အခန်း (၅၅၁-၅၅၂)
Vol. 30 Ch. 551-552
အပိုင်း (၅၅၁) သခင်လေးဖန် ခရိုင်သို့ ပြန်လည်ရောက်ရှိခြင်း။
ဖန်ကျန်းရီနှင့် အတူသွားခဲ့သော လူများသည် တောက်ယွမ်ခရိုင်သို့ စောစီးစွာ ပြန်ရောက်နှင့်ပြီးဖြစ်ရာ သတင်းကလည်း သဘာဝကျကျပင် ခရိုင်အတွင်း ပြန့်နှံ့သွားခဲ့သည်။
ဖန်ကျန်းရီ ပျောက်ဆုံးသွားသည့် သတင်းမှာ ဖုံးကွယ်ထား၍ မရနိုင်ခဲ့ဘဲ စကားများ ရှုပ်ထွေးလာသည်။ အောက်ခြေရှိ ပြည်သူများလည်း အလွန်အမင်း ထိတ်လန့်သွားကြ၏။
ပုံမှန်အချိန်များနှင့် နှိုင်းယှဉ်ပါက အသက်ဝင်မှု အနည်းငယ် လျော့ကျသွားပြီး လူအတော်များများက အိမ်တွင် ဘုရားရှိခိုးဆုတောင်းခြင်းများပင် စတင်ပြုလုပ်လာကြသည်။
သခင်လေးဖန် ဘေးကင်းစွာ ပြန်လည်ရောက်ရှိလာရန် ကာကွယ်စောင့်ရှောက်ပေးပါရန် ဆုတောင်းကြခြင်း ဖြစ်၏။
သို့ပေမည့် သခင်လေးဖန် အိမ်ပြန်ရောက်လာမည့် သတင်း ထွက်ပေါ်လာသည်နှင့် လေထုက ရုတ်တရက် ပြောင်းလဲသွားခဲ့သည်။
ခရိုင်တစ်ခုလုံး အပေါ်အောက် မီးအိမ်များ၊ ရောင်စုံအလှဆင်ပစ္စည်းများ ချိတ်ဆွဲကာ နှစ်သစ်ကူးပွဲတော် ကျင်းပနေသကဲ့သို့ ဖြစ်သွား၏။
ဖန်ကျန်းရီတို့ လူစု တောက်ယွမ်ခရိုင် နယ်နိမိတ်အတွင်းသို့ ရောက်ရှိလာသောအခါ တောက်ယွမ်ခရိုင်မှ ပြည်သူအများအပြားသည် လူစုလူဝေးဖြင့် မြို့တံခါးဝတွင် စောင့်ဆိုင်းနေကြပေပြီ။
မလှမ်းမကမ်းတွင် လူများနှင့် ပြည့်နှက်နေသည်ကို မြင်သောအခါ ဖန်ကျန်းရီက တောက်ပသည့်အပြုံးကို ပြုံးလျက် မြင်းလှည်းပေါ်တွင် မတ်တပ်ရပ်လိုက်သည်။
မျက်စိလျင်သော ပြည်သူအချို့က ဖန်ကျန်းရီကို တစ်ချက်တည်း မြင်လိုက်ရပြီး ပန်းများကို မြှောက်ကာ အော်ဟစ်လိုက်ကြ၏။ "သခင်လေး ပြန်ရောက်လာပြီဟေ့။"
"တကယ်ကြီး သခင်လေးပဲ။ အားလုံး သွားကြိုကြစို့။"
လူတစ်ယောက်က ဦးဆောင်လိုက်သည်နှင့် ပြည်သူများက အုပ်စုလိုက်ကြီး ရှေ့သို့ ပြေးထွက်သွားကြ၏။
ဖန်ကျန်းရီက အဆက်မပြတ် လက်ဝှေ့ယမ်း နှုတ်ဆက်နေပြီး လှည်းပေါ်တွင် ပါလာသော မိန်းမ အနည်းငယ်ကလည်း လှည်းခန်းအတွင်း၌ ထိုင်ကာ လှည်းပြတင်းပေါက်မှတစ်ဆင့် ဤစည်ကားလှသော မြင်ကွင်းကို အပြုံးများဖြင့် ကြည့်ရှုနေကြသည်။
ရှောင်ထောင်ကတော့ ဤအရာများကို အသားကျနေပြီ ဖြစ်၏။
လှည်းအပြင်ဘက်မှ လူများက အစားအစာများ လှမ်းပေးသည်ကို လက်လှမ်းယူကာ သစ်သီးအချို့ကို ကိုက်ရင်း ရယ်မောလျက် တုံ့ပြန်နေသည်။
လော့နင်ရှင်းကတော့ ဤကဲ့သို့သော မြင်ကွင်းမျိုးကို ပထမဆုံးအကြိမ် မြင်ဖူးခြင်းဖြစ်သဖြင့် အနည်းငယ် မယုံနိုင်စွာဖြင့် တီးတိုးရေရွတ်လိုက်သည်။ "ရှောင်ထောင်... သခင်လေးလို ပြည်သူတွေရဲ့ ချစ်ခင်လေးစားမှုကို ရတဲ့ အရာရှိမျိုး ကျွန်မ တစ်ခါမှ မမြင်ဖူးဘူး။"
ရှောင်ထောင်က ပြုံးလျက် ပြောလိုက်၏။ "တောက်ယွမ်ခရိုင်က ဘာမှမရှိတဲ့ ဘဝကနေ ယနေ့အထိ ရောက်လာတာလေ။ ဒီလို မြင်ကွင်းမျိုး ကျွန်မ မြင်ဖူးတာ ငါးခါ ခြောက်ခါ မကတော့ဘူး။ ခရိုင်ထဲကလူတွေက အချိန်အကြာကြီး သူ့ကို မတွေ့ရရင် စိတ်တွေ ဂနာမငြိမ် ဖြစ်လာကြတယ်။
နေ့တိုင်း ပြည်သူတွေက အစိုးရရုံးကို လာပြီး သခင်လေး ဘယ်သွားလဲလို့ လာမေးကြတာပဲလေ။"
