← Chapters

အခန်း (၅၄၉-၅၅၀)

Vol. 30 Ch. 549-550

အခန်း (၅၄၉-၅၅၀)

Vol. 30 Ch. 549-550

အပိုင်း (၅၄၉) ဧကရာဇ်မင်းနှင့် တွေ့ဆုံခြင်း။

မြင်းလှည်းတန်းသည် ဖြည်းညှင်းစွာ ရွေ့လျားလာပြီး မြို့တံခါးမှာ မျက်စိရှေ့တွင် ပေါ်လာပြီ ဖြစ်၏။

ကော်ထျန်းယန်သည် လူတစ်စုကို ဦးဆောင်ကာ မြို့ပြင် အဝေးမှ စောင့်ဆိုင်းနေခဲ့ပြီး မြင်းလှည်းတန်းကို မြင်တွေ့လိုက်ရသည်။

ကော်ထျန်းယန်သည် ချက်ချင်းပင် စိတ်သက်သာရာ ရသွားပြီး အတွေးများက ရှုပ်ထွေးလာမိ၏။

တွေးကြည့်လျှင် ရှောင်ဖန် က ပါးစပ်သရမ်းတတ်သော်လည်း အလုပ်လုပ်တတ်သူ ဖြစ်သည်။

ယခင်နှစ်တွေတုန်းက မွေးစားသားအဖြစ် အတင်း မသိမ်းသွင်းခဲ့ရခြင်းအတွက် သူ့အူတွေ ပြတ်မတတ် နောင်တရနေခဲ့မိ၏။ ယခုတော့ ဒင်းက ကျင်းယီဝေ တပ်မှူးကြီးအဖြစ် အာဏာကြီးမားလာပြီဖြစ်ရာ သူ၏ အရှေ့နန်းဆောင်အဖွဲ့ကိုပင် ဂရုစိုက်ချင်မှ စိုက်ပေတော့မည်။

ယခုတော့ ဆက်ဆံရေးကို ပိုမိုကောင်းမွန်အောင် တည်ဆောက်ထားရမည်။

ဖန်ကျန်းရီသည် လှည်းတန်း၏ အရှေ့ဆုံးတွင် လျှောက်လာရာ ကော်ထျန်းယန်ကို တစ်ချက်တည်း မြင်လိုက်ရပြီး မြင်းပေါ်မှ ဆင်းလိုက်၏။

ကော်ထျန်းယန်က အလျင်အမြန် ရှေ့တိုးလာပြီး မျက်နှာပေါ်ရှိ အရေးအကြောင်းများအားလုံး ဖြေလျော့ကာ ပြောလိုက်သည်။ "ညီလေး... မင်း ပြန်ရောက်လာပြီပဲ။ ငါ မင်းကို လွမ်းနေခဲ့တာ။ အောက်ကလူတွေက မင်းကို ပြောပြပြီးလောက်ပြီထင်တယ်။ မင်း အခု ကျင်းယီဝေ တပ်မှူးကြီး ဖြစ်နေပြီလေ။"

ဖန်ကျန်းရီက ပြောလိုက်သည်။ "သိပါပြီ... ရှောင်ကော်။"

ကော်ထျန်းယန်က တုန်လှုပ်စွာ မေးလိုက်သည်။ "ရှောင် … ရှောင်ကော်...။"

ကော်ထျန်းယန်မှာ မိုးကြိုးပစ်ခံလိုက်ရသကဲ့သို့ ဖြစ်သွားကာ မျက်နှာပေါ်ရှိ အမူအရာများက အမျိုးမျိုး ပြောင်းလဲသွားပြီး မကြာမီမှာပင် ရက်စက်ကြမ်းကြုတ်သော အသွင်သို့ ပြောင်းလဲသွား၏။

သောက်ကျိုးနည်း ဖန်ကျန်းရီ။

ရာထူးတက်သွားတော့ မင်းက မင်းမဟုတ်တော့ဘူးလား။ ငါ မနက်စောစောစီးစီး မြို့တံခါးအပြင်ဘက်ကို လာကြိုရသေးတယ်။

အရင်တုန်းကတော့ ပါးစပ်ကနေ အစ်ကိုကြီးကော်၊ အစ်ကိုကြီးကော် နဲ့ ခေါ်နေပြီး အခုကျတော့ ငါ့ကို ရှောင်ကော် လို့ ခေါ်တယ်ပေါ့။

ဖန်ကျန်းရီမှာ နှစ်ရက်ဆက်တိုက် မအိပ်ရသေးသဖြင့် စိတ်ပိုင်းဆိုင်ရာ အလွန်အမင်း ပင်ပန်းနွမ်းနယ်နေ၏။ ရုတ်တရက် နာမည်ခေါ်မှားသွားကြောင်း သတိပြုမိသွားကာ အလျင်အမြန် ရှေ့တိုးသွားပြီး ကော်ထျန်းယန်ကို ဖက်၍ တောင်းပန်သော အပြုံးဖြင့် ပြောလိုက်သည်။ "အစ်ကိုကြီးကော်... ကျုပ် နောက်နေတာပါ။"

ကော်ထျန်းယန်က မျက်နှာကြီး မဲမှောင်ကာ မကျေမနပ်ဖြင့် ပြောလိုက်သည်။ "ဟားဟား .. ညီလေး။ မင်း တော်တော် အနောက်သန်တာပဲ။”

ဖန်ကျန်းရီက ပြောလိုက်သည်။ "မကျေမနပ် မဖြစ်ပါနဲ့။ ကျုပ် ဒီခရီးတစ်လျှောက်လုံး သေချာ မအိပ်ခဲ့ရဘူး။ ခေါင်းတွေ မူးနောက်နေပြီ။ ကြည့်စမ်း... ကျုပ် ခင်ဗျားအတွက် ဒေသထွက် လက်ဆောင်တွေတောင် ယူလာခဲ့သေးတယ်။ ရှဲ့ရှန်း... အဲဒီ ဒေသထွက် လက်ဆောင်တွေကို ကျုပ်ဆီ ယူလာခဲ့စမ်း။"

လက်ဆောင်များ ရောက်လာသောအခါ ကော်ထျန်းယန်၏ မျက်နှာအမူအရာက တဖြည်းဖြည်း ကောင်းမွန်လာ၏။

ဖန်ကျန်းရီကို အကဲခတ်ကြည့်လိုက်ရာ သူ၏ အလွန်အမင်း ပင်ပန်းနွမ်းနယ်နေသော ပုံစံကို မြင်မှသာ စိတ်အေးသွားသည်။

ချီး .. ဒီကောင်လေး ရာထူးတက်သွားတာနဲ့ လူကိုတောင် မျက်နှာပြောင်တိုက်ပြီး အသိအမှတ် မပြုတော့ဘူးလို့ ထင်နေတာ။

