← Chapters

အခန်း (၅၅၃-၅၅၄)

Vol. 30 Ch. 553-554

အခန်း (၅၅၃-၅၅၄)

Vol. 30 Ch. 553-554

အပိုင်း (၅၅၃) ရေသူမ မင်းသမီး ဒဏ္ဍာရီ။

အစိုးရရုံးအတွင်းသို့ ပြန်ရောက်သောအခါ အခြားလူတစ်စုက ဤနေရာတွင် စောင့်ဆိုင်းနေနှင့်ပြီး ဖြစ်၏။ အစိုးရရုံး လည်ပတ်မှုကို ထိန်းသိမ်းရန်က အရေးကြီးသော ကိစ္စဖြစ်ရာ လူအားလုံး အကုန်ထွက်၍ ဖန်ကျန်းရီကို သွားကြိုရန် မဖြစ်နိုင်ပေ။ သို့ပေမည့် လူတိုင်းက ကြိုတင်ပြင်ဆင်မှုများ ပြုလုပ်ထားပြီး တံခါးဝတွင် လူနှစ်တန်း ယှဉ်ရပ်ကာ ကြိုဆိုနေကြသည်။

ဖန်ကျန်းရီ တံခါးဝသို့ ခြေချလိုက်သည်နှင့် အားလုံးက ချက်ချင်း ဝမ်းသာအားရ အော်ဟစ်လိုက်ကြပြီး သခင်လေး အိမ်ပြန်ရောက်လာခြင်းကို ကြိုဆိုကြောင်း စကားများကို အလုအယက် ပြောဆိုနေကြ၏။

သူလည်း သဘာဝကျကျပင် အလွန် ဝမ်းသာပီတိ ဖြစ်သွားသော်လည်း အကြည့်များ ရွေ့လျားသွားစဉ် ရင်းနှီးသော မျက်နှာတစ်ခုကို တွေ့လိုက်ရသည်။ ဖန်ကျန်းရီက လက်မြှောက်၍ ပြုံးကာ ရှေ့သို့ လျှောက်သွားရင်း ပြောလိုက်သည်။ "ဆရာဝူ... မတွေ့တာ ကြာပြီနော်။"

ဝူရှန်း၏ မျက်နှာပေါ်တွင် အပြုံးများ ပေါ်လွင်နေပြီး အနည်းငယ် ဦးညွှတ်ကာ ပြောလိုက်၏။ "သခင်လေးနဲ့ မတွေ့ရတာ ကြာပြီ။ သခင်လေး ကျန်းကျန်းမာမာ ရှိနေတာကို မြင်ရတော့ ကျုပ် စိတ်အေးသွားပြီ။"

ဖန်ကျန်းရီကလည်း ပြုံး၍ အသိအမှတ်ပြုကာ လက်နှစ်ဖက်ကို မြှောက်လျက် ပြောလိုက်သည်။ "အားလုံးပဲ ကိုယ့်အလုပ်ကိုယ် သွားလုပ်ကြတော့။ နောက်ပိုင်း တွေ့ဖို့ အချိန်တွေ အများကြီး ရှိပါသေးတယ်။"

ထို့နောက် ဝူရှန်းဘက်သို့ လှည့်ကြည့်ကာ မေးလိုက်၏။ "ဆရာဝူ .. မကြာသေးခင်က ဘာတွေ အလုပ်များနေလဲ။ လက်ရာအသစ်တွေ ထွက်လာဖို့ ရှိသေးလား။"

ဝူရှန်းက ညင်သာစွာ ပြုံးလျက် နှိမ့်ချစွာဖြင့် ပြောလိုက်သည်။ "မဝံ့ရဲပါဘူး။ မဝံ့ရဲပါဘူး။ သခင်လေး လှောင်မှာ မကြောက်ဘဲ ပြောရရင် ကျုပ် အခု စာအုပ်ရေးနေတယ်။"

ဖန်ကျန်းရီက မေးလိုက်၏။ "စာအုပ်ရေးတယ် ဟုတ်လား။ ဘယ်လို လက်ရာမျိုးလဲ။"

စာအုပ်အကြောင်း မေးလိုက်သောအခါ ဝူရှန်း၏ အမူအရာတွင် အနည်းငယ် အနေခက်မှုများ ပါဝင်လာပြီး ဖန်ကျန်းရီ၏ ရှေ့တွင် အနည်းငယ် ပွင့်လင်းမှု မရှိသည်မှာ သိသာလှ၏။ ယခင်က သူလည်း ဒေသခံ အရာရှိတစ်ဦး ဖြစ်ခဲ့ပြီး ယခု ဖန်ကျန်းရီကလည်း အရာရှိဖြစ်နေရာ မိမိရေးသားထားသော အရာများက နေရာတစ်ခု ရရန် မထိုက်တန်ဟု ခံစားနေရခြင်း ဖြစ်သည်။

ဘေးမှ အောက်ချန်က ရှေ့တိုးလာပြီး စိတ်လှုပ်ရှားစွာဖြင့် ပြောလိုက်၏။ "သခင်လေး... ဆရာဝူ ရဲ့ ဒီတစ်ခေါက် လက်ရာက တကယ်ကို အံ့မခန်းပဲ။ ထူးဆန်းတဲ့ စာအုပ်ပဲ။ တကယ့်ကို ထူးဆန်းတဲ့ စာအုပ်။ ခရိုင်ထဲမှာ မဖတ်ချင်တဲ့သူ မရှိဘူး။ လူမှုကျင့်ဝတ်၊ အချစ်နဲ့ အမုန်း၊ သည်းထိတ်ရင်ဖို၊ အက်ရှင်၊ သရဲတစ္ဆေ အားလုံးပါဝင်တယ်။ ဘာမှကို မကျန်ဘူး။"

ဖန်ကျန်းရီ၏ စိတ်ဝင်စားမှုက နိုးထလာပြီး မေးလိုက်သည်။ "ဪ .... ဒီလို ထူးဆန်းတဲ့ စာအုပ်တောင် ရှိတယ်ပေါ့။ နာမည်က ဘယ်လိုခေါ်လဲ။"

အောက်ချန်က ပြန်ဖြေလိုက်သည်။ "အလှမယ်ရဲ့ မျက်ရည်။"

ဟူး... နာမည်ကို ကြားရုံနှင့်တင် အလွန် ဖောက်ပြန်နေကြောင်း ခံစားလိုက်ရသည်။ မူလတည်းက တောက်ယွမ်ခရိုင်၏ ယဉ်ကျေးမှုက လမ်းကြောင်းလွဲနေခဲ့ရာ ဤအရာက ခရိုင်အတွင်းရှိ ကလေးများကို လမ်းမှားသို့ မရောက်သွားစေနိုင်ဘူး မဟုတ်လား။