လော့နင်ရှင်းက နားလည်သဘောပေါက်စွာ ပြုံးလိုက်သည်။ သူမနှင့် မျက်နှာချင်းဆိုင်တွင် ရှိနေသော အစ်မချွန်း ကို ရုတ်တရက် မြင်လိုက်ရ၏။
ထိုအချိန်တွင် အစ်မချွန်းသည် စိတ်အားထက်သန်စွာဖြင့် လှည်းပြတင်းပေါက်မှတစ်ဆင့် အပြင်ဘက်ကို ကြည့်နေပြီး ဘယ်ဘက်လက်က အလေးတုံးလေးကို ကိုင်ကာ အထက်အောက် လေ့ကျင့်နေပြီး ညာဘက် လက်ကတော့ ဝမ်းဗိုက်ပေါ်တွင် ညင်သာစွာ တင်ထားသည်။
လော့နင်ရှင်းလည်း သူမ၏ ဝမ်းဗိုက်လေးကို ပွတ်သပ်ကာ အနည်းငယ် အားကျစွာဖြင့် ထပ်မံကြည့်ရှုလိုက်မိ၏။
မြင်းလှည်းအပြင်ဘက်တွင် လူအုပ်ကြီးက လူစုခွဲမည့် အရိပ်အယောင် မရှိသည်ကို မြင်သောအခါ ဖန်ကျန်းရီက မျက်နှာကို တည်ထားပြီး အလွန်လေးနက်သော ပုံစံဖြင့် ပြောလိုက်သည်။ "ကဲပါ... ကဲပါ... အားလုံး ပြန်ကြတော့။ လုပ်စရာရှိတာ သွားလုပ်ကြ။ ဒီနှစ် ခရိုင်အခွန်ကောက်ခံမှု ရည်မှန်းချက်မပြည့်ရင် ကျုပ် မညှာဘူးလို့ မပြောနဲ့နော်။"
သခင်လေး ဒေါသထွက်သွားသည်ကို မြင်သောအခါ ပြည်သူအများအပြားက ပြုံးဖြီးဖြီးဖြင့် တဖြည်းဖြည်း လူစုခွဲကာ မြို့တွင်းသို့ ပြန်သွားကြသည်။
နောက်ဆုံးတွင် အစိုးရရုံးမှ လူများသာ ကျန်ရစ်ခဲ့၏။
အောက်ချန်သည် မြို့တံခါးဝတွင် အစိုးရမင်းစေများကို ဦးဆောင်ကာ ဖန်ကျန်းရီ အနီးသို့ ရောက်လာခဲ့သည်။ အောက်ချန်သည် အမြဲတမ်း လေးနက်တည်ကြည်တတ်သော်လည်း ယခုအချိန်တွင်တော့ အနည်းငယ် စိတ် လှုပ်ရှားနေမိသည်။
ဖန်ကျန်းရီသည် တောက်ယွမ်ခရိုင်၏ အဓိက မှီခိုရာ၊ ပင်မမဏ္ဍိုင်ကြီး ဖြစ်၏။
အရင်တုန်းက ဤပင်မမဏ္ဍိုင်ကြီး ပျောက်ဆုံးသွားသဖြင့် သူ၏ စိတ်ထဲတွင်လည်း အလွန်ထိတ်လန့်နေခဲ့သော်လည်း ခရိုင်အတွင်းရှိ ကိစ္စအကြီးအသေးများကို သူကိုယ်တိုင် ဦးစီးဖြေရှင်းနေရသဖြင့် ပုံမှန်အတိုင်း လေးနက်တည်ကြည်မှုကိုသာ ထိန်းသိမ်းထားခဲ့ရသည်။
ယခု သခင်လေးကို ကိုယ်တိုင် မြင်လိုက်ရမှသာ စိတ်ထဲတွင် အနည်းငယ် သက်သာရာ ရသွား၏။
အောက်ချန်က အနည်းငယ် ဦးညွှတ်ကာ ပြောလိုက်သည်။ "သခင်လေး... သခင်လေးသာ ပြန်မလာရင် ကျုပ် တကယ်ကို ဆက်ပြီး တောင့်ခံထားနိုင်မှာ မဟုတ်တော့ဘူးလို့ ထင်နေတာ။"
ဖန်ကျန်းရီက ပြုံးလျက် မေးလိုက်၏။ "ပုံမှန်ဆိုရင်လည်း ကျုပ်က မြို့တော်မှာပဲ နေတာလေ။ အပြင် ထွက်သွားတာ အချိန်သိပ်မကြာသေးဘဲနဲ့ ခင်ဗျားက ဘာလို့ တောင့်မခံနိုင်ရတာလဲ။"
အောက်ချန်က သက်ပြင်းချလျက် ပြောလိုက်သည်။ "သခင်လေး... ကျုပ်တို့ မြို့ထဲ အရင်ဝင်ရအောင်။ ခရိုင်ထဲမှာ မကြာသေးခင်က ကိစ္စကြီးတွေ အများကြီး ဖြစ်ခဲ့တယ်။ ကျုပ် တစ်ခုချင်းစီ အစီရင်ခံရအုံးမယ်။"
ဖန်ကျန်းရီက ခေါင်းညိတ်လိုက်သည်။ "အင်း... အစိုးရရုံးရောက်မှ စကားပြောကြတာပေါ့။"
လူအုပ်ကြီးသည် မြို့တွင်းသို့ စတင်ဝင်ရောက်လာကြပြီး ဖန်ကျန်းရီက မြင်းပေါ်မှ ဆင်း၍ လမ်းလျှောက်လာခဲ့ရာ စည်ကားလှသော လမ်းမကြီးပေါ်တွင် လျှောက်လှမ်းနေရသည်မှာ ဘဝသစ်တစ်ခုသို့ ရောက်ရှိသွားသကဲ့သို့ ခံစားရ၏။
မည်သို့ပင်ဖြစ်စေ အိမ်မှာနေရသည်ကတော့ သက်တောင့်သက်သာ အရှိဆုံးပင်။ မိမိကိုယ်တိုင် ဖန်တီးထားသော နေရာက တခြားနှင့် မတူညီပေ။ ခရိုင်သို့ ပြန်ရောက်သည်နှင့် စိတ်ကို ဒုံးဒုံးချမိသည်။
