ချက်ချင်း ဒူးထောက်ကာ အလွန်ကြောက်ရွံ့နေသော အမူအရာကို ပြသလိုက်သည်။
ဖန်ကျန်းရီက သက်ပြင်းချကာ ပြောလိုက်သည်။ "ထပါတော့ ရှင်းကျူ ရယ်။ အရင်တုန်းက အစ်ကိုကြီးဖန် လို့ ခေါ်နေကျ မဟုတ်လား။ အခုကျမှ ဘာလို့ဒီ အားနာနေရတာလဲ။"
ရှင်းကျူက သူ့ကို တိတ်တဆိတ် အကဲခတ်လိုက်ပြီးနောက် သတိထားကာ ထရပ်ရင်း ပြောလိုက်၏။ "ကျွန်မ... အရင်တုန်းက ဖန် လူကြီးမင်းရဲ့ အဆင့်အတန်းကို မသိလို့ပါ။ တောင်းပန်ပါတယ် ဖန် လူကြီးမင်း။"
ဖန်ကျန်းရီက အပြုံးဖြင့် ပြောလိုက်သည်။ "စိတ်မလှုပ်ရှားပါနဲ့။ အရင်က မင်းကို ဆန္ဒတစ်ခု ဖြည့်ဆည်းပေးမယ်လို့ ကတိပေးထားတယ်လေ။ မင်း တောက်ယွမ်ခရိုင်ကို သွားကြည့်ချင်တာ မဟုတ်လား။ ငါသန်ဘက်ခါ ထွက်ခွာတော့မယ်။ မင်း ငါတို့နဲ့ အတူ လိုက်မလား။"
ရှင်းကျူ က စိုးရိမ်တကြီးဖြင့် အမြန်ခေါင်းယမ်းကာ ပြောလိုက်သည် "မသွားဘူး။ မသွားဘူး။ ဖန် လူကြီးမင်း... ကျွန်မက နောက်နေတာပါ။"
ဖန်ကျန်းရီ က ပြောလိုက်သည်။ "... ထားပါတော့။ မင်း သွားချင်တယ်ဆိုရင် ငါအချိန်မရွေး ပို့ပေးမယ်။ လမ်းခရီးကနေ တောက်ယွမ်ခရိုင်အထိ စားစရိတ် သောက်စရိတ် နေစရိတ် အားလုံးကို တာဝန်ယူပေးမယ်။ ဒါနဲ့ လိုင်ကော်အာ ရော။ သူ ဘယ်မှာလဲ။"
ရှင်းကျူ က ပြန်ဖြေလိုက်၏။ "လိုင်ကော်အာ က အခန်းထဲမှာ ပုန်းနေတယ်။ အစ်ကိုကြီး ပြောတာတွေက အမှန်တွေချည်းပဲ လို့ အမြဲ ရေရွတ်နေတာပဲ။ ကျွန်မ သူ့ကို သွားရှာပြီး ရှင့်နဲ့ တွေ့ခိုင်းတော့ သူက ဖန်ကျန်းရီ ကို မသိဘူး ကြောက်တယ် လို့ ပြောတယ်။"
ဖန်ကျန်းရီ က ကောင်းကင်ကို မော့ကြည့်ကာ သက်ပြင်းချရင်း ပြောလိုက်သည်။ "ထားပါတော့။ သူ့ကို အရင် ငြိမ်ငြိမ် နေပါစေအုံး။ ငါ သန်ဘက်ခါ ထွက်ခွာတဲ့အချိန်ကျရင် သူ့ကို မဖြစ်မနေ ခေါ်လာခဲ့ပါ။ အချိန်လည်း မစောတော့ဘူး။ မင်းတို့ မြန်မြန် ပြန်နားကြတော့။"