ဖန်ကျန်းရီက ပါးစပ်ဟ၍ မေးရန် ပြင်လိုက်စဉ် အောက်ချန်က ဦးစွာ မေးလိုက်၏။ "ဆရာဝူ... အခု ဇာတ်လမ်းက နောက်တစ်ပိုင်းကို ရောက်နေလောက်ပြီ မဟုတ်လား။ နောက်အခန်းက ဘာအကြောင်းလဲ။"

သူ၏ ဤပုံစံကို မြင်သောအခါ ဖန်ကျန်းရီ၏ စူးစမ်းလိုစိတ်က ပို၍ ပြင်းထန်လာ၏။ အောက်ချန်သည် လေးနက်တည်ကြည်သူ တစ်ဦးဖြစ်ပြီး သူကိုယ်တိုင်ပင် ဤမျှ စိတ်ဝင်စားနေသည်ဆိုလျှင် စာအုပ်၏ အဆိပ်ပြင်းအားက အလွန်ကြီးမားကြောင်း သိသာလှပသည်။

ဖန်ကျန်းရီ၏ စူးစမ်းလိုသော အကြည့်များကို မြင်သောအခါ ဝူရှန်းက ချောင်းနှစ်ချက် ဟန့်လိုက်ပြီး ပြောလိုက်၏။ "အကြမ်းဖျင်း ဇာတ်ကြောင်းကတော့ ရှိနေပါပြီ။ နတ်ဆိုးတွေနဲ့ မင်းဆွေစိုးမျိုးတွေကြားက အချစ်နဲ့ အမုန်း ဇာတ်လမ်းအကြောင်း ရေးထားတာပါ။"

ဪ … သာမန်ပါပဲလေ။ ဖန်ကျန်းရီက တိတ်တဆိတ် နှုတ်ခမ်းကို မဲ့လိုက်မိသည်။

ဤအထင်သေးမှု အရိပ်အယောင်ကို ဝူရှန်းက အာရုံခံမိသွား၏။ တောက်ယွမ်ခရိုင်တွင် မည်သူ့ အထင်သေးမှုကိုမဆို ခံနိုင်သော်လည်း သခင်လေး၏ အထင်သေးမှုကိုတော့ မခံနိုင်ဟု ဝူရှန်းက စိတ်ထဲတွင် ကြိတ်တွေးလိုက်မိ၏။

ထို့နောက် မုတ်ဆိတ်မွေးကို ပွတ်သပ်ကာ ဖြည်းညှင်းစွာ စတင်ပြောပြလိုက်သည်။ "ဒီဇာတ်လမ်းက ရိုးရှင်းတဲ့ သရဲတစ္ဆေ ဇာတ်လမ်းမျိုး မဟုတ်ဘူး။ ဈေးကွက်ထဲမှာ လုံးဝ မရှိဘူးလို့ ကျုပ် ရဲရဲကြီး အာမခံရဲတယ်။"

ဖန်ကျန်းရီ၏ မျက်လုံးများ တောက်ပသွားကာ ပြောလိုက်၏။ "ပြောပြပါအုံး။"

ဝူရှန်းက ပြောလိုက်သည်။ "ရိုးရိုးရှင်းရှင်း ပြောရရင် ဒီဇာတ်လမ်းက နဂါးနန်းတော်ထဲက ရေသူမ မင်းသမီးလေးနဲ့ မင်းသားလေးတို့ ချစ်ကြိုက်သွားတဲ့ ဇာတ်လမ်းပါ။ မင်းသားက ပင်လယ်ထဲ ငါးဖမ်းထွက်ရင်း မတော်တဆ ရေသူမ မင်းသမီးလေးကို ဆယ်ယူမိသွားတယ်။ ရေသူမက လူယောင်ဖန်ဆင်းလိုက်ပေမဲ့ တစ်ကိုယ်လုံး အဝတ်မပါဘဲ ငါးဖမ်းပိုက်နဲ့ ပတ်နေတယ်။

မင်းသားက ရေသူမရဲ့ အလှအပကို တစ်ချက်မြင်တာနဲ့ သွေးဆောင်ခံလိုက်ရပြီး ရေသူမကလည်း မင်းသားကို တစ်ချက်မြင်တာနဲ့ ချစ်မိသွားတယ်။ ဝမ်းနည်းစရာကောင်းတာက ရေသူမက ရေကနေ ထွက်လာပြီး မကြာခင်မှာပဲ ငါးအမြီး ပြန်ပေါ်လာတော့မှာလေ။ သူက မင်းသားနဲ့ အတူရှိနေဖို့အတွက် နဂါးနန်းတော်က နတ်ဆေးကို သောက်ပြီး အချိန်အကြာကြီး လူယောင်ဖန်ဆင်းထားလိုက်တယ်။

ဒါပေမဲ့ အဲဒီဆေးကို သောက်လိုက်တော့ စကားထပ်ပြောလို့ မရတော့ဘူး။ နန်းတော်ကလည်း ဆွံ့အနေတဲ့ သာမန်မိန်းကလေး တစ်ယောက်ကို တော်ဝင်မိသားစုထဲ လက်ထပ်ဝင်ခွင့် မပေးနိုင်ဘူးလေ။ မင်းသားက အချစ်အတွက် လောကကြီးရဲ့ အတားအဆီးတွေကို ဂရုမစိုက်ဘဲ ရေသူမကို အတင်းအကျပ် လက်ထပ်ဖို့ ကြိုးစားတယ်။

နန်းတော်ထဲက နိုင်ငံတော်ဆရာက သဲလွန်စကို ရှာတွေ့သွားတယ်။ နတ်ဆေးကို အသုံးပြုပြီး ရေသူမရဲ့ မှော်အစွမ်းကို ဖျက်ဆီးပစ်လိုက်တယ်။ ဒါပေမဲ့ အဲဒီရေသူမကလည်း သာမန်တော့ မဟုတ်ဘူး။ မှော်ပညာ ပါလာတော့ ငါးခေါင်းတစ်ခုပဲ ပြန်ပြောင်းသွားတယ်။ ခန္ဓာကိုယ်က လူအတိုင်းပဲ။ မင်းသားလည်း လန့်သွားပြီး ရေသူမရဲ့ခေါင်းကို ဓားနဲ့ တစ်ချက်တည်း ခုတ်ချလိုက်တယ်။"

ဖန်ကျန်းရီနှင့် အောက်ချန်တို့ နှစ်ယောက်လုံး ကြက်သေသေသွားကြ၏။ အထူးသဖြင့် ဖန်ကျန်းရီ၏ ဦးနှောက်မှာ လုံးဝ ရှုပ်ထွေးသွားသည်။