ဖန်ကျန်းရီ ဦးဆောင်လျက် လူအုပ်ကြီးသည် လမ်းမပေါ်တွင် ဖြည်းညှင်းစွာ လျှောက်လာခဲ့ကြ၏။
ဘယ်ညာမှ ပြည်သူများက အဆက်မပြတ် အရိုအသေပေးကာ နှုတ်ဆက်နေကြပြီး ဖန်ကျန်းရီက အပြုံးဖြင့် အသိအမှတ်ပြု တုံ့ပြန်ရင်း ခရိုင်အတွင်း၌ အပြောင်းအလဲ အသစ်များ ရှိ၊ မရှိ ဘေးဘီသို့ လိုက်လံကြည့်ရှုနေသည်။
အောက်ချန်သည် ရင်ခွင်ထဲမှ မှတ်စုစာအုပ်ငယ်လေးကို ထုတ်ယူကာ အလုပ်ကိစ္စများ အစီရင်ခံရန် ပြင်လိုက်၏။
စကားစပြောရန် ပြင်လိုက်ချိန်တွင် ဖန်ကျန်းရီ၏ အကြည့်များက စူးရှသွားကာ မျက်နှာမှာ ဒယ်အိုးမည်းကြီးကဲ့သို့ ချက်ချင်း မည်းမှောင်သွားသည်။
စားသောက်ဆိုင် တစ်ဆိုင်၏ တံခါးဝကို လက်ညှိုးထိုးကာ ဒေါသတကြီးဖြင့် မေးလိုက်၏။ "ဘာဖြစ်တာလဲ။ ခရိုင်ထဲမှာ အခု ဘာလို့ သူတောင်းစားတွေ ရှိနေရတာလဲ။"
လက်ညှိုးထိုးပြရာ နေရာတွင် သူတောင်းစားနှစ်ယောက်က စားကြွင်းစားကျန်ပုံးနား၌ ဝိုင်းထိုင်ကာ စကားပြောနေကြပုံ ပေါ်သည်။
အောက်ချန်က သေချာကြည့်လိုက်ပြီးနောက် အနေခက်စွာဖြင့် ရှင်းပြလိုက်၏။ "သခင်လေး... သူတို့က... သူတို့က အရင်တုန်းက ကျုပ်တို့ မြို့တံခါးစောင့်တပ်ဖွဲ့က မြို့စောင့်တပ်သားတွေလေ။ နောက်တော့ စီးပွားရေးလုပ်တာ ဒေဝါလီခံရလို့ လမ်းပေါ်ရောက်ပြီး တောင်းစားနေကြတာပါ။"
ဖန်ကျန်းရီက မေးလိုက်သည်။ "စီးပွားရေးလုပ်တာ ဒေဝါလီခံရတယ် ဟုတ်လား။ ကျုပ်တို့ ခရိုင်ထဲမှာ သူတို့ကို လမ်းပြပေးမယ့်သူ မရှိဘူးလား။"
အောက်ချန်က ခက်ခက်ခဲခဲ ရှင်းပြလိုက်၏။ "ဘယ်သူကမှ လမ်းမပြပါဘူးဗျာ။ ဒီလူနှစ်ယောက်က ဘာရောဂါ ထဖောက်လဲ မသိဘူး။ ရုတ်တရက်ကြီး စီးပွားရေး သွားလုပ်ချင်စိတ် ပေါက်လာကြတာ။
သူတို့ရဲ့ အကြံအစည်ကလည်း တော်တော်ဆိုးတယ်။ စီးပွားရေးလုပ်တာ ကိစ္စမရှိပေမဲ့ မြင်းသွားရောင်း ကြတာလေ။ အဲဒါက သာမန်လူတွေ ရောင်းလို့ရတဲ့အရာလား။ အသက်ကြီးတဲ့ တစ်ယောက်က အိမ်ကိုတောင် ပေါင်ပြီး ခရိုင်ကနေ ငွေချေးသွားသေးတယ်။
ပြီးတော့ အဘိုးချန်ကို သွားရှာပြီး လက်မှတ်တု နှစ်စောင် လုပ်ခိုင်းပြီး ဟန်ကျန်းပြည်နယ်ကို မြင်း သွားဝယ်ကြတယ်။ မြင်းတွေကို ခိုးကြောင်ခိုးဝှက် ဝယ်လာခဲ့ပေမဲ့ လမ်းတစ်လျှောက်လုံး မြက်ဖိုး၊ ဂိတ်ကြေး၊ လာဘ်ငွေတွေနဲ့တင် အရင်း အကုန်ပြုတ်သွားတာ။ မြို့တော်ကို သယ်သွားဖို့တောင် မလောက်တော့ဘူး။
နောက်တော့ အကြီးကောင်က မိန်းမရဲ့ အမျိုးတွေဆီ ပြန်သွားပြီး ငွေချေးမှပဲ မြင်းတွေကို မြို့တော်အထိ မနည်းသယ်သွားနိုင်တာ။ မြို့တော်ရောက်တော့ မြင်းအရောင်းအဝယ် လုပ်ခွင့်လက်မှတ် မရှိလို့ မြင်းကောင်ရေ နှစ်ရာကျော်လုံး မြို့ထဲဝင်ဝင်ချင်းပဲ မြို့စောင့်တပ်ရင်းငါးခုက အကုန်သိမ်းသွားတယ်။ ခရိုင်ကို ပြန်ရောက်တော့ နှစ်ယောက်လုံး ရူးသွားကြတယ်။"
ဖန်ကျန်းရီ၏ မျက်နှာပေါ်တွင် သနားစရာကောင်းသော အရိပ်အယောင်တစ်ခု ပေါ်လာ၏။
သနားစရာကောင်းသော စီးပွားရေးစတင်သူ ခွေးလေးများပါလား။ စီးပွားရေးလုပ်တာနဲ့ တစ်ဘဝစာ ပျက်စီးသွားတာပဲ။
ဖန်ကျန်းရီက မေးလိုက်သည်။ "ကျုပ်က မြို့စောင့်တပ်ရင်းငါးခု မှာ စကားနည်းနည်းပါးပါး ပြောလို့ရပါတယ်လေ။ ကျုပ်တို့ ခရိုင်က ပစ္စည်းတွေကိုတောင် ရဲရဲဝံ့ဝံ့ သိမ်းရဲတယ်ပေါ့။ သူတို့က ကျုပ်နာမည်ကို မသုံးဘူးလား။"