လက်ဆောင်ထုပ်ကို ဖွင့်လိုက်သောအခါ ဆိုးရွားသော အနံ့ဆိုးတစ်ခု ထွက်ပေါ်လာသဖြင့် ကော်ထျန်းယန်၏ မျက်နှာအိုကြီးက ထပ်မံ၍ မည်းမှောင်သွားပြန်သည်။ "ညီလေး... ပုပ်နေပြီ။ ဒါက ဘာသဘောလဲ။"

ဖန်ကျန်းရီက အကြောင်းပြချက် ခိုင်လုံစွာဖြင့် ပြောလိုက်သည်။ "ဘာသဘောရမှာလဲ။ ဒါက ငါးပိလေ။ ပင်လယ်ငါး။ ဒါက အထူးအမျိုးအစားပဲ။ ကျုပ်တို့ဆီမှာ မရှိဘူး။ ကျုပ် ခင်ဗျားအတွက် တခြားဟာတွေ ယူလာရင် လမ်းမှာ အထားခံပါ့မလား။ အာ... ထားလိုက်ပါတော့။ ကျုပ်က ခင်ဗျားကို လိမ်ပါ့မလား။ အရှင်မင်းကြီး အတွက် ယူလာတာလည်း ဒါပါပဲ။"

အရှင်မင်းကြီးနှင့် တူညီသော လက်ဆောင်ဖြစ်ကြောင်း ကြားသောအခါ ကော်ထျန်းယန်မှာ ချက်ချင်းပင် ပျော်ရွှင်သွားပြန်ပြီး ပြုံးလျက် ပြောလိုက်၏။ "ညီလေးမှာ စေတနာရှိတာပဲ။ ငါနဲ့အတူ နန်းတော်ထဲ မြန်မြန် ပြန်ရအောင်။ အရှင်မင်းကြီးက မင်းကို မျှော်နေတာ။ နေ့တိုင်း ပြောဆိုနေတာပဲ။"

ဖန်ကျန်းရီက ဘယ်ညာ လှည့်ပတ်ကြည့်ရှုကာ မေးလိုက်သည်။ "အိမ်ရှေ့စံမင်းသား မလာဘူးလား။"

ကော်ထျန်းယန်က ပြန်ဖြေလိုက်၏။ "လာတယ်။ အိမ်ရှေ့စံမင်းသားက မြို့တံခါးဝမှာ။ ငါ့ကို ထွက်ကြိုခိုင်းတာ။ ငါတို့ မြို့ထဲ အရင်ဝင်ရအောင်။"

လူတစ်စုသည် မြင်းများကို နှင်၍ မြို့တွင်းသို့ ဝင်ရောက်လာကြပြီး မကြာမီ မြို့တံခါးသို့ ရောက်ရှိသွားကြသည်။

လီယွမ်ကျောက်သည် မြို့တံခါးအောက်တွင် ဟိုဟိုဒီဒီ လိုက်လံကြည့်ရှုနေပြီး ဖန်ကျန်းရီကို မြင်သည်နှင့် ဝမ်းသာအားရ လက်ဝှေ့ယမ်းကာ အော်ဟစ်လိုက်၏။ "ဖန်ကြီး... ဖန်ကြီး... ဒီမှာ။"

ဖန်ကျန်းရီလည်း စိတ်အားထက်သန်စွာဖြင့် မြင်းပေါ်မှ ဆင်း၍ နွေးထွေးစွာ သွားကြိုလိုက်သည်။ "အိမ်ရှေ့စံမင်းသား... ကျုပ် ပြန်ရောက်ပါပြီ။"

သူတို့နှစ်ယောက် နီးကပ်သွားသောအခါ လီယွမ်ကျောက်မှာ စိတ်လှုပ်ရှားလွန်းသဖြင့် ပါးစပ်ဟသွားသော်လည်း စကားတစ်ခွန်းမှ ထွက်မလာချေ။

ထို့နောက် ခြေတစ်လှမ်း ရှေ့တိုးကာ သူ၏ ပခုံးနှစ်ဖက်ကို ဆုပ်ကိုင်၍ ပြင်းပြင်းထန်ထန် လှုပ်ရမ်းကာ ကျယ်လောင်စွာ အော်ဟစ်လိုက်၏။ "ကျုပ်... ကျုပ်က ခင်ဗျား သေပြီလို့တောင် ထင်နေတာ။ ခင်ဗျား အပြင်ထွက်သွားတာ စာတစ်စောင်လောက်တောင် မပို့ပါလား။"

ဖန်ကျန်းရီ၏ စိတ်ထဲတွင် နွေးထွေးမှုတစ်ခု ဖြစ်ပေါ်လာပြီး အလှုပ်ခံနေရင်းပင် မခုခံတော့ဘဲ ပြောလိုက်သည်။ "သိပါပြီ အိမ်ရှေ့စံမင်းသား... သိပါပြီ။"

ပတ်ဝန်းကျင်ရှိ မြို့တွင်းမြို့ပြင် အဝင်အထွက် ပြုလုပ်နေသော ပြည်သူများက ဝိုင်းအုံကြည့်ရှုလာကြသဖြင့် ဖန်ကျန်းရီက လူများနေသည်ကို မြင်သည်။ လီယွမ်ကျောက်ကို ဆွဲ၍ မြို့တွင်းသို့ လျှောက်သွားရင်း ပြောလိုက်၏။ "အိမ်ရှေ့စံမင်းသား... ဒီနေရာမှာ မျက်လုံးတွေ များတယ်။ ကျုပ်တို့ အထဲရောက်မှ ဆက်ပြောကြတာပေါ့။ ဒီခရီးတစ်လျှောက်လုံးမှာ ကိစ္စတွေ အများကြီး ဖြစ်ခဲ့တယ်။"

လီယွမ်ကျောက်က တိုးညှင်းစွာ ညည်းညူလိုက်သည်။ "ဟူး... ခင်ဗျား အပြင်မှာ ရှိနေတဲ့ကိစ္စကို မပြောနဲ့အုံး။ နန်းတော်ထဲမှာလည်း ကိစ္စတွေ အများကြီး ဖြစ်ခဲ့တယ်။ ခမည်းတော်က လုပ်ကြံခံရပြီး သေမလိုတောင် ဖြစ်သွားသေးတာ။ ခင်ဗျားရဲ့ ပင်နီဆီလင်ကြောင့်သာ အသက်ရှင်လာတာ။ မဟုတ်ရင် ကျုပ် ဘာလုပ်ရမှန်းတောင် သိမှာ မဟုတ်ဘူး။ ဒီလောက် ကြီးမားတဲ့ လူတစ်ယောက်က ဘယ်လိုလုပ် ပျောက်သွားနိုင်ရတာလဲ။ ခင်ဗျား ပြန်ရောက်ရင် ကျုပ်ကို အသေးစိတ် ပြန်ပြောပြရမယ်။"