သူတို့နှစ်ယောက်၏ တုံ့ပြန်မှုကို မြင်သောအခါ ဝူရှန်းက ကျေနပ်စွာ ခေါင်းညိတ်ပြီး ဆက်ပြော၏။ "ဒီအထိကတော့ သာမန် ဇာတ်လမ်းတစ်ပုဒ်ပါပဲ။ စိတ်လှုပ်ရှားစရာ ကောင်းတာက နောက်မှာ လာမှာပါ။

ရေသူမမှာ မှော်ပညာ ပါလာမှတော့ သာမန်လူတွေရဲ့ လက်နက်ကို ဘယ်ကြောက်ပါ့မလဲ။ အဲဒီရေသူမက တကယ်တော့ ရေဘဝဲလေ။ ခေါင်းက အဲဒီရေဘဝဲလက်တံတွေထဲက တစ်ခုကို ဖန်ဆင်းထားတာ။ အသတ်ခံလိုက်တာက မင်းသားနဲ့ ခိုးရာလိုက်ဖို့အတွက် ထွက်ပြေးမယ့် အစီအစဉ်ပဲ။

ရေသူမက တိတ်တဆိတ် လိပ်အမတ်ကြီး ကို အကူအညီတောင်းပြီး မင်းသားကို အစီအစဉ် ပြောပြခိုင်းထားတာ။ ဒါပေမဲ့ လိပ်အမတ်ကြီး ရဲ့ အမြန်နှုန်းက တစ်လှမ်း နောက်ကျသွားလိမ့်မယ်လို့ သူမ ထင်ထားမှာလဲ။

မင်းသားက ချစ်ရတဲ့သူကို ကိုယ်တိုင် သတ်မိသွားမှန်း သိလိုက်ရတဲ့အချိန်မှာ ဝမ်းနည်းပူဆွေးလွန်းလို့ ဓားဆွဲပြီး ကိုယ့်ကိုယ်ကိုယ် သတ်သေသွားတယ်။

ရေသူမ အတုအယောင် သေဆုံးမှုကနေ ပြန်နိုးလာတဲ့အချိန် ချစ်ရတဲ့သူ သေဆုံးသွားတာကို မြင်တော့ သူမကိုယ်သူမ သွေးကြောတွေ ဖောက်ခွဲပြီး အချစ်အတွက် အသေခံလိုက်တယ်။

သူတို့နှစ်ယောက်လုံးကို ပင်လယ်ကမ်းစပ်မှာ မြှုပ်နှံလိုက်ပြီး နောက်ဆုံးမှာ ခရုကမာ နှစ်ကောင်အဖြစ် ပြောင်းလဲသွားပြီး အတူတူ နေထိုင်သွားကြတယ်... သခင်လေး... ခင်ဗျား ဘယ်လိုထင်လဲ။"

ရေသူမ မင်းသမီး ဂျူးလိယက် နဲ့ ခရုကမာမင်းသား လျန်ဆန်းပေါ်လား။ ဒါက ဘာ သောက်ရေးမပါတာတွေလဲ။

ဖန်ကျန်းရီ၏ မျက်နှာတစ်ခုလုံး နီမြန်းသွားကာ အောင့်အည်းလျက် သွားကြားမှ စကားလုံးနှစ်လုံးကို ညှစ်ထုတ်လိုက်သည်။ "တော်တော်ကောင်းတယ်။"

အောက်ချန်ကတော့ ထူးဆန်းသည်ဟု မထင်ဘဲ ရူးသွပ်မတတ် နားထောင်နေ၏။ စိတ်ခံစားချက်များ ငြိမ်သက်သွားပြီးနောက်မှ စူးစမ်းလိုစိတ် အပြည့်ဖြင့် မေးလိုက်၏။ "နဂါးနန်းတော်ထဲက မင်းသမီးက ဘာလို့ ငါးဖြစ်နေရတာလဲ။ နဂါးမလေး ဖြစ်ရမှာ မဟုတ်ဘူးလား။"

ဝူရှန်းက ဖြည်းညှင်းစွာ သက်ပြင်းချလျက် ပြောလိုက်သည်။ "အဲဒါက နောက်ရာသီရဲ့ လူမှုကျင့်ဝတ် ဇာတ်လမ်းကြီးလေ။"

အောက်ချန်က လေးစားစွာဖြင့် ပြောလိုက်၏ "ဒီလိုကိုး။ တစ်ခုနဲ့တစ်ခု ဆက်စပ်နေတာပဲ။ ဆရာဝူ က တကယ်ကို ပါရမီရှင်ပဲ။"

ဖန်ကျန်းရီက နှုတ်ဆိတ်သွားသည်။ "..."

ဝူရှန်းသည် စကားပြောပြီးနောက် လက်ကို ရင်ဘတ်ထဲသို့ ထည့်ကာ အတန်ကြာ မွှေနှောက်ရှာဖွေလိုက်ပြီး မကြာမီတွင် အထုပ်တစ်ထုပ်ကို ထုတ်ယူကာ ဖန်ကျန်းရီ၏ ရှေ့သို့ ကမ်းပေးလိုက်၏။

ဝူရှန်းက ပြောလိုက်သည်။ "သခင်လေး... ဒီဇာတ်လမ်းကို နောင်ကျရင် ပြဇာတ်ရုံမှာ ကပြနိုင်ဖို့အတွက် ကျုပ် အထူးတလည် သရုပ်ဆောင် ပစ္စည်းတွေကိုတောင် မှာထားတာ။"

ဝူရှန်းသည် ထိုအထုပ်ကို ညင်သာစွာ ခါချလိုက်ရာ အပြည့်အဝ ပေါ်ထွက်လာသောအခါ ဖန်ကျန်းရီ တစ်ယောက် ချက်ချင်းပင် ဦးရေပြားများ ထုံကျင်သွားသလို ခံစားလိုက်ရသည်။

ဝူရှန်းက သူ့ဘာသာသူ ဆက်ပြောနေ၏။ "ဒီငါးဖမ်းပိုက်က ခန္ဓာကိုယ်ပေါ်မှာ ပတ်ထားရင် အရမ်းကို ဆွဲဆောင်မှု ရှိမှာပဲ။ ဒါကြောင့် ကျုပ်က စက်ချုပ်သမားကို ရှာပြီး ဒီငါးဖမ်းပိုက်အင်္ကျီကို မှာထားတာ။ စက်ချုပ်သမားရဲ့ လက်ရာက သိပ်မကျွမ်းကျင်သေးလို့ ခြေထောက်နှစ်ဖက်စာပဲ အရင်လုပ်ထားရသေးတယ်။ ဒါပေမဲ့ ကြည့်ရတာ မဆိုးပါဘူး။ သခင်လေးကို အရင်ဆုံး မျက်စိပသာဒ ဖြစ်အောင် ပြလိုက်တာပါ။