ဖန်ကျန်းရီ ထွက်ခွာသွားသော ကျောပြင်ကို ကြည့်ကာ ချူယိုယီ က တိုးညှင်းစွာ သက်ပြင်းချလိုက်ပြီး စိတ်ထဲတွင် ပြောပြမတတ်သော ခံစားချက်များ ဖြစ်ပေါ်နေ၏။ မခွဲခွာချင်မှုများ၊ သံသယများ ရှိနေသည့်အပြင် ရှင်းပြမရသော အရာများလည်း ရှိနေသေး၏။
ဘေးတွင် ထိုနည်းတူ ငေးမောနေသော ရှင်းကျူကို ကြည့်ကာ မေးလိုက်သည်။ "ရှင်းကျူ... နင်က ဘာလို့ သူ့နောက် မလိုက်သွားတာလဲ။"
ရှင်းကျူ က ချူယိုယီ၏ လက်မောင်းကို ဖက်ကာ ပြောလိုက်၏။ "သခင်မလေး... ကျွန်မလည်း ကြောက်တယ်။"
အပိုင်း (၅၄၆) လိုင်ကော်အာအား ပါးရိုက်ခြင်း။
အချိန်များက အလွန်လျင်မြန်စွာ ကုန်လွန်သွားပြီး အထက်မှ အတင်းအကြပ် တောင်းဆိုနေမှုများလည်း ရှိနေ၏။
ဤဘက်ရှိ ကိစ္စများ ပြီးစီးသွားပြီဖြစ်ရာ ဆက်လက်နေထိုင်ရန် အကြောင်းပြချက် မရှိတော့ပေ။ ဖန်ကျန်းရီ လည်း အားလပ်မနေဘဲ တစ်ရက်တာ အချိန်အတွင်း အသေးအမွှား ကိစ္စအချို့ကို သေချာစွာ စီစဉ်ရမည် ဖြစ်သည်။
ပန်းနီအဖွဲ့ကိုလည်း သဘာဝကျစွာ လျစ်လျူရှုထား၍ မရပေ။ ဖန်ကျန်းရီ က တစ်နာရီခန့် အချိန်ယူကာ နောက်ပိုင်းခေတ်များ၏ အတွေ့အကြုံအချို့ကို အကျဉ်းချုပ်ပြီး ပန်းနီအဖွဲ့ဝင်များထံ ပေးပို့လိုက်၏။
ထို့အပြင် နောက်ထပ် တစ်နာရီခန့် အချိန်ယူကာ ပန်းနီအဖွဲ့၏ စည်းကမ်းများကို ပြန်လည်ပြင်ဆင်ခဲ့ပြီး အရေးအကြီးဆုံး အချက်မှာ ပြည့်တန်ဆာရုံတိုင်းမှ အကျိုးအမြတ်အဖြစ် ရှယ်ယာဆယ်ရာခိုင်နှုန်း ကောက်ခံရန် ဖြစ်သည်။
အဆင့်အတန်းက ဤနေရာတွင် ရှိနေသောကြောင့် မည်သူကမျှ မကန့်ကွက်ရဲဘဲ လူအများအပြားက အလွန်ပင် ဝမ်းသာနေကြသေး၏။ ဤမျှ ခိုင်မာသော ကျောထောက်နောက်ခံကို လောကတွင် ရှာတွေ့ရန် ခက်ခဲလှ၏။
ဖန်ကျန်းရီ ထွက်ခွာမည့်နေ့သို့ ရောက်သောအခါ မရေမတွက်နိုင်သော သူတောင်းစားဂိုဏ်းဝင်များက ပြည့်တန်ဆာရုံ မှ မိန်းကလေးများနှင့်အတူ စပ်စုသူများကိုပါ ခေါ်ဆောင်လာကာ လမ်းတစ်လျှောက် တခဲနက် နှုတ်ဆက်ကြပြီး မြို့ပြင်အထိ လာရောက်ပို့ဆောင်ကြသည်။