ဖန်ကျန်းရီ၏ စိတ်ထဲတွင် ထိတ်လန့်သွားကာ မေးလိုက်၏။ "အရှင်မင်းကြီး လုပ်ကြံခံရတယ် ဟုတ်လား။ အခုကော ဘယ်လိုနေလဲ။"

လီယွမ်ကျောက်က ပြန်ဖြေလိုက်သည်။ "ခင်ဗျားက ဘာကို လောနေတာလဲ။ ကျုပ် အခုလေးတင် ပင်နီဆီလင်နဲ့ ကယ်လိုက်နိုင်တယ်လို့ ပြောခဲ့တယ် မဟုတ်လား။ အခု သူ ကျန်းမာရေး ကောင်းနေပါပြီ။ ကျုပ်အကြောင်းကိုကျ ဘာလို့ မမေးတာလဲ။"

ဖန်ကျန်းရီ၏ နဖူးပေါ်တွင် အမည်းရောင်မျဉ်းသုံးကြောင်း ပေါ်လာ၏။

အရှင်မင်းကြီး .. ငါ့ရဲ့ ယောက္ခမလောင်း၊ ငါ့ရဲ့ အကြီးကဲဆုံး အထက်လူကြီး ဒုက္ခရောက်နေတာကို ဂရုမစိုက်ဘဲ နေလို့ ရပါ့မလား။ မင်းလို လူငယ်လေးတစ်ယောက်မှာ ဘာကိစ္စ ရှိနိုင်မှာမို့လို့လဲ။

ဖန်ကျန်းရီက မေးလိုက်သည်။ "ဒါဆို အိမ်ရှေ့စံမင်းသားကော ဘယ်လိုနေလဲ။"

သူ မေးသည်ကို ကြားသောအခါ လီယွမ်ကျောက်က စိတ်လှုပ်ရှားစွာဖြင့် ပြောလိုက်၏။ "အရှေ့ဘက် ဆင်ခြေဖုံးက ဟင်းသီးဟင်းရွက် စိုက်ခင်းကို ကျုပ် တည်ဆောက်ပေးပြီးပြီ။ အထဲမှာလည်း ဟင်းသီးဟင်းရွက် တစ်သုတ် ရောင်းပြီးသွားပြီ။ အရောင်းအဝယ် တော်တော်လေး ကောင်းတယ်။ ဝယ်လိုအားက ရောင်းလိုအားထက်တောင် ပိုများနေတယ်လို့ ပြောလို့ရတယ်။

သာမန် ဟင်းသီးဟင်းရွက်တွေထက် ဆယ်ဆလောက် ဈေးများတာကိုတောင် မစိုက်ရသေးခင် အကုန် ကြိုမှာသွာ းကြတယ်။ ကျုပ် ဈေးကို အဆနှစ်ဆယ်လောက် တင်ဖို့ စဉ်းစားထားတယ်။ ဒါပေမဲ့ အခု ရာသီဥတုက ပူလာပြီဆိုတော့ ရောင်းရခက်သွားလိမ့်မယ်။"

ဖန်ကျန်းရီက သွားဖြီးကာ ရယ်မောလိုက်သည်။

အဆနှစ်ဆယ် ဟုတ်လား။ ဘယ်လို ဓားပြတိုက်တဲ့ ခြံမျိုးလဲ။

သို့ပေမည့် အိမ်ရှေ့စံမင်းသား သင်ယူတာ တော်တော်လေး တိကျသည်။ ဝယ်လိုအားနှင့် ရောင်းလိုအားက ဈေးနှုန်းကို အဆုံးအဖြတ်ပေးသည် မဟုတ်ပါလား။

မှန်လုံအိမ်ထဲက ဟင်းသီးဟင်းရွက်တွေက မူလကတည်းက သာမန်အရပ်သားတွေနဲ့ ဘာမှမဆိုင်ဘူးလေ။ သူဌေးကြီးတွေမှာ ငွေရှိနေမှတော့ ဘယ်လောက်ရောင်းရောင်း ဈေးကြီးတယ်လို့ မခေါ်နိုင်ဘူး။

ဖန်ကျန်းရီက မေးလိုက်သည်။ "အိမ်ရှေ့စံမင်းသား ဉာဏ်ပညာ ကြီးမားလှပါတယ်။ မင်းသမီးကော ဘယ်လိုနေလဲ။"

လီယွမ်ကျောက်က ဆက်ပြောနေ၏။ "နောက်ပြီး သတင်းစာတိုက်ကလည်း အခု ပြဿနာတစ်ခုပဲ။ ခင်ဗျား ပြန်မရောက်လာခင် အတောအတွင်း ရှန်ရီက တတိယအဆင့်နဲ့ အောင်စာရင်းဝင်သွားပြီ ဆိုတာ ခင်ဗျား မသိသေးဘူး မဟုတ်လား။ ကျုပ်တို့ လူအများကြီး ထပ်ခေါ်ထားတယ်။

ကျုပ် နေရာအသစ် တစ်ခု ဝယ်လိုက်တယ်။ သတင်းစာတိုက်ကို တိုးချဲ့ဖို့အတွက် နောက်ထပ် လူနှစ်ရာ ထပ်ခေါ်ထားတယ်။ သတင်းထောက် အသစ်တွေက တစ်လကို လစာ ငွေတစ်တုံးရတယ်။ သူတို့က နည်းလွန်းတယ်၊ ထမင်းစားခန်းက အစားအသောက်တွေ ဈေးကြီးတယ်လို့ ပြောနေကြတယ်။ ကျုပ် မရှိတဲ့အချိန်တိုင်း ညည်းတွားနေကြတာပဲ။ သူတို့က ကျုပ် မသိဘူးလို့ ထင်နေတာ..."

ဖန်ကျန်းရီသည် စကားတစ်ခွန်းမှ နားထဲ မဝင်တော့ဘဲ ထပ်မံ၍ မေးလိုက်သည်။ "အိမ်ရှေ့စံမင်းသား... မင်းသမီးကော ဘယ်လိုနေလဲ။"

လီယွမ်ကျောက်သည် ခြေလှမ်းရပ်လိုက်ကာ မျက်နှာပျက်သွား၏။ "ခင်ဗျား ဘာလို့ သူ့အကြောင်းမေးနေရတာလဲ။ ခင်ဗျားနဲ့ ဘာဆိုင်လို့လဲ။"

ဖန်ကျန်းရီက ဖြေရှင်းချက်ပေးလိုက်သည်။ "ဘယ်လိုလုပ် မဆိုင်ရမှာလဲ။ ပြည်သူတွေရဲ့ စားဝတ်နေရေးက အရေးကြီးတဲ့ ကိစ္စပဲလေ။ မင်းသမီးက ရက်ကန်းစက်ရုံကို ကြီးကြပ်နေတာဆိုတော့ ကျုပ် မမေးဘဲ နေလို့ ရပါ့မလား။"

လီယွမ်ကျောက်က ပြောလိုက်၏။ "ဪ... သူလား။ ဘယ်သခင်လေးကို သဘောကျနေလဲတော့ မသိဘူး။ နေ့တိုင်း စာတွေ ရေးနေတာပဲ။"