ကျုပ်ကတော့ ဒါကို ငါးဖမ်းပိုက်ခြေအိတ် လို့ ခေါ်တယ်။ ဘယ်သူမှ မဝတ်ဖူးသေးပေမဲ့ ဒီပစ္စည်းက နောင်ကျရင် ရွှယ်ယွဲ့ပြည့်တန်ဆာရုံ မှာ သေချာပေါက် ခေတ်စားလာမယ်လို့ ကျုပ် ရဲရဲကြီး အာမခံရဲတယ်။"

ဖန်ကျန်းရီသည် တိတ်ဆိတ်စွာဖြင့် ဝူရှန်း၏ အရှေ့သို့ လျှောက်သွားကာ လက်နှစ်ဖက်ကို ဆန့်ထုတ်၍ ဝူရှန်း၏ ပခုံးနှစ်ဖက်ကို ဖိကိုင်လိုက်ပြီး လေးနက်သော အသံဖြင့် ပြောလိုက်သည်။ "ဆရာဝူ့ကို ရလိုက်တာက ကျုပ်အတွက် လက်တစ်ဖက် ရလိုက်သလိုပဲ။ ဆရာဝူ နောက်ပိုင်း အေးအေးဆေးဆေး စာဆက်ရေးပါ။ နေထိုင်စားသောက်ရေးမှာ အခက်အခဲ တစ်ခုခုရှိရင် ကျုပ်ကို သေချာပေါက် ပြောပါ။ ကျုပ် အကုန် ဖြေရှင်းပေးမယ်။"

ဝူရှန်း၏ မျက်နှာအိုကြီးတွင် အပြုံးများ ပွင့်အာလာပြီး ဖန်ကျန်းရီ၏ လက်မောင်းနှစ်ဖက်ကို စိတ်လှုပ်ရှားစွာ ကိုင်ထားလျက် မေးလိုက်၏။ "သခင်လေး... သခင်လေးလည်း နားလည်တယ်ပေါ့။"

ဖန်ကျန်းရီက ခပ်မြန်မြန် ခေါင်းညိတ်ပြီး ပြောလိုက်သည်။ "နားလည်တာပေါ့။ တကယ့်ကို လောကကြီးကို အံ့အားသင့် မှင်တက်စေမယ့် လက်ရာပဲ။ ဆရာဝူက နောင်ကျရင် ပြည့်တန်ဆာရုံ သမိုင်းမှာ သေချာပေါက် နာမည်တွင်ရစ်မှာပဲ။"

ဝူရှန်း၏ စိတ်ထဲတွင် ကျေနပ်မှုများ အပြည့်အဝ ဖြစ်ပေါ်သွား၏။ ဘဝတွင် မိမိကို နားလည်ပေးမည့်သူ တစ်ယောက် ရရှိလိုက်ပြီဖြစ်ရာ သေရမည်ဆိုလျှင်ပင် နောင်တရစရာ မရှိတော့ချေ။

ဖန်ကျန်းရီက ရုတ်တရက် စကားလမ်းကြောင်းပြောင်းကာ သံသယဖြင့် မေးလိုက်သည်။ "ဆရာဝူ ... ဆရာ့လက်က ဘာလို့ တုန်နေတာလဲ။"

ယခုလေးတင် မျက်လုံးထောင့်မှ မြင်လိုက်ရသည်မှာ မိမိ၏ လက်မောင်းကို ကိုင်ထားသော သူ၏ ညာဘက်လက်က အဆက်မပြတ် တုန်ယင်နေခြင်း ဖြစ်၏။

ဝူရှန်းက လက်ကို လွှတ်လိုက်ပြီး တစ်ချက် ကြည့်ကာ ပြောလိုက်သည်။ "အော်... မကြာသေးခင်က စာတွေ အရမ်းရေးနေရလို့ပါ။ ခရိုင်ထဲက စာအုပ်တွေက အများစုက အရပ်သုံးစကားနဲ့ ရေးထားတာဆိုတော့ ဂန္ထဝင်စာပေ ထက် စာလုံးရေ အများကြီး ပိုများတယ်လေ။

ဒါ့အပြင် စာဖတ်သူတွေက အမြဲတမ်း တိုက်တွန်းနေကြတယ်။ တချို့ဆို အိမ်အထိတောင် ဓားတွေ လာပို့ကြတယ်။ မရေးရင် ခုတ်မယ်တဲ့။ ကျုပ် အဆက်မပြတ် စာမူတွေ အမြန်ရေးနေရလို့ ဒီလို ရောဂါအခံ ဖြစ်သွားတာပါ။ ကိစ္စမရှိပါဘူး။ သခင်လေး ဂရုစိုက်ပေးတဲ့အတွက် ကျေးဇူးတင်ပါတယ်။"

ဖန်ကျန်းရီက မေးလိုက်၏။ "ဆရာ တစ်နေ့ကို စာလုံးရေ ဘယ်လောက် ရေးလဲ။"

ဝူရှန်းက ခဏမျှ စဉ်းစားပြီးနောက် ပြန်ဖြေလိုက်သည်။ "နှစ်ထောင်ကျော် နှစ်ထောင့်ငါးရာလောက်ပါ။ ဒါက အခန်းဆက် ဇာတ်လမ်းဆိုတော့ တစ်ခန်းကို စာလုံးရေ ခြောက်ရာအထက် ရှိရတယ်။ အခု တစ်နေ့ကို နှစ်ခန်းလောက်က စာဖတ်သူတွေကို မကျေနပ်စေနိုင်တော့ဘူး။ နည်းနည်း ပိုရေးချင်ပေမဲ့ ကျုပ်ရဲ့ ဒီခန္ဓာကိုယ်က... ဟူး... တကယ်ကို ခက်ခဲပါတယ်။"

ဖန်ကျန်းရီက အောက်ချန်ကို တစ်ချက်လှမ်းကြည့်လိုက်ပြီး တီးတိုးပြောလိုက်၏။ "အာ... ဒါက ဘာကိစ္စကြီးမို့လို့လဲ။ စာလုံးရေ နှစ်ထောင်ကို သုံးခန်း ခွဲလိုက်ရင် မရဘူးလား။"

ဝူရှန်း၏ မျက်နှာပေါ်တွင် ထိတ်လန့်မှု အရိပ်အယောင်တစ်ခု ပေါ်လာပြီး ပြောလိုက်သည်။ "ဒါက လိမ်တာ မဟုတ်ဘူးလား။ တကယ်လို့ လူတွေ သိသွားရင် ဘယ်လိုလုပ်မလဲ။ အခုတ်ခံရပြီး သေသွားလိမ့်မယ်။"