ဖန်ကျန်းရီ မှာ အရပ်မြင့်သော မြင်းကြီးပေါ်တွင် စီးနင်းကာ မျက်နှာပေါ်တွင် ဖုံးကွယ်၍မရသော အပြုံးများ ပေါ်လွန်းနေပြီး လက်ကို အဆက်မပြတ် ဝှေ့ယမ်းပြနေ၏။
လူသံများ တိတ်ဆိတ်သွားသည်အထိ စောင့်ပြီးနောက် ဖန်ကျန်းရီ က မျက်နှာကို တည်ထားကာ ဖုန်းဟန် အား လက်ယပ်ခေါ်လိုက်သည်။
ဖုန်းဟန် ချက်ချင်း ရှေ့တိုးလာတော့ ဖန်ကျန်းရီ က ပြောလိုက်၏။ "ကျုပ်က တစ်မြို့လုံးမှာရှိတဲ့ ပြည့်တန်ဆာရုံ ဆယ်ရုံက ရှယ်ယာဆယ်ရာခိုင်နှုန်းကို သိမ်းယူထားတယ်။ လစဉ်ထွက်လာမယ့် အမြတ်ငွေတွေကို ခြေလက်အင်္ဂါ ပြည့်စုံတဲ့ သူတောင်းစားတွေကို ချေးငှားပေးလိုက်။
ကျုပ် ကြည့်ရသလောက် မြို့ပြင်က မြေရိုင်းတွေက နည်းနည်းနောနော မဟုတ်ဘူး။ သူတို့ကို မြေရှင်းပြီး ကန်စွန်းဥ စိုက်ခိုင်းလိုက်။ မြေရိုင်းတွေ ရှင်းလင်းပြီးသွားရင် အစိုးရရုံးက အခွင့်ကောင်းယူပြီး အနှောင့်အယှက် မပေးစေနဲ့။ အကယ်၍ ကျုပ် သိသွားရင် ကျုပ် မညှာဘူးလို့ မပြောနဲ့။
ခန္ဓာကိုယ်ချို့ယွင်းနေတဲ့ သူတောင်းစားတွေကိုတော့ ကျန်တဲ့ ငွေတွေနဲ့ အသက်မွေးဝမ်းကျောင်း တစ်ခုခု ဖန်တီးပေးလိုက်။ ဤကိစ္စကို လောလောဆယ် ခင်ဗျားကို စီမံခိုင်းထားမယ်။ ကျုပ် ပြန်ရောက်သွားရင် ခင်ဗျားကို စောင့်ကြည့်ဖို့ လူလွှတ်လိုက်မယ်။
ပြီးတော့ ချူမိသားစုကိုလည်း သေချာ စောင့်ရှောက်ထားပေး။ သူတို့ကို ကျို မိသားစုနဲ့အတူ အေးအေးဆေးဆေး သင်္ဘောတည်ဆောက်ခိုင်းထား။ အပြင်လူတွေ လာမနှောင့်ယှက်စေနဲ့။ အကယ်၍ ချူမိသားစုက မကောင်းမှုတွေ လုပ်ရင် ခင်ဗျား အပြစ်ပေးသင့်ရင် ပေးရမယ်။"
ဖုန်းဟန် က မျက်နှာပိုးသတ်ကာ ပြုံးရင်း ပြောလိုက်၏။ "ကျုပ် သိပါတယ် .. သိပါတယ် .. ဖန် လူကြီးမင်း စိတ်ချလက်ချသာ နေပါ။"
ဖန်ကျန်းရီ က ခေါင်းညိတ်ပြပြီး လူအုပ်ကြီးဆီသို့ ထပ်မံကြည့်ရှုလိုက်သည်။
ချူမိသားစုဝင်များလည်း လာရောက်ပို့ဆောင်ကြပြီး ချူယိုယီ နှင့် ချူချင်ဟန် တို့က ယှဉ်တွဲရပ်နေကာ လှပသော ရှုခင်းလေးတစ်ခုနှင့် တူနေ၏။