ချီးပဲ။

ဖန်ကျန်းရီသည် တိတ်တဆိတ် ရွံရှာစွာ ကြည့်လိုက်မိသည်။ သွေးခွဲဖို့ ကြိုးစားနေသေးတယ်။ မဖြစ်နိုင်တာတွေကို။

သူတို့နှစ်ယောက် စကားပြောရင်း နန်းတော်တွင်းသို့ ရောက်ရှိလာကြသည်။ ထိုအချိန်တွင် ကျင်းဘုရင်မင်းမြတ် သည် ဧကရာဇ်ဥယျာဉ်တော်အတွင်း၌ လှံရှည်ကြီးတစ်ချောင်းကို ကိုင်ဆောင်ကာ လေတိုးသံများ ထွက်ပေါ်လာသည်အထိ လေ့ကျင့်နေ၏။

ဖန်ကျန်းရီ ရောက်လာသည်ကို အမှတ်မထင် မြင်လိုက်ရသောအခါ ကျင်းဘုရင်မင်းမြတ်၏ မျက်လုံးများ တောက်ပသွားပြီး လှံကြီးကို မြေပေါ်သို့ စိုက်ချလိုက်ရာ မြေကြီးပေါ်တွင် စွဲမြဲစွာ စိုက်ဝင်သွားသည်။ ထို့နောက် ဖန်ကျန်းရီ အနီးသို့ ကြီးမားသော ခြေလှမ်းများဖြင့် လျှောက်လာခဲ့သည်။

ဖန်ကျန်းရီ အနီးသို့ မရောက်မီမှာပင် ကျင်းဘုရင်မင်းမြတ်၏ ပုံရိပ်က ရှေ့သို့ရောက်ရှိလာခဲ့၏။

ကျင်းဘုရင်မင်းမြတ်သည် သူ့ကို အပေါ်အောက် သေချာစွာ ကြည့်ရှုလိုက်ပြီး သူ၏ ဖျော့တော့နေသော ပုံစံကို မြင်သောအခါ စိတ်ထဲတွင် အနည်းငယ် ရှက်ရွံ့သွားမိသည်။ ရှေ့တိုး၍ သူ၏ ပခုံးကို အဆက်မပြတ် ပုတ်ကာ ပြောလိုက်သည်။

"ဒီလောက် အန္တရာယ်များမှန်း သိရင် ကိုယ်တော် မင်းကို မလွှတ်လိုက်သင့်ဘူး။ ပင်ပန်းသွားပြီ မဟုတ်လား။ အမတ်ဖန်... ဒီခရီးမှာ ပင်ပန်းသွားပြီ။ ထိုင်ခုံ ချပေးလိုက်။"

ဖန်ကျန်းရီက ပြန်ဖြေလိုက်၏ "ကျွန်တော်မျိုး မပင်ပန်းပါဘူး။ ကျွန်တော်မျိုး လာတဲ့အချိန်တုန်းက အိမ်ရှေ့စံမင်းသား ပြောတာ ကြားလိုက်တယ်။ အရှင်မင်းကြီး လုပ်ကြံခံရတယ်ဆိုလို့ အခု အရှင်မင်းကြီးရဲ့ ကျန်းမာရေး အခြေအနေ ဘယ်လိုရှိပါသလဲ။"

ကျင်းဘုရင်မင်းမြတ် က ပြုံးလျက် ပြန်ပြောလိုက်သည်။ "မင်းရဲ့ ကျေးဇူးကြောင့်ပါပဲ။ မင်းက ကိုယ်တော့် အသက်ကို ကယ်ခဲ့တာ။ ကိုယ်တော် အခု ကျန်းမာရေး ကောင်းမွန်နေပါပြီ။ မင်းတို့ တောက်ယွမ်ခရိုင်က သမားတော်တွေ ပြောတာ ကြားရသလောက် မင်းက ဆေးပညာနဲ့ ကျန်းမာရေးစောင့်ရှောက်မှုတွေအကြောင်းကို နက်နက်ရှိုင်းရှိုင်း နားလည်ထားတယ်ဆို။ ကိုယ်တော် သူတို့ရဲ့ အကြံပြုချက်ကို နားထောင်ပြီး နေ့တိုင်း ဧကရာဇ် ဥယျာဉ်တော်ထဲမှာ ခန္ဓာကိုယ် လေ့ကျင့်ခန်း လုပ်နေတယ်။

မပြောနဲ့တော့... နှစ်ပေါင်းများစွာ လှုပ်လှုပ်ရှားရှား မရှိခဲ့ဘဲ အခုလို လေ့ကျင့်လိုက်တော့ ကိုယ်တော့် ခန္ဓာကိုယ်က အရင်ကထက်တောင် ပိုကောင်းလာတယ်လို့ ခံစားရတယ်။ ထိုင်ပြီးမှ စကားပြောကြတာပေါ့။"

ဖန်ကျန်းရီက ခေါင်းညိတ်ကာ ထိုင်ချလိုက်ပြီးနောက် ပြောလိုက်၏။ "ကျွန်တော်မျိုး ဂုဏ်မယူဝံ့ပါဘူး။ အရှင်မင်းကြီးရဲ့ ဘုန်းကံကြီးမားမှုကြောင့်ပါ။ မြို့တော်မှာ ဖြစ်ပျက်ခဲ့တဲ့ ကိစ္စအကြီးအသေး အားလုံးကို မိန်းမစိုးကြီး ကော် ဆီကနေ ကျွန်တော်မျိုး ကြားသိခဲ့ရပါပြီ။ ပုန်ကန်သူကို မဖမ်းဆီးနိုင်ခဲ့တာက ကျွန်တော်မျိုးရဲ့ အရည်အချင်း ညံ့ဖျင်းမှုကြောင့်ပါ။ အရှင်မင်းကြီး အပြစ်ပေးတော်မူပါ။"

ဖန်ကျန်းရီသည် ရှက်ရွံ့နေသည့် အမူအရာကို ပြသလိုက်သည်။ အလွန်အမင်း ပင်ပန်းနွမ်းနယ်နေသော မျက်လုံးများနှင့် ပေါင်းစပ်လိုက်သောအခါ အလွန် သဘာဝကျနေပေသည်။

ကျင်းဘုရင်မင်းမြတ် သည် လေးနက်သော အကြည့်များဖြင့် သူ့ကို ကြည့်ကာ သက်ပြင်းချလိုက်၏ "အမတ်ဖန်... ဒီကိစ္စက မင်း စွမ်းဆောင်နိုင်တဲ့ ကိစ္စ မဟုတ်ပါဘူး။ ယူတိန့်မြို့မှာ မင်း ကြုံတွေ့ခဲ့ရတာတွေကို ကိုယ်တော် သိပြီးပါပြီ။ မင်းကို အသစ်တဖန် ပြန်လည် သိကျွမ်းလိုက်ရသလိုပဲ။