ဖန်ကျန်းရီက မျက်နှာပြောင်တိုက်၍ ပြုံးကာ ပြောလိုက်သည်။ "အကုန်လုံးက အခန်းအရေအတွက်ကိုပဲ ကြည့်ကြတာပါ။ ဘယ်သူက ဆရာ့ရဲ့ စာလုံးရေကို လိုက်ရေနေမှာလဲ။ လူတွေဆိုတာ ဒီလိုပဲ မတည်မြဲ တတ်ကြဘူး။"

ဝူရှန်းက ရုတ်တရက် သဘောပေါက်သွားပြီး ပြောလိုက်၏။ "အဟမ်း... သခင်လေး လမ်းညွှန်ပေးတာ ကျေးဇူးတင်ပါတယ်။"

ဖန်ကျန်းရီက ပြောလိုက်သည်။ "ကောင်းပြီ။ ဆရာဝူ လုပ်စရာရှိတာ သွားလုပ်တော့။ ကျုပ်နဲ့ အောက်ချန် အရေးကြီးတဲ့ ကိစ္စတွေ ပြောစရာ ရှိသေးတယ်။"

အပိုင်း (၅၅၄) နတ်ပစ္စည်း လောကသို့ ဆင်းသက်ခြင်း။

ဝူရှန်း ထွက်သွားပြီးနောက် အောက်ချန်၏ မျက်နှာမှာ တဖြည်းဖြည်း လေးနက်သွားကာ ပြောလိုက်သည်။ "သခင်လေး... သခင်လေး မရှိတဲ့ အတောအတွင်း ဝူမင်းသားက တောက်ယွမ်ခရိုင်ကို တိုက်ခိုက်ပြီး ယမ်းမှုန့်တွေကို အတင်းအကျပ် လုယူဖို့ လူလွှတ်ခဲ့တယ်။”

ဖန်ကျန်းရီက ပြောလိုက်သည်။ "ဒီကိစ္စကို ကျုပ် အနည်းငယ် နားလည်ထားပြီးပါပြီ။ ရှောင်ထောင် က အကြမ်းဖျင်း ကျုပ်ကို ပြောပြထားပါတယ်။

ယမ်းမှုန့်တွေကို ကျုပ်တို့ ဖုံးကွယ်ထားလို့ မရတော့ဘူး။ ဖုံးကွယ်ထားဖို့လည်း မလိုတော့ပါဘူး။ ဒီရက်ပိုင်း သူတို့ကို အစစ်အမှန် တချို့ ချပြလိုက်ပြီး ရလဒ်တချို့ ထုတ်ပေးလိုက်ပါ။ အချိန်ကျရင် ကျုပ် အရှင်မင်းကြီးကို ဒီကိစ္စ အစီရင်ခံပါ့မယ်။"

အောက်ချန်က ခေါင်းညိတ်ပြီး ပြောလိုက်၏။ "ဒါ့အပြင် သခင်လေး... အရင်တုန်းက ဝူမင်းသားအိမ်တော် ကို စေလွှတ်ခဲ့တဲ့ ဖုန်းယာ ကို မှတ်မိသေးလား။ သူ ပြန်ရောက်လာပြီ။ ပြီးတော့ ဝူမင်းသား ဆီကနေ ထူးဆန်းတဲ့ အပင်တွေ အများကြီး ယူလာခဲ့တယ်။ အခု မှန်လုံအိမ်ထဲမှာ စိုက်ပျိုးထားပြီ။

ကြီးထွားမှုကလည်း အရမ်း ကောင်းတယ်။ ကျုပ် ကြိုတင်ပြီး သွားယူဖို့ လူလွှတ်ထားတယ်။ ခဏနေရင် ရောက်လာတော့မှာပါ။"

ဝူမင်းသား၏ ကောက်ပဲသီးနှံ။ အာလူးများလား။

ဖန်ကျန်းရီက မျက်ခုံးပင့်လိုက်ပြီး ဆက်မမေးတော့ဘဲ ညွှန်ကြားလိုက်သည်။ "ခင်ဗျား ဆက်ပြော။"

အောက်ချန်က ပြောလိုက်၏။ "ပင်နီဆီလင် က အကြမ်းဖျင်းတော့ သုတေသန အောင်မြင်သွားပြီ။ ဒါပေမဲ့... သုတေသနဌာနဘက်က စစ်သုံ့ပန်းတွေကို သုတေသန လုပ်ဖို့ သုံးလိုက်တယ်။ သခင်လေး ဘယ်လို မြင်လဲ။"

စစ်သုံ့ပန်းများကို စမ်းသပ်မှု လုပ်သည် ဟုတ်လား။ စေတနာ့ဝန်ထမ်း ဖြစ်ပြီး ဘေးကင်းလုံခြုံမှု ရှိမှလွဲ၍ လူကို စမ်းသပ်မှု မလုပ်ရန် သူ အကြိမ်ကြိမ် တားမြစ်ထားခဲ့သည်။ ဤအရူးတစ်သိုက်က တကယ်ကို ဘာမဆို ရဲရဲတင်းတင်း လုပ်ရဲကြသည်။

ဖန်ကျန်းရီ၏ စိတ်ထဲတွင် ဒေါသထွက်သွားကာ ပြောလိုက်၏။ "ပါဝင်ပတ်သက်သူ အားလုံးကို မြို့ရိုးပေါ်မှာ သုံးရက် ကြိုးချည်ချပြီး လူမြင်ကွင်းမှာ ပြထားလိုက်။ စားသောက် အိမ်သာတက်ချိန်မှပဲ ဖြုတ်ပေးလိုက်။ နောက်ပိုင်း ဒီလိုကိစ္စမျိုး ထပ်ဖြစ်ရင် ကျုပ် ရက်စက်တယ်လို့ မပြောနဲ့။"

အောက်ချန်က ပြောလိုက်သည်။ "ဒါပေမဲ့ အရှင်မင်းကြီး ဘက်က ဆုချီးမြှင့်ထားပြီးပြီလေ..."