အောက်ချန်၏ မျက်နှာမှာ အလွန် ခက်ခဲနေဟန် ပေါ်လာ၏။ "သုံးပါတယ် သခင်လေး။ ဒါပေမဲ့ မြင်းကောင်ရေ နှစ်ရာကျော်လေ။ ဒါက သာမန်လူတွေ လုပ်နိုင်တဲ့ အရောင်းအဝယ်မှ မဟုတ်တာ။ သူတို့နှစ်ယောက်က အတွေ့အကြုံလည်း မရှိဘဲနဲ့ ဗြောင်ကြီး သွားလုပ်ကြတာ။ သူတို့နှစ်ယောက်လုံးကို ခေါင်းဖြတ်သတ်ပစ်လို့တောင် ရတယ်။ အခုလို ပြန်လွှတ်ပေးလိုက်တာကတောင် သခင်လေး မျက်နှာကို ထောက်ထားလို့ပါ။"
ဖန်ကျန်းရီမှာ စကားမပြောနိုင်တော့ဘဲ ခေါင်းလှည့်ကာ ထပ်မံမေးလိုက်သည်။ "ဒါ... ရူးသွားတယ်ဆိုရင် ခရိုင်ထဲမှာ သဘာဝဘေးဒဏ်ခံရသူတွေအတွက် စိတ်ပိုင်းဆိုင်ရာ နှစ်သိမ့်ပေးတဲ့ နေရာ ရှိတယ် မဟုတ်လား။ အဲဒီနေရာကို ပို့ပြီး သေချာ မကုပေးဘူးလား။"
အောက်ချန်၏ မျက်လုံးများတွင် ဝမ်းနည်းမှု အရိပ်အယောင်တစ်ခု ဖြတ်ပြေးသွား၏။ "မပြောနဲ့တော့ သခင်လေးရယ်... ပို့ပေးခဲ့ပါတယ်။ ရောဂါပျောက်သွားတော့ ပြန်ထွက်ပြီး အရောင်းအဝယ် သွားလုပ်ကြပြန်ရော။
အငယ်ကောင်က သူ့အဖေရဲ့ အိမ်ကို ပေါင်ပြီး အရင်းလုပ်ပြန်တယ်။ ဒီတစ်ခေါက်တော့ နည်းနည်း ပါးနပ်သွားတယ်။ ဆရာတစ်ယောက် ရှာရမယ်ဆိုတာ သိသွားတော့ ခရိုင်ထဲက မျောက်ကောက်တဲ့ အဘိုးစွန်း နဲ့ လိုက်ပြီး မျောက်သွားဖမ်းကြတယ်။
နှစ်ရက်လောက်ပဲ လုပ်ရသေးတယ်။ အဘိုးစွန်းက မိန်းမအသစ် ယူမှာမို့လို့ ဆက်မလုပ်တော့ဘူးဆိုပြီး မျောက်တွေကို သူတို့နှစ်ယောက်ဆီ အကုန် လွှဲပေးခဲ့တယ်။”
“ဟူး... ကျုပ် မှတ်မိသလောက်တော့ ကျုပ်တို့ ခရိုင်မှာ မျောက်တွေက အမြဲတမ်း ရှားပါးနေတာ မဟုတ်လား။ ဒါဆို အမြတ်ရသင့်တာပေါ့။"
အောက်ချန်က ရှင်းပြလိုက်သည်။ "အရင်ကတော့ ဟုတ်ပါတယ်။ ဒါပေမဲ့ ပင်နီဆီလင် သုတေသန အောင်မြင်သွားတော့ ရှောင်ထောင် က သုတေသနဌာနရဲ့ ရန်ပုံငွေကို ရပ်လိုက်တာလေ။ ဒါနဲ့ မျောက်တွေကို ဘယ်သူမှ မလိုချင်ကြတော့ဘူး။ ဒီမျောက်အုပ်ကြီး အကုန်လုံး လက်ထဲမှာ အောင်းနေတော့ အဝတ်အစားလေး တစ်ထည်တောင် မကျန်အောင် ရှုံးသွားပြီး နှစ်ယောက်လုံး လုံးဝ ထပ်ရူးသွားကြတာပဲ။ အချိန်အတော်ကြာ ကုပေးပေမဲ့ မကောင်းလာတော့ ကျုပ်တို့လည်း လက်လျှော့လိုက်ရတယ်။
နောက်ပိုင်းတော့ သူတို့တွေ ဒီလောက် သနားစရာကောင်းနေမှတော့ တောင်းစားချင်လည်း တောင်းစားပါစေတော့ ဆိုပြီး သိပ်ဂရုမစိုက်တော့တာပါ။"
ဖန်ကျန်းရီသည် ဤစကားကို ကြားသောအခါ ငိုရခက် ရယ်ရခက် ဖြစ်သွားမိ၏။ တကယ့်ကို ပါရမီရှင် နှစ်ယောက်ပါလား။ အေးချမ်းတဲ့ ဘဝကို မနေဘဲ ဘာတွေ သွားလုပ်ချင်နေကြတာလဲ။
တစ်ချိန်တည်းမှာပင် သူတောင်းစားနှစ်ယောက်မှာ စားကြွင်းစားကျန်ပုံးနားတွင် မျက်နှာအပြည့် ဝမ်းသာအားရ ဖြစ်နေကြသည်။
အငယ်ကောင်သည် ဟင်းရည်များကြားတွင် အဆက်မပြတ် မွှေနှောက်ရှာဖွေနေပြီး ရုတ်တရက် အံ့ဩဝမ်းသာစွာဖြင့် ပြောလိုက်သည်။ "အစ်ကိုလျူ... အမဲသားကင် ပါလာတယ်။"
အစ်ကိုလျူသည် သနားစရာကောင်းသော အသားပြားလေးကို လျင်မြန်စွာ ဆယ်ယူလိုက်ပြီး တစ်ဝက်ခွဲကာ ပါးစပ်ထဲထည့်၍ သေချာစွာ ဝါးစားလိုက်ရင်း အံ့ဩဝမ်းသာစွာဖြင့် ပြောလိုက်သည်။ "တကယ်ပဲ အမဲသားကင်ပဲ။ ရှောင်ချန်... မင်းလည်း မြည်းကြည့်လိုက်အုံး။"