ကိုယ်တော် အခုမှ သတိထားမိတယ်။ မင်းက အပေါ်ယံ ကြည့်ရင် ပါးနပ်ပြီး စကားပြောကောင်းပေမဲ့ တကယ်တမ်းကျတော့ သဘောထား ပြည့်ဝတဲ့သူပဲ။ နောက်ပိုင်း ဒီလောက် သဘောကောင်းမနေနဲ့တော့။ မဟုတ်ရင် အများကြီး နစ်နာလိမ့်မယ်။"

အပိုင်း (၅၅၀) မိသားစု ပြန်လည်ဆုံတွေ့ခြင်း။

ဖန်ကျန်းရီက လေးနက်စွာ ပြောလိုက်သည်။ "ကျွန်တော်မျိုး မပြင်ပါဘူး။ ကျွန်တော်မျိုးက မူလကတည်းက မိုက်မဲပြီး အသိပညာနည်းပါးတဲ့သူပါ။ အခုချိန်ထိ အဆင်ပြေချောမွေ့စွာ ရပ်တည်နိုင်ခဲ့တာက အရှင်မင်းကြီးရဲ့ မြှောက်စားမှုကြောင့်ပါ။

အရှင်မင်းကြီးက လူတွေကို မှန်ကန်စွာ သိမြင်နိုင်ပြီး သစ္စာရှိသူနဲ့ သစ္စာဖောက်ကို ခွဲခြားနိုင်စွမ်း ရှိနေမှတော့ ကျွန်တော်မျိုးက ဘာကိုပြင်ဖို့ လိုတော့မှာလဲ။ ကိုယ့်ကိုယ်ကိုယ် အမှန်အတိုင်းပဲ နေသွားမှာပါ။" ဖန်ကျန်းရီသည် သက်ပြင်းရှည်ကြီး ချလိုက်၏။

ကျင်းဘုရင်မင်းမြတ် သည် သူ့ကို လက်ညှိုးထိုးကာ ခေါင်းခါလျက် ရယ်မောလိုက်သည်။ "မင်းနော်... မင်းရဲ့ ဒီပါးစပ်က အမတ်တွေရှေ့မှာတော့ နည်းနည်း ငြိမ်ငြိမ်နေပါအုံး။"

ဖန်ကျန်းရီ၏ စိတ်ထဲတွင် တိတ်တဆိတ် ရယ်မောလိုက်မိ၏။

ကျင်းဘုရင်မင်းမြတ် က မေးလိုက်သည်။ "မင်း ဘာတွေ ကြုံတွေ့ခဲ့ရလဲ ဆိုတာ ကိုယ်တော့်ကို အရင်ပြောပြစမ်း။"

ဖန်ကျန်းရီသည် လတ်ဆတ်သော လေကို နှစ်ကြိမ်မျှ ရှူသွင်းလိုက်ပြီး စိတ်အနည်းငယ် လန်းဆန်းလာသည်။ သို့နှင့် ဖြည်းညှင်းစွာ ပြောပြလိုက်၏။ "ကျွန်တော်မျိုးကို ဝူမင်းသား ဖမ်းခေါ်သွားပြီးတဲ့နောက် ယမ်းမှုန့်ဖော်စပ်နည်း ပေးဖို့ အတင်းအကျပ် တောင်းဆိုတော့တာပဲ။ ကျွန်တော်မျိုး နှစ်ရက်လောက် အချိန်ဆွဲနေခဲ့တယ်။ နောက်တော့ ကျွန်တော်မျိုး ခေါ်သွားတဲ့ အစောင့်တွေက လာကယ်ခဲ့ကြတယ်။

ဖြစ်စဉ်က အရမ်း အန္တရာယ်များပေမဲ့ ကျွန်တော်မျိုး ကံကောင်းလို့ ဝူမင်းသားရဲ့ တပည့်အဖြစ် ရုပ်ဖျက်ပြီး ထွက်ပြေး လွတ်မြောက်လာခဲ့တယ်။ နောက်တော့ တောင်ပေါ်မှာ မျက်စိလည်လမ်းမှားပြီး ယူတိန့်မြို့ကို ရောက်သွားခဲ့တာပါ။

ဝူမင်းသားက ကျွန်တော်မျိုးကို တစ်ခါပြောဖူးတယ်။ သူ စီးလာတဲ့ သင်္ဘောက ယူတိန့်မြို့က မိသားစုတစ်ခု တည်ဆောက်ထားတာတဲ့။ ဒေသခံ အရာရှိတွေက ဝူမင်းသားနဲ့ ပတ်သက်မှု ရှိနေမလားဆိုပြီး ကျွန်တော်မျိုး သံသယဝင်မိလို့ ဒီကိစ္စကို စုံစမ်းဖို့အတွက် ရုပ်ဖျက်ပြီး ယူတိန့်မြို့မှာ နေခဲ့တာပါ။ ဒါပေမဲ့ ကျွန်တော်မျိုး စုံစမ်းရသလောက်တော့ ဒေသခံ အရာရှိတွေက ဝူမင်းသား ပုန်ကန်မယ့် ကိစ္စကို ဘာမှ မသိထားကြပါဘူး။

နောက်တော့ တုန်းချန်အဖွဲ့က လူတွေ ကျွန်တော်မျိုးကို လာရှာတွေ့လို့ ကျွန်တော်မျိုး ပြန်လာခဲ့တာပါ။ အကြမ်းဖျင်း ကတော့ ဒါပါပဲ။"

ကျင်းဘုရင်မင်းမြတ် က ခဏမျှ စဉ်းစားပြီးနောက် မေးလိုက်သည်။ "ဆားကုန်သည် အမှုရဲ့ နောက်ကွယ်က အကြောင်းအရင်းကကော ဘယ်လိုလဲ။ စတုတ္ထညီတော်က ဒီလောက် အချိန်အကြာကြီး ဘယ်လိုလုပ်ပြီး လူမသိသူမသိ ဖုံးကွယ်ထားနိုင်ရတာလဲ။"

ဖန်ကျန်းရီက ပြန်ဖြေလိုက်၏။ "အရှင်မင်းကြီး... ဝူမင်းသားက ရည်မှန်းချက် အရမ်းကြီးမားတယ်လို့ ပြောလို့ရပါတယ်။ ချန်တိုင်းပြည်နဲ့ ကျင်းတိုင်းပြည် စစ်ဖြစ်တည်းက ဒီကိစ္စကို ကြံစည်နေခဲ့တာပါ။ တရားမဝင် ဆားရောင်းဝယ်ရေး ကွန်ရက်က တောင်ပိုင်းတစ်ခွင်လုံး ပြန့်နှံ့နေပါပြီ။ ဒီစာရင်းတု စာအုပ်က အဲဒီအချိန်တည်းက စတင်ဖန်တီးခဲ့တာပါ။