ဖန်ကျန်းရီက ခပ်ပေါ့ပေါ့ ပြောလိုက်၏။ "အရှင်မင်းကြီး ဘက်ကို ကျုပ် ဂရုမစိုက်ဘူး။ နောက်ဆုံးစည်းမျဉ်းကို ကျော်လွန်တဲ့ ကိစ္စဆိုရင် အပြစ်ပေးရမယ်။ ရှောင်ထောင် က သူတို့ရဲ့ ရန်ပုံငွေကို ရပ်လိုက်ပြီ မဟုတ်လား။ ခြောက်လကြာမှ ပြန်ပြောကြတာပေါ့။

သိပ္ပံပညာကို လုပ်ရင်လည်း ကိုယ်ကျင့်တရားနဲ့ လူ့သဘာဝကို ထည့်သွင်းစဉ်းစားရမယ်။ အချိန်ကြာလာရင် ဒီအရူးတစ်သိုက်က လူကုန်ကူးသူတွေနဲ့ပါ ပူးပေါင်းတော့မလို့လား။

ဒီကိစ္စအတွက် တိုင်ပင်ဆွေးနွေးစရာ မလိုဘူး။ ကျုပ်တို့က လူ့သဘာဝကို ထည့်စဉ်းစားရမယ်။ လူ့သဘာဝကို နားလည်လား။ နောက်ပိုင်း တစ်ယောက်ယောက် ရဲရဲတင်းတင်း ထပ်လုပ်ရင် တိုက်ရိုက် အစိုးရရုံးကို ပို့ပြီး တောက်ယွမ်ခရိုင် ကနေ နှင်ထုတ်ပစ်မယ်။ အဲဒီ စစ်သုံ့ပန်းတွေကိုကော ဘယ်လို စီစဉ်ထားလဲ။"

အောက်ချန်က ပြန်ဖြေလိုက်သည်။ "တောင်နောက်ဘက်ကို ပို့ပြီး ကျောက်မီးသွေး တူးခိုင်းထားပါတယ်။"

ဖန်ကျန်းရီက ပြောလိုက်၏။ "တော်တယ်။"

အောက်ချန်က ဆက်လက် အစီရင်ခံနေပြီး ခရိုင်အတွင်းရှိ ကိစ္စအကြီးအသေးများမှာ အလွန် ရှုပ်ထွေးလှသော်လည်း ကံကောင်းထောက်မစွာဖြင့် အရေးကြီးမှု သိပ်မရှိလှချေ။

ဖန်ကျန်းရီက မျက်ခုံးကြားကို ပွတ်နယ်ကာ အဆက်မပြတ် စဉ်းစားနေပြီး အောက်ချန် အစီရင်ခံပြီးသွားသောအခါ ပြောလိုက်သည်။ "ခင်ဗျား ဖုန်းယာ ကို သွားခေါ်လိုက်။"

အောက်ချန်က အသံပြုကာ အပြင်သို့ ထွက်သွားပြီး စီစဉ်လိုက်၏။

မကြာမီတွင် ဖုန်းယာ သည် စိတ်အားထက်သန်စွာဖြင့် ဝင်ရောက်လာပြီး ဖန်ကျန်းရီကို မြင်သောအခါ စိတ်လှုပ်ရှားစွာ ပြောလိုက်သည်။ "သခင်လေး... မတွေ့ရတာ ကြာပြီနော်။"

ဖန်ကျန်းရီက ပြုံး၍ လက်ခါပြကာ ပြောလိုက်၏။ "ခင်ဗျား ပုန်းနေတာ တော်တော် တော်တာပဲ။ ကျုပ် ခင်ဗျားကို ရှာဖို့ လူအကြိမ်ကြိမ် လွှတ်ခဲ့ပေမဲ့ မတွေ့ဘူး။ ဒီတစ်ခေါက် ခင်ဗျားကို ကြီးမားတဲ့ ကုသိုလ်မှတ်တမ်း တင်ပေးလိုက်မယ်။ ခင်ဗျားကို အားရပါးရ အနားယူခိုင်းလိုက်မယ်။"

ဖုန်းယာ က ညင်သာစွာ ပြုံးလျက် ပြောလိုက်သည်။ "ကျေးဇူးတင်ပါတယ် သခင်လေး။ ဒါပေမဲ့ ကျုပ်က အားနေလို့ မရတဲ့သူဆိုတော့ မလိုပါဘူး။ ဘာပဲဖြစ်ဖြစ် နေ့တိုင်း လောင်းကစားရုံကို ကြည့်နေရတာကလည်း တော်တော်လေး သက်တောင့်သက်သာ ရှိပါတယ်။"

ဖန်ကျန်းရီက ပြောလိုက်၏။ "ကောင်းပြီ။ ခင်ဗျား အလုပ်လုပ်ချင်တယ်ဆိုရင်တော့ ကျုပ်ဆီမှာ ခင်ဗျားကို အပ်ရမယ့် အရေးကြီးတဲ့ ကိစ္စကြီးတစ်ခု ရှိတယ်။"

ဖန်ကျန်းရီ၏ အမူအရာ အနည်းငယ် လေးနက်နေသည်ကို မြင်သောအခါ ဖုန်းယာ လည်း အလိုအလျောက် လေးနက်သွားကာ ပြောလိုက်သည်။ "သခင်လေး ပြောပါ။"

ဖန်ကျန်းရီက ပြောလိုက်၏။ "အင်း... ကျုပ်လည်း စကားတွေ အများကြီး မပြောတော့ဘူး။ ကျုပ် အရင်တုန်းက ဟိုင်ယွမ်မြို့ ကို သွားပြီး ဆားကုန်သည် တစ်အိမ်ကို ဝင်စီးခဲ့တယ်။

ဆားကုန်သည်တွေက အရမ်းချမ်းသာတာလေ။ အဲဒီအချိန်တုန်းက အစိုးရရုံးက အရာရှိတွေက လွီမိသားစု ရဲ့ ငွေတိုက်ထဲကနေ ရွှေငွေတုံး တစ်သန်းလောက်တောင် သယ်သွားကြတယ်။ အဲဒီအချိန်က ကိစ္စက အရေးတကြီး ဖြစ်နေပြီး လူအင်အား မလုံလောက်လို့ သူတို့ကို အဲဒီလို လာဘ်ထိုးခဲ့ရတာ။

ခင်ဗျားမှာ အတွေ့အကြုံ ရှိတယ်။ ကျွမ်းကျင်တဲ့ လူတစ်စုကို ခေါ်သွားပြီး သူတို့နဲ့ စီးပွားရေးနည်းနည်း သွားလုပ်ပြီး တရားမဝင်ငွေတွေကို ပြန်သိမ်းလာခဲ့။ ဘယ်လောက် ပြန်ရရ ခင်ဗျားကို ဆယ်ရာခိုင်နှုန်း ပေးမယ်။ ကျန်တဲ့ငွေတွေကို ခရိုင်ထဲ ထည့်လိုက်ရင် ဒါက တရားဝင် ဝင်ငွေ ဖြစ်သွားပြီ။"

ဖန်ကျန်းရီက ပြောရင်း အင်္ကျီလက်ထဲမှ စာအိတ်တစ်အိတ်ကို ထုတ်ယူကာ ပစ်ပေးလိုက်သည်။ "ဒါက နာမည်စာရင်းပဲ။ အဲဒီအပေါ်မှာ နေရပ်လိပ်စာတွေ အကုန်ပါတယ်။ သေချာလေး လုပ်ပါ။"