အပိုင်း (၅၅၂) တောက်ယွမ်ခရိုင်၏ အချမ်းသာဆုံးသူဌေး။
ရှောင်ချန်သည် အမဲသားကင်ကို လှမ်းယူလိုက်ပြီး အလွန်နှစ်ခြိုက်သော အမူအရာဖြင့် စတင် မြည်းစမ်းလိုက်သည်။ "မွှေးတယ်။ တကယ်ကို သောက်ရမ်း မွှေးတာပဲ။"
ရှောင်ချန်က ထပ်မံမေးလိုက်သည်။ "အစ်ကိုလျူ... ခင်ဗျား စဉ်းစားကြည့်။ ဒီနေ့ ဘာလို့ စားစရာတွေ ဒီလောက် များနေရတာလဲ။"
အစ်ကိုလျူ၏ မျက်နှာပေါ်တွင် ဝမ်းနည်းမှု အရိပ်အယောင်တစ်ခု ပေါ်လာပြီး ပြောလိုက်၏။ "မင်း မကြားဘူးလား။ သခင်လေး ပြန်ရောက်လာပြီ။ အရင်တုန်းကဆိုရင် ငါလည်း သွားကြိုတဲ့အထဲ ပါနေလောက်ပြီ။ ဟူး... အခုလို အခြေအနေထိ ရောက်လာမယ်လို့ ဘယ်သူ ထင်မှာလဲ။"
ရှောင်ချန်၏ မျက်နှာပေါ်တွင် မူလက အပြုံးများ ရှိနေသေးသော်လည်း ဤစကားကို ကြားသောအခါ စိတ်ဓာတ်ကျသွားပြီး ကြီးမားသော ဝမ်းနည်းပူဆွေးမှုက ရင်ထဲသို့ လွှမ်းခြုံလာသည်။
ရှောင်ချန်က ပြောလိုက်၏။ "အစ်ကိုလျူ... ကျုပ်လည်း သခင်လေးကို သွားကြိုချင်တယ်။ ကျုပ်တို့နှစ်ယောက် စီးပွားရေး မလုပ်ခဲ့ရင် ကောင်းမယ်။ နေ့တိုင်း စားကြွင်းစားကျန်တွေ စားပြီး ဒီမှာ ကိုယ့်ကိုယ်ကိုယ် ဖြေသိမ့်နေရတယ်။"
အစ်ကိုလျူ၏ စိတ်ခံစားချက်မှာ လာသည်လည်း မြန်သလို သွားသည်လည်း မြန်လှ၏။ ရှောင်ချန် စကားပြော နေစဉ်မှာပင် သူက စားကြွင်းစားကျန်ပုံးထဲ၌ အစားအစာများကို ပြန်လည်ရှာဖွေနေပြီဖြစ်သည်။
ရှောင်ချန် စိတ်ဓာတ်ကျစရာ စကားများ ပြောနေသည်ကို ကြားသောအခါ သူ၏နောက်စေ့ကို လက်ဝါးဖြင့် တစ်ချက်ရိုက်ချလိုက်ပြီး ဒေါသတကြီးဖြင့် ပြောလိုက်၏။ "ဘာစားကြွင်းစားကျန်လဲ။ ဒါက ဘာလဲဆိုတာ ကြည့်စမ်း။"
ရှောင်ချန်က သေချာကြည့်လိုက်ရာ အစ်ကိုလျူ၏ လက်ထဲတွင် ပုစွန်တစ်ကောင်ကို ကိုင်ထားသည်ကို မြင်လိုက်ရပြီး တံတွေးများ အဆက်မပြတ် ထွက်ကျလာသည်။
ရှောင်ချန်က အော်ဟစ်လိုက်၏။ "အစ်ကို... အစ်ကို။ ပုစွန်... ပုစွန် ပါလာတယ်။"
အစ်ကိုလျူက ပုစွန်တစ်ဝက်ကို ဖဲ့၍ သူ့ထံ ပစ်ပေးလိုက်ပြီး ဂုဏ်ယူဝင့်ကြွားစွာဖြင့် ပြောလိုက်သည်။ "ဒါက ဘယ်လိုလုပ် စားကြွင်းစားကျန် ဖြစ်ရမှာလဲ။ ဒါက အရည်စိမ် ပင်လယ်စာလေ။"
ရှောင်ချန်က ပုစွန်အခွံကိုပင် မခွာတော့ဘဲ ပါးစပ်ထဲ အတင်းထည့်လိုက်ပြီး ပွစိပွစိဖြင့် ပြောလိုက်၏။ "အစ်ကို... ဒါက မြစ်ပုစွန် ၊ ပင်လယ်ပုစွန် မဟုတ်ဘူး။"
အစ်ကိုလျူက ပြောလိုက်သည်။ "စကားသိပ်မများနဲ့။ ဒီမှာ ပုစွန်ခွံတွေတောင် ရှိသေးတယ်။"
ပုစွန်တစ်ဝက် ဗိုက်ထဲရောက်သွားပြီးနောက် ပျော်ရွှင်စရာအချိန်လေးမှာ မျက်စိတစ်မှိတ်အတွင်း ပျောက်ကွယ်သွားကာ ရှောင်ချန်၏ စိတ်အခြေအနေမှာ ထပ်မံကျဆင်းသွားပြန်ပြီး ပြောလိုက်၏။ "အစ်ကိုလျူ... သခင်လေး ပြန်ရောက်လာပြီ။ ကျုပ်တို့ လမ်းပေါ်မှာ တောင်းစားနေတာကလည်း ကိစ္စမလှဘူးလေ။ တကယ်လို့ သခင်လေး ကျုပ်တို့ကို အထင်သေးသွားရင် ဘယ်လိုလုပ်မလဲ။ ကျုပ်က သခင်လေး အထင်သေးတာကို မခံချင်ဘူး။"
အစ်ကိုလျူက ချက်ချင်းပင် အော်ငေါက်လိုက်သည်။ "သောက်ရူး .. ငါတို့က တရားဝင် အလုပ် လုပ်နေတာလေ။ မတောင်းစားလို့ ဘာသွားလုပ်ရမှာလဲ။ မင်းက နောက်မှလာတာဆိုတော့ မသိဘူး။ ငါ့ကို မပြောနဲ့ သခင်လေး ကိုယ်တိုင်တောင်..."