သူနဲ့ ဘဏ္ဍာရေးအမတ်ကျန်းရှီ တို့က အတွင်းအပြင် ပူးပေါင်းနေကြတော့ ဘာသဲလွန်စမှ ရှာမတွေ့တာလည်း ပုံမှန်ပါပဲ။

နောက်ပြီး ချန်တိုင်းပြည် ကျဆုံးသွားတာကလည်း ဝူမင်းသားရဲ့ လက်ချက် တစ်စိတ်တစ်ပိုင်း ပါဝင်တယ်။ တရားမဝင် ဆားတွေ ပေါများလာတာက ချန်တိုင်းပြည် အတွင်းပိုင်းကိုလည်း အတော်လေး သက်ရောက်မှု ရှိစေခဲ့တယ်။ ပြီးတော့ ဝူမင်းသားက ချန်တိုင်းပြည် ဧကရာဇ် မတော်တဆ သေဆုံးအောင်လည်း ကြံစည်ခဲ့သေးတယ်။"

ကျင်းဘုရင်မင်းမြတ် ၏ မျက်လုံးများတွင် အံ့အားသင့်မှုများ ဖြတ်ပြေးသွားကာ တိုးညှင်းစွာ ရေရွတ်လိုက်သည်။ "စတုတ္ထညီတော်က ဒီလောက် အမြော်အမြင် ကြီးမားလိမ့်မယ်လို့ မထင်ခဲ့မိဘူး။ဒီအထဲမှာ သူ့ရဲ့ လက်ချက်တွေ ပါနေသေးတာလား။"

ဖန်ကျန်းရီသည် ရင်ခွင်ထဲမှ အစီရင်ခံစာတစ်စောင်ကို ထုတ်ယူကာ လှမ်းပေးရင်း ပြောလိုက်၏။ "အရှင်မင်းကြီး... ကျွန်တော်မျိုး အသေးစိတ်ကို အကုန် မပြောပြနိုင်သေးပါဘူး။ အချက်အလက်တွေ အားလုံးကို အဲဒီအထဲမှာ ရေးထားပါတယ်။ အရှင်မင်းကြီး ဖတ်ရှုတော်မူပါ။"

ကျင်းဘုရင်မင်းမြတ်သည် အစီရင်ခံစာကို လှမ်းယူလိုက်ပြီး ခေါင်းညိတ်ကာ ယုံကြည်ရန် အနည်းငယ် ခက်ခဲနေဆဲ ဖြစ်သည်။ "မထင်မှတ်ထားဘူး... ကိုယ်တော် တကယ်ကို မထင်မှတ်ထားခဲ့ဘူး။ ကိုယ်တော် သေချာ ဖတ်ကြည့်ပါ့မယ်။ နောက်ပြီး ဘဏ္ဍာရေးအမတ်ကျန်းရှီ နဲ့ သူ ဆက်သွယ်မှု ရှိနေမယ်ဆိုတာကို ကိုယ်တော် ခန့်မှန်းမိပြီးသားမို့လို့ ကြိုတင်ပြီး စောင့်ကြည့်ခိုင်းထားပါတယ်။

ကျင်းယီဝေ ကိုလည်း အခု အစိုးရရုံးအဖြစ် တည်ထောင်ပြီးသွားပြီ။ တောင်ပိုင်းနဲ့ မြောက်ပိုင်း စုံစမ်း စစ်ဆေးရေးမှူးတွေက တပ်ဖွဲ့စည်းကမ်းနဲ့ အမှုစစ်ဆေးရေးတွေကို ခွဲဝေအုပ်ချုပ်နေကြပြီ။ ကိုယ်တော်က စစ်တပ်က မျိုးဆက်တချို့ကို ရွေးချယ်ပြီး ရာထူးခန့်ထားပြီးပြီ။

အခုလောလောဆယ် လူအင်အား မလုံလောက်သေးဘူး။ မင်းက နိုင်ငံသားကောင်းတချို့ကို ရွေးချယ်ပြီး ကျင်းယီဝေ ထဲ ထည့်လိုက်ပါ။ အထဲက အသေးစိတ် စည်းမျဉ်းစည်းကမ်းတွေကိုတော့ ကိုယ်တော် လူလွှတ်ပြီး မင်းဆီ ပို့ခိုင်းလိုက်မယ်။

နောက်ပြီး မင်း... အမတ်ဖန်... အမတ်ဖန်။"

ကျင်းဘုရင်မင်းမြတ် စကားပြောနေစဉ်မှာပင် ဖန်ကျန်းရီသည် ထိုင်ခုံပေါ်တွင် ခေါင်းစောင်းကာ အိပ်ပျော်သွားခဲ့သည်။

နှစ်ရက်လုံးလုံး မစားမသောက် မအိပ်မနေဘဲ ယခုချိန်ထိ တောင့်ခံထားရသည်မှာ အစွန်းကုန် ဖြစ်နေပြီ ဖြစ်၏။

သူ၏ နှစ်ခြိုက်စွာ အိပ်ပျော်နေသော ပုံစံကို ကြည့်ကာ ကျင်းဘုရင်မင်းမြတ် သည် မတတ်သာဘဲ ပြုံးလိုက်ပြီး ကော်ထျန်းယန်ကို ခံစားချက်ပြင်းပြစွာဖြင့် ပြောလိုက်သည်။

"အမတ်ဖန်က တကယ်ကို အစွမ်းကုန် ကြိုးစားပေးတာပဲ။ မင်းမှုထမ်းကောင်းတွေရဲ့ စံပြပါပဲ။ သူတို့အရွယ်က ခွန်အားအပြည့်ဆုံး အချိန်ဖြစ်ပေမဲ့ ကြည့်ရတာ ဒီခရီးက သူ့ကို တကယ် ပင်ပန်းစေခဲ့တာပဲ။

သူ့ကို ကုတင်ပေါ် ပို့ပေးလိုက်ပါ။ သူ နိုးလာတဲ့အခါ တောက်ယွမ်ခရိုင်ကို ပြန်ပြီး နှစ်ရက်လောက် အနားယူခိုင်းလိုက်။ ပြီးမှ ကိုယ်တော့်ဆီ လာတွေ့ခိုင်း။ အဲဒီအချိန်ကျမှ သီးခြား ဆုချီးမြှင့်ပေးမယ်။"

...