ဖုန်းယာ သည် စာအိတ်ကို ဖောက်၍ နှစ်ကြိမ်မျှ လှန်လှောကြည့်ရှုပြီးနောက် ခေါင်းမော့ကာ မေးလိုက်၏။ "သခင်လေး... ဒီငွေတွေကို သူတို့ကို ပေးခဲ့တာလား။"

ဖန်ကျန်းရီက မေးစေ့ကို ပွတ်သပ်ကာ ထိုအချိန်က မြင်ကွင်းကို ပြန်လည်တွေးတောရင်း ပြောလိုက်သည်။ "မှန်တယ်။ တကယ်တော့ ကျုပ် သူတို့ကို ပေးခဲ့တယ်လို့ ပြောလို့ရတယ်။ သေချာတာပေါ့။ ဘယ်လို သုံးမလဲဆိုတာက သူတို့ကိစ္စလေ။ သူတို့ ခင်ဗျားနဲ့ အရောင်းအဝယ် လုပ်ပြီး ရှုံးသွားတယ်ဆိုရင်တော့ ကျုပ်ကို အပြစ်တင်လို့ မရဘူး။

ငွေဆိုတာ မှန်ကန်တဲ့လူရဲ့ လက်ထဲမှာ ရှိနေမှသာ တန်ဖိုးအရှိဆုံး ဖြစ်လာမှာလေ။ ဒါကို ကောင်းကင်ဘုံကိုယ်စား တရားမျှတအောင် ဆောင်ရွက်တယ်လို့ ခေါ်တယ်။"

ဖုန်းယာ က ရယ်မောလိုက်ပြီး စမ်းသပ်သည့်အနေဖြင့် မေးလိုက်၏။ "တကယ်လို့ ကျုပ်က ငွေတုံး တစ်သန်း ပြန်သိမ်းလာနိုင်ရင် ငွေတုံး တစ်သိန်း ရမှာပေါ့။"

ဖန်ကျန်းရီက လက်ကို ဝှေ့ယမ်းကာ ပြောလိုက်သည်။ "ဒါတင်မကဘူး။ ကျုပ်က ခင်ဗျားကို အိမ်တစ်လုံးပါ ဆုချရအုံးမယ်။"

ဖုန်းယာ မှာ အလွန် ဝမ်းသာသွားကာ ပြောလိုက်၏။ "ကောင်းပြီ။ သခင်လေး... ဒါဆို ကျုပ်ဘာသာ လူရွေးလိုက်တော့မယ်။"

ဖန်ကျန်းရီက ပြောလိုက်သည်။ "ခင်ဗျား စိတ်ကြိုက်သာ ရွေး။ ဘာမှမရှိတော့ရင် အခုပဲ ပြန်ပြီး ပြင်ဆင်လို့ ရပြီ။"

ဖုန်းယာ က စိတ်လှုပ်ရှားစွာ ခေါင်းညိတ်လိုက်ပြီးနောက် အလောတကြီး လှည့်ထွက်သွား၏။

တံခါးဝမှ အထွက်တွင် ကောက်ပဲသီးနှံ သွားယူသော အစိုးရမင်းစေက သူနှင့် ပခုံးချင်းတိုက်မိမတတ် ပြေးဝင်လာပြီး ဖန်ကျန်းရီ၏ စားပွဲပေါ်သို့ ခြင်းတောင်းငယ်လေးတစ်ခု တင်လိုက်ကာ ပြောလိုက်သည်။ "သခင်လေး... ဒါက မှန်လုံအိမ်ထဲမှာ စိုက်ထားတဲ့ သီးနှံအသစ်ပါ။ ကြည့်ပါအုံး။"

ဖန်ကျန်းရီသည် ခြင်းတောင်းထဲသို့ ခေါင်းပြူကြည့်လိုက်ရာ ရုတ်တရက် ဝုန်းကနဲ မတ်တပ်ရပ်လိုက်မိ၏။

ဖန်ကျန်းရီက အော်လိုက်သည်။ "အာလူး။"

အောက်ချန်လည်း ခေါင်းပြူကြည့်လိုက်ပြီး အာလူးကို လက်ညှိုးထိုးကာ မေးလိုက်၏။ "သခင်လေး ပြောတာ ဒါကိုလား။ ဖုန်းယာ ပြောတာ ကြားရသလောက် ဝူမင်းသား ဘက်မှာတော့ ဒီအရာကို အာလူး လို့ ခေါ်တယ်တဲ့။ သခင်လေး အရင်က မြင်ဖူးလို့လား။"

ဖန်ကျန်းရီက တီးတိုးရေရွတ်လိုက်သည်။ "မြင်ဖူးတာပေါ့... မြင်ဖူးရုံတင် ဘယ်ကမလဲ။"

အနည်းငယ် ငေးမောလျက် ခြင်းတောင်းထဲမှ အာလူးများကို ဆုပ်ကိုင်လိုက်၏။

အာလူးသည် တောင်အမေရိကတိုက် ၏ မူလသီးနှံဖြစ်ကြောင်း သူ မှတ်မိနေသေးသည်။

ဝူမင်းသား၏ သင်္ဘောအုပ်စုက ဘယ်နေရာတွေအထိ သွားခဲ့ကြသနည်း

ဤအရာက ကန်စွန်းဥနှင့် မတူပေ။ အာလူးကို တကယ့် အစစ်အမှန် အဓိက စားနပ်ရိက္ခာဟု ခေါ်ဆိုနိုင်သည်။ ပြဿနာက အာဟာရဓာတ် ပါဝင်မှုအပေါ်တွင် မဟုတ်ဘဲ အတွေ့အကြုံနှင့် အရသာအပေါ်တွင် ဖြစ်၏။ အငတ်ဘေးကြုံသည့် အချိန်တွင် လူတိုင်းက ကန်စွန်းဥကို အားကိုးပြီး တောင့်ခံထားနိုင်ကြသော်လည်း ပုံမှန်ဘဝတွင် နေ့တိုင်း ကန်စွန်းဥ စားခိုင်းခြင်းက ညှဉ်းပန်းနှိပ်စက်ခြင်း တစ်မျိုးပင် ဖြစ်သည်။ ထို့အပြင် ၎င်းတွင် အမျှင်ဓာတ် များလွန်းပြီး အာဟာရစုပ်ယူမှုကလည်း အာလူးထက် ညံ့ဖျင်း၏။

နှိုင်းယှဉ်ကြည့်လျှင် အာလူးက ဆန်၊ ဂျုံ ကဲ့သို့သော ရိုးရာသီးနှံများကို လုံးဝ အစားထိုးနိုင်သည်။