ဤနေရာသို့ ရောက်သောအခါ အစ်ကိုလျူသည် ပါးစပ်ကို အုပ်လိုက်၏။ ဖန်ကျန်းရီ၏ အတိတ်ဆိုးများကို ခရိုင်အတွင်း၌ ပုံမှန်အားဖြင့် မည်သူမှ မပြောရဲကြချေ။
သို့ပေမည့် သူ၏ စိတ်ဓာတ်ကျနေသော ပုံစံကို မြင်သောအခါ အစ်ကိုလျူက မနေနိုင်ဘဲ နှစ်သိမ့်ပေးလိုက်သည်။ "ရှောင်ချန်... ငါတို့ အခု ဆုံးရှုံးစရာ ဘာမှမရှိတော့ဘူး။ ငါဆို ခရိုင်ကို ငွေတုံး တစ်ရာကျော် အကြွေးတင်နေတာ။ မိန်းမနဲ့ ကလေးလည်း သူများနောက် ပါသွားပြီ။
ဒါပေမဲ့ ဘာဖြစ်လဲ။ ဘဝကို ဆက်ရှင်သန်ရမှာပဲ။ တစ်နေ့နေ့ကျရင် ငါတို့နှစ်ယောက် ဘဝရဲ့ အထွတ်အထိပ်ကို ပြန်ရောက်မှာပါ။"
မိန်းမနှင့် ကလေး သူများနောက် ပါသွားသည်ဟု ကြားသောအခါ ရှောင်ချန်မှာ ဝါးကနဲ အသံထွက်ကာ ငိုချလိုက်ပြီး ငိုသံပါကြီးဖြင့် ပြောလိုက်သည်။ "အစ်ကိုလျူ... ကျုပ် မတောင်းစားချင်တော့ဘူး။ ကျုပ်ရဲ့ ငယ်ရည်းစား သူများနောက် ပါသွားတာက ကျုပ် တိုးတက်ချင်စိတ် မရှိလို့လေ... ကျုပ် သူ့ကို သဘောကျတယ်။ ကျုပ် သူ့ကို ပြန်လိုက်ရမယ်။"
အစ်ကိုလျူက ဒေါသတကြီးဖြင့် အော်လိုက်၏။ "ချီးပဲ။ အဲဒါက မင်း တိုးတက်ချင်စိတ် မရှိလို့လား။ အဲဒါက မင်း ဆင်းရဲလို့လေ။
မင်းရဲ့ ငယ်ရည်စားက အဘိုးစွန်း ကို မယားငယ်အဖြစ် လက်ထပ်သွားတာ။ အဘိုးစွန်း က တိုးတက်ချင်စိတ် ရှိလို့လား။ အသက် ခြောက်ဆယ်ကျော်နေပြီ။ ကိုယ်တစ်ပိုင်း မြေကြီးထဲ ရောက်နေတဲ့ အရွယ်ကြီးမှာ တိုးတက်ချင်စိတ်ရှိလို့ ဘာအသုံးကျမှာလဲ။
ချီးပဲ။ ထိုအဘိုးကြီးယုတ်ကို ပြောရင်းနဲ့တောင် ဒေါသထွက်လာပြီ။ တောက်... ခရိုင်က မျောက်မဝယ်တော့ဘူး ဆိုတာကို ကြိုသိနေရက်နဲ့ ငါတို့ကို ဒုက္ခပေးသွားသေးတယ်။"
ရှောင်ချန်သည် ဤစကားကို ကြားသောအခါ အသည်းကွဲသွားကာ ပြောလိုက်သည်။ "မဖြစ်နိုင်ဘူး။ ကျုပ်ရဲ့ ငယ်ရည်စားက အဲဒီလိုလူမျိုး မဟုတ်ပါဘူး။"
အစ်ကိုလျူက ရင်ဘတ်ကို ပုတ်၍ ထပ်မံမေးလိုက်သည်။ "ဟမ့် ... အရူး မလုပ်ပါနဲ့။ အစ်ကို့နောက် လိုက်ခဲ့။ နောက်ပိုင်း ပိုက်ဆံရှိလာရင် ဘယ်လိုမိန်းမမျိုး ရှာမရနိုင်လို့လဲ။ အချိန်ကျရင် အစ်ကိုက မင်းကို ရွှယ်ယွဲ့ပြည့်တန်ဆာရုံ မှာ အဝ သွားကဲဖို့ ဒကာခံမယ်။ နောက်ပိုင်း အဲဒီအထဲမှာပဲ နေလိုက်။ ဒါနဲ့ ဒီလ မင်း ပိုက်ဆံ ဘယ်လောက် တောင်းရလဲ။"
ရှောင်ချန်က ညည်းတွားသော အသံဖြင့် ပြန်ဖြေလိုက်သည်။ "ငွေတုံး သုံးဆယ့်ခုနစ်တုံးလောက်ပါ။"
အစ်ကိုလျူက အနည်းငယ် မကျေမနပ်ဖြင့် ပြောလိုက်သည်။ "ငါက ငွေတုံး ခြောက်ဆယ်ကျော်တောင် ရတယ်။ မင်းက သုံးဆယ့်ခုနစ်တုံးဆိုတော့ သေချာ မအော်ဘူးဆိုတာ သိသာတယ်။ မနက်ဖြန် နည်းနည်း ပိုကြိုးစား။ ငါတို့ရဲ့ ပိုက်ဆံရှာနိုင်တဲ့ စွမ်းရည်နဲ့ဆိုရင် မကြာခင်မှာပဲ လူပြန်ဖြစ်လာမှာပါ။"
ရှောင်ချန်က နှုတ်ခမ်းကို သပ်လျက် ပြောလိုက်သည်။ "အစ်ကို... အခု တောင်းလို့ရတာကတော့ တော်တော်များတယ်။ ဒါပေမဲ့ အချိန်ကြာလာရင် ဆက်ပြီး လုပ်စားလို့ ရမှာ မဟုတ်ဘူးလေ။"
အစ်ကိုလျူက မထီမဲ့မြင် ပြုံးလိုက်ပြီး ရှေ့တိုးကာ ရှောင်ချန်၏ ပခုံးကို ဖက်လိုက်သည်။ ထို့နောက် ဘယ်ညာကြည့်လိုက်ရာ မည်သူမှ သတိမထားမိသည်ကို မြင်တော့ တီးတိုးပြောလိုက်၏။ "ဒီလို စိတ်ဓာတ်ကျစရာ စကားတွေ မပြောပါနဲ့။ အစ်ကိုက နှစ်ကြိမ်တိုင်တိုင် ကျရှုံးပြီးပြီဆိုတော့ အရင်က အစ်ကို မဟုတ်တော့ဘူး။
အခု အစ်ကို့စိတ်ထဲမှာ စီးပွားရေးလုပ်နည်း သီအိုရီ တစ်ခု ရှိနေပြီ။ နောင်ကျရင် စာအုပ်ထုတ်လိုက်ရင်တောင် ငွေအများကြီး ရနိုင်သေးတယ်။ ငါမင်းကို မေးမယ်။ ဘာစီးပွားရေးက အမြတ်အများဆုံးလဲ သိလား။"
ရှောင်ချန်သည် လက်တစ်ဖက်ဖြင့် စားကြွင်းစားကျန်ပုံးကို မွှေနှောက်နေရင်း စိတ်မပါတပါဖြင့် ပြန်ဖြေလိုက်သည်။ "မသိဘူး။"
နှစ်ကြိမ်တိုင်တိုင် အရှုံးပြပြီးနောက် အစ်ကိုလျူမှာ အာဏာစက် လုံးဝ မရှိတော့ချေ။ အတူတူ ပေါင်းနေနိုင်သေးသည်က သံယောဇဉ်သတ်သတ် ကြောင့်သာ ဖြစ်၏။
အစ်ကိုလျူက ဂုဏ်ယူဝင့်ကြွားစွာ ပြုံးလျက် ပြောလိုက်သည်။ "ဘယ်စီးပွားရေးမဆို သေချာလုပ်ရင် အမြတ်ရတာချည်းပဲ။ ဒါပေမဲ့ ငွေအများကြီး ရချင်ရင်တော့ အဲဒါက..."