ဖန်ကျန်းရီ အိပ်မောကျရာမှ နိုးလာသောအခါ ဒုတိယနေ့ နံနက်ခင်းသို့ ရောက်ရှိနေပြီ ဖြစ်၏။

ဤတစ်ရေးအိပ်လိုက်ရသည်မှာ အလွန်လန်းဆန်းသွားပြီး တစ်ကိုယ်လုံး ပေါ့ပါးသွားသည်။

သို့ပေမည့် နိုးလာသောအခါ အရှေ့နန်းဆောင်တွင် ရောက်ရှိနေပြီး သူ၏ အဝတ်အစားများလည်း လဲလှယ်ခံထားရကြောင်း တွေ့လိုက်ရ၏။

လီယွမ်ကျောက်မှာ အရှေ့နန်းဆောင်အတွင်း၌ မရှိချေ။ အပြင်ထွက်သွားခြင်း ဖြစ်နိုင်၏။ ကံကောင်းထောက်မစွာဖြင့် အစေခံမိန်းကလေးများက သတင်းပေးရန် ကျန်ရစ်ခဲ့ပြီး နံနက်စာကိုပါ ပြင်ဆင် ပေးခဲ့သည်။

နံနက်စာ စားပြီးနောက် မြင်းလှည်းကို ကြိုတင်ပြင်ဆင်ပေးထားပြီးဖြစ်ရာ ဖန်ကျန်းရီလည်း မြို့တော်ရှိ သူ၏အိမ်သို့ တန်းတန်းမတ်မတ် ပြန်လာခဲ့၏။

တံခါးစောင့်က ဖန်ကျန်းရီ ပြန်ရောက်လာသည်ကို မြင်သောအခါ ချက်ချင်းပင် အံ့အားသင့် ဝမ်းသာသွားပြီး အိမ်ထဲသို့ ဝင်၍ သတင်းပို့ရန် ပြင်လိုက်သော်လည်း ဖန်ကျန်းရီက အချိန်မီ တားဆီးလိုက်သည်။

ခြံဝင်းအတွင်းသို့ ဝင်လိုက်သည်နှင့် ကျောက်တုံးထိုင်ခုံဘေးတွင် ပျင်းရိစွာ ထိုင်နေသော ရှောင်ထောင် ကို ပထမဆုံး မြင်လိုက်ရ၏။

လက်တစ်ဖက်က မေးထောက်ထားပြီး ကျန်လက်တစ်ဖက်က ယပ်တောင်ငယ်လေးကို ကိုင်ကာ ဖြည်းညှင်းစွာ ယပ်ခတ်နေ၏။ ပျင်းရိနေသော ပုံစံက ဖန်ကျန်းရီနှင့် ခုနစ်ဆယ် ရှစ်ဆယ်ရာခိုင်နှုန်းခန့် တူညီနေသည်။

လူတစ်ယောက် ချဉ်းကပ်လာသည်ကို ခံစားမိသကဲ့သို့ ရှောင်ထောင်က ခေါင်းလှည့်ကြည့်လိုက်ရာ ပြုံးနေသော ဖန်ကျန်းရီကို မြင်လိုက်ရသည်။ မြင်လိုက်သည်နှင့် ကြက်သေသေသွား၏။

မျက်ရည်များက မျက်လုံးအိမ်အတွင်း ဖြည်းညှင်းစွာ စုဝေးလာပြီးနောက် မတ်တပ်ရပ်ကာ ဖန်ကျန်းရီဆီသို့ ရုတ်တရက် ပြေးဝင်လာခဲ့သည်။

နွေးထွေးပျော့ပျောင်းသော ခန္ဓာကိုယ်လေး ရင်ခွင်ထဲသို့ ရောက်လာသောအခါ ဖန်ကျန်းရီက အူကြောင်ကြောင် ရယ်မောလျက် မေးလိုက်၏။ "ဘာဖြစ်လို့လဲ။ အိမ်မှာ ဘယ်သူက မင်းကို အနိုင်ကျင့်လို့လဲ။ ဒါနဲ့ မင်းက ခရိုင်ထဲမှာ ရှိနေရမှာ မဟုတ်ဘူးလား။"

ရှောင်ထောင်က တီးတိုးဖြင့် ပြောလိုက်သည်။ "ပြန်လာရမှန်း သိသေးတယ်ပေါ့။ အိမ်ကို စာတစ်စောင်တောင် ပြန်မရေးဘူး။ မနေ့က ကျွန်မတို့ လူတွေ ပြန်ရောက်လာကြတယ်။ သခင်လေး နန်းတော်ထဲ ဝင်သွားတယ်ဆိုတာ ကြားလို့ ကျွန်မ ကျန်းပြောင် တို့ကို ခေါ်ပြီး လာကြိုတာ။"

ဖန်ကျန်းရီက သူမကို ညင်သာစွာ တွန်းဖယ်ပြီး ပြောလိုက်၏။ "ကောင်းပါပြီ။ ငါ အိမ်မှာ နှစ်ရက်လောက် နားမယ်။ ပစ္စည်းတွေ သိမ်းပြီးရင် ပြန်ကြတာပေါ့။"

ရှောင်ထောင်က မျက်ရည်များကို သုတ်ကာ လိမ္မာစွာ ခေါင်းညိတ်ပြလိုက်သည်။

"ခရိုင်ထဲမှာ ကိစ္စတွေ အများကြီး ဖြစ်ခဲ့တယ်။ ဝူမင်းသားက ကျွန်မတို့ ခရိုင်ကို တိုက်ခိုက်ဖို့ လူတွေ လွှတ်လိုက်တယ်။ ကျွန်မတို့ ယမ်းမှုန့်တွေကို သုံးလိုက်ရတယ်။ ဖုံးကွယ်ထားလို့ ရမှာ မဟုတ်တော့ဘူးထင်တယ်။ ဒါပေမဲ့ အခုလောလောဆယ်တော့ အပြင်လူတွေ သိလောက်သေးမှာ မဟုတ်ဘူး။"

ဖန်ကျန်းရီက သနားကြင်နာစွာဖြင့် သူမ၏ ခေါင်းကို ပွတ်သပ်ပေးရင်း ပြောလိုက်၏။ "သိပါပြီ။ ဒီကိစ္စတွေက အသေးအမွှားလေးတွေပါ။ နောက်ပိုင်း ငါ ကိုယ်တိုင် စီစဉ်လိုက်မယ်။ ကျန်းပြောင် ရော ဘယ်မှာလဲ။"

"သခင်လေး... ကျုပ် ဒီမှာ ရှိပါတယ်။" အသံတုတ်တုတ်ကြီးတစ်ခု ထွက်ပေါ်လာသည်။

ဖန်ကျန်းရီက အသံလာရာသို့ ကြည့်လိုက်ရာ ခြံဝင်း၏ လမင်းပုံစံ တံခါးပေါက်ဝတွင် လူအနည်းငယ် ရပ်နေသည်ကို မြင်လိုက်ရသည်။

ကျန်းပြောင်၊ လော့နင်ရှင်း နှင့် အနည်းငယ် ရင်းနှီးနေပုံရသော မိန်းမတစ်ယောက် ဖြစ်၏။

အလိုလေး... အစ်ကိုပြောင်က ပိုထွားလာပါလား။ ကြည့်ရတာ ပုံမှန်အချိန်တွေမှာ ကြွက်သားတွေ တော်တော် လေ့ကျင့်ထားပုံရတယ်။