ဖန်ကျန်းရီ၏ စိတ်ထဲတွင်လည်း မသိမသာ ခံစားချက်တစ်ခု ဖြစ်ပေါ်လာသည်။ ဤညီအစ်မနှစ်ယောက်လုံး၏ ခန္ဓာကိုယ်ကို အကုန်မြင်ဖူးသွားပြီ ... ဤသည်မှာ တကယ်ပင်... ရေစက်က ပြောပြမတတ်အောင် ဆန်းကြယ်လှသည်။
ရွှေယီပိုင်က မြင်းကိုစီးကာ ဖန်ကျန်းရီ အနီးသို့ တိတ်ဆိတ်စွာ လျှောက်လာပြီး တိုးညှင်းစွာ မေးလိုက်၏။ "ကြည့်ကောင်းလား။"
ဖန်ကျန်းရီလည်း ရုတ်တရက် လန့်နိုးသွားကာ မျက်နှာတစ်ခုလုံး အနေခက်သွားပြီး ချက်ချင်း ပြောလိုက်သည် "ဘာထမင်းပေါင်းလဲ။ အဟမ်း... သာမန်ပါပဲ။"
ရွှေယီပိုင်က ပြုံးစိစိဖြင့် သူ့ကို ကြည့်ကာ ပြောလိုက်၏။ "ကြည့်ချင်လည်း ကြည့်လေ။ ဘယ်သူမှ တား မထားပါဘူး... ရှင် သဘောကျရင် အစေခံအဖြစ် သိမ်းထားလိုက်လေ။"
ဖန်ကျန်းရီ က မျက်နှာအမူအရာကို တည်လိုက်ပြီး ပြောလိုက်သည်။ "ဘာတွေ လျှောက်ပြောနေတာလဲ။ မင်းရဲ့ စိတ်ထဲမှာ ငါက ဒီလိုလူမျိုးလား။ တွေ့သမျှလူတိုင်းကို သဘောကျတတ်တဲ့လူမျိုးလား။"
ရွှေယီပိုင် က ပြောလိုက်သည် "ကျွန်မ ခံစားရတာတော့ ဟုတ်နေသလိုပဲ။ ယောကျာ်းတွေက အလှလေးတွေကို မြင်ရင် သဘောကျတတ်ကြတာချည်းပဲ မဟုတ်လား။"
သူတို့နှစ်ယောက် တိုးညှင်းစွာ နောက်ပြောင်နေစဉ် ဖန်ကျန်းရီ၏ အကြည့်က တစ်ချက်ဝေ့ကြည့်လိုက်ရာ လူအုပ်ထဲတွင် ပုန်းနေသော လိုင်ကော်အာ ကို တွေ့လိုက်ရသည်။
မိမိ၏ အကြည့်များကို အနည်းငယ် ရှောင်လွှဲနေသည်ကို မြင်သောအခါ ဖန်ကျန်းရီ က သူ့အား အမြန် လက်ယပ်ခေါ်ကာ အော်ဟစ်လိုက်၏။ "လိုင်ကော်အာ... လိုင်ကော်အာ။"
လိုင်ကော်အာ လည်း ကြားသည်နှင့် အလောတကြီး ပြေးလာကာ ဒူးထောက်ချလိုက်ပြီး တိုးညှင်းစွာ ပြောလိုက်သည်။ "ဖန် လူကြီးမင်းကို ဂါရဝပြုပါတယ်။"
ဖန်ကျန်းရီ က အမြန်မြင်းပေါ်မှ ဆင်းကာ လိုင်ကော်အာ ကို ဆွဲထူလိုက်ရင်း ပြောလိုက်သည်။ "မင်း ဘာကြောက်နေတာလဲ။ ဒါကြောင့် မင်း မိန်းမမရတာ။ အစ်ကိုကြီးလို့ ခေါ်စမ်း။"
လိုင်ကော်အာ က ခေါင်းမော့ကာ တိုးညှင်းစွာ ခေါ်လိုက်၏။ "အစ်ကိုကြီး..."