ရှောင်ချန်၏ စူးစမ်းလိုစိတ်က နိုးကြွလာပြီး မေးလိုက်၏။ "ဘာဖြစ်ရမှာလဲ။"
အစ်ကိုလျူက ပြောလိုက်သည်။ "လက်ဝါးကြီးအုပ်တာလေ။"
ရှောင်ချန်က မေးလိုက်၏။ "လက်ဝါးကြီးအုပ်တယ် ဟုတ်လား။"
အစ်ကိုလျူက လျှို့ဝှက်ဆန်းကြယ်စွာ ပြောလိုက်သည်။ "မှန်တယ်။ ဘယ်စီးပွားရေးမဆို လက်ဝါးကြီးအုပ်နိုင်ရင် ငါတို့ ချမ်းသာပြီ။ ငါတို့ နှစ်ယောက်တည်း လုပ်မှတော့ အမြတ်မရဘဲ နေပါ့မလား။ မင်း စဉ်းစားကြည့်။
အခု တစ်ခရိုင်လုံးမှာ ဘယ်သူတောင်းစားမှ မရှိဘူးလေ။ ငါတို့ နှစ်ယောက်တည်း လမ်းပေါ်မှာ တောင်းစားနေတာဆိုတော့ လက်ဝါးကြီးအုပ်ထားတာ မဟုတ်လား။ မဟုတ်ရင် ငါတို့က ဘာအကြောင်းပြချက်နဲ့ တစ်လကို ငွေတုံး တစ်ရာလောက် ရနိုင်မှာလဲ။ မင်း အပြင်မှာ သွားစုံစမ်းကြည့်။ အနှစ်တစ်ရာ တောင်းရင်တောင် ဒီလောက် မရနိုင်ဘူး။
ငါတို့ ခရိုင်ထဲမှာ လူချမ်းသာတွေ များတယ်။ သူတောင်းစားလည်း မရှိဘူး။ ငါတို့နှစ်ယောက်ကလည်း လူတိုင်းသိတဲ့ အရူးတွေ ဖြစ်နေတယ်။ စားစရိတ် နေစရိတ်လည်း မကုန်ဘူး။ အမြတ်သီးသန့်ပဲ။ ဒါက ငါတို့နှစ်ယောက် ချမ်းသာဖို့ ဖန်လာတာပဲ။"
ရှောင်ချန်၏ မျက်လုံးများက တစ်ဖန် ပြန်လည်တောက်ပလာပြီး ပြောလိုက်သည်။ "အစ်ကို ပြောတာ မှန်သလိုပဲနော်။"
အစ်ကိုလျူက ရင်ဘတ်ထဲမှ စက္ကူတစ်ထပ်ကို ထုတ်ယူကာ ပြောလိုက်၏။ "မှန်ရုံတင်မကဘူး။ တကယ့်ကို မှန်လွန်းနေတာ။ ဒါက ဘာလဲဆိုတာ မင်း ကြည့်လိုက်စမ်း။"
ရှောင်ချန်က အံ့အားသင့်စွာဖြင့် မေးလိုက်သည်။ "အစ်ကိုလျူ... ခင်ဗျား ပိုက်ဆံကုန်ခံပြီး စက္ကူတောင် ဝယ်ထားတာလား။"
အစ်ကိုလျူ၏ မျက်နှာပေါ်တွင် ဂုဏ်ယူသော အရိပ်အယောင်တစ်ခု ပေါ်လာပြီး တီးတိုးပြောလိုက်သည်။ "ဒါက လက်ကမ်းစာစောင်လေ။ သာမန်လူတစ်ယောက်က သဒ္ဒါတရားထက်သန်စွာနဲ့ သူတောင်းစားကို လှုလိုက်တာကနေ ကောင်းမှုကုသိုလ် ရသွားတယ်ဆိုတဲ့ ဇာတ်လမ်းကို ရေးထားတာ။ ပြီးတော့ ဒီအထဲမှာ ကြော်ငြာလည်း ရိုက်နှိပ်ထားသေးတယ်။ ငါတို့ ပုံမှန်သွားနေကျ စားသောက်ဆိုင်လေ။
ညဘက်ကျရင် ငါတို့ နှစ်ယောက် ဒါကို ယူပြီး လမ်းပေါ်မှာ သွားကပ်မယ်။ နောက်နေ့ကျရင် မင်း ထိုင်ပြီး ပိုက်ဆံသိမ်းဖို့သာ ပြင်ထား။
ခရိုင်ထဲမှာ ငါတို့နှစ်ယောက်တည်း သူတောင်းစား ရှိတာဆိုတော့ သူတို့ ဖတ်ပြီးသွားရင် ဘယ်သွားပြီး လှုကြမလဲ။ မင်း စဉ်းစား... သေချာ စဉ်းစားကြည့်။"
ရှောင်ချန်၏ မျက်လုံးများတွင် အလင်းရောင်များ တောက်ပသွားကာ ပြောလိုက်သည်။ "ချီး … အစ်ကိုလျူ... တော်တယ်ဗျာ။ ဒါပေမဲ့ ကျုပ်ကတော့ တောင်းစားရတာ အရှက်ကွဲတယ်လို့ ခံစားရတုန်းပဲ... အချိန်ကြာလာရင် တခြားလူတွေက ကျုပ်ကို တကယ့် သူတောင်းစားလို့ သတ်မှတ်သွားမှာကို စိုးရိမ်တယ်။"
အစ်ကိုလျူက ပြောလိုက်၏။ "သတ်မှတ်ရင် သတ်မှတ်ပါစေပေါ့။ ဘယ်လိုခေတ်ကြီး ရောက်နေပြီလဲ။ ခရိုင်ထဲမှာ ဆင်းရဲတာကိုသာ လှောင်ကြတာ။ ပြည့်တန်ဆာကို မလှောင်ကြဘူး။ ပိုက်ဆံရှိပြီး အိမ်ရှိတာကမှ အစစ်အမှန်ပဲ။ အချိန်ကျရင် ဘယ်သူမဆို မင်းကို အထင်ကြီးလာမှာပဲ။
မင်းရဲ့ ငယ်ရည်စားကိုပဲ ကြည့်လေ။ ငယ်ငယ်တည်းက တောက်လျှောက် ချစ်လာခဲ့တာကော ဘာထူးလို့လဲ။ အဘိုးစွန်းလို ခွေးကောင်က ငွေတုံး ငါးတုံးတန် ထောပတ်ပေါက်ပေါက်ဆုပ် တစ်ခွက် ဝယ်ကျွေးလိုက်တာနဲ့ ဒီဟာမကို သိမ်းပိုက်သွားတာပဲ မဟုတ်လား။ ပိုက်ဆံရှိရင် ဘာမဆို လုပ်လို့ရတယ်ဆိုတာ ဒါပဲ။"
ရှောင်ချန်က ပွစိပွစိ ပြောလိုက်သည်။ "ကျုပ်က အရူးတွေမှ ငွေတုံး ငါးတုံးတန်တဲ့ ပေါက်ပေါက်ဆုပ်ကို ဝယ်မယ်လို့ ထင်နေတာ..."