ကျန်းပြောင်၏ ဘေးတွင် ရပ်နေသော အနည်းငယ် ရင်းနှီးနေပုံရသည့် မိန်းမမှာ ကျန်းပြောင်အား ရှက်ရွံ့စွာ မှီနေပြီး ဝမ်းဗိုက်မှာ အနည်းငယ် စူထွက်နေကာ လက်ထဲတွင်လည်း အလေးတုံးလေး တစ်ခုကို ကိုင်ထား၏။ သူမက အရိုအသေပေးလျက် ပြောလိုက်သည်။ "ဖန် လူကြီးမင်းကို ဂါရဝပြုပါတယ်။"

လော့နင်ရှင်းက ဖြည်းညှင်းစွာ လျှောက်လာပြီး ဖန်ကျန်းရီ၏ နားနားသို့ ကပ်ကာ ညင်သာစွာ ပြောလိုက်သည်။ "သခင်လေး... နောက်ဆုံးတော့ ရှင် ပြန်ရောက်လာပြီပဲ။ အဲဒီအစ်မက အစ်မချွန်း လေ... ရှင် မေ့သွားပြီလား။

သူမက အစ်ကိုပြောင် နဲ့ ဆက်သွယ်ပေးဖို့ အမြဲတောင်းဆိုနေတာမို့ ကျွန်မ ဆက်သွယ်ပေးလိုက်တာ။ အခု ဗိုက်တောင် ကြီးနေပြီ။ သခင်လေး... ကျွန်မ .."

လော့နင်ရှင်း၏ နူးညံ့ပြီး ဆွဲဆောင်မှုရှိသော အသံကို ကြားရသောအခါ ဖန်ကျန်းရီ၏ စိတ်ထဲတွင် ယားကျိကျိ ဖြစ်သွား၏။

သို့ပေမည့် ယခုအချိန်က ဤကိစ္စများကို ပြောရန် အချိန်မဟုတ်ချေ။ ကျန်းပြောင် အိမ်ထောင်ကျသွားသည်က သူ့ကို ပို၍ အံ့ဩစေသည်။ "ငါ ထွက်သွားတာ တစ်နှစ်တောင် မပြည့်သေးဘူး။ မင်း အိမ်ထောင်တောင် ကျနေပြီလား။"

ကျန်းပြောင်က ရိုးအအဖြင့် ပြုံးကာ ပြောလိုက်၏။ "အိမ်ထောင်မကျသေးပါဘူး။ သခင်လေးက ဒီတစ်ခေါက် အကြာကြီး သွားတာပဲ။ သခင်လေး အပြင်မှာ သေသွားမလားလို့တောင် ကျုပ် စိုးရိမ်နေတာ။"

သူက ဘေးသို့ တစ်ချက် ကြည့်လိုက်ပြီး အစ်မချွန်း ကို မြင်သောအခါ မျက်နှာပြန်တည်သွားကာ ပြောလိုက်သည်။ "မင်း ဒီမှာ ဘာလုပ်နေတာလဲ။ သွားပြီး ကြွက်သား သွားမကျင့်သေးဘူးလား။"

အစ်မချွန်းသည် ဝမ်းနည်းစွာဖြင့် နှုတ်ခမ်းဆူလိုက်ပြီး အလေးတုံးကို မကာ ထွက်သွား၏။

ဖန်ကျန်းရီ၏ ပါးစပ်မှာ ဖြည်းညှင်းစွာ ဟသွားပြီး အလန့်တကြား မေးလိုက်သည်။ "မင်းက ကိုယ်ဝန်ဆောင်သည်ကို ကြွက်သားကျင့်ခိုင်းနေတာလား။"

ကျန်းပြောင်က အနီးသို့ ချဉ်းကပ်လာပြီး လေးနက်စွာ ပြောလိုက်သည်။ "ကျင့်ရမှာပေါ့။ မဟုတ်ရင် အားနည်းတဲ့ ကောင်လေး မွေးလာရင် ဘယ်လိုလုပ်မလဲ။ ကျုပ် မလိုချင်ဘူး။"

ဖန်ကျန်းရီသည် ကျန်းပြောင်ကို ကြောင်တောင်တောင် ကြည့်ကာ မေးလိုက်သည်။ "မင်းက လက်မထပ်ရသေးဘဲနဲ့ သူ့ကို ဗိုက်ကြီးအောင် လုပ်လိုက်တာလား။"

ကျန်းပြောင်က ခပ်တုံးတုံးဖြင့် ပြောလိုက်သည်။ "ဒါက ဘာမှ မသက်ဆိုင်ဘူး ထင်ပါတယ် သခင်လေး။ လက်မထပ်ဘဲ နဲ့ သူများဗိုက်ကို ကြီးအောင် လုပ်လို့ မရဘူးလား။"

ခြံဝင်းအတွင်း၌ ရှောင်ထောင်က ကျန်းပြောင်အား ရွံရှာစွာ ကြည့်နေ၏။

ဖန်ကျန်းရီသည် နဖူးကို အုပ်ကာ အလွန်အမင်း ခေါင်းကိုက်သွားသလို ပြောလိုက်သည်။ "ကောင်းကင်ဘုံ .. ငါ့ကိုယ်ပေါ်က ကိုယ်ကျင့်တရားဆိုတဲ့ သွေးတစ်စက်လေးတောင် မင်းဆီ မကူးစက်သွားဘူးလား။ တာဝန် မယူတော့ဘူးလို့ တွေးထားတာလား။"

ကျန်းပြောင်က ပြန်ဖြေလိုက်၏။ "အာ... တာဝန်ယူရမှာကတော့ သေချာပေါက် တာဝန်ယူရမှာပေါ့။ ကျုပ်လည်း တစ်ယောက်တည်း ရှာလို့ မရဘူးလေ။ နောက်ထပ် နှစ်ယောက်သုံးယောက်လောက် ရှာပြီး အတူတူ လက်ထပ်လိုက်ရင် ပိုအဆင်ပြေတာပေါ့။"

ချိတ်ဆက်၍ မရနိုင်တော့ချေ။ အစ်ကိုပြောင်၏ ကြမ်းတမ်းလွန်းသော စဉ်းစားတွေးခေါ်မှု ယုတ္တိဗေဒကို ဖန်ကျန်းရီ ကဲ့သို့ သာမန်လူတစ်ယောက်က နားလည်ရန် အနည်းငယ် ခက်ခဲနေသည်။

ခဏမျှ ရှုပ်ထွေးသွားပြီးနောက် ဆက်မတွေးတော့ဘဲ လူအားလုံးကို ကြည့်ကာ ပြုံးလျက် ပြောလိုက်၏။ "ကောင်းပါပြီ... ငါ ပြန်ရောက်ပြီဆိုတော့ အားလုံး စိုးရိမ်စရာ မလိုတော့ပါဘူး။ ပစ္စည်းတွေ သိမ်းကြ။ ငါတို့ တောက်ယွမ်ခရိုင်ကို အရင်ပြန်ကြမယ်။"

All Chapters