သို့ပေမည့် မျက်လုံးများထဲတွင် တဖြည်းဖြည်း အရောင်တောက်လာသည်။ လိုင်ကော်အာ က ပြောလိုက်သည်။ "အစ်ကိုကြီး... ခင်ဗျား တကယ် အရာရှိကြီးလား။ ကျုပ် ခင်ဗျားကို စကားမပြောရဲတော့ဘူး။"
ဖန်ကျန်းရီ က ဆဲရေးလိုက်၏။ "ချီး … အဆင့်အတန်း ပြောင်းသွားတာနဲ့ စကားမပြောရဲတော့ဘူးလား။ တကယ် အသုံးမကျတဲ့ကောင်။ တစ်သက်လုံး ဟင်းလေးခွက်နဲ့ စားရမှာ မဟုတ်ဘူး။"
ဖန်ကျန်းရီ မိမိအား ဆဲရေးသည်ကို ကြားသောအခါ လိုင်ကော်အာ လည်း တဖြည်းဖြည်း သက်တောင့်သက်သာ ဖြစ်လာ၏။ ကြည့်ရသည်မှာ ထိုအစ်ကိုကြီးသာ ဖြစ်ဆဲပင်... ဘာမှ မပြောင်းလဲသွားချေ။
ထိုအချိန်တွင် လေထုကလည်း တဖြည်းဖြည်း သက်ဝင်လာကာ လိုင်ကော်အာ က မေးခွန်းများကို တရစပ် မေးမြန်းလာသည်။
ဖန်ကျန်းရီ က ပြုံးလျက် တစ်ခုချင်းစီ ဖြေကြားပေး၏။
လိုင်ကော်အာ၏ ရဲတင်းမှုများ ပို၍ ကြီးမားလာကာ တဖြည်းဖြည်း ပုံမှန်အခြေအနေသို့ ပြန်လည်ရောက်ရှိသွားသည်။ သူ၏ အစ်ကိုကြီးက ထိပ်တန်း အရာရှိကြီးတစ်ယောက် ဖြစ်ကြောင်း တွေးမိသောအခါ အကြည့်များတွင် မသိမသာ ရူးသွပ်မှုများ ထပ်တိုးလာကာ စိတ်လှုပ်ရှားစွာဖြင့် ပြောလိုက်သည် "အစ်ကို... ကျုပ် ရှင်းကျူ ကို လက်ထပ်ချင်တယ်။ သူ့ကို ကျုပ်နဲ့ လက်ထပ်ခိုင်းလိုက်ပါ။"
ဖန်ကျန်းရီ က ရုတ်တရက် တိတ်ဆိတ်သွားကာ လိုင်ကော်အာ၏ မျက်နှာကို ဘယ်ညာ အကဲခတ်လိုက်ပြီး အနေအထားကို ရှာဖွေနေသကဲ့သို့ ဖြစ်နေ၏။
ထို့နောက် လိုင်ကော်အာ၏ မျက်နှာကို ပါးတစ်ချက် ရိုက်ချလိုက်သည်။
ဤပါးရိုက်ချက်က တကယ်ပင် ပြင်းထန်လွန်းလှသဖြင့် ပတ်ဝန်းကျင်ရှိ လူအားလုံး စိုးရိမ်တကြီး ဖြစ်သွားကြသည်။ မူလက လေထုက အလွန်ကောင်းမွန်ကာ သဟဇာတဖြစ်ပြီး နွေးထွေးနေသော်လည်း ဖန်ကျန်းရီ က ရုတ်တရက် ဤမျှ ဒေါသထွက်သွားလိမ့်မည်ဟု ထင်မှတ်မထားခဲ့ကြပေ။ ဘာဖြစ်သွားမှန်းလည်း မသိကြချေ။
လိုင်ကော်အာ၏ အလွန်အမင်း ကြောက်ရွံ့နေသော အကြည့်များကို ကြည့်ကာ ဖန်ကျန်းရီ က ခပ်ပေါ့ပေါ့ ပြောလိုက်သည။ "လိုင်ကော်အာ... မင်း ငါ့ အသက်ကို ကယ်ခဲ့တာပဲ။ ငါ မင်းရဲ့ ကျေးဇူးကို သတိရပါတယ်။