ထို့အပြင် ချက်ပြုတ်နည်းလည်း အမျိုးမျိုး ရှိကာ ဟင်းအဖြစ် ချက်စားနိုင်သလို အဓိက အစားအစာအဖြစ်လည်း စားသုံးနိုင်၏။

အာလူးသည် တစ်ဧက အထွက်နှုန်းတွင် ကန်စွန်းဥကို မမီသော်လည်း အချို့နေရာများတွင် တစ်နှစ်လျှင် နှစ်သီး စိုက်ပျိုးနိုင်ရာ ဤသို့ဆိုလျှင် ကန်စွန်းဥထက်ပင် ကျော်လွန်သွားနိုင်သည်။

အသိစိတ် ပြန်ဝင်လာသောအခါ ဖန်ကျန်းရီသည် အနည်းငယ် စိတ်လှုပ်ရှားစွာဖြင့် တံတွေးကို မြိုချကာ မေးလိုက်၏။ "ဒီအာလူးက ဘာလို့ ဒီလောက် သေးနေတာလဲ။"

အောက်ချန်က ပြန်ဖြေလိုက်သည်။ "မကြီးထွားသေးလို့ပါ။ သခင်လေး... ဖုန်းယာ က အလုံးအနည်းငယ်ပဲ ယူလာတာဆိုတော့ အများကြီး စိုက်ထုတ်နိုင်ဖို့ တစ်နှစ်၊ နှစ်နှစ်လောက် အချိန်ယူရမှာပဲ။ အခု မြေကွက်ထဲမှာ သိပ်မရှိသေးပေမဲ့ ကျုပ် မှန်လုံအိမ်ကို စောင့်ကြည့်ဖို့ လူလွှတ်ထားပြီးပါပြီ။"

ဖန်ကျန်းရီ၏ မျက်နှာပေါ်တွင် ဖုံးကွယ်၍မရသော အပြုံးများ ပြည့်နှက်လာ၏။ "ကောင်းတယ်။ တော်တော် ကောင်းတယ်။"

ဤသည်က အပေးအယူလုပ်စရာ အရာပင်။ အလွန် အရေးကြီးသော အပေးအယူလုပ်စရာ အရာတစ်ခု ဖြစ်၏။ ပွင့်ပွင့်လင်းလင်း ပြောရလျှင် ဤတစ်ခေါက် မြို့တော်သို့ ပြန်ရာတွင် အရှင်မင်းကြီးနှင့် အမတ်များကို ပင်လယ်ပြင် ဖွင့်လှစ်ပြီး သင်္ဘောတည်ဆောက်ရန် ဆွဲဆောင်နိုင်ရေး မျှော်လင့်ချက်က သိပ်မကြီးမားလှချေ။

ငါးဆယ်ရာခိုင်နှုန်းသာ ရှိသည်ဟု ဆိုနိုင်၏။ မည်သို့ပင်ဖြစ်စေ အယူအဆ၏ စွမ်းအားက တကယ်ကို ခေါင်းမာလွန်းလှပြီး အထူးသဖြင့် နန်းတော်ထဲတွင် သက်ကြီးရွယ်အိုများ များပြားနေသောကြောင့် ပို၍ ခက်ခဲလှသည်။

ပင်လယ်ပြင် ဖွင့်လှစ်ခြင်းက ကြီးမားသော အကျိုးအမြတ်များ ရှိသော်လည်း ပါးစပ်ဖြင့် သတ်သတ်ပြောနေပါက မည်သူမှ ယုံကြည်မည် မဟုတ်ပေ။

လွီမိသားစု ထံမှ သိမ်းဆည်းရမိသော ငွေအများအပြားကို ဤအပေါ်တွင် အသုံးပြုနိုင်သော်လည်း နန်းတော်ထဲတွင် ဤငွေများကို မျက်စိကျနေသူ ဘယ်နှစ်ယောက်လောက် ရှိနေမည်နည်း။ ခေတ်အဆက်ဆက် မည်သည့်တိုင်းပြည်၏ နိုင်ငံတော် ဘဏ္ဍာတိုက်တွင်မဆို ငွေကို သိမ်းဆည်းထားနိုင်ခြင်း မရှိခဲ့ပေ။

ဝူမင်းသား ထွက်ပြေးလွတ်မြောက်မှု၊ လွီမိသားစု၏ ငွေများ၊ ယမ်းမှုန့်၊ ပင်နီဆီလင်၊ အာလူး... ယခုအခါ ဖန်ကျန်းရီ၏ စိတ်ထဲတွင် အတိုင်းအတာတစ်ခုအထိ သေချာမှု ရှိနေပြီ ဖြစ်၏။

အာလူးကို ကြည့်ရှုပြီးနောက် တစ်ဖန် ခေါင်းငုံ့ကာ အခြားအရာအနည်းငယ်ကို ကြည့်လိုက်ရာ ဖန်ကျန်းရီက မနေနိုင်ဘဲ ထပ်မံရယ်မောလိုက်မိပြန်သည်။

ပြောင်းဖူးလား။ ၎င်းကလည်း အလွန်ကောင်းမွန်သော်လည်း လက်ရှိ ဤပြောင်းဖူးလေးများက အသုံးဝင်မည် မဟုတ်ပေ။ တိုတိုသေးသေးနှင့် အလွန် အရုပ်ဆိုးကာ နောက်ပိုင်းခေတ်များနှင့် လုံးဝ မတူညီဘဲ အထွက်နှုန်း မှာလည်း ထင်သလောက် မြင့်မားမည် မဟုတ်ချေ။

ပြောင်းဖူး၊ ထို့နောက် ခရမ်းချဉ်သီး။

နောက်ပိုင်းခေတ်မှ ခရမ်းချဉ်သီးများ၏ အရသာက အတော်လေး ပေါ့ပျက်ပျက် ဖြစ်နေတတ်ရာ ဤရှေးခေတ် မျိုးစိတ်၏ အရသာက ဘယ်လိုနေမလဲ မသိပေ။ တော်တော်လေး စားကောင်းမည့်ပုံတော့ ပေါ်၏။

ဤသို့တွေးမိပြီး ဖန်ကျန်းရီသည် ခရမ်းချဉ်သီး တစ်လုံးကို ဆုပ်ကိုင်လိုက်ကာ အကြမ်းဖျင်း သုတ်၍ ပါးစပ်ထဲသို့ တိုက်ရိုက် ထည့်လိုက်သည်။

အောက်ချန်၏ မျက်နှာပေါ်တွင် ချက်ချင်း သွေးရောင်များ ဆုတ်ယုတ်သွားကာ အလန့်တကြား အော်ဟစ်လိုက်၏။ "သခင်လေး မစားနဲ့။ အဆိပ်ပါတယ်။ မြန်မြန် ထွေးထုတ်လိုက်။"

All Chapters