အစ်ကိုလျူက ပြောလိုက်၏။ "မင်းကမှ အရူး။ အဲဒါက သာမန်လူတွေအတွက် ပြင်ဆင်ထားတာမှ မဟုတ်တာ။ ဘယ်ကောင်မလေးကများ ငွေတုံး ငါးတုံးတန် ပေါက်ပေါက်ဆုပ်ကို လွန်ဆန်နိုင်မှာလဲ။ ဒါတွေက ပိုက်ဆံရှိတဲ့သူတွေ မိန်းမယူတဲ့ ဖြတ်လမ်းနည်းတွေပဲ။ မင်းက ငယ်လွန်းသေးတယ်။"
အစ်ကိုလျူက သွေးဆောင်ဖြားယောင်းကာ ထပ်ပြောလိုက်သည်။ "အစ်ကို့ စကားကို နားထောင်ရင် မမှားဘူး။ ငါတို့ အရင်ဆုံး ငွေအများကြီး ရှာမယ်။ အရင်းအနှီး ရလာရင် အိမ်ခြံမြေ သွားလုပ်မယ်။ အခု ခရိုင်က အပြင်လူတွေကိုပါ တံခါးဖွင့်ထားတော့ အိမ်ဈေးက တစ်နှစ်ထက်တစ်နှစ် ပိုဈေးကြီးလာတာ။ အများနှင့်ဆိုင်တဲ့ နေရာတွေကိုတောင် လမ်းမပေါ်ထိ ယူသုံးနေကြပြီ။
ငါတို့ ပိုက်ဆံရှိလာရင် မြို့ပြင်က မြေရိုင်းတစ်ကွက်ကို ဝယ်မယ်။ သုံးထပ်တိုက်လေးတွေ ဆောက်ပြီး လူနေအိမ်ရာ တစ်ခု ဖန်တီးမယ်။ ပြီးရင် မြို့တံခါးအထိ တိုက်ရိုက်ရောက်မယ့် လမ်းတစ်လမ်း ဖောက်မယ်။ အချိန်ကျရင် အကုန်လုံး ရောင်းထွက်သွားမှာပဲ။"
ရှောင်ချန်သည် ဤစကားကို ကြားသောအခါ ချက်ချင်းပင် ယုံကြည်ရခက်ကြောင်း ခံစားလိုက်ရပြီး မေးလိုက်၏။ "မြို့ပြင်က မြေရိုင်းပေါ်မှာ ဆောက်ထားတဲ့ အိမ်ကို ဘယ်သူ ဝယ်ချင်မှာလဲ။ အဲဒီလိုဆိုရင် တည်းခိုခန်းမှာ နေလိုက်တာကမှ ပိုကောင်းအုံးမယ်။"
အစ်ကိုလျူက ပြောလိုက်သည်။ "မင်း ဘာသိလို့လဲ။ အစ်ကိုက ခရိုင်ထဲမှာ အဆက်အသွယ် ရှိသေးတယ်။ ဂိတ်ကြေးကောက်တဲ့ နေရာမှာ သူငယ်ချင်း တချို့ ရှိတယ်။ အိမ်ရာ ဆောက်ပြီးသွားရင် အိမ်ရာနေသူတွေကို ကတ်ပြားတစ်ခု ထုတ်ပေးမယ်။ နောက်ပိုင်း ဂိတ်ကြေးကောက်တဲ့ နေရာမှာ အဝင်အထွက် အခမဲ့ ဖြစ်သွားမယ်။
ပြီးတော့ ယူဆချက်အသစ်တစ်ခု ဖန်တီးပြီး မြို့သစ်လို့ နာမည်ပေးလိုက်မယ်။ လူအများကြီး ရှာပြီး မြှောက်ပင့်ခိုင်းလိုက်ရင် အဲဒီအိမ်တွေက ရောင်းမလောက် ဖြစ်သွားမှာပေါ့။ အကုန် ရောင်းထွက်သွားမှာ။ အချိန်ကျရင် ငါတို့နှစ်ယောက်က တောက်ယွမ်ခရိုင် ရဲ့ အချမ်းသာဆုံး သူဌေးတွေ ဖြစ်သွားပြီ။"
ရှောင်ချန်က ပြောလိုက်၏။ "အစ်ကို... ခင်ဗျားက အရမ်းကို ယုံကြည်ရတာပဲ။"
ဖန်ကျန်းရီမှာ အောက်ချန်နှင့် စကားပြောနေဆဲဖြစ်ပြီး မြေကြီးပေါ်ရှိ သူတောင်းစားနှစ်ယောက်၏ စိတ်လှုပ်ရှားနေသော မျက်နှာများကို ကြည့်ကာ သနားစရာကောင်းသော အရိပ်အယောင်တစ်ခု ပေါ်လာ၏။
ချီးပဲ … တောက်ယွမ်ခရိုင်၏ သူတောင်းစားမရှိ စံချိန်က ဒီလူယုတ်မာနှစ်ယောက်ကြောင့် ကျိုးပျက်သွားရပြီ။
သို့ပေမည့် လမ်းပေါ်တွင် အမြဲတမ်း တောင်းစားနေခြင်းကလည်း ကိစ္စမလှပေ။ ထို့ကြောင့် အောက်ချန်အား ပြောလိုက်သည်။ "နောက်လဆန်းကျရင် တစ်ခရိုင်လုံးကို အသိပေးချက် တစ်စောင် ထုတ်လိုက်။ ဘယ်သူမှ သူတောင်းစားကို မလှုရဘူးလို့။ သူတို့နှစ်ယောက်ကို တရားဝင် အလုပ်တစ်ခု ရှာပေးလိုက်။ အလကား လျှောက်မတောင်းနေစေနဲ့။"