မင်း တစ်သက်လုံး အေးအေးချမ်းချမ်း နေချင်တာပဲဖြစ်ဖြစ်၊ ချမ်းသာချင်တာပဲဖြစ်ဖြစ် ငါ ဖြည့်ဆည်းပေးနိုင်တယ်။ ဒါပေမဲ့ တချို့ကိစ္စတွေကို မင်း ကိုယ်တိုင် ကြိုးစားယူရမယ်။ မင်းရဲ့ လက်ကို အသုံးချပြီး ရယူချင်တယ်ဆိုရင် မင်းမှာ အရည်အချင်း ရှိ၊ မရှိ မှန်အရင်သွားကြည့်လိုက်အုံး။
မင်း ရှင်းကျူ ကို သဘောကျရင် သွားပိုးပန်းလေ။ သူက ဗဟုသုတရှိတဲ့ ယောကျာ်းကို သဘောကျရင် ဗဟုသုတ တိုးပွားအောင် သွားလုပ်လေ။ မိန်းမတစ်ယောက်အတွက် တိုးတက်အောင် လုပ်ဖို့ဆိုတာ ဖြစ်သင့်တာပဲ။ ဤလောကမှာ မိန်းမနောက် ခွေးလိုလိုက်တဲ့သူဆိုတာ မရှိဘူး။ တစ်ဝက်တစ်ပျက်နဲ့ လက်လျှော့လိုက်တဲ့သူတွေ များလာလို့ မိန်းမနောက် ခွေးလိုလိုက်တဲ့သူ ဆိုတာ ရှိလာတာပဲ။
နောင်ကျရင် ဘယ်လိုလမ်းကို လျှောက်ချင်လဲဆိုတာ မင်းဘာသာ ရွေးချယ်ပါ။"
လိုင်ကော်အာ က ပါးကို အုပ်ကာ တီးတိုးပြောလိုက်သည် "ဒါဆို ကျုပ်... ကျုပ် မလက်ထပ်တော့ဘူး။ ကျုပ် အစ်ကိုကြီးအတွက် အလုပ်လုပ်ပေးချင်တယ်။"
ဖန်ကျန်းရီ က လိုင်ကော်အာ ကို လေးနက်စွာ ကြည့်ရင်း ပြောလိုက်သည် "ငါ့အတွက် အလုပ်လုပ်ပေးမယ် ဟုတ်လား။ မင်းက အရည်အချင်း ပြည့်မီလို့လား။
မင်းကို အထင်သေးတာ မဟုတ်ဘူး။ မင်းက အလားအလာရှိတဲ့သူပါ။ အစ်ကိုကြီးက မင်းကို မြို့တော် ခေါ်သွားရင် တစ်နေ့နေ့ကျရင် မင်းရဲ့ အ ထိုင်းနေတဲ့ ပါးစပ်ကြောင့် အသတ်ခံရနိုင်တယ်။
ရှင်းကျူ ကို သဘောကျရင် ရဲရဲဝံ့ဝံ့ သွားပိုးပန်း။ ဘာမဆို အလွယ်တကူ လက်မလျှော့နဲ့။ အရည်အချင်းမရှိရင် အစ်ကိုကြီးက အရည်အချင်းရှိလာအောင် ကူညီပေးမယ်။ မင်းကို ကျောင်းထားပေးမယ်။
ချူမိသားစုက သင်္ဘောတည်ဆောက်နေတုန်းပဲ။ မင်းလည်း ကူညီပြီး အလုပ်လုပ်ပေးလို့ ရတယ်။ ဒါမှမဟုတ် မင်း မကြိုးစားချင်ဘူးဆိုရင် ငါ ငွေအများကြီး ချန်ထားခဲ့ပေးမယ်။ မင်းကို တစ်သက်လုံး စိတ်ကြိုက် နေခိုင်းမယ်။ ဘယ်လို ရွေးချယ်ချင်လဲ။"
လိုင်ကော်အာ လည်း တွေးတောမှုထဲ နစ်မြုပ်သွားကာ မျက်နှာပေါ်တွင် ပူလောင်မှုကို ခံစားနေရပြီး ဖန်ကျန်းရီ နောက်သို့ အချိန်တိုလေးအတွင်း လိုက်ပါခဲ့စဉ်က ဖြစ်ပေါ်လာသော မိမိကိုယ်ကိုယ် လေးစားစိတ်မှာလည်း မသိမသာ နာကျင်လာ၏။
ခေါင်းပြန်မော့လာသောအခါ လိုင်ကော်အာ၏ မျက်နှာပေါ်တွင် အလေးအနက်ထားမှု အချို့ ထပ်တိုးလာကာ ပြတ်သားစွာ ပြောလိုက်သည်။ "အစ်ကိုကြီး ... ကျုပ် အရည်အချင်းရှိအောင် လုပ်မယ်။ ကျုပ် ရှင်းကျူ ကို လက်ထပ်မယ်။ ကျုပ် သူ့ကို သဘောကျတယ်။"
ဖန်ကျန်းရီ လည်း အလွန်ကျေနပ်သွားသည်။
တကယ်ပဲဖြစ်စေ ၊ စိတ်ကူးပေါက်၍ဖြစ်စေ ဤသဘောထားရှိလျှင် လုံလောက်ပေပြီ။ အကယ်၍ နောက်ပိုင်းတွင် လက်လျှော့လိုက်လျှင်ပင် သူက လိုင်ဖူကို စားဝတ်နေရေး ပူပန်စရာမလိုအောင် လုပ်ပေးနိုင်၏။
ဖန်ကျန်းရီ က လိုင်ကော်အာကို ဖက်ကာ ပြောလိုက်သည် "လိုင်ကော်အာ... မင်း တိုးတက်ချင်စိတ် ရှိတယ်ဆိုရင်တော့ အစ်ကိုကြီးက သေချာပေါက် အစွမ်းကုန် ကူညီပေးမယ်။ မင်း ဒီနေ့ကစပြီး ချူမိသားစုမှာ စိတ်အေးချမ်းသာစွာ နေခဲ့ပါ။
အစ်ကိုက မြို့တော်မှာ မင်းကို အမြဲ စောင့်နေမယ်။ တစ်နေ့နေ့ မင်း အရည်အချင်းရှိလာရင် ငါ့ဆီ ကိုယ်တိုင် လာတွေ့လှည့်။"
ဖန်ကျန်းရီ က စကားလမ်းကြောင်းပြောင်းကာ ကြောက်မက်ဖွယ်ကောင်းစွာ ပြောလိုက်၏။ "ဒါပေမဲ့ ငါ ကြိုပြောထားတာကို အပြစ်မတင်နဲ့နော်။ အကယ်၍ မင်း ငါ့နာမည်ကို အသုံးချပြီး ယွီတန့်မြို့မှာ ထင်ရာဆိုင်းနေမယ်ဆိုရင် မင်းရဲ့ အရေခွံကို ဆုတ်ပစ်မယ်ဆိုတာ သတိထား။"
လိုင်ကော်အာ လည်း ဤရုတ်တရက် ပြောင်းလဲသွားမှုကြောင့် ကြောက်ရွံ့သွားကာ တုန်ယင်သော အသံဖြင့် ပြောလိုက်သည်။ "စိတ်ချပါ အစ်ကိုကြီး … ကျုပ် သေချာပေါက် မလုပ်ပါဘူး။"
ဖန်ကျန်းရီက ပြုံး၍ သူ၏ ပခုံးကို ပုတ်ကာ ပြောလိုက်၏။ "ပြန်တော့။ နောက်ပိုင်း သေချာ ကြိုးစားဖို့ မှတ်ထား။ အခက်အခဲကို ကြောက်ရင် တစ်သက်လုံး အခက်အခဲ တွေ့လိမ့်မယ်။ အခက်အခဲကို မကြောက်ရင် တစ်ဝက်လောက်ပဲ အခက်အခဲ တွေ့လိမ့်မယ်။ ကြိုးစားမှ အောင်မြင်မှာပေါ့..."
ခွန်အားပေးစကားများ တိုက်ကျွေးပြီးနောက် လိုင်ကော်အာမှာ စိတ်လှုပ်ရှားစွာဖြင့် လူအုပ်ထဲသို့ ပြန်လည် လျှောက်သွားသည်။